Switch Mode

အပိုင်း(၆၉၃)

ဝမ်လင်း၏ ဉာဏ်ပညာ

ခရမ်းရောင်မြူလွှာအတွင်း၌ လောဘကြီးက မျက်လုံးဖွင့်လာခဲ့ကာ အေးစက်သောအလင်းတစ်ခုကို ထုတ်လွှတ်လာ၏။

“ဒီထူးဆန်းတဲ့ သားရဲတွေက တကယ်စွမ်းအားကောင်းလှတယ်။ငါ့ အံ့ဖွယ်အပ်ချောင်းခုနစ်ခုနဲ့ ထိန်းချုပ်ထားသရွှေ့တော့ ငါ့လက်ကနေ ဒီကောင် လွတ်နိုင်မှာ မဟုတ်ပါဘူး။ဒီသားရဲဘုရင်ကို ထိန်းချုပ်ထားနိုင်ခြင်းက အုပ်စုတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုလိုနေတာပဲ။ငါက ဒီသားရဲအုပ်စုကို ငါ့အတွက် အသုံးချနိုင်ရင် လင်းထျန်ဟူကိုယ်တိုင် ဒီကို ရောက်လာရင်တောင့် ငါ့မှာ သူနဲ့ ယှဉ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိနေပြီ…”

လောဘကြီး၏မျက်လုံးထဲ၌ မောကြွားမှုနှင့် ပြည့်လို့နေသည်။

သူက ဒီလှိုင်းအသူတစ်ရာချောက်ထဲသို့ ဝင်လာခဲ့ပြီးနောက် သူ့ကိုယ်ပိုင်အစီအစဉ်များကို စတင် ခင်းကျင်းခဲ့ပေသည်။ထိုအစီအစဉ်များထဲမှ တစ်ခုက အစီအရင်တစ်ခုကို ပေါင်းစပ်ခင်းကျင်းရန် လိုအပ်နေခြင်း ဖြစ်သည်။သူက သည်ခြင်သားရဲများကို ရုတ်တရက် တွေ့ကြုံခဲ့ရ၏။သူက အစ၌ မှင်တက်သွားမိသော်လည်း သည့်နောက်တွင်တော့ အတော်လေး ကျေနပ်သွားခဲ့သည်။

လောဘကြီးက အတည်တကျနေထိုင်သူတစ်ယောက် မဟုတ်ပေ။သူက အမြဲလိုလို ကြယ်များကြား၌ ရတနာရှိသည့်နေရာတိုင်းသို့ ဦးတည်သွားလာနေတက်သူ ဖြစ်သည်။ထို့ကြောင့် ဆိုရိုးစကားတစ်ခုပင် ပေါ်လာခဲ့သည်။ “လောဘကြီး သွားတဲ့နေရာမှာ ရတနာများ ရှိတယ်” ဆို၍ပင်။

သူက သူ့ဘဝတွင် နေရာများစွာသို့ ရောက်ခဲ့ဖူး၏။ထို့ကြောင့် သူက သည်ခြင်သားရဲများကို အရင်ကတည်းက မြင်တွေ့ခဲ့ဖူးပေသည်။

သူက ၎င်းတို့ကို ပထမဆုံးမြင်တွေ့ဖူးသည်က အပျက်အစီးဂြိုဟ်တစ်ခုပေါ်တွင် ဖြစ်၏။လောဘကြီးက တစ်စုံတစ်ယောက်၏ နောက်ကလိုက်လံတိုက်ခိုက်မှုကို ထွက်ပြေးနေရင်း ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုကနေ ထွက်လာခဲ့သည့်အခိုက သူက ဘယ်တော့မှ မမေ့နိုင်သောတစ်စုံတစ်ရာကို မြင်တွေ့ခဲ့ရ၏။

ထိုနေရာက မီးခိုးရောင်အခိုးငွေ့များ ပြည့်နေသော ဂြိုဟ်တစ်ခုပင်။သည်ဂြိုဟ်က ခရမ်းရောင် ရှိ၏။

ထိုဂြိုဟ်ပတ်လည်၌ မရေမတွက်နိုင်သောခြင်သားရဲများက အတူတကွလှည့်ပတ်နေလျက် ရှိကြသည်။၎င်းတို့ထံမှ ဖိအားကြောင့် လောဘကြီးက တုံ့ဆိုင်းခြင်းမရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုကာ ပြန်ထွက်ပြေးခဲ့ရဖူးသည်။

သူက သည်ကြောက်မက်ဖွယ်သားရဲများကို ရင်ဆိုင်မည့်အစား သူ့နောက်မှ လိုက်ဖမ်းသည့် ရန်သူကိုသာ ပို၍ ရင်ဆိုင်ချင်သေးသည်။

အခု သည်ဒီလှိုင်းအသူတစ်ရာချောက်၏ အက်ကွဲကြောင်းများအတွင်း၌ သည်ခြင်သားရဲများကို တွေ့မြင်ပြီးသည့်နောက် သူ့စိတ်ထဲ၌ အကြံတစ်ခု ရလာခဲ့သည်။သည့်နောက် သူက သူ့အသက်ကယ်ရတနာ အံ့ဖွယ်အပ်ခုနစ်ချောင်းကို သေချာစေလွှတ်ခဲ့သည်။သူက ၎င်းတို့ကို နတ်ဘုရားအာရုံဖြင့် ထိန်းချုပ်ကာ အက်ကွဲကြောင်းများထဲသို့ ဂရုတစိုက် စေလွှတ်ခဲ့ပေသည်။

ထိုခြင်သားရဲများအားလုံးက သည်နေရာတွင် ခိုအောင်းနေကြခြင်းပင်။လောဘကြီးက သည်သားရဲများကို တွေ့ကြုံ့ဖူးကတည်းက ကြောက်လန့်နေခဲ့ပေသည်။ထို့ကြောင့် သူက ၎င်းတို့ကို သတိပေးလိုက်သလို ဖြစ်သွားမည်ကို ကြောက်ရွှံ့သည့်အတွက်ကြောင့် သေချာဂရုတစိုက် ပြုလုပ်နေခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူက ခြင်သားရဲဘုရင်ကို ရှာတွေ့နိုင်ခဲ့သည်။သည်အပ်များကို ထိုခြင်သားရဲဘုရင်ပေါ်သို့ ထိုးစိုက်ချပြီးနောက် သူက ထိုအက်ကွဲကြောင်းထဲကနေ ချက်ခြင်း ထွက်ပြေးလာခဲ့ပေသည်။

ထိုအခါ ချန်လုံတို့ အုပ်စုက သည်ခြင်သားရဲများ၏ ပိတ်လှောင်ထားခြင်းကို ခံလိုက်ရတော့သည်။ခရမ်းရောင်မြူကတော့ လောဘကြီး၏ နေရာအတွက် အရေးကြီးဆုံးအစိတ်အပိုင်းကနေ ပါဝင်နေ၏။

လောဘကြီးက သူ့ပတ်လည်ရှိ တာ့လော့ဓားကလန်မှ တပည့်များကို ကြည့်ကာ စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။

ဒီအဘိုးကြီး လင်းထျန်ဟူရဲ့တပည့်တွေထဲမှာ ချန်လုံကလွဲလို့ ကျန်တဲ့လူတွေအားလုံးက အမှိုက်တွေပဲ။ဒီအဘိုးအိုက ဒီနတ်ဆိုးစိတ်ဝိညာဉ်ကို ရောက်လာတည်းက ဒီဒီလှိုင်းအသူတစ်ရာချောက်ကို လာခဲ့တာ သုံးကြိမ်တိတိ ရှိနေခဲ့ပြီ။နောက်ဆုံးတော့ ဒီခရမ်းရောင်မြူအတွင်းမှာ လင်းထျန်ဟူနဲ့ရှေ့ဖြစ်ဟောသူတို့၏ မျက်လုံးများကိုပင် နီရဲစေခဲ့သော တုန်ကင်ရှိနေသည်ဟု သူက ဆုံးဖြတ်နိုင်ခဲ့ပေသည်။

“ဒါပေမဲ့ ဒီတုန်ကင်က အတော်လေး ထူးဆန်းလှတယ်။ ငါ လေ့လာထားသလောက် ဒါက အချိန်တစ်ခုကြာမှ ပေါ်လာလိမ့်မယ်။ ကြည့်ရတာ တစ်ခုခုကို စတေးဖို့ လိုအပ်နေတဲ့ပုံပဲ…”

လောဘကြီး၏မျက်လုံးများက တာ့လော့ဓားကလန်မှ တပည့်များကို သိမ်းကြုံးကြည့်လိုက်သည်။

“ငါကသာ သူတို့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓားစွမ်းအင်ကို စိုးရိမ်မနေဘူးဆိုရင် ဒီကောင်ငါးကောင်ကို ဖမ်းပြီးနေလောက်ပြီ။ပြီးရင် ငါက ဒီကောင်တွေကို ဒီလို ပိတ်လှောင်ထားမယ့်အစား သူတို့ကို စတေးပစ်နေပြီး ဖြစ်တယ်…”

ဝမ်လင်းက ကောင်းကင်ဘုံဓားပေါ်တွင် မတ်တပ်ရပ်နေရင်း အခြားဘက်ခြမ်းရှိ ခရမ်းရောင်မြူလွှာအနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။သိပ်မကြာခင်တွင် သူက အကွာအဝေးတစ်ခုရှိ ခရမ်းရောင်မြူကို ထောက်လှမ်းမိသွားသည်။သည်ခရမ်းရောင်မြူက သိပ်သည်းလွန်းလှသဖြင့် အထည်ဒြပ်ဖြစ်လုနီးနီးပင်။၎င်းက အပြင်သို့ ထွက်သည့်လမ်းကြောင်းကို ပိတ်ဆို့ထား၏။သူတို့က သည်မြူလွှာကို ဖြတ်သန်းမသွားလျှင် မီးနတ်ဆိုးနိုင်ငံ၏ ထွက်ပေါက်သို့ ရောက်ရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

“ဝမ်လင်း ငါ့ဓားနတ်ဘုရားအာရုံနဲ့တောင် ဒီမြူလွှာကို မထိုးဖောက်နိုင်ဘူး။ဒီခရမ်းရောင်မြူလွှာက တော်တော်‌လေး ထူးဆန်းနေတယ်။ဒါပေမဲ့ ဒီထဲမှာ ပိတ်မိနေတဲ့လူတွေကလည်း သူတို့ရဲ့ နတ်ဘုရားအာရုံနဲ့ မင်းကို ထောက်လှမ်းနိုင်မှာ မဟုတ်ဘူး…”

ဝမ်လင်းက ခေါင်းညိတ်ကာ စတင် စဉ်းစားနေသည်။ဒီချောက်နက်၏ အထက်သို့ တွန်းထုတ်နေသော ဖိအားက သည်နေရာတွင် အမြဲလိုလို ရှိနေ၏။သူက သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်းထားရပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ထားရသည်။

သူက ခရမ်းရောင်မြူကို စူးစိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။သည်အခိုက်အတန့်၌ သူ့သိုလှောင်အိတ်ထဲမှ တုန်ခါလှိုင်းများ ထွက်ပေါ်လို့လာ၏။သူက နတ်ဘုရားအာရုံဖြင့် သိုလှောင်အိတ်ထဲသို့ စစ်ဆေးကြည့်လိုက်ရာ ခြင်သားရဲကို ချက်ခြင်းတွေ့မြင်လိုက်သည်။ထိုခြင်သားရဲက ဂနာမငြိမ်ဖြစ်နေ၏။သူ့မျက်လုံးများကပင် နီရဲသည့်အရိပ်အယောင်ကို ပြသလို့နေ၏။

၎င်းက ဝမ်လင်း၏ နတ်ဘုရားအာရုံကို သတိပြုမိသည့်အခါ ၎င်းက အသံပြုလိုက်၏။

ဝမ်လင်းက အံ့အားသင့်သွားမိသည်။သူ့နတ်ဘုရား အာရုံကို ပြန်ရုတ်သိမ်းလိုက်၏။ခြင်သားရဲက အမြဲလိုလို သူ့အား နာခံလေ့ရှိကာ ခုလို စိတ်လှုပ်ရှားစိတ်ပူပန်နေသည်က ရှားပါးလွန်းလှ၏။သူက အနည်းငယ် စဉ်းစားပြီးနောက် သိုလှောင်အိတ်ထဲကနေ ခြင်သားရဲကို ထုတ်ပေးလိုက်သည်။

၎င်းက ပေါ်ထွက်လာသည်နှင့် အသံပြုကာ ခရမ်းရောင်မြူလွှာထဲသို့ ပျံသန်းသွားတော့သည်။ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။သူက ချက်ခြင်းပင် ကောင်းကင်ဘုံဓားပေါ်မှ ဆင်း၍ ခြင်သားရဲကို လိုက်ဖမ်းသည်။

ကျောက်ရီက အံ့အားသင့်သွားကာ နောက်ကနေ အမြန်လိုက်ပါသွားသည်။

ခရမ်းရောင်မြူက ခြင်သားရဲအပေါ်၌ မည်သည့်သက်ရောက်မှုမှ ရှိလို့မနေပေ။၎င်းက မြူလွှာထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းက တုန်လှုပ်မိသွားသည်။သူက ခြင်သားရဲမည်သည့်နေရာသို့ သွားသည်ကို မသိပေ။ကံကောင်းစွာနှင့် သူနှင့်ခြင်သားရဲတို့ကြား ချိတ်ဆက်မှုက ခုထိ ရှိလို့နေဆဲပင်။ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ခုချိန်၌ သူ့တွင် ခြင်သားရဲနှင့် ပတ်သတ်၍ စိတ်ပူပန်နေရန် အချိန်မရှိပေ။သူက သက်ပြင်းချကာ အာရုံပြန်စုစည်းပြီး အထက်သို့ ဖြည်းဖြည်းချင်း ပျံတက်လိုက်သည်။ကောင်းကင်ဘုံဓားထဲရှိ ကျောက်ရီကတော့ ဝမ်လင်းနားတွင် လှည်ပတ်လို့နေသည်။သူက သူ့ဓားနတ်ဘုရားအာရုံကို ပျံ့နှံ့စေကာ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းလို့နေသည်။

လောဘကြီးက သည်မြူလွှာထဲသို့ ကျင့်ကြံသူများ ဝင်လာသည်ကို သတိမပြုမိပေ။သူက ဝမ်လင်းနှင့်လင်းထျန်ဟူတို့၏ နတ်ဘုရားအာရုံ ထိပ်တိုက်တွေ့မှုကိုတော့ ထောက်လှမ်းနိုင်ခဲ့ခြင်းသည် တုန်ခါလှိုင်းက နံရံတစ်လျှောက် တိုက်ရိုက် ဖြတ်သန်းလာသောကြောင့်သာ ဖြစ်၏။

ဝမ်လင်းက မြူထဲသို့ ဖြည်းဖြည်းချင်း ပျံသန်းဝင်လာခဲ့သည်။သူက အလွန်အမင်း သတိထားနေလေ၏။သူ့နတ်ဘုရားအာရုံပင် သည်ခရမ်းရောင်မြူများထဲ၌ မည်သည့် လုပ်နိုင်စွမ်းမှ မရှိလုနီးပါး ဖြစ်ရ၏။သူက သူ့ရှေ့တွင် ထူထဲသော မြူလွှာကိုသာ မြင်တွေ့နေရပေသည်။သူ့နှဖူးထက်ရှိ အသက်ဓာတ်ချိပ်တံဆိပ်တစ်သန်းကလည်း သူ့တစ်ကိုယ်လုံးအား ဖုံးအုပ်ပေးထားသည်။သို့မှသာ သူက သေရေးရှင်ရေးဖြစ်လာလျှင် လှုပ်ရှားရန် အခွင့်ရေးရမည် မဟုတ်လား။

ကျောက်ရီက ဝမ်လင်းကို လှည့်ပတ်ပေးထား၏။သူက ပျံသန်းနေရင်း နတ်ဘုရားအာရုံအသံကို ပို့လွှတ်လိုက်သည်။

“ဝမ်လင်း …ဒီရှေ့မှာ ဗြောင်သလင်းဖြစ်နေတဲ့ ငါးကီလိုမီတာလောက် ဧရိယာတစ်ခု ရှိနေတယ်။အဲ့နေရာမှာ လူခြောက်ယောက် ရှိနေတယ်။ သူတို့ထဲက တစ်ယောက်က အားကောင်းတဲ့ကျင့်ကြံခြင်းအဆင့် ရှိတယ်။ကျန်တဲ့ငါးယောက်ကတော့ တူညီတဲ့ ဝတ်စုံတွေကို ကို ဝတ်ဆင်ထားတဲ့ပုံပဲ…”

“လူခြောက်ယောက်…” ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။

“ငါ မင်းကို ပြပေးမယ်…” ကျောက်ရီ၏ နတ်ဘုရားအာရုံက ဝမ်လင်းခန္ဓာကိုယ်ထဲသို တိုးဝင်လာခဲ့ကာ သူ့နတ်ဘုရားအာရုံကို မြူလွှာထဲသို့ ဆွဲယူလိုက်၏။သည်နတ်ဘုရားအာရုံနှစ်ခုက ခရမ်းရောင်မြူလွှာတော်တော်များကို ထွင်းဖောက်သွားကာ ရှေ့ရှိ ငါးကီလိုမီတာ ဧရိယာသို့ ဝင်ရောက်သွားသည်။ဝမ်လင်းရှေ့ရှိ မြူလွှာက ပြန့်ကျဲသွားကာ ကျင့်ကြံသူ ခြောက်ယောက်က သူ့မျက်လုံးရှေ့၌ ပေါ်လာခဲ့တော့သည်။

“သူတို့ပဲ…” ဝမ်လင်းက ထိုခြောက်ယောက်ကို ချက်ခြင်း မည်သူမည်ဝါမှန်း သိသွားလေ၏။

သည်အခိုက်အတန့်၌ အလယ်တွင်ထိုင်နေသော အဘိုးအိုက မျက်လုံးဖွင့်လာခဲ့၏။ သူ့မျက်လုံးက ရွှေရောင်အလင်းကို ပေးစွမ်းနေကာ သူက လှမ်းအော်ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူက ဘယ်သူများလဲ…။ဒီအဘိုးအိုရဲ့နာမည်ကတော့ လောဘကြီး ဖြစ်ပါတယ်…”

လောဘကြီး၏ အော်သံက တာ့လော့ဓားကလန်မှ တပည့်များ၏ သွင်ပြင်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။ရုတ်တရက် သူတို့က မတ်တပ်ထရပ်လိုက်ကြသည်။

ကျောက်ရီက ဝမ်လင်းနတ်ဘုရားအာရုံကို ခရမ်းရောင်မြူလွှာထဲသို့ ပြန်ဆွဲယူလိုက်ပြီး ပျောက်ကွယ်စေလိုက်သည်။လောဘကြီး၏အသွင်က ရုပ်စိုးလို့သွားသည်။သူက အေးစက်စွာနှာခေါင်းရှုံ့လိုက်၏။သူက သိုလှောင်အိတ်ကို ပုတ်လိုက်၏။သို့သော် ခဏတာ တုန့်ဆိုင်းသွားပြီးနောက် သူက သိုလှောင်အိတ်ထဲမှ မည်သည့်ရတနာကိုမှ မထုတ်ခဲ့ပေ။

“ဒီအခြားတစ်ယောက်ရဲ့ နတ်ဘုရားအာရုံက တော်တော်လေး ထူးဆန်းလှတယ်။ ဒါက ငါ့ကိုတောင် မသေမချာ ဖြစ်သွားစေတယ်။ ဒီနတ်ဘုရားအာရုံက အာဏာတက်ခြင်းအစောပိုင်းအဆင့်တစ်ယောက်ရဲ့ နတ်ဘုရားအာရုံနဲ့ တူတူပဲ။ ဒါပေမဲ့လည်း အဲ့အထဲမှာ နောက်ထပ် တစ်ခြားနတ်ဘုရားအာရုံတစ်ခု ထပ်ပါဝင်နေတယ်။ ဒီဒုတိယနတ်ဘုရားအာရုံက တော်တော်လေး အားကောင်းလှပြီး ထက်ရှတဲ့ ဓားစိတ်ဆန္ဒတစ်ခု ပါဝင်လို့နေတယ်…”

သူက အခြားလူတစ်ယောက်၏ စွမ်းရည်ကို ကောင်းကောင်းနားမလည်သေးခင် သူက ရန်သူ့ကို အရင်ရန်စလိမ့်မည် မဟုတ်ပေ။အထူးသဖြင့် အခုလို သူဒဏ်ရာရထားချိန်၌ ဖြစ်၏။သူ့မူလကျင့်ကြံမှုအဆင့်က ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိနေပေသည်။သို့သော် ခုချိန်၌ သူက အာဏာတက်ခြင်းနောက်ဆုံးအဆင့်တွင်သာ ရှိတော့၏။သည်မရေမတွက်နိုင်သောနှစ်ပေါင်းများစွာအတွင်း သူက သူ့အထွတ်အထိပ်အဆင့်ထိ ပြန်ရောက်အောင် မကောင်းမွန်သေးပေ။

သည်အရာက စစ်ထူနန်က အလွန်အမင်း စွမ်အားကောင်းလွန်းနေသည်ဟု မဆိုလိုပေ။ပုံရိပ်ယောင်ယင်အဆင့်မှ လျော့ကျသွားသော ကျင့်ကြံသူများသည် မူလအဆင့်သို့ ပြန်ရောက်ရန် များစွာ အားထုတ်ရပေသည်။တကယ်တော့ ပုံရိပ်ယောင်ယင်အဆင့်နှင့် အထည်ဒြပ်ယန်အဆင့်တို့က ပထမဆင့်ကျင့်ကြံခြင်းနယ်ပယ်နှင့်ဒုတိယဆင့်တို့ကြားရှိ သော့ချက်အဆင့်များ ဖြစ်ကြပေသည်။

စစ်ထူနန်အတွက်ကတော့ သူက ကောင်းကင်ဘုံသန့်စင်ခြင်းပုတီးစေ့ထဲရှိ ထူးဆန်းသောအား၏ အထောက်အပံ့နှင့် သူ့ပါရမီကလည်း မြင့်မားလွန်းခြင်းကြောင့်သာမဟုတ်လျှင် သူလည်း သူ့ကျင့်ကြံမှုအဆင့်ကို အပြည့်အဝပြန်ကောင်းမွန်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် သည်လောဘကြီးက အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်တွင် တစ်နေသော်လည်း သူ့စွမ်းအားက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများ ပိုင်ဆိုင်ထားနိုင်သည့် အရာမဟုတ်ပေ။သည့်အပြင် သူနှစ်ပေါင်းများစွာ ရှာဖွေထားသည့် ရတနာများကိုပါ ထည့်ပေါင်းလိုက်ပါက ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် သူ့ကို သတ်ရန် တော်တော် အားစိုက်ရပေမည်။သူတို့က ခဏတာဂရုမစိုက်မိသည်နှင့် လောဘကြီးက လွတ်မြောက်သွားနိုင်ပေသည်။

ကျောက်ရီက ဝမ်လင်းနတ်ဘုရားအာရုံကို ပြန်ဆွဲယူကာ သူ့တို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်အသီးသီးထံသို့ ပြန်ရောက်ရှိသွားကြသည်။

“သူတို့ခြောက်ယောက်မှာ ငါးယောက် တာ့လော့ဓားကလန်က တပည့်တွေပါ။ နောက်ဆုံးတစ်ယောက်ကတော့ လောဘကြီးလို့ ခေါ်တယ်…” ဝမ်လင်းက လောဘကြီးနှင့် ပတ်သတ်၍ အများကြီး ရှင်းမပြခဲ့ပေ။

“တာ့လော့ဓားကလန်…ဟုတ်တယ်…ငါက တစ်ခုခုရင်းနှီးနေတယ်လို့ ခံစားနေရတာ မထူးဆန်းတော့ဘူး…တာ့လော့ဓားကလန်…။ဝမ်လင်း…မင်း ဘယ်လို စီစဉ်ထားလဲ…”

ကျောက်ရီ၏ အသံက ကောင်းကင်ဘုံဓားထဲကနေ ထွက်ပေါ်လာ၏။

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။ “စီနီယာ….သ်က ဒီထူးဆန်းမှုကို ရှာမတွေ့ခဲ့ဘူးလား။ ဒီလောဘကြီးရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားလွန်းနေပြီး လင်းထျန်ဟူရဲ့ တပည့်တွေမှာလည်း သူ့ရဲ့ဓားစွမ်းအင်တွေ ရှိနေကြတယ်။ဂျူနီယာသိသလောက်ဆိုရင် သူတို့က လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကတည်းက ပျောက်ကွယ်သွားခဲ့ကြတာ။ ဒါတွေကို ထည့်တွက်မယ်ဆိုရင် ဂျူနီယာက သူတို့ဟာ ဒီနေရာမှာ နှစ်တစ်ရာလောက် ပိတ်လှောင်ထားခံရခြင်းသာ မဟုတ်ခဲ့ရင် သူတို့က ဒီမှာနေနေဖို့ အကြောင်းတစ်ခု ရှိနေမှာ ရှစ်ဆယ်ရာခိုင်နှုန်းသေချာတယ်…”

“ဒါ့အပြင်…စီနီယာ..သင် တာ့လော့ဓားကလန်ရဲ့ တပည့်တစ်ယောက်မျက်လုံးထဲက ပျော်ရွှင်သွားတဲ့ပုံကို သတိပြုမိလိုက်လား။ငါက ဒီလူရဲ့ကျင့်ကြံမှုအဆင့်ကို စစ်ဆေးကြည့်တော့ သူက အာဏာတက်ခြင်းအစောပိုင်းအဆင့်မှာ ရှိနေတယ်။ငါတို့ အာဏာတက်ခြင်းအဆင့်ကို ရောက်တဲ့လူတွေထဲမှာ ဉာဏ်မများတဲ့လူ ရှိနိုင်ပါ့မလား။သူက ဒီလိုပျော်ရွှင်မှုကို သိသိသာသာ ထုတ်ပြတာက ဒီဟာက အချက်ပြတယ်ဆိုတာ သိသာနေတာပဲ…”

ဝမ်လင်းက ယောင်ယောင်လေး ပြုံးလိုက်၏။ သူ့မျက်လုံးထဲ၌ ဉာဏ်ပညာအရိပ်အယောင်တို့ တဖျပ်ဖျပ် ဖြစ်ပေါ်နေသည်။သူက သေချာသုံးသပ်လို့နေ၏။ “ဒီတာ့လော့ဓားကလန်ရဲ့ တပည့်က စိတ်ဝင်စားစရာပဲ။သူက ဒီလိုအကြည့်ကို ထုတ်ဖော်ပြီး သူတို့က လောဘကြီးနဲ့တူတူ တစ်ဖက်တည်းမဟုတ်ဘူးဆိုတာ ငါတို့ကို ပြောပြနေတယ်။ဒါက အကူအညီတောင်းနေတဲ့ သဘောတောင် ဖြစ်နိုင်တယ်…”

ကျောက်ရီ၏ပုံရိပ်က ကောင်းကင်ဘုံဓားထက်တွင် ပေါ်လာခဲ့သည်။သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်နေသည်။ပထမဆုံးအကြိမ်အဖြစ် သူက ဝမ်လင်း၏ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိလိုက်သည်။ဝမ်လင်းကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိ၏။ သူသာ ဝမ်လင်းကို အာဏာတက်ခြင်းသလင်းကျောက် မပေးခဲ့လျှင် သူက သေခြင်းရှင်ခြင်းအခိုက်အတန့်ကိုပင် ကျော်လွှားနိုင်မှ ကျော်လွှားနိုင်ခဲ့ပေမည်။

ကျောက်ရီ၏ စိတ်ထဲ၌ ဝမ်လင်းက မှန်ကန်ဖြောင့်မတ်ပြီး သံယောဇဉ်တွယ်တာတက်သော ဂျူနီယာတစ်ယောက်လိုသာ ရှိနေခဲ့၏။သူက ဝမ်လင်းကို ကျေးဇူးတင်ခဲ့သော်လည်း ဝမ်လင်းနှင့်သူက အဆင့်မတူဟု ထင်မြင်ခဲ့ပေသည်။

သို့ရာတွင် ကျောက်ရီ၏ အသွင်က ဝမ်လင်း၏စကားများကို ကြားပြီးသည့်နောက် ကြီးစွာ ပြောင်းလဲသွားခဲ့ပေပြီ။

“ဒီကောင်လေးရဲ့ အကြံအစဉ်တွေက နက်နဲလွန်းတယ်။ သူက တကယ့်ကို့ သေချာလေ့လာမှုလည်း ပြုလုပ်တက်နေတယ်။ဒါက မြင်ရခဲလှတယ့်အရာပဲ။ ဒီလိုဉာဏ်ရည်မျိုးက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။အထူးသဖြင့် ဒီကောင်လေးလို ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတဲ့လူရဲ့ ဉာဏ်ရည်မြင့်မားမှုမျိုးပဲ။သူက နှစ်တစ်ထောင်လောက်အချိန်အတွင်းမှာ ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တာက ကံကောင်းတာတစ်ခုတည်းကြောင့် လုံးဝ မဟုတ်နိုင်ဘူး။ငါက သူ့ကို အရင်တုန်းက လျော့တွက်ခဲ့တာပဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset