သူတို့ငါးယောက်က လျှိုအတွင်းထဲသို့ ဂရုတစိုက် ဆင်းသက်လာကြသည်။ဝမ်လင်းက အုပ်စုညာဘက်ခြမ်းတွင် ရှိနေ၏။သူက အောက်သို့ ဆင်းသက်နေရင်း လျှို၏နံရံများကို စူးစမ်း ကြည့်နေ၏။
ထိုနံရံများက အလွန်ချောမွတ်လို့နေ၏။ ထက်ရှသောလက်နက်တစ်ခုခုဖြင့် ဖြတ်တောက်ခြင်း ခံထားရသကဲ့သို့ ရှိနေခြင်းပင်။ဝမ်လင်းက သူ့ညာလက်ဖြင့် နံရံကို ထိကြည့်လိုက်သည့်အခါ သူက သူ့လက်ချောင်းများမှ တစ်ဆင့် သိပ်သည်းသော အေးစက်စက်ခံစားမှုတစ်ခု တိုးဝင်လာသည်ဟု ချက်ခြင်း ခံစားလိုက်ရသည်။
သူတို့ငါးယောက်က ဆက်လက်ဆင်းသက်လာရင်း ပတ်ဝန်းကျင်ကလည်း တစ်ဖြည်းဖြည်း နက်မှောင်လာခဲ့သည်။သို့ရာတွင် ထိုအမှောင်ထုက ကျင့်ကြံသူများအတွက်တော့ ပြဿနာမဟုတ်ပေ။သူတို့က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို မျက်လုံးအတွင်းသို သိပ်သည်းစေလိုက်သည်နှင့် အရာရာကို မြင်နိုင်စွမ်း ရှိပေသည်။
သူတို့ ပို၍ ဆင်းသက်လာလေလေ ပိုပိုများပြားသော အကိုင်းအခတ်အက်ကြောင်းများ ပေါ်လာတော့သည်။ထိုအက်ကြောင်းများက သစ်ပင်တစ်ပေါ်၏ အကိုင်းအခတ်များကဲ့သို့ လမ်းကြောင်းများ ကွဲထွက်လို့နေသည်။အကိုင်းအခတ်တစ်ခုချင်းစီက အနက်ရောင်လှိုဏ်ဂူတစ်ခုနှင့် ဆင်တူနေ၏။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ သိပ်သည်းထားသော သူတို့မျက်လုံးများဖြင့်ပင် အချို့လှိုဏ်ဂူများက မြင်ရရန် မှောင်မဲလွန်းနေ၏။
အကိုင်းအခတ်လမ်းကြောင်းများက တစ်ဖြည်းဖြည်း အရေအတွက် များလာ၏။ ဒူဂျန်က လေထဲ၌ ရုတ်တရက် ရပ်တန့်လိုက်၏။ မုယုံကျိုး၏ အသွင်ဟန်ပန်ကတော့ အေးစက်လို့နေဆဲသာ။သူက ဒူဂျန်ရပ်တန့်လိုက်သည်ကို တွေ့သည့်အခါ အနည်းငယ်မျက်မှောင် ကြုတ်သွား၏။သို့သော် မည်သည့်စကားမျှ မဆိုပေ။
ကျောက်ရီရွှမ်နှင့်ရှုဖေး တို့သည်လည်း ရပ်တန့်ကာ သူတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။
“အားလုံးပဲ…ငါက ဒီအက်ကွဲကြောင်းတွေထဲမှာ ရတနာအချို့ ရှိနေမယ်လို့ ယုံကြည်တယ်။ငါတို့ ပိုပြီးနက်နက် ဆင်းသွားလေလေ အက်ကွဲကြောင်းတွေကလည်း ပိုတွေလာမှာပဲ။ ငါတို့ ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်က ရတနာတွေ ရရှိဖို့ပဲ။ ဒါ့ကြောင့် ခုချိန်ကစပြီး ဒါက ငါတို့ရဲ့စွမ်းရည်ပေါ်မှာပဲ မူတည်တော့တယ်…”
ထိုသို့ပြောပြီးနောက် ဒူဂျန်က အက်ကွဲကြောင်းများထဲမှ တစ်ခုထဲသို့ ပျံသန်းဝင်ရောက်သွား၏။
မုယုံကျိုးက အနည်းငယ် ချီတုံ့ချတုံ ဖြစ်သွား၏။သည့်နောက်တော့ သူလည်း အက်ကွဲကြောင်းနောက်တစ်ခုထံသို့ ပျံသန်းသွားတော့သည်။
ကျောက်ရီရွှမ်က ပေါ့ပါးစွာ တခစ်ခစ် ရယ်လိုက်၏။ “စီနီယာအစ်ကိုဝမ်က ဘာကြောင့်များ ရှာဖွေ မကြည့်ရတာလဲ…။ကြည့်ရတာ အစ်ကိုက မမျှော်မှန်းနိုင်လောက်တဲ့ အကျိုးရလဒ်အချို့များ ရှိနေတာလား…”
ဝမ်လင်းက ခေါင်းယမ်းပြလိုက်သည်။ သူ့မျက်လုံးများကတော့ တည်ငြိမ်နေဆဲပင်။သူက သူ့ပတ်ဝန်းကျင်သို့ မကြည့်ဘဲ အောက်သို့ ဆက်၍ ဆင်းသွားလေ၏။
ဝမ်လင်းနောက်ကျောကို ကြည့်ကာ ကျောက်ရီရွှမ်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူမက လှည့်၍ ဘေးတစ်ဖက်ရှိ အက်ကွဲကြောင်းတစ်ခုကို တူးဖော်ကြည့်ရန် ပျံသန်းသွားသည်။အားနည်းဟန်ရသည့် ရှုဖေးကတော့ သူမနောက်ကနေ နီးကပ်စွာ လိုက်ပါသွားလေသည်။
ဝမ်လင်းက အောက်သို့ ဆက်ပျံသန်းလာရင်း အမျိုးသမီးနှစ်ယောက် ထွက်သွားသော နေရာသို့ လှည်ကြည့်ကာ တွေးမိလိုက်သည်။
“ငါက သူတို့နှစ်ယောက်နဲ့ ပတ်သတ်ပြီး တစ်ခုခုထူးဆန်းနေတယ်လို့ ဘာကြောင့် ခံစားမိနေတာလဲ…”
ထိုသို့တွေးနေရင်း ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အောက်သို့ ကြည့်လိုက်သည်။သည်လျှိုက မဆုံးနိုင်လောက်အောင် နက်ရှိုင်းလှသည်ဟု ထင်မှတ်ရ၏။ဝမ်လင်း၏ ၎င်း၏ အနက်ကို သေချာမသိပေ။သူတို့က အချိန်အတန်ကြာ ဆင်းသက်လာပြီး ခုမှ ရပ်တန့်လိုက်ခြင်း ဖြစ်သည်။သို့သော် သူတို့က ခုထိ အောက်ခြေသို့ မရောက်ရှိသေးပေ။
“ပေလောရဲ့ သလင်းကျောက်တောင်မှ ဒီချောက်ရဲ့ အောက်ခြေကို မြင်နိုင်စွမ်း မရှိဘူး။ ငါ သိတဲ့တစ်ခုတည်းသောအရာက ဒီနေရာက ဝင်ပေါက်ငါးခုကို ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပြီး ထွက်ပေါက်ကတော့ တစ်ခုတည်း ရှိတယ် ဆိုတာပဲ…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက အောက်သို့ ဆက်မဆင်းတော့ဘဲ အပေါ်သို့ ပြန်၍ ဆန်တက်လိုက်၏။ထိုအခါ သူက အပေါ်ဘက်မှ လေးလံသောဖိအားတစ်ခုကို ချက်ခြင်း ထောက်လှမ်းမိလိုက်သည်။
“ဒီတော့ ဒါက ဒီလိုပေါ့။ဒါ့ကြောင့် ဝင်ပေါက်က ထွက်ပေါက်အဖြစ် အသုံးပြုလို့မရတာပဲ။ ငါက ဝင်ပေါက်အတိုင်း အပေါ်ကို ပြန်ထွက်မယ်ဆိုရင် အပေါက်ကဖိအားက ပိုပိုပြီး အားကောင်းလာလိမ့်မယ်…”
ဤကဲ့သို့ တွေးမိပြီးနောက် ဝမ်လင်းက လေထဲ၌ ရပ်တန့်ကာ သူ့ပတ်လည်သို့ သေချာ ကြည့်ရှုလိုက်သည်။နံရံပေါ်၌ အက်ကွဲကြောင်းများစွာ ရှိနေ၏။သူက ယင်းအက်ကွဲကြောင်းများကို မြန်ဆန်စွာ စမ်းစစ်ကြည့်ပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
“မရေမတွက်နိုင်တဲ့နှစ်တွေမှာ ဒီ ဒီလှိုင်းအသူတစ်ရာချောက်ထဲကို လူအများကြီး ရောက်လာခဲ့ကြမှာပဲ။အရင်က ဒီအက်ကွဲကြောင်းတွေထဲမှာ ရတနာတွေ ရှိခဲ့တယ်ဆိုရင်တော့ ခုချိန်မှာ ဘာမှမရှိတော့မှာကို ငါ စိုးရိမ်မိတယ်…”
“နောက်ထပ် အောက်ဘက်ပေတစ်ထောင်က သလင်းကျောက်ထဲမှာ ငါရှာဖွေတွေ့ရှိခဲ့တဲ့ ဖြတ်သန်းဖို့ ခက်ခဲတဲ့ နေရာတွေထဲက တစ်ခုပဲ…”
ဝမ်လင်းက လေထဲ၌ ရပ်တန့်နေရင်း သူ့အသွင်က တည်ငြိမ်လို့နေ၏။သိပ်မကြာခင်တွင် မုယုံကျိုးက အပေါ်ကနေ ဆင်းသက်လာ၏။သူက ဝမ်လင်းကို ခေါင်းညိမ့်ပြကာ သူ့ဘေးတွင် လာရပ်သည်။ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ရုတ်တရက် ထမေးလိုက်၏။ “ရောင်းရင်းဝမ်…သင်က ဒီနေရာနဲ့ ရင်းနှီးနေတာလား…”
ဝမ်လင်းက မုယုံကျိုးကို ကြည့်ကာ ပြောလိုက်၏။ “ဒီအောက်ဘက် ပေတစ်ထောင်ရဲ့ အငူစွန်းတစ်ခုပေါ်မှာ ရှေးဟောင်းသစ်ပင်တစ်ပင် ပေါက်ရောက်နေတယ်။ဒီသစ်ပင်က တော်တော်လေး ထူးဆန်းလှတယ်။ဒါ့ကြောင့် ရောင်းရင်းမုယုံက သေချာဂရုစိုက်သင့်တယ်…”
မုယုံကျိုးက မှင်သက်သွားမိ၏။သူက ခေါင်းညိတ်ပြလိုက်ကာ စကားတော့ မဆိုပေ။
နောက်ထပ် အချိန်အချို့ ကုန်ဆုံးသွားပြီးနောက် ကျောက်ရီရွှမ်နှင့် ရှုဖေးတို့က ဒူဂျန်ကို ကျော်ကာ သူတို့နှင့် နီးကပ်လာကြသည်။
သူတို့ငါးယောက်လုံးက ပြန်စုစည်းမိသွားကြ၏။သူတို့ငါးယောက်လုံးက မည်သည့်အကျိုးမြတ်မှ မရရှိသေးသည်မှ သိသာပေသည်။သူတို့က ဆက်လက် ဆင်းသက်လာကြ၏။ဝမ်လင်းက အရှိန်အနည်းငယ် လျှော့ချလိုက်ကာ လူအုပ်၏ နောက်တွင် ချန်နေလိုက်သည်။အနည်းငယ်စဉ်းစားပြီးနောက် မုယုံကျိုးကလည်း သူ့လိုပင် ပြုမူလိုက်သည်။
ခုချိန်၌ ဒူဂျန်က ရှေ့ဆုံး၌ ရောက်နေပေသည်။
သူတို့ငါးယောက်အတွက် ပေတစ်ထောင်အကွာက ခဏသာ ကြာမြင့်ပေ၏။ဝမ်လင်းမျက်လုံးက သူ့ညာဘက်ခြမ်းသို့သာ မလွတ်တမ်းကြည့်နေရင်း တောက်ပနေ၏။သလင်းကျောက်မှတစ်ဆင့် သူက သည်နေရာတွင် ရှေးဟောင်းအပင်တစ်ပင် ပေါက်လို့နေသည်ကို ရှာတွေ့ခဲ့ပြီး ဖြစ်၏။ထိုသစ်ပင်က အလွန်သာမန်ဆန်ကာ ကြီးမားလှခြင်းလည်း မရှိပေ။သို့ရာတွင် ဝမ်လင်းက ၎င်းသစ်ပင်ကို သလင်းကျောက်ထဲမှ တစ်ဆင့် ပထမဆုံး မြင်လိုက်ရချိန်၌ သူက သေရေးရှင်ရေးတစ်ခုလို ခံစားမိလိုက်ရသည်။
ခုချိန်၌ သူက ထိုသစ်ပင်နေရာနှင့် ပို၍ နီးကပ်လာသည့်အခါ သူ့မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းလို့သွား၏။သူက ညာဘက်ခြမ်းရှိ အငူစွန်းတစ်ခုပေါ်၌ လူတစ်ရပ်စာလောက် ရှိသည့် ခြောက်သွေ့နေသောသစ်ပင်တစ်ပင်ကို တွေ့မြင်လိုက်ရသည်။ထိုသစ်ပင်၏ ထူထဲသော အမြစ်များက နေရာအနှံ့သို့ ပျံ့နှံ့လို့နေသည်။အမြစ်တစ်ဝက်က လေထဲ၌ တွဲလွဲဖြစ်နေကာ ကျန်အမြစ်များကတော့ အငူစွန်းထဲသို့ ထိုးစိုက်နစ်မြုပ်လို့နေသည်။
သည်သစ်ပင်၏ အနေအထားက ကတ်သီးကတ်သပ်ဖြစ်နေကာ နံရံပေါ်၌ အဟ တစ်ခု ရှိနေ၏။အမြစ်များက အောက်သို ခိုတွဲကျနေခြင်းသည် ထိုအဟ ကို ကန့်လန့်ကာ တစ်ခုလို ဖုံးထားပေးသည့်ပုံစံ ဖြစ်လိုနေသည်။သည်အပင်က သည်နေရာတွင် တစ်ပင်တည်းရှိနေသော ရှေးဟောင်းသစ်ပင် မဟုတ်ပေ။သည်အောက်ဘက်တွင် ဝမ်လင်းက အခုလိုအပင်မျိုး ခုနစ်ပင်၊ရှစ်ပင်လောက်ကို မြင်တွေ့ခဲ့ဖူးသည်။သို့သော် သည်သစ်ပင်ကသာ သူ့ကို သေရေးရှင်ရေးလို့ ခံစားမိစေခြင်း ဖြစ်သည်။
ထိုအပင်၏ အဟကြားထဲ၌ ရတနာတစ်ခု ရှိနေသည့်အလား ခရမ်းရောင်သလင်းကျောက်တစ်ခုလိုမျိုး အရိပ်အမြွက်တောက်ပနေ၏။
ထိုအလင်းက ရိုးစင်းဟန် ရသော်လည်း ထက်ရှသောအော်ရာတစ်ခုကို ပေးစွမ်းလို့နေသည်။တစ်ချက်ကြည့်ရုံဖြင့်ပင် ၎င်းက သာမန်အရာဝတ္ထုတစ်ခု မဟုတ်ကြောင်း သိသာနေစေ၏။နတ်ဘုရားအာရုံကို အသုံးပြုစရာမလိုဘဲ မျက်လုံဖြင့် သည်ခရမ်းရောင်အလင်းကို ကြည့်လျှင်ပင် အငူစွန်းထဲသို့ ဓားတစ်လက် ထိုးစိုက်ထားသည်ကို တွေ့ရပေမည်။
ဒူဂျန်က သည်ခရမ်းရောင်အလင်းကို တွေ့မြင်လိုက်သည်နှင့် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ချက်ခြင်းပင် လေထဲ၌ ရပ်တန့်လိုက်သည်။သူက ထိုဓားကို သေချာကြည့်ကာ အာမေဋိတ်ဖြစ်ဟန်ဖြင့် ပြောလိုက်၏။ “ကောင်းကင်ဘုံကံကြမ္မာဓား…”
သူက ထိုသို့ပြောလိုက်ပြီးသည့်နောက် အမျိုးသမီးနှစ်ယောက်ဖြစ်သူ ကျောက်ရီရွှမ်နှင့် ရှုဖေးတို့ပင် မှင်သက်သွားကြကာ ထိုအဟ ထံသို့ ကြည့်လိုက်ကြ၏။
ဝမ်လင်းက သည်အရာများအားလုံးကို သေချာစောင့်ကြည့်နေ၏။သူက အားနည်းဟန်ရသည့် ရှုဖေး ဆိုသည့် အမျိုးသမီးက ထိုအဟ ကြားသို့ ကြည့်မနေဘဲ ရှေးဟောင်းသစ်ပင်ထံသို့သာ ကြည့်နေသည်ကို ချက်ခြင်း သတိပြုမိလိုက်၏။သူမျက်လုံးထဲ၌ သတိမပြုမိနိုင်လောက်သော အေးစက်မှုတစ်ခု ရိပ်ခနဲ ဖြစ်ပေါ်သွားသည်။
ဒူဂျန်က အသက်ဝဝရှူသွင်းကာ ထိုအဟကြားထဲရှိ ဓားကို ကြည့်၍ အလေးအနက်လေသံဖြင့် ပြောလိုက်သည်။ “ငါက ဒီဓားကို သိတယ်။ ဒါက ငါ့ဆရာ ရှေ့ဖြစ်ဟောသူ ပိုင်ဆိုင်ခဲ့တာပဲ။ဆရာက ဒီလိုဓားမျိုး ခုနစ်လက်တိတိ ထုတ်ပြီး အစစ်အမှန်တပည့်ခုနစ်ယောက်လုံးကို ရတနာအဖြစ် ပေးအပ်ခဲ့တယ်။ ဒါပေမဲ့လည်း မရေမတွက်နိုင်တဲ့ နှစ်တွေ ကြာပြီးတဲ့နောက်မှာ ဓားသုံးလက်က သူတို့ရဲ့ ပိုင်ရှင်တွေနဲ့အတူ ပျောက်ကွယ်သွားခဲ့ကြတယ်…”
သည့်နောက် သူက ဝမ်လင်းထံသို့ ကြည့်လိုက်၏။သူ့မျက်နှာပေါ်၌ တုံ့ဆိုင်းမှုအချို့ ဖြစ်ပေါ်သွားပြီးနောက် သူက ပြောလာသည်။ “ဂျူနီယာညီလေးဝမ်…မင်း စွန်ယွမ်ကို ကြားဖူးတယ်မလား…”
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပဲ ရှိနေကာ သူက ခေါင်းညိတ်ပြလိုက်၏။
ဒူဂျန်က သက်ပြင်းချ၍ ဆိုလာ၏။ “စွန်ယွမ်က သူ့ဂုဏ်ရှိထွန်းတောက်တဲ့ အချိန်တုန်းက ငါက သာမန်တပည့်တစ်ယောက်အဖြစ်ပဲ ရှိသေးတယ်။ ဆရာက ငါ့ကို အနီရောင်အုပ်စုခွဲရဲ့ တပည့်အဖြစ် လက်မခံခဲ့သေးဘူး။ဒါပေမဲ့လည်း ငါက ဒီဓားကို ကောင်းကောင်း မှတ်မိနေတယ်။ဒီဓားက စွန်ယွမ် ခရမ်းရောင်အုပ်စုခွဲရဲ့ အစစ်အမှန်တပည့်ဖြစ်လာတဲ့ အချိန်မှာ ဆရာ သူ့ကို ပေးခဲ့တဲ့ ခရမ်းရောင်အုပ်စုခွဲဓား ဖြစ်ခဲ့တယ်…”
ဝမ်လင်း အကြည့်က အဟ ကြားထဲမှ ဓားထံသို့ ကျရောက်သွား၏။သူက စကားတော့ မဆိုချေ။
ဒူဂျန်၏ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ရိပ်ခနဲ ဖြတ်သန်းသွားသည်။သည့်နောက် သူက မုယုံကျိုးနှင့် အမျိုးသမီးနှစ်ယောက်ထံသို့ ကြည့်ကာ လက်နှစ်ဖက်ယှက်၍ ပြောလိုက်၏။ “အစ်ကိုမုယုံ…ဂျူနီယာညီမလေး ကျောက်နဲ့ ရှုတို့…ဒီဓားက ငါ့တို့ ကောင်းကင်ကံကြမ္မာကလန်က ပိုင်ဆိုင်တာပါ။ဒါက ငါတို့ကလန်ရဲ့ ခရမ်းရောင်အုပ်စုရဲ့ ဓားဖြစ်တယ်…ဒါ့ကြောင့် သင်တို့က ငါ့မျက်နှာကိုထောက်ပြီး ဒီဓားကို ငါ့ဂျူနီယာညီလေးဝမ်ကို ပေးနိုင်မလား။သူက ငါတို့ ကောင်းကင်ကံကြမ္မာကလန် ခရမ်းရောင်အုပ်စုခွဲရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့အတွက် ဒီဓားသာရရင် သူ့အဆင့်အတန်းက ခရမ်းရောင်အုပ်စုခွဲမှာ အခုနဲ့ ခြားနားသွားလိမ့်မယ်…”
မုယုံကျိုး၏ မျက်လုံးထဲ၌ အေးစက်မှုတို့ ရှိနေသေးသော်လည်း ထူးဆန်းသောအလင်းတစ်ခု ရိပ်ခနဲ ဖြတ်သန်းသွားသည်။သူက တိုတိုပြတ်ပြတ်သာ စကားဆိုလိုက်၏။ “ပြဿနာမရှိဘူး…”
အမျိုးသမီးနှစ်ယောက်ကတော့ မည့်သို့မျှ တားဆီးလိမ့်မည် မဟုတ်ပေ။ဒူဂျန်က ဝမ်လင်းကို ကြည့်လိုက်၏။သူ့မျက်လုံးထဲ၌ ကြင်နာသည့်ဟန်တို့ ဖြစ်ပေါ်နေသည်။ “ဂျူနီယာညီလေးဝမ်…ငါ့ကျင့်ကြံမှုအဆင့်က မင်းထက်နိမ့်ပေမဲ့ ငါက မင်းထက်အရင် ကလန်ကို ရောက်ခဲ့တာ ဖြစ်တာကြောင့် မင်းကို ဂျူနီယာညီလေးလို့ ခေါ်တာ အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်…”
“ဒီဓားက မင်းတို့ခရမ်းရောင်အုပ်စုခွဲက ပိုင်တာ။ဒါ့ကြောင့် စီနီယာကိုက မင်းရှိက ဒါကို လုယူမှာ မဟုတ်ဘူး။အခြားလူတွေကိုလည်း လုယူခွင့် မပေးနိုင်ဘူး။မင်းက ဒီဓားနဲ့ အရင်တုန်းက စွန်ယွမ် လုပ်ခဲ့သလို တောက်ပနိုင်ဖို့ ငါမျှော်လင့်မိပါတယ်…”
ဝမ်လင်းက ဒူဂျန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ဒူဂျန်၏ အသွင်က ပုံမှန်မဟုတ်တာ တစ်ခုမှ ရှိမနေခဲ့ပေ။သူ့မျက်နှာပေါ်၌ နူးညံသောအပြုံးတစ်ခုသာ ရှိလို့နေ၏။
“ဒါဆိုလည်း ကျေးဇူးတင်ပါတယ်…စီနီယာအစ်ကိုဒူ…” ဝမ်လင်းက ရုတ်တရက် ပြုံးလိုက်၏။ သူက ဒူဂျန်ကို ကလေးတစ်ယောက်က လှည့်ကွက်သုံးရန် ကြိုးစားနေသည်ကို သိနေသော အကြည့်မျိုးဖြင့် ကြည့်လိုက်၏။ သည်လူက သူ့ကို သုံးနှစ်သားကလေးတစ်ယောက်လို တကယ် ထင်နေပေသည်။
ဒူဂျန်က ဝမ်လင်း အပြုံးကို တွေ့မြင်လိုက်သည့်အခါ ရုတ်တရက် တစ်ခုခုဆိုးဆိုးရွားရွား ဖြစ်လာတော့မည်ဟု ခံစားမိလိုက်၏။သူက ဝမ်လင်းကို အမှန်တကယ်ပင် လျော့တွက်နေခြင်းသာ။ သူ့စိတ်ထဲ၌ တစ်ဝက်တိတိပျက်စီးနေသည့် ဂြိုဟ်တစ်ခုမှ လာသော တောသားတစ်ယောက်က အံ့မခန်းကံကောင်းမှုတစ်ခုကိုသာ မကြုံခဲ့ရဘူးဆိုရင် မည်သို့ ရှေ့ဖြစ်ဟောသူ၏ တပည့်တစ်ယောက် ဖြစ်လာနိုင်ပါ့မည်နည်းဟု တွေးနေမိပေသည်။
သူက သည်နေရာသို့ အရင်က တစ်ယောက်တည်း ရောက်လာခဲ့ဖူး၏။သို့သော် သူက ကိုယ်တိုင် လျှိုအောက်သို့ ဆင်းမကြည့်ပေ။ထိုအစား သူက ရုပ်သေးတစ်ခုကို သူ့နတ်ဘုရားအာရုံ အနည်းငယ်ဖြင့် ထိန်းချုပ်ပြီး သည်အောက်သို့ စေလွှတ်ခဲ့ပေသည်။ထိုရုပ်သေးက သည်ရှေးဟောင်းသစ်ပင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။သည်မြင်ကွင်းက သူ့ကို တော်တော်လေး တုန်လှုပ်သွားစေကာ အချိန်အတန်ကြာသည့်အချိန်ထိ သည်တိမ်ပင်လယ်သို့ မလာဝံ့အောင် ဖြစ်စေခဲ့သည်။
သူက မုယုံကျိုးနှင့် အခြားနှစ်ယောက်ကို ရှာတွေ့ခဲ့ပြီးမှ နောက်ဆုံး ယနေ့ သည်နေရာသို့ လာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
သူက သည်ဝမ်လင်းသည် သူ့အစီအစဉ်ကို ဖြတ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု ယုံကြည်မှု ရှိနေသည်။တကယ်တော့ သည်ရှေးဟောင်းသစ်ပင်က သာမန်ဆန်လွန်းကာ မည်သည့် တိုက်ခိုက်မှုစွမ်းရည်မှ မရှိသည့်အလားပင်။
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ လခြမ်းကွေးဓားသွားကို ထုတ်ယူ၍ ပစ်လွှတ်လိုက်သည်။ထိုဓားသွားက ဖျပ်ခနဲ့ပင် အဟ ထဲသို့ ပျံသန်းသွား၏။လခြမ်းကွေးဓာသွားက မြန်ဆန်လွန်းလှ၏။ ၎င်းက ချက်ခြင်းပင် ဓားကို ကောက်ယူ၍ ဝမ်လင်းထံသို့ ပြန်လည် ပျံသန်းလာခဲ့သည်။
သည်အရာများအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ မြန်လွန်းသဖြင့် ခြောက်သွေ့နေသောရှေးဟောင်းသစ်ပင်ကပင် မည်သို့ဖြစ်ပျက်သွားမှန်း သတိမထားမိလိုက်ပေ။လခြမ်းကွေးဓားသွားက ဝမ်လင်းထံသို့ ပျံသန်းလာပြီးနောက် ခရမ်းရောင်ဓားက သူ့လက်ထဲတွင် ရောက်ရှိလို့နေသည်။
သူ့လက်ထဲကို ဓားကို ကြည့်ကာ ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။သူက တစ်ချက် ညှစ်ချေလိုက်ရာ ထိုဓားက အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။ခရမ်းရောင်အလင်းပင် လုံးဝ ပျောက်ကွယ်လို့သွားတော့သည်။
ဒါက ကောင်းကင်ဘုံကံကြမ္မာဓား မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။သည်ဓားက ရိုးရိုးသံဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ ထောင်ချောက်ဆင်ထားခြင်း သပ်သပ်သာ ဖြစ်လေ၏။
ဝမ်လင်းက ဒူဂျန်ထံသို့ ကြည့်လိုက်၏။ သူ့အကြည့်က တည်ငြိမ်နေဆဲပင်။
ဒူဂျန်အသွင်က ရုပ်စိုးသွားကာ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ တောင်းပန်လိုက်သည်။ “ဂျူနီယာညီလေးဝမ်…ငါက ဒီဓားကို မှားယွင်းပြီး အကဲဖြတ်မိပါတယ်…”
ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုတို့ ဖျပ်ခနဲ ဖြစ်သွား၏။သူက အခြားလူများကို ရန်စခဲပေသည်။သို့သော် တစ်စုံတစ်ယောက်က သူ့ကို ရန်လာစလျှင်လည်း သူက ရက်စက်တက်ပေ၏။သည်အရာက ကျင့်ကြံခြင်းလောက၏ ရက်စက်မှုပင် ဖြစ်၏။တစ်စုံတစ်ယောက်က အားနည်းလျှင် သေရမည်သာ။
ခြေတစ်လှမ်း ရှေ့သို့ လှမ်းလိုက်ပြီးနောက် ဝမ်င်းက သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ အဖြူရောင်လေပြင်းတစ်ခုက ဒူဂျန်ထံသို့ တိုးဝင်သွားသည်။ ဒူဂျန်၏ အသွင်က ကြီးစွာ ပြောင်းလဲသွား၏။ သူက နောက်သို့ မြန်ဆန်စွာ ဆုတ်၍ အော်ပြောလိုက်သည်။ “ဒါက ဘာအဓိပ္ပာယ်လဲ ဝမ်လင်း…”
သို့ရာတွင် သည်နေရာက ကျဉ်းမြောင်းလှသည့်အတွက် သူ့ကျင့်ကြံမှုအဆင့်ဖြင့် သည်လေပြင်းကို ရှောင်ဖို့ ခက်ခဲလွန်းလှ၏။သူက တည်နေရာရွှေ့ပြောင်းလျှင်ပင် ဝမ်လင်း၏မန္တာန်ကို ရှောင်နိုင်လိမ့်မည် မဟုတ်။သည်မန္တာန်က ဝမ်လင်း၏ တာအိုနှင့် ပေါင်းစပ်ထားသည် မဟုတ်လား။၎င်းက ရှေ့ဖြစ်ဟောသူ၏ အသက်ကယ်ရတနာ ပိုင်ဆိုင်ထားသော ဒူဂျန်ကို သတ်ပစ်ရန်တော့ မလုံလောက်ပေ။သို့သော် သည်လေပြင်းက ဒူဂျန်ကို ရှေးဟောင်းသစ်ပင်ဘေးနားသို့ ရောက်ရှိသွားစေ၏။
ချက်ခြင်းလိုလိုပင် ထိုသစ်ပင်ထံမှ စူးရှရှအသံတစ်ခု ထွက်ပေါ်လာ၏။သည့်နောက် ရှေးဟောင်းသစ်ပင်က ပြိုကျကာ ထူထဲသော တိမ်ထုအသွင်ဖြင့် လက်ချောင်းအရွယ်လောက် ရှိသည့် မရေမတွက်နိုင်သော အင်းဆက်များအဖြစ်သို့ ပြောင်းလဲသွားတော့၏။
သည်အရာက မည်သို့ ရှေးဟောင်းသစ်ပင် ဖြစ်နိုင်ပါ့မည်နည်း။သည်သစ်ပင်က မရေမတွက်နိုင်သောအင်းဆက်များ စုပေါင်း၍ ဖြစ်တည်နေသော ပုံရိပ်ယောင်တစ်ခုမှန်း ရှင်းလင်းနေပေသည်။
***