ထိုလေးယောက်ထဲမှ အမျိုးသမီးတစ်ယောက်သည် သူမဆံပင်ကို ချီနှောင်ထားကာ နားနှစ်ဖက်နား၌ ဆံမြိတ်ချထား၏။သူမက လခြမ်းကွေးသဏ္ဌာန် မျက်ခုံးကို ပိုင်ဆိုင်ထားပြီး သူမ၏ ပုလဲကဲ့သို့ မျက်လုံးလေးများကို ပနံ့တင့်စေသည်။သူမ၏ အလှက နေကြာပန်းလေးတစ်ပွင့်ကဲ့သို့ပင်။ သူမက ပြိုင်ဘက်ကင်းအောင် မလှပသော်လည်း တော်တော်လေးလှပသည်ဟု ဆိုနိုင်ပေ၏။သူမက အသက်နှစ်ဆယ်လောက်သာ ရှိသည့်ပုံပေါ်သော်လည်း သူမမျက်လုံးထဲရှိ ဉာဏ်ပညာအရိပ်အမြွက်ကြောင့် ရှိရင်းစွဲအသက်ထက် ရင့်ကျက်နေသည့်ပုံ ပေါ်နေပေ၏။
ထို အမျိုးသမီးက ခပ်ပွပွအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ ကောက်ကြောင်းနှင့် စွဲဆောင်မှုတို့ကတော့ ပေါ်လွင်နေဆဲသာ။
ထိုအမျိုးသမီးနှင့် နှိုင်းယှဉ်ပါက အခြားအမျိုးသမီးတစ်ယောက်သည် အနည်းငယ် သာမန်ဆန်နေပေ၏။ သူမက သူ့ဆံနွယ်ရှည်များကို ပုခုံးထက်၌ ချထားကာ သွယ်လျသော ခန္ဓာကိုယ်ရှိ၏။သူမက လေတိုက်လျှင့် လွင့်ပါသွားမည့်ပုံပင်။သူမက အပြာရောင်ဝတ်စုံကို ဝင်ဆင်ထားခြင်းကြောင့် သူမမျက်နှာကို ပို၍ ဖြူရောနေစေ၏။တောက်ပသော အမျိုးသမီးနှင့် နှိုင်းယှဉ်ပါက သူမက ပို၍ နုနယ်သည့်ပုံပေါ်နေပေသည်။
ထိုအမျိုးသမီးနှစ်ယောက်၏ ဘေး၌ အနီရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ရှိနေ၏။သူက နူးညံစွာ ပြောလာသည်။ “ငါ့ ဂျူနီယာညီမနှစ်ယောက်…ဒီနေရာက ရေနတ်ဆိုးနိုင်ငံရဲ့ တိမ်ပင်လယ်တောင်တန်းတွေ ဖြစ်တယ်။ အတိတ်တုန်းက ငါက ဒီနေရာက မတော်တဆ တွေ့ရှိခဲ့တာ။ မင်းတို့ရဲ့ စီနီယာအကိုက ကောင်းကင်ဘုံနယ်မြေကို မသွားရောက်ခဲ့ရပေမဲ့ ငါ ယုံကြည်ပါတယ်…ဒီတိမ်ကောင်းကင်ပင်လယ်က ကောင်းကင်ဘုံနယ်မြေထက်တောင် သာလိမ့်ဦးမယ်…။အကို မုယုံ… အကိုကော ဘယ်လို ထင်လဲ…”
ထိုလူငယ်က တော်တော်လေး ချောမောသူ တစ်ယောက်ပင်။သူ့တွင် ဂုဏ်မောက်သည့်အငွေ့အသက်အချို့လည်း ရှိလို့နေ၏။
နောက်ထပ် အနက်ရောင်ဝတ်စုံနှင့် ယောက်ျားသားတစ်ယောက်ကတော့ အေးစက်စွာ ပြောလိုက်၏။ “ကျေနပ်ဖွယ်ရာပါပဲ…” သူက ထိုသို့ ပြန်ဖြေပြီးနောက် စကားဆက် မဆိုတော့ပေ။
အနီရောင်ဝတ်စုံနှင့်လူငယ်က ပြုံးလိုက်၏။
“စီနီယာအကို ဒူက ဒီတိမ်ပင်လယ်မှာ လာနေထိုင်မှာ မဟုတ်တာတော့ ငါ ယုံကြည်ပါတယ်…”
ရင်သပ်ဖွယ်ရှူမောဖွယ်ကောင်းသော အမျိုးသမီးက သူမနှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြုံး၍ ဆိုလာ၏။
အနီရောင်ဝတ်စုံနှင့်လူငယ်က ပြုံးလိုက်၏။ “ငါ မင်းကို မလိမ်ပါဘူး ဂျူနီယာညီမလေး ကျောက်။ငါက ဒီတိမ်ပင်လယ်ရဲ့ မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒါက ကောလဟာလဆိုနေကြတဲ့ ဒီလှိုင်းအသူတစ်ရာချောက်ရဲ့ ဝင်ပေါက် ဖြစ်နေမှာကို စိုးမိပါတယ်…”
ကျောက်လို့ခေါ်သော အမျိုးသမီး၏ မျက်လုံးထဲ၌ တမ်းတမှု လိုအင်ဆန္ဒတို့နှင့် ပြည့်နေ၏။သူမက စကားဆက်၍ ဆိုဟန် ပြင်လိုက်စဉ်မှာပင် အနက်ရောင်ဝတ်စုံနှင့်လူငယ်က မျက်လုံးဖွင့်လာကာ အကွာအဝေးတစ်ခုသို့ ကြည့်လိုက်၏။
ထိုလူငယ်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပြောလာသည်။ “တော်တော်စွမ်းအားကောင်းလွန်းတယ်…”
မိုးကုပ်စက်ဝိုင်းစွန်းမှ အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် အသွင်သို့ ပြောင်းလဲသွား၏။သည်လူ၏ အသွင်ဟန်ပန်က သာမန်သာ ဖြစ်ကာ ဘာမှ ထူးထူးခြားခြား ရှိမနေချေ။သူက လေထဲ၌ မြောလွင့်နေရင်း သူ့အောက်ရှိ လူလေးယောက်ကို ကြည့်ပင် မကြည့်ချေ။သူက တိမ်ထုများထံသို့သာ အေးစက်စွာ ကြည့်နေရင်း ခြေတစ်လှမ်း လှမ်းလိုက်၏။
“ဒါက သူပဲ…” အနီရောင်ဝတ်စုံနှင့်လူက ထိုလူ့ကို မြင်လိုက်သည့်အခါ တုန်လှုပ်လို့သွား၏။သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ဖြစ်ပေါ်သွားသည်။သူက ထိုလူ၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအစောပိုင်းအဆင့်သို့ ရောက်ရှိနေသည်ကို သတိပြုမိခဲ့ပေသည်။သည့်နောက် သူက ပြုံး၍ လှမ်းပြောလိုက်သည်။ “ဂျူနီယာညီလေးဝမ်…ကျေးဇူးပြု၍ စောင့်ပါဦး…”
ရောက်ရှိလာသည့် ထိုအဖြူရောင်ဝတ်စုံနှင့်လူငယ်သည် ဝမ်လင်းပင်။သူက ရပ်တန့်ကာ ထိုလေးယောက်ထံသို့ လှည့်ကြည့်လိုက်၏။ သူက အမျိုးသမီးနှစ်ယောက်နှင့် အနီရောင်ဝတ်စုံလူငယ်တို့ကို ကြည့်လိုက်ခြင်း မဟုတ်ဘဲ အနက်ရောင်ဝတ်စုံနှင့်လူထံသို့သာ ကြည့်လိုက်ခြင်းပင်။
“သူက ငါ့ကို ကီလိုမီတာငါးရာအတွင်းမှာ ထောက်လှမ်းနိုင်စွမ်း ရှိတဲ့အတွက် သူ့ကျင့်ကြံမှုအဆင့်က အားနည်းမှာ မဟုတ်ဘူးလို့ ဆိုလိုနေတယ်။ကြည့်ရတာ သူက အာဏာတက်ခြင်းအစောပိုင်းအဆင့်ကို ရောက်နေလောက်ပြီ…”
ဝမ်လင်းက သူတို့တစ်ယောက်ချင်းစီကို တည်ငြိမ်စွာ ကြည့်၍ အနီရောင်ဝတ်စုံနှင့်လူငယ် ဘေးသို့ ဆင်းသက်လိုက်သည်။သူက ထိုလူငယ်နှင့် ရင်းနှီးပြီးသားဖြစ်သည်။သူက ကောင်းကင်ကံကြမ္မာကလန် အနီရောင်အုပ်စုခွဲ၏ တပည့်တစ်ယောက်ပင် ဖြစ်သည်။
သူတို့လေးယောက်၌ အနက်ရောင်ဝတ်စုံနှင့်လူကလွဲ၍ ကျန်သည့်သုံးယောက်သည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေကြ၏။သို့ရာတွင် အနီရောင်ဝတ်စုံနှင့်လူငယ်ကတော့ အာဏာတက်ခြင်းအဆင့်သို့ ခြေတစ်ဝက် ဝင်ရောက်နေပြီမှာ သိသာပေ၏။သူက အချိန်မရွေး အာဏာတက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်နေပြီ ဖြစ်သည်။သူက အာဏာတက်ခြင်းအဆင့်၏ သေခြင်းရှင်ခြင်းကံကြမ္မာ စမ်းသပ်ချက်ကို ကြောက်ရွှံ့နေ၍သာ အဆင့်မတက်သေးခြင်း ဖြစ်ပုံရ၏။
အနီရောင်ဝတ်စုံနှင့်လူငယ်က ပြောလိုက်၏။ “ဂျူနီယာညီ…ငါ့နာမည်က ဒူဂျန်ပါ…”
အနည်းငယ်စဉ်းစားပြီးသည့်နောက် သူက ဝမ်လင်းသည် သူ့နာမည်ကို မသိကြောင်း သဘောပေါက်သွား၏။
ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်၏။ “နှုတ်ဆက်ပါတယ် စီနီယာအကို ဒူ…”
ဒူဂျန်က ပြုံး၍ အနက်ရောင်ဝတ်စုံနှင့်လူထံသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အကိုဝမ်…ဒါက မင် ကလန်က မုယုံကျောက်ပါ။သူတို့နှစ်ယောက်ကတော့ လွင့်မြောတိမ်ကလန်က ကျင့်ကြံသူရောင်းရင်းတွေ ဖြစ်ပါတယ်…”
မုယုံကျောက်က ဝမ်လင်းကို သေချာကြည့်ရှူလိုက်ပြီးနောက် လက်သီးနှစ်ဖက်စုပ်ဟန်ပြုကာ ပြောလိုက်၏။ “ရောင်းရင်းဝမ်…ငါက မင်ကလန်ရဲ့ လေးဆက်မြောက်မျိုးဆက် တပည့် မုယုံကျောက်ပါ…”
မုယုံကျောက်က စကားဆိုလိုက်ပြီးသည့်နောက် ဒူဂျန်နှင့် အမျိုးသမီးနှစ်ယောက်တို့သည် တုန်လှုပ်မိသွားကြသည်။သူတို့သုံးယောက်လုံးက မုယုံကျောက် စကားငါးခွန်းထက် ပိုပြောသည်ကို မြင်တွေ့ခဲ့ဖူးကြခြင်း မရှိပေ။ထို့ကြောင့် ယခု သူက ထိုသို့ စကားများ ဆိုလာသည့်အခါ သူတို့က တုန်လှုပ်မိသွားကြခြင်း ဖြစ်၏။
သူတို့က အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူနှင့် တွေ့သည့်အချိန်တုန်းကပင် သည်မုယုံကျောက်က ခုလောက်စကားအများကြီး မဆိုခဲ့ပေ။
ခု သူက သူ့ကိုယ်သူပင် စကားများ ပြော၍ မိတ်ဆက်လာခဲ့၏။သူတို့သုံးယောက်လုံးက နှစ်ပေါင်းများစွာ ကျင့်ကြံလာသူများ ဖြစ်သဖြင့် ငဒူများ မဟုတ်ကြပါ။ထို့ကြောင့် သည်ရိုးစင်းသော မိတ်ဆက်စကားကပင် မုယုံကျောက်၏ လေးစားမှုကို ဖော်ပြနေခြင်း ဖြစ်ကြောင်း သိရှိလိုက်ကြပေ၏။
လှပသေအမျိုးသမီးကျောက်က ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ဆိုလာ၏။ “စီနီယာအကိုဝမ်..ဒီညီမကတော့ ကျောက်ရီရွှမ်ပါ။ ဒါကတော့ ငါ့ဂျူနီယာညီမလေး ရှုဖေးပါ…”
“ရှုဖေး…” သည်နာမည်က ဝမ်လင်းကို အတိတ်က မှတ်ဉာဏ်အချို့ကို ပြန်တွေးမိသွားစေသည်။သူက ထိုအားနည်းဟန် ရသော အမျိုးသမီးထံသို့ ကြည့်လိုက်၏။ ရှုဖေးက ဝမ်လင်းကို ဦးညွတ်ကာ နူးညံစွာ ပြောလာ၏။ “ရှုဖေးက စီနီယာအကိုဝမ်ကို နှုတ်ဆက်ပါတယ်…”
ဒူဂျန်က ဝမ်လင်းကို ကြည့်၍ ပြုံး၍ ဆိုလာသည်။
“ဂျူနီယာညီကိုဝမ်က ဂျူနီယာညီမလေး ရှုကို သိလို့လား”
ဝမ်လင်းက ခေါင်းယမ်း၍ ပြောလိုက်၏။ “ငါ သူ့ကို မသိပါဘူး။သူမက ငါ့ ငယ်ဘဝတုန်းက ကလန်တစ်ခုတည်းရဲ့ ဂျူနီယာညီမနာမည်နဲ့ တူနေရုံပါ…”
ဒူဂျန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။သည့်နောက် သူက ခေါင်းစဉ်လွှဲကာ ပြောလိုက်သည်။
“ဂျူနီယာညီကို ဝမ်…မင်းက ဒီလှိုင်းအသူတစ်ရာချောက်အတွက် ဒီနေရာကို ရောက်လာခဲ့တာလား…”
သူက ကွေ့ပတ်မနေဘဲ တည့်မေးလိုက်လေ၏။
ဝမ်လင်းအသွင်ကလည်း ပုံမှန်ပင်။သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ “အဟုတ်ဘဲ…”
ဒူဂျန်မျက်လုံးက ကျဉ်းမြောင်းလို့သွား၏။သူက ပြောလိုက်သည်။ ဂျူနီယာညီကို ဝမ်…ဒီ ဒီလှိုင်းအသူတစ်ရာချောက်က အရမ်းအန္တရာယ်များတယ်။ မင်းက အာဏာတက်ခြင်းအစောပိုင်းအဆင့် ဖြစ်နေရင်တောင် ဒါက တော်တော်လေး ခက်ခဲစေလိမ့်မယ်။ငါတို့လေးယောက်ကလည်း အဲ့ချောက်ထဲကို သွားကြမလို့။ငါတိုနဲ့ အတူသွားရင်ရော။ အနည်းဆုံးတော့ ငါတို့တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးလို့ ရတာပေါ့လေ…”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။သူက သည် ဒီလှိုင်းအသူတစ်ရာချောက်၏ အန္တရာယ်များကို သိထားခဲ့ပေသည်။သူက သည်နေရာသို့ မလာခင် ရှေးဟောင်းနတ်ဆိုးပေလော သူ့ကို ပေးခဲ့သော သလင်းကျောက်ကို အသုံးပြု၍ သည်ချောက်အတွင်းဘက်ကို စစ်ဆေးကြည့်ခဲ့ပေသည်။သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သည်ချောက်ထဲ၌ အန္တရာယ်များသည့် အချို့နေရာများ ရှိနေပေ၏။
သည်လေးယောက်ထဲ၌ မုယုံကျိုးသာ မပါဝင်ပါက သူက ချက်ခြင်း ငြင်းဆိုလိုက်ပေမည်။သို့သော် ခုတော့ အခြေအနေက မတူတော့ပေ။မုယုံကျိုးက အာဏာတက်ခြင်းအစောပိုင်းအဆင့်သာ ဖြစ်သော်လည်း သူ့တည်ရှိမှုကို ကီလိုမီတာငါးရာအကွာကနေ ထောက်လှမ်းနိုင်ခဲ့သည် မဟုတ်လား။ထို့ကြောင့် သူ့တွင် စွမ်းရည်အချို့ ရှိနေပေလိမ့်မည်။
ဝမ်လင်းက ပြုံး၍ ဆိုလိုက်၏။ “ဒါဆို အကောင်းဆုံးပေါ့…”
ဒူဂျန်၏မျက်နှာက အပြုံးများနှင့် ပြည့်သွား၏။သို့သော် သူ့စိတ်ထဲတွင်တော့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူက သည်လောက်အချိန်အတိုင်းအတာအတွင်း ဝမ်လင်း အာဏာတက်ခြင်းအဆင့်သို့ ရောက်သွားသည်ကို မနာလို ဖြစ်နေခြင်းပင်။
အရင်တုန်းက သည်ဝမ်လင်းသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်တွင်သာ ရှိသေးကြောင်း သူ ကောင်းကောင်းမှတ်မိနေပါသေး၏။သို့ရာတွင် သည်ရာစုနှစ်တစ်ခုစာလောက် အတွင်း ဝမ်လင်းက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
“ကျင့်ကြံခြင်းဂြိုဟ်အစုတ်အပဲ့က လာတဲ့ တောသားက ဒီလိုမျိုး ကျင့်ကြံမှုအဆင့်တက်တာ မြန်ဆန်နေတဲ့ အကြောင်းရင်း တစ်ခုတော့ ရှိရမယ်။ သူက ဒီအာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ သေခြင်းရှင်ခြင်း စမ်းသပ်ချက်ကို ဖြတ်ကျော်ရမှာပဲ၊ ဒီကိစ္စက အဲ့လောက် ရိုးရှင်းမနေမှာ ငါစိုးရိမ်မိတယ်။ ဒါ့အပြင် သူက နောက်နှစ်လေးရာကြာလို့ ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက ထွက်ခွာသွားတဲ့အခါကျရင် သူ့အဆင့်အတန်းကလည်း မြင့်မားလာမှာပဲ။ ဒီလိုဖြစ်လာရင် ခရမ်းရောင်အုပ်စုခွဲရဲ့ အဆင့်အတန်းကလည်း ချက်ခြင်း မြင့်တက်လာလိမ့်မယ်…”
ဒူဂျန်၏ စိတ်ထဲ၌ မလိုတမာစိတ်တို့ ဖြစ်ပေါ်နေ၏။သို့သော် သူက မျက်နှာပေါ်တွင်တော့ ထိုစိတ်ဆန္ဒကို တစ်စွန်းတစ်စပင် မထုတ်ဖော်ပေ။သူက ဝမ်လင်းကို ကြင်နာတက်သော စီနီယာအကိုတစ်ယောက်ကဲ့သိုသာ ပြုမူနေပေ၏။
သို့ရာတွင် သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် အန္တရာယ်အထပ်ထပ်ကို တွေ့ကြုံ ကျော်ဖြတ်ခဲ့ဖူးသော ဝမ်လင်းနှင့် ရင်ဆိုင်နေရခြင်းသာ။ထို့အတွက်ကြောင့်မလို့ ဝမ်လင်းက အလွန်အမင်း အကင်းပါးကာ ဉာဏ်ကြွယ်နေခဲ့လေပြီ။
ထို့ကြောင့် ဝမ်လင်းသည် ဒူဂျန်စိတ်ထဲတွင် တွေးထင်နေသလို တောသားဆိုသည့် ပုံရိပ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေပေ၏။
ဒူဂျန်၏ဘဝအတွေ့အကြုံများက ဝမ်လင်းနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။
သူတို့ ငါးယောက်အုပ်စုက စကားဆက်၍ မဆိုကြတော့ဘဲ တိမ်ပင်လယ်တောင်တန်းများထံသို့ ဦးတည်ပျံသန်းသွားကြတော့၏။
သည်ဧရိယာက တိမ်ထုများနှင့် ပြည့်နှက်နေကာ ပုံရိပ်ယောင််တောင်တန်း၊ပင်လယ်များကို ပေးစွမ်းလို့နေ၏။သည်မြင်ကွင်းက ထူးဆန်းအံ့ချီးဖွယ်အလှကို ဖြစ်ပေါ်စေပေသည်။
ကျောက်ရီရွှမ်က သူမ၏ လှပသောမျက်လုံးများဖြင့် သူမရှေ့ရှိ ဝမ်လင်းကို မလွတ်တမ်း ကြည့်လို့နေ၏။သူမက သူ့ရှေ့ရှိ ယောက်ျားသားကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သူမက များစွာသော နတ်ဆိုးဗိုလ်ချုပ်များ၏ နှလုံးသားကိုပင် ဖြတ်မြင်နိုင်စွမ်း ရှိခဲ့သူ ဖြစ်၏။လွန်ခဲ့သောနှစ်တစ်ရာအတွင်း သူမဖြတ်မြင်နိုင်စွမ်း မရှိခဲ့သော လူက နှစ်ယောက်နှင့်တစ်ပိုင်းသာ ရှိခဲ့ပေသည်။
သူမရှေ့ရှိ ဝမ်လင်းက တိမ်လွှာများကြားကို ထွင်းဖောက်သွားနေရင်း ပို၍ မှုန်ဝါးသွားခဲ့လေ၏။ကျောက်ရီရွှမ်၏မျက်လုံးများက ထိုတိမ်လွှာများ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရကာ သူမက ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စွမ်းမရှိ ဖြစ်ရ၏။
သူမ ဖြတ်မြင်နိုင်စွမ်း မရှိသည့် ပထမဆုံးလူက တာ့လော့ဓားကလန်မှ ချန်လုံပင် ဖြစ်၏။သူမက သူ့နားသို့ တိုးကပ်ကြည့်ရန် ကြံလိုက်တိုင်း ချန်လုံကို ဝန်းရံထားသော မြူလွှာတစ်ခုက ဓားအသွင်ပြောင်း၍ သူမ၏ ကျူးကျော်လာမှုကို တားဆီးပစ်တက်၏။
နောက် တစ်ချို့တစ်လေ သူမ ဖြတ်မြင်နိုင်စွမ်း ရှိသည့်သူက မုယုံကျိုးပင်။ကျောက်ရီရွှမ်၏ အကြည့်က မုယုံကျိုးအပေါ်၌ ဖြတ်သန်းသွား၏။
သည်မုယုံကျိုးက တစ်ခါတစ်ရံ ထွင်းဖောက်မြင်ရလောက်အောင် ကြည်လင်နေတက်၏။သို့သော် အခြားအချိန်များဆိုလျှင် သူက ပိန်းပိတ်အောင်နက်မှောင်သည် ရေပြင်အလား။သည့်အတွက်ကြောင့် သူမက မုယုံကျိုး၏ အတွေးများကို ဖြတ်မြင်နိုင်စွမ်း ရှိဖို့ ခက်ခဲရပေ၏။
နောက်ဆုံး သူမ ဖြတ်မြင်နိုင်စွမ်း မရှိသည့်သူက ခုမှ ရုတ်တရက် ပေါ်လာသော ဝမ်လင်းပင် ဖြစ်ချေ၏။ကျောက်ရီရွှမ်၏ အမြင်၌ ဝမ်လင်းသည် ပိုမို၍ပင် ထူးဆန်းနေသေး၏။သူ့တွင် ချန်လုံကဲ့သို့ မြူလွှာ သို့မဟုတ် မုယုံကျိုးကဲ့သို အဆက်မပြတ်ပြောင်းလဲနေမှုတို့လည်း ရှိမနေခဲ့ပေ။ထိုအစား သူက သူ့ကိုယ်ပိုင်ခွန်အားဖြင့် သူ့စိတ်ကို ပိတ်ဆို့ထားနိုင်ခြင်း ဖြစ်နေသည်။
သူ့အတွက် မြူ သို့မဟုတ် ပုံရိပ်ယောင်များပင် မလိုအပ်ချေ။သူက သူ့နှလုံးသားကို ပိတ်ဆို့ထားရန်သာ လိုအပ်သည်။
ကျောက်ရီရွှမ်၏ မျက်လုံးများက ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာသည်။သည်အခိုက်အတန့်၌ ဝမ်လင်းက နောက်သို့ ရုတ်တရက် လှည့်ကြည့်လာ၏။
သူ့အကြည့်က ထက်ရှသောဓားတစ်လက်အလား ကျောက်ရီရွှမ်၏စိတ်ထဲကို ထွင်းဖောက်ဝင်လာသည်။
“ဒီအကြည့်က သတိပေးတာလား။ ဒီဝမ်လင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။တာ့လော့ဓားကလန်က ချန်လုံတောင် ငါ့ မန္တာန်ကို သေချာထုတ်ဖော်မှ သတိပြုမိနိုင်ရုံပဲ ရှိတယ်။ မုယုံကျိုးဆိုရင် ငါ့မန္တာန်ရဲ့ အရိပ်အမြွက်လောက်ကိုပဲ ရှာတွေ့နိုင်တယ်။ ဒါပေမဲ့ ဒီဝမ်လင်းကတော့ ငါ လှုပ်ရှားမှုတစ်ခု ပြုလိုက်တာနဲ့ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခုကို ချက်ခြင်း သတိထားမိသွားတယ်…”
ကျောက်ရီရွမ်၏ မျက်လုံးများထဲ၌ စိတ်ဝင်စားမှုဟန်ပန်များ ပေါ်ထွက်လာ၏။
ဝမ်လင်းက ပျံသန်းနေရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ အေးစက်စွာ ပြုံးလိုက်၏။
“ဒီလေးယောက်က စိတ်ဝင်စားစရာပဲ။သူတို့က ကိုယ့်အကြံအစည်နဲ့ကိုယ် ရှိနေကြာတာကို…ပြီးတော့ သူတို့ရဲ့ မန္တာန်တွေကလည်း အားနည်း မနေဘူး။ဒါပေမဲ့လည်း သူတို့လေးယောက်ထဲမှာ ရှုလို့ခေါ်တဲ့ အမျိုးသမီးကိုတော့ ငါ လျှော့တွက်လို့ မဖြစ်ဘူး။သူမက ငါ့ကို ထူးဆန်းတဲ့ ခံစားချက်ကို ပေးစွမ်းနေတယ်…”
သူတို့ငါးယောက်လုံးက တိမ်များကို မြန်ဆန်စွာ ဖြတ်သန်းသွားနေကြသည်။သိပ်မကြာခင်တွင် သူ့တို့ရှေ့၌ နက်ရှိုင်းသောလျှိုကြီးတစ်ခု ပေါ်လာခဲ့၏။
သည်လျှိုက အလွန်ကျယ်ပြောလှကာ ပေတစ်ရာကျော်ပင် ရှိပေလိမ့်မည်။၎င်း၏ အလျားကတော့ ပေတစ်သောင်းကျော်လောက် ရှိနေကာ တိမ်ထုထဲထိ ချဲ့ထွင်လို့နေသည်။သည်လျှိုမြောင်က မြေကြီးပေါ်တွင် ပုန်းအောင်းနေသည့် ပါးစပ်ကြီးတစ်ခုနှင့်ပင် ဆင်တူနေသေး၏။သို့သော် သည်လျှိုမြောင်က မန္တာန်တစ်ခုနှင့် ဖန်တီးထားသကဲ့သို့ ထင်မှတ်ရလေသည်။
***