ချန်လုံဘေးနားရှိ ဝူမူက ဝမ်းနည်းသည့်ဟန်ပန်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ရှန်ဟိုကိုတော့ ဒီသားရဲတွေက ဝါးမြိုသွားခဲ့ပြီ။သူ့မူလစိတ်ဝိညာဉ်တောင် မလွတ်မြောက်လာနိုင်ခဲ့ဘူး…”
ချန်လုံက ခါးသီးသည့်အသွင် ဖြစ်ပေါ်နေ၏။ဓားဆယ့်နှစ်လက်တွင် သေဆုံးသွားခဲ့သော မိုယန်နှင့် အပြင်ဘက်တွင် နေခဲ့သော ဇီရှူနှင့်ဟိုင်ကျူးတို့ကလွဲ၍ ကျန်သည့်ကိုးယောက်လုံးက လောဘကြီးနှင့်အတူ သည်ဒီလှိုင်းအသူတစ်ရာချောက်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
လောဘကြီးက သည်နေရာကို လေ့လာကြည့်ပြီးနောက် သူက သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ရတနာအများဆုံးရှိသော နေရာသည် ခုဒီလှိုင်းအသူတစ်ရာချောက်ဖြစ်သည်ဟု ကောက်ချက်ချခဲ့ပေသည်။ချန်လုံကလွဲ၍ ကျန်သည့်လူတိုင်းက လောဘကြီး၏စကားများဖြင့် ဖြာယောင်းခြင်းခြင်း ခံခဲ့ရပေသည်။
သူတို့က ကိုယ်တိုင်ကိုယ်ကျလည်း အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်၌ မရေမတွက်နိုင်သော ရတနာများသည် သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲသို့ စုပ်ယူခြင်းခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည် မဟုတ်လား။
သူတို့ သည်နေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်က ရှေးဟောင်းနတ်ဆိုး အမွေအနှစ်ကို ရရှိဖို့အပြင် သည်ရတနာပစ္စည်းများကိုလည်း ရရှိနိုင်ရန်အတွက်ဟု ပြော၍ရ၏။
ချန်လုံက အမြဲလိုလိုပင် တည်ငြိမ်နေတက်၏။သူက တစ်ခုခုမှားနေသည်ဟု ခံစားမိလျှင်ပင် ငြင်းဆိုရန် အကြောင်းတစ်ခုကို မရှာတက်သူ ဖြစ်သည်။သို့ရာတွင် သူက အစီအစဉ်တစ်ခုကိုတော့ ကြိုပြုလုပ်ထားတက်၏။အခု သည်နေရာသို့ လာရောက်သည့် ကိစ္စမှာပင် သူက တစ်ပေါင်းတစ်စည်းတည်း ဝင်ရောက်လာခဲ့ခြင်းမဟုတ်ဘဲ လူခွဲ၍ မတူညီသော ဝင်ပေါက်များကနေ လာရောက်ခဲ့ခြင်းဖြစ်၏။သည့်အပြင် သူက ဇီရှူနှင့်ဟိုင်ကျူးတို့ကိုပင် အပြင်ဘက်၌ ချန်ထားခဲ့သေးသည်။
သူတို့ သည်ဒီလှိုင်းအသူတစ်ရာချောက်သို့ ဝင်လာသည့်အချိန်၌ အရာအားလုံးက အဆင်ပြေချောမွတ်နေခဲ့၏။သို့ရာတွင် လောဘကြီးက လှိုဏ်ဂူတစ်ခုတည်းမှ အမည်အသိ ပစ္စည်းတစ်ခုကို ယူဆောင်လိုက်တည်းက သည်အရာများက ချက်ခြင်း ပြောင်းလဲသွားတော့၏။
သူတို့က ရုတ်တရက် ထူးဆန်းသောသားရဲများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သည်နေရာတွင် ပိတ်မိနေတော့၏။သူတို့က လွတ်မြောက်ရန်လည်း မစွမ်းနိုင်ဘဲ သည်နေရာတွင် ပိတ်မိနေသည်မှာ နှစ်ပေါင်းတစ်ရာ နီးနီး ရှိလာခဲ့ပြီ ဖြစ်၏။
သူတို့ကို အနက်ရောင်မြူလွှာတစ်ခုက ဝန်းရံထားကာ ယင်းအပြင်သို့ ထွက်သည်နှင့် မရေမတွက်နိုင်သော သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရတော့သည်။
ရှန်ဟိုက ထိုသို့ဖောက်ထွက်နေစဉ်အတွင်း၌ သေဆုံးသွားခဲ့ရခြင်း ဖြစ်၏။သူက သူ့ဆရာလင်းထျန်ဟူ၏ ဓားစွမ်းအင်ကို မသေခင်အသုံးပြုခဲ့တာတောင်မှ သားရဲအချို့ကိုသာ သတ်ပစ်နိုင်ခဲ့၏။သည်သားရဲများက အလွန်များပြားလွန်းနေခဲ့ပေ၏။
ချန်လုံက သူတို့အားလုံး ဓားစွမ်းအင်များကို စုပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် သည်နေရာကနေ ထွက်သွားနိုင်စွမ်း မရှိသေးသည်ကို သိနေခဲ့၏။
“ဒါက သိပ်မကြာနိုင်တော့ပါဘူး…” ချန်လုံက အသက်ဝဝရှူသွင်းလိုက်၏။သည့်နောက် မတ်တပ်ထရပ်ကာ လောဘကြီးအား ကြည့်လိုက်၏။
သူက ထိုသို့မတ်တပ်ထရပ်လိုက်သည့်အတွက် ကျန်သည့်တပည့်များကပါ သူနှင့်အတူ လိုက်ရပ်လာကြ၏။သူတို့က လောဘကြီးကို ဝန်းရံထားသလို အနေအထား ဖြစ်သွားသည်။
လောဘကြီးအသွင်က သုန်မှုန်သွားကာ သူက မြည်းရယ်သလို ရယ်မောလိုက်၏။
“တူလေးတွေ…ဒါက ဘာအဓိပ္ပာယ်လဲ…”
ချန်လုံက အလေးအနက်အသွင်ဖြင့် ပြောလိုက်၏။ “စီနီယာလောဘကြီး…ဂျူနီယာက သင် အဲ့လှိုဏ်ဂူထဲမှာ ရရှိခဲ့တဲ့ အရာကို အတိအကျ သိချင်ပါတယ်…”
လောဘကြီး၏ မျက်လုံးများက လှောင်ပြောင်ဟန်တို့ ထွက်ပေါ်လာ၏။သူက ပြောလိုက်သည်။ “မင်းက သိချင်တယ်ပေါ့…”
ထိုသို့ပြောပြီးသည့်နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဘဲဥပုံဥတစ်လုံးက သူ့လက်ထဲ၌ ပေါ်ထွက်လာ၏။
ထိုဥပေါ်၌ မည်သည့်အသက်ဓာတ်လက္ခာမှ ရှိလို့မနေပေ။၎င်းက သေဆုံးခြင်းအော်ရာတစ်ခုနှင့်သာ ထုံမွှမ်းနေ၏။
ချန်လုံ အကြည့်ကာ ထိုဥပေါ်သို့ ခဏတာ ကျရောက်နေ၏။ခုလောက်အချိန်ကို ဖြတ်ကျော်ပြီးသည့်နောက် သူက လောဘကြီးနှင့်ပတ်သတ်၍ တစ်ခုခုကို နားလည်လာခဲ့သည်။ သည်လောဘကြီး၏ ကျင့်ကြံမှုက သေဆုံးခြင်းနှင့် ဆက်နွှယ်နေ၏။ထို့ကြောင့် ထိုဥက သူ့ကျင့်ကြံမှုအဆင့်ကို အကူအညီပေးနိုင်ပေလိမ့်မည်။
သို့ရာတွင် ထိုဥက လောဘကြီး အမှန်တကယ် ရှာတွေ့ခဲ့သည့်အရာ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။
“ကောင်လေးတွေ…ဒီအဘိုးအိုက မင်းတို့ရဲ့ မလေးမစားလေသံတွေကို မင်းတို့ ဆရာမျက်နှာထောက်ထားပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်။ ဒါမျိုး နောက်တစ်ခါသာ ဖြစ်လာရင် ငါ့ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့…ဟက် ငါ စကျင့်ကြံတုန်းက မင်းတို့ကောင်လေးတွေ မွေးတောင်မမွေးသေးဘူး…”
လောဘကြီး၏မျက်လုံးများက အေးစက်လာခဲ့သည်။သူ့အသံက တိုးညင်းသော်လည်း တာ့လော့ဓားကလန်၏ တပည့်များ နားထဲတွင်တော့ မိုးခြိမ်းသံအလားပင်။ချန်လုံမှ လွဲ၍ ကျန်သည့်သူများက နောက်သို့ အလိုလို ဆုတ်သွားမိကြသည်။
ချန်လုံက ခေါင်းငုံ့လိုက်၏။သူ့မျက်လုံထဲ၌ သတ်ဖြတ်လိုသောစိတ်ဆန္ဒတစ်ခု ရိပ်ခနဲ ဖြစ်ပေါ်သွားသည်။အပြင်ဘက်တွင်တော့ သူက လေးစားစွာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ငါတို့ကို အပြစ်မတင်ပါနဲ့ စီနီယာ…ဂျူနီယာက စိတ်မရှည် ဖြစ်လာလို့ပါ။တကယ်တော့ ငါတို့က ဒီမှာ ပိတ်မိနေတာ နှစ်တစ်ရာလောက် ရှိနေပြီ မဟုတ်လား…”
လောဘကြီးက မျက်လုံးမှိတ်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဘာတွေ လောနေတာလဲ။ နောက်ထပ် နှစ်တစ်ရာအတွင်းမှာ မင်းဆရာက ဒီကုန်းမြေကို ရောက်လာတော့မှာကို …အဲကျရင် သူက မင်းတို့အားလုံးကို လာကယ်ပေးလိမ့်မယ်…”
ချန်လုံက ကြာပွင့်သဏ္ဌာန် ပြန်ထိုင်ချလိုက်သည်။သည့်နောက် သူက စဉ်းစားလို့နေ၏။သူက သည်လောဘကြီးနှင့် ပတ်သတ်၍ တစ်ခုခုမှားနေသည်ကို ရှာတွေ့ခဲ့မိ၏။လောဘကြီးက သည်နေရာကနေ ထွက်သွားလိုခြင်း မရှိသလို ဖြစ်နေ၏။ထိုအတွက် အကြောင်းတစ်ခုခုတော့ ရှိရပေမည်။
တာ့လော့ဓားကလန်မှ တပည့်များက လောဘကြီးနှင့် မကျေမလည် ဖြစ်နေစဉ်တွင် ဝမ်လင်းကတော့ မီးနတ်ဆိုးနိုင်ငံ၏ ဒီလှိုင်းအသုတရာချောက်၏ ထွက်ပေါက်ရှိရာသို့ တဟုန်ထိုး ပျံသန်းလာနေသည်။ဝမ်လင်းက သည်ဒီလှိုင်းအသူတစ်ရာချောက်နှင့် ပတ်သတ်ပြီး ယောင်ရှင်းရွှယ်ထံကနေလည်း ကြားခဲ့ဖူးပြီး ဖြစ်သည်။
ယောင်ရှင်းရွှယ်၏ အပြောအရ ရှေ့ဖြစ်ဟောသူတို့လို ပုဂ္ဂိုလ်ကြီးများကိုပင် မျက်လုံးများ နီရဲလာစေသည့်အထိ ဖြစ်စေခဲ့သော တုန်ကင်က သည်ဒီလှိုင်းအသူတစ်ရာချောက် အနက်ပိုင်း၌ ရှိနေသည် ဟူ၍ပင်။
ဝမ်လင်းက လောဘကြီးနှင့် တာ့လော့ဓားကလန်မှ တပည့်များနှင့် ပတ်သတ်၍လည်း သတိထားနေ၏။ထိုသူများက လွန်ခဲ့သော နှစ်တစ်ရာလောက်က အကြောင်းမရှိ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ကြခြင်းပင်။ သူက လောဘကြီးတို့အုပ်စုသည် ဒီလှိုင်းအသူတစ်ရာချောက်သို့ သွားခဲ့ကြခြင်း ဖြစ်မည်ဟု အကြမ်းဖျဉ်း ခန့်မှန်းထားပေသည်။
လောဘကြီးတို့ အုပ်စု ထွက်ခွာသွင်းရင်တော့ သည်ကိစ္စက ပြဿနာ မဟုတ်တော့ပေ။သို့ရာတွင် သူတို့က ချောက်ထဲ၌သာ ဆက်၍ ရှိနေသေးပါက ဝမ်လင်းသည် မီးနတ်ဆိုးနိုင်ငံ၏ ထွက်ပေါက်အတွက် ကြို၍ ပြင်ဆင်ထားရပေမည်။
သူက မဟာတည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုနေခြင်း ဖြစ်၏။ထို့ကြောင့် သူက မီးနတ်ဆိုးနိုင်ငံ၏ ဒီလှိုင်းအသူတစ်ရာချောက် ရှိရာသို့ မြန်ဆန်စွာ ရွှေ့လျားလာနိုင်နေသည်။
သူက ပျံသန်းနေရင်း ရှေးဟောင်းနတ်ဆိုး၏ အမွေအနှစ်ကို တွေ့ကြုံနေစဉ်အတွင်း မီးခိုးရောင်ပုံရိပ်နှင့် ပေါင်းစပ်ခဲ့သည့် မြင်ကွင်းကို ပြန်မစဉ်းစားကြည့်ဘဲ မနေနိုင် ဖြစ်ရသည်။ထိုမြင်ကွင်းထဲ၌ မီးခိုးရောင်ဝတ်စုံနှင့်ပုံရိပ်က ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို လေ့ကျင့်နေသောသူ ဖြစ်၏။သူက ထိုပုံရိပ်နှင့် ပေါင်းစည်းလိုက်သည့်အခိုက်၌ သူက ဉာဏ်အလင်းအချို့ကို ရလိုက်သကဲ့သို့ ခံစားမိ၏။ထိုအခါ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း၏ ပမဏသည်လည်း တစ်သန်းမှသည် ဆယ်သန်းသို့ တိုးလာနိုင်ခဲ့သည်။
သို့ရာတွင် ထိုစွမ်းအင်က ဆယ်သန်းသို့ ရောက်ရှိသွားသည်နှင့် သူ့အသက်ဓာတ်ချိပ်တံဆိပ်အားလုံးသည် အတူပေါင်းဖွဲ့ကာ ထူးဆန်းသောသင်္ကေတတစ်ခုကို ဖြစ်ပေါ်လာခဲ့သည်။
သည်သင်္ကေတက သတ်ဖြတ်ခြင်းစွမ်းအင်ဆယ်သန်း၏ စွမ်းအား ပါဝင်နေခဲ့သည်။၎င်း ပေါ်ထွက်လာသည်နှင့် ၎င်းက ဝမ်လင်း ထိန်းချုပ်မှုကနေ လွတ်ထွက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ခပ်နှပ်လာခဲ့သည်။
ထိုသင်္ကေတက သူ့ခန္ဓာကိုယ်ထဲထိ ထွင်းဖောက်လာပြီး သူ့မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက် ကျရောက်ခဲ့သည်။၎င်းက သူ့စိတ်ဝိညာဉ်ထဲရှိ မူလစွမ်းအင်ကို သမူဟ ဖြစ်စေသည်။သည်သင်္ကေတနှင့် မူလစွမ်းအင်နှစ်ခုတို့ ပေါင်းစပ်သွားနေရင်း ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့်သူ့ခန္ဓာကိုယ်ကြား ဆယ်နွှယ်မှုကို ချက်ခြင်း ဖြတ်တောက်ပစ်လိုက်သည့် ထူးဆန်းသောပြောင်းလဲခြင်း တစ်ခု ဖြစ်လာ၏။
သည့်နောက် သူ့မူလစိတ်ဝိညာဉ်က အသက်သုံးခါရှူချိန်အတွင်း အရည်ပျော်ကျသွားကာ ထိုသင်္ကေတ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။သည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားလုံးသည်လည်း မီးခိုးရောင်အခိုးငွေ့အမျှင်တန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ထိုသင်္ကေတ၏ စုပ်ယူခြင်းကို ခံလိုက်ရပြန်သည်။
ဝမ်လင်းက ထိုအရာများအားလုံးကို တတိယလူတစ်ယောက်၏ ရှု့ထောင့်အမြင်ကနေ စောင့်ကြည့်နေခဲ့သည်။ထိုအဖြစ်ကို မြင်တွေ့လိုက်သည့်အခါ အရင်ဆုံး သူ့မျက်လုံးထဲ၌ မွန်းစတားဆန်လှသော သတ်ဖြတ်လိုစိတ်နှင့် အေးစက်မှုတို့ ဖြစ်ပေါ်လာခဲ့ရ၏။
သူက သူ့ခန္ဓာကိုယ်၊သူ့မူလစိတ်ဝိညာဉ်နှင့် သူ့ရှိသမျှအားလုံးကို သည်သတ်ဖြတ်ခြင်းစွမ်းအင် ဆယ်သန်းက ပြုလုပ်ထားသော သင်္ကေတ၏ စုပ်ယူခြင်းခံနေရသည်ကို စောင့်ကြည့်နေခဲ့သည်။သည့်နောက် ထိုသင်္ကေတက သူ့ခန္ဓာကိုယ်ကနေ အရာအားလုံးကို စုပ်ယူပြီးသည့်နောက် ပြန်ထွက်ခွာ၏။
ထို့နောက်တွင်တော့ ထိုသင်္ကေတသည် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်ခု အဖြစ် ပြန်ပြောင်းလဲသွားသည်။သည်အရာက အစစ်အမှန်သတ်ဖြတ်ခြင်းစွမ်းအင် မည်၏။
ဝမ်လင်းနှလုံးသားက တုန်ယင်ရသည်။ထိုအရာများက သူ ရှေးဟောင်းနတ်ဆိုး၏အမွေအနှစ်ကို ဆက်ခံရချိန်၌ ကြုံတွေ့ခဲ့ရသည့် အရာများသာ ဖြစ်သည်။သို့သော်လည်း သူက ထိုမြင်ကွင်းကို ပြန်တွေးမိသည်နှင့် မကြောက်လန့်မိဘဲ မနေနိုင် ဖြစ်ရသည်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သူ့မျက်လုံးထဲရှိ အေးစက်မှုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ပေါက်ကွဲလုမတက် ဖြစ်နေသည်။သို့သော သူက ၎င်းစိတ်ဆန္ဒတို့ကို ချက်ခြင်း ပြန်သိမ်းဆည်းဖုံးကွယ်လိုက်လေသည်။
ဝမ်လင်းက သူ ထူးဆန်းအံ့ဖွယ်ဟင်းလင်းပြင်၌ ကြုံတွေ့ခဲ့ရသော မြင်ကွင်းသည် အစစ်လား၊အတုလား ခွဲခြားနိုင်စွမ်း မရှိချေ။သို့ရာတွင် ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ် အပေါ် ဝမ်လင်း၏ နားလည်မှုကြောင့် သူက ထိုမြင်ကွင်းသည် အတုဖြစ်လိမ့်မည် မဟုတ်ဟု ခံစားမိနေသည်။
ဝမ်လင်းက သူထူးဆန်းအံ့ဖွယ် အခြေအနေတွင် ရှိခဲ့သည့် အဖြစ်ကို ပြန်စဉ်းစားကြည့်နေ၏။ထိုနေရာ၌ သူက သူ့အသုံးပြုသောမန္တာန်၏ ပြီးပြည့်စုံမှုကို ချက်ခြင်း နားလည်ခွင့် ရခဲ့၏။သည်အရာက သူ့ကို မန္တာန်နှင့်ပတ်သတ်၍ နက်နက်ရှိုင်းရှိုင်း နားလည်စေခဲ့ပေသည်။
ထိုထူးဆန်းအံ့ဖွယ် အခြေအနေအောက်၌ ကောင်းကင်ဘုံမှ ပေးအပ်ထားသော ပါရမီရှိသူများသည် မန္တာန်တစ်ခုကိုပင် ဖန်တီးနိုင်ပေလိမ့်မည်။စွန်ယွမ်သည် ထိုသို့ ကိုယ်ပိုင် မန္တာန်တစ်ခုကို ဖန်တီးနိုင်ခဲ့သည့် လူမျိုး ဖြစ်လေ၏။
ဝမ်လင်း၏ ပါရမီအရည်အချင်းက သည်နှစ်ပေါင်းရှစ်ရာအတွင်း အတော်လေး ပြောင်းလဲခဲ့ပေ၏။ရှေးဟောင်းနတ်ဆိုးပေလောပင် အံ့အားသင့်ခဲ့ရသော စွန်ယွမ်၏ ပါရမီအရည်အချင်းနှင့် နှိုင်းယှဉ်လျှင်တော့ သူ့ပါရမီက တော်တော်လေး နိမ့်ပါးနေပေသည်။
သူက ကိုယ်ပိုင်မန္တာန်တစ်ခုကို ဖန်တီးနိုင်ခြင်း မရှိပေ။သို့သော် သူ့ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးနှင့် လေ့လာဆန်းစစ်နိုင်မှုတို့ကြောင့် သူက ထိုထူးဆန်းအံ့ဖွယ်အခြေအနေတွင် အချိန်တိုအတွင်း ရှင်းလင်းမှုဉာဏ်အလင်း ရရှိခဲ့၏။သူက စွန်ယွမ်ထက်လည်း ဆုံးဖြတ်ချက် ပြတ်သားသည့်သူ ဖြစ်ကာ အလျင်မြန်ဆုံး ပျောက်ကွယ်နေသည့် မီးခိုးရောင်ပုံရိပ်နှင်လည်း တိုက်ရိုက် ပေါင်းစပ်ခဲ့ပေသည်။
စွန်ယွမ်က သူ့ဉာဏ်အလင်းကို ပုံရိပ်ယောင်အများစု ပျောက်ကွယ်သွားပြီးမှ ရရှိခဲ့သည်ဟု ပြော၍ ရနိုင်၏။
ဝမ်လင်း၏ ဆုံးဖြတ်ချက်ပြတ်သားမှုက တော်ရုံတန်ရုံလူများ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ရှေ့ဖြစ်ဟောသူပင် ဝမ်လင်းက ရှေးဟောင်းနတ်ဆိုး၏အမွေအနှစ်မှတစ်ဆင့် ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်၏ သည်လျှို့ဝှက်ချက်ကို ရရှိနိုင်ခဲ့လိမ့်မည်ဟု ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။
“ရှေ့ဖြစ်ဟောသူ…အရင်တုန်းက ငါဟာ သူသာ ငါ့ကို မကောင်းမကြံရင် ငါလည်း သူ့အပေါ်မှာ သစ္စာရှိမယ်လို့ ပြောခဲ့ဖူးတယ်…” ဝမ်လင်းအသံက အေးစက်နေခဲ့၏။
“ဒီကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်က တကယ့်ကို အံ့အားသင့်ဖွယ် ကောင်းတယ်။ ဒါပေမဲ့လည်း ရှေ့ဖြစ်ဟောသူ သင်က ရက်စက်လွန်းလှတယ်။ ကံကောင်းစွာနဲ့ ငါ့ရဲ့နားလည်နိုင်စွမ်းက နိမ့်ပါးပြီး သတ်ဖြတ်ခြင်းစွမ်းအင် တစ်သန်းမှာပဲ အကန့်အသတ် ရှိနေခဲ့လို့ပေါ့။ ငါ့နားလည်နိုင်စွမ်းကသာ မြင့်မားပြီး သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းဆယ်သန်းကိုသာ အောင်မြင်နိုင်ခဲ့ရင်တော့ ငါက သင်္ကေတတစ်ခု ဖြစ်လာမှာ စိုးရိမ်နေမိတယ်။ငါက စစ်မှန်တဲ့ သတ်ဖြတ်ခြင်းစွမ်းအင် တစ်ခု ဖြစ်လာပြီး သင့်ရဲ့ စုပ်ယူခြင်းကို ခံရနိုင်တယ်…”
ဝမ်လင်းက ပျံသန်းနေရင်း သက်ပြင်းချမိလေသည်။
“အတိတ်တုန်းက မီးခိုးရောင်ရှေ့ဖြစ်ဟောသူက ငါ့ကို ဒီကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို သင်ပေးခဲ့တုန်းက ငါ့နယ်ပယ်ကြောင့်လို့ ပြောခဲ့တယ်။အရင်တုန်းကတော့ ငါက ဒါနဲ့ပတ်သတ်လို့ အများကြီး မတွေးမိခဲ့ဘူး။ခု ငါ အတိတ်ကို ပြန်တွေးကြည့်တော့ ဒါက ရှေ့ဖြစ်ဟောသူဟာ ငါ သေခြင်းရှင်ခြင်းနယ်ပယ်ကို ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ကျင့်ကြံခဲ့တာကို တွေ့မြင်ခဲ့လိုသာ သူက ငါ့ကို သူ့တပည့်အဖြစ် လက်ခံဖို့ ဆုံးဖြတ်ခဲ့တာ များလား…”
ဝမ်လင်းက မျက်လုံးမှိတ်ထား၏။သူက မျက်လုံးဖွင့်လိုက်သည့်အခါ သူ့မျက်လုံးများက ပြန်ကြည်လင်နေ၏။သည့်နောက် သူက တည်နေရာရွှေ့ပြောင်း၍ ပျောက်ကွယ်သွားတော့သည်။
“ငါက ဒီကိစ္စနဲ့ ပတ်သတ်လို့ နည်းနည်း သံသယ လွန်ကဲနေတာများလား။ ဒါ့ကြောင့် ငါက အလျင်စလို ထင်မြင်ချက် မထုတ်နိုင်သေးဘူး။ရှေ့ဖြစ်ဟောသူက ငါ့အပေါ်မှာ ကြင်နာစွာ ဆက်ဆံခဲ့တာပဲ။အတိတ်တုန်းက ဒီကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်ကို ငါ့ သဘောနဲ့ငါ သင်ယူခဲ့တာ ဖြစ်တယ်….အင်း…ငါက ဒီကိစ္စနဲ့ ပတ်သတ်လို့ နောက်ကျရင် ဂရုတစိုက် သေချာစမ်းစစ်ကြည့်မှ ရတော့မယ်။ဒါပေမဲ့လည်း ရှေ့ဖြစ်ဟောသူက တော်တော်လေး စွမ်းအားကောင်းလွန်းလှတယ်။ငါ့မှာ လုံလောက်တဲ့ စွမ်းအား မရှိသေးခင်တော့ ဒီမန္တာန်ကိစ္စနဲ့ ပတ်တတ်ပြီး ငါသိနေတာတွေကို သူ သိသွားလို့ မဖြစ်ဘူး။ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်…ငါက ဒီမန္တာန်အတွက် ထွက်ပေါက်တစ်ခု ရအောင် သေချာလေ့လာကြည်ဖို့ လိုအပ်နေပြီ…”
ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံရှိ ဒီလှိုင်းအသူတစ်ရာချောက်၏ ထွက်ပေါက်ကို ရက်များစွာ စောင့်ကြည့်နေခဲ့သည်။သူက ထိုနေရာတွင် အားကောင်းသော အတားအဆီး၊ချိပ်ပိတ်မှုများ ကို နေရာမချထားပေ။ထိုအစား သူက ဆန့်ကျင်ဘက်အနေနှင့် လွန်စွာဖုံးကွယ်နိုင်စွမ်းရှိသည့် ရိုးရိုးရှင်းရှင်း အတားအဆီးများကိုသာ ချမှတ်ထားခဲ့သည်။
သည်အတားအဆီးများက မည်သည့် ခုခံတိုက်ခိုက်နိုင်စွမ်းမှ မရှိပေ။သို့သော် ယင်းတို့က လူများကို လှည့်စားသည့် နည်းလမ်းတစ်ခုတော့ ဖြစ်နေ၏။လူတစ်ယောက်က အထဲသို့ဝင်လာသည်နှင့် အတားအဆီးက ထိုလူများပေါ်၌ စွဲထင်သွားမည်ဖြစ်၏။ထိုသို့ဖြစ်ခဲ့လျှင် ဝမ်လင်းက ထိုလူများကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည် ဖြစ်သည်။ သူတို့၏ကျင့်ကြံမှုအဆင့်က မိုးပျံအောင် မမြင့်မားပါက ထိုအတားအဆီးခပ်နှိပ်ခံလိုက်ရသည်ကို ရှာတွေ့နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက သူ့စိတ်အာရုံအနှောက်အယှက်များကို ပစ်ချထားလိုက်သည်။သည့်နောက် သူက ရေနတ်ဆိုးနိုင်ငံသို့ ဦးတည်ပျံသန်းသွားလေသည်။သူက ထိုနိုင်ငံရှိ ဝင်ပေါက်မှ တစ်ဆင့် ဒီလှိုင်းအသူတစ်ရာချောက်ထဲသို့ ဝင်ရောက်ပြီး စီနီယာကျောက်ရီကို ရှာဖွေဖို့ အားစိုက်မည် ဖြစ်သည်။
ကျောက်ရီက သူ့ကျေးဇူးရှင်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဝမ်လင်းက သူ့ကို ကယ်တင်ပေးရမည်သာ။
စီနီယာကျောက်ရီကို ကယ်တင်ခြင်း အပြင်…ချမ်းသာခြင်းဓားလည်း ရှိနေသေးတယ်။ ဝမ်လင်းက တည်နေရာရွှေ့ပြောင်းနေရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။အတိတ်တုန်းက ဒီလှိုင်းလုံး ဖြစ်တည်ကာ အာကာသဟင်းလင်းပြင်ထဲမှ အရာများကို စုပ်ယူသည့် အချိန်အတွင်း သူက ချမ်းသာခြင်းဓား သူ့အား ဖြတ်ကျော်သွားသည်ကို မြင်တွေ့ခဲ့ရပေသည်။ ရေနတ်ဆိုးနိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တိမ်ပင်လယ်လို့ ခေါ်တွင်သည့် နေရာတစ်ခု ရှိလေသည်။ထိုနေရာက တစ်နှစ်ပတ်လည်း တိမ်များနှင့် ဖုံးအုပ်နေသည်။တိမ်ပင်လယ်အတွင်နက်ပိုင်းရှိ မြေကြီးပေါ်၌ အက်ကွဲကြောင်းကြီး တစ်ခု ရှိလေ၏။ထိုနေရာကတော့ ဒီလှိုင်းအသူတစ်ရာချောက်၏ ဝင်ပေါက်များထဲမှ တစ်ခု ဖြစ်ပေသည်။
အမျိုးသားကျင့်ကြံသူနှစ်ယောက်နှင့် အမျိုးသမီးကျင့်ကြံသူနှစ်ယောက်တို့သည် တိမ်ပင်လယ်၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက် ရှိနေကြပြီး အတွင်းဘက်သို့ ကြည့်လို့နေကြ၏။
***