ရှေးဟောင်းနတ်ဆိုး၏ ချိပ်ပိတ်မှုကို ဖျက်စီးသည့် နည်းလမ်းက စုံမှတ်တစ်ခုထဲသို့ ပစ်မှတ်ထားခြင်း မဟုတ်ပေ။ထိုအစား ချိပ်ပိတ်မှု၏ နေရာအနှံ့ကို တစ်ပြိုက်နက်တည်း တိုက်ခိုက်ရန် လိုအပ်သည်။
ထို တိုက်ခိုက်သည့် စွမ်းအားက မလုံလောက်လျှင်လည်း သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။သို့ရာတွင် ဝမ်လင်း၏ သတ်ဖြတ်ခြင်းစွမ်းအင်တစ်သန်းက နှစ်တစ်ရာလောက် အားအင်များစုထားခဲ့ခြင်း မဟုတ်လော။ထို့ကြောင့် သည်မန္တာန်၏စွမ်းအားက တုန်လှုပ်စရာ ကောင်းနေသည်။
ဝမ်လင်းက ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်၏ အဆင့်ငယ်တစ်ခုကို ပြီးပြည့်စုံပြီးနောက် ၎င်းကို မရဏလက်ချောင်းနေရာ၌ အစားထိုးခဲ့ပေ၏။၎င်းက ဝမ်လင်း နတ်ဆိုးမိစ္ဆာချပ်ဝတ်ဝတ်ဆင်ထားပြီး တစ္ဆေလောကမြစ်နှင့် နတ်ဆိုးလက်ချောင်းကို တွဲစပ်အသုံးပြုသည့် ပွဲသိမ်းတိုက်ကွက် သုံးခုထဲတွင် တစ်ခု အပါအဝင် ဖြစ်လာခဲ့ပေသည်။
ရပ်တန့်ခြင်းမန္တာန်ကတော့ ဝမ်လင်းအတွက် အသက်ကယ်မန္တာန်တစ်ခုပင် ဖြစ်၏။သူက ထိုမန္တာန်ကို လျှိုထားရန် ဆုံးဖြတ်ထားခဲ့ပေသည်။
မည်သူကမျှ သူ့တွင် ထိုမန္တာန်ရှိကြောင်း မသိသည့်အခါ သူက သေရေးရှင်ရေးအခိုက်အတန့်တွင် သည် ရပ်တန့်ခြင်းမန္တန်ကို အသုံးပြုနိုင်မည် မဟုတ်လား။
သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်းက မိုးစက်မိုးပေါက်များကဲ့သို့ နတ်ဆိုးစွမ်းအင် အကာမျက်နှာပြင်ပေါ်သို့ ကျရောက်နေသည်။မီးနတ်ဆိုးမြို့တော် အပြင်ဘက်ရှိ နတ်ဆိုးအကာထံမှ ထိတိုက် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာနေသည်။
နတ်ဆိုးအကာမျက်နှာပင်က ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ဝမ်လင်းအသွင်က နတ်ဆိုးအကာအပြင်ဘက်၌ မမှိတ်မသုန်ရပ်နေပြီး သူ့ရှေ့ရှိ မြင်ကွင်းကို စောင့်ကြည့်လို့နေသည်။
သည့်နောက် နတ်ဆိုးအကာမျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီးနောက် နောက်ဆုံးတွင် ဘန်းခနဲ ပေါက်ကွဲ ပျက်စီးသွားတော့၏။သည့်နောက် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်သန်းက မြို့တော်ထဲသို့ တရကြမ်း တိုးဝင်သွားကြကာ မြို့တော် တစ်ခုလုံး မီးခိုးရောင်အခိုးငွေ့များနှင့် လွှမ်းခြုံသွားတော့သည်။
နတ်ဆိုးအကာ ပျက်စီးသွားသည်နှင့် ဝမ်လင်းက မြို့ထဲသို့ လမ်းလျှောက်ဝင်လာသည်။မြို့တော် အလယ်ရှိ နတ်ဆိုးတောင်ကြားထံကနေ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်မုန်တိုင်းတစ်ခုက ပေါက်ကွဲထွက်လာသည်။၎င်းက ကောင်းကင်ထက်၌ ခရမ်းရောင်တိမ်ထု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ကောင်းကင်က တဝီဝီမြည်ဟီးလာကာ ဦးချိုတစ်ချောင်းနတ်ဆိုးပုံရိပ်တစ်ခု ပေါ်လာလေ၏။၎င်း၏မျက်လုံးများက ကြက်သီးထဖွယ်အလင်းကို ပေးစွမ်းနေကာ လေထဲ၌ မြောလွင့်နေရင်း ဝမ်လင်းကို ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ကြည့်နေသည်။
“နိမ့်ကျတဲ့ ကျင့်ကြံသူ…မင်းက ပေလောရဲ့ အကာအကွယ်ရထားရင်တောင် မင်းက ငါ့ နတ်ဆိုးအကာကို ဖျက်စီးဝံ့တဲ့နောက် မင်း သေကို သေရမယ်…”
ထိုနတ်ဆိုးအရိပ်ထံမှ ထွက်ပေါ်လာသော အသံက ငရဲကိုးထပ်မှ ထွက်ပေါ်လာသလား မှတ်ရကာ အလွန်ပင် ကြက်သီးဖြန်းချင်စရာ ကောင်းလှ၏။
နတ်ဆိုးအရိပ်က ၎င်း၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်သည် ရုတ်တရက် ပြောင်းလဲသွားချေ၏။မြို့တော်တစ်ခုလုံးပင် ပျောက်ကွယ်သွားကာ ချက်ခြင်းပင် ပတ်ဝန်းကျင်တစ်ခုလုံးသည် အနီရောင်ကမ္ဘာတစ်ခုလို ဖြစ်လာ၏။သည်အနီရောင်က မီးတောက်များမှ ထွက်ပေါ်လာသော အလင်းမည်၏။
မြေပြင်တစ်ခုလုံးက ချောရည်ပူများနှင့် ဖုံးလွှမ်းလာချေပြီ။သိပ်သည်းသော အနီရောင်အလင်းက ကောင်းကင်ကိုပို၍ နီရဲထိန်စေသည်။
ဧရိယာအနှံ့ ပေါက်ကွဲသံများ ထွက်ပေါ်လာကာ မြေကြီးအောက်မှ လေပူများ ထွက်ပေါ်လာ၏။လေပူများက ပုံရိပ်ယောင်များ အဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားကြ၏။သိပ်မကြာခင်တွင် ပုံရိပ်ယောင် ရာချီသည် ရှေးဟောင်းနတ်ဆိုးအား ဝန်းရံသွားသည်။
ဝမ်လင်းက သူ့ညာလက်ကို မြှောက်လိုက်ရာ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်သန်းသည် သူ့ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။ထိုစွမ်းအင်အမျှင်တန်းများက သူ့မျက်ခုံးနှစ်ခုကြား၌ အသက်ဓာတ်ချိပ်တံဆိပ်များအဖြစ်သို့ ပြောင်းလဲသွား၏။သိပ်မကြာခင်တွင် အသက်ဓာတ်ချိပ်တံဆိပ်တစ်သန်းက သူ့တစ်ကိုယ်လုံးအား မြန်ဆန်စွာ လွှမ်းခြုံသွားချေသည်။
သည့်နောက် သူက သိုလှောင်အိတ်ထဲမှ နတ်ဆိုးမိစ္ဆာချပ်ဝတ်ကို ထုတ်လိုက်၏။၎င်း ချပ်ဝတ်က အနက်ရောင်ပိုးသားအဖြစ် ပြောင်း၍ ဝမ်လင်းအား ထွေးခြုံသွားသည်။သည့်နောက် ဝမ်လင်းသည် ကြမ်းကြုတ်သော အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဖြစ်နေ၏။သူက ခြေတစ်လှမ်းလှမ်းကာ လေထဲသို့ ခုန်တက်လိုက်သည်။ခဏတာ တုန့်ဆိုင်းသွားပြီးနောက် ရုတ်တရက် သူက တဟုန်ထိုး တိုးထွက်သွားသည်။
ရှေးဟောင်းနတ်ဆိုး၏အရိပ်က ချက်ခြင်း ကြမ်းတမ်းသောအသွင် ထုတ်ဖော်လာသည်။၎င်းက မာန်သွင်းကာ ဝမ်လင်းအားရပ်တန့်ရန် အမျိုးမျိုးသော မန္တာန်များကို အသုံးပြုလိုက်သည်။ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သူက ပို၍ မြန်ဆန်လာခဲ့၏။တစ်ချိန်တည်းမှာပင် သူ့ညာလက်ထဲ၌ မရဏလက်ချောင်းက ပေါ်ထွက်လာကာ လျှပ်စီးတန်းအလား ထိုးထွက်သွားလေပြီ။
အရိပ်ထံမှ တိုက်ခိုက်မှုများကိုတော့ ဝမ်လင်းက လုံးဝ လစ်လျူရှုထားသည်။အချို့မန္တာန်များက သူ့အပေါ်သို့ ကျရောက်လာသော်လည်း ချက်ခြင်းပင် အနက်ရောင်ချပ်ဝတ်မှ မိစ္ဆာစွမ်းအင်များက ပိတ်ဆို့ပေးသည်။သည့်အပြင် သူ့တွင် အသက်ဓာတ်ချိပ်တံဆိပ် တစ်သန်းလည်း ရှိလို့နေ၏။ထို့ကြောင့် ဝမ်လင်းက ထိုတိုက်ခိုက်မှုများကို လုံးဝလစ်လျူရှုထားနိုင်ခြင်း ဖြစ်သည်။
ဝမ်လင်းက လျှပ်စီးတန်းအလား ရွှေ့လျားကာ ကောင်းကင်ထက်၌ ခရမ်းတိမ်ထုကနေ ဖြစ်တည်နေသည့် ဧရာမရှေးဟောင်းနတ်ဆိုးထံသို့ တရမ်းကြမ်း တိုးဝင်လာသည်။
ရှေးဟောင်းနတ်ဆိုးက အထင်သေးဟန် ထုတ်ဖော်၍ အေးစက်စွာ နှာခေါင်းရှုံ့သည်။ “ရှေးဟောင်းနတ်ဆိုးမိစ္ဆာအောက်မှာ ရှိတဲ့ ပြန့်ကျဲ့နေတဲ့ နတ်ဆိုးမိစ္ဆာတစ်ယောက်ရဲ့ ချပ်ဝပ်ပဲ။ ဒါပေမဲ့လည်း မင်းမှာက နတ်ဆိုးမိစ္ဆာနှလုံးသား မရှိဘူး။ ဒါ့ကြောင့် ဒီချပ်ဝတ်က မင်းရှိမှာဆို အချည်းနှီးသာသာပဲ…”
သူက ပါးစပ်ဟကာ ဟိန်းသုံပြု၏။သည်အသံက သိပ်သည်းသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို သယ်ဆောင်ကာ ဝမ်လင်းထံသို့ တိုးဝင်သွားချေသည်။
သူက ရှေးဟောင်းနတ်ဆိုးထံသို့ အေးစက်စွာ ကြည့်၍ လက်ညွှန်ကာ ပြောလိုက်သည်။ “မိစ္ဆာ အသွင်ပြောင်းခြင်း…”
ချပ်ဝတ်မှ နတ်ဆိုးမိစ္ဆာစွမ်းအင်များက ဝမ်လင်း၏ ပါးစပ်နှင့်နှာခေါင်းတို့မှ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြတော့သည်။ ထိုစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်သွားပြီးနောက် သူ့လက်ချောင်းထံသို့ ထိုးထွက်လာသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းဆံပင်များက မြောလွင့်နေကာ သူက နတ်ဆိုးမိစ္ဆာတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားပလား မှတ်ထင်ရသည်။ သူက အနက်ရောင်ချပ်ဝတ်ကို အသုံးပြု၍ နတ်ဆိုးမိစ္ဆာတစ်ယောက်အဖြစ် အသွင်းပြောင်းလိုက်သည့် တိုက်ခိုက်မှုက အထွတ်အထိပ် တိုက်ခိုက်မှုတစ်ခု ဖြစ်နေသည်။
နတ်ဆိုးမိစ္ဆာလေးပြင်းက ထိုးတက်သွားကာ သက်တံ့တစ်ခုအလား လင်းလက်နေသည်။ ဝမ်လင်းတိုက်ခိုက်မှုက ရှေးဟောင်းနတ်ဆိုး၏ အသံတိုက်ခိုက်မှုကို ထွင်းဖောက်လို့သွားသည်။
ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးထဲရှိ လှောင်ပြောင်အထင်သေးမှုက ခုထိ ရှိလို့နေဆဲပင်။သူက နတ်ဆိုးလေပြင်းကို မျက်နှာချင်းဆိုင်ကာ ပါးစပ်ဟ၍ ဝါးမြိုလိုက်လေသည်။သည့်နောက် နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။ “မဆိုးပါဘူး…ဒီနတ်ဆိုးမိစ္ဆာစွမ်းအင်က သန့်စင်တယ်လို့ ပြောလို့ရတယ်…”
ဝမ်လင်းမျက်လုံးများက အေးစက်နေဆဲပင်။သည်အခိုက်အတန့်၌ သူက ရှေးဟောင်းနတ်ဆိုးနှင့် ပေတစ်ထောင်အကွာသို့ ရောက်နှင့်နေခဲ့ပြီ ဖြစ်၏။သူက နောက်ထပ် ခြေတစ်လှမ်းဖြင့် ပေတစ်ရာအကွာသို့ ရောက်ရှိသွားလေသည်။
ရှေးဟောင်းနတ်ဆိုးက ဝမ်လင်းကို မျက်ခြေမပြတ် စိုက်ကြည့်နေသည်။သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ထုတ်လွှတ်နေသည်။ရုတ်တရက် သူက လှုပ်ရှားလိုက်ရာ သူ့ကြီးမားသည်ခန္ဓာကိုယ်ကြီးထံမှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ပေါက်ကွဲ ထုတ်လွှတ်လာသည်။သည်နတ်ဆိုးစွမ်းအင်များထဲ၌ ရှေးဟောင်းနတ်ဆိုး၏ နတ်ဘုရားအာရုံ ပါဝင်နေ၏။၎င်းက လျင်မြန်စွာပင် သူနှင့် ပေတစ်ထောင်ပတ်လည်သို့ လွှမ်းခြုံသွားသည်။ပြင်းထန်သောဖိအားက သည်ဧရိယာအတွင်းသို့ ရုတ်တရက် ကျရောက်လာသည်။
ဝမ်လင်းခန္ဓာကိုယ်အတွင်းမှ ကျိုးပျက်သံများ ထွက်ပေါ်လာသည်။သည့်နောက် သူ့ပတ်လည်ရှိ နတ်ဆိုးမိစ္ဆာစွမ်းအင်များက ပျောက်ကွယ်လို့သွား၏။သူက အသက်ဝဝရှူသွင်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “တာအို ပြောင်းလဲခြင်း…”
တစ္ဆေလောကမြစ်က သည်ဧရိယာထဲသို့ အတင်း ထွက်ပေါ်လာကာ ဝမ်လင်းအောက်ခြေ၌ လမ်းကြောင်းတစ်ခုကို ဖြစ်စေသည်။တစ္ဆေလောကမြစ်က သူ့ကို ထွေးပွေ့လွှမ်းခြုံကာ ပြန်လည်မွေးဖွားခြင်းစွမ်းအားက သည်ဧရိယာကို လွှမ်းခြုံလာသည်။
ဝမ်လင်းက တည်ငြိမ်စွာဖြင့် နောက်ထပ် ပေတစ်ရာသို့ ထပ်လှမ်းလိုက်သည်။
ရှေးဟောင်းနတ်ဆိုးက အေးစက်စွာ နှာခေါင်းရှုံ့၍ သူ့လက်ကို လက်သည်းအသွင်ပြောင်း၍ ဝမ်လင်းထံသို့ ကုတ်ဆွဲလိုက်သည်။ သည်လက်သည်းကုတ်ချက်က သိပ်သည်းသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်။ရုတ်တရက် ချပ်ဝတ်မှ နတ်ဆိုးမိစ္ဆာစွမ်းအင်အားလုံးသည် ပျောက်ကွယ်သွားပြီး ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သည့်နောက် တစ်သန်းသော အသက်ဓာတ်ချိပ်တံဆိပ်များက တောက်ပလာ၏။ဝမ်လင်းက မာန်သွင်းလိုက်၏။နောက်ဆုတ်ရမည့်အစား သူက ရှေ့သို့ ထိုးတက်သွားကာ ရှေးဟောင်းနတ်ဆိုး၏ လက်သည်းကုတ်ချက်နှင့် ရင်ဆိုင်လိုက်သည်။
ဘန်း…။
ကောင်းကင်ပင် ကွဲကြေသွားလောက်သည့် အသံက သည်ဧရိယာတွင် ပဲ့တင်ထပ်သွားသည်။ရှေးဟောင်းနတ်ဆိုး၏ ညာလက်က ဝမ်ငလးကြောင့် လေထဲ၌ လွင့်ထွက်သွား၏။ဝမ်လင်းကတော့ သူ့အသက်ဓာတ်ချပ်တံဆိပ်တစ်သန်းသည် မြန်ဆန်စွာ ပျက်စီးပြိုလဲကုန်ကြ၏။သို့သော် ထိုချိပ်တံဆိပ်များက လျင်မြန်စွာ ပြန်ဖြစ်တည်လာ၏။
ဝမ်လင်းက နောက်ထပ် ပေတစ်ရာသို့ ခြေတစ်လှမ်း လှမ်းလိုက်ပြန်သည်။
ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးထဲရှိ လှောင်ပြောင်မှုက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ သတ်ဖြတ်ချင်စိတ်တို့ အစားဝင်လာ၏။သူက ဝမ်လင်းနှင့် စောစောပိုင်း ရင်ဆိုင်တုန်းက ဝမ်လင်းကို ကစားကြည့်ရန် ရည်ရွယ်ချက်သာ ရှိနေခဲ့သည်။သို့ရာတွင် အခုအခိုက်အတန့်၌ ဝမ်လင်းက နီးကပ်လာသည့်အခါ သူက တစ်ခုခုမှားနေသည်ကို ခံစားမိလိုက်ရ၏။
“ပေလောမှာ ဒီလူ့ကိုလွှတ်လိုက်တဲ့ ရည်ရွယ်ချက်စိတ်ဆန္ဒ ရှိနေလိမ့်မယ်…”
ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဖျပ်ခနဲ လင်းလက်သွားသည်။သူက မည်သည့်ရှေးဟောင်းနတ်ဆိုးမန္တာန်ကိုမှ အသုံးမပြုလိုပေ။
“နတ်ဆိုးမန္တာန်…မိစ္ဆာသတ်ဖြတ်ခြင်း…” ရှေးဟောင်းနတ်ဆိုးက ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်၏။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများက ဝဲကတော့များအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲကနေ ပျံသန်းထွက်သွားသည်။
ချောရည်ပူများနှင့် ပြည့်နှက်နေသော မြေကြီးက စတင်ဆူပွက်လာသည်။သည့်နောက် လေအပူတန်းများက ထိုးထွက်လာကာ ရှေးဟောင်းနတ်ဆိုးရှေ့၌ စုစည်းလာကြ၏။သိပ်မကြာခင်တွင် ကြီးမားသည့်လှံရှည်ကြီးတစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့ချေသည်။
သည်လှံရှည်က နီရဲနေ၏။လှံထိပ်ဖျားကနေ သိပ်သည်းသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်နေကာ ပြင်းထန်သောအပူအော်ရာတစ်ခု ပါဝင်နေပေ၏။
ထိုလှံထွက်ပေါ်လာသည့်အခိုက်တွင် ဝမ်လင်းနှလုံးသားထဲ၌ သေခြင်းရှင်ခြင်း အငွေ့အသက်ကိုရရှိလာ၏။သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သို့သော် သူက ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့သာ တိုးဝင်လာသည်။နောက်ထပ် ပေတစ်ရာ လှမ်းလိုက်ပြီးနောက် သူကသူ့ညာလက်ဖြင့် မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်၏။ သညသ့်နောက် သူက ရှေ့သို့ လက်ညွှန်ကာ တိုးညင်းစွာ ပြောလိုက်သည်။ “သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်း…တစ်ခုတည်းအဖြစ်ပေါင်းစပ်လိုက်…”
အသက်ဓာတ်ချိပ်တံဆိပ်တစ်သန်းက ဝမ်လင်းလက်ချောင်းဖြင့် ဆွဲထုတ်ခြင်း ခံလိုက်ရသည်ဟု ထင်မှတ်ရ၏။သည့်နောက် သည်အသက်ဓာတ်စွမ်းအင်များသည် အမျှင်တန်းတစ်ခုတည်း ကျန်သည့်အထိ ပေါင်းစည်းသွားလေသည်။
ရှေ့ဖြစ်ဟောသူလို ပုဂ္ဂိုလ်ပင် သည်မီးခိုးရောင်အမျှင်တန်းထဲ၌ ပါဝင်နေသော သတ်ဖြတ်ခြင်းစွမ်းအင်ပမာဏကို တုန်လှုပ်မိပေလိမ့်မည်။သည်အခိုက်အတန့်၌ သည်သတ်ဖြတ်ခြင်းစွမ်းအင်က ဝမ်လင်း လက်ချောင်းထိပ်၌ စုဝေးလာ၏။သည့်နောက် သူက ရှေ့သို့ ထပ်လှမ်းလိုက်သည်။ သည်တစ်ကြိမ်၌ သူက ရှေးဟောင်းနတ်ဆိုးနှင့် ပေငါးရာအတွင်းသို့ ရောက်ရှိသွားခဲ့လေပြီ။
သူက ရှေးဟောင်းနတ်ဆိုးနှင့် ပေငါးရာအတွင်းသို့ ဝင်သွားသည့်အခိုက်၌ သူ့မျက်လုံးက ရုတ်တရက် လင်းလက်သွးကာ အလွန်တရာ ရှုပ်ထွေးလှသောဂါထာကို စတင် ရွတ်ဆိုတော့သည်။တစ်ချိန်တည်းမှာပင် သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်၏။ထိုချိပ်တံဆိပ်က ရှေးဟောင်းနတ်ဆိုးပေလော သူ့ကို ပေးထားခဲ့ခြင်းပင်။
ပေလောနှင့်သူ သဘောတူညီချက်က သူသည် နတ်ဆိုးအကာကို ဖျက်စီးကာ အခြားရှေးဟောင်းနတ်ဆိုးတစ်ပါး၏ ပေငါးရာအတွင်းသို့ ရောက်အောင်သွား၍ သည်မန္တာန်ကို အသုံးပြုပေးရန် ဖြစ်ပေ၏။သူက သည်အဆင့်နှစ်ခုကို ပြီးမြောက်အောင် လုပ်ပြီးသည်နှင့် သူတို့၏ အဓိကသဘောတူညီချက်က ပြည့်စုံသွားပေလိမ့်မည်။
တကယ်တော့ ဝမ်လင်း၏စွမ်းအားဖြင့် ရှေးဟောင်းနတ်ဆိုးတစ်ပါးကို အနိုင်ယူနိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
သည်စစ်ပွဲ ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းသည် မီးနတ်ဆိုးနိုင်ငံ၏ မြို့တော်အတွင်း၌ မည်သူမျှ မရှိအောင် လုပ်လိုခြင်း ဖြစ်ပေ၏။မြို့တော်ကို ကာကွယ်ပေးသည့်လူများ မရှိတော့ပါက ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုး၏ ပေငါးရာအတွင်းသို့ ရောက်အောင် သွားနိုင်ပေလိမ့်မည်။
ဝမ်လင်းဘယ်လက်မှ ချိပ်တံဆိပ်ပေါ်လာသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်မြင့်တက်လာ၏။ သည့်နောက် သူက သွေးများစွာ အန်ထုတ်လိုက်ရသည်။တစ်ပြိုင်နက်တည်းမှာပင် သူ့ခန္ဓာကိုယ်အနှံ့မှ ကျိုးပျက်သံများထွက်ပေါ်လာကာ သွေးမြူတစ်ခုက ဖြစ်ပေါ်လာ၏။
သည်အခိုက်အတန့်၌ ရှေးဟောင်းနတ်ဆိုး၏ အသွင်က ပထမဆုံးအကြိမ်အဖြစ် ကြီးစွာ ပြောင်းလဲသွားတော့သည်။သူက ဝမ်လင်းရှေ့ရှိ သွေးမြူကို လေးနက်စွာ စူးစိုက်ကြည့်နေ၏။သူက လေးလေးနက်နက် ပြောလိုက်သည်။ “ဒီသွေးက ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ အော်ရာ ပါဝင်နေတယ်…ဒါ့ကြောင့် ဒါက… ဒီလိုပေါ့…”
သွေးမြူထွက်ပေါ်လာပြီးသည့်နောက် ၎င်းက သိပ်သည်းကာ သွေးလူတစ်ယောက်အဖြစ် ဖြစ်တည်လာသည်။ တစ်ချိန်တည်းမှာပင် ထိုသွေးလူက မျက်လုံးဖွင့်လာကာ သူ့ထံမှ အလွန်တရာ လွှမ်းမိုး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအာရုံတစ်ခု သက်ဆင်းလာချေသည်။
သည်အခိုက်အတန့်၌ မီးနတ်ဆိုးနိုင်ငံတစ်ခုလုံးရှိ သက်ရှိအားလုံးသည် ရုတ်တရက် သူတို့၏ စိတ်နှလုံးထဲ၌ စိတ်ပူပန်မှုကို ခံစားလိုက်ရသည်။အလွန်နည်းပါးသောလူအချို့ကသာ တကယ့်အဖြစ်မှန်ကို သိကြ၏။သို့ရာတွင် လူအများစုကတော့ အကူအညီမဲ့သွားကာ သူတို့စိတ်ထဲ၌ စိုးရိမ်ကြောက်လန့်မှုတို့သာ ဝင်ရောက်နေတော့၏။
သည်အခိုက်အတန့်၌ အခြားနိုင်ငံခုနစ်ခုမှ ရှေးဟောင်းနတ်ဆိုးများ၏ အသွင်အပြင်သည်လည်း ပြောင်းလဲသွားကြ၏။သူတို့မျက်လုံးများက လက်ခနဲ ဖြစ်သွားကာ မီးနတ်ဆိုးနိုင်ငံမြို့တော် ရှိရာသို့ ကြည့်လိုက်ကြတော့သည်။
မီးနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုး၏ လေသံက တိုးညှင်းစွာ ထွက်ပေါ်လာ၏။ “မင်းက ရှေးဟောင်းနတ်ဘုရားအော်ရာနဲ့ ကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့တဲ့အတွက် မင်းရဲ့ကံက ကောင်းလွန်းနေတယ်။သူ့သွေးနဲ့ မင်းတို့နှစ်ယောက်ကြားက နတ်ဘုရားအာရုံချင်း ချိတ်ဆက်ထားမှုက မင်းကို ပုံစံဖြစ်တည်စေနိုင်လိမ့်မယ်။ ဒါဆိုရင် မင်းက ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ အတားအဆီးကနေ ထွက်သွားနိုင်ပြီ…”
ပေလော၏ အသံက သွေးလူထံကနေ တည်ငြိမ်စွာ ထွက်ပေါ်လာ၏။ “ငါတို့က အချိန်အတန်ကြာကတည်းက ကွဲထွက်နေခဲ့ကြတာ။ ဒီလိုသာ ဆက်ဖြစ်နေရင် ငါတို့ တစ်ယောက်ပြီး တစ်ယောက် ဖျက်စီးခံရလိမ့်မ်…။ငါတို့သာ ပေါင်းစည်းလိုက်မယ်ဆိုရင် ငါတို့က ရှေးဟောင်းနတ်ဆိုး အသစ်တစ်ပါး အဖြစ် ပြန်လည် မွေးဖွားနိုင်လိမ့်မယ်…။ကျန်တဲ့ ခုနစ်ယောက်ကိုလည်း ငါက တစ်ယောက်ပြီး တစ်ယောက် ဝါးမြို ပစ်မယ်…”
***