Switch Mode

အပိုင်း(၆၈၉)

ကျောက်ရီ၏ အသက်ဓာတ်ဓားစွမ်းအင်

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “စီနီယာ ကျောက်ရီ…”

သူက ပြင်ပသက်ရောက်မှုများကလွဲ၍ ကျောက်ရီ၏သေဆုံးခြင်းအော်ရာ၏ အဓိကအကြောင်းအရာသည် သူကိုယ်တိုင်ပင် ဖြစ်သည်။ကျောက်ရီက သေဆုံးချင်နေပေသည်။

ဝမ်လင်းက သူ့ရှေ့ရှိ အစီအရင်ကို တွေ့မြင်လိုက်သည့်အခါ သူက ထိုအစီအရင်ကို ချိုးဖျက်နိုင်စွမ်း မရှိကြောင်း သိလိုက်၏။လူတစ်ယောက် ထိုအစီအရင်ကို ချိုးဖျက်နိုင်ဖို့က ကျောက်ရီကိုယ်တိုင် လုပ်ဆောင်ရပေမည်။

ဝမ်လင်းအသံက တိုးညှင်းသော်လည်း သက်အက်ကွဲကြောင်းထဲ၌ ပဲ့တင်ထပ်သွား၏။ကျောက်ရီ၏မျက်လုံးများက တုန်ယင်လာကာ မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လာ၏။သူ့မျက်လုံးများက ဗလာကင်းမဲ့နေကာ ထိုဟာလာဟင်းလင်းဖြစ်မှုအထဲ၌ ဖော်ပြ၍မရနိုင်သည့် ဝမ်းနည်းမှုတို့ ရှိနေ၏။သူ့မျက်နှာက ထုံထိုင်းမှုန်ရီဝေ နေ၏။

သည်အခိုက်အတန့်တွင် လင်းထျန်ဟူ၏ နတ်ဘုရားအာရုံက ရွှေရောင်လှောင့်ချိုင့်ကို ချိုးဖျက်သွား၏။၎င်းက လှည့်၍ ဝမ်လင်းထံသို့ နောက်တစ်ကြိမ် တိုက်ရိုက် တိုးဝင်လာလေသည်။

တိုးညှင်းသောသက်ပြင်းချသံတစ်ခု အက်ကွဲကြောင်းထဲ၌ ပဲ့တင်ထပ်လာ၏။ထိုသက်ပြင်းချသံက ကျောက်ရီထံမှ ထွက်ပေါ်လာခြင်းဖြစ်ကာ ဝမ်လင်းထံသို့ တိုးဝင်လာသော နတ်ဘုရားအာရုံကို ချက်ခြင်း ပြိုလဲသွားစေ၏။

သို့သော် ထိုပျောက်ကွယ်သွားသော ဓားစွမ်းအင်က အလင်းလုံးအဖြစ် ပြန်လည် ဖြစ်တည်ကာ ဓားလေးလက်အပေါ်၌ မလှုပ်မယှက် ရှိလို့နေလေသည်။

“မင်း ထွက်သွားသင့်ပြီ…” ကျောက်ရီက ဝမ်လင်းကို ဆက်၍ မကြည့်တော့ပေ။သူက မျက်လုံး ပြန်မှိတ်လိုက်၏။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သည်နေရာသို့ ရောက်လာနိုင်ရန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ရပေ၏။ခုချိန်၌ သူ့တွင် ထွက်သွားရန် စွမ်းအားပင် မရှိတော့ချေ။သူ့မူလစိတ်ဝိညာဉ်က ကလေးငယ်အရွယ်လောက်သာ ကျန်ရှိတော့၏။၎င်း၏ သလင်းလိုကြည်လင်သော ခန္ဓာကိုယ်သည်လည်း ခုချိန်၌ နို့နှစ်ရောင် ပေါက်နေပြီ ဖြစ်သည်။

သူက သူ့မန္တာန်များအားလုံးကို အသုံးပြုခဲ့ရပေ၏။သည်နေရာသို့ ရောက်လာရန်အတွက် အစွမ်းကုန် ပြုလုပ်ခဲ့ရပေသည်။ထိုသို့ပြုလုပ်ရခြင်းက ကျောက်ရီသည် သူ့ကျေးဇူးရှင် ဖြစ်နေသောကြောင့်ပင်။သို့ရာတွင် သည်အရာများအားလုံးကို ပြုလုပ်ပြီးသည့်နောက် သူက ကျောက်ရီထံမှ “မင်းထွက်သွားသင့်ပြီ…” ဟူသော ရိုးရှင်းသည့်စကားသုံးခွန်းကိုသာ ပြန်ရရှိခဲ့ပေသည်။

ဝမ်လင်းက လှောင်ပြောင်စွာ ပြုံးလိုက်မိ၏။သည်လှောင်ပြုံးက သူ့ကိုယ်သူလှောင်လိုက်ခြင်းသာ ဖြစ်သည်။

“သင့် နှလုံးသားက သေဆုံးသွားခဲ့ပြီ။ ငါက ဒီနေရာကို တကယ်တော့ မလာခဲ့သင့်ဘူး…” ဝမ်လင်းက ခေါင်းယမ်းကာ လှည့်ထွက်ရန် ဟန်ပြင်လိုက်၏။သူက သည်နေရာသို့ ရောက်ရန် သူ့မူလစိတ်ဝိညာဉ်၏ အစိတ်အပိုင်းခြောက်ခုကို ဆုံးရှုံးခဲ့ရ၏။သူက ကျောက်ရီအပေါ် အကြွေးကို ပြန်ဆပ်ခဲ့ပြီးပေပြီ။

“နှလုံးသားက သေဆုံးသွားခဲ့တယ်…ထင်အာထွက်ခွာသွားကတည်းက ငါ့နှလုံးသားက တကယ်ကို သေဆုံးသွားခဲ့တာပါ…”

ကျောက်ရီ၏ မှုန်ရီနေသောမျက်နှာပေါ်ရှိ ဝမ်းနည်းမှုက ပို၍ အားကောင်းလာခဲ့ချေသည်။

နှစ်ရာချီကြာမြင့်အောက် လင်းထျန်ဟူက သူ့ကို သည်နေရာတွင် ချိပ်ပိတ်ထားခဲ့ပေသည်။သူက သည်လိုမျိုးစိတ်ရှုပ်ထွေးသော အခြေအနေ၌သာ ရှိလို့နေခဲ့၏။သူက ရှေးဟောင်းနတ်ဆိုး၏ သူ့ခန္ဓာကိုယ်အပေါ် ကျူးကျော်နေမှုကို သိပေ၏။သို့သော် သူက ၎င်းကို ရပ်တန့်လိုစိတ် မရှိခဲ့ပေ။သို့ရာတွင် သူ့မျက်ခုံးနှစ်ခုကြားရှိ ရွှေရောင်အလင်းကတော့ ထင်အာ အတွက် သူ့ချစ်ခြင်းတရား ဖြစ်လေသည်။သူက ၎င်းကို အဝေးသို့ လွင့်ထွက်မသွားစေလိုခဲ့ပေ။

သက်ပြင်းချလိုက်ပြီးနောက် ကျောက်ရီက သူ့ခရမ်းရောင်ညာလက်ကို မြှောက်၍ သူ့လက်ချောင်းကို ဆက်ခနဲ တောက်လိုက်၏။ ရွှေရောင်အလင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။၎င်းအလင်းထဲ၌ အလွန်အားကောင်းသောဓားစွမ်းအင်တစ်ခု ပါဝင်နေ၏။သည်စွမ်းအင်က လင်းထျန်ဟူက သနားစရာအခြေအနေသို့ တွန်းပို့ခဲ့သော ဓားစွမ်းအင်နှင့် တူညီနေပေ၏။သည်အရာက မိုးကောင်းကင်ဘုံဓား၏ အသက်ဓာတ်ဓားစွမ်းအင် ဖြစ်နေပေသည်။ကျောက်ရီတွင် ထိုသို့သော ဓားစွမ်းအင်တန်း ကိုးဆယ့်ကိုးခု ပိုင်ဆိုင်ထားပေ၏။

သူက လင်းထျန်ဟူနောက်သို့ လိုက်လံ တိုက်ခိုက်စဉ်က သူ့အသက်ဓာတ်ဓားစွမ်းအင် အများစုကို အသုံးပြုခဲ့သည်။ခုချိန်၌ သူ့တွင် ဓားစွမ်းအင်တန်းလေးခုသာ ကျန်ရစ်တော့၏။

ထိုဓားစွမ်းအင်က ဓားလေးလက်ပေါ်ရှိ အလင်းလုံးထံသို့ ဦးတည်သွားကာ ၎င်းကို တိုက်ရိုက် ထွင်းဖောက်သွားသည်။

လင်းထျန်ဟူ၏ နတ်ဘုရားအာရုံက စွမ်းအားကောင်းလှသော်လည်း ၎င်းက ကျောက်ရီ၏ မိုးကောင်းကင်ဘုံဓားအသက်ဓာတ် ဓားစွမ်းအင်ကို မယှဉ်နိုင်ပေ။

အလင်းလုံးက ပျက်စီးသွားသလို လင်းထျန်ဟူ၏ နတ်ဘုရားအာရုံသည်လည်း ဖျက်စီးခြင်း ခံလိုက်ရသည်။နတ်ဘုရားအာရုံက အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားချေသည်။ဓားစွမ်းအင်၏ အကူအညီဖြင့် ထိုအလင်းစက်များက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။

သည်အခိုက်အတန့်၌ သည်အလင်းအစက်အပြောက်များက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လို့သွားသည်။သူ့ ထိခိုက်ဒဏ်ရာရထားသော မူလစိတ်ဝိညာဉ်က အံ့မခန်အမြန်နှုန်းဖြင့် စတင် ပြန်ကောင်းမွန်လာခဲ့သည်။

ချက်ခြင်းလိုလိုပင် သူ့မူလစိတ်ဝိညာဉ်တစ်ခုလုံးက ပြန်ကောင်းမွန်လာသည့်အပြင် တိုးတက်လာသည်ဟုပါ ခံစားမိရသည်။ထိုခံစားချက်က ဖြည်းဖြည်းချင်း ပြန်ရပ်တန့်သွား၏။သို့သော် အလင်းစက်များကတော့ ပျောက်ပျက်သွားခြင်း မရှိသေးပေ။ယင်းတို့က ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲရှိ လင်းထျန်ဟူ၏ဓားစွမ်းအင်ကို အလိုလို ရှာတွေ့သွားကာ ပေါင်းစပ်လို့သွားတော့သည်။

ထိုအခါ ဓားစွမ်းအင်သည် အရင်ထက် သုံးဆယ်ရာခိုင်နှုန်းပို၍ အစွမ်းထက်လာခဲ့ချေသည်။

ကျောက်ရီက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါ့အသက်ဓာတ်ဓားစွမ်းအင်ကို မင်းခန္ဓာကိုယ်ထဲမှာ သိုလှောင်ပေးထားလို့မရဘူး။ ဒါ့ကြောင့် ငါက မင်းကို မပေးတာပါ…မင်းက ငါ့ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ဒါ့ကြောင့် ငါက မင်းပြန်ကောင်းမွန်အောင် ကူညီပေးလိုက်တာ…မင်းထွက်သွားတော့…ပြန်မလာပါနဲ့…”

ဝမ်လင်းက သက်ပြင်းချကာ ထွက်ပေါ်ထံသို့ စတင်လျှောက်လှမ်းသွားသည်။သည့်နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကျောက်ရီ၏နတ်ဘုရားအာရုံနှင့် စေတီက ထွက်ပေါ်လို့လာသည်။ဝမ်လင်းက ၎င်းကို သူ့ရှေ့သို့ ပစ်ပေးလိုက်၏။

“အတိတ်တုန်းက ငါ ပေးထားတဲ့ကတိကို တည်ခဲ့တယ်။ခု ငါက ဒီစေတီကို ဆက်ပြီး စောင့်ရှောက်စရာ မလိုတော့ဘူး…”

ကျောက်ရီက မျက်လုံးရုတ်တရက် ပွင့်လာကာ စေတီသို့ ကြည့်လိုက်၏။သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုက ကောင်းကင်ကိုပင် ဖုံးအုပ်သွားမလား မှတ်ရပေသည်။

“ထင်အာ…”

ဝမ်လင်း ခြေလှမ်းက ရပ်တန့်သွားသည်။သို့သော် သူက နောက်သို့ ပြန်မလှည့်ပေ။သူက ပြောလိုက်၏။ “သူ့နာမည်က ထင်အာ မဟုတ်ဘူး။ငါ့ခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူမနာမည်က ချင်ရှောင် ဖြစ်တယ်…”

ကျောက်ရီ၏စိတ်ဝိညာဉ်ခန္ဓာကိုယ်က တုန်ယင်သွားသည်။သူက ခေါင်းမော့၍ ကြည့်လာ၏။သူ့မျက်လုံးထဲရှိ ဗလာကင်းမဲ့နေမှုက ပျောက်ကွယ်သွားကာ ထိုအစား စွမ်းအင်တစ်ခု အစားထိုးဝင်လာခဲ့သည်။

“ချင်ရှောင်…”

ဝမ်လင်းက လှည့်၍ ကျောက်ရီကို ကြည့်လိုက်၏။သူက မည့်သည့်စကားမှ မဆိုဘဲ ကောင်းကင်ဘုံအင်ပါယာချင်လင်၏ ကျောက်စိမ်းပြားကို ပစ်ပေးလိုက်သည်။

ကျောက်ရီ၏မျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။သူက ထိုကျောက်စိမ်းပြားကို ဖမ်းယူလိုက်၏။သူက ချက်ခြင်းပင် ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ရာ သူ့အသွင်က ပြောင်းလဲသွားချေ၏။အချိန်အတန်ကြာပြီးနောက် သူက သူ့ကိုယ်သူ ခါးသီးစွာ ပြောလိုက်ပေသည်။ “ချင်ရှောင်…”

ဝမ်လင်းအသံက တည်ငြိမ်လှကာ သူက ဖြည်းဖြည်းချင်း ပြောပြလိုက်၏။ “ကောင်းကင်ဘုံအင်ပါယာချင်လင်ရဲ့ သမီး။ဒီချင်လင်က ကောင်းကင်ဘုံနယ်မြေမှာ စွမ်းအားအကောင်းဆုံးပုဂ္ဂိုလ်တစ်ယောက်ပဲ။ ပြောကြာတာက သူက ကောင်းကင်ဘုံနယ်မြေ ပြိုကျချိန်တုန်းကတောင် လွတ်မြောက်ခဲ့တယ်တဲ့။သူက ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ပုန်းအောင်းနေပြီး ဒဏ်ရာကုစားနေတယ်…”

ကျောက်ရီမျက်လုံးထဲရှိ စွမ်းအင်က ပိုပို သိပ်သည်းလာကာ တစ်ဖြည်းဖြည်း အသက်ဓာတ်တက်ကြမှုတစ်ခုက သူ့ခန္ဓာကိုယ်၌ ပေါ်လာသည်။သူ့ကို ဝန်းရံထားသော ခရမ်းရောင်အခိုးငွေ့များက စတင်အရှိန်မြင့် လှည့်ပတ်လာ၏။သို့သော် သူ့အသက်ဓာတ်တက်ကြွမှု ဖြစ်ပေါ်နေခြင်းကို ရပ်တန့်နိုင်ခြင်း မရှိပေ။

“မင်းက ထင်…ထင်အာရဲ့ အဖေက ဒီနေရာရဲ့ လှိုဏ်ဂူတစ်ခုမှာ ဒဏ်ရာကုသနေတယ်လို့ ပြောလိုက်တာလား…ဝမ်လင်း…မင်း ဒါနဲ့ ပတ်သတ်လို့ သေချာရဲ့လား…”

ဝမ်လင်းက ကျောက်ရီကို ကြည့်ကာ ခေါင်းယမ်းပြလိုက်၏။ “ငါက ဒါကို မျက်လုံးနဲ့တော့ မမြင်ခဲ့ရဘူး…ဒါ့ကြောင့် ငါက သေတော့မသေချာဘူး…”

ကျောက်ရီမျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးမှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒါ့ပေါ့ ဒီလိုအရာများကို ဘယ်သူကများ သေချာသိနိုင်ပါ့မလဲ…ထင်အာရဲ့ အဖေသာ ဒီနေရာမှာ ရှိရင် သူ့ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ထင်အာက ပြန်နိုးထလာနိုင်လိမ့်မယ်…”

ခုလက်ရှိ ကျောက်ရီသည် ထင်အာက နှစ်ထောင်ပေါင်းများစွာ ကြာအောင် စွဲလမ်းမှုကြောင့် အမျိုးသမီးအလောင်းမှ ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်အပိုင်းအစတစ်ခု ဖြစ်သည့်ကို မေ့သွားသည့်ပုံပင်။ခုချိန်၌ ထိုစိတ်ဝိညာဉ်က ပျောက်ကွယ်သွားကာ တည်ရှိခြင်း မရှိတော့ပေ။

“ငါက ထင်အာကို သူ့အဖေရှိ ခေါ်သွားပေးချင်ပြီး ထင်အာကို နိုးထလာစေချင်တယ်…”

ကျောက်ရီ၏ ခန္ဓာကိုယ်ထဲရှိ တက်ကြွမှုက ပို၍ပို၍ အားကောင်းသန်မာလာခဲ့သည်။သူ့ကို ဝန်းရံထားသော ခရမ်းရောင်အခိုးငွေ့များက ရူးသွပ်သွားသည့်အလားပင်။၎င်းအလင်းရောင်က သူ့မျက်ခုံးနှစ်ခုကြားရှိ ရွှေရောင်အလင်းကိုစက်ထံသို့ အရူးအမူး တိုးဝင်လာလေ၏။

“ငါ့အတွက် တစစီဖြစ်သွားစမ်း…” သူ့မျက်လုံးများက လက်ခနဲ ဖြစ်လို့သွား၏။သူ့ကို ဝန်းရံထားသော ခရမ်းရောင်အခိုးငွေ့က တုံ့ပြန်ရန် စတင် ရုန်းကြွလာ၏။သို့ရာတွင် ၎င်းက မည်သည့်သက်ရောက်မှုမှ မဖြစ်စေခဲ့ဘဲ ကျောက်ရီ၏ခန္ဓာကိုယ်ပေါ်ကနေ နှင်ထုတ်ခြင်းကို ခံရသည်သာ ဖြစ်၏။သိပ်မကြာခင်တွင် ကျောက်ရီခန္ဓာကိုယ်ပေါ်ကနေ ခရမ်းရောင်အခိုးငွေ့များက လွင့်စင်ထွက်သွား၏။သည့်နောက် ခရမ်းရောင်အခိုးငွေ့တိမ်ထုက မြေပြင်ပေါ်ရှိ အစီအရင်ကို ဖြတ်သန်းကာ ပျောက်ကွယ်သွားတော့သည်။

ကျောက်ရီက မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်သာ ဖြစ်သည်။ ရေနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးကိုယ်တိုင် ရောက်လာလျှင်တော့ ကျောက်ရီအတွက် အခွင့်ရေးတစ်ခုပင် ရှိတော့မည် မဟုတ်ပေ။အကြောင်းကတော့သူ့တွင် အသက်ဓာတ်ဓားစွမ်းအင်တန်းသုံးခုသာ ကျန်ရစ်တော့သောကြောင့် ဖြစ်လေ၏။

သို့ရာတွင် ရှေးဟောင်းနတ်ဆိုး၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအားများကို မောင်းထုတ်ပစ်ရန်အတွက်မူ ကျောက်ရီအတွက် ခက်ခဲလှခြင်း မရှိပေ။

ခရမ်းရောင်အခိုးငွေ့များ ပျောက်ကွယ်သွားသည့်အခါ ကျောက်ရီ၏ခန္ဓာကိုယ်သည် ရေကဲ့သို့ ကြည်လင်လာ၏။သူက စေတီထံသို့ ကြည့်ကာ လက်ဝှေ့ယမ်းလိုက်သည်။ဓားစွမ်းအင်တန်းတစ်ခုက ထိုစေတီထံမှ ချက်ခြင်းထွက်ပေါ်လာ၏။

သည်ဓားက သေးငယ်ကာ ၎င်း၏ပုံပန်းသွင်ပြင်က အမျိုးသမီးတစ်ယောက် ပြုလုပ်ထားမှန်း သိသာနေပေသည်။သည်ဓားက မိုးကောင်းကင်ဘုံဓားများထဲမှ တစ်လက် ဖြစ်ပေ၏။

ကျောက်ရီက မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ် ဖြစ်၏။သူ့ခန္ဓာကိုယ်က အလင်းတန်းအသွင်သို့ ပြောင်းလဲကာ ထိုဓားငယ်ထဲသို့ ဝင်ရောက်သွားသည်။သည်အခိုက်အတန့်၌ အက်ကွဲကြောင်းထဲ၌ ဓားစွမ်းအင်များနှင့်သာ ပြည့်လာခဲ့၏။

သည်အခိုက်အတန့်၌ ကျန်နေသေးသောအလင်းလုံးသုံးခုက ချက်ခြင်းပင် လေထဲသို့ ပျံတက်လာခဲ့သည်။သည့်နောက် ၎င်းတို့က နတ်ဘုရားအာရုံအဖြစ် ပြောင်း၍ ကျောက်ရီထံသို့ ပျံသန်းသွားသည်။

ဓားထံမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာ၏။ကျောက်ရီ၏ အသက်ဓာတ်ဓားစွမ်းအင်တန်းတစ်ခုက ချက်ခြင်း ပျံသန်းထွက်လာခဲ့သည်။

အလင်းလုံးသုံးခုက ချက်ခြင်း ပျက်စီးသွားကာ ကျောက်ရီ၏ ဝါးမြိုခြင်းကို ခံလိုက်ရချေသည်။မြေပြင်ပေါ်တွင် ထိုးစိုက်ထားသော ဓားလေးလက်သည်လည်း ဖျက်စီးခြင်း ခံလိုက်ရ၏။မြေပြင်ပေါ်ရှိ အစီအရင်သည်လည်း ပျက်စီးသွားတော့သည်။

ကျောက်ရီကို ချိပ်ပိတ်ထားသော အက်ကွဲကြောင်းက ချက်ခြင်း ပြိုကျသွား၏။ “လင်းထျန်ဟူ…မင်းက ငါ့ကို နှစ်ရာချီပြီး ချိပ်ပိတ်ထားပေမဲ့လည်း ငါ့နှလုံးသားက သေဆုံးသွားတာတောင့်ကြောင့်သာ မဟုတ်ရင် မင်းချိပ်ပိတ်မှုက ငါ့ကို ဘယ်လိုလုပ် ပိတ်လှောင်ထားနိုင်ပါ့မလဲ။ငါက မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်ပဲ။ငါ့အသက်က ကောင်းကင်နဲ့မြေကြီးလောက်ကို ရှည်ကြာတယ်။ငါက ရှေးဟောင်းအချိန်တွေထဲကရှိတဲ့ လေးခုမဟာဓားစိတ်ဆန္ဒကို အမွေဆက်ခံခဲ့တဲ့သူ…ငါက မင်းကို မသတ်နိုင်ပေမဲ့လည်း ငါသာ ခွင့်မပြုဘူးဆိုရင် မင်းက ငါ့ကိုလည်း ပိတ်လှောင်ထားနိုင်မှာ မဟုတ်ဘူး…”

“ဒီနှစ်ရာချီအချိန်တွေမှာ ငါ့နှလုံးသားက သေဆုံးသွားပေမဲ့လည်း ငါက ရှေးဟောင်းဓားစိတ်ဆန္ဒရဲ့ အမွေအနှစ်ကို ခံစားမိနိုင်သေးတယ်။ငါတို့ ထပ်တွေ့ကြရင် မင်း ကျင့်ကြံမှုအဆင့်က အရင်တုန်းကနဲ့ တူသေးလား၊ကွဲပြားလာလား ကြည့်ရတာပေါ့…”

အက်ကွဲကြောင်းမပြိုကျခင် အခိုက်အတန့်၌ ကျောက်ရီက ပျံသန်းထွက်သွား၏။

ဝမ်လင်းကလည်း ကျောက်ရီနောက်သို့ ချက်ခြင်းလိုက်ပါသွား၏။ဓားတစ်လက်၊လူတစ်ယောက်တို့သည် အက်ကွဲကြောင်းအပြင်ဘက်၌ ပေါ်လာခဲ့လေ၏။

ကျောက်ရီက ကောင်းကင်ဘုံဓားကနေ ထွက်ပေါ်လာ၏။သူက အချိန်အများကြီး ဖြတ်သန်းပြီးသွားသော်လည်း အရင်အတိုင်းသာ။သူက သူ့လက်ထဲတွင် စေတီကို ကိုင်ဆောင်ထား၏။စေတီကို ကြည့်နေရင်း သူက ၎င်းကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။

“ဝမ်လင်း…ဒါက ငါ့အတွက် လုံခြုံအောင် သိမ်းထားပေးပါ…”

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။သူက စေတီကို ဖမ်းယူကာ သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။

ကျောက်ရီအကြည့်က ဝမ်လင်းအပေါ်သို့ ကျရောက်ာလ၏။သူ့မျက်လုံးထဲ၌ ကျေးဇူးတင်မှု၊အသိအမှတ်ပြုမှု အရိပ်အယောင်တို့ ပါရှိနေ၏။သူက ပြောလာသည်။ “မင်းက ဒီလောက်နှစ်ရာချီ အချိန်လေးအတွင်းမှာ ဒီအဆင့်ထိ ရောက်လာတာက ချီးကျူးဖို့ ထိုက်တန်နေပြီ…”

ဝမ်လင်းက သက်ပြင်းချကာ ပြောလိုက်သည်။ “စီနီယာကျောက်ရီရဲ့ အာဏာတက်ခြင်းသလင်းကျောက်ကြောင့်ပါ။ မဟုတ်ရင်…”

ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ သူက ဆက်မပြောတော့ပေ။

“အာဏာတက်ခြင်းသလင်းကျောက်က မင်း ထင်အာကို စောင့်ရှောက်ပေးတဲ့အတွက် လက်ဆောင်အဖြစ် ပြန်ပေးတားထာ။ ဒါ့ကြောင့် မင်းက ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ကျေးဇူးတင်ရကြေးဆိုရင် ငါကဘဲ မင်းကို ကျေးဇူးတင်ရမှာပါ။ ငါတို့နှစ်ယောက် ဒီလောက်နှစ်ရာချီကြာပြီးတဲ့အခါမှာ ပြန်ဆုံရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ဒါကို တွေးကြည့်တော့ မင်းသာ ဒီနေ့မှာ ငါ့ကို ရှာဖို့ ဆုံးဖြတ်ချက် မပြတ်သားခဲ့ရင် ငါတို့က တွေ့ကြတော့မှာ မဟုတ်ဘူး…”

ကျောက်ရီက ဝမ်လင်းစကားဆိုလာချင်သည်ကို တွေ့လိုက်၏။သို့သော် သူက သူ့လက်ကို ဝှေ့ယမ်း၍ ဝမ်လင်းကို ဟန်တားလိုက်သည်။သူက အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်၏။ “ဝမ်လင်း…ငါ မှတ်မိတာက ဒီစေတီထဲမှာ ကောင်းကင်ဘုံဓားနှစ်လက် ရှိတာပါ။မင်းမှာ နောက်ထပ် တစ်ခု ရှိနေသေးလား…”

ဝမ်လင်းက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံဓားနှင့်အတူ ရှုလီကောတို့ ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံဓားထဲရှိ ရှုလီကောက ကျောက်ရီ၏ တည်ရှိမှုကို ချက်ခြင်း ခံစားမိလိုက်သည်။သူသည်လည်း စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခု မဟုတ်လား။သူက ထိုလူသည် သည်ဓား၏ အစစ်အမှန်ဓားစိတ်ဝိညာဉ်တစ်ခု ဖြစ်ကြောင်းခံစားမိလိုက်၏။

“အယ်…” ကျောက်ရီက ကောင်းကင်ဘုံဓားကို တွေ့မြင်လိုက်သည့်အခါ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ညာလက်ကို ညွှန်လိုက်ရာ ရှုလီကောက ကောင်းကင်ဘုံဓားထဲကနေ ပျံသန်းထွက်လာသည်။သူ့မျက်နှာက ပို၍ အပိုးကျိုးနေဟန် ပေါက်နေ၏။

“စီနီယာ…ဂျူနီယာနာမည်က ရှုလီကောပါ။ငါ့သခင်က ငါ့ကို ဒီကောင်းကင်ဘုံဓားထဲမှာ နေထိုင်ခိုင်းထားတာပါ။ ငါနေချင်လို့ မဟုတ်ပါဘူး…”

ဝမ်လင်းအသွင်က ရုပ်စိုးလို့သွား၏။သူက ရှုလီကောထံသို့ အေးစက်စွာ ကြည့်လိုက်သည်။

ကျောက်ရီက ရယ်မောကာ ဝမ်လင်းကို ပြောလာ၏။ “ဝမ်လင်း…ငါ့မန္တာန်တွေက မင်းကို လွှဲပြောင်းပေးလို့မရနိုင်ဘူး။ဒါပေမဲ့ ဒီစိတ်ဝိညာဉ်ခန္ဓာကိုယ်က တော်တော်လေးကောင်းတယ်။ငါက သူ့ကို ရှေးဟောင်းဓားစိတ်ဆန္ဒကို နားလည်အောင် လုပ်ပေးနိုင်ပြီး သူက ဒီကောင်းကင်ဘုံဓားကို လုံးဝထိန်းချုပ်နိုင်တဲ့အထိ ကြီးထွားလာအောင် မြင့်တင်ပေးနိုင်တယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset