Switch Mode

အပိုင်း(၆၈၈)

သေဆုံးနှလုံးသား…

“ချိပ်ပိတ်ထားတဲ့ ဓားစိတ်ဝိညာဉ်…” လင်းထျန်ဟူ၏ မျက်လုံးများက မော်ကြွားမောက်မာသောအကြည့်ကို ပိုင်ဆိုင်လို့ထားသည်။

“ငါ ဓားစိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားတဲ့နေရာက တော်တော်လေးကို လုံခြုံတယ်။ဒါကို ရှာတွေ့ဖို့ ဘယ်လို ဖြစ်နိုင်မှာလဲ။ဒါပေမဲ့လည်း ဓားစိတ်ဝိညာဉ် သေဖို့ဆန္ဒရှိလာရင်တောင် ဒီချိပ်ပိတ်ထားမှုက ပျက်စီးမှာ မဟုတ်ဘူး…”

လင်းထျန်ဟူက အနည်းငယ် စဉ်းစားပြီးနောက် မျက်လုံးပြန်မှိတ်ထားလိုက်သည်။

ဒီလှိုင်းအသူတစ်ရာချောက်ထဲရှိ ကျောက်ရီချိပ်ပိတ်ခြင်း ခံထားရသော နေရာ၌ ဝမ်လင်း၏ အင်္ကျီအဝတ်စများက လေကြမ်းတစ်ခုကြောင့် တဖျပ်ဖျပ်လွင့်လို့နေသည်။သူ့ဆံပင်များကလည်း လေထဲ၌ လွင့်မြောလို့နေသည်။သူက နောက်သို့ ခြေလှမ်းများစွာ အတင်းဆုတ်လိုက်ရ၏။သည့်နောက် သူ့မျက်လုံးက အေးစက်လာခဲ့ချေသည်။

စောစောပိုင်းက ဆက်တိုက်တိုက်ခိုက်မှုများက လင်းထျန်ဟူ ချန်ထားခဲ့သော တတိယမြောက် နတ်ဘုရားအာရုံကို ဖျက်စီးပစ်နိုင်ခဲ့ပေ၏။သို့ရာတွင် ထို့အတွက် တန်ဖိုးကလည်း ကြီးမားလှ၏။မိုးကြိုးသားရဲက တစစီဖြစ်သွားကာ ထိုအစိတ်အပိုင်းများကို နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားထဲသို့ ပြန်သိမ်းထားလိုက်ရ၏။

လင်းထျန်ဟူ၏ နတ်ဘုရားအာရုံဖြင့် ပြုလုပ်ထားခဲ့သော အဟက လျင်မြန်စွာ ပြန်ပိတ်လာကာ ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့သည်။

ဝမ်လင်းကိုယ်ထဲရှိ သွေးများကလည်း မြင့်တက်လာခဲ့ကာ သူ့သွေးကြောအများစုသည် ပိတ်ဆို့သွားခဲ့ပြီ ဖြစ်၏။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း သူ့ခန္ဓာကိုယ်ထဲ၌ ချောချောမွတ်မွတ် မစီးဆင်းတော့ပေ။သို့သော် သူက ထိုအခြေအနေကို ချက်ခြင်း ပြန်ညှိနိုင်စွမ်း မရှိတော့ပေ။ထိုအစား သူက ခြေတစ်လှမ်းလှမ်းကာ လင်းထျန်ဟူ၏နတ်ဘုရားအာရုံ ထွက်ပေါ်လာသော အဟကြားသို့ တဟုန်ထိုး တိုးဝင်သွားလေသည်။

သည်တစ်ကြိမ်၌ ဝမ်လင်းက သူ့အမြန်နှုန်းကို အစွမ်းကုန် အသုံးပြုလိုက်ခြင်း ဖြစ်၏။

ထိုအဟက ဝမ်လင်း စိတ်ကူးထားသလို ကျဉ်းမြောင်းနေခြင်း မရှိပေ။ထို့ကြေင့် သူက ထိုအဟ အနက်ပိုင်းသို့ တိုက်ရိုက် တိုးဝင်သွားမိ၏။သည်နေရာတွင် သူက ကျောက်ရီ၏ အော်ရာကို ရေးတေးတေး ခံစားမိလိုက်၏။

“ကျူးကျော်လာတဲ့လူ သေစမ်း…” လင်းထျန်ဟူ၏ နတ်ဘုရားအာရုံက နောက်တစ်ကြိမ် ပေါ်ထွက်လာပြန်သည်။သည်တစ်ကြိမ်၌ သူ့နတ်ဘုရားအာရုံက စိုးမိုးခြင်းအသံတစ်ခုကို သယ်ဆောင်လာကာ ဝမ်လင်းနားထဲသို့ တိုက်ရိုက် ဝင်ရောက်လာ၏။သည်အသံက သူ့ကို များစွာ တုန်ခါသွားစေကာ အလိုလိုပင်နောက်သို့ ဆုတ်သွားမိသည်။

အငူစွန်းထဲရှိ အက်ကွဲကြောင်းအဟတစ်ခုလုံးထံမှ အက်ကွဲသံများသည် ထိုနတ်ဘုရားအာရုံကြောင့် ထွက်ပေါ်လာခဲ့သည်။ ချောက်နံရံပေါ်ရှိ အငူစွန်းပေါ်၌ မရေမတွက်နိုင်သော အက်ကွဲရာများ ပေါ်ထွက်လို့လာသည်။

ထိုနတ်ဘုရားအာရုံ၏ ကိုင်လှုပ်ခြင်းကို ခံလိုက်ရပြီးနောက် ဝမ်လင်းမူလစိတ်ဝိညာည်သည် အားနည်းသွားခဲ့ချေပြီ။သူက သွေးအန်ထုတ်လိုက်ရကာ မျက်နှာပင် ချက်ခြင်း ဖြူရောလို့သွားသည်။

“ဒီလင်းထျန်ဟူက တော်တော်လေး စွမ်းအားကောင်းလွန်းတာပဲ…” ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်သည်။ ကျောက်ရီကို ချိပ်ပိတ်ရန် ချန်ထားရစ်ခဲ့‌သော နတ်ဘုရားအာရုံပင် ခုလောက်စွမ်းအားကောင်းနေသည့်အတွက် လင်းထျန်ဟူ ကိုယ်တိုင်သာ ရောက်ရှိလာလျှင် မည်မျှ အစွမ်းထက်နေမည်နည်း။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက သိုလှောင်အိတ်ထဲမှ သလင်းလို ကြည်လင်နေသော စုတ်တံကို ထုတ်ယူလိုက်၏။သည်စုတ်တံကို ကိုင်ဆောင်ထားရင် သူ့လက်ကို မြန်ဆန်စွာ လှုပ်ရှားလိုက်၏။သည့်နောက် သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားကာ ရွှေရောင်သင်္ကေတတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

ထိုသင်္ကေတ ပေါ်ထွက်လာသည်နှင့် ၎င်းက သည်ပိန်းပိန်းမှောင်နေသောအဟကြားကို လင်းထိန်သွားစေသည်။

တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းက နောက်ထပ် စုတ်ချက်တစ်ချက်ကို ရေးဆွဲလိုက်သည်။ စုတ်ချက်တစ်ခု၊နှစ်ခု၊သုံးခု၊လေးခု…တစ်စက်လေးတောင့် တန့်သွားခြင်းမရှိဘဲ ဝမ်လင်းက စုတ်ချက်ခုနစ်ချက်ကို ရေးဆွဲလိုက်လေ၏။

သည်အရာက ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်း စုတ်ချက်တစ်ချက်ထက် ပိုဆွဲလိုက်ခြင်းပင်။သူက အစောပိုင်း အင်းဆက်များနှင့် ရင်ဆိုင်ရချိန်၌ စုတ်ချက်ဆယ်ချက်ကျော် ရေးဆွဲခဲ့သော်လည်း ထိုစုတ်ချက်များက တူညီသောစုတ်ချက်တစ်ခုကို ထပ်ခါထပ်ခါ ရေးဆွဲခဲ့ခြင်းသာ ဖြစ်သည်။

စုတ်ချက်တစ်ခုစီနှင့်အတူ ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်အစိတ်အပိုင်းတစ်ခုသည် သင်္ကေတထဲသို့ ဝင်ရောက်သွားသည်ကို ခံစားရသည်။စုတ်ချက်ခုနစ်ချက် သင်္ကေတွင် သူ့မူလစိတ်ဝိညာဉ် အစိတ်အပိုင်းခုနစ်ခု ပါဝင်နေခဲ့ပေ၏။

ထိုစုတ်ချက်ခုနှစ်ချက်က ဝမ်လင်း၏ အကန့်အသတ်ပင်။သူက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အတွင်း၌ သည်စုတ်တံကို သန့်စင်မွန်းမံခဲ့ချိန်က သူက ၎င်းကို ထုတ်၍ စမ်းသပ်ခဲ့ပေသည်။သူက ရှစ်ခုမြောက်စုတ်ချက်ကို မရေးဆွဲနိုင်သည်ကို သိရှိခဲ့ရ၏။ထိုသို့ဖြစ်ရခြင်းက သူ့မူလစိတ်ဝိညာဉ်သည် အစိတ်အပိုင်းကိုးခု အဖြစ်သို့ မခွဲထွက်နိုင်ခြင်းကြောင့် ဖြစ်၏။

ဝမ်လင်းက ခုနစ်ခုမြောက်စုတ်ချက်ကို ရေးဆွဲလိုက်သည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် တဟုန်ထိုးထိုးထွက်ကာ ခုနစ်ခုမြောက်စုတ်ချက် သင်္ကေတထဲသို့ တိုးဝင်သွားသည်။

စုတ်ချက်ခုနစ်ခုက တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားပြီး စက်ဝန်းသင်္ကေတတစ်ခု ဖြစ်လာသည်။သည်သင်္ကေတက အလွန်အမင်း သန်မာလွန်းလှ၏။ယင်းက နေတစ်စင်းကောင်းကင်မှ သက်ဆင်းကာ သည်အဟကြာထဲသို့ ကျရောက်လာသကဲ့သို့ပင်။သည်ရွှေရောင်အလင်းများက တလျှံငြီးငြီး တောက်ပသည့်အပြင် စိတ်ဝိညာဉ်ကိုပင် နာကျင်စေနိုင်သည်။

ကောင်းကင်ဘုံစွမ်းအင်များကို အသုံးပြု၍ ကောင်းကင်ဘုံစုတ်တံမှ ဖန်တီးထားသော ကောင်းကင်ဘုံသင်္ကေတတစ်ခုကို ပြီးပြည့်စုံသော ကောင်းကင်ဘုံမန္တာန်တစ်ခုဟုပင် ယူဆ၍ ရနိုင်၏။၎င်း၏အလင်းက ဒီလှိုင်းအသူတစ်ရာချောက်၏ အငူစွန်းကို ဓားတစ်လက်ကဲ့သို့ ထွင်းဖောက်သွား၏။

သည်အခိုက်အတန့်၌ လူတစ်ယောက် အပြင်ဘက်မှ ကြည့်လျှင် ရွှေရောင်အလင်းက အက်ကွဲကြောင်းအဟ ထဲမှ ထွက်ပေါ်နေသည်ကို ရှင်းလင်းစွာ တွေ့မြင်ပေလိမ့်မည်။သည်ရွှေရောင်အလင်းက ဆက်တိုက်ပျံ့နှံ့လာက သိပ်မကြာခင်တွင် ရေနတ်ဆိုးနိုင်ငံ၏ ဒီလှိုင်းအသူတစ်ရာချောက် ဝင်ပေါက်ကိုပါ လင်းထိန်သွားစေသည်။

ထိုစုတ်ချက်ခုနစ်ခု သင်္ကေတသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ် အစိတ်အပိုင်းခုနစ်ခု ပါဝင်နေပေ၏။ထို့ကြောင့် သည်သင်္ကေတကို ဝမ်လင်းက ကိုယ်ပိုင်တစ်ခုလို ထိန်းချုပ်နိုင်စွမ်း ရှိပေ၏။သူက ယင်းရွှေရေင်သင်္ကေတကို အက်ကွဲကြောင်းအဟ အနက်ပိုင်းထိ ဆွဲယူလိုက်သည်။

လင်းထျန်ဟူ၏ နတ်ဘုရားအာရုံက ထိုရွှေရောင်အလင်း ထွင်းဖောက်လာပြီးနောက် ပျောက်ကွယ်တော့မည် အရိပ်လက္ခဏာများ ပြသလို့လာသည်။သို့ရာတွင် ၎င်းက ပျောက်ကွယ်နေရာကနေ ချက်ခြင်း ရပ်တန့်လို့သွား၏။လင်းထျန်ဟူ၏ နတ်ဘုရားအာရုံက ဟိန်းသံပြုကာ ထိုးထွက်လာပြန်သည်။သည်တစ်ကြိမ်၌ နတ်ဘုရားအာရုံက လင်းထျန်ဟူ၏ အသွင်ဟန်ပန်ကိုပါ ဆောင်ယူထားတော့သည်။

တာအိုဝတ်စုံကို ဝတ်ဆင်ထားသော လင်းထျန်ဟူသည် မျက်နှာပေါ်တွင် စိုးမိုးဖိနှိပ်နိုင်သောအကြည့်နှင့်အတူ တစ်လှမ်းချင်း တိုးလာလေသည်။သည့်နောက် သူက မှုန်ဝါးသွားကာ ဓားစွမ်းအင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲ၍ သင်္ကေတထံသို့ တိုက်ရိုက် တိုးဝင်လာချေသည်။

သင်္ကေတနှင့် ဓားစွမ်းအင်တို့ ထိတိုက်သွားသည့် အခိုက်အတန့်၌ ပြင်းထန်သောတုန်ခါလှိုင်းများက အရူးအမူး ပျံ့နှံ့လာသည်။သည်သိပ်သည်းလှသော တုန်ခါမှုက မရေမတွက်နိုင်သောအက်ကွဲကြောင်းများကို ဖြစ်စေ၏။

သည်တုန်ခါမှုက ပြင်းထန်လွန်းလှသဖြင့် ရေနတ်ဆိုးနိုင်ငံ၏ နေရာတော်တော်များများကို တုန်ယင်သွားစေသည်။

ဝမ်လင်းအသွင်က အလွန်အမင်း ဖြူရောသွားကာ သူက ခြောက်ခါဆက်တိုက် သွေးအန်ထုတ်လိုက်ရသည်။ထိုသွေးများထဲ၌ ကောင်းကင်ဘုံစွမ်းအင်များပင် ပါဝင်နေခဲ့သည်။၎င်း သွေးက အောက်သို့ ကျသည့်အခါ နက်ရှိုင်းသော အမှတ်အသားခြောက်ခုကို ဖြစ်ပေါ်သွားစေသည်။

သင်္ကေတက ပျက်စီးသွားခဲ့ကာ ဝမ်လင်း၏ နတ်ဘုရားအာရုံခုနစ်ခုတွင် ခြောက်ခုက ကွဲကြေသွားခဲ့သည်။နောက်ဆုံးကျန်ခဲ့သော တစ်ခုက သင်္ကေတမပျက်စီးသွားခင် အခိုက်အတန့်လေးတွင် ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ရှိသွားသည်။

လင်းထျန်ဟူ၏ နတ်ဘုရားအာရုံဖြင့် ဖန်တီးထားသော ဓားစွမ်းအင်ကလည်း မှိန်ဖျော့လို့သွား၏။သို့သော် ၎င်း၏ ထက်ရှမှုကတော့ လျော့နည်းသွားခြင်း မရှိပေ။တကယ်တော့ ပြိုကျသွားသော သင်္ကေတက အစစ်အမှန်ကောင်းကင်ဘုံမန္တာန်တစ်ခု ဖြစ်လေ၏။သည်သင်္ကေတက ပျက်စီးသွားသော်လည်း မရေမတွက်နိုင်သော ရွှေရောင်အလင်း အစက်အပြောက်များကို ဖြစ်စေ၍ ဓားစွမ်းအင်ကို ဝန်းရံကာ ရွှေရောင်လှောင်ချိုင့်တစ်ခုလို ပိတ်လှောင်လိုက်၏။

၎င်းက ဓားစွမ်းအင်ကို အချိန်အတန်ကြာ ပိတ်လှောင်ထားနိုင်ခြင်း မရှိသော်လည်း ခဏတာတော့ ချုပ်နှောင်ထားနိုင်စွမ်း ရှိပေ၏။

မူလစိတ်ဝိညာဉ်ကို ထိခိုက်ခြင်းက ကျင့်ကြံသူတစ်ယောက်အတွက် ဒဏ်ရာအကြီးအကျယ်ရခြင်းဟု ပြော၍ ရနိုင်ပေသည်။

ဝမ်လင်းမျက်လုံးများက လုံးဝနီရဲနေ၏။သတ်ဖြတ်သူနှလုံးသားက ထွက်ပေါ်လို့လာ၏။သူက သည်အဆင့်ထိ ရောက်လာပြီးမှ နောက်ဆုတ်တော့မည် မဟုတ်ပေ။သူက ပိတ်လှောင်ခြင်းခံထားရသော ဓားစွမ်းအင်ကို ခုန်ကျော်ကာ အက်ကွဲကြောင်းအဟ၏ အနက်ပိုင်းသို့ တိုက်ရိုက် တိုးဝင်သွားသည်။

သူ့ရှေ့တွင် ခရမ်းရောင်စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခု တွဲလောင်းပုံစံဖြင့် ရှိလို့နေသည်။သည်စိတ်ဝိညာဉ်ခန္ဓာကိုယ်က ကျောက်ရီပင် ဖြစ်၏။

ကျောက်ရီ၏မျက်လုံးများက မှိတ်ထားလျက် ရှိသည်။သူ့မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေသည်။သူ့မျက်ခုံးနှစ်ခုကြားကလွဲ၍ ကျန်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးက ခရမ်းရောင်ဖြင့် ဖုံးအုပ်ထားသည်။သည်ခရမ်းရောင်က အသက်ဝင်နေသည်ဟု ထင်ရကာ အဆတ်မပြတ် လူးလွန့်လို့နေသည်။

ကျောက်ရီ၏ အောက်ဘက် မြေပြင်ပေါ်တွင်တော့ ပေသုံးဆယ်လောက်ရှိသော အစီအရင်တစ်ခု ရှိလို့နေသည်။ခရမ်းရောင်အခိုးငွေ့အမျှင်တန်းများက ထိုအစီအရင်ထဲမှ ထွက်ပေါ်နေခြင်းဖြစ်ပြီး ကျောက်ရီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေကြခြင်းပင်။

ထိုအစီအရင်၏ ထောင့်လေးထောင့်၌ ရတနာဓားလေးလက်ကို ထိုးစိုက်လို့ထားသည်။ထိုရတနာဓားလေးလက်ထံမှ အလင်းရောင်တစ်ခုသည် ဖြည်းဖြည်းချင်း ထုတ်လွှတ်နေကာ မြေပြင်နှင့် ပေါင်းစပ်နေ၏။

တစ်ချိန်တည်းမှာပင် ထိုဓားလေးလက်ပေါ်၌ လက်သီးစုပ်ခန့် အလင်းလုံးများ ရှိလို့နေ၏။ထိုအလင်းလုံးများက အားကောင်းသောနတ်ဘုရားအာရုံအော်ရာကို ပေးစွမ်းကာနေ၏။

“စီနီယာ ကျောက်ရီ…” ဝမ်လင်း ကျောက်ရီကို တွေ့ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။သို့ရာတွင် သည်အခိုက်အတန့်၌ ကျောက်ရီက ခရမ်းရောင်အခိုးငွေ့များဖြင့် ဝန်းရံထားခြင်း ခံထားရသည်။ကျောက်ရီ မျက်ခုံးနှစ်ခုကြားရှိ ရွှေရောင်အလင်းက ခရမ်းရောင်အခိုးငွေ့၏ ဝါးမြိုခြင်းကို ခံနေရ၏။သည့်နောက် ကျောက်ရီက နိုးထလာရန် အခွင့်မရတော့ဘဲ လင်းထျန်ဟူ ပိုင်စိုးခြင်းကိုသာ ထာဝရခံရတော့မည်အလားပင်။

ကျောက်ရီကို ချိပ်ပိတ်ပြီး သန့်စင်မွန်းမံထားသော အစီအရင်က လင်းထျန်ဟူ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားသော အရာ ဖြစ်၏။သူက ထိုအစီအရင်ကို ကောင်းကင်ဘုံနတ်ဆိုးသန့်စင်ခြင်းအသွင်ပြောင်းအစီအရင်ဟု ခေါ်၏။သည်အစီအရင်က အလွန်စွမ်းအားကောင်းလွန်းလှသည်။သို့သော် အဓိကအချက်အချာမှာ မြေပြင်ပေါ်ရှိ ဓားလေးလက် ဖြစ်၏။

တစ်ခါတုန်းက လင်းထျန်ဟူသည် ကမ္ဘာငယ်လေးခုကို မူလစိတ်ဝိညာဉ်ဓားလေးလက်အဖြစ် သန့်စင်ပစ်ခဲ့ဖူး၏။ယခုသည်ဓားလေးလက်က ထိုမူလစိတ်ဝိညာဉ်ဓားလေးလက်ပင် ဖြစ်သည်။ထိုဓားလေးလက်၏ စွမ်းအားကို တိုးမြှင့်ပေးနိုင်ရန်အတွက် လင်းထျန်ဟူက ထိုဓားများအပေါ်တွင် နတ်ဘုရားအာရုံလေးခုကို ချန်ထားခဲ့ကာ အစီအရင်ကို ပို၍ သန်မာအားကောင်းအောင် ပြုလုပ်ခဲ့ပေ၏။

ခရမ်းရောင်အခိုးငွေ့များကတော့ နတ်ဆိုးအော်ရာဖြစ်၏။၎င်းက ရေနတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ထံမှ ထွက်ပေါ်လာသည့်အရာပင်။

လင်းထျန်ဟူ က လွန်ခဲ့သော နှစ်ပေါင်းများစွာက သည်နေရာသို့ လျှို့ဝှက်၍ လာခဲ့ရခြင်းသည် ကျောက်ရီကို သည်နေရာတွင် ချိပ်ပိတ်ပစ်ရန်အတွက် ဖြစ်၏။ထိုသို့ သူလုပ်နိုင်သည့် အကြောင်းရင်းသည် သူက ရေနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးနှင့် အချို့ပတ်သတ်မှုများ ရှိနေ၏။သူတို့နှစ်ယောက်က ကောင်းမွန်သောဆက်ဆံရေး ရှိနေကြသည်။

ယခုအက်ကွဲကြောင်းအဟ၏ တည်နေရာသည် လျှို့ဝှက်အကြောတစ်ခု ဖြစ်၏။ထိုအကြောက မြေအောက်တွင် ဖုံးကွယ်နေကာ ရေနတ်ဆိုးနိုင်ငံ၏ မြို့တော်နှင့် တိုက်ရိုက် ချိတ်ဆက်ထားသည်။သည်အရာက ရှေးဟောင်းနတ်ဆိုးကို သူလျှို့ဝှက်အကြောမှ တစ်ဆင့် သူ့နတ်ဆိုးစွမ်းအင်များကို အချိန်မရွေး ပို့လွှတ်စေနိုင်ခြင်း ဖြစ်သည်။သည့်နောက် လင်းထျန်ဟူ၏ အစီအရင်က သည်နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူ၏။သည့်နောက်တွင်တော့ အစီအရင်က ၎င်းစွမ်းအင်များကို ကောင်းကင်ဘုံသန့်စင်ခြင်းချိပ်ပိတ်ခြင်းထဲသို့ ကူးပြောင်းပေးကာ ကျောက်ရီ၏စိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း ကျူးကျော်စေသည်။

လင်းထျန်ဟူနှင့် ရေနတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုးတို့က သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြ၏။သည်သဘောတူညီမှုက လင်းထျန်ဟူ ကျောက်ရီအား သည်နေရာတွင် ချိပ်ပိတ်ပြီးနောက် ပြီးပြည့်စုံမည် ဖြစ်သည်။

တကယ်တော့ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေပေါ်ရှိ နိုင်ငံကိုးခုလုံး၏ ရှေးဟောင်းနတ်ဆိုးများသည် သူတို့၏ ကိုယ်ပိုင်အစီအစဉ်များ ရှိထားကြပေသည်။ရေနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးက သူ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအားကို တောင့်ခံနိုင်သော စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ရှာဖွေနေခြင်း ဖြစ်သည်။သည်ဖြစ်စဉ်က အလွန်တရာ နှေးကွေးလှသော်လည်း အလွန်လည်း ခိုင်ခံနေပေသည်။

ကျောက်ရီ၏ မျက်ခုံးနှစ်ခုကြားမှ ရွှေရောင်အလင်း ဝါးမြိုခြင်းခံလိုက်ရသည်နှင့် သူက ရေနတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုး၏ ခန္ဓာကိုယ် ဖြစ်လာပေလိမ့်မည်။

အစဦးတုန်းကတော့ လင်းထျန်ဟူက သည်လိုအစီအစဉ် မရှိခဲ့ပေ။သို့သော် သူက ကောင်းကင်ဘုံနယ်မြေမှ ထွက်ခွာလာပြီးနောက် ကျောက်ရီ၏ အဆက်မပြတ်လိုက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ကျောက်ရီက အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး အတင်းအကြပ် ပြုလုပ်ခဲ့သော ကောင်းကင်ဘုံဓား၏ ဓားစိတ်ဝိညာဉ် ဖြစ်ကာ သူက စွမ်းအားကောင်းသောမန္တာန်များကို ရရှိခဲ့ပေသည်။သည့်အပြင် လင်းထျန်ဟူက ထိုအမျိုးသမီးနှင့် အကြိမ်များစွာ တိုက်ခိုက်ပြီးနောက် ဒဏ်ရာရထားခဲ့ပြီး ဖြစ်နေသေးသည်။ထို့ကြောင့်လင်းထျန်ဟူက အလွန်အရှက်ရစရာ အခြေအနေတစ်ခုသို့ ဆိုက်ရောက်ခဲ့ရပေသည်။

လင်းထျန်ဟူ အမြင်၌ သည်ဓားစိတ်ဝိညာဉ်က သေချင်နေကာ ကောင်းကင်ဘုံဓားမှ သူ့အသက်ဓာတ် ဓားစွမ်းအင် အကန့်အသတ်ကိုပင် အရူးအမူး အသုံးပြုနေခဲ့သည်။မိုးကောင်းကင်ဘုံဓားက မိုးကောင်းကင်ဘုံနယ်မြေတွင် နံပါတ်တစ်ရတနာဟု ပြော၍ရ၏။လင်းထျန်ဟူက ဓားတစ်လက်ကို ရရှိခဲ့သော်လည်း သူက ကျောက်ရီရှေ့၌ ယင်းဓားကို ထုတ်ရဲခြင်း မရှိပေ။သူက သူ သည်ဓားကို ထုတ်လိုက်သည်နှင့် ၎င်းဓားက ကျောက်ရီ၏ ထိန်းချုပ်ခြင်းကို ခံသွားရမည်ကို သိနေပေသည်။

လင်းထျန်ဟူက အလွန်စွမ်းအားကောင်းလှသော်လည်း သူက ကောင်းကင်ဘုံလက်ဝါးရာ ကြောင့် ဒဏ်ရာရရှိခဲ့ရသည်။ထိုလက်ဝါးရာက သိသာစွာ စွမ်းအားကောင်းလှသည်။၎င်း၏ ဩဇာတိက္ကမက ပို၍ပင် ကြီးမားနေခဲ့သည်။လင်းထျန်ဟူက သည်ကောင်းကင်ဘုံမန္တန်သည် သာမန်ကောင်းကင်ဘုံဗိုလ်ချုပ်တစ်ယောက် အသုံးပြုနိုင်သည့်အရာ မဟုတ်မှန်း ကောက်ချက်ချမိသည်။သည်ကောင်းကင်ဘုံမန္တာန်က ထိပ်တန်းကောင်းကင်ဘုံမန္တာန်တစ်ခု ဖြစ်ကာ ကောင်းကင်ဘုံအင်ပါယာသာ အသုံးပြုနိုင်လိမ့်မည်။

တိုက်ချက်တစ်ခုတည်းဖြင့်ပင် သူ့ကို ဒဏ်ရာ ရစေခဲ့သည်မဟုတ်လား။သည့်အပြင် ကျောက်ရီ၏ သူ့အသက်ကို ဂရုမစိုက်ဘဲ တိုက်ခိုက်မှုများကိုပါ ထည့်ပေါင်းလိုက်သည့်အခါ လင်းထျန်ဟူက ရှက်စရာအခြေအနေသို့ပင် ရောက်ခဲ့ရသည်။

သို့ရာတွင် လင်းထျန်ဟူ၏ စွမ်းအားသည် သံသယ ဖြစ်စရာ တစ်စက်မှ မလိုပေ။တကယ်တော့ သူက ထိုအရှက်ရစရာအခြေအနေကို ယာယီသာ ကြုံတွေ့ခဲ့ရခြင်းသာ။သည့်နောက် သူက ကျောက်ရီကို ဖြားယောင်း၍ သည်နတ်ဆိုးစိတ်ဝိညာဉ်ရှိရာသို့ ဖြားယောင်း၍ သည်နေရာတွင် ပိတ်လှောင်ထားခဲ့ခြင်းဖြင့် သူနှင့် ရေနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးတို့ကြား သဘောတူညီမှုကို ပြီးမြောက်သွားစေခဲ့သည်။

သည်နည်းလမ်းက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပင်။သို့ရာတွင် လင်းထျန်ဟူက နှစ်ရာချီကြာမြင့်ပြီးနောက် ဝမ်လင်းက အရာအားလုံးကို ပြောင်းလဲရန် ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားလိမ့်မည် မဟုတ်ပေ။

သည်အက်ကွဲကြောင်းထဲ၌ ဝမ်လင်းက အစီအရင်အတွင်းရှိ ချိပ်ပိတ်ခြင်းခံထားရသော ကျောက်ရီကို ကြည့်နေ၏။ကျောက်ရီ၏ ခန္ဓာကိုယ်က ထူထဲသော သေဆုံးခြင်းအော်ရာတစ်ခုကို ပေးစွမ်းလို့နေသည်။အတိတ်တုန်းက ကျောက်ရီ အလွန်စွဲလမ်းခဲ့ရသော အမျိုးသမီးဖြစ်သူ ထင်အာ ပျောက်ကွယ်သွားကတည်းက သူ့နှလုံးသားက သေဆုံးသွားခဲ့ပြီး ဖြစ်ခဲ့သည် မဟုတ်လော။

***

Comment

Leave a Reply

Options

not work with dark mode
Reset