Switch Mode

အပိုင်း(၆၈၇)

ကျောက်ရီအား ကယ်တင်ခြင်း

ကျောက်ရီနှင်ဝမ်လင်းတို့ကြားတွင် နက်ရှိုင်းသော ပတ်သတ်မှု မရှိခဲ့ပေ။သို့သော် ကောင်းကင်ဘုံမြေ၌ သူတို့နှစ်ယောက်ကြားရှိ အပြန်အလှန်တုန့်ပြန်ဆက်နွှယ်မှုက သူတို့စိတ်ဝိညာဉ်ထဲ၌ နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့ပေသည်။

အမျိုးသမီးတစ်ယောက်ကို အရူးအမူးစွဲလမ်းသော ယေက်ျာသားသည် ထိုအမျိုးသမီးကို အဆုံးရှုံးမခံနိုင်၍ သူ့မူလစိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းခဲ့ပေသည်။သူ့စွဲလမ်းမှုက လူတိုင်းကို စိတ်မလှုပ်ရှားစေခဲ့ပေ။သို့သော် သူ့မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေနေရင်း သူ့မျက်လုံးထဲရှိ ကြည်လင်နေမှုကတော့ မြင်တွေ့ရသော လူတိုင်းကို စိတ်လှုပ်ရှားစေခဲ့ပေသည်။

သည့်အပြင်ကျောက်ရီက အဖိုးထိုက်တန်သော သူ့အာဏာတက်ခြင်းသလင်းကျောက်ကို ဝမ်လင်းကို လက်ဆောင်အဖြစ်ပေးကာ သူစွဲလမ်းသည့် အမျိုးသမီးအလောင်းကို စောင့်ရှောက်စေခဲ့ပေသည်။

သည့်နောက် ကျောက်ရီက မိုးကောင်းကင်ဘုံဓား၏ ဓားစိတ်ဝိညာဉ်ဖြစ်လာခဲ့ပေသည်။သို့သော် သူက သူ့ရူးသွပ်စွဲလမ်းမှုမှတစ်ဆင့် ကျွင်းကျန်သော စိတ်ဝိညာဉ်တစ်ခု ဖြစ်လာခဲ့ရသည်။သည်အခိုက်အတန့်မှာပင် ကျောက်ရီက သူ့ကမ္ဘာတစ်ခုလုံး ကွဲကြေပျက်စီးသွားစေသည့် အမျိုးသမီး၏ အသံကို ကြားခဲ့ရပေသည်။

ထိုအခါ သူ့နှလုံးသားက သေဆုံးသွားခဲ့သလို သူ့ဓားစွမ်းအင်ကလည်း ရှင်သန်ခြင်းဓာတ်ကင်းမဲ့သွားရသည်။သူက သူ့ခန္ဓာကိုယ်ကို ဓားစိတ်ဝိညာဉ် ဖြစ်စေ၍ လင်းထျန်ဟူနောက်သို့ လေဟာနယ်ကို ဖြတ်သန်းကာ လိုက်ပါ၍ သတ်ဖြတ်ရန်သာ ဦးတည်ခဲ့ပေသည်။

ဝမ်လင်းက ကျင့်ကြံခြင်းလောက၏ ရက်စက်ကြမ်းကြုတ်မှုကို သူ့ဘဝတစ်လျှောက်လုံး မျက်မြင်တွေ့ခဲ့ရသူပင်။လူတိုင်းနီးပါးက သူတို့စိတ်နှလုံးသားထဲ၌ ဖုံးကွယ်ထားသော အချို့ရည်ရွယ်ချက်များ ရှိနေခဲ့သည်ပင်။ထို့ကြောင့် သူ့ဘဝတွင် စစ်ထူနန်၊သွန်ထျန်၊ချီဟူ နှင့် ကျောက်ရီတို့ကဲ့သို့သော လူအနည်းငယ်ကသာလျှင် သူ့စိတ်ထဲ၌ ပြန်အောက်မေ့မိဖို့ ထိုက်တန်ပေ၏။

ဘာသာပြန်သူမှတ်ချက်….(သွမ့်ထျန်= ဟင်္သာပြဒါးဂြိုဟ်ပေါ်မှ ဝမ်လင်းကို စိတ်ဝိညာဉ်တစ်ကုဋေအလံ ပေးခဲ့သော စိတ်ဝိညာဉ်သန့်စင်ခြင်းကလန် ခေါင်းဆောင်

ချီဟူ=ဟင်္သာပြဒါးဂြိုဟ်ပေါ်မှ ဘီလူးနတ်ဆိုးကလန်၏ လူငယ်ခေါင်းဆောင်)

အတိတ်တုန်းက ဝမ်လင်း စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်တွင်သာ ရှိသေးသည့်အချိန်က သူသည် ကျောက်ရီအဖို့ အညတရဂျူနီယာတစ်ယောက်မျှသာ ဖြစ်ခဲ့သေည်။သို့သော် ယနေ့တွင် ဝမ်လင်းသည် အာဏာတက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ချေပြီ။

သူက အသက်ဝဝရှူသွင်းကာ အဟကြားထဲသို့ ခြေလှမ်းဝင်လိုက်သည်။

သူက သည်အဟထဲတွင် အန္တရာယ်ရှိနိုင်မှန်း သိသော်လည်း အသိစိတ်ဓာတ်ရှိသော ယောက်ျားသားတစ်ယောက်အနေနှင့် သူ လုပ်ကိုလုပ်ရမည့် အရာများ ရှိနေသည် မဟုတ်လား။

အတိတ်တုန်းက သူက ဆယ့်သုံးကို ကယ်တင်ခဲ့သည့်အချိန်၌ သူက ကိုယ်တိုင် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်နှင့်ပင် တိုက်ခိုက်ခဲ့ရသေးသည်။ယနေ့တွင် သူက ကျောက်ရီကို ကယ်တင်နိုင်ရန်အတွက် ဓားသူတော်စင်၏ နတ်ဘုရားအာရုံ စောင့်ကြပ်နေပေါစေဦးတော့ ရပ်တန့်လိမ့်မည် မဟုတ်ပေ။

သူက အဟကြားထဲသို့ ခြေလှမ်းလိုက်သည်နှင့် လင်းထျန်ဟူ ချန်ထားခဲ့သော နတ်ဘုရားအာရုံက ကြီးစိုးနိုင်စွမ်းသဘာဝနှင့်အတူ သူ့ထံသို့ တန်းမတ်စွာ တိုးဝင်လာသည်။

သည်စိုးမိုးနိုင်စွမ်းရှိသည့် နတ်ဘုရားအာရုံက ထက်ရှသောဓားတစ်လက်အား ကောင်းကင်ဘုံကိုပင် ထွင်းဖောက်တော့မည်ဟု ထင်မှတ်ရသည်။၎င်းက ဝမ်လင်းထံသို့ တိုက်ရိုက် ထိုးစိုက်လာသည်။

ဝမ်လင်း၏ အပြင်ဘက်ခြမ်း အစွန်ဆုံးတွင် ဝန်းရံထားသော စိတ်ဝိညာဉ်အလံသည် စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာကို စုဝေးစေပြီး ထိုဓားကို တားဆီးရန် ဒိုင်းတစ်ခု အဖြစ် ပြောင်းလဲသွားသည်။

သို့ရာတွင် လင်းထျန်ဟူ၏ နတ်ဘုရားအာရုံက စွမ်းအားကောင်းလွန်းလှ၏။ထိုအကာဒိုင်းက ဓားဖြင့် ချက်ခြင်း ထွင်းဖောက်ခံလိုက်ရကာ ဝမ်လင်းထံသို့ ဆက်လက် တိုးဝင်လာသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းမျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားဟန်တို့ ဖြစ်ပေါ်နေ၏။သူက သည်အခိုက်အတန့်၌ ရှေ့သို့ ဆက်မတိုးသင့်ကြောင်း သိပေ၏။သို့သော် သူသာ နောက်ဆုတ်ခဲ့ပါက သူက ကျောက်ရီကို ကယ်တင်ရန် နောက်ထပ် အခွင့်အရေးလုံးဝ ရရှိတော့မည် မဟုတ်ပေ။

လူတစ်ယောက်၏ ဘဝတွင် လုပ်ကိုလုပ်ရမည့်အရာများ ရှိသည်မဟုတ်လား။သူတို့က လုပ်ဆောင်သင့်သောအရာများကို ထိုသို့မလုပ်ဆောင်မိပါက နှစ်ပေါင်းသောင်းချီ၍ နေထိုင်အသက်ရှင်ရစေဦးတော့ အတိတ်ကိုပြန်အောက်မေ့ပြီး လိပ်ပြာမလုံ ဖြစ်ရပေလိမ့်မည်။

ဝမ်လင်း၏ ဆုံးဖြတ်ထားမှုက ပြတ်သားမှုအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်။သည်အခိုက်အတန့်၌ လင်းထျန်ဟူ၏ နတ်ဘုရားအာရုံမှ ဖြစ်ပေါ်လာသည့် ဓားစိတ်ဆန္ဒက ပို၍ နီးကပ်လို့လာသည်။

စကားတစ်ခွန်းမှ မဆိုဘဲ ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းကာ ရွှေရောင်သင်္ကေတများက သူ့ပတ်လည်တွင် သိပ်သည်းလို့သွားသည်။ဓားစွမ်းအင်က ဝမ်လင်းကိုယ်ပေါ်သို့ ကျရောက်လာ၏။အဖြူရောင်အလင်းတန်းက ဝမ်လင်းပတ်လည်ရှိ ရွှေရောင်သင်္ကေတများနှင့် ယင်းကို ထပ်ဆင့်ဝန်းရံထားသော အင်းဆင်များ၏ ခန္ဓာကိုယ်များကြား ရွှေ့လျားလို့နေသည်။သူက တုံ့ဆိုင်းခြင်းမရှိ နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်ပြန်သည်။

သူ့ပတ်လည်ရှိ အင်းဆက်မျာား၏ တစ်ဝက်ကျောက် တောင့်တင်းမာခဲကာ ရွှေရောင်အလင်းထံကမနေ ပြုတ်ကျသွားကြသည်။ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ယင်းတို့ကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။

သည်ခြေလှမ်းက နတ်ဘုရားအာရုံကို ပို၍ သိပ်သည်းသွားအောင် အစပြိုးပေးလိုက်သလိုပင်။အငူစွန်းထဲရှိ အဟကြားမှ တစ်ဆင့် ကျယ်လောင်သောအသံများက ပဲ့တင့်ထပ်လာချေသည်။

စိတ်ဝိညာဉ်အလံမှ စိတ်ဝိညာဉ်အပိုင်းအစများအားလုံးသည်လည်း ယင်းဓားစိတ်ဆန္ဒကို တားဆီးနိုင်စွမ်း မရှိပေ။သည့်နောက် လင်းထျန်ဟူ၏ နတ်ဘုရားအာရုံ ဓားစိတ်ဆန္ဒက နတ်ဆိုးမိစ္ဆာချပ်ဝတ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။

သည်အခိုက်အတန့်၌ နတ်ဆိုးမိစ္ဆာချပ်ဝတ်ထဲရှိ နတ်ဆိုးမိစ္ဆာစွမ်းအင်များက ပြိုပျက်သွားကြကာ ဝမ်လင်းသည် အံ့မခန်းအားတစ်ခုက သူ့ခန္ဓာကိုယ်အား ဝင်ဆောင့်လာသည်ဟု ခံစားမိလိုက်ရသည်။သူက နောက်ဆုတ်မပေးလျှင် ချက်ခြင်း ပျက်စီးသေဆုံးရတော့မည်ဟူသော ခံစားချက်ကိုပင် ရရှိနေပေသည်။

သို့ရာတွင် ခံစားချက်က ခံစားချက်သာ ဖြစ်၏။ဝမ်လင်း၏ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းကြောင့် သူက ထိုခံစားချက်ကို ဖိနှိပ်ထားနိုင်စွမ်း ရှိပေသည်။သူ့မျက်လုံးက ပို၍ ပြတ်သားလာကာ သူ ရာစုနှစ်တစ်ခုလောက် အမှတ်အသားခပ်နှိပ်ထားသည့် ပြန့်ကျဲနတ်ဆိုးမိစ္ဆာကို ပထမဆုံးအကြိမ်အဖြစ် သူက ထုတ်လွှတ်လိုက်တော့၏။

ဝမ်လင်းက ထိုနတ်ဆိုးမိစ္ဆာ၏ စိတ်ဝိညာဉ်ကို ပြည့်ဝစွာ အမှတ်အသားခပ်နှိပ်နိုင်ခြင်း မရှိသေးပေ။ထို့ကြောင့် သူက ၎င်းကို သူ့ဒုတိယမူလစိတ်ဝိညာဉ်အဖြစ် သန့်စင်မွန်းမံနိုင်ခြင်း မရှိသေးချေ။၎င်းကို ထုတ်လွှတ်လိုက်သည်နှင့် ဦးချိုတစ်ချောင်းအနက်ရောင်နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က ဝမ်လင်းနဖူးထက်ကနေ ထွက်ပေါ်လာ၏။၎င်း၏မျက်လုံးများက လင်းထျန်ဟူ၏ဓားစွမ်းအင်ကို ဝါးမြိုရန် ကြံစည်လိုက်ရင်း ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။

နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ထွက်ပေါ်လာသည်နှင့် အဆုံးမဲ့ဟန်ရသော နတ်ဆိုးမိစ္ဆာစွမ်းအင်များက နတ်ဆိုးမိစ္ဆာချပ်ဝတ်ထံကနေ ထွက်ပေါ်လာသည်။ယင်းစွမ်းအင်က နတ်ဆိုးမိစ္ဆာထံသို့ စီးဆင်းသွားကာ သူ့ခန္ဓာကိုယ်ကို အထည်ဒြပ် ဖြစ်လာစေသည်။

၎င်းက လင်းထျန်ဟူ၏ နတ်ဘုရားအာရုံကို ဝါးမြိုလိုက်၏။သည့်နောက် ၎င်း၏ခန္ဓာကိုယ်ကနေ ပြင်းထန်သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ စိုးမိုးခြင်းနယ်ပယ်က ၎င်း၏ခန္ဓာကိုယ်ထဲ၌ စတင် သောင်းကျန်းလာခဲ့ချေပြီ။နတ်ဆိုးမိစ္ဆာက ဟိန်းသံ ပြုလိုက်ရာ ၎င်း၏ ရုန်းကန်နေသောအသွင်၌ ဖျပ်ခနဲ ကြည်လင်မှုတစ်ခု ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်၌ ဝမ်လင်း၏ မူလစိတ်ဝိညာည်က တုန်ယင်သွားကာ သူက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်၏ မတည်မငြိမ်ဖြစ်နေမှုကို သတိပြုမိလိုက်သည်။ချက်ခြင်းပင် သူက နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ထဲသို့ ပို့လွှတ်ကာ ခပ်နှိပ်မှုအမှတ်အသားကို အသက်ဝင်စေလိုက်သည်။သည်အမှတ်အသားက တည်ငြိမ်ခိုင်မာခြင်း မရှိသေးသော်လည်း သူက လွန်ခဲ့သောနှစ်တစ်ရာလုံးလုံး ယင်းအမှတ်အသားကို ခပ်နှိပ်နေခဲ့ခြင်း မဟုတ်လော။

ခု ၎င်းကို အသက်သွင်းလိုက်သည်နှင့် နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က ချက်ခြင်းပင် ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ပြန်စုပ်ယူခြင်းခံလိုက်ရ၏။တစ်စုံတစ်ယောက်က မန္တာန်တစ်ခုကို ရွတ်ဆိုနေသလို အသံတစ်ခုက ခပ်အုပ်အုပ်ထွက်ပေါ်လာသည်။ဝမ်လင်းခန္ဓာကိုယ်ပတ်လည်ရှိ နတ်ဆိုးမိစ္ဆာချပ်ဝတ်ပင် သက်ရောက်ခြင်း ခံလိုက်ရသလိုဖြစ်ကာ ၎င်းချပ်ဝတ်က အနက်ရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းသွားပြီး အထည်ဒြပ် ဖြစ်မနေတော့ပေ။ဝမ်လင်းက ၎င်းအခိုးငွေ့ကို သူ့သိုလှောင်အိတ်ထဲသို့ အမြန်ထည့်သိမ်းလိုက်ရသည်။သည့်နောက် သူက နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်၏။သည်တစ်ကြိမ်၌ သူက ရှေ့ပေတစ်ရာသို့ ရွှေလျားလိုက်ခြင်းပင်။

သို့ရာတွင် အဟအနက်ပိုင်းမှ ပေါက်ကွဲထွက်လာသော တတိယကြိမ်မြောက်နတ်ဘုရားအာရုံက ပို၍ပင် သိပ်သည်းနေခဲ့ပေသည်။၎င်းက မိုးခြိမ်းသံကဲ့သို့ မြည်ဟီးကာ လင်းထျန်ဟူ၏အသံပင် ပါဝင်နေသလား မှတ်ထင်ရပေသည်။

စိတ်ဝိညာဉ်အလံက ၎င်းနတ်ဘုရားအာရုံကို ခုခံရန် လုံလောက်သောစွမ်းအား မရှိပေ။နတ်ဆိုးချပ်ဝတ်သည်လည်း ပျောက်ကွယ်သွားခဲ့ချေပြီ။ ခုချိန်တွင် ဝမ်လင်း၌ တစ်ခုတည်းသော ကျန်သည့်အရာဆို၍ အသက်ဓာတ်ချိပ်တံဆိပ်တစ်သန်းသာ ရှိတော့သည်။တတိယမြောက် နတ်ဘုရားအာရံဒ ရောက်ရှိလာသည့်အခိုက်တွင် အသက်ဓာတ်ချိပ်တံဆိပ်တစ်သန်းသည် ရုတ်တရက် ဖောင်းပွလာ၏။သည့်နောက် ရုတ်တရက် ပေါက်ကွဲထွက်သွားမှုက လင်းထျန်ဟူ၏ နတ်ဘုရားအာရုံကို တားဆီးနိုင်လိုက်ပေသည်။သို့ရာတွင် ထိုအခိုက်အတန့်၌ အသက်ဓာတ်ချိပ်တံဆိပ်အားလုံးသည်လည်း မြန်ဆန်စွာ ပျက်စီးသွားရ၏။

ဝမ်လင်းမျက်နှာပေါ်ရှိ သွေးကြောများက ဖောင်းကြွလာကာ သူက မာန်သွင်း၍ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ထိုအခါ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားက ပျံသန်းထွက်လာကာ မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုသားရဲက ဟိန်းသံပြုကာ ဝမ်လင်းရှေ့သို့ ရောက်လာပြီး နတ်ဘုရားအာရုံနှင့် ထိတိုက်သွားသည်။မိုးကြိုးများ ဝန်းရံနေသော မိုးကြိုးသားရဲထံမ တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။

မိုးကြိုးသားရဲ၏ခန္ဓာကိုယ်မှ‌ မြောက်များစွာသောမိုးကြိုးများကို ထုတ်လွှတ်ကာ ၎င်းက လင်းထျန်ဟူ၏ နတ်ဘုရားအာရုံကို တွန်းထုတ်လေသည်။

သည်အခိုက်အတန့်ကို အသုံးချ၍ ဝမ်လင်း၏ အသက်ဓာတ်ချိပ်တံဆိပ်များက တစ်သန်းတိတိရောက်အောင် မြန်ဆန်စွာ ပြန်ကောင်းလာခဲ့သည်။သူ့မျက်လုံးကလည်း အေးစက်လာခဲ့သည်။တစ်ခါတစ်ရံ ခုခံခြင်းသပ်သပ်က အကောင်းဆုံးနည်းလမ်းတစ်ခု မဟုတ်ပေ။သူကသာ ရှေ့သို့ ဆက်တိုးလျှင် သူက တိုက်ခိုက်ရန် လိုအပ်ပေမည်။

ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးသည်။သူ့လက်ကလည်း မရဏလက်ချောင်းကို အသက်သွင်းထား၏။သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ဟုန်းကနဲ ထွက်ပေါ်လာကာ မရဏလက်ချောင်းများစွာက မိုးကြိုးသားရဲ ပိတ်ဆို့ထားနေ‌သော နတ်ဘုရားအာရုံထံသို့ တန်းမတ်စွာ ဝင်ရောက်လို့သွားသည်။

မရဏလက်ချောင်းမှ ဖန်တီးထားသော အနက်ရောင်အလင်းများက မြားများအလား ထိုးတက် တိုးဝင်ပြီး လင်းထျန်ဟူ၏ နတ်ဘုရားအာရုံပေါ်သို့ ကျရောက်သွားသည်။

ဝမ်လင်းက နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်ကာ ရှေ့သို့ လက်ညွှန်လိုက်၏။သည်တစ်ကြိမ်တွင် နတ်ဆိုးလက်ချောင်း ပေါ်ထွက်လာ၏။သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက မြင့်တက်လာပြန်သည်။ အရင်တုန်းက ကောင်းကင်ဘုံအရည်လေးစက်ကို သောက်သုံးထားသည့်အတွက်ကြောင့် သူက မည်သည့်ကောင်းကင်ဘုံကျောက်စိမ်းပြားများကို အသုံးမပြုလျှင်ပင် သူ့ကောင်းကင်ဘုံစိတ်ဝိညာည်စွမ်းအင်များသည် အဆုံးမရှိဟု ထင်မှတ်ရလေ၏။

သည်အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက နတ်ဆိုးမိစ္ဆာစွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားချေသည်။ ပြန့်ကျဲနတ်ဆိုးမိစ္ဆာကြောင့် သည်နတ်ဆိုးမိစ္ဆာစွမ်းအင်များက လွန်စွာ သန့်စင်နေပေသည်။သည်စွမ်းအင်က ဝမ်လင်းလက်ချောင်းမှတစ်ဆင့် ထိုးထွက်သွားချေသည်။

ဝမ်လင်းက လက်ချောင်းတိုက်ချက်တစ်ခုတည်းကို ထုတ်ဖော်လိုက်ခြင်းမဟုတ်ဘဲ ဆယ်ခုတိတိ ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။

သိပ်မကြာခင်တွင် ဝမ်လင်းက သူ့ညာလက်ကို မြှောက်လိုက်ရာ တစ္ဆေလောကမြစ်ပေါ်လာတော့သည်။သူက ခြေလှမ်းများကို ဆက်တိုက်လှမ်းလိုက်ရင်း သူ့မန္တန်များကလည်း ပေါ်ထွက်လာကာ လင်းထျန်ဟူ၏ နတ်ဘုရားအာရုံကို တရပ်စပ် တိုက်ခိုက်စေတော့သည်။

ဝမ်လင်းက ထိုစွမ်းအားသည် မလုံလောက်သေးဘူးဟု ခံစားမိနေ၏။သူ့မျက်လုံးများကလည်း အေးစက်လာခဲ့သည်။အသက်ဓာတ်ချိပ်တံဆိပ်တစ်သန်းက သတ်ဖြတ်ခြင်းစွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

လင်းထျန်ဟူ၏ ဓားစွမ်းအင်ကိုတော့ ဝမ်လင်းက လင်းထျန်ဟူ၏ နတ်ဘုရားအာရုံကို တိုက်ခိုက်ရာ၌ အသုံးမပြုပေ။

သည်အခိုက်အတန့်၌ ဒီလှိုင်းအသူတစ်ရာချောက်တစ်ခုလုံးသည် တုန်ယင်လာခဲ့၏။

ရုတ်တရက် မန္တာန်များအားလုံးသည် လင်းထျန်ဟူ၏ နတ်ဘုရားအာရုံကို ဝင်စောင့်သွားတော့၏။ တစ်ချိန်တည်းမှာပင် မိုးကြိုးသားရဲက မြေကြီးပင် ကွဲအက်သွားစေလောက်အောင် ဟိန်းသံပြုကာ မိုးကြိုးတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းအလင်းတန်းက ဝမ်လင်း၏မန္တာန်များနှင့်အတူ လင်းထျန်ဟူ၏ နတ်ဘုရားအာရုံထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ရေနတ်ဆိုးနိုင်ငံ၏ ဒီလှိုင်းအသူတစ်ရာချောက်သို့ ဝင်ပေါက်ထဲကနေ ခပ်အုပ်အုပ်အသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ပြင်းထန်သောတုန်ခါလှိုင်းများ ပျံ့နှံ့ဖြတ်ကျော်သွားသည့်အလား မြေပြင်သည်လည်း တုန်ခါလာခဲ့သည်။

သည်အခိုက်အတန့် ဒီလှိုင်းအသူတစ်ရာချောက် အနက်ပိုင်းသို့ ဆင်းသွားသည့် မုယုံကျိုးပင် သူ့အပေါ်ဘက်မှ ကြောက်မက်ဖွယ်တုန်ခါလှိုင်းများကို ခံစားမိလိုက်၏။သူ့ဘေးရှိ အမျိုးသမီးနှစ်ယောက်ကတော့ အပေါ်ကို ပြန်မော့ကြည့်လိုက်သည်။သူတို့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့နှင့် ပြည့်နှက်နေခဲ့သည်။

“တော်တော်ကြောက်ဖို့ကောင်းလွန်းတယ်…ဒါက ဝမ်လင်းကြောင့်များ ဖြစ်လာတာလား…”

ရှုဖေးက အသက်ဝဝရှူသွင်းလိုက်သည်။ဝမ်လင်း သူ့နတ်ဘုရားအာရုံကို ဖျက်စီးသွားသည့်အတွက် ဖြစ်ပေါ်နေသော ဒေါသပင် ပျောက်ကွယ်သွားခဲ့သည်။သူမက သူ့စိတ်ကိုယ်သူ ပြင်လိုက်၏။သူမက ဝမ်လင်းလိုလူမျိုးကို ရန်မစဝံ့တော့ပေ။

ဒီလှိုင်းအသူတစ်ရာချောက်၏ နံရံများကို ဖြတ်သန်း၍ ပြင်းထန်သော တုန်ခါလှိုင်းများက အောက်ခြေထိတိုင် ရောက်ရှိသွားသည်။ဒီလှိုင်းအသူတစ်ရာချောက်၏ အောက်ခြေသည် စင်္ကြံလမ်းများနှင် ပြည့်နှက်လို့နေ၏။ထို့ကြောင့် သည်တုန်ခါလှိုင်းအသံများ သည်အောက်ခြေနေရာသို့ ရောက်လာသည့်အခါ ယင်းအသံတို့က ထပ်ခါထပ်ခါ တုန်ရီပဲ့တင့်ထပ်သွားတော့သည်။

သည်ဒီလှိုင်းအသူတစ်ရာချောက်၏ အောက်ခြေရှိ စင်္ကြံလမ်းများသည် မည်သည့်နေရာသို့ ဦးတည်သွားမှန်း မသိရသေ အနက်ရောင်တွင်းပေါက်တစ်ခုကို ဗဟိုပြုကာ လေးထောင့်ပုံစံ ဖြစ်ပေါ်နေခြင်းပင်။

ထိုစင်္ကြံတစ်ခု၏ နံရံပေါ်တွင် ဓားကြီးတစ်လက်သည် တစ်ဝက်တိတိ ထိုးစိုက်လို့နေ၏။အသံတုန်ခါမှုက ထိုဓားပေါ်သို့ ကျရောက်လာသည့်အခိုက်တွင် အနည်းငယ် လျော့ကျသွားသည်။

ထိုအသံက စင်္ကြံကို ဖြတ်၍ အလွန်ဝေးသော နေရာထိ ပျံ့နှံ့သွားခဲ့သည်။ယခုအခိုက်အတန့်၌ ဒီလှိုင်းအသူတစ်ရာချောက်၏ တစ်ခုတည်းသော ထွက်ပေါက်တည်ရှိရာ မီးနတ်ဆိုးနိုင်ငံ၏ ထွက်ပေါက်၌ လောဘကြီးနှင့်တာ့လော့ဓားကလန်မှ တပည့်များသည် ပိတ်မိနေကြသည်။လောဘကြီးက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့၏။သူ့မျက်လုံးများက တောက်ပလို့နေသည်။

“လင်းထျန်ဟူရဲ့အော်ရာ…သူက စောစောရောက်လာတာများ ဖြစ်နိုင်လား…မဟုတ်သေးဘူး။ ဒီအော်ရာက လင်းထျန်ဟူပိုင်ဆိုင်ပေမဲ့ ဒါက အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်။ ဒါ့အပြင် သူ့အော်ရာနဲ့အတူ နောက်ထပ်အော်ရာတစ်ခုလည်း ရှိသေးတယ်။ ဒီတစ်ခြားအော်ရာကတော့ ငါနဲ့ ရင်းနှီးမနေဘူး။ဒါပေမဲ့ ဒီလိုချိန်မှာ ဒီအော်ရာ ပေါ်လာတာက တုန်ကင်ကြောင့်များလား…”

လောဘကြီးက သူ့ရှေ့ရှိ တာ့လော့ဓားကလန်မှ တပည့်များကို ကြည့်လိုက်၏။သည့်နောက် သူက မျက်လုံးပြန်မှိတ်လိုက်သည်။

အသံလှိုင်းတွန့်များက သည်နေရာသို့ ရောက်လာချိန်၌ အလွန့်အလွန်ဖျော့တော့နေခဲ့ပြီ ဖြစ်သည်။ထို့အတွက် လောဘကြီးကလွဲ၍ ကျန်သည့်သူများက လုံးဝ သတိမပြုမိလိုက်ကြပေ။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အပြင်ဘက်တွင်တော့ တာ့လော့ဓားကလန်၌ တာအိုဝတ်စုံနှင့်လင်းထျန်ဟူသည် ကျင့်ကြံနေလျက်ရှိသည်။ရုတ်တရက် သူက မျက်လုံးဖွင့်လာခဲ့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset