Switch Mode

အခန်း (၄၈)

ကျွန်တော့ရဲ့ အားသာချက်ကို ပြောရရင် နိမ့်ချနေတတ်တာပဲ

အပိုင်း(၄၈) ကျွန်တော့ရဲ့ အားသာချက်ကို ပြောရရင် နိမ့်ချနေတတ်တာပဲ

မဟာနေမင်းဘီးနှင့် ကျောက်စိမ်းနဂါးဓားနှစ်ခုလုံးမှာ လူသိများကျော်ကြားသော အစွမ်းထက် စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်နှစ်ခုဖြစ်သည်။

သူတို့၏မိသားစုနောက်ခံကြောင့်သာ မဟုတ်လျှင် ရန်ကျောက်ကဲနှင့် ရှောင်ရှန်းကဲ့သို့ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ထိုကဲ့သို့ အဆင့်နိမ့် စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက် ပိုင်ဆိုင်ရန် ခက်ခဲသည်။

အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်လက်နက်များမှာမူ ရန်ကျောက်ကဲ၏အဖေနှင့် ရှောင်ရှန်း၏အဘိုးတို့တွင် အများအပြားရှိသည်မှာ သဘာဝပင်ဖြစ်သည်။

သို့ရာတွင် ရန်ကျောက်ကဲ၊ ရှောင်ရှန်းတို့၏ လက်ရှိ ကျင့်ကြံမှုဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သူတို့ အသုံးပြုနိုင်သော အဆင့်နိမ့် စိတ်ဝိဉာဉ်အဆင့်ဝိဉာဉ်လက်နက် အနည်းစုသာရှိသည်။

အထွတ်အမြတ်ဝိဉာဉ်လက်နက်ကို မဆိုထားနှင့်။ အဆင့်မြင့်နှင့် အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်လက်နက်တို့၏ စွမ်းအားကိုပင် သိုင်းပညာရှင်အဆင့်မျှဖြင့် ထုတ်ဖော်အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

ဝိဉာဉ်လက်နက်ဟူသည် အသိစိတ် ပိုင်ဆိုင်ကာ ထိုအချက်ကြောင့်ပင် သာမာန်လက်နက်များထက် အဆင့်မြင့်နေခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက မဟာနေမင်းဘီးအား စစ်ဆေးနေသည်ကို မြင်ရသောအခါ ဖန်းယွမ်ရှန်းက အံ့ဩမိနေခြင်းဖြစ်သည်။

ဝိဉာဉ်လက်နက်များသည် အသိစိတ်ရှိသည့်အတွက် သီးခြား ရပ်တည်နိုင်သည်။

အနည်းဆုံးတော့ တစ်ဖက်လူမှာ သိုင်းဆရာသခင်တစ်ယောက်မဟုတ်လျှင် စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်၏ပိုင်ရှင်ကို ပြောင်းလဲရန် ခက်ခဲသည်။

ထိုအခိုက်တွင် မဟာနေမင်းဘီးမှာ ကျောက်စိမ်းနဂါးဓား၏ ဖိနှိပ်ခြင်းကို ခံနေရကာ ရန်ကျောက်ကဲအား သူ့သခင်အဖြစ် မသတ်မှတ်သေးပေ။

ကျောက်စိမ်းနဂါးဓား၏ ဖိနှိပ်ထားမှုကြောင့်သာ မဟုတ်လျှင် မဟာနေမင်းဘီးသည် သူ့သခင် ရှောင်ရှန်းနောက်သို့ ပျံသန်းသွားလောက်ပြီ ဖြစ်သည်။

ယခု ရန်ကျောက်ကဲသည် မဟာနေမင်းဘီးကို ထိန်းချုပ်ရန် အခွင့်အရေးရချေပြီ။ တချိန်တည်းမှာပင် သူ့ကျောက်စိမ်းနဂါးဓားကို အသုံးပြုကာ မဟာနေမင်းဘီး ပျံပြေးမသွားစေရန် တားဆီးထားသည်။

စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်နှစ်ခုသည် အပြန်အလှန် ဖိနှိပ်နေကြသည်။ ဤပြဿနာကို အရင် မဖြေရှင်းနိုင်လျှင် မဟာနေမင်းဘီး မဆိုထားနှင့်၊ ကျောက်စိမ်းနဂါးဓားကိုပင် ရန်ကျောက်ကဲ အသုံးပြုနိုင်လိမ့်မည်မဟုတ်ပေ။

စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်ကို အသုံးမပြုနိုင်ပါက သူ့တိုက်ခိုက်ရေးစွမ်းအားမှာ အတော်အသင့် လျော့ကျသွားနိုင်သည်။

သိုင်းပညာရှင်တစ်ယောက်အတွက် အဆင့်နိမ့် စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်ဟူသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူ တစ်ယောက်အတွက် သာမာန်ဝိဉာဉ်လက်နက်တစ်ခုကဲ့သို့ အဖိုးထိုက်တန်ပေသည်။စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်တစ်ခုက သူ့ရှေ့ ရောက်လာလေရာ ရန်ကျောက်ကဲကလည်း ထိန်းသိမ်းထားရပေမည်။ သို့တိုင်အောင် သူ့လက်ရှိအခြေအနေဖြင့် ရန်သူအား ရင်ဆိုင်ရပါက အတော် ကို့ယို့ကားယားနိုင်ပေသည်။

“ဟာ….” ရန်ကျောက်ကဲက မဟာနေမင်းဘီးနှင့် ကျောက်စိမ်းနဂါးဓားတို့အနားသို့ ချည်းကပ်သွားပြီး လက်တစ်ဖက်စီဖြင့် စိတ်ဝိဉာဉ်လက်နက်တစ်ခုစီအား ဆုပ်ကိုင်လိုက်သည်ကို မြင်ရသောအခါ ဖန်းယွမ်ရှန်း အနည်းငယ် ကြောင်အသွားသည်။

မဟာနေမင်းဘီးက ကျယ်လောင်စွာ မြည်ဟီးကာ ခက်ထန်သော အရောင်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် ၎င်းမှာ အိပ်မောကျနေသော သိုင်းဆရာသခင်တစ်ယောက် ရုတ်ချည်း လန့်နိုးလာသကဲ့သို့ ဖြစ်သည်။

ကျောက်စိမ်းနဂါးဓားသည်လည်း တူညီစွာ တုံ့ပြန်သည်။ စိတ်ဝိဉာဉ်လက်နက်နှစ်ခုမှာ တစ်ကျော့ပြီးတစ်ကျော့ ရုန်းကန်တိုက်ခိုက်နေကြရာ အနိုင်ရသူ ထွက်ပေါ်မလာသေးပေ။

အမူအရာ မပြောင်းလဲဘဲ ရန်ကျောက်ကဲက သူ့လက်များကို ပြန်ရုတ်လိုက်သည်။

ထို့နောက် သူ့လက်ဆယ်ချောင်းလုံးကိုသုံးကာ စိတ်ဝိဉာဉ်လက်နက်များကို ညင်သာစွာ ပွတ်သပ်၍ သူ့လက်ဆစ်များဖြင့် ထူးဆန်းသော ကြိမ်နှုန်းအတိုင်း ဖြေးညင်းစွာ ခေါက်လိုက်သည်။

ကျောက်စိမ်းနဂါးဓားနှင့် မဟာနေမင်းဘီးတို့သည် နောက်တစ်ကြိမ် အနည်းငယ် တုန်ခါသွာ၏။

ရန်ကျောက်ကဲ၏မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ချက်လက်သွားပြီး လုံးဝ မတူညီသော ကမ္ဘာတစ်ခုသို့ ရောက်သွားသည့်အလား သူ့ရှေ့မှ မြင်ကွင်းသည်လည်း ပြောင်းလဲသွားသည်။

ထိုကမ္ဘာထဲတွင် ရွှေရောင်နေလုံးကြီးက ကောင်းကင်တွင် ရပ်တည်နေကာ ကျောက်စိမ်းရောင်နဂါးက ၎င်း၏ပတ်လည်တွင် ခွေနေသည်။

ရန်ကျောက်ကဲထံမှ အဆက်မပြတ် တီးခေါက်သံများ၏ လွှမ်းမိုးမှုအောက်တွင် စိတ်ဝိဉာဉ်လက်နက်နှစ်ခုမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

စိတ်ဝိဉာဉ်လက်နက်နှစ်ခုမှာ အပြန်အလှန် မဖိနှိပ်တော့ဘဲ တည်ငြိမ်လျက်ရှိသောအခြေအနေသို့ ရောက်ရှိသွားသည်။

ဖန်းယွမ်ရှန်းက သူမ၏ပါးစပ်ကို အနည်းငယ် ဖွင့်၍ ရေရွတ်လိုက်သည်။ “မဟာနေမင်းဘီးကို လျင်လျင်မြန်မြန်နဲ့ ငြိမ်သက်သွားအောင် သူ ဘယ်လို လုပ်လိုက်တာလဲ”

“ဒီလိုနည်းကို တစ်ခါမှ မကြားဖူးဘူး”

အသိပြန်ဝင်လာသောအခါ ဖန်းယွမ်ရှန်းက အံ့ဩတကြီး ချီးကျူးလိုက်သည်။ “ကျွန်မက အရှင်ရဲ့ ကျော်ကြားတဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ၊ ဒါပေမယ့် ဒီနေ့ မြင်လိုက်ရတော့ ကောလဟာလတွေက ချဲ့ကားထားတာမဟုတ်ဘဲ ခေတ်နောက်ကျနေပါသေးတယ်”

“ကြားရတာက မြင်ရတာလောက် မကောင်းပါဘူး၊ ဒီစကားပုံကို ကလေးဘဝကတည်းက ကြားဖူးလာတာ၊ ဒီနေ့မှပဲ ဒီစကားပုံရဲ့ အဓိပ္ပာယ်ကို အနက်ရှိုင်းဆုံး ခံစားမိတော့တယ်”

ရန်ကျောက်ကဲက စိတ်ဝိဉာဉ်လက်နက်နှစ်ခုကို သိမ်းဆည်းလိုက်ပြီး လက်ဖျောက်တီးလိုက်သည်။ “လူတစ်ယောက်အနေနဲ့ ငါ့မှာ အားသာချက်တွေ အများကြီး ရှိတယ်၊ ဒါပေမယ့် ငါ့ရဲ့အကောင်းဆုံး မွေးရာပါ အရည်အသွေးကတော့ နိမ့်နိမ့်ချချနေတတ်တာပဲ”

“အနာဂတ်မှာ မင်းရဲ့အတွေးတွေက ခေတ်နောက်ကျနေပြီဆိုတာ ဖြည်းဖြည်းချင်း သိလာလိမ့်မယ်”

ဖန်းယွမ်ရှန်းက ညင်သာစွာပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပါပြီရှင်၊ ကျွန်မ စောင့်ကြည့်ပါမယ်”

သူမက မေးခွန်းတစ်ခု ဆက်လက် မေးမြန်းလိုက်သည်။ “ဟုတ်သားပဲ၊ ရှင် ရုတ်တရက် အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်ကို ချိုးဖြတ်တာတွေ့တော့ ဘာလို့ သူတို့တွေအကုန် အံ့အားသင့်ကုန်တာလဲ၊ ဒီလိုဖိအားများတဲ့ အခြေအနေမျိုးမှာ အဆင့်တက်တာ ရှားပါးပေမယ့် မကြားဖူးတဲ့အရာတော့ မဟုတ်ဘူးလေ”

“ကျွန်မသိထားတာအရဆို သေရေးရှင်ရေးအခြေအနေတွေက ဖိအားကို အသုံးချပြီး အဆင့်တက်ဖို့ တချို့ဆို သေရေးရှင်ရေးအခြေအနေတွေကိုတောင် သီးသန့်ရှာဖွေကြတယ်”

ရန်ကျောက်ကဲ၏ဘေးမှ အနက်ရောင်ဝတ်လူတစ်ယောက်က ဝင်ပြောလိုက်သည်။ “မင်းသားက အပြင်ပိုင်းကြယ်တာရာချီအစောပိုင်းအဆင့်ကို ရောက်တာ တစ်လတောင် မကြာသေးဘူး”

ထိုလူများသည် ရန်ကျောက်ကဲ သွားလေရာသို့ လိုက်ပါစောင့်ရှောက်ကြသူများဖြစ်ကြရာ ရန်ကျောက်ကဲ မယုံနိုင်စရာ အဆင့် တက်သွားသည်ကို မြင်ရသောအခါ သူတို့အကုန်လုံး သစ်သားကြက်ရုပ်များကဲ့သို့ ကြက်သေသေကုန်ကြသည်။ သူတို့၏ အံ့အားသင့်မှုမှာ နေသူတော်စင်ဂိုဏ်းတပည့်များထက်ပင် ပိုမို ကြီးမားလေသည်။

အနက်ရောင်ဝတ်လူ၏ စကားကို ကြားသောအခါ ဖန်းယွမ်ရှန်းသည် တစ္ဆေတစ်ကောင် မြင်တွေ့နေရသည့်အလား ရန်ကျောက်ကဲအား ကြည့်နေသည်။

စက္ကန့်ဝက်ခန့်ကြာပြီးနောက် သူမ မေးမြန်းလိုက်သည်။

“ရှင် လူရော ဟုတ်ရဲ့လား”

ရန်ကျောက်ကဲက သူမ၏မေးခွန်းကို မဖြေဘဲ ရယ်ရုံသာ ရယ်မောနေသည်။

ဖန်းယွမ်ရှန်းက လေအေးတရှိုက် ရှုသွင်းလိုက်ပြီး အချိန်အတော်ကြာမှ သူမ အသိပြန်ဝင်လာသည်။ “ရှင်က ပါရမီရှင် တစ်ယောက်ဖြစ်ပေမယ့် ရှင့်အဖေ ရှင့်အသက်အရွယ်ကနဲ့ ယှဉ်ရင်တော့ လိုသေးတယ်လို့ လူအများက ပြောကြတယ်၊ ဒါပေမယ့် ကြည့်ရတာ ကျင့်ကြံခြင်းစွမ်းရည်အရတော့ ရှင်က ရှင့်အဖေထက် အများကြီး သာလွန်ပုံရတယ်”

မဟာကပ်ဘေးမတိုင်ခင်က အဖြစ်အပျက်များမှာ လုံးဝ ပျောက်ကွယ်သွားလေပြီ။

သို့သော် မဟာကပ်ဘေးပြီးနောက် ပါရမီရှင်များနှင့် ခေတ်ပြိုင်မွန်းစတာအိုကြီးများအနက် ဝါဒတောင်ဂိုဏ်း၏တိုက်ရိုက်တပည့်၊ ရန်ကျောက်ကဲ၏အဖေ ရန်တိသည် အသက်အငယ်ဆုံး သိုင်းပညာရှင်ဖြစ်သလို အသက်အငယ်ဆုံးသော သိုင်းဆရာသခင်လည်းဖြစ်သည်။တစ်ချိန်တည်းမှာပင် သူသည် အသက်အငယ်ဆုံး သိုင်းသူတော်စင်တစ်ယောက်လည်း ဖြစ်လာနိုင်ချေရှိသည်။

ရန်ကျောက်ကဲက ညင်သာစွာ ရယ်မောလိုက်သည်။ ကနဦးအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်သို့ ချိုးဖြတ်ခြင်းသည် အတွင်းပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်သို့ ချိုးဖြတ်ခြင်းနှင့် ယှဉ်လျှင် အများကြီး လွယ်ကူသည်။ဤအရာသည် များပြားလှသော အခွင့်အရေးကောင်းများ၊ ကံကောင်းမှုများနှင့် တွေ့ဆုံခြင်းတို့နှင့် များစွာ သက်ဆိုင်သည်။ အပြင်ပိုင်းကြယ်တာရာချီအစောပိုင်းအဆင့်သို့ ရောက်လျှင်ရောက်ချင်း ရန်ကျောက်ကဲသည် ရိုးတွင်းခြင်စီကို ဒုတိယအကြိမ် သန့်စင်နိုင်ခဲ့သည်။ နက်နဲဝိဉာဉ်ဆေးလုံးက သူ့ကြယ်တာရာချီကို အားဖြည့်ပေးသလို ရေခဲနဂါးအရိုးဝိဉာဉ်များကို ရရှိခြင်းက အရှိန်အဟုန်တစ်ခုဖြစ်လာစေကာ ထိုကဲ့သို့ ကံကောင်းမှုများနှင့် ဆက်တိုက်တွေ့ဆုံခြင်းက သူ့အတွက် အဆင့်ချိုးဖြတ်ရန် အကောင်းဆုံးအနေအထားသို့ ရောက်စေခဲ့သည်။

“ကျားလိုဖခင်က ခွေးလိုအသုံးမကျတဲ့သား မမွေးဘူးလို့ လူတိုင်းက ပြောကြတယ်၊ အဲ့တော့ ငါလဲ တတ်နိုင်သလောက် ကြိုးစားရတာပေါ့၊ အနည်းဆုံးတော့ ငါ့အဖေကို မကျော်ဖြတ်နိုင်တောင် ငါ အရမ်း နောက်ကျနေလို့မရဘူး”

ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “ကျင့်ကြံခြင်းခရီးလမ်းဆိုတာ ဂိတ်တံခါးဝတစ်ခုနဲ့ တူတယ်၊ တချို့လူတွေအတွက် ဂိတ်တံခါးဝဆိုတာ ချောမွေ့တဲ့ မြေပြန့်လိုပဲ အလွယ်တကူ တိုးတက်နိုင်တယ်၊ အခြားလူတွေအတွက်တော့ အဆင့်ပိတ်ဆို့နေပြီး နှစ်ပေါင်းများစွာကြိုးစားရင်တောင် ခြေတစ်လှမ်း မလှမ်းနိုင်ဘဲ ဖြစ်ရင်ဖြစ်လိမ့်မယ်”

“ဒါပေမယ့် အဲ့ဒီ့ဂိတ်တံခါးဝကို ခြေချပြီးတာနဲ့ အရင်တုန်းက နောက်ကျကျန်ခဲ့တဲ့သူတွေကလည်း တစ်သက်လုံး နောက်ကျမကျန်နိုင်ပါဘူး၊ အခြေအနေ ပြောင်းပြန်လှန်ပြီး အရင်က နောက်ကျကျန်နေတဲ့သူတွေကလည်း ရှေ့ဆုံးက ဦးဆောင်နေတဲ့သူတွေကို ကျော်တက်ရင်လည်း ကျော်တက်သွားနိုင်တယ်”

“ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲလေ”

ဖန်းယွမ်ရှန်းက မကျေမချမ်းဖြင့် ရေရွတ်လိုက်သည်။ “ရှင့်လို အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်ကနေ အလယ်အလတ်အဆင့်ကို တစ်လအတွင်း ရောက်သွားတဲ့သူကို တစ်ခါမှ မကြားဖူးဘူး၊ သမိုင်းတစ်လျှောက် ဒါ ပထမဆုံးပဲ ဖြစ်လိမ့်မယ်”

ရန်ကျောက်ကဲက မျက်ခုံးပင့်ပြီး ရယ်မောလိုက်သည်။ “ငါပြောသလိုပေါ့၊ ငါ့ရဲ့ အားသာချက်တွေက အများကြီးပဲ၊ ဒါပေမယ့် နိမ့်နိမ့်ချချနေတာက ငါ့ရဲ့ အကောင်းဆုံးအားသာချက်ပဲ”

ရန်ကျောက်ကဲက ရုတ်တရက် စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ပြောရရင် ငါတို့နှစ်ယောက် ဒီမှာ တွေ့တာ တိုက်ဆိုင်မှု သက်သက်ဟုတ်ပုံမရဘူး”

ရန်ကျောက်ကဲက သူမကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “နဂိုတုန်းက ငါတို့ ဒီကိုရောက်နေတဲ့ ရည်ရွယ်ချက်က မန်ဝမ်ကို ရှာဖွေဖို့ပဲ”

“ငါ့ကို အဲ့လိုမျိုး မကြည့်နဲ့၊ သူမက နေသူတော်စင်ဂိုဏ်းရဲ့ ထူးကဲယင်မိန်းမပျို ဖြစ်သလို ငါကလည်း ဝါဒတောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ၊ ငါ သူမကို ထူးကဲယင်ပြိုင်ပွဲမှာ အနိုင်မရဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတာ သဘာဝပဲလေ”

ရန်ကျောက်ကဲ သူ့မေးစေ့ကို ပွတ်သပ်နေသည်။ “ပြန်တွေးကြည့်ရင် ငါ့ လူတွေ သူမ နောက်ကို ခြေရာခံလိုက်နေတာကို သူမ သတိထားမိတယ်၊ တကယ်တော့ သူမက ငါတို့ မင်းဆီကို ရောက်လာအောင် လမ်းကြောင်းပေးနေတာပဲ”

“အပြင်ကို ထွက်ခဲတဲ့ မန်ဝမ်က နေသူတော်စင်ဂိုဏ်းနယ်မြေထဲက ဘာလို့ ထွက်လာလဲလို့ ငါ စဉ်းစားနေတာ၊ သူမက ဒီကို အကြောင်းပြချက်မရှိဘဲ ရောက်နေတာ မဟုတ်ဘူးပဲ”

ဖန်းယွမ်ရှန်း၏အကြည့်က သိသိသာသာ နူးညံ့လာသည်။ “ဝမ်လေးက ကျွန်မကို ကူဖို့ ဒီကို ရောက်နေတာပဲ၊ ဆရာလည်း ကွယ်လွန်သွားပြီ၊ ရှောင်ရှန်းကိုယ်တိုင် ကျွန်မကို ရှာဖို့ ဂိုဏ်းက ထွက်လာတာ သိလို့ ကျွန်မကို ကာကွယ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူမ လာခဲ့တာပဲ”

“ရှင့်ကို ကျွန်မဆီ ရောက်လာအောင် မျှားခေါ်လာတာ၊ ဝါဒတောင်ဂိုဏ်းက ကျွန်မကို ကာကွယ်ပေးမယ်လို့ မျှော်လင့်ထားတဲ့ပုံပဲ၊ ဒီနည်းနဲ့ဆို သူမကိုယ်တိုင် ထွက်လာစရာမလိုသလို ကျွန်မနဲ့ ဂိုဏ်းကြားမှာလည်း သူ ဘေးကျပ်နံကျပ်ဖြစ်စရာ မလိုတော့ဘူး”

ရန်ကျောက်ကဲက မေးလိုက်သည်။ “မင်းတို့နှစ်ယောက်က ဆရာတစ်ယောက်ထဲလား”ဖန်းယွမ်ရှန်းက ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး၊ အဲ့နှစ်တုန်းက ကျွန်မတို့နှစ်ယောက်စလုံးက ထူးကဲယင်မိန်းမပျိုတွေ၊ ကျွန်မတို့နှစ်ယောက် အတူတူသင်ကြားရသလို အတူတူလည်း လေ့ကျင့်ရတယ်၊ တော်တော်လည်း ရင်းနှီးတယ်”


Comment

Leave a Reply

Options

not work with dark mode
Reset