ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံထဲရှိ စစ်ပွဲနှင့် ပတ်သတ်၍ စိတ်ပူနေခြင်း မရှိပေ။သူက လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်လုံးလုံး ကောင်းကင်ဘုံမန္တာန်ထဲ၌သာ နစ်မြုပ်နေခဲ့ပေသည်။ ကောင်းကင်ဘုံမန္တာန်က သာမန်မန္တာန်များနှင့် မနှိုင်းသာပေ။ယင်းမန္တာန်က သင်ယူရန် ခက်ခဲလွန်းလှ၏။
နှစ်ပေါင်းနှစ်ဆယ်က ဝမ်လင်းအတွက် အစပြုရုံသာ ရှိသေးသည်။ကောင်းကင်ဘုံမန္တာန်နှင့် ကောင်းကင်ဘုံရတနာများထဲ၌ စိတ်နစ်မြုပ်နေစဉ်တွင် အချိန်က စီးဆင်းသွားခဲ့၏။ မသိလိုက်မသိဘာသာနှင့်ပင် နှစ်ငါးဆယ်ကျောက် ကုန်ဆုံးသွားခဲ့လေပြီ။
ရှေးဟောင်းနတ်ဆိုးနှင့် သူ့သဘောတူညီမှုက ဆယ်နှစ်ပင် မလိုတော့ချေ။
သည်နှစ်တစ်ရာ ပြည့်လုနီးပါး အချိန်အတွင်း ကောင်းကင်ဘုံမန္တာန်နှင့်ကောင်းကင်ဘုံရတနာကို လေ့လာနေသည့်အပြင် နတ်ဆိုးမိစ္ဆာ၏ စိတ်ဝိညာဉ်ကို အမှတ်အသားခပ်နှိပ်ခြင်းကိုလည်း လုံးဝ ရပ်တန့်ခဲ့ခြင်း မရှိချေ။သည်အချိန်အတိုင်းအတာအတွင်း ခပ်နှိပ်မှုက ပို၍ အားကောင်းလာခဲ့ပေ၏။
ဆယ်စုနှစ်အချို့ ကုန်လွန်သွားပြီးနောက် ဝမ်လင်းက ရပ်တန့်ခြင်း ကောင်းကင်ဘုံမန္တာန်၏ အစွန်းအဖျားကိုသာ ထိတွေ့နိုင်ခဲ့၏။ထိုမန္တာန်အတွက် လိုအပ်ချက်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များများစားစား မလိုလှချေ။သို့သော် လူတစ်ယောက်၏ ကောင်းကင်နှင့်မြေကြီးအပေါ် နားလည်မှုတော့ လိုအပ်ပေ၏။
တိတိကျကျဆိုပါက သည်ကောင်းကင်ဘုံမန္တာန် ဖုံးကွယ်ထားသည့် အခြင်းအရာက ကျင့်ကြံသူများ ဖမ်းဆုပ်နိုင်သည်ထက် ပိုနေခဲ့သည်။သူက ထိုမန္တာန်ကို ကျွမ်းကျင်စွာ အသုံးမပြုနိုင်ခင် နက်နဲသောအသိအမြင်တို့ရရှိရန် လေ့လာနားလည်ဖို့ လိုအပ်သည်။
ဝမ်လင်းက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို နှစ်များစွာကြာမှ တစ်ဖြည်းဖြည်းချင်း နားလည်လာပြီး သေးငယ်သောအောင်မြင်မှုကို ရ၏။ယခု ရပ်တန့်ခြင်းမန္တာန်သည်လည်း ထိုနည်းတူသာ ဖြစ်၏။
ကောင်းကင်ဘုံမန္တာန်ထဲ၌ နစ်မြုပ်ထားရင်း ဝမ်လင်းက အချိန်ကိုပင် မေ့ထားလေ၏။သည်ဆယ်စုနှစ်များအတွင်း သူက တံခါးပိတ်ကျင့်ကြံနေခဲ့စဉ် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုသည် မီးနတ်ဆိုးနိုင်ငံရှိ စစ်ပွဲရှေ့မျက်နှာပြင်တွင် စိတ်ဝိညာဉ်များ စုဆောင်းရန်နှင့် သူတို့ကိုယ်တိုင်သန်မာလာစေရန် လူပေါင်းမြောက်များစွာကို စေလွှတ်ခဲ့ပေသည်။
ထိုအရာများအားလုံးက ကောင်းကင်နတ်ဆိုးနိုင်ငံသို့ အခြားနိုင်ငံများမှ တပ်သားများ ဝင်လာချိန်၌ ပြောင်းလဲသွားရ၏။အပြင်သို့ စေလွှတ်မည့်အစား မျိုးနွယ်စုဝင်များက ကောင်းကင်နတ်ဆိုးနိုင်ငံကိုသာ ကာကွယ်နေရ၏။
မျိုးနွယ်စုဝင်များစွာက မီးနတ်ဆိုးနိုင်ငံမှ ပြန်ရောက်လာကာ အခြားနတ်ဆိုးနိုင်ငံများမှ နတ်ဆိုးတပ်သားများနှင့် တိုက်ပွဲစတင်ကြ၏။
သို့ရာတွင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ စွမ်းအားက သေးငယ်လှ၏။သူတို့က အနက်ရောင်တိမ်ထုအောက်ရှိ ဧရိယာ၌သာ ခုခံကာကွယ်နိုင်ကာ မထွက်ခွာနိုင် ဖြစ်ရ၏။တစ်ဖြည်းဖြည်းပင် အခြားနိုင်ငံမှ တပ်သားများသည် သူတို့က ရှေးဟောင်းနတ်ဆိုး ချိပ်ပိတ်ထားသော ကောင်းကင်နတ်ဆိုးမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသည်ကို သိရှိလာကြ၏။ထို့ကြောင့် သူတို့၏ ပစ်မှတ်က စိတ်ဝိညာည်သန့်စင်ခြင်းမျိုးနွယ်စုထံသို့သာ ကျရောက်လာတော့သည်။
တကဘ်တော့ သည်မျိုးနွယ်စုငယ်နှင့် ပတ်သတ်၍ ထူးဆန်းသောအရာတစ်ခု ဖြစ်နေ၏။သည်မျိုးနွယ်စု၏ အထက်ရှိ အနက်ရောင်တိမ်တိုက်သည် သဘာဝအကာအကွယ်တစ်ခုလို တည်ရှိနေကာ အတော်လေး ထူးဆန်းနေသည်။ထိုအနက်ရောင် တိမ်တိုက်ထုက နတ်ဆိုးတပ်သားများ အကြိမ်များစွာ လာတိုက်ခိုက်တိုင်း ပိတ်ဆို့ကာကွယ်ပေးလေသည်။
တကယ်တော့ နတ်ဆိုးနိုင်ငံများအားလုံးက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကို မျက်စိကျကြခြင်း မဟုတ်ပေ။နတ်ဆိုးနိုင်ငံ နှစ်နိုင်ငံကသာ မျက်စိကျကြခြင်း ဖြစ်ကာ အခြားငါးနိုင်ငံ၏ အာရုံကတော့ မီးနတ်ဆိုးနိုင်ငံသို့ လှည့်သွားပေသည်။
အခြားနိုင်ငံခုနစ်ခုသည် များစွာသော နတ်ဆိုးတပ်သားများကို မစေလွှတ်ကြပေ။တကယ်တော့ ထိုနိုင်ငံများက ကောင်းကင်နတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးကဲ့သို့ ရှိသမျှကို စေလွတ်ဖို့ ဆုံးဖြတ်ချက် မရှိကြချေ။
သည်အခိုက်အတန့်၌ ရေနတ်ဆိုးနိုင်ငံနှင့် မိုးကြိုးနတ်ဆိုးနိုင်ငံ တို့သည် နတ်ဆိုးတပ်သား တစ်သိန်းနှင့်အတူ သူတို့၏ ဒုနတ်ဆိုးဗိုလ်ချုပ်မှူး တစ်ယောက်စီကို စေလွတ်ခဲ့ကြ၏။အခြားတစ်နိုင်ငံက မြောက်အရပ်မှ ရောက်လာကြပြီး နောက်တစ်နိုင်ငံကတော့ တောင်အရပ်မှ ရောက်ရှိလာကြသည်။နိုင်ငံနှစ်ခု၏စစ်တပ်များက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုအား ဝန်းရံထားလေသည်။
ရေနတ်ဆိုးနိုင်ငံမှ ဒုဗိုလ်ချုပ်မှူးမှာ အမျိုးသမီး ဖြစ်သည်။သူမ၏ ပုံပန်းသွင်ပြင်က သာမန်သာ ဖြစ်၏။သို့သော် သူမမျက်လုံးများက အေးစက်စက်အလင်းကို ပေးစွမ်းနေခဲ့သည်။သူမအပြင် ရေနတ်ဆိုးနိုင်ငံမှ နောက်ထပ် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်လည်း ပါသေး၏။
မိုးကြိုးနတ်ဆိုးနိုင်ငံ၏ ဒုဗိုလ်ချုပ်မှူးသည် ဗလတောင့်တောင့် သက်လတ်ပိုင်းလူကြီး တစ်ယောက် ဖြစ်သည်။သူက စစ်တပ်ချပ်ဝတ်ကို ဝတ်ဆင်မထားသော တစ်ဦးတည်းသောသူ ဖြစ်၏။လျှပ်စီးအလင်းတန်းများက သူ့ခန္ဓာကိုယ်အနှံ့ ရွှေ့လျားလို့နေကာ သူ့ခြေထောက်အောက်ရှိ မြေကြီးပင် လောင်ကျွမ်းတူးချစ်နေသည်။
“ဒီ လူရိုင်းရွာငယ်လေးက ဒီလိုမျိုး အံ့မခန်း ရတနာ ရှိနေတယ်။ ဒါက စိတ်ဝင်စားစရာပဲ…”
ဗလတောင့်တောင့်လူကြီးက သူ့ကိုယ်သူကြားအောင် ရေရွတ်လိုက်ခြင်းသာ ဖြစ်သော်လည်း သူ့အသံက မိုးကြိုးသံအလားပင်။
“ဒီတစ်ကြိမ် ကောင်းကင်နတ်ဆိုးနိုင်ငံကို လာတဲ့ ခရီးမှာ ဘာမှ အကျိုးအမြတ်လည်း မရဘူး။ဒါပေမဲ့လည်း ဒီရတနာကို နတ်ဆိုးအင်ပါယာရှိ ယူသွားတာကလည်း ဆိုးတော့မဆိုးပါဘူး…”
ဗလတောင့်တောင့်လူကြီး၏ မျက်လုံးက လက်ခနဲ ဖြစ်သွာကာ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းသည်။သူ့အောက်ရှိ မြေကြီးက အက်ကွဲ၍ လောင်ကျွမ်းသွား၏။
ဗလတောင့်တောင့်လူကြီးက အနက်ရောင်တိမ်ထု ရှိရာသို့ လျင်မြန်စွာ ပျံသန်းနေသည်။သူ့အမြန်နှုန်းက အံ့မခန်းပင်။သူက အာဏာတက်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားနှင့် ညီမျှနေသည်မှာ ရှင်းလင်းနေပေ၏။ခြေတစ်လှမ်းဖြင့်ပင် သူက အကွာအဝေးများစွာကို ဖြတ်ကျော်သွားပြီး ဖြစ်ကာ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကို ဝန်းရံပေးထားသော အနက်ရောင်တိမ်ထု နားသို့ ရောက်ရှိလာခဲ့သည်။
သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများက မမြင်ရသောဒိုင်းကာတစ်ခုကို ဖြစ်စေကာ အနက်ရောင်တိမ်ထုအား တွန်းထုတ်လေသည်။
စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အတွင်း၌ ချူယောင်ဟွာ၏ သွင်ပြင်က ကောင်းကင်ထက်သို့ တည်ငြိမ်စွာ စူးစိုက်ကြည့်နေသည်။မြေပြင်ထက်၌ မျိုးနွယ်စုဝင်များသည် ကြာပွင့်သဏ္ဌာန်ထိုင်ကာ အာရုံစိုက်ထားကြ၏။
ချူယောင်ဟွာက အော်ပြောလိုက်သည်။ “စိတ်ဝိညာဉ်များ ပြန့်ကျဲစမ်း…” ရုတ်တရက် မျိုးနွယ်စုဝင်များအားလုံးက သူတို့စုဆောင်းထားသော စိတ်ဝိညာဉ်အပိုင်းအစများအားလုံးကို ထုတ်လွှတ်လိုက်ကြသည်။ ချက်ခြင်းလိုလို ကမ္ဘာတစ်ခုလုံးက စိတ်ဝိညာည်အပိုင်းအစများဖြင့် ပြုလုပ်ထားသော အနက်ရောင်အခိုးငွေ့များနှင့် ပြည့်နှက်လို့သွားတော့၏။ထိုအနက်ရောင်အခိုးငွေ့ ဒြပ်ထုက အနက်ရောင်မြစ်တစ်စင်း အဖြစ်သိပ်သည်းကာ ဗလတောင့်တောင့်လူကြီးထံသို့ တိုးဝင်သွားချေသည်။
ဗလတောင့်တောင့်လူကြီးက ရယ်မောလိုက်၏။နောက်ဆုတ်ရမည့်အစား သူက ရှေ့သို့ပင် တရကြမ်း တိုးလာကာ လက်သီးတစ်လုံး ပစ်သွင်းလာသည်။ထိုလက်သီးချက်၌ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များစွာ ပါဝင်နေခဲ့သည်။ယင်းလက်သီးချက်က မိုးခြိမ်းသံကို ဖြစ်စေကာ ဒေါမာန်ထနေသော မိုးကြိုးနဂါးကြီးတစ်ကောင်ကဲ့သို့ တိုးဝင်လာနေသော အနက်ရောင်မြစ်ထံသို့ ဦးတည်သွားလေ၏။
သိပ်မဝေးသော နေရာ၌ ရေနတ်ဆိုးနိုင်ငံမှ ဒုဗိုလ်ချုပ်မှူးသည် ထိုတိုက်ပွဲကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “ဒုနတ်ဆိုးဗိုလ်ချုပ်မှူး မိုးကြိုးက ဒီအနက်ရောင်တိမ်ထုကို လျှော့တွက်နေတာပဲ…”
သူမ ဘေးရှိ နတ်ဆိုးဗိုလ်ချုပ်များထဲမှ တစ်ယောက်က မှင်သက်သွားကာ မေးလိုက်၏။ “အရှင်…ဒီအနက်ရောင်တိမ်တိုက်ထဲမှာ ဖုံးကွယ်နေတဲ့ လျှို့ဝှက်ချက်အချို့ ရှိနေနိုင်တာလား။ ဒုနတ်ဆိုးဗိုလ်ချုပ်မှူး မိုးကြိုးက ဒါကို ချိုးဖျက်နိုင်လောက်လား…”
“ဒီအနက်ရောင် တိမ်တိုက်က အရမ်းထူးဆန်းနေတယ်။ ဒါက စိတ်ဝိညာဉ်အပိုင်းအစ မြောက်များစွာနဲ့ ဖွဲ့စည်းထားတာ။ ဒါက တစ်ယောက်မှ မထိန်းချုပ်ထားဘူးဆိုရင်တော့ ဒုနတ်ဆိုးဗိုလ်ချုပ်မှူး မိုးကြိုးက လွယ်လွယ်လေးနဲ့ ချိုးဖျက်နိုင်လိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကသာ ထိန်းချုပ်နေမယ်ဆိုရင်တော့ ဒါကို ချိုးဖျက်နိုင်ဖို့ သူက အစွမ်းကုန်လုပ်ရမှာကို ငါတော့ စိုးရိမ်နေမိတယ်…”ေကြိုးနုတ်လုဆောင်းထားသေ စိတ်ုင်ခြင်း မ
ထိုအမျိုးသမီးဘေးရှိ နတ်ဆိုးဗိုလ်ချုပ်က ပြုံး၍ ဆိုလာ၏။ “ဒါက အကောင်းဆုံးပေါ့။ ငါတို့က သူဟာ အနက်ရောင်တိမ်ထုကို ယူဆောင်ရင် ငါတို့က ဒီမျိုးနွယ်စုဝင်တွေကို သိမ်းပိုက်ယူမယ်လို့ သဘောတူထား ကြတာပဲ။ဒါဆိုရင် ငါတို့က ဘာမှ ခွန်အားသုံးစရာတောင် မလိုတော့ဘဲ ဒီမျိုးနွယ်စုဝင် အားလုံးကို သိမ်းပိုက်ရရှိနိုင်သွားပြီ။ ငါတို့က ပြန်သွားပြီး သူတို့ကို လေ့လာကြည့်မယ်ဆိုရင် တစ်ခုခုကိုတော့ ကျိန်းသေ သင်ယူရရှိနိုင်လိမ့်မယ်…”
လက်သီးကနေ ဖန်တီးထားသော မိုးကြိုးနဂါးသည် မိုးခြိမ်းသံပေးကာ မျိုးနွယ်စုဝင်များ၏ စိတ်ဝိညာဉ်အပိုင်းအစကနေ ဖြစ်တည်လာသည့် အနက်ရောင်တိမ်ထုထံသို့ တိုးဝင်လာချေသည်။သည်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အခိုက်၌ ပြင်းထန်သောတုန်ခါလှိုင်းတစ်ခု ပေါ်ထွက်လာသည်။
ထို တုန်ခါလှိုင်းကြောင့် အနက်ရောင်တိမ်ထုပေါ်၌ အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။သည့်နောက် အနက်ရောင်မြစ်သည် လွင့်ပြယ်သွားသည်။ဗလတောင့်တောင့်လူကြီးက ရယ်မောကာ ပြောလိုက်သည်။ “လူရိုင်းမျိုးနွယ်စုလေးသာသာကများ…ငါ့ကို တိုက်ခိုက်ဝံ့တယ်ပေါ့…။နိမ့်ကျတဲ့ ပုရွတ်ဆိတ်လေးတွေ ကများ…”
ဗလတောင့်တောင့်လူကြီးက ထိုသို့ ပြောနေရင်း သူက အနက်ရောင်တိမ်ထုကြား ဟသွားသော နေရာအတိုင်း လှမ်းလျှောက်သွားသည်။မိုးကြိုးနတ်ဆိုးနိုင်ငံမှ တပ်သားများ၏ ဩဘာပေးသံများက ဆူညံပွက်လော ထွက်ပေါ်လာ၏။သူတို့၏ အော်သံများက မိုးခြိမ်းသံထက် အားနည်းလိမ့်မည် မဟုတ်။
ထို ချီးကျူးဩဘာသံများက ဗလတောင့်တောင့်လူကြီးကို မြှောက်ပေးသလို ဖြစ်နေ၏။
ရေနတ်ဆိုးနိုင်ငံမှ အမျိုးသမီးကတော့ သိပ်မဝေးသော နေရာတွင် ရှိလို့နေသည်။သူမက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒီတိုက်ပွဲမှာ ဘာမှ သည်းထိတ်ရင်ဖို ဖြစ်စရာ မရှိတော့ဘူး။ ဒီနေ့က စပြီး ဒီစိတ်ဝိညာဉ်သန့်စင်ခြင်း မျိုးနွယ်စုက မတည်ရှိတော့ဘူး။ ဒုနတ်ဆိုးဗိုလ်ချုပ်မှူး မိုးကြိုး အနက်ရောင်တိမ်ထုကို ယူပြီးတဲ့ထိ စောင့်ကြမယ်။ ပြီးမှ မျိုးနွယ်စုဝင်တွေကို သွားဖမ်းကြတာပေါ့။ ခုခံတဲ့လူရှိတာနဲ့ သတ်ပစ်လိုက်ကြ…”
သူမ ပတ်လည်ရှိ နတ်ဆိုးဗိုလ်ချုပ်များက သူမအမိန့်ကို အသိအမှတ်ပြုလိုက်ကြ၏။
ဗလတောင့်တောင့်လူကြီးက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ထဲသို့ ခြေတစ်လှမ်းဖြင့်ပင် တိုက်ရိုက် လှမ်းဝင်သွားသည်။သူက ထိုမျိုးနွယ်စုလေးထဲရှိ လူများ၏ အလွန်အမင်းကြောက်လန့်နေမှုကို တွေ့မြင်ရမည်ဟု တွေးထင်ကာ ရွှင်လန်းလို့နေသည်။
သို့ရာတွင် သူက အထဲသို့ ဝင်သွားသည့်အခိုက်၌ ချက်ခြင်း မှင်သက်ကြောင်ငေးသွားလေသည်။သည်ကီလိုမီတာငါးဆယ် ဧရိယာတွင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင် အားလုံးက ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေကြလေသည်။သူတို့အားလုံးက သူ့ကို ကြည့်နေကြလေ၏။
ဗလတောင့်တောင့်လူကြီး မျှော်လင့်ထားသလို သူတို့အားလုံး၏ မျက်လုံးထဲ၌ မည်သည့်ကြောက်လန့်မှုမှ ရှိမနေခဲ့ပေ။ထိုအစား သူတို့မျက်လုံးများက အလွန်တည်ငြိမ်လှ၏။ထိုသို့သော တည်ငြိမ်မှုက အတုအယောင် မဖြစ်နိုင်ပေ။
သည်တည်ငြိမ်လှသော မျက်လုံးများထဲ၌ သိပ်သည်းသောအေးစက်မှုတို့ နက်နက်ရှိုင်းရှိုင်း ရှိလို့နေသည်။
သည် မရေမတွက်နိုင်သော ထူးဆန်းလှသည့် အကြည့်များက ဒုနတ်ဆိုးဗိုလ်ချုပ်မှူး၏ နှလုံးခုန်သံကိုပင် မြန်ဆန်သွားစေ၏။
သူ့ခြေလှမ်းက အလိုလို အရှိန်ကျသွား၏။သူက ယခုအနေအထားဖြင့် မျိုးနွယ်စု၏ အလယ်တွင် ငါးကီလိုမီတာ နေရာလွတ်တစ်ခု ရှိနေသည်ကို တွေ့မြင်နိုင်ပေသည်။ထိုနေရာလွတ်၏ အလယ်ဗဟို၌ မျှော်စင်တစ်ခု ရှိနေသည်။
သူက မျှော်စင်ကို မြင်လိုက်သည်နှင့် မျက်လုံးကျဉ်းမြောင်းသွားသည်။သူ့ဗဟုသတ အသိအမြင်နှင့် မျိုးနွယ်စုကြီးများတွင် သူတို့၏ ကိုယ်ပိုင် ယုံကြည်မှုများရှိကြောင်း သိထားပေသည်။ခုချိန်၌ သည်မျှော်စင်က သူတို့၏ ယုံကြည်မှုရင်းမြစ် ဖြစ်ကြောင်း ရှင်းလင်းနေသည်။
ဗလတောင့်တောင့်လူကြီးက နှာခေါင်းရှုံ့၏။ “ငါက ဒီမျှော်စင်ကို ဖျက်စီးပြီးရင် မင်းတို့မှာ ဒီလို အကြည့်မျိုး ရှိနေဦးမလား ကြည့်ရတာပေါ့…”
သူက မျှော်စင်ထံသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။ထိုင်နေကြသော မျိုးနွယ်စုဝင်များက မည်သည့်စကားမှ မဆိုဘဲ ထိုဗလတောင့်တောင့်လူကြီးကိုသာ အေးစက်စွာ ကြည့်လို့နေကြသည်။
ထိုသို့သော တိတ်ဆိတ်မှုမျိုးက သူ့ကိုပင် မမြင်ရသော ဖိအားတစ်ခု ဖြစ်စေလေသည်။ဗလတောင့်တောင့်လူကြီးက တစ်ခုခုမှားနေသည်ကို ရေးတေးတေး ခံစားလာ၏။သူက အေးစက်စွာ နှာခေါင်းရှုံကာ မျှော်စင်နားသို့ ရောက်လာပြီး လက်သီးဖြင့် ထိုးချရန် ဟန်ပြင်လိုက်သည်။
“ရပ်လိုက်…” မျှော်စင်အတွင်းမှ မထူးခြားနား ကြားလှရုံ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအသံက အားပျော့လှ၏။သို့သော် ထိုအသံက အချိန်ပင် ရပ်တန့်သွားစေသလား ထင်မှတ်ရသည်။သည်အခိုက်အတန့်၌ အနက်ရောင်တိမ်ထုပင် မလှုပ်မယှက် ဖြစ်သွား၏။မငြင်းပယ်နိုင်သော စွမ်းအားတစ်ခု ရုတ်တရက် ပေါ်လာကာ ဗလတောင့်တောင့်လူကြီးကို ဝန်းရံသွားသည်။
ထိုလူကြီး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ လှုပ်ရှားနေသော လျှပ်စီးတန်းများပင် ရပ်တန့်သွားသည်။သည်အခိုက်အတန့်၌ သူ့အော်ရာ လုံးဝဥသုံ ပျောက်ကွယ်သွားရ၏။
သူ့ခန္ဓာကိုယ်က လေထဲ၌ တန့်နေကာ လုံးဝ မလှုပ်မယှက် ဖြစ်သွားရသည်။
သူ့လက်သီးချက်သည်လည်း တစ်ဝက်တစ်ပျက် ဖြစ်သွားရ၏။
လှုပ်ရှားနိုင်သည့် အစိတ်အပိုင်းဆို၍ သူ့မျက်လုံးတစ်စုံသာ ကျန်ရှိတော့၏။သည်အခိုက်အတန့်၌ သူ့ဘဝတစ်လျှောက်လုံး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသော ကြောက်ရွှံမှုက မျက်လုံးထဲ၌ ထွက်ပေါ်လို့နေသည်။
ဝမ်လင်း၏ပုံရိပ်က မျှော်စင်ထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။သူ့ဆံပင်များက နောက်ကျောဘက်၌ လွင့်ဝဲနေကာ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
သူက ထွက်ပေါ်လာပြီးနောက် ဗလတောင့်တောင့်လူကြီးကို ကြည့်ပင်မကြည့်ဘဲ သူ့အင်္ကျီလက်အိုးကို လှုပ်ယမ်းလိုက်၏။ဗလတောင့်တောင့်လူကြီးက အားပြင်းလှသောလေပြင်းကြောင့် လွင့်စင်ထွက်သွား၏။သူက သွေးအန်လိုက်ရာကာ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အပြင်ဘက်သို့ လွင့်ထွက်သွားချေသည်။
ဗလတောင့်တောင့်လူကြီးက တဟုန်ထိုး လွင့်စင်ထွက်လာသည့် တစ်လျှောက် သူ့ခန္ဓာကိုယ်မှ သွေးမြူများ ပန်းထွက်ကုန်သည်။နောက်ဆုံးတွင် သူက မြေပြင်ပေါ်သို့ ပစ်ကျသွား၏။အစကအဆုံးထိ သူ့ခန္ဓာကိုယ်မှာ တစ်လက်မပင် လှုပ်ရှားနိုင်စွမ်း မရှိ ဖြစ်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝတိတ်ဆိတ်နေ၏။
ရေနတ်ဆိုးနိုင်ငံမှ အမျိုးသမီး၏ မျက်လုံးသူငယ်အိမ်သည် ကျုံ့သွားလေသည်။သူမ ကထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ သူမစိတ်သည် ဗလာကျင်းသွား၏။ သို့”ရာတွင် သူမက မြန်ဆန်စွာ အသိပြန်ဝင်လာကာ အော်ဟစ်လိုက်၏။ “ဆုတ်…မြန်မြန်ဆုတ်ကြ…”
ကံမကောင်းစွာနှင့် သူမက နောက်ကျသွားခဲ့၏။ဝမ်လင်းက လက်နောက်ပစ်လျက် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ပေါ်၌ လွင့်မြောနေသည်။စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုများ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ပေါက်ကွဲထွက်လာကာ ဝမ်လင်းနှင့် ကပ်လျက်ပါလာချေသည်။
ရေနတ်ဆိုးနိုင်ငံမှ အမျိုးသမီး၏ အသွင်က ချက်ခြင်းပြောင်းလဲဿွားကာ သူမက အော်ဟစ် အမိန့်ပေးလိုက်သည်။ “အစီအရင်…”
နတ်ဆိုးတပ်သားများက စတင်လှုပ်ရှားလာကြ၏။သူတို့၏ နတ်ဆိုးစွမ်းအင်များကလည်း စတင် လှုပ်ရှားလာကြသည်။
“ရပ်တန့်ခြင်း…” ဝမ်လင်းက သူ့လက်နှစ်ဖက်ကိုဟကာ ခေါင်းမော့၍ မျက်လုံးမှိတ်ထားလိုက်သည်။ ဆယ်စုနှစ်များစွာကြာပြီးနောက် သူက ကောင်းကင်ဘုံမန္တာန်၏ အစွန်းအဖျားကို ထိတွေ့နိုင်ခဲ့ပြီ ဖြစ်၏။သည်အခိုက်အတန့်၌ သူက ကောင်းကင်ဘုံမန္တာန်ကို စွမ်းအားအပြည့် ထုတ်ဖော်လိုက်သည်။
စကားတစ်ခွန်းဖြင့်ပင် ကမ္ဘာလောကက ရပ်တန့်သွားချေ၏။
စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ပြင်ဘက်ရှိ အရာအားလုံးက လှုပ်ရှားနေရာကနေ သည်အခိုက်အတန့်၌ ရပ်တန့်သွားကြသည်။
စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်များက အမိန့်တစ်ခု လက်ခံရရှိလိုက်သကဲ့သို သတ်ဖြတ်ရန် တဟုန်ထိုး ထွက်လာကြ၏။တစ်ချိန်တည်းမှာပင် အနက်ရောင်တိမ်ထုက ပျံ့ကားလာကာ ပတ်ဝန်းကျင်ဧရိယာ၏ ကောင်းကင်ကို ဖုံးအုပ်သွား၏။
ရေနတ်ဆိုးနိုင်ငံ၏ အမျိုးသမီးက အေးခဲသွား၏။သို့ရာတွင် အသက်သုံးကြိမ်ရှူစာကြာပြီးနောက် သူမပတ်လည်၌ အပြာရောင်အလင်းတစ်ခု ပေါ်ထွက်လာ၏။သူမ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုများနှင့် ပြည့်နှက်နေကာ သူက တုံ့ဆိုင်းခြင်းမရှိ ထွက်ပြေးရန် ပြင်သည်။
ထိုအခိုက်အတန့်မှာပင် ဓားအလင်းတန်းသုံးခုက ပျံသန်းထွက်လာကာ အမျိုးသမီးအား ချက်ခြင်း ဖမ်းမိသွားကာ သူမအား ဝန်းရံလာသည်။ ဇီရှု၊ဟိုင်ကျူးနှင့်မိုယောင်တို့၏ ဓားစိတ်ဝိညာဉ်သုံးခုက ဟိန်းဟောက်သံများကို ထုတ်လွှတ်လာ၏။ အမျိုးသမီးနှလုံးသားက တုန်ယင်လာကာ သူမက ထိုဓားသုံးလက်၏ ထွင်းဖောက်ခြင်းကို ခံလိုက်ရတော့၏။သွေးများပန်းထွက်လာပြီးနောက် သူမက သေဆုံးသွားလေ၏။
ဝမ်လင်းက လေထဲ၌ မြောလွင့်နေရင်း ကောင်းကင်ဘုံမန္တာန်၏ စွမ်းအားကို တိတ်တဆိတ် ခံစားကြည့်နေ၏။မြေပြင်ပေါ်တွင်တော့ သတ်ဖြတ်ပွဲကြီးတစ်ခု ဖြစ်လို့နေချေ၏။သူက ထိုအရာများအားလုံးကို အာရုံမစိုက်ပေ။
ငါ”က ဒီကောင်းကင်ဘုံမန္တာန်ကို ပြည့်ပြည့်ဝဝ မဖမ်းဆုပ်နိုင်သေးဘူး။ ဒါပေမဲ့ ငါနဲ့ ရှေးဟောင်းနတ်ဆိုးတို့ သဘောတူထားတာ ပြည့်တော့မှာ ဖြစ်လို့ ငါက ထွက်သွားဖို့ လိုပြီ။ ဒါ့ကြောင့် ဒီမန္တာန်ကို ဆက်ပြီး နားလည်အောင် လုပ်နေဖို့ အချိန်မရတော့ဘူး…ထွက်သွားချိန်တန်ပြီ…”
ဇီရှု၏ ဓားစိတ်ဝိညာဉ်က အမျိုးသမီး၏ မူလစိတ်ဝိညာဉ်အား ခဲထားလေ၏။
တစ်လခန့်ကြာမြင့်ပြီးနောက် ဝမ်လင်းက မျိုးနွယ်စုကနေ ထွက်လာခဲ့၏။သူက ထွက်လာသည်နှင့် စိတ်ဝိညာဉ်တစ်ကုဋေအလံကိုပါ သူနှင့် တစ်ပါးတည်းယူဆောင်လာခဲ့၏။ သည့်နောက် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကို စောင့်ကြပ်ပေးရန် နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို ချန်ထားခဲ့သည်။
ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံသို့ သွားရောက်ရန် အလျင်မလိုပေ။သူက အရင်ဆုံး လှိုဏ်ဂူသို့ သွားခဲ့၏။သည့်နောက် ပြန်ပြောင်းနဂါးလျှောက်လမ်းပေါ်တွင် သင်္ကေတဆယ့်တစ်ခုကို သေချာမှတ်သားခဲ့၏။သည့်နောက် သူက လှိုဏ်ဂူမှ ပြန်ထွက်ခွာသည်။
“ကျောက်စိမ်းပြားထဲမှာ ပြောထားတာက သင်္ကေတ ဆယ့်နှစ်ခု။ ဒါပေမဲ့ ခု ဆယ့်တစ်ခုပဲ ရှိနေတယ်။ နောက်ဆုံး သင်္ကေတတစ်ခုက ဘယ်နေရာ ရောက်နေလဲတော့ ငါ မသိဘူး…”
ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက ရှေ့သို့ ခြေလှမ်းလိုက်၏။သည့်နောက် မဟာတည်နေရာရွေ့ပြောင်းခြင်းမန္တာန်ကို အသက်သွင်းကာ မီးနတ်ဆိုးနိုင်ငံရှိရာသို့ ဦးတည်၍ သွားတော့၏။
မီးနတ်ဆိုးနိုင်ငံတစ်ခုလုံးက စစ်မီးဟုန်းဟုန်းတောက်နေခဲ့၏။ အခြားနိုင်ငံခုနစ်ခုသည်လည်း မီးနတ်ဆိုးနိုင်ငံအတွင်း သူတို့၏ စစ်မျှော်စင်များကို တိုးချဲ့လာခဲ့ကြ၏။သည်နိုင်ငံက လုံးဝ စစ်တလင်းပြင် ဖြစ်နေတော့၏။ နှစ်ပေါင်း တစ်ရာနီးပါး စစ်ဖြစ်လာပြီးနောက် မီးနတ်ဆိုးနိုင်ငံ၏ မြေပြင်က သွေးများစွန်းထင်းနေတော့သည်။မီးနတ်ဆိုးနိုင်ငံသို့ စဝင်သည်နှင့် သွေးညှီနံ့များက သင့်ထံသို့ တိုးဝင်လာပေလိမ့်မည်။
သွေးများအပြင် မရေမတွက်နိုင်သော ပျက်စီးယိုယင်းနေသည့် အလောင်းများသည်လည်း မြေပြင်ထက်၌ ရှိလို့နေ၏။ အလောင်းများထံမှ သေဆုံးခြင်းအော်ရာများက ပေါက်ကွဲထွက်နေကာ မီးခိုးရောင်မြူ အဖြစ် ဖြစ်တည်ပြီး မီးနတ်ဆိုးနိုင်ငံတစ်ခုလုံး၌ ပျံ့နှံ့နေတော့သည်။
သည်အရာက ကောင်းကင်နတ်ဆိုးနိုင်ငံနှင့် မီးနတ်ဆိုးနိုင်ငံတို့ကြားက သေသည့်အထိ တိုက်ပွဲတစ်ခု ဖြစ်နေ၏။သည်စစ်ပွဲ၌ အနိုင်အရှုံးကို ပြောရခက်၏။ထိုအစား အသက်များကိုသာ ပေးစပ်နေရရင်း မီးနတ်ဆိုးနိုင်ငံ၏ စွမ်းအားက ဖြည်းဖြည်းချင်း တိုက်စားခံနေရသည်။
မီးနတ်ဆိုးနိုင်ငံ၏ မြို့တော်သည် လုံးဝဗလာကင်းမဲ့နေ၏။နတ်ဆိုးအင်ပါယာကိုယ်တိုင်ပင် တိုက်ပွဲသို့ ဝင်ရောက်နေရပြီ ဖြစ်သည်။တော်ဝင်မြေ နတ်ဆိုးတောင်ကြားမှလွဲ၍ ကျန်သည့်နေရာအားလုံးက ခြောက်ကပ်လို့နေ၏။
မီးနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးက ကောင်းကင်နတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုးကို အတုယူထား၏။သူက မြို့တော်ကို ချိပ်ပိတ်ထားကာ မည်သူ့ကိုမျှ ဝင်ရောက်ခွင့် မပြုပေ။
မီးနတ်ဆိုးနိုင်ငံ၏ နတ်ဆိုးတောင်ကြားက မြို့ပြင်တွင် ရှိနေခြင်း မဟုတ်ဘဲ မြို့အတွင်းဘက်၌ တည်ရှိသည်။ထိုတောင်ကြားထဲမှ သိပ်သည်းသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ထိုးထွက်နေကာ မီးနတ်ဆိုးနိုင်ငံ၏ မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
အကွာအဝေးတစ်ခုမှ ကြည့်ပါက မြို့တော်က နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များနှင့် လွှမ်းခြုံနေသည်ကို တွေ့ရပေမည်။သို့သော် သေဆုံးခြင်းအော်ရာပမာဏ များစွာလည်း ရှိလို့နေ၏။မြူအတွင်းဘက်၌ မြို့တစ်မြို့ ရှိနေသည်နှင့်ပင် ဆင်တူနေသေး၏။၎င်းမြို့ကို ကြည့်မိသည့်လူများအား ဝမ်းနည်းမှုကို ပေးစွမ်းနေ၏။
ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံ မြို့တော်၏ အပြင်ဘက်တွင် ခြေချလိုက်သည်။သူ့ခြေသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
အနီရောင်ရင့်ရင့် မြေကြီးက လူတစ်ယောက် ၎င်းပေါ်သို့ ခြေလှမ်းသည်နှင့် ရူးသွပ်ဖွယ် ခံစားမှုကို ပေးစွမ်းနေပေလိမ့်မည်။သည် ရူးသွပ်မှုက လွန်ခဲ့သော နှစ်တစ်ရာလောက်က သန်းနှင့်ချီသောလူများ၏ သွေးများ နစ်မြုပ်ခဲ့သော မြေကြီးထဲကနေ ထွက်ပေါ်လာနေခြင်း ဖြစ်လေ၏။
***