“အင်မောတယ်စုတ်တံက နေစွမ်းအင်များနဲ့ ပြည့်နေတဲ့ ရတနာတစ်ခု ဖြစ်တယ်။အဖေက နေဆယ်နှစ်စင်းကို စုစည်းခဲ့ပြီး ဒါတွေကို သင်္ကေတဆယ့်နှစ်ခုအဖြစ် စုတ်တံမှာ ရေးဆွဲခဲ့တယ်။ဒီစုတ်တံရဲ့စွမ်းအားက အသိအမှတ်ပြုလို့ရနိုင်တယ်…”
“ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်။ ဒီရတနာကလည်း အတော်အသင့်ကောင်းတယ်လို့ ပြောလို့ရတယ်။ဒီပိုက်ကွန်ထဲက စိတ်ဝိညာဉ်က အသိဉာဏ်အချို့ ရရှိခဲ့တဲ့ပုံပဲ။ဒါက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ဒါ့ကြောင့် သားက ဒါကို ကြိုက်လိမ့်မယ်လို့ ထင်ပါတယ်…”
“တတိယမြောက်ရတနာ။ ဒီရတနာကတော့မင်းရဲ့ မိုးကောင်းကင်ဘုံဓားနဲ့ဆိုရင် အကောင်းဆုံး တွဲစပ်အသုံးပြုနိုင်လိမ့်မယ်။ဒီရတနာကို စိတ်ဝိညာဉ်ဓားအိမ်လို့ ခေါ်တယ်။ကောင်းကင်ဘုံဓားကို အဲ့ထဲမှာ ထည့်ထားရင် အတွင်းထဲမှာ ရှိတဲ့ ဓားစိတ်ဝိညာဉ်ကို သန်မာစေလိမ့်မယ်။အဖေက ဒီဓားအိမ်ကို ပြုလုပ်ဖို့အတွက် ကောင်းကင်ဘုံသန့်စင်ခြင်းရေကန်ထဲက မူလကောင်းကင်သတ္တုကို အသုံးပြုခဲ့တယ်…”
“ကောင်းကင်ဘုံမန္တာန်။ ဒီမန္တာန်ကတော့ အဆင့်နိမ့်ကောင်းကင်ဘုံမန္တန်နဲ့ ဒီမန္တာန်ရဲ့ စွမ်းအားက သာမန်ဖြစ်ပေမဲ့လည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီမန္တာန်ကို ရပ်တန့်ခြင်းမန္တာန်လို့ ခေါ်တယ်။အဖေက ဒါကို ထူးဆန်းတဲ့ဂြိုဟ်တစ်ခုပေါ်မှာ မတော်တဆ ရှာတွေ့ခဲ့တာ။ကံမကောင်းစွာနဲ့ ဒါက မပြည့်စုံခဲ့ဘူး။ဒါပေမဲ့လည်း အဖေက ဒီမန္တာန်ကို သေချာလေ့လာပြီးတဲ့နောက်မှာ လိုအပ်တဲ့ဟာတွေ ပြန်ထည့်သွင်းနိုင်ခဲ့တယ်…”
“အဖေကတော့ ဒီမန္တာန်ဟာ စုပေါင်းအသုံးပြုရတဲ့ မန္တာန်ကြီးတစ်ခုရဲ့ အစိတ်အပိုင်းလို့ ခန့်မှန်းထားတယ်။ကံမကောင်းစွာနဲ့ အဖေ ရှာတွေ့ခဲ့တာက မပြည့်မစုံ ဖြစ်နေတယ်။ဒါ့ကြောင့်ပဲ ဒီစုပေါင်းမန္တာန်ကြီးတစ်ခုလုံးကိုတော့ လိုအပ်တဲ့ဟာတွေ ပြည့်ထည့်ပေါင်နိုင်စွမ်း မရှိခဲ့ဘူး…”
ထိုအကြောင်းအရာများက ကျောက်စိမ်းပြားထဲ၌ မှတ်တမ်းတင်ထားသည့် အကြောင်းများပင်။
ဝမ်လင်း မျက်လုံးထဲရှိ စိတ်လှုပ်ရှားနေမှုကို တစ်ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်လာခဲ့သည်။ကျောက်စိမ်းပြားကို သုံးပိုင်းခွဲခြား ထားသည်။ပထမတစ်ပိုင်းက အသေးစိတ်ဖော်ပြချက်များနှင့် ကောင်းကင်ဘုံရတနာများအတွက် ညွှန်ကြားချက်များ ဖြစ်ကြသည်။
ကျောက်စိမ်းပြားပေါ်ရှိ ထိုအပိုင်းပေါ်တွင် မည်သည့်အတားအဆီးမျှ မရှိပေ။ထို့ကြောင့် ထိုအပိုင်းရှိ အကြောင်းအရာများကို လွယ်လင့်တကူ ပိုင်ဆိုင် သိရှိနိုင်သည်။အခြား နှစ်ပိုင်းကတော့ အတားအဆီးများ ရှိနေ၏။လူတစ်ယောက် ၎င်းအတားအဆီးများကို နတ်ဘုရားအာရုံဖြင့် စစ်ကြည့်သည်နှင့် ကဗြောင်းကဗျန်ဖြစ်နေသော ပုံရိပ်များ၊စာလုံးများ ထွက်ပေါ်လာသည်။ထို့ ရှုပ်ထွေးနေသော ပုံများ၊စာများက အတွင်းရှိ အကြောင်းအရာများကို မမြင်ရအောင် ပြုလုပ်ထား၏။
ဒုတိယအပိုင်းက ကောင်းကင်ဘုံသက်တော်စောင့်များကို ဖန်တီးသည့် နည်းလမ်း ဖြစ်သည်။အရပ်ပုပုအဘိုးအိုက ထိုဒုတိယအပိုင်းပေါ်ရှိ အစိတ်အပိုင်းများကို ကြည့်က ကောင်းကင်ဘုံသက်တော်စောင့်များ ဖန်တီးခြင်းကို သင်ယူနိုင်ခဲ့တာ ဖြစ်သည်။
ထိုကျောက်စိမ်းပြားပေါ်၌ ချန်ထားခဲ့သော အမှာစကားတစ်ခုလည်း ရှိလို့နေသေးသည်။ထိုစကားမှာ “အဖေက ဒီကျောက်စိမ်းပြားပေါ်မှာ သွေးမျိုးဆက် အတားအဆီးတစ်ခု ချမှတ်ထားခဲ့တယ်။ ဒီတော့ သွေးမျိုးဆက်မရှိဘဲ ဒီကျောက်စိမ်းပြားပေါ်က အတားအဆီးကို ချိုးဖျက်နိုင်ဖို့ မဖြစ်နိုင်ဘူး…” ဟူ၍ပင်။
သို့ရာတွင် သည်ကျောက်စိမ်းပြားက နှစ်ပေါင်းအလွန့်အလွန် ကြာမြင့်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ထိုလူ၏ အားကောင်းလွန်းလှသော ကျင့်ကြံမှုဖြင့်ပင် သူ့ကျောက်စိမ်းပြားက အချိန်တိုက်စားမှုကို မလွန်ဆန်နိုင်ခဲ့ချေ။ပထမဆုံးအပိုင်းပေါ်ရှိ အတားအဆီးဆိုလျှင် ပျက်စီးသွားခဲ့ချေပြီ။ဒုတိယအပိုင်းပေါ်ရှိ အတားအဆီးသည်လည်း တော်တော်း လျော့နည်းသွားခဲ့ပြီ။ကျောက်စိမ်းပြားပေါ်ရှိ နောက်ဆုံးအပိုင်း၏ အတားအဆီးတစ်ခုသာ ခုထိ အကောင်းတိုင်း ကျန်နေခဲ့ခြင်း ဖြစ်၏။
“ကောင်းကင်ဘုံရတနာသုံးခုမှာ ငါက နှစ်ခုကို မြင်တွေ့ခဲ့ဖူးပြီ။စိတ်ဝိညာဉ်ဓားအိမ်က ဒီမှာ ရှိမနေဘူး။ဒီပစ္စည်းတွေက ချင်ရှောင်ဆိုတဲ့ အမျိုးသမီးကို ပေးခဲ့တာပဲ။သူမနည်မည်ကချင်…ဒါဆိုရင် သူမအဖေနာမည်ကရော…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကောင်းကင်ဘုံအင်ပါယာ ချင်လင်း…”
သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို သေချာကြည့်ရှုပြီးသည့်နောက် ဝမ်လင်းသည် စတင် စဉ်းစားတော့သည်။
ဝမ်လင်းက သူ့မျက်လုံးများကို မှိတ်လိုက်၏။ “ဒီကျောက်စိမ်းပြားထဲက အတိုင်းဆိုရင် ဒီချင်ရှောင်က ကောင်းကင်ဘုံအင်ပါယာရဲ့ သမီးတော်ပဲ။သူမမှာ မိုးကောင်းကင်ဘုံဓားလို့ ခေါ်တဲ့ လက်နက်တစ်ခုလည်း ပိုင်ဆိုင်ထားသေးတယ်…”
သူက ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးထဲ၌ ရွှေရောင်တောက်လို့နေသည်။
“မိုးကောင်းကင်ဘုံဓား…မိုးကောင်းကင်ဘုံဓား…ဒီကမ္ဘာကြီးထဲမှာ ဒီလောက် လာတိုက်ဆိုင်နိုင်တာ ရှိနေနိုင်လို့လား။ ဖြစ်နိုင်တာက…စီနီယာကျောက်ရီ အရူးအမူး စွဲလမ်းခဲ့တဲ့ အမျိုးသမီးက ကောင်းကင်ဘုံအင်ပါယာချင်လင်းရဲ့ သမီးများ ဖြစ်နေတာလား…”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထိုအခါ ကျောက်ရီသူ့ကို ပေးခဲ့သော စေတီက ပျံသန်းထွက်လာ၏။၎င်းစေတီက ကြီးမားမလာခင် ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စောကာ စေတီထံသို့ ညွှန်လိုက်၏။ ထိုအခါ လူတိုင်းကို နှလုံးခုန်စေနိုင်အောင် လှပလွန်းလှသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးအလောင်းသည် ဖြည်းဖြည်းချင်း ပျံသန်းထွက်လာချေသည်။
ထိုအမျိုးသမီးအလောင်းကို ကြည့်ကာ ဝမ်လင်းက ဆက်၍ စဉ်းစားနေမိသည်။သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သည့်နောက် သူ့လက်ချောင်းနှစ်ခုကို ဓားအသွင် ဖြစ်ပေါ်စောကာ လှုပ်ယမ်းလိုက်သည်။လေဓားသွားတစ်ခုက ပျံသန်းထွက်လာကာ အမျိုးသမီး၏ လက်ကောက်ဝတ်ပေါ်၌ အနီရောင်အမှတ်အသားတစ်ခု ပေါ်လာတော့၏။
သို့ရာတွင် သွေးများ စီးကျမလာခင်မှာပင် ထိုအမှတ်အသားက ချက်ခြင်း ပျောက်ကွယ်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွားသည်။
ဝမ်လင်းအသွင်က မပြောင်းမလဲ ရှိလို့နေဆဲပင်။သို့သော် သူ့မျက်လုံးများကတော့ ပိုမိုတောက်ပလာ၏။အတွေးတစ်ချက်ဖြင့်ပင် လင်းထျန်ဟူ၏ဓားစွမ်းအင်က သူ့လက်ချောင်းများထဲသို့ တိုးဝင်လာ၏။သူက သူ့လက်ကို နောက်ထပ် ဝှေ့ယမ်းလိုက်ပြန်သည်။ အမျိုးသမီး၏ လက်ကောက်ဝတ်ပေါ်၌ နောက်ထပ် အနီရောင်အမှတ်အသားတစ်ခု ပေါ်လာပြန်သည်။ ၎င်းဒဏ်ရာအမှတ်အသားက လျှင်မြန်စွာ ပြန်ကုစားနေသော်လည်း သည်တစ်ကြိမ်တွင်တော့ သိသိသာသာ နှေးကွေးနေသည်။
အမျိုးသမီး၏ အဖြူရောင် လက်ကောက်ဝတ်ရှိ ဒဏ်ရာကနေ အနီရောင်သွေးတစ်စက် ကျဆင်းလာလေ၏။
ဝမ်လင်းက လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ပြန်ရုတ်သိမ်းကာ ထိုသွေးကို ဖမ်းယူလိုက်သည်။ သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ အမျိုးသမီးကို စေတီထဲသို့ ပျံသန်းသွားစေလိုက်သည်။သည့်နောက် သူက စေတီကို သိုလှောင်အိတ်ထဲသို့ ပြန်သိမ်းဆည်းလိုက်၏။
“သင်က အစစ်အမှန် ချင်ရှောင် ဖြစ်နေသလား သိဖို့ စမ်းသပ် ကြည့်ရမယ်…”
ဝမ်လင်းက ထိုသွေးစက်ကို ချက်ခြင်းလိုလိုပင် ကျောက်စိမ်းပြားပေါ်သို့ တင်လိုက်၏။
ထိုသွေးစက်က ကျောက်စိမ်းပြားပေါ်သို့ ကျရောက်သွားသည်နှင့် ၎င်းက ချက်ခြင်းလိုလို အနီရောင်မြူထု အဖြစ်သို့ ပြောင်းလဲသွားသည်။အနီရောင်မြူက ဖြည်းဖြည်းချင်း ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်နေသည်။သည့်နောက် အစိမ်းရောင်ကျောက်စိမ်းပြားထံမှ အက်ကွဲသံများ ထွက်ပေါ်လို့လာကာ အလွှာတစ်ခု ဆုံးရှုံးသွားလေ၏။
ကြည်လင်သော အစိမ်းရောင် ကျောက်စိမ်းပြားပေါ်၌ ပါးလွှာသော အနီရောင်သွေးမျဉ်းကြောင်း တစ်ခု ပေါ်လာ၏။
ဝမ်လင်းက ထိုကျောက်စိမ်းပြား၏ လှပမှုကို စိတ်မဝင်စားနိုင်သေးပေ။ထိုအစား သူက ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်သည်။သည့်နောက် သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကာ စတင် စဉ်းစားနေ၏။
ကျောက်စိမ်းပြားပေါ်ရှိ နောက်ဆုံးနှစ်ပိုင်းပေါ်မှ ချိပ်ပိတ်မှုကလည်း ပွင့်လို့သွားချေပြီ။
“သူမ…သူမက တကယ့်ကို အစစ်အမှန် ချင်ရှောင်ပဲ…” ဝမ်လင်းက သက်ပြင်းပါ ချမိ၏။ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် အခြားအစိတ်အပိုင်းနှစ်ခုထဲရှိ အကြောင်းအရာများကို စစ်ဆေးကြည့်တော့သည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ဝမ်လင်းက ထိုကျောက်စိမ်းပြားထဲ၌ အာရုံနစ်မြုပ်နေသည်မှာ အချိန်မည်မျှကုန်လို့ ကုန်သွားမှန်းပင် မသိတော့ပေ။
ဝမ်လင်းက ကျောက်စိမ်းပြားထဲ၌ အာရုံနစ်မြုပ်နေပြီး နှစ်ရက်မြောက်၌ အဘိုးအိုက သတိပြန်ရလာ၏။သို့ရာတွင် သုံးခုပြည့်မှီဓားအစီအရင်က သူ့အား ဝန်းရံထားဆဲပင်။ဓာထိပ်ဖျားများထံမှ တစ်ဆင့် အေးစက်မှုစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့နေ၏။ထိုအဖြစ်က သူ့ကို တစ်လက်မပင် မလှုပ်ဝံ့အောင် ဖြစ်စေ၏။
သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက ထိုအစီအရင်၏ ထူးဆန်းအံ့ဖွယ်ဖြစ်မှုကို ရေးတေးတေး မြင်နိုင်ပေသည်။
သည့်အပြင် ရှုလီကောကလည်း သူ့ကို စောင့်ကြည့်နေ၏။ရှုလီကောက အဘိုးအို ပတ်လည်၌ ဝန်းရံကာ အေးစက်စွာ ပြုံး၍ စောင့်ကြည့်နေသည်။သူက အနက်ရောင်ဓားသွားကို ကိုင်ဆောင်ထားကာ အဘိုးအိုရှေ့၌ လှုပ်ယမ်းပြနေသည်။
ရက်များစွာ ကြာမြင့်ပြီးနောက် ဝမ်လင်းနတ်ဘုရားအာရုံက ကျောက်စိမ်းပြားထဲကနေ ပြန်ထွက်လာ၏။သူက မျက်လုံးပွင့်လာကာ သက်ပြင်းအရှည်ကြီး ချမိတော့၏။
“ဒီကောင်းကင်ဘုံသားတွေက ကျင်ကြံသူတွေထက်တောင် ရက်စက်နေသေးတယ်။ ဒီကျောက်စိမ်းပြားရဲ့ ဒုတိယပိုင်းက ကောင်းကင်ဘုံသက်တော်စောင့်လို့ ခေါ်တဲ့ ရုပ်သေးရုပ်တစ်ခုကို ပြုလုပ်နိုင်ဖို့ အသေးစိတ်မှတ်တမ်းတင်ထားတာပဲ။ ဒီနည်းလမ်းက ကောင်းကင်ဘုံသားတွေ အတွက်တော့ မဟုတ်ဘူး။ ဒါက ကျင့်ကြံသူတွေ အပေါ်မှာ အသုံးပြုဖို့ ဖြစ်ရမယ်။ ကျင့်ကြံသူတွေက အဖမ်းခံရပြီး သန့်စင်မွန်းမံခြင်း ခံရမယ်။ဒါသာ အောင်မြင်မယ် ဆိုရင် ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက်ရဲ့စွမ်းအားက အံ့မခန်း အားကောင်းလွန်းလှပြီ…”
“ကောင်းကင်ဘုံသားတွေရဲ့ အဆိုအရ ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက်က လူတစ်ယောက် မဟုတ်ဘဲ ရတနာတစ်ခုသာ ဖြစ်တယ်တဲ့။ဒါက အဆင့်နိမ့်၊အလယ်၊အဆင့်မြင့် လို့ ခွဲခြားထားတယ်။ဒီကျောက်စိမ်းပြားထဲမှာက အဆင့်နိမ့်ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက်က အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်တစ်ယောက်ရဲ့ စွမ်းအားနဲ့ ညီမျှတယ်လို့ ဖော်ပြထားတယ်။ ဒါက ကျင့်ကြံခြင်းနယ်ပယ်ပထမအဆင့်ရဲ့ အကန့်အသတ်ပဲ မဟုတ်လား…”
“အလယ်အဆင့်နဲ့ အဆင့်မြင့် ကောင်းကင်ဘုံသက်တော်စောင့် ရတနာတွေကတော့…ငါဟာ ဒီလိုအဆင့်ကောင်းကင်ဘုံသက်တော်စောင့် ရတနာတွေကို ကျင့်ကြံခြင်းနယ်ပယ်ဒုတိယအဆင့်ရဲ့ ဘယ်အဆင့်လောက်မှာများ ရှိနေနိုင်မလဲတောင် မဆုံးဖြတ်နိုင်တော့ဘူး…”
“ဒီကျောက်စိမ်းပြားရဲ့ တတိယပိုင်းကတော့ မြေပုံတစ်ခုပဲ…။ကြည့်ရတာ ဒါက လှိုဏ်ဂူတစ်ခုရဲ့ တည်နေရာပြ မြေပုံပဲ…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက အရပ်ပုပုအဘိုးအိုထံသို့ ကြည့်လိုက်သည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ဒါကို ပေးပါ…”
အရပ်ပုပုအဘိုးအို၏ မျက်နှာပေါ်၌ ခါးသက်မှုတို့ ပြည့်နှက်သွားသည်။သူက ပြောလိုက်၏။ “သင်က ငါ့သိုလှောင်အိတ်တွေ အားလုံးကိုလည်း ယူသွားပြီးပြီးလေ…သင်က ဘာများ ထပ်လိုချင်နေသေးတာလဲ…”
သူ့စိတ်ထဲတွင်မူ ကြိတ်၍ ကျိန်ဆဲနေလေ၏။ “ဒီဝမ် ဆိုတဲ့ ကောင်က ကျင်ကြံခြင်းစုံတွဲထက်တောင် ပိုဆိုးနေသေးတယ်။ ဟိုစုံတွဲက ငါ့ သိုလှောင်အိတ်တွေထဲက တစ်ခုပဲ ယူသွားခဲ့တာ။ ဒါပေမဲ့ ဒီဝမ်ဆိုတဲ့ကောင်ကတော့ ငါ့ကို ဘာတစ်မှမချန်ဘဲ ထွက်မသွားစေချင်တဲ့ ပုံပဲ…”
ဝမ်လင်းက အဘိုးအိုထံသို အေးစက်စွာ ကြည့်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ ကျောက်စိမ်းပြားအပဲ့ ဆယ်ခု ထွက်ပေါ်လာတော့သည်။သည်ကျောက်စိမ်းပြားအပဲ့များက အဘိုးအို ပိုင်ဆိုင်ထားသော ကောင်းကင်ဘုံသက်တော်စောင့် ဆယ်ယောက်၏ ကိုယ်ထဲရှိ အရာများပင်။
အဘိုးအိုက ထိုကျောက်စိမ်းပြားပဲ့များကို မြင်လိုက်သည့်အခါ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားတော့သည်။
ဝမ်လင်းက သူ့ညာလက်ကို ပူးကပ်ကာ ကျောက်စိမ်းပြားအပဲ့ ဆယ်ခုကို တစ်ခုတည်း အဖြစ် ပေါင်းစည်းလိုက်သည်။
သည့်နောက် သူက လက်ဆန့်တန်းကာ အဘိုးအိုအား ဖမ်းဆွဲလိုက်၏။ထို့နောက်တွင်တော့ သူက အဘိုးအို၏ နှဖူးအား လက်ဝါးဖြင့် ရိုက်လိုက်ရာ အဘိုးအို၏ မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ထွက်လာချေသည်။
အဘိုးအို၏မူလစိတ်ဝိညာဉ် ထွက်ပေါ်လာသည်နှင့် ဝမ်လင်းက သူ့မူလစွမ်းအင်ကို ထွေးထုတ်၍ အဘိုးအို၏ မူလစိတ်ဝိညာဉ်အား ဝန်းရံလွှမ်းခြုံသွားစေသည်။အဘိုးအိုက သန့်စင်မွန်းမခြင်း ခံနေရရင်း သူ့မူလစိတ်ဝိညာဉ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း လက်ညှိုးအရွယ်လောက်ရှိသော ကျောက်စိမ်းပြားအပဲ့ထဲသို့ သိပ်သည်းလာခဲ့သည်။
ကျောက်စိမ်းပြားအပဲ့ကို ပြန်ထုတ်ယူလိုက်ပြီးနောက် အဘိုးအို၏မူလစိတ်ဝိညာဉ်သည် မျှော်စင်ထဲကနေ လွင့်ပစ်ခြင်း ခံလိုက်ရသည်။သည့်နောက် အပြင်ဘက်ရှိ အနက်ရောင်တိမ်ထုက ၎င်းစိတ်ဝိညာဉ်ကို ဝါးမြိုသွားကာ စိတ်ဝိညာဉ်အပိုင်းအစတစ်ခု ဖြစ်သွားတော့သည်။
အဘိုးအို၏ ခန္ဓာကိုယ်ကိုတော့ ဝမ်လင်းက လှည့်ပင် မကြည့်တော့ချေ။သူက သူ့အင်္ကျီလက်အိုးကို လှုပ်ယမ်းလိုက်ရာ ထိုခန္ဓာကိုယ်က ဖုန်မှုန့်ဖြစ်သွားလေသည်။
စိတ်ဝိညာဉ်အလံထဲသို့ အဘိုးအို၏မူလစိတ်ဝိညာဉ်ကို ပစ်ထည့်လိုက်ရခြင်း၏ အကြောင်းရင်းများထဲက တစ်ခုသည် အလကားဟသာ မဖြစ်စေရန် ဖြစ်သည်။တကယ်တော့ သည်အရာက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်၏ မူလစိတ်ဝိညာဉ်ပင် မဟုတ်လော။အခြားအကြောင်းပြချက်တစ်ခုကတော့ ဝမ်လင်းသည် အဘိုးအို ရှာတွေ့ခဲ့သော လှိုဏ်ဂူနှင့် ပတ်သတ်၍ စိတ်ဝင်စားသောကြောင့် ဖြစ်၏။
သို့ရာတွင် ဝမ်လင်းက သူသည် ခုချိန်၌ အပြင်ထွက်ခွာရန် အချိန်မကျသေးမှန်း သိထားပေ၏။ခုချိန်တွင် အရေးကြီးဆုံးသည် သူက သူ့ကျင့်ကြံမှုနှင့် လက်နက်ရတနာများကို အထွတ်အထိပ် ရောက်အောင် ဆယ်စုနှစ်နှစ်ခုလောက် အသုံးပြုရန် ဖြစ်သည်။သူက ရှေးဟောင်းနတ်ဆိုးနှင့် သဘောတူထားသည့် လာမည့်နှစ်ပေါင်းတစ်ရာ အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုပေသည်။
သူရရှိခဲ့သော ရတနာအသစ်နှစ်ခုနှင့် အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်တို့သည် အမှန်ပင် ထူးလှ၏။
ကောင်းကင်ဘုံမန္တာန်အကြောင်းတွေးမိရုံနှင် သူက စိတ်လှုပ်ရှားရပေသည်။သည်အရာက အစစ်အမှန် မန္တာန်ပင်။ ဝမ်လင်း သူ့ဘဝတွင် သင်ယူခဲ့သော မန္တာန်များအာလုံး၌ ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်က လွဲ၍ ကျန်တာအားလုံးသည် အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်ကို တုပ ထားခြင်းသာ ဖြစ်သည်။
တကယ်တော့ ကောင်းကင်ဘုံမန္တာန်များက ရှားပါးလွန်းလှ၏။ ရှေ့ဖြစ်ဟောသူလို ပုဂ္ဂိုလ်ကြီးများပင် ကောင်းကင်ဘုံမန္တာန်များကို အသည်းအသန် လိုချင်ကြ၏။
ကောင်းကင်ဘုံမန္တာန်များက အစစ်အမှန်မန္တာန်များပင်။ ၎င်းတို့၏ စွမ်းအားကလည်း သာမန်မန္တာန်များထက် အဆများစွာ အားကောင်းလှ၏။
နတ်ဆိုးစိတ်ဝိညာဉ်က ကျင့်ကြံသူများစွာကို ဆွဲဆောင်ကာ သတ်ဖြတ်မှုများ ဖြစ်လာဖို့ပင် စိတ်ဆန္ဒ ရှိစေပြီး ဒေသခံများကိုပါ ဦးညွတ်မှု ပြုအောင် လုပ်နိုင်ခဲ့သည်။သည်အရာများအားလုံးက ကောင်းကင်ဘုံမန္တာန်တစ်ခုကို သင်ယူနိုင်ရန် ရှေးဟောင်းနတ်ဆိုးတစ်ပါးနှင့် ပေါင်းစပ်ဖို့ အခွင့်အရေးတစ်ခု ရရန်အတွက်သာ ဖြစ်သည်။
ကောင်းကင်ကံကြမ္မာကလန်၌ပင် ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရရှိနိုင်ရန် လူတစ်ယောက်က အသိအမှတ်ပြုခြင်း မခံရခင် မရေမတွက်နိုင်သောနှစ်ပေါင်းများစွာ အစစ်အမှန်တပည့် နေရာကို စုပ်ကိုင်ထားနိုင်ရမည် ဖြစ်၏။သို့ရာတွင် ရှေ့ဖြစ်ဟောသူက ထိုလူကို အကောင်းဆုံးမန္တာန်ကို ပေးမည်မဟုတ်ဘဲ သာမန်ကိုသာ ရွေးချယ်ပေးပေလိမ့်မည်။
“ရပ်တန့်ခြင်းမန္တာန်…” ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သည့်နောက် သူ့စိတ်ထဲ၌ ထိုကောင်းကင်ဘုံမန္တာန်အတွက် ဂါထာ ပေါ်လာခဲ့သည်။သူက မျက်လုံး ဖြည်းဖြည်းချင်း မှိတ်ကာ သူ့ကိုယ်သူ သည်ကောင်းကင်ဘုံမန္တာန်ထဲသို့ နစ်မြုပ်ထားလိုက်တော့သည်။
အချိန်က တိတ်တဆိတ် ကုန်ဆုံးသွားလေ၏။ မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်း နှစ်ဆယ် ကုန်လွန်သွားခဲ့ချေပြီ။
ကောင်းကင်နတ်ဆိုးနိုင်ငံနှင့် မီးနတ်ဆိုးနိုင်ငံတို့ကြား တိုက်ပွဲကလည်း အချိန်အတန်ကြာခဲ့လေပြီ။နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် ပိုမုန်းတီးလာကာ စစ်ပွဲထဲ၌ ဆွဲနှစ်ခြင်း ခံထားရသည်။အခြားနိုင်ငံများသည်လည်း ဆက်လက်၍ အခြေအနေ ကြည့်မနေနိုင်တေ့ဘဲ နောက်ဆုံးတွင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ကောင်းကင်နတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုးက သူသာ မီးနတ်ဆိုးနိုင်ငံနှင့် စစ်စတိုက်ရန် ဆုံးဖြတ်လိုက်သည်နှင့် ထိုပြဿနာ ဖြစ်လာမည်ကို တွေးထားခဲ့ပြီးသား ဖြစ်သည်။အခြားနိုင်ငံများက လှုပ်ရှားရန် အသင့် ဖြစ်လာချိန်၌ သူက သူ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုကာ ကောင်းကင်နတ်ဆိုးမြို့ကို ချိပ်ပိတ်ပစ်လိုက်၏။
ကောင်းကင်နတ်ဆိုးနိုင်ငံ၏ အခြားမြို့များကတော့ ရှေးဟောင်းနတ်ဆိုးက လက်လွှတ်လိုက်တော့၏။သူက ဝမ်လင်းနှင့် သဘောတူထားသည့် အချိန်ကို စောင့်ဆိုင်းနေရင်း မြို့တော်နှင့်နဂါးရေကန်ကိုသာ စောင့်ကြပ်ထားသည်။သူက ဝမ်လင်း သဘောတူညီမှုကို ဖျက်စီးမည်ကို စိတ်မပူပေ။ဝမ်လင်းကသာ တကယ် ဖျက်စီးသွားခဲ့ရင်လည်း သူက သူ့စွမ်းရည်ကို အသုံးပြုကာ ဝမ်လင်းကို သတ်ပစ်ပေမည်။သို့သော် သူက ဝမ်လင်းသည် ရေတိုကိုသာ ကြည့်သည့်လူမျိုး မဟုတ်ကြောင်း ယုံကြည်ထား၏။
သည်အခြေအနေအောက်၌ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကတော့ မြန်ဆန်စွာ ချဲ့ထွင်လာခဲ့ကာ အင်အားလည်း တောင့်လာခဲ့၏။
သည်ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း မီးနတ်ဆိုးနိုင်ငံ တိုက်ပွဲနယ်မြေများ၌ အနက်ရောင်ဝတ်စုံနှင့် ထူးဆန်းသောလူများ ပေါ်ထွက်လာကာ နိုင်ငံနှစ်ဖက်လုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေ။ထိုဝတ်ရုံနက်နှင့်လူများက တိုက်ပွဲကွင်းပြင်၌ မကြာခဏပေါ်လာကာ စိတ်ဝိညာဉ်အပိုင်းအစများစွာကို စုပ်ယူတက်ကြ၏။
တစ်ချိန်တည်းမှာပင် သူတို့တစ်ယောက်ချင်းစီက တိုက်ပွဲမြေပေါ်ရှိ မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ခဲ့ပြီးလေပြီ။သူတို့အားလုံးက ထူးချွန်သောလုပ်ဆောင်မှုများ ရှိကြပေ၏။စစ်တပ်နှစ်ဖက်လုံးရှိ နတ်ဆိုးတပ်သားများသည်လည်း မြန်ဆန်စွာ သန်မာလာကြကာ သူတို့က သေဆုံးသွားသော ဗိုလ်ချုပ်များနေရာ၌ အစားထိုး နေရာပေးခြင်း ခံလာရသည်။
***