Switch Mode

အပိုင်း(၆၉၀)

ကြီးကျယ်သောလက်ဆောင်

ရှုလီကောက မှင်သက်သွား၏။သူ့မျက်လုံးက အရောင်ပြောင်းလာကာ သူက ဂရုတစိုက် မေးလိုက်သည်။ “ဒါက..စိနီယာ…ဒီရှေးဟောင်းဓားစိတ်ဆန္ဒက ဘာကြီးလဲ…”

ကျောက်ရီက ဖျော့တော့စွာပြုံး၍ ဆိုလာ၏။ “ဒါကို ခံစားကြည့်လိုက် မင်း သိလာလိမ့်မယ်…” ထိုသို့ပြောပြီးနောက် သူက ညာလက်ကို ဆန့်ထုတ်ကာ ရှုလီကောကို လှမ်းဆွဲယူလိုက်သည်။အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲကနေ ထိုးထွက်ကာ ရှုလီကော၏မျက်လုံးထဲသို့ ဝင်ရောက်သွား၏။

ရှုလီကော၏ ခန္ဓာကိုယ်က တုန်ယင်ကာ သူ့မျက်လုံးများက စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်သွား၏။သည်အခိုက်အတန့်၌ သူက သူ့ခန္ဓာကိုယ်ထဲသို့ အတောမသပ်နိုင်သည့် အချက်အလက်များ ဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။

သူက တစ်ဖြည်းဖြည်းချင်း သည်အချက်အလက်များထဲ၌ နစ်မြုပ်လို့သွား၏။

ကျောက်ရီက သူ့လက်ကို ပြန်ဖြေလျော့ပေးလိုက်၏။သူ့မျက်လုံးထဲရှိ ရွှေရောင်အလင်းသည်လည်း ပျောက်ကွယ်လို့သွားသည်။သူက ပင်ပန်းသွားဟန်ရ၏။သူ့ကိုယ်ပိုင်အမွေအနှစ်ကို အခြားလူတစ်ယောက်ကို လက်ဆင့်ကမ်းပေးခြင်းက သူ့စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ထိခိုက်စေပေသည်။သို့ရာတွင် သူက ဂရုမစိုက်ပေ။ဝမ်လင်းက သူ့ကို အန္တရာယ်များ ဖြတ်ကျော်ကာ ကယ်တင်ဖို့ လုပ်နိုင်ပါက သူကလည်း ဝမ်လင်း၏ဓားစိတ်ဝိညာဉ်ကို အမွေအနှစ်ပေးခြင်းဖြင့် ကူညီဖို့ တွန့်ဆုတ်နေလိမ့်မည် မဟုတ်ပေ။

“ဝမ်လင်း မင်းရဲ့ ဓားစိတ်ဝိညာဉ်က ပုန်ကန်တက်တဲ့သဘာဝနဲ့ မွေးဖွားလာခဲ့တာ။ဒါ့ကြောင့် မင်းက ဒါကို အသုံးပြုတဲ့အခါကျရင် သေချာဂရုစိုက်ဖို့လိုတယ်။ဒါပေမဲ့လည်း မင်းက ဒါနဲ့ပတ်သတ်လို့ စိုးရိမ်စရာ မလိုပါဘူး။ငါက သူ့ကို ပေးလိုက်တဲ့ အမွေအနှစ်ထဲမှ ခပ်နှိပ်မှုတစ်ခု ချန်ထားခဲ့တယ်။သူက မင်းကို သစ္စာဖောက်ဖို့ ကြိုးစားတာနဲ့ အမွေအနှစ်ရဲ့ တန်ပြန်ဒဏ်သက်ရောက်မှုကို ခံရလိမ့်မယ်…”

ဝမ်လင်းက ကျောက်ရီကို ကြည့်လိုက်၏။ကျောက်ရီ၏ အားနည်းနေသောမျက်နှာက သူ့ကို သက်ပြင်းလေးပင်စွာ ချမိစေ၏။သူက လက်နှစ်ဖက်ယှက်ကာ တိုးညှင်းစွာဆိုလိုက်၏။ “စီနီယာ…ကျေးဇူးတင်ပါတယ်…”

ကျောက်ရီ၏ လုပ်ဆောင်မှုက ပြတ်သားလှပေ၏။

ကျောက်ရီက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ထင်အာ နိုးထလာနိုင်သ၍ ဒီအမွေအနှစ်က ငါ့အတွက် အသုံးမဝင်ပါဘူး။ ဝမ်လင်း..ငါမင်းကို အကူအညီ တောင်းစရာ တစ်ခု ရှိတယ်။ဒါက ငါ့ကို ထင်အာရဲ့အဖေကို ကူရှာပေးဖို့ပါ…”

ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

ကျောက်ရီက ဖျော့တော့စွာ ပြုံး၍ သူ့ညာလက်ကို ဆန့်ထုတ်သည်။သူက ရှုလီကောရှိနေသော ကောင်းကင်ဘုံဓားကို ဆွဲယူလိုက်၏။သူက ထိုဓားကို ကိုင်ကာ အသက်ဝဝရှူသွင်းပြီး ရုတ်တရက် ဓားပေါ်သို့ ဖျပ်ခနဲ ရိုက်ပုတ်လိုက်သည်။

သည်ရိုက်ချက်က ကောင်းကင်ဘုံဓားကို ကြမ်းကြုတ်သောဓားတေးသံတစ်ခုအား ထုတ်လွှတ်သွားစေ၏။ထူးဆန်းသောအခိုးငွေ့တစ်ခုက ဓားထံမှ ထွက်ပေါ်လာပြီးနောက် ပြန်လည် ပျောက်ကွယ်သွားသည်။ကျောက်ရီ၏အသားအရည်က အလွန်အမင်း ဖြူရောလာခဲ့သည်။သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ထွင်းဖောက်လုမတက် ကြည်တောက်လာကာ ပြန်ကောင်းရန် အချိန်အတန်ကြာ လိုပေတော့မည်။

ဝမ်လင်းက အံ့အားသင့်ဟန်ဖြင့် ပြောလိုက်၏။ “စီနီယာကျောက်ရီ…သင်…”

သူက ကျောက်ရီ ယခုလို လုပ်လိုက်မည်ဟု မမျှော်လင့်ထားမိပေ။

“ခုချိန်ကစပြီး မိုးကောင်းကင်ဘုံဓားသုံးလက်ပဲ ရှိတော့တယ်။ခုကစပြီး ဒီဓားကို မင်းပိုင်သွားပြီ။ ငါ့ရှေ့က ဓားစိတ်ဝိညာဉ်ပဲ ဖြစ်ဖြစ်…ငါ့နောက် ဓားစိတ်ဝိညာဉ်ပဲဖြစ်ဖြစ် ငါတို့က ဒီဓားကို ထိန်းချုပ်လို့ မရနိုင်တော့ဘူး…”

ကျောက်ရီက ထိုသို့ပြောလိုက်ပြီးနောက် ကောင်းကင်ဘုံဓားကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်တော့သည်။

ဝမ်လင်းက ဓားကို ဖမ်းယူလိုက်၏။သူ့မျက်လုံးထဲ၌ ကျေးဇူးတင်မှုတို့နှင့် ပြည့်နေသည်။သည်အရာက ကျောက်ရီထံမှ ကြီးမားသည့်လက်ဆောင်တစ်ခုဟု ပြော၍ရပေ၏။မိုးကောင်းကင်ဘုံဓားက စုစုပေါင်းလေးလက် ရှိသည်။တစ်စုံတစ်ယောက်က ထိုဓားတစ်လက်ကို လုယူသွားမည်ဆိုရင်ပင် ကျောက်ရီ တည်ရှိနေသ၍ သူတို့က ယင်းဓားကို ယာယီသာ ထိန်းချုပ်နိုင်ပေလိမ့်မည်။သူတို့က ကျောက်ရီနှင့်တွေ့သည်နှင့် သူတို့လုယူထားသောဓားသည် ကျောက်ရီ၏ ထိန်းချုပ်ခြင်းကိုသာ ခံလိုက်ရမည် ဖြစ်၏။

ကျောက်ရီ မတည်ရှိတော့လျှင်ပင် တစ်နေ့မှာ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီး နိုးထလာနိုင်ခဲ့ပါက သူမက မိုးကောင်းကင်ဘုံဓားများအတွက် နောက်ထပ် ဓားစိတ်ဝိညာဉ်တစ်ခု ဖန်တီး နိုင်သေး၏။သည်ဓားစိတ်ဝိညာဉ်က ရှေးဟောင်းဓားစိတ်ဆန္ဒအမွေအနှစ်ကို ဆက်ခံရမည်ဖြစ်ပြီး မိုးကောင်းကင်ဓားလေးလက်ကို ထိန်းချုပ်နိုင်မည် ဖြစ်၏။

သည်မိုးကောင်းကင်ဓားလေးလက်က အချိန်မည်မျှကြာကြာ ဓားစိတ်ဝိညာဉ်များနှင့် အဖြူရောင်ဝတ်စုံအမျိုးသမီးတို့သာ ပိုင်ဆိုင်သည်ဟု ပြောနိုင်ပေ၏။

သို့ရာတွင် အခုအခိုက်အတန့်၌ အရာအားလုံးက ပြောင်းလဲသွားသည်။ယခုရိုက်ချက်သည် ရှေးဟောင်းဓားစိတ်ဆန္ဒအမွေအနှစ်ကို ဆက်ခံထားသည့် ဓားစိတ်ဝိညာဉ်ဖြစ်သူ ကျောက်ရီထံမှ ဖြစ်၏။ထိုရိုက်ချက်က ဓားပေါ်ရှိ မရေမတွက်နိုင်သောနှစ်များစွာကတည်းက တည်ရှိခဲ့သည့် ခပ်နှိပ်မှုကို ပျက်စီးသွားစေခဲ့ပေ၏။

သည်မျိုးစက်၏ ဓားစိတ်ဝိညာဉ်တစ်ယောက်အနေဖြင့် ကျောက်ရီက သေမျိုးအင်ပါယာတစ်ပါးလိုမျိုးနှင့် ဆင်တူ၏။သူက သူ့ကိုယ်ပိုင်နယ်မြေအုပ်ချုပ်မှုအပိုင်းကို ဝမ်လင်းအား အပြီးအပိုင် ပေးလိုက်သည့်သဘောမျိုးပင်။

ခုချိန်မှစ၍ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီး ပြန်နိုးထလာခြင်း သို့မဟုတ် အခြားဓားစိတ်ဝိညာဉ်အသစ်တစ်ခု ပြန်ဖြစ်တည်လာလျှင်ပင် သူတို့က ခုဝမ်လင်းလက်ထဲရှိ ဓားကို ဆက်လက် ထိန်းချုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ထိုသို့ ဖြစ်ရသည့်အကြောင်းရင်းမှာ ခုလက်ရှိဓားစိတ်ဝိညာဉ်ကျောက်ရီက ဝမ်လင်းကို လွှဲပေးလိုက်ခြင်းကြောင့် ဖြစ်ပေ၏။

သည့်အပြင် ကျောက်ရီက ရှုလီကောအား ရှေးဟောင်းဓားစိတ်ဆန္ဒကိုလည်း နားလည်စေခဲ့သေးသည်။သူက ရှုလီကောအတွက် တံခါးတစ်ချပ် ဖွင့်ပေးလိုက်ခြင်းသာ ။သည်တံခါးက သူ့ကို အံမခန်းဓားစိတ်ဝိညာဉ်တစ်ခု ဖြစ်လာစေပေလိမ့်မည်။

သည်အံ့ချီးဖွယ် လက်ဆောင်နှစ်ခုက ဝမ်လင်းကို သူပေးလိုက်သော အခွင့်ရေးကြီးတစ်ခု ဖြစ်လို့နေပေ၏။

မရေမတွက်နိုင်သော ပြန်လည်မွေးဖွားမှုများ ဖြစ်ပျက်သွားပြီးလျှင်ပင် ကောင်းကင်ဘုံဓားကို ရရှိနိုင်သည့်အခွင့်အရေးက ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။ဥပမာ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးလိုမျိုး ဖြစ်၏။

ခုချိန်ကစ၍ သည်ကောင်းကင်ဘုံဓားကို ဝမ်လင်းက ထာဝရ ပိုင်ဆိုင်သွားပြီ ဖြစ်၏။ရှုလီကောက သည်ဓား၏ ပထမဆုံးမျိုးဆက် ဓားစိတ်ဝိညာဉ်တစ်ကောင်မျှသာ ဖြစ်သည်။

မိုးကောင်းကင်ဘုံနယ်မြေ၌ပင် သည်လိုမျိုးအခွင့်ရေးကို ကောင်းကင်ဘုံအရှင်အဆင့်သာလျှင် ရရှနိုင်ပေ၏။

ကျောက်ရီက သက်ပြင်းချလိုက်၏။သည့်နောက် သူ့ခန္ဓာကိုယ်က မှုန်ဝါးလာကာ ကောင်းကင်ဘုံဓားထဲသို့ဝင်ရောက်သွားသည်။

“ငါက ဒီ ဒီလှိုင်းအသူတစ်ရာချောက် အော်ခြေမှာ မိုးကောင်းကင်ဘုံဓားရဲ့ ပြီးခဲ့တဲ့မျိုးဆက် ဓားစိတ်ဝိညာဉ်တစ်ခုရဲ့ အော်ရာကို ခံစားနေရတယ်။ဒါက မင်းအတွက် ငါ့ရဲ့တတိယမြောက် လက်ဆောင်ပဲ။သွားကြစို့…”

ကောင်းကင်ဘုံဓားကျောက်ရီသည် ဖျပ်ခနဲ ချောက်အနက်ပိုင်းထဲသို့ တိုးဝင်သွားတော့သည်။

ဝမ်လင်းကလည်း ခုထိ အမွေအနှစ်ကို နားလည်အောင် ပြုလုပ်နေပြီး ရီဝေဝေ ဖြစ်နေသော ရှုလီကောကို ကောင်းကင်ဘုံဓားထဲသို တွန်းထည့်ကာ ကျောက်ရီနောက်သို့ လိုက်ပါသွားလေ၏။

“ပြီးခဲ့တဲ့မျိုးဆက်ရဲ့ မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်ရဲ့ အော်ရာ…ဒါက ချမ်းသာခြင်းဓားများ ဖြစ်နေမလား…”

ထိုသို့ တွေးမိလိုက်ရင်း ဝမ်လင်းနှလုံးသားက တုန်ယင်သွားရ၏။

ကျောက်ရီက ရှေ့တွင် ရှိနေ၏။သူ့ဓားစွမ်းအင်များက ရှေ့သို့ ကြိုရောက်နေခြင်းဖြင့် သူက ရှေ့မှအဟန့်အတားများကို နောက်ဆုတ်သွားစေသည်။သူတို့က ဒီလှိုင်းအသူတစ်ရာချောက် အောက်ခြေသို့ တိုက်ရိုက် ရောက်ရှိလာကြ၏။သည်နေရဦက ကြီးမားလှကာ အောက်ခြေ၌ မဆုံးမဲ့သော တွင်းနက်ကြီးတစ်ခုနှင့်အတူ စင်္ကြံလမ်းများ ရှိလို့နေ၏။ထိုအောက်ခြေထဲထိရောက်ရန် နတ်ဘုရားအာရုံဖြင့်ပင် မစွမ်းဆောင်နိုင်ပေ။

ထိုဧရာမတွင်းနက်ကြီးထဲကနေ ခပ်ဖျော့ဖျော့စုပ်အားများ ထွက်ပေါ်လို့နေ၏။၎င်းက အလွန်ဖျော့သော်လည်း သည်နေရာတွင် ရှိလို့နေသည်။

ထိုတွင်းနက်ကြီး အစွန်းအပိုင်းနားရှိ မြေကြိးအနည်းငယ်က လိမ့်စင်းကာ တွင်းနက်ထဲသို့ စုပ်ယူခြင်း ခံနေရသည်။

ဝမ်လင်းက အသက်ဝဝရှူသါင်း၍ ထိုတွင်းနက်ထဲသို့ ကြည့်လိုက်သည်။သူ့ဉာဏ်ရည်ကြောင့် ဝမ်လင်းက အပြင်ဘက်တွင် တွေ့ခဲ့ရသော ဒီရေလှိုင်းက သည်တွင်းနက်ကြီးကြောင့် ဖြစ်လာသည်ဟု ချက်ခြင်း ခန့်မှန်းမိလိုက်၏။

ဝမ်လင်းစိတ်ထဲ၌ သူက နှစ်ငါးထောင်ကြာတိုင်း တစ်ကြိမ်ပေါက်ကွဲထွက်လာသည် သည်တွင်းနက်ကြီးက ဖန်တီးလိုက်သည့် အံ့မခန်းစုပ်အားကို မြင်ယောင်ကြည့်နေ၏။သည့်နောက် သူက ထူးဆန်းသော လမ်းကြောင်းများမှ တစ်ဆင့် သည်စုပ်အားက ပြင်ပကမ္ဘာသို့ သက်ရောက်ကာ ကုန်းမြေပေါ်ရှိ အရာဝတ္ထုများကို စုပ်ယူသည့်အဖြစ်အား မြင်ယောင်ကြည့်မိ၏။

သည်ထူးဆန်းအံ့ဖွယ်ဖန်တီးမှုက ဝမ်လင်းအား သူ့ကိုယ်သူ ပမွှားတစ်ကောင်လို့ပင် ခံစားမိသွားစေ၏။ဘယ်လိုမန္တာန်မျိုးကများ နှစ်ငါးထောင်မှာ တစ်ကြိမ်ပေါက်ကွဲထွက်လာသည့် စုပ်အားကို ခံနိုင်မည်နည်း။ ဘယ်လိုမန္တာန်မျိုးကများ သည်လိုမျိုး စွမ်းအားအဆင့်ကို ရောက်နေနိုင်သနည်း။

“ရှေ့ဖြစ်ဟောသူတောင် ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး။ ငါက ရှေ့ဖြစ်ဟောသူတစ်ခါ ပြောခဲ့ဖူးတဲ့ ကျင့်ကြံခြင်းတတိယနယ်ပယ်အဆင့်ကို ခြေချနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်များကများ ဒီလို လုပ်နိုင်မလား သိချင်မိတယ်…”

ဝမ်လင်းက အသက်ဝဝရှူသွင်းကာ စတင်စဉ်းစားကြည့်နေ၏။

ဒီတွင်းနက်ကြီးက ဘယ်နေရာကို ဦးတည်သွားတာလဲ။ဝမ်လင်းက ဒီအရာကို သိလည်းမသိသလို ခန့်မှန်းနိုင်ခြင်းလည်း မရှိပေ။သို့ရာတွင် သူက သူသာ သည်တွင်းနက်ထဲသို့ ပြုတ်ကျသွားလျှင် ပြန်ထွက်လာဖို့ မဖြစ်နိုင်သည်ကိုတော့ သိနေပေ၏။

“ဒီတွင်းနက်က တော်တော်လေး ထူးဆန်းတယ်။ ဒါကို ခပ်ကြာကြာမကြည့်နဲ့…”

ကောင်းကင်ဘုံဓားထဲမှ ကျောက်ရီ၏ အသံက ထွက်ပေါ်လို့လာ၏။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။သို့‌သော် ထိုအခိုက်၌ သူက အလွန်ဖျော့တော့သော အသံကို ကြားလိုက်ရသည်။

“ဆင်းသွားလိုက်…” ထိုအသံက တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ဝမ်လင်း၏ သိုလှောင်အိတ်ထဲမှ ထွက်ပေါ်လာခြင်းသာ ဖြစ်၏။သို့သော် ထိုအသံပိုင်ရှင်က ယောင်ရှင်းရွှယ်လည်း မဟုတ်နေချေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset