အဘိုးအိုက ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်ကို ကိုင်ထားရင်း ဝမ်းနည်းသည့်ဟန်ပန် ဖြစ်နေ၏။သူက ဆက်မပြေးရန် ဆုံးဖြတ်ချက်ချကာ မတ်တပ်ရပ်နေ၏။သူက သူ့ကိုယ်သူ အဆံမရှိသည့် အာဏာတက်ခြင်းအလယ်အဆင့်တစ်ယောက်မျှသာ ဖြစ်ကြောင်း သိထား၏။ထို့အတွက် သူက ဝမ်လင်းလက်ထဲကနေ လွတ်မြောက်ရန်က အလွန်ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် သူက သည်တစ်ကြိမ်တွင် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်တော့၏။ သည်ပိုက်ကွန်ကသာ ကောင်းမွန်ခဲ့မည်ဆိုပါက ၎င်းက ဝမ်လင်းကို သုံးရက်တိတိ ပိတ်လှောင်ထားနိုင်ပေလိမ့်မည်။ထိုသုံးရက်စသည်နှင့် သူက ထွက်ပြေးလျှင် ဝမ်လင်းက သူ့ကို ဖမ်းနိုင်တော့မည် မဟုတ်ပေ။ထိုသို့ ထွက်မပြေးဘဲ သူက ဝမ်လင်းကို ဖမ်းထားပြီးနောက် ကျောက်စိမ်းပြားတွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဝမ်လင်းကို အဆင့်နိမ့်ကောင်းကင်ဘုံစောင့်ရှောက်သူတစ်ယောက်အဖြစ် ဆေးဝါးအချို့အသုံးပြုကာ သန့်စင်မွန်းမံနိုင်ပေမည်။
ကျောက်စိမ်းပြားထဲ၌ မှတ်တမ်းတင်ထားသော အဆင့်နိမ့်ကောင်းကင်ဘုံသက်တော်စောင့် များ၏ စွမ်းအားအကြောင်းကိုတွေးမိသည်နှင့် အရပ်ပုပုအဘိုးအို၏ စိတ်နှလုံးက လှုပ်ရှားမိလေသည်။
သူ သန့်စင်မွန်းမံထားခဲ့သော ကောင်းကင်ဘုံသက်တော်စောင့်များသည် ထိုကျောက်စိမ်းပြားပေါ်၌ မှတ်တမ်းတင်ထားသောလိုအပ်ချက်များနှင့် မပြည့်မှီချေ။စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများကို ကောင်းကင်ဘုံစောင့်ရှောက်သူများအဖြစ် မွန်းမံသန့်စင်ခြင်းက အရည်အသွေး ပြည့်မှီခြင်း မရှိပေ။
အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကိုသာ သန့်စင်မွန်းမံပါက အောင်မြင်နိုင်သည့်နှုန်းသည့် အနည်းငယ် တိုးလာနိုင်၏။သို့သော် ထိုဖြစ်စဉ်က အလွန်နှေးကွေးမည် ဖြစ်သည်။ အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်တစ်ယောက်ပင် နှစ်တစ်သောင်းကြာမြင့်မှ တစ်ယောက်ကိုသာ သန့်စင်နိုင်ပေလိမ့်မည်။
တကယ်တော့ ထိုအရာများက အထူးကိစ္စရပ် နည်းလမ်းများသာ ဖြစ်၏။
ဝမ်လင်းက ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်ကို ကိုင်ဆောင်ထားရင်း စိတ်ထဲ၌ ထိုသို့ တွေးနေ၏။အသက်ရှူစာအနည်းငယ် ကြာမြင့်ပြီးနောက် ဝမ်လင်းသည် ထိုအဘိုးအို၏ အရှေ့ရှိ လေဟာနယ်ထဲကနေ ထွက်ပေါ်လာ၏။
ဝမ်လင်း ထွက်ပေါ်လာသည်နှင့် အဘိုးအိုက လက်ထဲရှိ ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်ကို ပစ်လွှတ်လိုက်၏။ပိုက်ကွန်က ရုတ်တရက် ချဲ့ထွက်သွားကာ ကောင်းကင်နှင့်မြေကြီးကို အုပ်မိုးလာ၏။
ဝမ်လင်းက အဘိုးအို၏ ပိုက်ပွန်ကို သူ့နတ်ဘုရားအာရုံဖြင့် သတိပြုမိပြီး ဖြစ်၏။သူက ထိုရတနာသည် ရိုးရှင်းမည်မဟုတ်ကြောင်း သိထားပြီး ဖြစ်သည်။အဘိုးအိုက ရတနာကိုထုတ်လိုက်သည်နှင့် သူက ပြေးနေသည်ကိုပင် ရပ်တန့်ပစ်လိုက်၏။ထိုအခြင်းအရာက ထိုအဘိုးအိုမှာ သူ့ရတနာ၏ စွမ်းအားကို မည်မျှ ယုံကြည်နေကြောင်းကို ပြသနေခြင်းပင်။
ဝမ်လင်းက အဘိုးအိုသည် ထိုရတနာကို အစောပိုင်းတည်းက ဘာကြောင့် မထုတ်ခဲ့သည်ကို မသိသော်လည်း သူ့သတိတရားကတော့ ပို၍ တိုးလာ၏။သူက ထွက်ပေါ်လာခြင်းခြင်း သူ့ခြေထောက်အောက်ခြေ၌ မရေမတွက်နိုင်သောအတားအဆီးမန္တာန်များကို ကြိုတင်ပြင်ဆင်ထားခဲ့၏။အတွေးတစ်ချက်ဖြင့်ပင် သူက သည်နေရာကနေ အတင်း ထွက်သွားနိုင်ပေ၏။
ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်က ကမ္ဘာလောကနှင့် ပေါင်းစပ်သွား၏။ကောင်းကင်ထက်၌ အစိမ်းရောင်အလင်းတစ်ခု ဖြစ်တည်လာကာ တစ်ချိန်တည်းမှာပင် ထိုအလင်းတန်းက မြေပြင်ကနေလည်း ထွက်ပေါ်လာခဲ့၏။အစိမ်းရောင်အလင်းတန်းနှစ်ခုက ရုတ်တရက် ထိုးထွက်လာကာ တစ်ခုနှင့်တစ်ခု နီးကပ်လာချေသည်။
“သူ့ကို ဖမ်း..သူ့ကို ပိတ်လှောင်ချေ၊ ချုပ်နှောင်လိုက်စမ်း…”
အဘိုးအိုက ထိုအစိမ်းရောင်အလင်းကို ကြည့်၍ ရူးသွပ်သွားခဲ့ချေပြီ။
“သူ့ကို ဖမ်း…ဒါက သူ့ကို ချုပ်နှောင်နိုင်ရမယ်…” အဘိုးအိုမျက်နှာထက်၌ ပြင်းထန်သောစိတ်ခံစားမှုတို့ ဖြစ်ပေါ်နေ၏။သူက လက်သီးတင်းတင်းစုပ်ထားကာ သူ့မျက်နှာပေါ်ရှိ သွေးကြောများပင် ထောင်ထနေ၏။
ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့သည်။သည်အစိမ်းရောင်အလင်းတန်းက အလွန်ထူးဆန်းလှ၏။သူက ၎င်းကို နတ်ဘုရားအာရုံဖြင့်ပင် ထွင်းဖောက်လို့ မရ ဖြစ်နေ၏။ဝမ်လင်းက သတိအလွန်ရှိသူ ဖြစ်ရာ သူက ချက်ခြင်းပင် ထိုအစိမ်းရောင်အလင်းမှ လွတ်မြောက်ရန် မဟာတည်နေရာရွှေ့ပြောင်းခြင်းမန္တာန်ကို ချက်ခြင်း အသက်သွင်းလိုက်၏။
သို့ရာတွင် ထိုအခိုက်အတန့်၌ အစိမ်းရောင်အလင်းက ရုတ်တရက် မြန်ဆန်လာကာ အံ့မခန်းနှုန်းနှင့် စတင် ကျုံ့လာ၏။၎င်း၏ ပစ်မှတ်ကတော့ ဝမ်လင်းမဟုတ်ဘဲ ရူးသွပ်နေသော အရပ်ပုပုနှင့်အဘိုးအိုသာ ဖြစ်ချေတော့၏။
အဘိုးအို၏ မျက်နှာက အလွန်အမင်း ဖြူရောသွား၏။သူက နောက်သို့ အမြန်ဆုတ်၍ ထပ်ကာထပ်ကာ ရေရွတ်လိုက်၏။ “ငါ့ကို လာမချုပ်နှောင်နဲ့။ မချုပ်နှောင်နဲ့ ငါ့ကို မချုပ်နှောင်နဲ့။ ငါက မင်းကို ဒီနေရာမှာ ထုတ်ယူတဲ့လူ။ ငါ့ကို မချုပ်နှောင်နဲ့…။အာ….ငါ တောင်းပန်ပါတယ် ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်…ငါ့ကို ရှင်သန်ခွင့်လမ်းကြောင်းတစ်ခု ပေးပေးပါ…”
ဝမ်လင်းက မှင်သက်သွားစဉ်တွင် အစိမ်းရောင်အလင်းက ဖျပ်ခနဲ တောက်ပကာ အဘိုးအိုအား ဝန်းရံသွားချေ၏။အဘိုးအိုက ထွက်ပြေးစဉ် သူ့ခန္ဓာကိုယ်က မီးတောက်များနှင့် လွှမ်းခြုံသွား၏။သို့သော် ထိုမီးတောက်များက ထွက်ပေါ်လာချင်းချင်း ချက်ခြင်းလိုလို ပြန်ပျောက်ကွယ်လို့သွားသည်။
အဘိုးအိုက ဝမ်းနည်းနေသည်ဟန်ပန်ဖြင့် အော်ပြောလိုက်၏။ “ကျေးဇူးတရားမသိတက်တဲ့ ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်….မင်းက ငါ့ကိုပဲ ချုပ်နှောင်ပြီး ရန်သူကိုတော့ အဲ့လို မလုပ်ဘူး…”
အဘိုးအို ရှေ့တည့်တည့်မှ ရွှေရောင်အလင်းတစ်ခု ပေါက်ကွဲထွက်လာ၏။သို့သော် ထိုအလင်းက ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။
“မင်းရဲ့ မူလပိုင်ရှင်က မင်းကြောင့် သွေသွားခဲ့ရတာ ဖြစ်မယ်…”
အဘိုးအိုစိတ်ထဲရှိ ခါးသီးမှုက စကားဖြင့်ပင် ဖော်ပြနိုင်စွမ်းမဲ့ရ၏။သူက မန္တာန်များကို ဆက်လက် ထုတ်ဖော်ကာနေ၏။သို့သော သူက မတူညီသော လွတ်မြောက်ခြင်းမန္တာန်ဆယ်ခုကို ကျော်ကို ထုတ်ဖော်ပြီးသွားသော်လည်း အားလုံး အချည်းနှီးသာ ဖြစ်ရ၏။သူက အစိမ်းရောင်အလင်းတန်း သူ့ကို ဝန်းရံလွှမ်းခြုံလာသည်ကိုသာ စောင့်ကြည့်နေရုံ ရှိတော့၏။
အစိမ်းရောင်အလင်းပျောက်ကွယ်သွားပြီးနောက် ၎င်းက ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်အသွင်သို့ ပြောင်း၍ အနည်းငယ် တောက်ပနေ၏။အရပ်ပုပုအဘိုးအိုက လုံးဝချုပ်နှောင်ခြင်း ခံထားရကာ သူ့လက်ညှိုးတစ်ချောင်းကိုပင် လှုပ်နိုင်စွမ်း မရှိတော့ပေ။သည့်နောက် ဝမ်လင်းထံသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။
ဝမ်လင်းက သူ့ဘဝတွင် မရေမတွက်နိုင်သော တိုက်ပွဲများ ကြုံတွေ့ခဲ့ဖူးသူ ဖြစ်၏။သို့သော် ထိုနှစ်ပေါင်းခုနစ်ရာကျော်အတွင်း သူ့ကိုယ်ပိုင်ရတနာက ပိုင်ရှင်ဖြစ်သူကို ပြန်ချုပ်နှောင်ပစ်ကာ သူ့ထံသို့ ပို့ဆောင်ပေးသည့် အရာမျိုးကို ခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပင်။
ဝမ်လင်းက သူသာ နှစ်ပေါင်း ခုနစ်ရာမပြောနှင့် ခုနစ်ထောင် ကြာမြင့်ပြီးသည့်နောက်မှာတောင် ယခုလိုမြင်ကွင်းမျိုး ကြုံတွေ့ရဖို့ အလွန်ခက်ခဲမည်ကို ယုံကြည်နေ၏။
ဝမ်လင်း၏ စိတ်ဓာတ်ခွန်အားဖြင့်ပင် သူက သည်မြင်ကွင်းကို ကြည့်၍ မှင်မသက်ဘဲ မနေနိုင် ဖြစ်ရသည်။ထိုမြင်ကွင်းက သူ့အား အလွန်အံ့အားသင့်စေခဲ့ပေ၏။
“ဒါက…” ဝမ်လင်းက ရယ်ရမလား၊ငိုရမလားပင် မသိတော့ပေ။သို့သော် တစ်ချိန်တည်းမှာပင် သူက မခံ့မှန်းနိုင်သည့်အဆင့်သို့ ရောက်နေသော သည်ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်အား ကြောက်နေမိ၏။သူက အဘိုးအို လွတ်မြောက်ခြင်းမန္တာန်များစွာ အသုံးပြုသည်ကို ကိုယ်တိုင် တွေ့ခြင်ခဲ့သူဖြစ်သည်။ထိုမန္တာန်များအားလုံးကလည်း သည်ပိုက်ကွန်အောက်၌ ကျရှုံးသွားရပေ၏။
အဘိုးအိုက ပိုက်ကွန်၏ ချုပ်နှောင်ခြင်းကို ခံထားရကာ ဝမ်လင်းထံသို့ ပို့ဆောင်ခြင်းခံရ၏။အဖမ်းခံထားရသော အဘိုးအိုက ဒေါသတကြီး အော်ဟစ်လေတော့သည်။ “ရန်သူအတွက် သူတို့ကိုယ်သူတို့ အဖမ်းခံပြီး ပို့ဆောင်ပေးတယ်လို့ ဘယ်သူရှိလို့လဲ…ဒီအဘိုးအိုရဲ့ ရတနာကတော့ သောက်သုံးမကျတော့ဘူး…ဘာလို့လဲ…ဘာလို့လဲ…”
ထိုစကားကြောင့် ဝမ်လင်းပင် မပြုံးဘဲ မနေနိုင် ဖြစ်ရ၏။သူက ထိုသို့သော အပြုံးမျိုးကို ပြုံးခဲလှသူပင်။
အရပ်ပုပုအဘိုးအိုက နှာခေါင်းရှုံ့၏။သည်အခိုက်တွင် သူက ကျိန်ဆဲနေခြင်းကို ရပ်တန့်လိုက်၏။သူက သူ့ကိုယ်သူ သည်ကျင့်ကြံခြင်းလောက၌ ကံအဆိုးဆုံးသူဟု တွေးနေမိ၏။သူက လူတိုင်းလောဘတက်နိုင်သည့် ကံကောင်းမှုတစ်ခုကိုကြုံတွေ့ခဲ့ဖူးသည်။သို့သော် အဆုံးသပ်တွင်တော့ သူက သူရရှိခဲ့သော ရတနာများကြောင့်သာ ပျက်စီးခဲ့ရပေသည်။
“ဟက်…ဒီအဘိုးအိုက ဒီတစ်ခါတော့ ကံမကောင်းနိုင်တော့ဘူးပဲ…မင်း ငါ့ကို သတ်ချင်ရင် သတ်လိုက်တော့…”
အဘိုးအိုက ထိုသို့ ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ စိတ်မပူပန်ဘဲ မနေနိုင် ဖြစ်နေ၏။
ဝမ်လင်းက သူ့အပြုံးကို ပြန်ရုတ်သိမ်းလိုက်၏။သည့်နောက် သူက အဘိုးအိုကို ဖမ်းကိုင်၍ ပျောက်ကွယ်သွားတော့သည်။
ရဲတိုက်ထဲတွင်တော့ ကျင့်ကြံသူအများစုက အဘိုးအိုနောက်သို့ ဝမ်လင်းလိုက်ပါသွားချိန်၌ ထွက်ပြေးရန် အခွင့်အရေး ရသွားလေသည်။ကောင်းကင်ဘုံမျိုးစေ့မျိုးစေ့ မရှိသည်နှင့် သူတို့က လွတ်လပ်ခွင့်ကို ချက်ခြင်း ပြန်ရသွားကြသည်။
သို့ရာတွင် ထွက်မသွားသောအချို့လူများလည်း ရှိနေ၏။ရှုယွမ်နန်လည်း သူတို့ထဲမှ တစ်ယောက်ပင်။
သူမက ကောင်းကင်ထက်သို့ စိတ်ရှုပ်ထွေးဟန်ဖြင့် ငေးကြည့်နေသည်။မည်သူကမျှ သူမ ဘာတွေးနေသည်ကို မသိနိုင်ပေ။
ဝမ်လင်းက လေဟာနယ်ထဲကနေ ထွက်ပေါ်လာကာ သူက ကျန်နေသေးသောလူများကို အေးစက်စွာ ကြည့်၏။သူတို့က ဝမ်လင်းကို မြင်လိုက်သည့်အခါ သူတို့လက်များကို ရိုသေလေးစားဟန် ပြုကာ ဝမ်လင်းအား ကျေးဇူးတင်ကြ၏။
ရှုယွမ်နန်ကလွဲ၍ ကျန်သည့်လူများအားလုံးက ထိုသို့ လုပ်ဆောင်လိုက်ခြင်းပင်။ သူမကတော့ ဝမ်လင်းကို မတွေ့မြင်သည့်အလား ကောင်းကင်ထက်သို့သာ မှုန်ရီစွာ ကြည့်နေ၏။
ဝမ်လင်းက သူ့လက်ကို ဆုပ်၍ ကျင့်ကြံသူများကို ပြန်အသိအမှတ် ပြု၏။သည့်နောက် သူက ဘယ်လက်ကို ဆန့်ထုတ်ကာ ရှုယွမ်နန်ကို ဆွဲခေါ်၍ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားတော့သည်။ ကျန်နေသေးသော ကျင့်ကြံသူများက ဝမ်လင်းကို ကျေးဇူးတင်ရန် စောင့်နေကြသူများ ဖြစ်ကြသည်။ဝမ်လင်းထွက်ခွာသွားပြီးနောက် သူတို့က တစ်ယောက်နှင့်တစ်ယောက်နှုတ်ဆက်ကာ လူစုခွဲ ထွက်သွားကြတော့၏။
“ငါ့ကို လွှတ်ပေးပါ။ သင်က ငါ့ကို ဘာလို့ ဖမ်းရတာလဲ…”
ရှုယွမ်နန်က ဝမ်လင်း၏ ဖမ်းဆီးခြင်းကို ခံထားရသည်။သူမက ချက်ခြင်းပင် ချွေးများဖြင့် ရွှဲနစ်လာက ရုန်းကန်လာ၏။
“ပါးစပ်ပိတ်ထားစမ်း…” ဝမ်လင်းအသံက သူမခန္ဓာကိုယ်ပေါ်သို့ လေအေးတစ်ခုလို ရိုက်ခတ်လာ၏။သူမက ချက်ခြင်ပင် အသံတိတ်သွားသည်။သို့ရာတွင် သိပ်မကြာခင်၌ သူမက ထပ်ဆိုလာပြန်၏။ “နင် ငါ့ကို ဖမ်းတာ ဘာလို့လဲ ဆိုတာ ငါ သိတယ်။နင်က ငါ့ကို နင့်ရဲ့ ကျင့်ကြံခြင်းဆေးမီးဖိုအဖြစ် အသုံးပြုချင်တာမလား။ကောင်းပြီ နင် ငါ့ကို လုပ်ချင်တာလုပ်တော့…ဒါပေမဲ့ နင် ငါ့ကို လုပ်ပြီးသွားရင်တော့ ငါ့ကို လွှတ်ပေးပါ…”
ဝမ်လင်းက ပျံသန်းနေရင်း ထိုအမျိုးသမီးထံသို့ လှည့်ကြည့်၏။သူ့မျက်လုံးထဲ၌ ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နေ၏။ဝမ်လင်းက သူမကို လူသေကောင်ကဲ့သို့ ကြည့်လိုက်ခြင်းပင်။ “နင့်မှာ ငါ့ကျင့်ကြံခြင်းဆေးမီးဖို ဖြစ်လာဖို့ အရည်အချင်း မရှိဘူး…”
ဝမ်လင်းက အလွန်မြန်ဆန်လှ၏။ခြေတစ်လှမ်းဖြင့်ပင် သူက ကီလိုမီတာ သောင်းချီကို ရောက်ရောက်သွား၏။
ရှုယွမ်ရှန်ကတော့ သူ့အနားတွင် ပျက်စီးပြိုလဲသွားသည့် ကျင့်ကြံသူဆယ်ယောက်ကျော်ကို ကြည့်ကာ စိတ်ပူပန်စွာ ရပ်နေမိသည်။သူက အလွန်စိတ်မသက်အသာ ခံစားနေရသည်။ ရုတ်တရက် အကွာအဝေးတစ်ခုမှ အလင်းတန်းကို ကြည့်၍ သူ့မျက်လုံးကကျဉ်းမြောင်းသွားသည်။ထိုအလင်းတန်းက ဝမ်လင်းပင်။
ဝမ်လင်းက ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကို သူ့လက်ထဲ၌ ကိုင်ဆွဲလာ၏။ရှုယွမ်ရှန်၏ အကြည့်က သူနှင့်ရင်းနှီးသော အမျိုးသမီးပုံရိပ်တစ်ခုပေါ်သို့ အရင်ဆုံး ကျရောက်လို့သွားသည်။
“ယွမ်နန်…” ရှုယွမ်ရှန်က ပျော်ရွှင်သွားသည်။သို့သော် ချက်ခြင်းပင် သူက စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်လာ၏။သူ့အကြည့်က ဝမ်လင်းညာဘက်လက်ထဲရှိ လူထံသို့ ကျရောက်သွားသည်။
“ဘိုးဘေး…” ရှုယွမ်ရှန်က သူ့စိတ်ကိုယ်သူ ကြိုပြင်ဆင်ထားခဲ့သော်လည်း ဘိုးဘေးအဖြစ်ကို တွေ့သည့်အခါ မမှင်သက်ဘဲ မနေနိုင် ဖြစ်ရသည်။
ဝမ်လင်းက ခြေချလိုက်ပြီးနောက် သူ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်၏။ရှုယွမ်နန်က ရှုယွမ်ရှန်ထံသို့ လွင်စင်သွား၏။သည့်နောက် သူ့ ဘယ်လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ ချီလင်သားရဲ ထွက်ပေါ်လာသည်။ချီလင်သားရဲ ထွက်ပေါ်လာသည်နှင့် မြေပြင်ပေါ်ရှိ ကျင့်ကြံသူများအပေါ်ရှိ အစိမ်းရောင်လိုင်းများသည် ထွက်ပေါ်လာသည်။ရှုယွမ်ရှန်ကလည်း တုန်ယင်လာ၏။သည့်နောက် ထိုအစိမ်းရောင်လိုင်းများက အစက်အပြောက်များအဖြစ်သို့ ပြောင်းလဲ၍ ချီလင်သားရဲ၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
ထိုသားရဲက ပျော်ရွှင်နေသည့်ပုံပင်။သည့်နောက် ၎င်းကို ဝမ်လင်းက ပြန်သိမ်းဆည်းလိုက်တော့၏။
“အကိုရှု…သင့်ရဲ့ အတားအဆီးကိုလည်း ဖယ်ရှားပြီးသွားပြီ။ သင့်ညီမလေးကိုလည်း ကယ်တင်ပေးပြီးပြီး။ သင့် ဦးလေးတွေအတွက်တော့ သင်ကိုယ်တိုင် သွားရှာတော့။ငါ့စိတ်ဝီညာည်သန့်စင်ခြင်းမျိုးနွယ်စုထဲက တစ်ယောက်ကိုတော့ ငါ ပြန်လွှတ်ပေးလိုက်မယ်။ နှုတ်ဆက်ခဲ့ပါတယ်…”
ဝမ်လင်းက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုအတွင်းရှိ မျှော်စင်ထဲ၌ ပြန်ပေါ်လာခဲ့သည်။သူက ထိုအဘိုးအိုကို ကြမ်းပြင်ပေါ်သို့ ပစ်ချကာ ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။ သူ့မျက်လုံးများက တောက်ပလာကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ ဓားစွမ်းအင်သုံးခုသည် ထွက်ပေါ်လို့လာသည်။ဓားများ၏ ထိပ်ဖျားများက ပြင်းထန်အေးစက်သော အော်ရာကို ထုတ်လွှတ်နေကာ ဝမ်လင်းက ထိုအော်ရာများကို အဘိုးအို၏ အရေပြားပေါ်သို့ ဖိချလိုက်၏။
ထိုဓားသုံးလက်က ဇီရှု၊မိုယန်နှင့် ဟိုင်းကျူးတို့၏ ဓားများ ဖြစ်ကြသည်။ဝမ်လင်းက ထိုဓားများကို သန့်စင်ပြီးနာက် ထိုဓားသုံးလက်၏ ဓားစွမ်းအင်က အတူ ပျော်ဝင်သွားခဲ့ပြီ ဖြစ်သည်။
“ဒါက ဓားသူတော်စင်လင်းထျန်ဟူရဲ့ သုံးခုပြည့်မှီဓားအစီအရင်ပဲ….သင်က ဒါကို ကြားဖူးလားမကြားဖူးလားတော့ ငါမသိဘူး…” ဝမ်လင်းအသံက တည်ငြိမ်နေ၏။သို့သော် သူ့အသံက အဘိုးအိုနားထဲသို့ ကျရောက်သွားသည့်အခါ သူ့ကို တုန်ယင်သွားစေ၏။သူက ထိုရတနာဓားသုံးလက်ထံသို့ ကြည့်လိုက်၏။
ဝမ်လင်းက ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။ “ငါက မင်းကို ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်ကနေ လွှတ်ပေးပြီးတာနဲ့ မင်း တစ်ခုခုလှုပ်ရှားလာမယ်ဆိုရင် မင်းကို ဒီသုံးခုပြည့်မှီဓားအစီအရင်ရဲ့ ထူးဆန်းအံ့ဖွယ်ဖြစ်မှုကို သိသွားအောင် လုပ်ပေးမယ်…”
ဝမ်လင်းက သုံးခုပြည့်မှီဓားအစီအရင်ကို ဟိုင်ကျူး၏ စိတ်ဝိညာဉ်ကို ရှာဖွေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။လင်းထျန်ဟူ၏ တပည့် ဓားဆယ့်နှစ်လက်က သုံးယောက်တစ်အုပ်စုစီ ဖွဲ့၍ နေခဲ့ကြခြင်း ဖြစ်သည်။ဓားဆယ့်နှစ်လက်လုံးက အသက်ဝင်သည်နှင့် ၎င်းက ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ဓားဆယ့်နှစ်လက် အစီအရင် ဖြစ်လာပေမည်။လင်းထျန်ဟူက ထိုအစီအရင်အတွက် ဂုဏ်ယူဝင့်ကြွားခဲ့ပေ၏။
“ခု မင်းရဲ့အကြောင်း ငါ့ကို ပြောပြတော့…”ဝမ်လင်း ဘဝအတွေ့အကြုံဖြင့် သူက သည်အဘိုးအိုသည် ပါးနပ်သူ ဖြစ်ကောင်း ချက်ခြင်း ပြောနိုင်စွမ်း ရှိပေ၏။သူ့အသံထဲ၌ နတ်ဆိုးမိစ္ဆာဆန်သော စွမ်းအင်အချို့ကို ထည့်သွင်းကာ ဝမ်လင်းက ပြောလိုက်၏။ မင်း မပြောဘူးဆိုရင်…ငါက စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန်ကို အသုံးပြုရလိမ့်မယ်။အဲ့ကျရင် မင်းရဲ့ စိတ်ဝိညာဉ်က စိတ်ဝိညာဉ်အပိုင်းအစတစ်ခုအဖြစ် ပြောင်းသွားလိမ့်မယ်။ ဒါ့ကြောင့် မင်းက ပြန်လည်မွေးဖွားခြင်းစက်ဝိုင်းထဲကို ဘယ်တော့မှ ဝင်နိုင်တော့မှာ မဟုတ်ဘူး…”
***