သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ပိုင်ရှောင်ချန်းမှာလေထဲသို့ အလင်းတန်းတစ်ခုအသွင် တဟုန်ထိုးတက်လိုက်လေသည်။ မိုးကောင်းကင်ကြီးမှာ ရံဖန်ရံခါတိမ်များနှင့် ပြည့်နှက်လျက် မျက်စိတဆုံး ကျယ်ပြောသည်။ ပိုင်ရှောင်ချန်းက ပျံသန်းလာစဥ်တလျှောက်လုံး ငှက်တစ်ကောင်အလား လွတ်လပ်မှုကို ခံစားခဲ့ရသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ပိုင်နက်အတွင်းရှိ တောအုပ်ကြီးမှာ သွေးရောင်များလွှမ်းလျက် နေရာအများစုမှ ခက်ထန်ကြမ်းကြုတ်သော အန္တရာယ်အငွေ့အသက်များဖြာထွက်နေသည်။
သို့သော်လည်း ပိုင်ရှောင်ချန်း၏ သွေးချီများကို အာရုံခံမိလိုက်သည်နှင့်တပြိုင်နက် ထိုနေရာတွင် တည်ရှိနေသော သေစေနိုင်လောက်သည့်အရာများမှာ အရိပ်များအသွင်ကျုံ့သွားကြလေသည်။
ထိုနေရာရှိအရာအားလုံးမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ချိတ်ဆက်ထားပုံရကာ မကြာမီတွင် ပိုင်ရှောင်ချန်းက ၎င်းတို့ကို သူ၏အရှိန်အဝါဖြင့် နှိမ်နင်းနိုင်ကြောင်း တွေ့ရှိသွားလေသည်။
ထိုနေရာရှိ မျိုးနွယ်စုများကို ပိုင်ရှောင်ချန်းမှာ သူ၏သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ မြင့်မားသောရာထူးအရ လုံးလုံးလျစ်လျူရှုထားနိုင်လေသည်။ ဂိုဏ်းမှ သွေးသခင်များထွက်ခွာသွားကြသောအခါ အကယ်၍သူတို့က တစ်ယောက်ချင်းသွားသည့်တိုင် သူတို့မှာ တစ်စုံတစ်ယောက် သို့မဟုတ် သူတို့ကြုံတွေ့ရမည့် တစ်စုံတစ်ခုကို နှိမ်နင်းရန် နည်းလမ်းပေါင်းများစွာရှိလေသည်။ သူတို့က လုံးဝအတားအဆီးမရှိ ခရီးများထွက်၍သွားလာနိုင်လေသည်။
ပိုင်ရှောင်ချန်းကြုံတွေ့ခဲ့ရသော အင်အားအကြီးဆုံးသားရဲများပင် သူ၏အရှိန်အဝါကို အာရုံခံမိသွားသည့်အခါ ဆုတ်ခွာသွားကြလေသည်။ သူတို့ထဲမှ မည်သည့်သားရဲမှ သူ့အားရန်မစရဲကြပေ။
ပိုင်ရှောင်ချန်းက ရှုခင်းများအားခံစားရင်း အလွန်စိတ်အေးလက်အေးဖြစ်နေသည်။ လမ်းတစ်လျှောက်တွင် သူက ကျင့်ကြံရန် အချိန်အနည်းငယ်သုံးခဲ့သည်။ သူကယခုတွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဝေးကွာနေပြီဖြစ်ရာ သူ၏ထာဝရအသက်ရှည်နည်းပညာရပ်မှာ အနည်းငယ်နှေးကွေးနေပြီဖြစ်ကြောင်း ပြောနိုင်လေသည်။
ကံမကောင်းစွာပင် ၎င်းနှင့်ပတ်သက်၍ ဘာမျှ မလုပ်နိုင်ပေ။ ကျေးဇူးတင်ဖွယ်ကောင်းသည်မှာ သူ့ထံ၌သွေးဘိုးဘေး၏ အမွေအနှစ်ရှိနေပြီးနောက် ယခုတွင် သူကထာဝကျမ်း၌လည်း အဆင့်လွန်တတ်မြောက်နေပြီဟု ယူဆ၍ရနေပြီဖြစ်သည်။ သူ၏ကျင့်ကြံခြင်းမှာ အနည်းငယ်နှေးကွေးသွားသော်လည်း သူကမှန်ကန်သောနည်းဖြင့် ကျင့်ကြံသည်ဖြစ်ရာ ထိုကဲ့သို့နှေးကွေးသွားမှုအပေါ် အစားထိုးထားနိုင်လေသည်။
ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်အတွက်မူ ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းပိုင်နက်တွင် မကျင့်ကြံလျှင်အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ထားလေသည်။ ထိုကဲ့သို့ မှော်သိုင်းပညာရပ်များကို လောချိန်တောင်တန်းများကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ကျင့်ကြံသည်က အကောင်းဆုံးဖြစ်လိမ့်မည်။
သို့သော် သူက လူသားထိန်းချုပ်မဟာမှော်ပညာအား စမ်းသုံးရန်ကြိုးစားကြည့်ပြီးနောက် ၎င်းအား ကျင့်ကြံရန် အခွင့်အရေးအနည်းငယ်ပဲဖြစ်ဖြစ် ရှာတွေ့နိုင်ရန် စီစဥ်လေသည်။ သူက ထိုပညာရပ်အားအချိန်ယူ၍မကျင့်ကြံခဲ့ပေ။ သို့သော်ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အလယ်ပိုင်း အခြေခိုင်မာခြင်းအဆင့်တွင်ရှိနေပြီဖြစ်ရာ လူသားထိန်းချုပ်နည်းမဟာမှော်သိုင်းအတွက် သူကိုင်တွယ်နိုင်သော စိတ်စွမ်းအင်စွမ်းအားများမှာ အလွန်အံ့ဖွယ်ဖြစ်နေလောက်ပြီ။
သူကဆွဲငင်အားနှင့်တွန်းကန်အားကို နှစ်ပေါင်းများစွာလေ့လာခဲ့သော်လည်း အရှုံးမပေးလိုသည့်အတွက် ၎င်းတို့အား ခွဲခြမ်းစိတ်ဖြာရန် အချိန်များစွာပေးခဲ့ရသည်။
သူက ခရီးသွားရာတွင် ပင်ပန်းလာသောအခါ ဒေသခံမျိုးနွယ်စုထံသို့ သွားပေလိမ့်မည်။ သူက ထိုကဲ့သို့မျိုးနွယ်စုများမှ ထွက်သွားသည့်အခါ သူတို့ကရိုသေလေးစားသမှုဖြင့် နှုတ်ဆက်ပွဲအကြီးကြီး ကျင်းပပေးကြသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ သက်ပြင်းကို အကြိမ်ကြိမ်ချနေတော့သည်။ သွေးသခင်ရာထူးအား သူ လွမ်းလာလေသည်။ ထိုကဲ့သို့ရာထူးအားစွန့်လွှတ်ထားရခြင်းမှာ ကံကြမ္မာကောင်းတစ်ခုဆုံးရှုံးသွားခြင်းထက် ပိုဆိုးကြောင်း စဥ်းစားမိလာသည်။
” အီး… ငါကသိပ်ကို ရိုးဖြောင့်ခဲ့တာပဲ။ အရမ်းလဲ သမာဓိရှိလွန်းတယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက်လည်း ကိုယ်ကျိုးအများကြီးစွန့်ခဲ့တာပဲ” ပိုင်ရှောင်ချန်းက ထိုအကြောင်းအား စဉ်းစားလေလေ၊ ကြီးမားသောစွန့်လွှတ်အနစ်နာခံမှုအား အမှန်တကယ်လုပ်ခဲ့ကြောင်းကိုခံစားရလေလေဖြစ်သည်။
” ပြီးတော့ စုန့်ကျင်းဝမ်..”
သူမအား စဉ်းစားမိလိုက်တိုင်း သူမ၏လှပသော အမူအရာလေးများကို သတိရလာပြီး သူ၏နှလုံးသားမှာ ပူလောင်လာလေသည်။ သူက သက်ပြင်းချလိုက်သည်။
” ဝမ်အာ…အကောင်းနဲ့အဆိုးကရောထွေးလို့မရဘူးလေ ”
သူက အတတ်နိုင်ဆုံး အရိုးရှင်းဆုံးမြင်နိုင်ရန် ကြိုးစား၍ပြောလိုက်သည်။ သို့သော်လည်း သူခံစားနေရသောစိတ်ပျက်မှုမှာ သူ့အားသွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိရာအရပ်သို့ အချိန်ကြာရှည်စွာ ကြည့်နေစေရန် ဖိအားပေးနေလေသည်။
သူက အဝေးသို့ရောက်လာလေလေ သူလုပ်ခဲ့သောအရာများအကြောင်းပို၍ စဥ်းစားမိလာလေဖြစ်သည်။ နောက်ဆုံးတွင် သူကအံကိုကြိတ်ကာ ရှေ့သို့ဆက်၍ပျံသန်းလိုက်သည်။
တစ်နေ့တွင် သူ၏အရှေ့၌ကြီးမားသော တောင်တန်းကြီးမှာ မိုးကုပ်စက်ဝိုင်းတစ်လျှောက် နဂါးတစ်ကောင်အလား ဆန့်တန်းကာ ထွက်ပေါ်လာသည်။
၎င်းမှာ နီးကပ်နေပုံရသော်လည်း အကယ်၍ ပိုင်ရှောင်ချန်းက အမြန်ဆုံးအရှိန်တင်၍ပျံသန်းလျှင်ပင် အနည်းဆုံးနေ့တစ်ဝက်လောက်ကြာသော အကွာအဝေးတွင်ရှိသည်။
” ငါဒီတောင်တန်းတွေကို ကျော်ဖြတ်ပြီးသွားရင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ပိုင်နက်ထဲ ရောက်တော့မှာပဲ…” သူ၏မျက်လုံးများတွင် ပြတ်သားသောအရိပ်အယောင်များ ထင်ဟပ်လာကာ သူကအရှေ့သို့ပျံသန်းအံ့ဆဲဆဲတွင် ရုတ်တရက် သူ့ထံသို့ဦးတည်ကာ လေထဲတွင်ပျံသန်းလာသော အလင်းတန်းသုံးခုကိုတွေ့လိုက်ရသည်။
မကြာမီ လူငယ်နှစ်ယောက်နှင့်အတူ အဘိုးအိုတစ်ယောက်အား မြင်လိုက်ရသည်။ အဘိုးအိုကြီးတွင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံရှိကာ လူငယ်နှစ်ယောက်မှာ ချီစုစည်းမှုအဆင့် ခုနှစ်သို့မဟုတ် အဆင့် ရှစ်တွင်ရှိနေကြပြီး မှော်ပစ္စည်းများ အကူအညီဖြင့်ပျံသန်းနေကြသည်။ သူတို့ပျံသန်းနေစဥ်တလျှောက် အဘိုးအိုကြီးမှာ မျက်မှောင်ကြုတ်လျက် လူငယ်နှစ်ယောက်အား ပြစ်တင်မောင်းမဲနေသည်။
“စစ်ပွဲက မိုးကုပ်စက်ဝိုင်းပေါ်မှာရောက်နေပြီ။ မင်းတို့နှစ်ယောက်လုံးက ရွှီယွဲ့ မျိုးနွယ်စုရဲ့ အနာဂတ်တွေပဲ။ ဒီအမြန်နှုန်းနဲ့သာ ပျံနေရင် မင်းတို့တိုက်ခိုက်ကြတဲ့အခါ အသက်ရှင်ဖို့ ဘယ်လိုစီစဥ်ကြမှာလဲ”
” မှော်ပစ္စည်းတွေနဲ့အတူ ပျံသန်းဖို့ဆိုရင် မင်းတို့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ထိန်းချုပ်တတ်ဖို့လိုတယ်။ ဒါပေမဲ့ ဒီကျွမ်းကျင်မှုကပဲ မင်းတို့ကိုပျံသန်းတတ်အောင်လုပ်ပေးလိမ့်မယ်” လူငယ်လေးနှစ်ယောက်မှာ အံကိုကြိတ်လျက် သူတို့၏မှော်ပစ္စည်းများအား ထိန်းချုပ်ရန်ပို၍ ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့မည်သို့ကြိုးစားနေစေကာမူ သူတို့မှာ မတည်မငြိမ်ဖြစ်နေဆဲ ဖြစ်လေသည်။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်မှာ သူ့ကိုယ်သူမထိန်းချုပ်နိုင်ပဲ ဖြစ်သွားကာ ပြုတ်ကျမလိုဖြစ်သွားလေသည်။
“ဉာဏ်မရှိတဲ့ ကောင်..” အဘိုးအိုက တံတွေးထွေးကာ ပြောလိုက်သည်။ “မျိုးနွယ်စုက မင်းကို လေ့ကျင့်ပေးဖို့ အရင်းအနှီးတွေအများကြီး စိုက်ထုတ်ထားရတာ။ မင်းကတော့ နွားတစ်ကောင်လို တုံးအတုန်းပဲ” သူက လက်ကိုဝေ့ယမ်းကာ လူငယ်လေးကို အောက်သို့ ပြုတ်မကျမီဖမ်းလိုက်လေသည်။ သူက ဆက်လက်၍ တဖျစ်တောက်တောက်ပြောအံ့ဆဲဆဲတွင် ပိုင်ရှောင်ချန်း၏တည်ရှိနေမှုအား အာရုံခံမိသွားလေသည်။
ဒေါသတကြီးဖြစ်လျက် ထိုလူမှာ သူ့အားကြည့်ကာပြောလာလေသည်။ “ဟမ် မင်းမျက်စိကန်းနေတာလား။ ဒါက ရွှီယွဲ့မျိုးနွယ်စုရဲ့ပိုင်နက်ဆိုတာ မင်းမသိဘူးလား။ မင်းကို ဒီနားတဝိုက် ပျံသန်းခွင့်မပြုဘူးကွ။ မင်းပြန်လှည့်လိုက်တော့..”
ပိုင်ရှောင်ချန်း၏မူလ အစီအစဥ်မှာ ထိုသုံးယောက်အား လျစ်လျူရှုပြီး ပျံထွက်သွားရန်ဖြစ်သည်။ သို့သော် ထိုအဘိုးကြီးမှာ သူ့အားရဲတင်းစွာ ကျိန်ဆဲနေလေသည်။
“ခင်ဗျား အခုဘာပြောလိုက်တာလဲ ” ပိုင်ရှောင်ချန်းက အဘိုးအိုအား ပြန်စိုက်ကြည့်ကာ ပြောလိုက်လေသည်။
အဘိုးအိုမှာ မျက်လုံးပြူးသွားပြီးနောက် သက်ပြင်းရှိုက်ကာ တုန်ယင်စပြုလာသည်။
“ဒါက အလယ်တောင်ရဲ့သွေးသခင်ပဲ” သူကတွေးလိုက်လေသည်။ “ညမုဆိုး..ဝမ်းလျှော မိစ္ဆာ…”
အဘိုးအိုမှာ ယခုလေးတွင်မှ ပြောခဲ့သည့်စကားများအားပြန်တွေးမိသွားကာ မျက်နှာမှာသွေးဆုတ်ဖြူရော် သွားလေသည်။ နှလုံးမှာ တဒိန်းဒိန်းခုန်လျက် သူကခါးသက်စွာဖြင့် ပိုင်ရှောင်ချန်းအား လက်ကိုဆုပ်လျက်ဦးညွတ်လိုက်လေသည်။
” ရွှီယွဲ့ မျိုးနွယ်စုမှ ဂုဏ်အရှိန်အဝါကြီးမားတဲ့ သွေးသခင်ကို ဂါရဝပြုပါတယ်”
ပိုင်ရှောင်ချန်းက အေးစက်စက်နှာမှုတ်လိုက်ကာ လူသုံးယောက်အနားသို့ ချဥ်းကပ်လာသည်။
“မင်းတို့လူတွေ ငါ့ကိုတွေ့ရဲ့သားနဲ့ ဘာလုပ်နေကြတာလဲ ” သူက အေးစက်စွာမေးလိုက်လေသည်။
ပိုင်ရှောင်ချန်း၏ ခေါင်းအစခြေအဆုံးအကြည့်ခံနေရသော ချီစုစည်းမှုအဆင့်ကျင့်ကြံသူ လူငယ်နှစ်ယောက်မှာ ကြောက်ရွံ့လျက် သူတို့၏ဦးခေါင်းကို ညွှတ်ထားကြတော့သည်။ အသက်ကြီးရင့်သူ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူပင် အလယ်တောင်ထိပ်သွေးသခင်၏ သွေးပျက်ခြောက်ခြားဖွယ် ဇာတ်လမ်းများကိုကြားဖူးထားသဖြင့် စိုးရိမ်ကြောင့်ကြမှုကြောင့် ခေါင်းတစ်ခုလုံး ထူပူနေသည်။
” သွေးသခင်ခင်ဗျာ…ကျုပ်…ကျုပ်တို့က သွေးသခင်ဒီနေရာ ရောက်နေမှန်း မသိကြပါဘူးဗျာ။ ရွှီယွဲ့မျိုးနွယ်စုက ဒီဒေသမှာအခြေစိုက်တာပါ..ဒါကြောင့်မို့ ဒီမှာဖြတ်သွားတဲ့ ကျင့်ကြံသူတိုင်းကို အာရုံစိုက်နေရတာမို့ပါဗျာ။ ကျုပ်တို့သာ သွေးသခင်ရောက်နေတာကိုသိလို့ရှိရင် ချက်ချင်းပဲထွက်လာပြီး ဂါရပြုမယ်။ ပြီးရင် ဒီနိမ့်ကျတဲ့ မျိုးနွယ်စုလေးဆီမှာ ခဏဖြစ်ဖြစ် အနားယူနိုင်ဖို့ဖိတ်ခေါ်မိမှာပေါ့ဗျာ”
ပိုင်ရှောင်ချန်းက အထက်စီးဆန်ဆန် ခေါင်းညိတ်လိုက်လေသည်။ သူကသွေးသခင်ဖြစ်နေကြောင်း စဥ်းစားမိကာ ပုံမှန်ထက်ပင် အရှက်မရှိမျက်နှာပြောင်ပြောင်ဖြင့် ဟန်ဆောင်နေလျှင် အကောင်းဆုံးဖြစ်နိုင်လိမ့်မည်ဟု ပုံဖော်ကြည့်နေမိသည်။
” အရမ်းကောင်းတယ်” သူကပြောလိုက်လေသည်။ “ကျုပ်ကို ခင်ဗျားရဲ့ မျိုးနွယ်စုဆီခေါ်သွားပေါ့”
အဘိုးအိုမှာတုန်ရီသွားလေသည်။ သူ၏မျက်နှာတွင်အပြုံးတစ်ပွင့်ဆင်မြန်းလိုက်ကာ ချက်ချင်းပင် ပိုင်ရှောင်ချန်းအား သူ၏မျိုးနွယ်စုဆီသို့ ဦးဆောင်ခေါ်သွားလေသည်။
ရွှီယွဲ့မျိုးနွယ်စုမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ပိုင်နက်အတွင်း တည်ရှိလေသည်။ ၎င်းမှာ ကြီးမားသော မျိုးနွယ်စုမဟုတ်သော်လည်း သေးငယ်သောမျိုးနွယ်စုများထက် ပို၍အင်အားကြီးမားလေသည်။ အတော်လေးကြီးမားသော မျိုးနွယ်စုဖြစ်ကာ ပတ်ဝန်းကျင်ရှိ သွေးကတ္တီပါရောင် အပင်များနှင့်ဆန့်ကျင်ဖက်ဖြစ်သော မြစိမ်းရောင်သစ်သီးပင်များဖုံးလွှမ်းလျက်ရှိသည့် တောင်သုံးလုံးကိုရရှိထားလေသည်။
သစ်ပင်များပေါ်ရှိသစ်သီးများမှာ အနက်ရောင်အဆင်းရှိကာ ရွှီယွဲ့မျိုးနွယ်စု တစ်ခုလုံးအပြည့် ထူးဆန်းမွှေးကြိုင်သောရနံ့ကို ထုတ်လွှတ်နေပြီး အခြားကမ္ဘာလောက၏လေထုထဲ ရောက်နေသကဲ့သို့ ခံစားရစေသည်။
ပိုင်ရှောင်ချန်းမှာ နီးကပ်လာသည်နှင့် မျိုးနွယ်စု၏ ထူးဆန်းနေမှုကို သတိပြုမိလိုက်ကာ အာမေဋိတ်သံပြုမိသွားလေသည်။ “အီးးး”
” သွေးသခင်ခင်ဗျာ.. ဒီအသီးတွေက ရွှီယွဲ့မျိုးနွယ်စုက စိုက်တာတော့မဟုတ်ဘူးဗျ။ သူတို့က ဒီမှာသဘာဝအတိုင်းပေါက်နေကြတာလေ။ တချိန်တုန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အသီးတချို့ကို ရိတ်သိမ်းခဲ့ပြီး အဆိပ်ရှိကြောင်းသေချာသိခဲ့ရတယ်။ အဲ့တာကြောင့် သူတို့ကိုစားလို့မရဘူး။ ပြီးတော့ သူတို့ကို အဆိပ်လုပ်ဖို့သာအသုံးပြုကြတာပါ။ ဒါပေမဲ့ အသီးရဲ့အနံ့အသက်က တောရိုင်းတိရိစ္ဆာန်အချို့ကို မောင်းထုတ်ပေးနိုင်တယ်။ အဲ့အသီးမှာ စိတ်ချောက်ချားစေတဲ့ဂုဏ်သတ္တိလဲ ရှိတယ်”
အဘိုးအိုမှာ ပိုင်ရှောင်ချန်း၏ တုံ့ပြန်မှုအား အံ့သြသွားပုံမပေါ်ပေ။ ရွှီယွဲ့မျိုးနွယ်စုသို့ ပထမဦးဆုံးရောက်ဖူးသည့် မည်သူမဆို အသီး၏ညှို့ငင်မှုအား ခံရနိုင်ပေသည်။ ထိုအသီးအား နှစ်ပေါင်းများစွာလေ့လာခဲ့သော်လည်း ကျင့်ကြံသူများအတွက် အသုံးဝင်ကြောင်း မည်သူမျှရှာဖွေမတွေ့ရှိခဲ့ပေ။
ပိုင်ရှောင်ချန်းက ရွှီယွဲ့မျိုးနွယ်စုသို့ ပျံသန်းလာကာ ပထမဆုံးတောင်သို့တက်လာသောအခါ မျိုးနွယ်စုဝင်အားလုံးမှာတုန်လှုပ်သွားပြီး ချက်ချင်းပင် နှုတ်ဆက်ကြတော့သည်။ ပိုင်ရှောင်ချန်းက သူတို့အားလျစ်လျူရှုကာ အသီးပင်များထဲမှ တစ်ပင်ထံသို့ လမ်းလျှောက်သွားလိုက်သည်။ အသီးပင်တစ်ပင်မှ အသီးတစ်လုံးကိုဆွတ်ယူပြီးနောက် သူကအနီးကပ်ကြည့်လိုက်ကာ သူရရှိထားသောသတင်းအချက်အလက်မှန်ကန်ကြောင်းချက်ချင်းပင် အတည်ပြုလိုက်သည်။
“အပင်နဲ့ အသီးအရွက်တွေရဲ့လောကဟာ ဆန်းပြားခြင်း၊ တမူထူးခြားခြင်းနဲ့ ပြည့်နေတယ်။ ဒီအသီးရဲ့အနံ့အသက်က တကယ့်ကိုစိတ်ချောက်ချားစေတာပဲ” သူက အသီးပင်များအား ကြည့်နေရင်း ထိုအပင်များမှာ သက်တမ်းကြီးရင့်နေပြီဖြစ်ကြောင်း ပြောနိုင်လေသည်။ အချိန်အနည်းငယ်ကြာသည်အထိ လှည့်ပတ်ကြည့်ရှုပြီးနောက် တတိယမြောက်တောင်တွင် သက်တမ်းကြီးရင့်လွန်းသဖြင့် သက်တမ်းကို ခန့်မှန်း၍မရသော အပင်တစ်ပင်ကိုပါ ရှာတွေ့ခဲ့လေသည်။
ထိုသစ်ပင်ကြီးမှာ အလွန်ကြီးမားလှပြီး လူဆယ်ယောက် လက်ကိုဆန့်တန်း၍ဖက်ထားနိုင်လောက်အောင် ကြီးမားသည့်ပင်စည်ရှိလေသည်။ ထိုသစ်ပင်၏ထက်ဝက်ခန့်ကျော်ကျော်မှာ အသက်ဓာတ် အရိပ်အယောင် လက္ခဏာများ မတွေ့ရတော့ပဲ ညှိုးနွမ်းခြောက်သွေ့နေလေသည်။
ထိုအသီးမှထုတ်လွှတ်သော အနံ့မှာလွန်စွာပြင်းထန်လေသည်။ အသီးများမှ တစ်လုံးအား အနံ့ခံကြည့်ပြီးနောက် ပိုင်ရှောင်ချန်းမှာ အနည်းငယ် ရီဝေဝေခံစားလိုက်ရပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်လည်စေကာ သက်ရောက်မှုအား ပပျောက်စေလိုက်သည်။
“သနားစရာပဲ…။ မင်းက မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကိုသုံးပြီး အသက်တစ်ကြိမ်ရှူစာအတွင်းမှာ သက်ရောက်မှုကို ဖယ်ရှားပစ်နိုင်တယ်။ အကယ်၍ ဒီသက်ရောက်မှုက အချိန်ကြာကြာဖြစ်နိုင်ခဲ့ရင် ဒီအသီးတွေက တန်ဖိုးတစ်ခုခု ထိုက်တန်သွားမှာပဲ” ခေါင်းကိုခါလိုက်ကာ သူကလှည့်၍ထွက်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် သူ၏ အမူအယာမှာ တစ်ချက်လက်သွားပြီး သူ၏အိတ်ကလေးအား ငုံ့ကြည့်လိုက်သည်။
လွန်ခဲ့သည့်အချိန်ခဏအတွင်း သူ၏အိတ်ထဲတွင် အငွေ့အသက်များရုတ်တရက်ပြောင်းလဲသွားကြောင်း သူက အာရုံခံမိခဲ့သည်။ သူ၏နတ်ဘုရားအသိဖြင့် အိတ်အား ဆန်းစစ်ကြည့်လိုက်သောအခါ သူ၏မျက်နှာတွင် ထူးဆန်းသည့်အမူအယာ ပေါ်လာလေသည်။ ပတ်ဝန်းကျင်ရှိ ရွှီယွဲ့မျိုးနွယ်စုများအား အဝေးသို့သွားစေလိုက်ကာ စုန့်ကျင်းဝမ်၏အင်မော်တယ်ဂူဆီမှ ရရှိထားသော ထာဝရတည်မြဲခြင်း အမွေမှဖြစ်သည့် သေးငယ်သော ဇီးသီးအရွယ်ရှိ လိပ်ခွံလေးအားထုတ်ယူလိုက်သည်။ အစပိုင်းတွင် လိပ်ခွံလေးမှာ ကျောက်တုံးတစ်တုံးအလား မာကျောနေပုံရသည်။ အမှန်တွင် လိပ်ခွံအတွင်းရှိ မည်သည့်အရာမဆို သေဆုံးပြီးသားဖြစ်လေသည်။ သို့သော် သစ်ပင်အိုကြီးဆီမှရသော အမွှေးနံ့ကြောင့် အခွံမှာပြောင်းလဲသွားပြီး အတွင်းရှိမည်သည့်အရာမဆို နူးညံ့ပြီး ပျော့ပြောင်းသွားသကဲ့သို့ ကွဲပြားသွားပုံပေါ်လေသည်။
ရုတ်တရက် အခွံ၏နောက်နားလေးတွင် အစိမ်းရောင်အမြှီးကလေး ထွက်ပေါ်လာလေသည်။ ပိုင်ရှောင်ချန်းမှာ ခြေချောင်းသေးသေးကလေး လေးချောင်းနှင့် မြစိမ်းရောင်ခေါင်းငယ်လေးပါ ထွက်လာသောအခါ မျက်လုံးပြူးသွားလေသည်။
” သူလေးက ရှင်နေတုန်းလား” သက်ပြင်းရှိုက်ရင်း အနီးကပ်ကြည့်လိုက်လေသည်။ ေသချာစစ်ဆေးလိုက်သောအခါ ခေါင်းနှင့် ခြေချောင်းသေးသေးလေးများမှာ အသက်ကင်းမဲ့ကြောင်း ပြသနေလေသည်။ ၎င်းတို့မှာ အလှဆင်ထားသည့်အလား တူညီနေလေသည်။
၎င်းနှင့်ပတ်သက်၍ ထူးဆန်းသည့်ပုံပေါ်သော်လည်း ပိုင်ရှောင်ချန်းမှာ မည်သည့်အရာဖြစ်ကြောင်း သေချာမသိပေ။ အချိန်အနည်းငယ်တွေးတောလိုက်ပြီးနောက် သူက လိပ်ခွံလေးအား အရှေ့အနောက် အနည်းငယ်လှုပ်ရမ်းလိုက်လေသည်။ ဦးခေါင်းနှင့် ခြေသေးသေးလေးများ အခွံအားရိုက်မိသွားသောအခါ တတောက်တောက်မြည်သံများ ထွက်ပေါ်လာလေသည်။