မျက်စိတစ်မှိတ်အတွင်း လများစွာ ကုန်လွန်သွားခဲ့လေပြီ။မီးနတ်ဆိုးနိုင်ငံထဲရှိ စစ်ပွဲက များစွာ ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ကောင်းကင်နတ်ဆိုးနိုင်ငံ သူတို့၏ တပ်သားများကို ပြန်ဆုတ်ခွာစေခဲ့သည်။ရာစုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့သော စစ်ပွဲက ရှေးဟောင်းနတ်ဆိုးများ တစ်ယောက်နှင့်တစ်ယောက် ဝါးမြိုခြင်းနှင့်အတူ အဆုံးသပ်သွားခဲ့ခြင်းပင်။
ရှေးဟောင်းနတ်ဆိုးပေလောက ပထမဆုံးဝါးမြိုသူ ဖြစ်ခဲ့၏။သူက မီးနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးနှင့် ပေါင်းစပ်သွားနိုင်ခဲ့သည်။သူက အလွန်စွမ်းအားကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်၏။ထို့ကြောင့် သူက ပုံသဏ္ဌာန်ဖြစ်ပေါ်ရန် ဝမ်လင်း၏ သွေးအကူအညီကို ရယူရန်မလိုတော့ဘဲ သူကိုယ်တိုင် ထွက်ခွာနိုင်ခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက ကောင်းကင်နတ်ဆိုးနိုင်ငံ၏မြို့တော် အနီးအနားရှိ နဂါးရေကန်ထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်ကာ မျက်လုံးမှိတ်ထားလျက် ရှိသည်။သူက မလှုပ်မယှက်အသွင်နှင့် ရှိလို့နေ၏။
သူက အရိုးအပိုင်းကို ထိမိခဲ့သည့် အချိန်တုန်းက ထူးဆန်းအံ့ဖွယ်အခြေအနေတစ်ရပ်သို့ ဝင်ရောက်ခဲ့သည်။ပေလောက အခြားရှေးဟောင်းနတ်ဆိုးတစ်ပါး၏ စိတ်ဝိညာဉ်ကို ဝါးမြိုပြီးသည့်နောက် သူက မန္တာန်တစ်ခုအသုံးပြုကာ ဝမ်လင်းကို သည်နေရာသို့ ပို့ဆောင်ပေးလိုက်၏။
အချိန်က ကုန်ဆုံးနေသည်သာ။ နောက်ထပ် လများစွာ ကုန်လွန်သွားပြန်သည်။ သည်နေ့တွင် ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့၏။
သူ မျက်လုံးဖွင့်လာသည်နှင့် ရွှေရောင်အလင်းတစ်ခုက သူ့မျက်လုံးထဲ၌ တောက်ပနေသည်။သူ့ခုလက်ရှိ အော်ရာက မီးနတ်ဆိုးနိုင်ငံသို့ သွားရောက်ခဲ့သောအချိန်၌ အလွန်ကွာခြားနေခဲ့ပြီ ဖြစ်၏။ခုလက်ရှိတွင် သူက သေမျိုးကျောင်းတော်သားတစ်ယောက်အသွင်နှင့် ပို၍ တူနေ၏။ခုချိန်၌ သူ့ခန္ဓာကိုယ်ထဲ၌ မည်သည့်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေသကဲ့သို့ ထင်မှတ်ရ၏။ထိုအရာက သူ့ကို သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေစေသည်။
သို့သော် သူ့ခန္ဓာကိုယ်ပေါ်တွင် လူများကို သန့်စင်သောခံစားချက် ပေးစွမ်းနေသည့် ရနံ့တစ်ခု ရှိလို့နေ၏။
မျက်လုံးဖွင့်လိုက်ပြီးနောက် ဝမ်လင်းက ပါးစပ်အပြည့် လေမှုတ်ထုတ်လိုက်၏။
“ငါရဲ့ ရှေးဟောင်းနတ်ဆိုးမျိုးနွယ်စမှာ အချိန်ရယ်လို့ စဖြစ်လာတဲ့ အခါထဲက မန္တာန်တစ်ခု ရှိတယ်။ဒီမန္တာန်က ငါ့တို့ကို ကောင်းကင်နဲ့မြေကြီးကို နားလည်စေခဲ့ပြီး ကိုယ်ပိုင်မန္တာန်တွေကို ပြုလုပ်နိုင်စေခဲ့တယ်။ဒီမန္တာန်က တစ်ခြားသက်ရှိပုံစံတွေပေါ်မှာလည်း အသုံးပြုနိုင်တယ်…”
ဝမ်လင်းက စဉ်းစားနေခဲ့သည်။သည့်နောက် သူက မျက်လုံးပြန်မှိတ်လိုက်၏။သူ့ခေါင်းထဲ၌ သူ မီးခိုးရောင်ပုံရိပ်နှင့် ပေါင်းစပ်လိုက်သည့် မြင်ကွင်းဖြင့် ပြည့်နေခဲ့သည်။ခုပြန်တွေးကြည့်တော့ ထိုအဖြစ်အပျက်က အိပ်မက်တစ်ခုလိုပင်။
“မင်းအပြင် ငါက အခြားကျင့်ကြံသူနှစ်ယောက်ကိုပဲ အမွေအနှစ် ပေးခဲ့ဖူးတယ်။ သူတို့နှစ်ယောက်လုံးက နောက်အဆင့်နယ်ပယ်ထဲမှာ တွေ့ကြုံခွင့်ရခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင်မန္တာန်တွေအပေါ်မှာ နားလည်သဘောပေါက်မှု အသစ်တွေ ရရှိခဲ့ကြတယ်။အထူးသဖြင့် ဒုတိယကျင့်ကြံသူပဲ။ သူက ငါမြင်ဖူးသမျှထဲမှာ ပါရမီအမြင့်မားဆုံးပဲ။သူက သူ့ကိုယ်ပိုင်မန္တာန်ကိုတောင် ပြုပြင်နိုင်ခဲ့တာ…”
“ဒီကောင်လေးရဲ့ ပါရမီအရည်အချင်းက ငါ့ရှေးဟောင်းနတ်ဆိုးကလန်ထက် ဘယ်နည်းနဲ့မှ အားနည်းစရာ မရှိဘူး…”
ဝမ်လင်းက မျက်လုံးမှိတ်၍ တည်ငြိမ်စွာ မေးလိုက်၏။ “ဘယ်သူလဲ…”
“သူ့နာမည်ကတော့ စွန်ယွမ်…ငါထင်တာတော့ မင်းလည်း သူ့နာမည်ကို ကြားဖူးချင် ကြားဖူးမှာပေါ့…”
“စွန်ယွမ်…” ဝမ်လင်းက မျက်လုံးပြန်ဖွင့်လိုက်၏။အနည်းငယ် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။ “စီနီယာ ရှေးဟောင်းနတ်ဆိုး…ငါတို့ သဘောတူညီမှုရဲ့ နောက်ဆုံးတစ်ခု ကျန်သေးတယ်နော်…”
နဂါးရေကန်ထဲ၌ နတ်ဆိုးလေညင်းတစ်ခု ပေါ်လာကာ ဝဲကတော့တစ်ခု ဖြစ်တည်လာသည်။သည့်နောက် အလွန်နတ်ဆိုးဆန်သော လူငယ်တစ်ယောက်၏ အသွင် ပေါ်လာခဲ့လေ၏။
ထိုလူငယ်၏ သတိပြုမိနိုင်ဆုံးအရာမှာ သူ၏ နတ်ဆိုးဆန်သော အစိမ်းရောင်မျက်လုံးတစ်စုံပင်။သူ ထွက်ပေါ်လာသည်နှင့် သူက ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ဆိုလာသည်။ “ငါက မင်းကို ပေးထားတဲ့ ကတိကို မမေ့ပါဘူး။မင်း ဆင်ခြင်မှု ပြုနေစဉ်အတွင်းမှာ ငါက စေတီထဲက နတ်ဘုရားအာရုံရဲ့ ခန္ဓာကိုယ်ကို မန္တာန်တစ်ခု အသုံးပြုပြီး ရှာခဲ့တယ်…”
လူငယ်က စကားပြောနေရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်၏။သူ့လက်ဝှေ့ယမ်း လိုက်သောနေရာ၌ အလင်းစက်များ ပေါ်လာကာ ထိုအလင်းစက်များ ပေါင်းစပ်၍ ပုံရိပ်တစ်ခု ဖြစ်ပေါ်သွားသည်။
ထိုပုံရိပ်သည် ကြီးမားလှသည့် ချောက်နက်ကြီးတစ်ခု ဖြစ်နေ၏။ထိုချောက်နက်ထဲမှ အနက်ရောင်အခိုးငွေ့အမျှင်တန်းများက တရစပ် ထွက်ပေါ်နေ၏။ထိုအနက်ရောင်အခိုးငွေ့ အမျှင်တန်းများက ပုံရိပ်ကိုပင် တုန်ခါလာစေသည်။
“ဒီနေရာကို ဒီလှိုင်းအသူတရာချောက်လို့ မင်းတို့ ကျင့်ကြံသူတွေ ခေါ်ကြတယ်။မင်း မိတ်ဆွေရဲ့အော်ရာက အဲ့နေရာမှာ ရှိနေတယ်။ဒီ ဒီလှိုင်းအသူတရာချောက်မှာ ဝင်ပေါက်ခြောက်ခုသာ ရှိတယ်။ ရေနတ်ဆိုးနိုင်ငံက ဝင်ပေါက်ကို သွားလိုက်ပါ…အဲ့နေရာက မင်းမိတ်ဆွေနဲ့ အနီးဆုံးနေရာပဲ”
ဝမ်လင်းက ထိုပုံရိပ်ကို ကြည့်နေသည်။အနည်းငယ် စဉ်းစားပြီးနောက် သူက မေးလိုက်၏။ “ဒီ ဒီလှိုင်းအသူတရာချောက်က ဘာများလဲ စီနီယာ…”
လူငယ်က အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် ပြောလိုက်၏။ “အာကာသဟင်းလင်းပြင်ထဲမှာ ဒီလိုမျိုးနေရာတွေ ရှိတယ်။အဲ့နေရာတွေက ဟင်းလင်းပြင် သူ့ဟာသူ အကြိမ်ကြမ် ပြိုကျပျက်စီးခဲ့တဲ့ နေရာတွေပဲ။ဟင်းလင်းပြင်က အမြဲလိုလို ပြိုကျနေတာကြောင့် ဥမင်လမ်းကြောင်းတစ်ခုက ဒီလိုနေရာတွေကို ဖြစ်တည်စေခဲ့တာပဲ။ ဒီဥမင်လမ်းကြောင်းထဲမှာဆိုရင် အံ့မခန်းစုပ်အားတစ်ခု ရှိလို့နေတယ်…”
“ဒီ ဒီလှိုင်းအသူတရာချောက်ကလည်း ဒီလိုမျိုး နေရာတစ်ခုပဲ…”
ရှေးဟောင်းနတ်ဆိုး ပေလောက ဆက်၍ မပြောတော့ပေ။ဝမ်လင်းသည်လည်း ဆက်၍ မမေးတော့ချေ။ဝမ်လင်းက ပေလောသည် သူ့ကို အများကြီး ဖုန်းကွယ်ထားမှန်း ခံစားမိနေသည်။သို့ရာတွင် ပေလောက သူ့ကို မပြောလိုသည့်အတွက် သူမေးလည်း အပိုပင် ဖြစ်ပေလိမ့်မည်။
ဝမ်လင်းက နောက်ထပ် ထပ်မေးလိုက်၏။ “ဝင်ပေါက် ခြောက်ခု ရှိတယ်ဆိုတော့ ထွက်ပေါ်တွေကလည်း တူတူပဲလား…”
လူငယ်က ပြုံးယောင်သန်းသွား၏။သည်အပြုံးက အနည်းငယ်တော့ နတ်ဆိုးဆန်နေသေးသည်။သူက ပြောလိုက်၏။ “ထွက်ပေါက်ကတော့ တစ်ခုတည်း ရှိတာ။ဒါက မီးနတ်ဆိုးနိုင်ငံမှာ ရှိတယ်…”
သူက ပြောနေရင်းဖြင့် ပုံရိပ်ထံသို့ ညာလက်ဆန့်ထုတ်လိုက်သည်။ ပုံရိပ်က ပျက်စီးလို့သွား၏။သို့ရာတွင် သူက အလင်းစက်များကို ဖမ်းယူကာ ၎င်းတို့ကို လက်ညွှိုးအရွယ် ကျောက်စိမ်းပြားတစ်ခု အဖြစ်သို့ ပြောင်းလဲလိုက်၏။သည့်နောက် သူက လက်ဝှေ့ယမ်းကာ ထိုကျောက်စိမ်းပြားကို ဝမ်လင်းထံသို ပစ်ပေးလိုက်၏။
“ဒါကို ယူလိုက်…မင်းနတ်ဘုရားအာရုံနဲ့ ဒီထဲကို ဝင်ကြည့်နိုင်တယ်။ ဒီ ဒီလှိုင်းအသုတရာချောက်ထဲက အရာအားလုံးကို မြင်တွေ့နိုင်ဖို့ ငါ့မြင်နိုင်စွမ်းကို မင်းရှိ ငှားပေးလိုက်မယ်။ ဒါက ငါတို့သဘောတူညီမှု ပြည့်စုံစေတဲ့အတွက် မင်းကို လက်ဆောင်ပေးတာ…”
ဝမ်လင်းက ထိုကျောက်စိမ်းပြားကို ဖမ်းယူလိုက်သည်။ သည့်နောက် သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်…စီနီယာ ရှေးဟောင်းနတ်ဆိုး…”
လူငယ်က ပြုံး၍ ခေါင်းယမ်းလိုက်သည်။ သူက ပြောလိုက်၏။ “ငါကလည်း မင်းကို ကျေးဇူးတင်ရမှာပါ။ မင်း သွားသင့်ပြီ…ငါ တံခါးပိတ်ကျင့်ကြံတော့မယ်…”
ဝမ်လင်းက မတ်တပ်ရပ်လိုက်သည်။သည့်နောက် သူက ရှေ့သို့ ခြေလှမ်းကာ ပျောက်ကွယ်သွားပြီး နဂါးရေကန်ကနေ ထွက်ခွာသွားတော့သည်။
လူငယ်က ဝမ်လင်းထွက်ခွာသွားသော အရပ်သို့ ကြည့်လိုက်၏။သူ့မျက်လုံးများက နတ်ဆိုးအလင်းကို ပေးစွမ်းနေသည်။
“ငါက အခြားရှေးဟောင်းနတ်ဆိုး ခုနစ်ယောက်ကို စုပ်ယူနိုင်ဖို့ နှစ်တစ်ရာလောက် အချိန်ယူရဦးမယ်။ ဒီလို ဖြစ်လာပြီးရင် ငါ ရှေးဟောင်းနတ်ဆိုးပေလောက ပြန်လည်မွေးဖွားလာပြီ။ ရှေးဟောင်းနတ်ဆိုးမိစ္ဆာ ထာကျား…အတိတ်တုန်းက တိုက်ပွဲပြီးတဲ့နောက် မင်းက ဆုလဒ်ကို လုယူသွားခဲ့တယ်။ ငါက ဒီနှစ်တစ်ရာအတွင်းမှာ မင်း ဘယ်လောက်များ ပြန်ကောင်းမွန်လာလဲ မြင်တွေ့ချင် နေမိပြီ…”
“ဒါ့အပြင် ဒီကောင်လေးလည်း ရှိသေးတယ်။ သူ့စိတ်ဝိညာဉ်ထဲမှာက ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာတစ်ခု ရှိနေတယ်။ဒီအော်ရာက အလွန်ဖျော့တော့နေပေမဲ့လည်း သန့်စင်လွန်းလှတယ်။ဒါက ငါရဲ့ ရှေးဟောင်းနတ်ဆိုးကလန်နဲ့ ရှေးဟောင်းနတ်ဆိုးမိစ္ဆာကလန်တို့ အတွက်တော့ ကြီးကျယ်တဲ့ ဆေးတစ်ခွက်ပဲ…”
“ဒါပေမဲ့လည်း ဒီအော်ရာက ပိုသန့်စင်နေလေလေ ငါက ဒါကို ဝါးမြိုပစ်ဖို့ ပို မဝံ့မရဲ ဖြစ်လေလေပဲ…”
လူငယ်က ထိုအော်ရာ အကြောင်းကို တွေးမိသည်နှင့် သူ့နှလုံးသားက တုန်ယင်ရလေသည်။
“ရှေးဟောင်းနတ်ဘုရား..အာ…ရှေးဟောင်းအမိန့် နှစ်ပိုင်းကွဲသွားချိန်တုန်းက ဒီရှေးဟောင်းနတ်ဘုရားကလန်က စွမ်းအားအများစုကို ရရှိခဲ့ကြတယ်…၊ဒီကောင်လေးထဲမှာ ရှိနေတဲ့ အော်ရာကလည်း အလွန်အမင်း စွမ်းအားကောင်းလှတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ ဒီအော်ရာကို ချန်ထားခဲ့တဲ့လူက အနည်းဆုံး ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လိမ့်မယ်။ ကြယ်ကိုးလုံးတောင် ဖြစ်နေနိုင်သေးတယ်။ ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရား…။ငါက ရှေးဟောင်းနတ်မိစ္ဆာနဲ့ အတူပူးပေါင်းမယ် ဆိုရင်တောင် ဒီရှေးဟောင်းနတ်ဘုရားက ငါတို့ နှစ်ယောက်ကို အလွယ်လေး သတ်ပစ်နိုင်လိမ့်မယ်…”
“အရေးကြီးဆုံးက ဒီအော်ရာထဲမှာ ကောင်းစွာဖုံးကွယ်ထားတဲ့ စိတ်ဆန္ဒတစ်ခု ရှိနေတာပဲ။ဒီစိတ်ဆန္ဒက ငါ့ ခံစားမိတဲ့ အခိုက်မှာတောင် ငါ့ကို တုန်ယင်စေခဲ့တယ်။ ဒီလိုခံစားမှုမျိုးက ပေးစွမ်းနိုင်တာက တော်ဝင်သွေးမျိုးဆက်သာ ရှိတယ်…”
“ဒီအော်ရာကြောင့်သာ ငါက သူ့သွေးကို ငှားယမ်းပြီးတဲ့နောက် ပုံစံဖြစ်ပေါ်နိုင်စွမ်း ရှိခဲ့တာ ။သူ့ စိတ်ပြိုလဲပျက်စီးသွားမှာကိုလည်း ဒီအော်ရာကြောင့်သာ မပူပန်ခဲ့ရတာ။အတိတ်တုန်းက ငါက ဒါနဲ့ပတ်သတ်လို့ သူ့ကို အမှန်တိုင်း မပြောပြခဲ့ဘူး။ တစ်စုံတစ်ယောက်က ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာ ရှိနေမယ်ဆိုရင်တောင်မှ တော်ဝင်သွေးမျိုးဆက် မပါဝင်ရင် ဒါက ငါ့အတွက် ပုံစံ ဖြစ်ပေါ်ဖို့ လုံလောက်မှာ မဟုတ်ဘူး…”
“ငါနဲ့ ရှေးဟောင်းနတ်ဆိုးမိစ္ဆာ ထာကျားက ခုထိ အသက်ရှင်နေသေးတယ် ဆိုတော့ ရှေးဟောင်းနတ်ဘုရားတစ်ပါးကလည်း အသက်ရှင်နိုင်နေသေးတာပဲ။ငါက ဒီအော်ရာကို ထုတ်ယူပြီး စုပ်ယူလိုက်မယ်ဆိုရင် အနာဂတ်မှာ ပြဿနာမျိုးစေ့တစ်ခုကို စိုက်ပျိုးမိသလို ဖြစ်သွားနိုင်တယ်…”
“ဒါပေမဲ့လည်း ငါကသာ ဒီလို စိတ်ပူပန်မှု ရှိနေပေမဲ့ ရှေးဟောင်းနတ်ဆိုးမိစ္ဆာ ထာကျားကတော့ ဒီလို ငြင်းဆန်နေပါ့မလား ငါ သေချာမသိဘူး…”
ဒီလှိုင်းအသူတရာချောက်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အလွန်ထူးဆန်းအံ့ဖွယ် နေရာတစ်ခု ဖြစ်သည်။ထိုချောက်က အပြင်ဘက်မှ ဒီရေလှိုင်း၏ ရင်းမြစ်လည်း ဖြစ်နေသည်။မရေမတွက်နိုင်သော နှစ်များစွာ ကြာလာပြီးနောက် ရတနာများစွာ၊စိတ်ဝိညာဉ်ကျောက်တုံးများစွာနှင့် စိတ်ဝိညာဉ်သားရဲများစွာ တို့သည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲသို့ စုပ်ယူခြင်း ခံခဲ့ရကာ ထိုချောက်ထဲသို့ ရောက်ရှိသွားခဲ့ကြပေသည်။
သည်အခိုက်အတန့်၌ ဒီလှိုင်းအသူတရာချောက် အနက်ပိုင်း၌ ထူထဲသော အနက်ရောင်မြူထုတစ်ခု ရှိလို့နေသည်။ထို အနက်ရောင်မြူလွှာအတွင်းပိုင်း၌ ပေတစ်ထောင်ခန့် ကျယ်ဝန်းသော ကုန်းမြေပေါ်တွင် လူအချို့ ထိုင်နေကြ၏။
ထိုလူများထဲမှ တစ်ယောက်က သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည်။သည်လူက အလွန်ကြည့်ကောင်းလှ၏။သို့သော် သူ့ထံမှ ရည်မှန်းချက်ပြင်းပြသောအော်ရာကို ပေးစွမ်းနေ၏။
သူက အလယ်တွင် ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။ သူ့အသွင်ကလည်း အေးစက်လို့နေသည်။သူ့ခန္ဓာကိုယ် ပြင်ပတွင် သေဆုံးခြင်းစွမ်းအင်အမျှင်တန်းများက လှည့်ပတ်နေ၏။ သူက ထူးဆန်းသောပုံပန်းသဏ္ဌာန်ရှိသည့် ဦးခေါင်းခွံတစ်ခုကို ကိုင်ဆောင်ထားကာ ၎င်းဦးခေါင်အား အဆက်မပြတ် ပွတ်သပ်နေသည်။
သူ့မျက်လုံးများကတော့ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေ၏။သူ့မျက်လုံး ဖွင့်လိုက်ချိန်တွင် အလွန်နက်မှောင်သော အကြည့်ကို ထုတ်လွှတ်နေ၏။ထိုအကြည့်ကို မျက်နှာချင်းဆိုင် ကြည့်မိသူသည် သူ့နှလုံးသားပင် ယိုင်နဲ့သွားရနိုင်၏။
သူ့ဘေးတွင်တော့ ကြာပွင့်သဏ္ဌာန်ထိုင်နေကြသော လူလေးယောက် ရှိနေ၏။သည်လေးယောက်လုံးက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် ဓားကြီးများ လွဲထားကြသည်။သူတို့တစ်ယောက်ချင်းစီ၏ သွင်ပြင်များကလည်း သုန်မှုန်ကာနေ၏။
ထိုအခိုက်အတန့်၌ သူတို့ရှေ့ရှိ အနက်ရောင်မြူလွှာက ရုတ်တရက် အလိပ်လိပ် လှုပ်ရှားလာ၏။ပုံရိပ်တစ်ခုက ထိုမြူထဲမှ ထွက်လာကာ အပြာရောင်ဝတ်စုံနှင့်လူတစ်ယောက်အသွင် ပေါ်ထွက်လာ၏။သူ့မျက်နှာပေါ်၌ ခါးသီးနေဟန်ပေါ်နေကာ သူက ပြောလာ၏။ “စီနီယာ လောဘကြီး…ဒီမြူထဲမှာ ရှိတဲ့ သားရဲတွေက ထွက်မသွားသေးဘူး။ ဒီကောင်တွေက အရင်ထက်တောင် ပိုများလာနေသေးတယ်…”
ထိုသက်လတ်ပိုင်းလူကြီးမှာ လောဘကြီး ဖြစ်ပေ၏။
သူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ငါက ဒီနေရာကို လျော့တွက်ခဲ့တယ်။ ဒီနေရာမှာ ရှိတဲ့ သားရဲတွေ အကုန်လုံးက အာကာသဟင်းလင်းပြင်ကြီးထဲကနေ ဒီအထိ စုပ်ယူခံလိုက်ရတာ။ ဒီနေရာရဲ့ ထူးဆန်းတဲ့အားကြောင့် သူတို့ရဲ့ ခွန်အားက ပိုကောင်းလာခဲ့တယ်။ဒီနေရာက အားကောင်းတဲ့သားရဲတွေအတွက် သဘာဝနေရာတစ်ခုလိုပဲ…”
သည်အခိုက်အတန့်၌ တာ့လော့ဓားကလန်မှ တပည့်တစ်ယောက်က ပြောလိုက်သည်။ “စီနီယာ လောဘကြီး…ဒီမှာ သားရဲတွေ အများကြီး ရှိနေတယ်။ တစ်ကောင်စီကလည်း အလွန်အမင်း ကြမ်းကြုတ်လှတယ်။သာမန်အားဖြင့် ဒီလိုသားရဲမျိုးတွေက ကျော်ကြားသင့်တယ်လေ။ ဒါပေမဲ့လည်း ဂျူနီယာက အချိန်အတန်ကြာ တွေးကြည့်တာတောင်မှ ဒီသားရဲတွေကို ဘာအမျိုးအစားမှန်း မသိ ဖြစ်နေတယ်…”
သည်လူက စိတ်ဝင်စားစရာကောင်းသော အနေထားဖြင့် ထိုင်နေခြင်း ဖြစ်သည်။အခြားတပည့်များက သူ့ကို ဗဟိုပြုထားကာ ထိုင်နေကြခြင်း ဖြစ်သည်။
လောဘကြီးက ထိုလူ့ကို ကြည့်သည်။သူက ခုစကားပြောလိုက်သောသူသည် သည်တပည့်များ၏ နှလုံးသားထဲ၌ မြင့်မားသောအဆင့်အတန်းတွင် ရှိနေသည်ကို သိထားသည်။အကြောင်းကတော့ သူက သည်တပည့်များ၏ စီနီယာခေါင်းဆောင် ချန်လုံ ဖြစ်နေသောကြောင့်ပင်။
သည်လူက တာ့လော့ဓားကလန်မှ ဓားသူတော်စင်လင်းထျန်ဟူ၏ ချစ်တပည့်တစ်ယောက် ဖြစ်သည်။သူက အလွန်လည်း ဉာဏ်များလှသူ ဖြစ်သည်။သူ့ ကျင့်ကြံမှုအဆင့်ကို ကောင်းစွာ ဖုံးကွယ်ထားသည်ဟုပင် လောဘကြီးက အချို့သဲလွန်စများကြောင့် ပြောနိုင်ပေသည်။အပြင်ပိုင်း၌ သည်လူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်သာ ဖြစ်သော်လည်း အမှန်တော့ အာဏာတက်ခြင်းအစောပိုင်းအဆင့်လောက်တွင် ရှိနေ၏။သူက လင်းထျန်ဟူတပည့် ဓားဆယ့်နှစ်လက်ကြားတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးမဟုတ်သော်လည်း အာဏာတက်ခြင်းအလယ်အဆင့်ဖြစ်သူ ချုံနူးပင် သူ့အား အလွန်လေးစားနေ၏။
ချန်လုံစကားများကို ကြားလိုက်ရပြီးနောက် လောဘကြီးက အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။ “ဒီသားရဲတွေက တကယ့်ကို ထူးဆန်းလှတယ်။ ငါက ဒီသားရဲမျိုး အရင်က လုံးဝ မမြင်ခဲ့ဖူးဘူး။အာကာသဟင်းလင်းပြင်က အဆုံးမရှိတဲ့အတွက် ကျင့်ကြံသူတွေအဖို့ သက်ရှိပုံစံအားလုံးကို သိနေနိုင်ဖို့ မဖြစ်နိုင်ဘူး…”
“ဒီသားရဲတွေက နှစ်ပေါင်းငါးထောင်ကြာတိုင်း တစ်ကြိမ် ဖြစ်ပွားတဲ့ ဒီရေလှိုင်းရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတာ ဖြစ်တယ်။ဒါ့ကြောင့် သူတို့က ဒီနေရာကို ရောက်နေတာ အချိန်ကြာမြင့်လွန်းနေလောက်ပြီ။ ဒါ့ကြောင့်လည်း ဒီသားရဲကို ခွဲခြားမသိတာ အံဩစရာတော့ မဟုတ်ပါဘူး…”
ချန်လုံက ဆက်လက်၍ စကားမဆိုတော့ပေ။လူတိုင်းက တိတ်ဆိတ်စွာ စဉ်းစားနေကြ၏။
အနက်ရောင်မြူများအတွင်းမှ စူးရှရှအသံလှိုင်းများက ဖြည်းဖြည်းချင်း ထွက်ပေါ်နေသည်။အနက်ရောင်မြူအစွန်း၌ ဆယ်ပေကျော်လောက် ရှိသော သားရဲတစ်ကောင် ရှိနေ၏။ထိုသားရဲတွင် အမွှေးအမျှင်အနက်များနှင့် ချွန်မြသောပါးစပ် တစ်ခု ပိုင်ဆိုင်ထားသည်။၎င်းသားရဲက အတောင်ပံ့များကို ဖြန့်ကာ သည်ဧရိယာတွင် လှည့်ပတ်နေ၏။
၎င်း၏ အနီရောင်မျက်လုံးများက အေးစက်စက်အလင်းကို ထုတ်လွှတ်နေကာ လူတိုင်း၏နှလုံးကို တုန်ယင်စေနိုင်သည်။
ဝမ်လင်းသာ သည်သားရဲများကို တွေ့ပါက သူက ၎င်းတို့ကို ခြင်သားရဲများအဖြစ် ချက်ခြင်း သိပေလိမ့်မည်။သို့ရာတွင် သည်သားရဲများက ခရမ်းရွှေရောင် ရှိလို့မနေချေ။
***