Switch Mode

အပိုင်း(၆၉၁)

ကောင်းကင်ဘုံကျင့်ကြံခြင်းစုံတွဲ...ဝေ့ဝမ်နှင့်ဟူကျွမ့်

ဝမ်လင်းမျက်လုံးသူငယ်အိမ်က ကျုံ့သွားကာ သူက သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်၏။သူက သိုလှောင်အိတ်ထဲသို့ နတ်ဘုရားအာရုံတစ်စ ထည့်သွင်းလိက်ရာ သူ ဟင်္သာပြဒါးဂြိုဟ်တွင် တွေ့ရှိခဲ့သော မှော်စာလိပ်က အလိုလိုပွင့်နေသည်ကို တွေ့လိုက်ရ၏။ထိုစာလိပ်ထံမှ ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်နေကာ အမျိုးသမီးအရိပ်တစ်ခုကို ဖန်တီးထား၏။သည်ပုံရိပ်က အလွန်လှသည်။သူမက ဝမ်လင်းကို ကျောပေးထားရင်း တိုးညှင်းစွာ ရေရွတ်နေ၏။

“ဆင်းသွားပါ…”

ဝမ်လင်းက ထိုမှော်စာလိပ်ထဲရှိ လှပသောအမျိုးသမီးပုံရိပ်နှင့် ရင်းနှီးခြင်းမရှိပေ။အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ သူက စွန့်ပစ်ခံမသေမျိုးကလန်၏ တတိယမြောက်ဘိုးဘေး၏ သားရဲများနှင့် ရင်ဆိုင်ရချိန်က သည်ပုံရိပ်သည် မှော်စာလိပ်ထဲမှ ထွက်လာက ထိုသားရဲများကို ထိန်းချုပ်ခဲ့ဖူးသည်။

ဝမ်လင်းက ထိုစာလိပ်နှင့်ပတ်သတ်၍ အမြဲပဟေဠိ ဖြစ်ခဲ့ရသည်။သူက အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိပြီးနောက် သည်စာလိပ်ကို ထုတ်ကြည့်ခဲ့သော်လည်း မည်သည့်ဖြစ်စဉ်မှ မဖြစ်ပျက်ခဲ့ပေ။

သူက ထိုစာလိပ်ပေါ်တွင် အမှတ်အသားခပ်နှိပ်နိုင်သော်လည်း ၎င်းကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။

အခုအခိုက်အတန့်၌ ထိုစာလိပ်ထဲမှ အမျိုးသမီးက နောက်တစ်ကြိမ်ပေါ်လာခဲ့ပြန်သည်။ဝမ်လင်းက သူ့နတ်ဘုရားအာရုံအသံကို ပို့လွှတ်လိုက်၏။

“ဒီတွင်းနက်ထဲကို ဆင်းရမှာလား…”

အမျိုးသမီးပုံရိပ်က တိုးညှင်းစွာ ထပ်ပြောလာ၏။ “ဆင်းသွားပါ…”

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။သူက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။သည့်နောက် တွင်းနက်ထဲသို့ ငုံ့ကြည့်လိုက်၏။တွင်းနက်က လုံးဝ မှောင်မိုက်နေကာ သူက အမှောင်ထုကိုသာ မြင်နေရသည်။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး ကျောက်ရီနောက်သို့ လိုက်ပါသွားသည်။

“ဒီတွင်းနက်ထဲက တစ်ခုခုက ဒီမှော်စာလိပ်နဲ့ ဆက်နွှယ်နေတာလား…”

ဝမ်လင်းက ကျောက်ရီနောက်သို့ လိုက်ပါရင်း စဉ်းစားကြည့်နေမိသည်။

ရှေ့မှ ကျောက်ရီအသံက ထွက်ပေါ်လို့လာ၏။ “ဒီတွင်းနက်ထဲမှာ စိတ်ကိုသက်ရောက်မှု ရှိနိုင်တဲ့ ထူးဆန်းတဲ့အားတစ်ခု ရှိနေတယ်။ လူတစ်ယောက်ရဲ့ စိတ်က လုံလောက်အောင် မသန်မာရင် ပြုတ်ကျသွားနိုင်တယ်…”

ကျောက်ရီက ထပ်မံ၍ သတိပေးလိုက်၏။ “ထပ်မကြည့်တော့နဲ့ ဆက်ပျံသန်းသွားကြမယ်…”

ဝမ်လင်းက ခေါင်းငြိမ့်ကာ သူ့စိတ်ကိုစုစည်းထားလိုက်၏။သူက ကျောက်ရီနှင့်အတူ စင်္ကြံလမ်းများကို ဖြတ်သန်းပျံသန်းနေရင်း တွင်းနက်ထဲမှ စုပ်အားက ရုတ်တရက် သန်လာလိုသလို၊အားပျော့လာသလို ဖြစ်လာခဲ့သည်။

အချိန်မည်မျှကြာမှန်း မသိပြီးနောက် ကောင်းကင်ဘုံဓားကျောက်ရီက ရုတ်တရပ် ရပ်တန့်လိုက်သည်။ဝမ်လင်းကကလည်း လိုက်ရပ်လိုက်၏။သူတို့က စင်္ကြံလမ်း၏အရှေ့ဘက်ပိုင်းသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။သူတို့ရှေ့ရှိ လမ်းကြောင်းက လုံးဝနက်မှောင်လို့နေသည်။

“ဂရုစိုက်ပါ။ ဒီတွင်းနက်က ထူးဆန်းတာတစ်ခုခု ရှိနေတယ်…” ကျောက်ရီအသံက ထပ်မံ ထွက်ပေါ်လာသည့် ချက်ခြင်းပင် တွင်းနက်ထဲမှ ခရမ်းရောင်မြူလွှာတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး သည်ဧရိယာအား လွှမ်းခြုံသွားသည်။

ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့၏။သည်မြူ၏ပုံပန်းသွင်ပြင်က တော်တော်လေး ထူးဆန်းနေသည်။သည်မြူက မြင်ကွင်းကို ပိတ်ဆို့ရုံသာမက နတ်ဘုရားအာရုံကိုပင် ပေသုံးဆယ်ထက် ပို့လွှတ်၍ မရအောင် ကာဆီးထားသည်။ပေသုံးဆယ်ထက်ပိုပါက နတ်ဘုရားအာရုံသည် သည်မြူ၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။

ပေသုံးဆယ်အတွင်း၌ပင် သူက သူ့နတ်ဘုရားအာရုံဖြင့် ဝိုးဝဝါးသာ တွေ့မြင်နိုင်တော့သည်။

တစ်ချိန်တည်းမှာပင် တွင်းနက်ထဲမှ စုပ်အားက မြူထွက်ပေါ်လာသည်နှင့် တိုးလာသည့်ပုံရနေ၏။သို့ရာတွင် ထိုစုပ်အားက မြူအပေါ်တွင်တော့ မည်သည့်သက်ရောက်မှုမှ ရှိမနေခဲ့ပေ။

ဝမ်လင်းရှေ့ရှိမြူလွှာထဲသို့ ဓားအလင်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားသည်။သည့်နောက် ကျောက်ရီ၏ ကောင်းကင်ဘုံဓားက ပျံသန်းထွက်လာခဲ့သည်။၎င်းက ဝမ်လင်းကို လှည်ပတ်ကာ ကျောက်ရီက နတ်ဘုရားအာရုံအသံတစ်ခုကို ပို့လွှတ်လိုက်သည်။

“ထားလိုက်တော့…အပေါ်တက်ကြမယ်…ဝမ်လင်း ငါမင်းကို ခေါ်သွားပေးမယ်။ဒီမြူက အနည်းငယ် ထူးဆန်းနေတယ်။ ငါစိုးရိမ်တာက မင်းခွန်အားနဲ့ ဒါက အန္တရာယ်ဖြစ်နိုင်နေမှာကိုပဲ…”

ဝမ်လင်းက အချိန်မဖြုန်းတော့ပေ။သူက ကောင်းကင်ဘုံဓားပေါ်သို့ ခုန်တက်လိုက်၏။ဓားထံမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ဝမ်လင်းခြေထောက်ထဲသို့ စီးတင်ကာ သူ့တစ်ကိုယ်လုံးကို ဖြတ်သန်း စီးဆင်းလို့သွားသည်။

“မင်း စွမ်းအင်ကို သေချာတည်ငြိမ်အောင် လုပ်ပါ။မင်း စိတ်ကို စုစည်းထား။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို လွတ်မထွက်သွားစေနဲ့…”

ကျောက်ရီ၏စကားများက ဝမ်လင်းစိတ်ထဲ၌ ပဲ့တင့်ထပ်နေသည်။ဝမ်လင်းက ကျောက်ရီ ပြောလိုက်သည့်အတိုင်း ချက်ခြင်းလုပ်ဆောင်လိုက်သည်။သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ရုတ်တရက် တုန်ယင်လာခဲ့၏။၎င်းက သူ့သွေးကြောများကနေ ထွက်ခွာကာ ဖိတ်ဖိတ်တောက်နေသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အကာအရံကို ဖြစ်တည်စေ၏။

ထိုအလင်းအကာအရံက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်သာမက ဓားစွမ်းအင်ပါ ပါဝင်လို့နေ၏။ထိုအကာအရံက ပျံ့နှံ့လို့သွားသည့်အခါ မြူက ရုတ်တရက် နောက်သို့ တွန်းထုတ်ခြင်း ခံလိုက်ရ၏။မြူအတွင်း၌ လမ်းကြောင်းတစ်ခု ဖြစ်တည်လို့သွား၏။

ကျောက်ရီက ဝမ်လင်းကို သယ်ဆောင်ရင်း အလင်းတန်းအဖြစ်သို့ ပြောင်းကာ ခရမ်းရောင်မြူအား ဖြတ်ကျော်လာသည်။ကောင်းကင်ဘုံဓား ဖြတ်ကျော်လာနေသည့်အခါ ခရမ်းရောင်မြူများက ဘေးသို့ တွန်းထုတ်ခြင်း ခံရ၏။

ကောင်းကင်ဘုံဓားက မြန်လွန်းလှ၏။ထို့ကြောင့် ဝမ်လင်းက သူ့မျက်နှာသော လေပြင်းတစ်ခု တိုးဝင် ရိုက်ခတ်လာသည်ကို ခံစားမိနေသည်။ခရမ်းရောင်မြူက ခရမ်းရောင်နဂါးကြီးများအဖြစ်သို့ ပြောင်း၍ သူ့မျက်လုံးထောင့်၌ ရိပ်ခနဲ ဖြစ်ဖြစ်သွားလေသည်။

အချိန်အတန်ကြာပြီးနောက် ကောင်းကင်ဘုံဓားက ရုတ်တရက် လှည့်ကာ အပေါ်သို့ ထိုးတက်လိုက်ပြီး ရစ်လိမ်ကာ စတင် ပျံသန်းသည်။ဝမ်လင်းက သူ့ခန္ဓဦကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို တည်ငြိမ်အောင် ပြုလုပ်ထားသည့်အတွက် သူက ကောင်းကင်ဘုံဓားပေါ်မှ လွင့်စင်ကြသွားခြင်း မဖြစ်တော့ပေ။

“ပြီးခဲ့တဲ့မျိုးဆက်ရဲ့မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်ရဲ့ အော်ရာက ရှေ့မှာပဲ။ဝမ်လင်း သေချာမြဲမြံအောင်လုပ်ထားချေ။ ငါက အရှိန်ပြည့် ပျံသန်းတော့မယ်…”

ကျောက်ရီက ထိုသို့ ပြောပြီးသည့်နောက် သူက ဝမ်လင်းကို ပြင်ဆင်ရန် စက္ကန့်အနည်းငယ် အချိန်ပေးလိုက်သည်။သည့်နောက် ကောင်းကင်ဘုံဓားက ရုတ်တရက် အရှိန်မြင့်တက်လို့သွားချေ၏။

မြန်ဆန်လွန်းလှသဖြင့် ပုံရိပ်ယောင်များပင် အထပ်ထပ် ဖြစ်ကုန်သည်။ဝမ်လင်းက ကောင်းကင်ဘုံဓားပေါ်၌ မတ်တပ်ရပ်နေရင်း သူ့အပေါ်သို့ ရာချီသောတောင်တန်းများ ဖြတ်သွားသည့်အလား ခံစားနေရ၏။ကောင်းကင်ဘုံဓားက မြန်ဆန်လွန်းလှသဖြင့် သူက အသက်ပင်မရှူနိုင်တော့အောင် ဖြစ်ရ၏။

ကောင်းကင်စိတ်ဝိညာဉ်စွမ်းအင် အကာအရံက တွန်လိန်လာခဲ့၏။ကောင်းကင်ဘုံဓား၏ အမြန်နှုန်းသည် အံ့မခန်းအဆင်သို့ ရောက်ရှိသွား၏။

“ဒါက အစစ်အမှန်ကောင်းကင်ဘုံဓားနဲ့ ကောင်းကင်ဘုံဓားစိတ်ဝိညာဉ်ပဲ။ငါ့ကောင်းကင်ဘုံဓားက ဒီလိုခွန်အား ရှိပေမဲ့လည်း ဓားစိတ်ဝိညာဉ်ကတော့ ဒီဓားရဲ့စွမ်းအားအပြည့် ထုတ်ဖော်နိုင်ဖို့ လုံလောက်အောင် မသန်မာနိုင်ဘူး။ ရှုလီကောက ပုန်ကန်တဲ့သဘာဝ ရှိနေပေမဲ့လည်း ဒီကောင်က အားနည်းတဲ့လူကို အနိုင်ကျင့်ပြီး သန်မာတဲ့လူကိုတော့ ကြောက်တက်တယ်။ ဒီမကောင်းဆိုးဝါးက ငါ့လက်ထဲကနေ ထွက်မပြေးနိုင်ပါဘူး…”

သည်အခိုက်အတန့်တါင် ခရမ်းရောင်မြူက စတင်လှည့်ပတ်လာပြီး ပြန့်ကားလာ၏။သည့်နောက် တွင်းနက်ကြီးထဲမှ အားကောင်းသောစုပ်အားတစ်ခုက ထွက်ပေါ်လာလေ၏။

သည်စုပ်အားက ရုတ်တရက်ကြီး ဖြစ်ပေါ်လာခြင်းပင်။မြူက မူလတုန်းက ထိုစုပ်အား၏ သက်ရောက်ခြင်း မခံရသော်လည်း ယခုအခါတွင်တော့ တွင်းနက်ထဲသို့ မြန်ဆန်စွာ စုပ်ယူခြင်း ခံလိုက်ရသည်။

ဤအခိုက်အတန့်မှာပင် အကွာအဝေးတစ်ခုရှိ စင်္ကြံလမ်းနံရံပေါ်၌ ထိုးစိုက်နေသော ဓားကြီးတစ်လက် ရှိလို့နေသည်။၎င်းဓားက စတင်တုန်ခါလာကာ နံရံထဲမှ နည်းနည်းချင်း စတင် လှုပ်ရှားလာ၏။နောက်ဆုံးတွင် ပေါက်ကွဲသံတစ်ခုနှင့်အတူ ယင်းဓားက နံရံထဲစိုက်နေရာကနေ ကျွတ်ထွက်လာကာ တွင်းနက်ထဲမှ စုပ်အား၏ တိုက်ရိုက်စုပ်ယူခြင်းကို ခံလိုက်ရသည်။

သည်အခိုက်အတန့်က ကောင်းကင်ဘုံဓားကျောက်ရီက ပျံသန်းလာသည့်အခိုက်ပင်။ဝမ်လင်းက တွင်းနက်ထဲသို့ စုပ်ယူခြင်း ခံနေရသည့် ရွှေရောင်ဓားကြီးကို ရင်းနှီးပြီးသား ဖြစ်နေ၏။

ကျောက်ရီက တုန့်ဆိုင်းခြင်းမရှိ ပြန်လည့်ကာ တွင်းနက်ထဲသို့ ဦးတည်သွားနေသည့် ဓားကြီးနောက်သို့ လိုက်ပါလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်လင်းတို့က ထိုရွှေရောင်ဓားကြီးကို မှီလာ၏။ဝမ်လင်းက ကောင်းကင်ဘုံဓားပေါ်တွင် ရှိနေရင်း ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ထိုဓားကြီးကို ချက်ခြင်း ဖမ်းယူလိုက်၏။

သို့ရာတွင် ထိုတွင်းနက်ထဲမှ စုပ်အားက ဓားကြီးအား လွှမ်းခြုံထားပြီးသား ဖြစ်နေခဲ့သည်။ဝမ်လင်းက ထိုဓားကြီးကို ဖမ်းဆုပ်မိသည့်အချိန်တွင် စုပ်အားနှင့် ရင်ဆိုင်လိုက်ရတော့၏။သူက ၎င်းဓားကို ဖမ်းဆုပ်လိုက်မိသည်နှင့် ပြင်းထန်သောစုပ်အားတစ်ခုက ရုတ်တရက် ပေါ်လာ၏။ဝမ်လင်း၏ ခန္ဓာကိုယ်က မတည်မငြိမ် ဖြစ်သွားရကာ ကောင်းကင်ဘုံဓားပေါ်မှ ပြုတ်ကျလုမတက်ပင် ဖြစ်လို့သွား၏။

သည်လို သေရေးရှင်ရေး အခိုက်အတန့်၌ ဝမ်လင်းက အသက်ဝဝရှူသွင်းကာ တစ္ဆေလောကမြစ်က သူ့အား ရုတ်တရက် ဝန်းရံ ဖြစ်ပေါ်လာ၏။ဝမ်လင်း၏ ထိန်းချုပ်မှုအောက်၌ တစ္ဆေလောကမြစ်က သူ့အား ပြင်းထန်စွာ ရစ်ခွေကာ သူကို ဗဟိုပြု၍ ဝဲကတော့တစ်ခု ဖြစ်တည်စေလိုက်သည်။ထိုအခါ ဝမ်လင်းပေါ်ရှိ စုပ်အားက အားပျော့သွားကာ သူက ချက်ခြင်းပင် ဓားကြီးအား ပြန်ဆွဲယူလိုက်သည်။တွင်းနက်ထဲသို့ ကျရောက်နေသော ဓားကြီးက ရပ်တန့်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဆွဲခြင်း ခံလိုက်ရလေ၏။

ကျောက်ရီထံမှ မာန်သွင်းသံတစ်ချက် ထွက်ပေါ်လာ၏။သည်မာန်သွင်းသံထဲ၌ ဓားစိတ်ဝိညာဉ်မန္တာန်တစ်ခု ပါဝင်နေခဲ့၏။ဓားက တဖျပ်ဖျပ်အလင်းကို ထုတ်လွှတ်လာကာ ကျောက်ရီက တွင်းနက်အဝသို့ ရောက်နေသော ဝမ်လင်းကို ပြန်ဆွဲယူလိုက်၏။

ဝမ်လင်းက သူ့ခန္ဓာကိုယ်မှာ စုတ်ပြဲသွားတော့မတက် ခံစားလိုက်ရ၏။သူ့လက်ထဲရှိ ဓားကြီးက အနှိုင်းမဲ့လေးလံလာသည်ဟုပင် ထင်မှတ်နေရသည်။သူက ကောင်းကင်ဘုံဓားပေါ်တွင် မတ်တပ်ရပ်နေလိုက်ကာ သူ့မျက်နှာပေါ်ရှိ သွေးကြောများက ဖောင်းကြွနေချေတော့၏။

ကျောက်ရီက အထက်သို့ ဆန်တက်သွားရာ ဓားကြီးကလည်း ဖြည်းဖြည်းချင်း ဆွဲယူခြင်း ခံလာရ၏။ဝမ်လင်းမျက်လုံးများက ဆုံးဖြတ်ချက်ပြတ်သားမှုများနှင့် ပြည့်နှက်ကာ နေသည်.သည်အခိုက်အတန့်၌ သူသာ သည်ဓားကြီးကို လက်လွှတ်လိုက်ပါက နောက်တွင် သည်ဓားကို လုံးဝ မြင်တွေ့ရခြင်း မရှိတော့မှာကို စိုးရိမ်လို့နေသည်။

ကျောက်ရီက အထက်သို့ တဟုန်ထိုး ဆန်တက်သွားစဉ်တွင် ဝမ်လင်းက ဓားကြီးကို ကိုင်ဆောင်းထားရင်း ဖြည်းဖြည်းချင်း လိုက်ပါသွား၏။ဓားပေါ်ရှိရွှေရောင်အကာက ကွာကျသွားက လုံးဝနက်မှောင်မှုတစ်ခုက ဓားပေါ်၌ ပေါ်လာခဲ့လေ၏။

ကျောက်ရီက မာန်သွင်းကာ ကောင်းကင်ဘုံဓား၏စွမ်းအားကို တိုးမြင့်ရင်း ဓားကြီးကို ဆယ့်နှစ်ပေကျော်ထိရောက်အောင် ဆွဲပင့်လိုက်၏။ဝမ်လင်းက ပိုမိုများပြားသောကောင်းကင်ဘုံဓားကို အသုံးပြုပြီး သူ့ပတ်လည်ရှိ တစ္ဆေလောကမြစ်ကို မြန်ဆန်စွာ လှည့်ပတ်စေလိုက်၏။သည့်အတွက်ကြောင့် စုပ်အားက အားပျော့လို့သွားသည်။နောက်ဆုံးတွင်တော့ ကျောက်ရီက ဝမ်လင်းနှင့်အတူ တွင်းနက်ထဲမှ တဟုန်ထိုး ထွက်သွားနိုင်လိုက်ပေ၏။

သူတို့က တဟုန်ထိုး ထွက်သွားသည့်အခိုက်တွင် ဝမ်လင်းက မာန်သွင်းသံ ပြုသည်။ထိုအခါ ဝမ်လင်းလက်ထဲသို့ ဓားကြီးက လုံးဝ ကျရောက်လို့သွားချေ၏။

ထိုဓားကြီးပေါ်၌ ချမ်းသာခြင်း ဟူသောစာလုံးကို ရေးထွင်းလို့ထားသည်။

ချမ်းသာခြင်းဓားကို ကိုင်ဆောင်ထားရင်း ဝမ်လင်းစိတ်ထဲ၌ အတိတ်ကပုံရိပ်များ တဖျပ်ဖျပ် ဖြစ်ပေါ်လို့သွားသည်။သူက အသက်ဝဝရှူသွင်းလိုက်၏။သူက ထိုဓားကို သေချာကြည့်ရှုနိုင်ခြင်း မရှိခင်မှာပင် ကျောက်ရီက သူ့ကို အနီးဆုံးတွင် ရှိနေသည့် စင်္ကြံလမ်းပေါ်သို့ ဆွဲခေါ်သွားတော့သည်။

ကျောက်ရီက စင်္ကြံလမ်းကို အလွန်မြန်ဆန်စွာ ဖြတ်သန်းလာ၏။ဝမ်လင်းက ကျောက်ရီထံသို့ နတ်ဘုရားအာရုံဖြင့် အသံပို့လွှတ်ကာ သည်ဒီလှိုင်းအသူတစ်ရာချောက်၏ တစ်ခုတည်းသောထွက်ပေါက်ရှိရာသို့ ညွှန်ပြပေးလိုက်၏။

ဝမ်လင်းက လက်ထဲတွင် ချမ်းသာခြင်းဓားကို ကိုင်ဆောင်ထားကာ ၎င်းကို သေချာကြည့်ရှူပြီးနောက် သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်၏။ထိုတစ်ချက် ကြည့်ရှုလိုက်ခြင်းက သည်ဓားနှင့်ပတ်သတ်၍ အချို့သောသဲလွန်စများကို သူ့အားတွေ့မြင်သွားစေ၏။

သို့ရာတွင် ခုချိန်၌ သူက ၎င်းဓား၏ သဲလွန်စများကို လေ့လာနေရန် အချိန်မရှိပေ။ထို့ကြောင့် သူက ၎င်းကို သိုလှောင်အိတ်ထဲသို့သာ ထည့်ထားလိုက်ရခြင်း ဖြစ်၏။ဝမ်လင်းက ဒီချောက်ထဲကနေ ထွက်လာပြီးသည့်နောက် ယင်းဓားကို သေချာလေ့လာကြည့်ရန် ပြင်ဆင်ထား၏။

“ဒီ ဒီလှိုင်းအသူတစ်ရာချောက်ကို လာတဲ့ခရီးစဉ်က ပြီးပြည့်စုံသွားခဲ့ပြီ။ကံမကောင်းစွာနဲ့ ငါက တုန်ကင်ဘယ်နေရာမှာ ရှိနေမလဲဆိုတဲ့ သဲလွန်စတစ်ခုတော့ မရရှိခဲ့လိုက်ဘူး…”

ဝမ်လင်းက စတင်၍ စဉ်းစားနေ၏။

ဝမ်လင်း သိုလှောင်အိတ်ထဲရှိ ခြင်သားရဲက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့၏။သူ့မျက်လုံးထဲ၌ သံသယရှိနေဟန်တို့ ဖြစ်ပေါ်လို့နေသည်။ပုံမှန်အားဖြင့် အံ့ချီးဖွယ်မန္တာန်တစ်ခု အသုံးမပြုလျှင် ခြင်သားရဲက အပြင်ဘက်မှအရာကို ခံစားနိုင်စွမ်း မရှိပေ။သို့ရာတွင် သည်အခိုက်အတန့်၌ ၎င်းက သူနှင့်ရင်းနှီးသောအော်ရာများစွာကို ခံစားမိနေပေ၏။

ခဏတာတုံ့ဆိုင်းသွားပြီးနောက် ခြင်သားရဲက ယင်းအော်ရာများကို သေချာဘာမှန်းမသိသေးချေ။၎င်းက ခုထိအိပ်ပျော်နေသော မိုးကြိုးဖားပြုတ်သားရဲကို ကြည့်ကာ ၎င်းမိုးခြိုးဖားပြုတ်သားရဲ၏ ကျောဘက်သို့ လှဲလျောင်းပြီး မျက်လုံးမှိတ်ထားလိုက်တော့သည်။

ကျောက်ရီ၏ အမြန်နှုန်းကြောင့် သူတို့က မီးနတ်ဆိုးနိုင်ငံ၏ ထွက်ပေါ်နှင့် နီးကပ်သထက် နီးကပ်လို့လာခဲ့သည်။တစ်ချိန်တည်းမှာပင် သူတို့က လောဘကြီးတို့အုပ်စုကို ဝန်းရံထားသည့် ခြင်သားရဲများနှင့်မြူများဖြင့်လည်း နီးကပ်လို့လာခဲ့ပေသည်။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ တိမ်တိုက်တစ်ခုသည် တောင်ဘက်ခြမ်းမှ ပျံသန်းလို့လာ၏။သည်တိမ်တိုက်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေ၏။၎င်းက အလင်းများကို ထုတ်လွှတ်နေကာ ကောင်းကင်ထက်၌ ဖြတ်သန်းသည့်အခါ ကောင်းကင်သည် အရောင်များနှင့် ပြည့်လို့နေချေသည်။

ထိုတိမ်တိုက်ပေါ်၌ ယောက်ျားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ ရှိလို့နေ၏။အမျိုးသားက ကိုယ်နေဟန်ထား ဖြောင့်မတ်ကာ အပြာရောင်ဝတ်စုံကို ဆင်မြန်းထားသည်။သူ့ရှည်လျားသော ဆံပင်များက နောက်ကျောသို့ ကျဆင်းနေကာ အလွန်ခန့်ငြားလှ၏။

သူက လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထား၏။လေနှင့်အတူ သူ့အင်္ကျီစများက တဖျပ်ဖျပ်လွင့်လို့နေသည်။သူက ကောင်းကင်ဘုံသားတစ်ယောက်အလားပင်။

သူ့နောက်ရှိ အမျိုးသမီးကတော့ ပန်းရောင်ပန်းပွင့်ငယ်လေးများ ထိုးထားသည့် ခရမ်းပြာနုဝတ်စုံကို ဝတ်ဆင်လို့ထားသည်။သူမဆံပင်များကို ခရမ်းနုဆံညှပ်တစ်ခုဖြင့် ချီနှောင်ကာ ထား၏။ယင်းသို့သော် ဝတ်စားဆင်ယင်မှုက အတွေ့ရများသော်လည်း သူမ၏ ကျက်သရေရှိမှုကို လျော့ကျမသွားစေခဲ့ပေ။သူမ၌ ဆေးမဆိုဘဲ နီရဲရဲနှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားသေး၏။သူမ၏ခန္ဓာကိုယ်က နူးညံ့က မွှေးပျံ့သောအော်ရာကိုလည်း ပေးစွမ်းကာနေသည်။

အမျိုးသမီး၏မျက်လုံးများက သူ့ဘေးရှိ အမျိုးသားကို ငေးမောနေလျက် ရှိကာ သူမမျက်လုံးထဲ၌ ချစ်ခင်ကြင်နာမှုတို့ ပါဝင်လို့နေသည်။သူတို့နှစ်ယောက်က ကျင့်ကြံခြင်းစုံတွဲ ဖြစ်သည်မှာ သိသာပေ၏။

သာမန်ကျင့်ကြံသူများက သည်တိမ်တိုက်များ၊မြူခိုးများကို စီးနင်းနိုင်သော်လည်း ထိုတိမ်တိုက်များ၊မြူများက ရေငွေ့ပြန်ကာ ဖြစ်တည်လာခြင်းသာ။

ထိုသို့သောမန္တာန်များကို အဆင့်နိမ့်သည်ဟု သတ်မှတ်၍ရ၏။ကျင့်ကြံသူများးက သေမျိုးများကို အရူးလုပ်ရာ၌သာ အသုံးဝင်ပေ၏။

သို့ရာတွင် သည်ကျင့်ကြံခြင်းစုံတွဲကတော့ ခြားနားနေသည်။သူတို့အော်ရှိ တိမ်တိုက်က ဘုံကိုးလွှာတိမ်တိုက်ထံမှ သန့်စင်မွန်းမံထားခြင်း ဖြစ်၏။ အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားခြင်းမရှိခင်ကပင် သည်ဘုံကိုးလွှာတိမ်တိုက်က ရှားပါးလွန်းခဲ့ပေ၏။

သည်တိမ်တိုက်ထဲ၌ သဘာဝအားဖြင့်ကို ကောင်းကင်ဘုံလျှပ်စီးဓာတ်များ ပါဝင်နေခဲ့သည်။ထို့ကြောင့် ၎င်း၏စွမ်းအားက လျော့တွက်၍ မရနိုင်ပေ။

ရှေးမျိုးဆက်ကျင့်ကြံသူများကတော့ သည်တိမ်တိုက်နှင့်သည်နှစ်ယောက်ကို တွေ့မြင်သည်နှင့် မည်သူမည်ဝါမှန်း ချက်ခြင်းသိပေလိမ့်မည်။အကြောင်းရင်းကတော့ သည်လိုတိမ်တိုက်မျိုးကို စီးနင်းနိုင်သည့်လူများက ရှေ့ဖြစ်ဟောသူ၊လင်းထျန်ဟူနှင့် သွေးဘိုးဘေးတို့လို့ ကျင့်ကြံခြင်းအဆင့်ရှိသူများသာ ဖြစ်နိုင်သောကြောင့်ပင်။

ကောင်းကင်ဘုံတိမ်ကျင့်ကြံခြင်းစုံတွဲ။

သည်ကျင့်ကြံခြင်းစုံတွဲက အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ လင်းထျန်ဟူ၊ရှေ့ဖြစ်ဟောသူတို့နှင့်အတူ ရောက်လာခဲ့ဖူးသည်။သူတို့က လှိုဏ်ဂူများထဲမှ တစ်ခုကို သိမ်းပိုက်နိုင်ကာ သည်နေရာကနေ နှစ်ပေါင်းသောင်းချီကြာသည့်အထိ ပြန်ထွက်ခွာလာခြင်း မရှိတော့ပေ။

ဝမ့်ဝေနှင့်ဟူကျွမ့်။

သည်ကျင့်ကြံခြင်းစုံတွဲက ရှေ့ဖြစ်ဟောသူနှင့် သူ့အပေါင်းအသင်းများကိုပင် ယှဉ်နိုင်ကြပေ၏။သူတို့နှစ်ယောက်အတူပူးပေါင်းမှုကိုပါ ထည့်တွက်ပါကာ ရှေ့ဖြစ်ဟောသူပင် သူတို့နှစ်ယောက်ကို အတော်လေးသတိထားရမည် ဖြစ်၏။

ရှေ့ဖြစ်ဟောသူက ထိုနှစ်ယောက်၏ မူလဇစ်မြစ်ကို ပို၍ ကြောက်လန့်နေမိသည်။သည်နှစ်ယောက်၏ နောက်ခံပုံရိပ်က အလွန်ထူးဆန်းလှသည်။ရှေ့ဖြစ်ဟောသူပင် သူတို့နှင့်ပတ်သတ်၍ ဘာမှ ရှာမတွေ့နိုင်ခဲ့ချေ။သူက သည်နှစ်ယောက်သည် သူ့ထက်ပို၍ သက်တမ်းရှည်ကာ ကျင့်ကြံခဲ့ကြသည်ဟူ၍ ရေးတေးတေးလောက်သာ သိနိုင်ခဲ့ပေ၏။

ကံကောင်းစွာဖြင့် ထိုနှစ်ယောက်က အေးငြိမ်းသောသဘာဝ ရှိကြ၏။သူတို့က စွမ်းအားအတွက် တိုက်ခိုက်ကြခြင်း မရှိပေ။လူတစ်ယောက် သူတို့ကို လာရောက်မစော်ကားသေးသ၍ သူတို့က ပြဿနာအရင် ရှာလိမ့်မည်မဟုတ်ပေ။

သူတို့နှစ်ယောက်က တိမ်ကို စီးနင်းနေရင် မီးနတ်ဆိုးနိုင်ငံ ရှိရာသို့ တိုက်ရိုက် ပျံသန်းသွားသည်။

သည်အခိုက်အတန့်၌ မီးနတ်ဆိုးနိုင်ငံထဲသို့ တိမ်တိုက်ဝင်လာသည့်အခိုက်အတန့်မှာပင် ကောင်းကင်နတ်ဆိုးနိုင်ငံ၏မြို့တော်အောက်တွင် ရှိနေသော ပေလောက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။

သူ့မျက်လုံးများက အလွန်တောက်ပသော ရွှေရောင်အလင်းကို ပေးစွမ်းနေ၏။သို့သော် ထိုအလင်းက သိပ်မကြာခင်တွင် ပြန်ပျောက်ကွယ်သွားသည်။

“သူတို့က လှိုဏ်ဂူထဲကနေ တကယ်ထွက်လာခဲ့ပြီပဲ…ကြည့်ရတာ ငါ့ ကအခြားရှေးဟောင်းနတ်ဆိုး စိတ်ဝိညာဉ်တွေကို မြန်မြန်ဝါးမြိုပစ်ဖို့ လိုအပ်နေပြီ…”

ပေလော၏မျက်လုံးထဲ၌ ကြောက်လန့်မှုအရိပ်အမြွက်အချိ့ကို နက်ရှိုင်းစွာ ဖုံးကွယ်နေလေ၏။

ထိုကောင်းကင်ဘုံတိမ်တိုက်က မီးနတ်ဆိုးနိုင်ငံသို့ တိုက်ရိုက်ပျံသန်းသွားကာ ကောင်းကင်ထက်ရှိတိမ်ထုများက လမ်းရှင်းပေးလိုက်ရ၏။မြို့များပေါ်ရှိ နတ်ဆိုးဗိုလ်ချုပ်များနှင့် နတ်ဆိုးတပ်သားများပင် တုန်လှုပ်သွားကြရကာ သူတို့က ထိုတိမ်ထုကို သွားရောက်စစ်ဆေးဝံ့ကြခြင်း မရှိပေ။

သိပ်မကြာသောအချိန်တွင် ကောင်းကင်ဘုံတိမ်ထုက ဒီလှိုင်းအသူတစ်ရာချောက်ထွက်ပေါက်၌ ရပ်တန့်သွား၏။တိမ်တိုက်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ သူတို့နှစ်ယောက်က မြေပေါ်သို့ သက်ဆင်းလိုက်ကြ၏။

အမျိုးသား၏မျက်လုံများက စိတ်ဝင်စားဟန်ဖြင့် ပြည့်နှက်သွားပြီးနောက် သူက သူ့ဘေးရှိ အမျိုးသမီးကို ပြုံးပြ၍ ဆိုလာ၏။ “စိတ်ဝင်စားစရာပဲ။ ကျွမ့်အာ….ဒီနေရာမှာ အတားအဆီးအချို့ ရှိနေတယ်။ ဟမ်…ဒီအတားအဆီးတွေက တော်တော်လေး ကောင်းမွန်တာပဲ…”

အမျိုးသမီးဖြစ်သူ၏ မျက်လုံးများက အပျော်နှင့်ပြည့်နေကာ သူက ကျက်သရေရှိလှသော အသံဖြင့် ပြောလာ၏။ “အကို့ကို စိတ်ဝင်စားစေတဲ့ အတားအဆီးတွေက အများကြီး မရှိလှပါဘူး…”

***

Comment

Leave a Reply

Options

not work with dark mode
Reset