Switch Mode

အပိုင်း(၆၇၅)

ချင်ရှောင်

အရပ်ပုပုအဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။သို့သော် သူ့မျက်လုံးများက တောက်ပနေကာ သူကပြောလိုက်၏။ “ငါက ကောင်းကင်ဘုံသားပဲ။မင်းက ငါ့ကို မလေးမစား လုပ်ဝံ့လား…”

အဘိုးအိုစကားမဆုံးသေးခင်မှာပင် ဝမ်လင်းက မျက်မှောင်ကြုတ်ကာ အေးစက်စွာ ကြည့်လိုက်၏။သူက သူ့ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်၏။သူ့လက်ကြားထဲ၌ တစ္ဆေအလင်းတစ်ခု ပေါ်ထွက်လာသည်။သူက သည်အဘိုးအိုနှင့်ပတ်သတ်၍ စိတ်မရှည်တော့ပေ။သူ့လက်ထဲရှိ စိတ်ဝိညာဉ်ရှာဖွေခြင်းမန္တာန်နှင့် သူက အဘိုးအို၏ ဦးခေါင်းထက်သို့ ဖိချလိုက်၏။

အဘိုးအိုက နာကျင်စွာ အော်ဟစ်လိုက်ရသည်။သို့သော် သူက အကူအညီမဲ့နေလေပြီ။သူ့ခန္ဓာကိုယ်က ကောင်းကင်ချုပ်နှောင်ခြင်းပိုက်ကွန်နှင့် ချုပ်နှောင်ခံထားရသည့်မဟုတ်လော။သူ့မျက်လုံးက ကြောက်လန့်မှုနှင့် ပြည့်နေကာ လျင်မြန်စွာ အော်ပြောလိုက်၏။ “ငါ ပြောပါ့မယ်…ပြောပါ့မယ်…”

ဝမ်လင်းက ရပ်တန့်ခြင်းမရှိပေ။သူက သူ့ညာလက်ကို ဆက်၍ ဖိချဟန်ပြင်ပြီးမှ သူ့အသွင်က အနည်းငယ် ပြောင်းလဲသွားကာ သူ့လက်ကို ရပ်တန့်လိုက်တော့၏။မျှော်စင်အပြင်ဘက်တွင်တော့ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အထက်ရှိ အနက်ရောင်တိမ်ထုသည် လမ်းကြောင်းတစ်ခု ဟပေးလာသည်။သည့်နောက် ဓားသွားတေးသံတစ်ခုက ကောင်းကင်ထက်သို့ ထွင်းဖောက်လို့လာ၏။

အနက်ရောင်ဓားသွားက လျှပ်စီးတန်းအလား မြန်ဆန်စွာ လှုပ်ရှားလာရင်း ဖျပ်ခနဲ မျှော်စင်နှင့် နီးကပ်လာခဲ့၏။အနက်ရောင်ဓားသွားထဲရှိ ရှုလီကော၏ လက်ထဲတွင်တော့ စုတ်တံတစ်ချောင်းကို ကိုင်ထားသည်။သူက မျှော်စင်ထဲသို့ ချက်ခြင်းဝင်၍ သူ့အသွင်က ကျေနပ်မှုမှုအပြည့်ဟန်ပန်ဖြင့် ခပ်သုတ်သုတ် ပြောလိုက်၏။ “အရှင်…ကောင်လေးရှုက သင့်အတွက် ရတနာကို ဖမ်းယူလာနိုင်ခဲ့ပါပြီ။ဒါပေမဲ့ ကျွန်တော်က သေလောက်အောင် ပင်ပန်းခဲ့ရပါတယ်။အရှင် ဒီရတနာက ဘယ်လောက်မြန်အောင် ထွက်ပြေးနိုင်လဲ အရှင်မသိပါဘူး…”

“ကောင်းတယ်…” ဝမ်လင်းက ခေါင်းညိမ့်ကာ သူ့ညာလက်ကို ရှေ့သို့ ဆန့်တန်းလိုက်၏။ထိုအခါ သူ့လက်ထဲသို့ စုတ်တံက ပျံဝဲလာသည်။သူက ထိုစုတ်တံထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ လှည့်ပတ်နေသည်ကို ချက်ခြင်း ခံစားမိုလိုက်၏။သည့်နောက် ထိုစုတ်တံအတွင်း၌ သန်မာသောဖိအားတစ်ခုလည်း ရှိလို့နေလေသည်။

ဝမ်လင်း၏ ချီးကျူးမှုကို ကြားလိုက်သည့်အခါ ရှုလီကောက ရွှင်မြူးသွားသည်။သူ့သစ္စာဖောက်မှု ကျရှုံးသွားကတည်းက သူက ဝမ်လင်းအတွက် အကျိုးဆောင်ပေးနိုင်ရန် အခွင့်ရေးကို ချောင်းနေခဲ့ခြင်း ဖြစ်သည်။ခုတော့ သူက ထိုအခွင့်အရေး ရရှိခဲ့လေပြီ။

ဝမ်လင်းက ရှုလီကောနှင့်လခြမ်းကွေးဓားသွားတို့ကို လျစ်လျူရှုလိုက်၏။သူက စုတ်တံကို ကိုင်ကာ အနီးကပ်သေချာကြည့်သည်။သည့်နောက်သူက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်းလိုက်ကာ စုတ်တံထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်စေသည်။

ထိုအခိုက်အတန့်၌ စုတ်တံထိပ်ဖျား၌ ရွှေရောင်အလင်းတစ်ခု ပေါ်ထွက်လာသည်။ ဝမ်လင်း ကောင်းကင်ဘုံစွမ်းအင်များ ပိုဝင်ရောက်လာလေလေ ရွှေရောင်အလင်းက တောက်ပသထက် တောက်ပလာလေ ဖြစ်သည်။အဆုံးသပ်၌ ထိုအလင်းက မျှော်စင်တစ်ခုလုံးကို လင်းထင်းသွားစေသည်။အကွာအဝေးတစ်ခုမှ ကြည့်ပါက မျှော်စင်သည် ရွှေရောင်တောက်ပစီးဆင်းနေမှုကို ပေးစွမ်းလို့နေမည် ဖြစ်၏။

ထိုအခိုက်အတန့်၌ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်တိုင်းသည် ဒူးထောက်ချကာ မျှော်စင်ရှိရာသို့ ဦးညွတ်လိုက်ကြသည်။

ပိုက်ကွန်၏ ဖမ်းခြင်းကို ခံထားရသောအဘိုးအိုသည် ဝမ်လင်းလက်ထဲမှ စုတ်တံသည် ရွှေရောင်တညီညီလင်းထင်းနေသည်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးက မကျုံ့မိဘဲ မနေနိုင် ဖြစ်ရသည်။သူက စိတ်ချဉ်ပေါက်နေမိလေပြီ။အတိတ်တုန်းက သူက စုတ်တံကို ထုတ်ယူတုန်းက ရွှေရောင်အလင်းတစ်ခု ရှိခဲ့ဖူး၏။သို့ရာတွင် ခုတစ်ကြမ် သူရှေ့ရှိ ထွက်ပေါ်နေသော ရွှေရောင်အလင်းနှင့် ယှဉ်ပါက နေမင်းအလင်းရောင်နှင့် ပိုးစုန်းကြူးအလင်းရောင်တို့ကို နှိုင်းယှဉ်သလို ဖြစ်နေပေတော့မည်။

“ဟက်…ဒီတော့ သူက စုတ်တံကို အားကောင်းတဲ့ ရွှေရောင်အလင်းထုတ်လွှတ်အောင် လုပ်နိုင်တယ်ပေါ့။ သူက ငါ့လမ်းညွှန်မှု မရှိဘဲ ဒီကောင်းကင်ဘုံစုတ်တံကို ဘယ်လိုအသုံးပြုရမယ်လို့ နားလည်နေမယ်ဆိုတာကို ငါ မယုံဘူး။အတိတ်တုန်းက ငါလည်း ကျောက်စိမ်းပြားသာ မရှိရင် ဒီကောင်းကင်ဘုံစုတ်တံကို ဘယ်လို အသုံးပြုရမယ်ဆိုတာ သိခဲ့မှာ မဟုတ်ဘူး…”

အဘိုးအိုက ထိုသို့ တွေးနေရင်း သူ့မျက်လုံးထဲ၌ ဂုဏ်မောက်မှုတစ်ချို့ ပေါ်ထွက်လို့နေတော့သည်။

သို့ရာတွင် သူ့မျက်လုံးထဲရှိ ဝင့်ကြွားနေမှုက ချက်ခြင်း မှုန်ဝါးသွားကာ တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားတော့၏။

သူက ဝမ်လင်း၏ မျက်လုံးက ရုတ်တရက် ပွင့်လာပြီး သူ့လက်ကို တစ်ချက်ဝှေ့ကာ စုတ်ချက်တစ်ခု သင်္ကေတကို ရေးဆွဲလိုက်သည်အား တွေ့မြင်လိုက်ရပေသည်။

“ဒါ…ဒါက မဖြစ်နိုင်ဘူး။ဟုတ်ပြီ။ ဒီလူက ငါ့ထက် နည်းနည်းလေး ဉာဏ်ပိုကောင်းတာပဲ ရှိတာ၊ ဒါ့ကြောင့် သူက ငါ ဒါကို အသုံးပြုတာကို မြင်ခဲ့တဲ့နောက် သင်ယူနိုင်ခဲ့တာ ဖြစ်မယ်။ ဟုတ်တယ်…ဒီလိုပဲ ဖြစ်ရလိမ့်မယ်…”

အရပ်ပုပုအဘိုးအိုသည် ထိုအကြောင်းကို တွေးနေရင်း နောက်ထပ်မြင်ကွင်းတစ်ခုကြောင့် သူသည် ကျယ်လောင်စွာ အော်ဟစ်မိသွားလေ၏။

အခုအခိုက်အတန့်၌ ဝမ်လင်းမျက်လုံးထဲ၌လည်း ရွှေရောင်အလင်း အငွေ့အသက်တို့ ရှိနေသည့်ပုံပင်။သူက သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ နောက်ထပ် စုတ်ချက်နှစ်ခု သင်္ကေတကို ထည့်ပေါင်းလိုက်၏။

ဝမ်လင်းညာလက်က ရပ်တန့်သွားခြင်း မရှိပေ။သူက နောက်ထပ် စုတ်ချက်တစ်ခုကို ရေးဆွဲလိုက်ပြန်သည်။သည်အခိုက်အတန့်၌ စုတ်ချက်သုံးခုသင်္ကေတက သူ့ရှေ့တွင် နေမင်း၏အလင်းအား ထွက်ပေါ်လာတော့၏။

ထိုသင်္ကေတထွက်ပေါ်လာသည့်အခိုက်တွင် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် သူ့ဟာသူ အသက်ဝင်လာကာ ထိုသင်္ကေတထဲသို့ ဝင်ရောက်သွား၏။

ရှုလီကောနှင့် အရပ်ပုပုအဘိုးအိုတို့၏ အမြင်၌ စုတ်ချက်သုံးခုသင်္ကေတက ပြည့်စုံမှုကို ပေးစွမ်းနေသည်ဟူသော ခံစားမှုကို ရ၏။ထိုသင်္ကေတပေါ်၌ ကောင်းကင်ဘုံတာအိုတစ်ခု ရေးထွင်းနေသကဲ့သို့ပင်။

ထိုသင်္ကေတထံမှ ရွှေရောင်အလင်းလှိုင်းများ ပျံ့နှံ့လာကာ မျှော်စင်ထဲကနေ စိမ့်ထွက်သည်။သည့်နောက် စုတ်တံထံမှ ရွှေရောင်အလင်းက ပြန်လည်ကာ အစားထိုးပေးလာသည်။ရွှေရောင်အလင်းက ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံလာ၏။စိတ်ဝိညာဉ်အလံမှ ထုတ်လွှတ်ထားသော အနက်ရောင်တိမ်ထုပင် ပျောက်ဝင်သွားကာ နောက်သို့ ဆုတ်ပေးရ၏။ထိုအခါ ကြည်လင်သော အပြာရောင်ကောင်းကင်တစ်ခု ထွက်ပေါ်လာတော့သည်။

ဝမ်လင်းမျက်လုံးများကလည်း ရွှေရောင်တောက်ပမှုကို ပေးစွမ်းနေသည်။သူ့လက်က သုံးခုမြောက် စုတ်ချက်ကို ရေးဆွဲပြီးသည့်နောက် လေထဲ၌ ရပ်တန့်သွားသည်။

သူ့အဖြူရောင်ဝတ်စုံက လေမတိုက်ပဲ လွင့်မြောနေကာ ဆံပင်ရှည်များကလည်း နောက်ကျော၌ စီးမြောကျနေသည်။ ဝမ်လင်းက ကောင်းကင်ဘုံစုတ်တံကို ကိုင်ဆောင်ထားချိန်၌ သူ့ခန္ဓာကိုယ်ကနေ ကောင်းကင်ဘုံသားတစ်ယောက်၏ အော်ရာက ရုတ်တရက် ပျံ့နှံ့လာချေသည်။ရွှေရောင်အလင်းက ကောင်းကင်ဘုံတာအိုနှင့် ခံညားလွှမ်းမိုးမှုတို့ ပါဝင်နေသည်ဟုပင် ထင်မှတ်ရလေ၏။

ရှုလီကောက လုံးဝ မှင်သက်သွား၏။ဝမ်လင်းထံမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းက သူ့မျက်လုံးများကို နာကျင်စေလေ၏။ရွှေရောင်အလင်းက သူ့ကို ခုခံနိုင်စွမ်းမရှိဟူသော ခံစားချက်ကို ပေးစွမ်းနေ၏။သဘောကတော့ ဝမ်လင်းက သူ့ကို အတွေးတစ်ချက်ဖြင့်ပင် ပျောက်ကွယ်သွားအောင် လုပ်နိုင်သည့်အလားပင်။

သူက သည်လိုခံစားချက်မျိုးကို အရင်က ကြုံခဲ့ဖူးသော်လည်း ခုလောက်တော့ ဘယ်တုန်းကမှ အားကောင်းခဲ့ခြင်း မရှိပေ။သည်အခိုက်အတန့်၌ ထိုခံစားချက်က သူ့စိတ်နှလုံးအတွင်းဘက်၌ ရေးထွင်းသွားခဲ့ချေပြီ။

အရပ်ပုပုအဘိုးအိုကတော့ ဝမ်လင်းကို မှင်သက် ကြောင်ရီစွာ ကြည့်နေမိ၏။သူ့မျက်လုံးထဲရှိ တုန်လှုပ်နေမှုက ဖော်ပြ၍ ပင် မစွမ်းသာ။သူက အာမေဋိတ်သံဖြင့် ပြောလိုက်မိ၏။ “ကောင်းကင်ဘုံ…ကောင်းကင်ဘုံအင်ပါယာ…”

ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့ရှေ့ရှိ သင်္ကေတထံသို့ လက်ညွှန်လိုက်၏။ချက်ခြင်းလိုလို ထိုသင်္ကေတက ပျောက်ကွယ်သွားကာ အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲ၍ မျှော်စင်ထဲကနေ ပျံသန်းထွက်သွားကာ ကမ္ဘာလောကနှင့် ပေါင်းစပ်သွားလေသည်။

“ခု ငါ့ကို မင်းအကြောင်း ပြောတော့…” ဝမ်လင်းမျက်လုံးထဲရှိ ရွှေရောင်အလင်းကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့၏။သို့ရာတွင် သူ့အကြည့်က အဘိုးအိုမျက်လုံးထဲသို့ လျှပ်စီးတန်းတစ်ခု ထွင်းဖောက်လာသလား မှတ်ရ၏။

ဝမ်လင်းက ကောင်းကင်ဘုံနတ်ဆိုးမိစ္ဆာအသံကို အသုံးပြုခဲ့ခြင်း ဖြစ်၏။သူ့အသံထဲ၌ နတ်ဆိုးမိစ္ဆာစွမ်းအင် အချို့ပါဝင်နေကာ ထိုအသံက အဘိုးအိုနားထဲသို့ ဝင်ရောက်သွားသည်။

ဝမ်လင်းက ထိုအဘိုးအိုအပေါ်၌ စိတ်ဝိညာဉ်ရှာဖွေခြင်းမန္တာန် အသုံးမပြုရခြင်း အကြောင်းသည် ထိုအဘိုးအိုမှာ အခွံသပ်သပ်အာဏာတက်ခြင်းအလယ်အဆင့် တစ်ယောက်ဖြစ်သော်လည်း သူ့မူလစိတ်ဝိညာဉ်ကတော့ အားကောင်းသောကြောင့် ဖြစ်၏။ထို့ကြောင့် ဝမ်လင်း၏ ဉာဏ်နီဉာဏ်နက်နှင့်ဆိုလျှင် သူက နောက်ဆုံးအခြေအနေမဟုတ်မချင်း စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန်ကို အသုံးပြုလိမ့်မည် မဟုတ်ပေ။

အရပ်ပုပုနှင့်အဘိုးအိုက လှိုဏ်သံပါသော အသံဖြင့် ဆိုလာ၏။ “ငါက သန့်စင်ခြင်းငှက်မွှေးတောင်ကလန်ကပါ။ ငါ့နာမည်ကတော့ ဟောင်ယု။ ငါက ငါ့ ရန်သူတွေ ငါ့နောက်လိုက်ဖမ်းတဲ့အတွက် ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲ ဝင်ခဲ့တာပါ။အဲ့နောက်မှာတော့ ငါက ပြန်ထွက်မလာဝံ့တော့ဘဲ ဒီမှာဘဲ နေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီမှာနေတာက ငါ့အတွက်လည်း ပိုကောင်းတယ်လေ။ ဒီမှာက ငါ သေချာဂရုစိုက်နေသ၍ ဘာအန္တရာယ်မှလည်း မရှိဘူး…”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ မေးလိုက်၏။ “သင်က ကောင်းကင်ဘုံအစာတွေနဲ့ ကောင်းကင်ဘုံရတနာတွေကို ဘယ်နေရာက ရလာခဲ့တာလဲ။ ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကလား…”

အဘိုးအိုက ပြောလိုက်၏။ “ငါက ဒီနေရာကို စရောက်ခဲ့တဲ့ အချိန်မှာ မမျှော်လင့်ဘဲ လှိုဏ်ဂူတစ်ခုတည်း ဝင်ရောက်ခဲ့မိပြီး အဲ့နေရာကနေ ရလာခဲ့တာပါ…”

“မင်းက ကောင်းကင်ဘုံအစာနဲ့ ကောင်းကင်ဘုံစုတ်တံအပြင် ကျန်တာ ဘာတွေ ရခဲ့သေးလဲ…”

ဝမ်လင်းမျက်လုံးက အသည်းအသန်ဖြစ်မှုကို ဖော်ပြနေ၏။

အဘိုးအိုက ခပ်တိုးတိုး ဆိုလာပြန်သည်။ “ငါက သိုလှောင်အိတ်နှစ်ခု ရရှိခဲ့တယ်။တစ်ခုကတော့ ဘာနတ်ဘုရားအာရုံမှ ခပ်နှိပ်ထားတာ မရှိဘူး။အဲ့ထဲမှာ ကောင်ကင်ဖမ်းချုပ်ပိုက်ကွန်နဲ့ ကျောက်စိမ်းပြားအပါအဝင် အခြားအရာတွေ ပါဝင်နေခဲ့တယ်။အခြားတစ်ခုကတော့ နတ်ဘုရားအာရုံ ခပ်နှိပ်ထားတော့ ငါက ဒါကို မဖွင့်နိုင်ခဲ့ဘူး၊ဒါပေမဲ့ အဲ့တာကို တစ်ယောက်ယောက်က ယူသွားခဲ့ပြီ…”

ဝမ်လင်းမျက်လုံးက အလေးအနက်ဖြစ်လာကာ သူက ပြောလိုက်သည်။ “အဲ့သိုလှောင်အိတ်ကို ဘယ်သူယူသွားတာလဲ…”

“အင်း..ကျင့်ကြံခြင်းစုံတွဲပဲ။ကံကောင်းစွာနဲ့ ငါက သိုလှောင်အိတ်နှစ်ခု ခွဲပြီးတော့ ငါ့ကိုယ်ပိုင် နတ်ဘုရားအာရုံကို အခြားတစ်ခုပေါ်မှာ ခပ်နှိပ်ထားခဲ့လို့ပဲ။မဟုတ်ရင် နှစ်ခုလုံး လုယူခံရမှာ…”

အရပ်ပုပုအဘိုးအို၏ မျက်လုံးက မျက်တွင်းဟောက်ပတ် ပိုဖြစ်လာ၏။သို့သော် သူက သည်အကြောင်းကို ပြန်ပြောပြချိန်၌ သူ့မျက်လုံးထဲ၌ အမုန်းတရားတို့ ရှိလို့နေသည်။

ကျင့်ကြံခြင်းစုံတွဲ၏ ပုံပန်းသွင်ပြင်ကို သေချာမေးမြန်းကြည့်ပြီးနောက် ဝမ်လင်းက ပြောလိုက်သည်။ “ဒီကျောက်စိမ်းပြားထဲမှာ ဘာတွေ မှတ်တမ်းတင်ထားတာလဲ…”

အဘိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီထဲမှာ ကောင်းကင်ဘုံရတနာများစွာနဲ့ ကောင်းကင်ဘုံမန္တာန်တွေ အတွက် အသုံးပြုတဲ့ နည်းလမ်းတွေ မှတ်တမ်းတင်ထားတယ်။ဒါ့အပြင် ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေးရုပ်တွေ ဖန်တီးတဲ့ နည်းလမ်းလည်း ပါဝင်သေးတယ်။ ဒါပေမဲ့လည်း ဒီကျောက်စိမ်းပြားပေါ်မှာ အတားအဆီးတစ်ခု ရှိနေတယ်။ဒါ့ကြောင့် ငါက ဒီထဲမှာ ပါဝင်တဲ့ အကြောင်းအရာအားလုံးကို ကြည့်နိုင်စွမ်း မရှိခဲ့ဘူး…”

ထိုအဘိုးအိုသည် ဝမ်လင်း၏ အကြည့်နှင့် နတ်ဆိုးမိစ္ဆာအသံ တို့ကြောင့် လိမ်မပြောသာတော့ပေ။ထို့ကြောင့် သူပြောသမျှသည် အမှန်ပင်။

“အဲ့ ကျောက်စိမ်းပြားရော…” ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။

အဘိုးအိုက ပြောလိုက်၏။ “ငါ့ သိုလှောင်အိတ်ထဲမှာပါ…”

“ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်က မင်းကို ဘယ်လောက်ကြာအောင် ချုပ်နှောင်ထားမှာလဲ…”

“သုံးရက်…”

ဝမ်လင်းက သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းက အဘိုးအိုထဲသို့ ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်အား ချိပ်ပိတ်ပစ်လိုက်လေသည်။သည့်နေက် ဝမ်လင်းက မျက်လုံးမှိတ်၍ ကြာပွင့်သဏ္ဌာန်ထိုင်ချကာ စတင်ကျင့်ကြံတော့သည်။ အဘိုးအိုကိုတော့ သည်အတိုင်းထားထားလိုက်၏။သို့သော် သုံးခုပြည့်မှီဓားအစီအရင်က ကျန်ရှိလို့နေဆဲသာ ဖြစ်သည်။

သုံးရက်က ဖျပ်ခနဲ ကုန်ဆုံးသွား၏။သုံးရက်မြောက်နေ့တွင် အဘိုးအိုကို ချုပ်နှောင်ထားသော ပိုက်ကွန်က အစိမ်းရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာသည်။၎င်းက အဘိုးအိုထံမှ ခွာ၍ ဘေးတစ်ဖက်သို့ ပျံသန်းသွားသည်။သည့်နောက် ၎င်းက လက်ဝါးအရွယ် အစိမ်းရောင်ပိုက်ကွန်တစ်ခုအဖြစ် ပြန်ပြောင်းလဲသွား၏။

ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။အဘိုးအို၏ သိုလှောင်အိတ်က သူ့လက်ထဲသို့ ပါလာ၏။သူက ၎င်းကို သူ့နတ်ဘုရားအာရုံဖြင် စစ်ဆေးကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားမိသည်။သူက သူ့ညာလက်ကို နောက်တစ်ဖန် ဆန့်ထုတ်လိုက်ပြီး အဘိုးအိုအား ဖမ်းဆုပ်လိုက်၏။ အဘိုးအိုကို လှုပ်ခါလိုက်သည့်အခါ အဘိုးအိုကိုယ်ပေါ်ရှိ နေရာအသီးသီးမှ သိုလှောင်အိတ်ပေါင်း ဆယ်ခုကျော်သည် ပြုတ်ကျလာချေလေသည်။

ဝမ်လင်းက အဘိုးအိုကို ဘေးတစ်ဖက်သို့ တွန်းထုတ်ပစ်လိုက်၏။သည့်နောက် သုံးခုပြည့်မှီဓားအစီအရင်က အဘိုးအိုထံသို့ လျင်မြန်စွာ ပျံဝင်လာကာ သူ့အား အလိုလို ထိန်းချုပ်သွားလေသည်။

ဝမ်လင်းက သိုလှောင်အိတ်များကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်နေ၏။တဖြည်းဖြည်းဖြင့် သူ့အကြည့်က အလွန်သာမန်ဆန်သော သိုလှောင်အိတ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ထိုသိုလှောင်အိတ်ပေါ်မှ အဘိုးအို၏ နတ်ဘုရားအာရုံကို ပယ်ဖျက်လိုက်ပြီးနောက် သူ့နတ်ဘုရားအာရုံကို သိုလှောင်အိတ်ထဲသို့ ပို့လွှတ်လိုက်သည်။

ထိုသိုလှောင်အိတ်က ကျောက်စိမ်းပြားများကလွဲ၍ ဘာမှ ရှိမနေပေ။

သိုလှောင်အိတ်ထဲရှိ ထိုကျောက်စိမ်းပြားများကို စစ်ဆေးကြည့်ပြီးနောက် ဝမ်လင်းမျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားကာ သူ့နှလုံးခုန်သံက မြန်ဆန်သွားသည်။သူက ညာလက်ကို လှုပ်ရှားလိုက်ရာ သူ့လက်ဝါးထဲသို အစိမ်းရောင်ကျောက်စိမ်းပြားတစ်ခု ကျရောက်လာချေသည်။

ထိုကျောက်စိမ်းပြားက စိတ်ဝိညာဉ်ကျောက်တုံး သို့မဟုတ် ကောင်းကင်ဘုံကျောက်စိမ်းများနှင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ဝမ်လင်း ထိုကျောက်စိမ်းပြား ပြုလုပ်ထားသည့် သတ္တုပစ္စည်းကို အရင်က လုံးဝ မမြင်ခဲ့ဖူးပေ။ထိုအရာက သစ်သား၊လည်းမဟုတ် ကျောက်တုံးလည်း မဟုတ် ဖြစ်နေ၏။သူက ၎င်းကို လက်ထဲ၌ ကိုင်ထားချိန်၌ နွေးထွေးသောအော်ရာက သူ့ခန္ဓာကိုယ်အား လွှမ်းခြုံလာသည်။

ဝမ်လင်း နတ်ဘုရားအာရုံက ထိုကျောက်စိမ်းပြားထဲသို့ ဝင်ရောက်သွားသည်။သည်အခိုက်အတန့်၌ သူ့အသွင်က ပြောင်းလဲသွားချေ၏။သူ့မျက်လုံး တလက်လက် တောက်ပလာပြီးနောက် တဖြည်းဖြည်းချင်း ပြန်မှိန်ကျသွားပြန်သည်။သူ့စိတ်အာရုံအားလုံးက ထိုကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများ ပေါ်၌ ရှိနေကာ သူက လုံးဝ တုန်လှုပ်လို့နေ၏။

သည်ကျောက်စိမ်းပြားက ကောင်းကင်ဘုံရတနာသုံခုနှင့် အစစ်အမှန်ကောင်းကင်ဘုံမန္တာန်ကို အသုံးပြုပုံအကြောင်း မှတ်တမ်းတင်ထားခြင်း ဖြစ်ပေ၏။

“ချင်ရှောင် သမီးက မိုးကောင်းကင်ဘုံနယ်မြေရဲ့ ကောင်းကင်ဘုံသား ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာတဲ့နောက် အဖေတစ်ယောက်အနေနဲ့ ဒါက နင့်အတွက် လက်ဆောင်ပါ။ကောင်းကင်ဘုံရတနာသုံးခုကတော့ ငါကိုယ်တိုင် ပြုလုပ်ထားခဲ့တာ ဖြစ်တယ်။ ကောင်းကင်ဘုံမန္တာန်ကတော့ ဒါက အဆင့်မြင့်ကြီး မဟုတ်ပေမဲ့လည်း တော်တော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ သမီးက ဒီမန္တာန်ကို နှစ်သက်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset