Switch Mode

အပိုင်း(၆၇၃)

ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်

“ကောင်းကင်ဘုံချီလင်…” ဝမ်လင်းက ချီလင်သားရဲကို ထုတ်လွှတ်လိုက်သည်ကို တွေ့သည့်အခါ သူသည် တစ်ခုခုမှားယွင်းနေသည်ကို သဘောပေါက်သွားသည်။သည့်နောက် သူက ချီလင်သားရဲအကြည့်ကို တွေ့မြင်လိုက်သည့်အခါ သူ့နှလုံးသားက တုန်ယင်သွား၏။

ကောင်းကင်ဘုံသားရဲအစာများသည် ချီလင်သားရဲပေါ်ထွက်လာသည့်အခိုက်၌ သူတို့၏ သဘာဝရန်သူကို တွေ့မြင်လိုက်ရသလို တုန်ယင်သွားကြ၏။သူတို့က စူးရှစွာ အော်မြည်၍ တုံ့ဆိုင်းခြင်းမရှိ ထွက်ပြေးကြတော့သည်။

ကောင်းကင်နှင့်မြေပြင်ထက်ရှိ ကျင့်ကြံသူများသည် အလွန်နာကျင်စွာ ခံစားရဟန်ဖြင့် တုန်ယင်လာကြသည်။ထိုကျင့်ကြံသူများ၏ နှဖူးထက်၌ အစိမ်းရောင်လိုင်းများ ဖြစ်ပေါ်လာကာ အစက်အပြောက်များအဖြစ်သို့ သိပ်သည်းသွားကြသည်။

ကောင်းကင်ဘုံသားရဲအစာများ ထွက်ပြေးသည်ကို ကြည့်နေရင်း ချီလင်သားရဲ၏ နှာခေါင်းထဲမှ မမြင်ရသောအခိုးငွေ့များ ထွက်ပေါ်လာသည်။သည်အခိုးငွေ့များထဲ၌ ထူးဆန်းသောအားတစ်ခု ပါဝင်နေ၏။ပတ်ဝန်းကျင်ရှိ သားရဲအစာများသည် တုန်ယင်သွားကြကာ ဆက်၍ ထွက်ပြေးဝံ့ခြင်း မရှိကြတော့ပေ။

ချီလင်သားရဲက ကောင်းကင်ဘုံသားရဲအစာများအနီးနားသို့ ရောက်လာပြီး အားလုံးကို ရှိုက်သွင်းလိုက်၏။ ကောင်းကင်ဘုံသားရဲအစာများသည် ကောင်းကင်ဘုံသားရဲများအတွက် ထောက်ပံ့ပေးသော အစာအာဟာရများသာ ဖြစ်ကြပေ၏။

သည်မြင်ကွင်းက အဘိုးအိုကို မှင်သက်သွားစေသည်။

ချီလင်က နှုတ်ခမ်းသပ်ကာ ကျင့်ကြံသူများနှဖူးထက်ရှိ အစိမ်းရောင်အစက်အပြောက်များအား ကြည့်၏။

အဘိုးအို၏အသွင်က ရုပ်စိုးသွားသည်။သည့်နောက် သူက သိုလှောင်အိတ်ထဲမ နောက်ထပ် အရာတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။သူက စုတ်တံတစ်ချောင်းကို ထုတ်ယူလိုက်ခြင်းပင်။ထိုစုတ်တံ၏ ကိုယ်ထည်သည် သလင်းလို ကြည်လင်နေ၏။သို့သော် စုတ်တံထိပ်ဖျားကမူ မှင်တစ်စက်မှ မတို့ရသေးသကဲ့သို့ ဖြူစွတ်နေသည်။

သူက ၎င်းစုတ်တံကို ထုတ်ယူလိုက်သည့်အခိုက်မှာပင် ယင်းစုတ်တံသည် ခန့်ညားမှုကို ပေးစွမ်းလာသည်။ချီလင်သားရဲပင် ထိုလွှမ်းမိုးခံ့ညားမှုအောက်၌ မတုန်လှုပ်ဘဲ မနေနိုင် ဖြစ်ရသည်။

ထိုအဘိုးအိုက ယင်းစုတ်တံကို ထုတ်ယူလိုက်ပြီးနောက် သူက ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်၍ အော်ပြောလိုက်သည်။ “ကောင်လေးဝမ်လင်း..မင်းက ဒီကောင်းကင်ဘုံအစာတွေကိုတောင် သိမှတော့ ဒါကိုလည်း ဘာလဲဆိုတာ သိမှာပါ…”

ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက စကားတစ်ခွန်းမှမဆိုဘဲသိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား ထွက်ပေါ်လာချေသည်။၎င်း၏ စစ်မှန်သောအမွေအနှစ်ကို အသက်သွင်းပြီးနောက် စစ်ရထား၏ အသက်သွင်းရာ၌ နှေးကွေးသောအားနည်းချက်သည်လည်း ခုခါတွင် မရှိတော့ပေ။

အရပ်ပုပုအဘိုးအိုက အော်ပြောလိုက်သည်။ “မင်းက ဒါကို မသိဘူးဆိုရင်လည်း ငါ ပြောပြမယ်။ဒါက အတိတ်တုန်းက ငါ ကောင်းကင်ဘုံနယ်မြေက ယူလာတဲ့ အရာပဲ။ငါက ဒါကို အသုံးပြုပြီး နိမ့်ကျတဲ့နယ်မြေက ကျင့်ကြံသူတွေကို ဉာဏ်အလင်း ပြခဲ့တယ်။ဒီအဘိုးအိုက မင်းခုလောက်အဆင့်ထိ ရောက်ဖို့ ခက်ခက်ခဲခဲကျင့်ကြံခဲ့ရမှာကို သိနေတယ်။ဒါ့ကြောင့် မင်း ခုထွက်ပြေးနိုင်တယ်။ တကယ်လို့ မင်း ထွက်မသွားဘူးဆိုရင်တော့ ငါ တကယ်တိုက်ခိုက်ရလိမ့်မယ်…”

ဝမ်လင်းက အဘိုးအိုကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သင်က ငါ့ကို ထွက်သွားဖို့ ဆက်ပြောနေဖို့ မလိုဘူး။ငါက သင့်ရဲ့ အာဏာတက်ခြင်းအလယ်အဆင့်ကို ဖုံးကွယ်ထားတာကိုလည်း သတိပြုမိထားတယ်။သင်က ဒီကောင်းကင်ဘုံသက်တော်စောင့်တွေလိုပါပဲ။ သင်တို့အားလုံးရဲ့ ခန္ဓာကိုယ်ထဲမှာ မူလစွမ်းအင် လုံးဝ ရှိမနေဘူး…”

အဘိုးအို၏ အကြီးမားဆုံးလျှို့ဝှက်ချက်ကို ဝမ်လင်းက ထုတ်ဖော်လိုက်တော့သည်။ ထိုအခါ အဘိုးအိုသည် ရှက်ရွှံ့စွာ ခံစားလိုက်ရပြီးနောက် သူ့လက်ထဲရှိ စုတ်တံကို ဝှေ့ယမ်းလိုက်တော့သည်။သည့်နောက် သူက သွေးတစ်လုပ်အန်ထုတ်ကာ စုတ်တံနှင့်အတူ သင်္ကေတစ်ခု ရေးဆွဲလိုက်တော့သည်။

ထိုသင်္ကေတပေါ်လာသည့်အခိုက်တွင် ပြင်းထန်သောအားတစ်ခုက သင်္ကေတထံမှ စတင်ပျံ့နှံ့လာသည်။

ဝမ်လင်းက ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်သည့်အရိပ်အယောင် ပေါ်ထွက်လာသည်။သို့သော် သိပ်မကြာခင်တွင်ပင် ထိုတုန်လှုပ်မှုက စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူက ထိုသင်္ကေတကို စူးစိုက်ကြည့်၏။သည့်နောက် သူ့အကြည့်က စုတ်တံရှိရာသို့ ကျရောက်သွားသည်။သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက အလွန်အမင်းပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

ဝမ်လင်းက ထိုသင်္ကေတနှင့် မစိမ်းချေ။၎င်းသင်္ကေတက သူ လှိုဏ်ဂူပြင်ပလမ်းကြောင်း၌ တွေ့ကြုံခဲ့ရသော တစ်ခုနှင် တူတူပင် ဖြစ်နေသည်။

သူက ထိုသင်္ကေတကို အကြိမ်များစွာ လေ့လာခဲ့ကာ အခါခါ ရေးဆွဲကြည့်ခဲ့ပြီး ဖြစ်သည်။သို့သော် ထိုသင်္ကေတများက မည်သည့်စွမ်းအားကိုမျှ မပြသခဲ့ပေ။သူက လေးခုမြောက်စုတ်ချက်သင်္ကေတလို အံ့အားသင့်ဖွယ်စွမ်းအားကို လုံးဝ ထုတ်လွှတ်နိုင်ခဲ့ခြင်း မပြုပေ။ထိုအရာက သူ့စိတ်ထဲ၌ မကျေနပ်မှုကို ဖြစ်စေသည်။

သို့ရာတွင် ယခုအခိုက်အတန့်၌ ဝမ်လင်းက သည်အရပ်ပုပုအဘိုးအိုထံကနေ ထိုသင်္ကေတကို ထပ်မံ မြင်တွေ့ခဲ့ရလေ၏။အခုသင်္ကေတက စုတ်ချက်တစ်ခုသာ ဖြစ်သော်လည်း အစစ်အမှန်သင်္ကေတ ဖြစ်ကာ စွမ်းအားပြင်းထန်လှသည်။

ဝမ်လင်းအကြည့်က အရပ်ပုပုအဘိုးအိုကို တုန်ယင်သွားစေသည်။သူက ထိုအကြည့်နှင့် မစိမ်းလှပေ။ဝမ်လင်းအကြည့်သည ချီလင်သားရဲက ကောင်းကင်ဘုံသားရဲအစာများကို မြင်တွေ့သည့်အခါ ကြည့်သည့်အကြည်မျိုးပင် ဖြစ်သည်။

ထိုအခိုက်အတန့်၌ ဝမ်လင်းက တိုက်ပွဲစိတ်ဆန္ဒ အလွန်ပြင်းထန်လာခဲ့သည်။သူက စစ်ရထားထံသို့ လက်ညွှန်ကာ အော်ပြောလိုက်။ “မိုးကြိုးသားရဲ…”

လျှပ်စီးနှင့်မိုးကြိုးသားရဲတို့သည် ကောင်းကင်ထက်၌ ရုတ်တရက် ပေါ်လာကာ ၎င်းက စစ်ရထားပေါ်သို့ တိုက်ရိုက်ကျဆင်း၏။တစ်ချိန်တည်းမှာပင် ငွေရောင်ဦးချိုနှင့် မိုးကြိုးသားရဲက ထိုလျှပ်စီးလျှပ်ပန်းများအောက်၌ ပေါ်ထွက်လာလေ၏။

၎င်းက ပေါ်ထွက်လာသည်နှင့် ဟိန်းသံပြု၏။၎င်း၏ ဟိန်းသံက တိမ်တိုက်များကို အရောင်ပြောင်းကာ ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။ကောင်းကင်တစ်ခုလုံးက လျှပ်စီးများနှင့် ချက်ခြင်းဖုံးလွှမ်းသွားတော့၏။

သည်အခိုက်အတန့်၌ ချီလင်သားရဲသည်လည်း စတင်ဟိန်းသံပြုလာသည်။၎င်း၏ ဟိန်းသံက မိုးကြိုးသားရဲလောက် ပြင်းထန်ခြင်း မရှိသော်လည်း အားနည်သည်ဟု မဆိုသာပေ။သည်ဟိန်းသံက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်အစက်အပြောက်များကို လှုပ်ခါလာစေပြီး ချီလင်သားရဲ၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

ထိုအရာများ ဖြစ်ပျက်ပြီးသည့်နောက် စုတ်တံဖြင့် ရေးဆွဲလိုက်သော သင်္ကေတက ဝမ်လင်းထံသို့ ချက်ခြင်း ပျံသန်းတိုးဝင်လာ၏။

သို့သော် ထိုအခိုက်အတန့်၌ မိုးကြိုးသားရဲက ဟိန်းသံပြု၍ ရှေ့သို့ ထိုးထွက်သွားသည်။ကောင်းကင်ထက်မှ လျှပ်စီးတန်းများ ကျဆင်းလာကာ လျှပ်စီးမိုးကြိုးမိုး ရွာချလာသလား မှတ်ရ၏။ထိုလျှပ်စီးတန်းများက သင်္ကေတပေါ်သို့ ကျရောက်လို့သွားသည်။က်လို့သားက သင်္ကေတပေါ်သို့ ကျရေလျးကင်ထကျားအောက်

ထိုသင်္ကေတက စွမ်းအားကောင်းလွန်းလှသော်လည်း အရပ်ပုပုနှင့်အဘိုးအိုက စုတ်ချက်တစ်ခုတည်းသာ ဖြစ်ကြောင်းသိနေ၏။ထို့ကြောင့် သူက ၎င်းသင်္ကေတ၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။သူက လျှပ်စီးတန်းများကြောင့် သင်္ကေတ အားပျော့၍ ပျက်စီးသွားသည့်အထိ စောင့်ကြည့်နေရုံသာ တက်နိုင်တော့၏။

ခဏတာမှင်သက်သွားပြီးနောက် အရပ်ပုပုအဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်လာ၏။သူက ကြောက်လန့်နေပြီဖြစ်ကာ တုံ့ဆိုင်းခြင်းမရှိ လှည့်၍ ထွက်ပြေးလေ၏။

သူက ကံကောင်းမှုအချို့ကို ကြုံတွေ့ပြီး နှစ်ရာချီကြာပြီးသည့်နောက် ကျင့်ကြံသူအများစုကို ထိန်းချုပ်လာနိုင်ခဲ့၏။သို့ရာတွင် သူက သတိထား၊သေသပ်တိကျသူ ဖြစ်သည့်အတွက် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ သို့မဟုတ် နတ်ဆိုးဗိုလ်ချုပ်အဆင့်ရှိသည့်သူများကို ဘယ်သောအခါမှ ရန်စမိခဲ့ခြင်း မရှိပေ။

သူ့ကျင့်ကြံမှုအဆင့်ကလည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ လွန်ခဲ့သောအချိန်များစွာတည်းက ရောက်နှင့်နေခဲ့ပြီး ဖြစ်၏။သို့သော် သူက အာဏာတက်ခြင်းအဆင့်သို့ တက်လှမ်းဖို့ နည်းနည်းလေးတောင် မကြိုးစားကြည့်ဝံ့ခဲ့ပေ။

သို့ရာတွင် သူက ကောင်းကင်ဘုံသက်တော်စောင့် ဆယ်ယောက်ကို စုစည်းပြီးသည့်နောက် သတိထားဖို့ မေ့သွားခဲ့၏။ထို့ကြောင့် သူက ကျောက်စိမ်းပြားပဲ့များနှင့် ပေါင်းစပ်ရန် ပိုများသော ကျင့်ကြံသူများကို ကိုယ်တိုင်ကိုယ်ကျ စတင်ဖမ်းစီးလာခဲ့သည်။သူက ကောင်းကင်ဘုံသက်တော်စောင့်အဆင့်တွင် ရှိသည့် ပိုများသောကျင့်ကြံသူများနှင့် ကျင့်ကြံနိုင်ရန် မျှော်လင့်ထားခဲ့ပေ၏။

“ဒီဝမ်လင်းရဲ့ နောက်ခံက ဘာလဲ။သူက ဘာလို့ ဒီလိုမျိုးစွမ်းအား ကောင်းနေရတာလဲ။သေလိုက်တော့၊ ငါက ဒီတစ်ကြိမ် လွတ်မြောက်နိုင်မယ်ဆိုရင်‌တော့ ငါ့ကို ဝမ်လင်းရဲ့ သတင်းပေးခဲ့တဲ့ ရှေးဟောင်းနတ်ဆိုးမြို့ရဲ့ ကျင့်ကြံသူခေါင်းဆောင်ကို ကျိန်းသေပေါက် ရိုက်ခွဲပစ်ရလိမ့်မယ်…”

အရပ်ပုပုအဘိုးအိုက ထွက်ပြေးနေရင်း စိတ်ထဲ၌ ထိုသို့ ကျိန်ဆဲနေခဲ့၏။

ဝမ်လင်းမျက်လုံးထဲ၌ စိတ်အားထက်သန်မှုများနှင့် ပြည့်လို့နေသည်။သူက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို အသုံးပြုရမည်ဆိုရင်ပင် ထိုအဘိုးအိုကို လွတ်မြောက်ခွင့် မပေးနိုင်ချေ။သူ့မျက်လုံးများက ခုချိန်၌ ရဲရဲနီနေ၏။ထိုသို့နီနေရသည့် အကြောင်းရင်းက အဘိုးအိုလက်ထဲရှိ ရတနာကြောင့်သာ ဖြစ်သည်။

ဝမ်လင်းအမြင်၌ အဘိုးအိုကို ရတနာတစ်ခု ရွှေ့လျားနေသည်ဟုသာ ထင်မြင်နေ၏။ဝမ်လင်းက ပဟေဋိဖြစ်မိ၏။ ထိုအဘိုးအိုက ရတနာများစွာ ရှိနေလျှင် သည်လောက်နှစ်ပေါင်းများစွာအတွင်း မည်သူကမျှ သူ့ထံက ထိုရတနာများကို မခိုးယူကြသနည်း။

ဝမ်လင်းက ထိုအဘိုးအိုသည် အမြဲလိုလို လိမ်မာပါးနပ်ကာ သတိထားတက်သည့်သူမှန်း သိမထားပေ။လွန်ခဲ့သော ဆယ်စုနှစ်လောက်ကမှသာ သည်အဘိုးအိုက ပိုမို ရဲတင်းလာခြင်း ဖြစ်၏။အရင်တုန်းက ထိုအဘိုးအိုသည် ကျင့်ကြံသူများကို ဖမ်းသည့်အခါ၌ ကလန်ငယ်များမှ ကျင့်ကြံသူများကိုသာ ဖမ်းစီးခဲ့ခြင်း ဖြစ်၏။သို့ရာတွင် သူက ပို၍ ရဲတင်းလာသည့်အခါ ကလန်ကြီးများ၏ တပည့်များကိုပါ စတင်ဖမ်းစီးလာခဲ့၏။ပမာပြရလျှင် သူ့လက်ထဲကျရောက်နေသည့် ကောင်းကင်ကံကြမ္မာကလန်၏ ခရမ်းရောင်အုပ်စုခွဲ၏ တပည့်ကို ပြနိုင်ပေသည်။

သည်အရပ်ပုပုအဘိုးအိုက အာဏာတက်ခြင်းအလယ်အဆင့် ဖြစ်သော်လည်း သူက ထိုအဆင့်ကို အထူးနည်းလမ်းများ အသုံးပြု၍ ရရှိထားခြင်း ဖြစ်၏။ထို့ကြောင့် သူက အားနည်းသောအာဏာတက်ခြင်းအစောပိုင်းအဆင့်တစ်ယောက်နှင့် တွေ့ကြုံရလျှင် သူကိုယ်တိုင် ကိုင်တွယ်နိုင်ပေလိမ့်မည်။သို့သော် သူက ဝမ်လင်းလို လူမျိုးနှင့် တွေ့သည့်အခါတွင်တော့ သူ့စွမ်းအားက မလုံလောက်တော့ပေ။

သည့်အပြင် သူ့တွင် အားကောင်းသောရတနာများ ရှိသော်လည်း သူက အများစုကို အသုံးပြုနိုင်ရုံမျှသာ ရှိ၏။

အရပ်ပုပုအဘိုးအိုက လျင်မြန်စွ ထွက်ပြေးနေရင်း ဝမ်လင်းကို စိတ်ထဲ၌ ကျိန်ဆဲနေမိသည်။သို့ရာတွင် အနက်ရောင်အလင်းတန်းတစ်ခုက သူ့နောက်ကနေ ကပ်၍ လိုက်ပါလာ၏။အဘိုးအိုက စုတ်တံဖြင့် သင်္ကေတတစ်ခုကို မြန်ဆန်စွာ ရွေးဆွဲ၍ တားဆီးလိုက်သည်။

ထို့နောက် သူက ညာခြေလှမ်းလိုက်ရာ သူ့ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာသည်။ထိုမီးတောက်များပျောက်ကွယ်သွားပြီးနောက် သူသည်လည်း လိုက်ပါပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းမျက်လုံးက ပိုမိုနီရဲလာသည်။အဘိုးအို၏ အရည်အချင်းက အတော်လေးသနားစရာကောင်းသော်လည်း သူက ထွက်ပြေးခြင်းတွင်တော့ ဆရာတစ်ဆူပင်။နာရီဝက်အတွင်း သည်လူက မန္တာန်ဆယ်ခုကို အသုံးပြုကာ ဝမ်လင်းကို တုန်လှုပ်စေခဲ့လေပြီ။

အခုထပ်မံအသုံးပြုလိုက်သည့် မန္တာန်က ဆယ့်တစ်ခုမြောက်မန္တာန်ဖြစ်ကာ အရင်ဆယ်ခုနှင့် လုံးဝခြားနားနေ၏။

ဝမ်လင်းက နှာခေါင်းရှုံ့ကာ တည်နေရာရွေ့ပြောင်းလိုက်သည်။သူက နတ်ဘုရားအာရုံကိုဖြန့်ကျက်လိုက်ရာ အရပ်ပုပုအဘိုးအိုသည် ကီလိုမီတာ တစ်သောင်းခွဲအကွာသို့ ရောက်နေကြောင်း ရှာတွေ့သွား၏။

အဘိုးအိုက ဆက်လက် ပျံသန်းထွက်ပြေးနေ၏။ရုတ်တရက် သူ့အသွင်က ခါးသက်သွားတော့၏။သူ့ရှေ့လေဟာနယ်ထဲကနေ ဝမ်လင်းပုံရိပ်က ထွက်ပေါ်လာကာ သူ့ထံသို့ တိုးဝင်လာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။

အဘိုးအိုက တုံ့ဆိုင်းဆိုင်း ဖြစ်သွား၏။သူက အံတင်းတင်းကြိတ်၏။သည့်နောက် သူ့လက်ထဲရှိ စုတ်တံကို လွှတ်ပစ်သည်။စုတ်တံက လေထဲသို့ လွင့်ထွက်သွားကာ ယင်းပတ်လည်၌ လှိုင်းတွန့်များ ဖြစ်ပေါ်လာ၏။ကြည့်ရသည်မှာ ၎င်းက လေဟာနယ်ကို ထွင်းဖောက်ပြီး ပျောက်ကွယ်တော့မလို ဖြစ်သွားသည်။

အဘိုးအိုက စုတ်တံကို ပစ်လွှတ်လိုက်ရင်း သူက ချိပ်တံဆိပ်တစ်ခုကို မြန်ဆန်စွာ ဖြစ်ပေါ်စေလိုက်၏။သတ္တုအော်ရာတစ်ခု ပေါ်ထွက်လာကာ သူ့တစ်ကိုယ်လုံးကို ဝန်းရံသွား၏။သည့်နောက် သူက ချက်ခြင်းပင် ဝမ်လင်းထံမှ တရကြမ်း ထွက်ပြေးတော့၏။သူ့အမြန်နှုန်းက အရင်ထက် အဆတစ်ရာလောက်ပင် ထိုးတက်သွားခဲ့လေသည်။

“ကောင်စုတ်ဝမ်လင်း..ဒီကောင်းကင်ဘုံစုတ်တံက ကောင်းကင်ဘုံသားတစ်ယောက်အမှန်တကယ် ပိုင်ဆိုင်ခဲ့တဲ့ဟာ ဖြစ်တယ်။ဒါက လေဟာနယ်ထဲမှာ‌ ပျောက်ကွယ်သွားရင် မင်း ဒါကို ထပ်ရှာဖို့ ခက်ခဲသွားလိမ့်မယ်…”

အဘိုးအိုအသံက အကွာအဝေးတစ်ခုကနေ ဖြည်းဖြည်းချင်း ပျံ့လွင့်လာ၏။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ ကောင်းကင်ဘုံဓားနှင်လခြမ်းကွေးဓားသွားတို့ ပျံသန်းထွက်လာတော့သည်။ရှုလီကောက ထွက်ပေါ်လာသည်နှင့် ဝမ်လင်းအမိန့်ပေးရခြင်းမရှိဘဲနှင့် ဝမ်လင်း သဘောကို သိရှိနေနှင့်ပြီး ဖြစ်နေ၏။သူက မာန်သွင်းကာ အနက်ရောင်ဓားသွားကို ကြည့်၍ အော်ပြောလိုက်၏။ “အနက်ရောင်လေး…မြန်မြန်…မြန်မြန်…ငါက ဒီစုတ်တံကို လိုချင်တယ်…”

အနက်ရောင်ဓားသွားက ဖျပ်ခနဲ ပျောက်ကွယ်သွားတော့၏။၎င်းက ရှုလီကောက သယ်ဆောင်၍ လေဟာနယ်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားချေသည်။

ဝမ်လင်းက ခြေတစ်လှမ်းလှမ်း၍ မဟာတည်နေရာရွှေ့ပြောင်းခြင်းမန္တာန်ကို အသုံးပြုကာ အဘိုးအိုနောက်သို့ ဆက်လိုက်၏။

အဘိုးအိုက ထွက်ပြေးနေရင်း ဝမ်လင်း သူ့နောက်သို့ လိုက်ပါလာသည်ကို သတိပြုမိသွား၍ ချက်ခြင်း ငိုကြွေးတော့သည်။သူက တွေးနေမိ၏။ “သူ…သူက ဘာလိုချင်နေတာလဲ…။ငါက ငါ့ကောင်းကင်ဘုံစုတ်တံကိုလည်း ပစ်ပေးလိုက်ပြီ။ သူက ငါ့ကို ဘာကြောင့် ထွက်သွားခွင့်မပေးသေးတာလဲ…”

သူက ဝမ်လင်း နီးကပ်လာနေသည်ကို ထောက်လှမ်းမိနေ၏။သူက အံတင်းတင်းကြိတ်ကာ အစိမ်းရောင်ပိုက်ကွန်တစ်ခုကို ထုတ်ယူလိုက်တော့သည်။

သည့်နောက် အဘိုးအိုက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “နတ်ဘုရားစိတ်ဝိညာဉ်စုတ်တံနဲ့ယှဉ်ရင် ဒီကောင်းကင်ဖမ်းချုပ်ပိုက်ကွန်က ငါ့အတွက် ပိုထိန်းချုပ်ဖို့ ခက်တယ်။ဒါ့ကြောင့် ငါက ဒါကို ရန်သူအတွက် ဘယ်တုန်းကမှ အသုံးမပြုခဲ့ဖူးဘူး။ဒီတစ်ကြိမ်တော့ မင်းငါ့ကို လုံးဝ လိုက်ဖမ်းနိုင်ဖမ်းနိုင်မှာ မဟုတ်တော့ဘူး…”

သူက ထိုပိုကွန်အား အသုံးမပြုလိုခဲ့ပေ။သူ့အတွက် ထိုပိုက်ကွန်က ထူးဆန်းလွန်းနေပေ၏။

သူက သည်ပိုက်ကွန်ကို ရရှိပြီးနောက် ၎င်း၏ တိပသောစွမ်းအားကို မသိသေးချေ။သူက သည်ပိုက်ကွန်သည် ဝမ်လင်းကို သုံးရက်လောက်ကြာအောင် ပိတ်ဆို့ထားနိုင်မည်ဟု မျှော်လင့်နေမိ၏။

သည့်နောက် သူက အချိန်အတန်ကြာ တုံ့ဆိုင်းနေခဲ့၏။သို့သော် သည်ပိုက်ကွန်ကို အသုံးပြုလျှင် သူကိုယ်တိုင်သည်လည်း နောက်ထပ်သုံးရက်လောက် ပိတ်မိနေနိုင်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset