“သင် ငါ့ကို ရန်စတာ နှစ်ကြိမ်ရှိပြီ။ ခု ဒီနေ့မှာ ငါက ဒီနေရာကို ရောက်လာခဲ့ပြီ။ သင်က ငါ့ကို ဘယ်သူလဲ မေးနေသေးတယ်…”
ဝမ်လင်းအသံက တည်ငြိမ်နေသည်။သူ ပျော်နေသလား ဒေါသထွက်နေသလားပင် မသိရချေ။
“မင်းနာမည်က ဝမ်။ ငါက ဝမ်လို့ခေါ်တဲ့လူကို ရန်စခဲ့တာ မမှတ်မိပါဘူး…”
ရဲတိုက်ထဲ၌ ထိုင်နေသော အရပ်ပုပုအဘိုးအို၏ အသွင်သည် သုန်မှုန်လို့နေ၏။သူက ဝမ်လင်းသည် မရိုးရှင်းမှန်း လွယ်လင့်တကူ ပြောနိုင်ပေသည်။သည်ဝမ်လင်းက အာဏာတက်ခြင်းအဆင့်အစောပိုင်းသို့ ရောက်နေသည့်အပြင် ကိုယ်ပိုင်တာအိုကိုလည်း ပိုင်ဆိုင်ထား၏။
အဘိုးအိုရှေ့တွင် ထိုင်နေသော အမျိုးသမီးသုံးယောက်မှ ရှုယွမ်ရှန်၏ညီမငယ် ရှုယွမ်နန်က တိုးညှင်းစွာ ပြောလိုက်၏။ “သူ…သူက ဝမ်လင်း ဖြစ်လိမ့်မယ်…”
“ဝမ်လင်း…” အဘိုးအိုက မှင်သက်လို့သွား၏။သူ့အသွင်က ချက်ခြင်းပင် ပိုသုန်မှုန်လာခဲ့သည်။သူက သူဖမ်းရန် ကြံစဉ်ထားသော ကျင့်ကြံသူလေးက ခုလိုမျိုးကျင့်ကြံခြင်းအဆင့်သို့ ရောက်နေလိမ့်မည်ဟု လုံးဝ မတွေးထားမိပေ။သူသာ အတိတ်တုန်းကတည်းက ခုလိုဖြစ်လာမည်ကို သိပါက ဝမ်လင်းကို လုံးဝ နှောက်ယှက်မိလိမ့်မည် မဟုတ်ပေ။
အဘိုးအိုက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “ရောင်းရင်းဝမ်…အရင်က ငါဟာ အဆင်အခြင်မဲ့ခဲ့ပြီး သင့်ကို နှစ်ကြိမ် ရန်စခဲ့မိပါတယ်။သင်က ငါ့ကောင်းကင်ဘုံသတက်တော်စောင့် နှစ်ယောက်ကိုလည်း သတ်ပစ်ခဲ့ပြီး ဖြစ်တဲ့အတွက် ငါ့တို့ ကြေနေပါပြီ။ဒီနေ့ ငါက သင့်ကို ခက်ခဲအောင် မလုပ်တော့ဘူး။ဒါ့ကြောင့် သင် ထွက်သွားနိုင်တယ်။ဒီ့နေ့ပြီးရင် ငါတို့က တစ်လမ်းစီ သွားကြမယ်…”
သူ့စကားလုံးများကို သူ့ရှေ့ရှိ အမျိုးသမီးသုံးယောက် ကြားလိုက်ရသည့်အခါ သူမတို့သည် အံ့အားသင့်သွားမိကြ၏။သူတို့သုံးယောက်လုံးက သည်ဘိုးဘေးနှင့်ပတ်သတ်၍ ကောင်းကောင်းနားလည်ထားကြပေသည်။သည်အဘိုးအို၏ ကျင့်ကြံမှုအဆင့်က မြင့်မားသလို စိတ်ထားကလည်း ကျဉ်းမြောင်းလှသည် မဟုတ်လား။ခုချိန်၌ တစ်စုံတစ်ဘောက် သူ့အိမ်တံခါးကို လာခေါက်၍ ရန်စနေတာတောင်မှ သူက တိုက်ခိုက်ခြင်းမပြုဘဲ ထိုလူ့ကို ထွက်သွားရန်ပင် ခွင့်ပြုနေခဲ့လေ၏။
အထူးသဖြင့် ရှုယွမ်နန်ပင်။သူက ဝမ်လင်းအကြောင်း များစွာ မသိသော်လည်း သူမက သူက ဘယ်လောက်ပဲ ကြမ်းကြုတ်နေပါစေ သည်ဘိုးဘေးကို မယှဉ်နိုင်လောက်ဟု တွေးနေ၏။ဘိုးဘေးသည် ကောင်းကင်ဘုံသားတစ်ယောက်ဟုပင် ပြော၍ရ၏။သူ့တွင် စိတ်ဝိညဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်လေးယောက်ကို ပိတ်လှောင်ထားနိုင်သည့် မန္တာန်တစ်ခုပင် ရှိလို့နေသည် မဟုတ်လော။သည့်အပြင် သူ့တွင် ကောင်းကင်ဘုံသက်တော်စောင့် ရှစ်ယောက်လည်း ကျန်ရှိလို့နေသေးလေ၏။
အဘိုးအို၏ စကားများကို ကြားပြီးနောက်မှာလည်း ဝမ်လင်းက ရဲတိုက်ရှိရာသို့သာ ဆက်၍ လျှောက်လှမ်းလာသည်။သူက ခေါင်းယမ်း၍ ပြောလိုက်၏။ “ကောင်းကင်ဘုံသက်တော်စောင့် နှစ်ယောက်ဆိုတာ ကျောက်စိမ်းပြားအပဲ့ နှစ်ခု သာသာပါပဲ။ သင် ငါ့အပေါ်မှာ ကျူးလွန်ထားတာကို ငါက ဘယ်လိုလုပ် ချေဖျက်ပေးနိုင်ပါ့မလဲ…”
ရဲတိုက်ထဲရှိ အရပ်ပုပုအဘိုးအို၏ အသွင်သည် ပြောင်းလဲသွားချေသည်။သူ့မျက်လုံးက ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာကာ သူက သုန်မှုန်စွာ ပြောလိုက်၏။ “မောက်မာလိုက်တာ။မင်းက အာဏာတက်ခြင်းအစောပိုင်းအဆင့်သာသာပါပဲ။ မင်းက ငါ့ကို သတ်နိုင်လိမ့်မယ်လို့ တကယ် ထင်နေတာလား…။ကဲ ကောင်းကင်ဘုံသက်တော်စောင့် ရှစ်ယောက် ဒီကောင်းကင်ဘုံအင်ပါယာအတွက် ဒီလူ့ကို သွားသတ်ပစ်ချေ…”
သူက ထိုသို့ပြောလိုက်ပြီးနောက် ပုံရိပ်ရှစ်ခုသည် ရဲတိုက်ထဲကနေ ရုတ်တရက် ပျံသန်းထွက်လာကြ၏။သူတို့က အလင်းတန်းအလား လှုပ်ရှားလာကာ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူများ၏ ဖိအားနှင့်အော်ရာကို ပေးစွမ်းလို့နေသည်။
ဝမ်လင်းက ထိုရှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့အသွင်က ပြောင်းလဲသွားခြင်း မရှိပေ။သူတို့ရှစ်ယောက်လုံးက ရုတ်တရက် ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်ကြ၏။ သူတို့က ကောင်းကင်ဘုံဥပဒေသ အရိပ်အမြွက်ပါဝင်သော အစီအရင်တစ်ခုကို ဖန်တီးလိုက်ခြင်းသာ။သူတို့လက်များက မတူကွဲပြားသောချိပ်ဟန်များကို ဖြစ်ပေါ်စေလိုက်ကြ၏။
သည်နောက် သူတို့ခန္ဓာကိုယ်များထံမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာကြတော့၏။ သည်အော်ရာများက ထိုသူတို့၏အထက်၌ ထူးဆန်းသောပုံစံဖြင့် စုစည်းသွားသည်။သည့်နောက် ၎င်းအော်ရာက ကောင်းကင်ထက်၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပေးစွမ်းနေသော တစ္ဆေတစ်ကောင်အဖြစ်သို့ ပြောင်းလဲလို့သွား၏။
ထိုတစ္ဆေက တဖြည်းဖြည်းဖြင့် ပီပြင်လာကာ သက်လတ်ပိုင်းလူကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲဿွားသည်။ထိုလူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့လက်ထဲ၌လည်း အစိမ်းရောင်ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားလေသည်။
ထိုတစ္ဆေထံမှ ကောင်းကင်ဘုံခွန်အားနှင့် ဆင်တူသော အော်ရာတစ်ခု ပျံ့နှံ့လို့လာသည်။သည်အခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ဒူးထောက်ချကာ လေးစားစွာ ဆိုလာ၏။ “နိမ့်ကျတဲ့နယ်မြေက ကျင့်ကြံသူတွေက ကောင်းကင်ဘုံအင်ပါယာကို နှုတ်ဆက်ပါတယ်…”
ရဲတိုက်ထဲမှ အဘိုးအို၏အသံက ထွက်ပေါ်လာသည်။ သူ့လေသံက မောက်မာမှုနှင့် ပြည့်နေ၏။ “ဝမ်လင်း…ဒီအဘိုးအိုက မင်းကို မလိမ်ဘူး။ငါက ကောင်းကင်ဘုံနယ်မြေက လာခဲ့တာ ဖြစ်တယ်။ ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားတဲ့နောက် ငါက ကံကောင်းပြီး ဒီနေရာကို ရောက်လာနိုင်ခဲ့တယ်။ငါ့အသုံးပြုတဲ့ မန္တာန်တွေအားလုံးက ကောင်းကင်ဘုံမန္တာန်တွေပဲ။ ဒါက မင်း ခုခံနိုင်တဲ့ အရာတွေ မဟုတ်ဘူး။ ခုချိန်မှာတော့ မင်း ထွက်သွားဖို့ နောက်ကျသွားပြီ။မင်းက ငါ့ကို တကယ်စော်ကားလာရင်တော့ မင်းက သံသယမရှိ သေဆုံးစေရမယ်…”
ဝမ်လင်းက အစိမ်းရောင်ဓားကိုင်ဆောင်ထားသော သက်လတ်ပိုင်းလူကြီးအသွင်တစ္ဆေကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာတော့သည်။သူက ညာလက်ကို မြှောက်လိုက်ရာ ကောင်းကင်သည် နက်မှောင်သွားချေ၏။တစ္ဆေလောကမြစ်သည် သူ့ပတ်လည်၌ ဝန်းရံလှည့်ပတ်လာသည်။သည့်နောက် ၎င်းက တစ္ဆေသက်လက်ပိုင်းလူကြီးထံသို့ တိုက်ရိုက် တိုးဝင်သွားချေသည်။
ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့် ရှစ်ယောက်ရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် မုန်တိုင်းတစ်ခုအလား ပေါက်ကွဲထွက်လာ၏။ထိုကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက တစ္ဆေထဲသို့ ဝင်ရောက်လို့သွားတော့သည်။
ထို့နောက် သက်လတ်ပိုင်းလူကြီးထံမှ အံ့မခန်းခန့်ညားထည်ဝါမှုတစ်ခု ပျံ့နှံ့လာသည်။တစ္ဆေ၏မျက်လုံးများကလည်း အသိဉာဏ်ရှိသည့်အလား ဝမ်လင်းထံသို့ စူးစိုက်ကြည့်လာ၏။သည့်နောက် သူက လက်ထဲရှိ အစိမ်းရောင်ဓားနှင့် ဝမ်လင်းထံသို့ ညွှန်လိုက်၏။
ထိုဓားညွှန်လိုက်ခြင်းက မည်သည့်တိုက်ခိုက်ခြင်းစွမ်းအားမှ မပါဝင်သော်လည်း ဝမ်လင်းသည် နောက်သို့ ပြန်ဆုတ်လိုစိတ် တဖွားဖွား ပေါ်လာ၏။။သူက သူသာ နောက်မဆုတ်လျှင် သူ့မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွားလိမ့်မည်ဟု ခံစားလိုက်ရသည်။
သူ့ကို ထိုသို့သော ခံစားချက်ကို ပေးစွမ်းနိုင်သည်က နတ်ဘုရားပြစ်ဒဏ်သာ ရှိခဲ့၏။
ဝမ်လင်းက ကောင်းကင်ဘုံကို ဆန့်ကျင်၍ ကျင့်ကြံခဲ့ကာ ကိုယ်ပိုင်တာအိုနှလုံးသား ခိုင်မြဲမှု ရှိနေခဲ့လေပြီ။ထို့ကြောင့် သူက နောက်သို့ မဆုတ်မိအောင် အတင်းထိန်း၍ ရှေ့သို့ပင် ခြေတစ်လှမ်း လှမ်းလိုက်သည်။
သို့ရာတွင် သူက ခြေလှမ်းဝက်သာ လှမ်းလိုက်ရကာ ကောင်းကင်ဘုံသက်တော်စောင့် ရှစ်ယောက်သည် သွေးများအန်ထုတ်လိုက်ရပြီး သူတို့၏ မျက်လုံးများပင် မှိန်ဖျော့သွားကြလေ၏။သူတို့ အန်ထုတ်လိုက်ရသော သွေးများထဲ၌ သူတို့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစွမ်းအင်များနှင့် အသက်စွမ်းအင်များပါ ပါဝင်သွားခဲ့ပေသည်။
ထိုရှစ်ယောက် အန်ထုတ်လိုက်သော သွေးများသည် သက်လတ်ပိုင်းလူကြီး၏ စုပ်ယူခြင်းခံလိုက်ရ၏။ရုတ်တရက် ဝမ်လင်းထံသို့ ကြည့်နေသောသူ့အကြည့်က ပိုမို၍အသိဉာဏ်ပြည့်လာခဲ့သည်။
ဝမ်လင်းက ခြေချရန်ဟန်ပြင်လိုက်သည့်အခိုက်တွင် သူက ပါးစပ်ဟကာ အသံတိတ်စကားဆို၏။
သည်စကားက တိတ်ဆိတ်၏။သို့သော် ဝမ်လင်းနားထဲ၌ အံ့မခန်းတုန်ခါသွားရ၏။ဝမ်လင်းက အသက်ဝဝရှူသွင်းကာ မျက်လုံးမှိတ်လိုက်သည်။
သူ့ခြေထောက်က ရှေ့သို့ ခြေချသွားတော့၏။
သူခြေချလိုက်သည့်အခိုက်တွင် ကောင်းကင်ဘုံသက်တော်စောင့်ရှစ်ယောက်၏ ခန္ဓာကိုယ်များသည် တုန်ယင်သွားကာ သူ့မျက်လုံးများသည်လည်း လုံးဝနက်မှောင်သွားချေသည်။
တစ်ချိန်တည်းမှာပင် တစ္ဆေလောကမြစ်သည် သိမ်းကြုံးလာ၏။တစ္ဆေအသွင်သက်လတ်ပိုင်းလူကြီးသည် တုန်ယင်သွားကာ တစီစီ ဖြစ်လို့သွား၏။
ထိုကြောက်မက်ဖွယ်ခံစားချက်သည်လည်း လုံးဝပျောက်ကွယ်သွားတော့သည်။
“အားကောင်းလိုက်တဲ့ ပုံရိပ်ယောင် တိုက်ခိုက်မှု…” ဝမ်လင်းမျက်လုံးများက အေးစက်လာသည်။သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။သူက ရှေ့သို့ ဆက်လက် ရွှေ့လျားသွားကာ တစ္ဆေလောကမြစ်နှင့် ပေါင်းစည်းလိုက်သည်။တစ္ဆေလောကမြစ်က အဝါရောင်နဂါးကြီးတစ်ကောင်အလား လှုပ်ရှားသွားကာ မြေပြင်ပေါ်တွင် ထိုင်နေသော သက်တော်စောင့်ရှစ်ယောက်အား ဖြတ်ကျော်လို့သွားသည်။
ဝမ်လင်း ဖြတ်ကျော်သွားသည်နှင့် ကောင်းကင်ဘုံသက်တော်စောင့်ရှစ်ယောက်၏ ခန္ဓာကိုယ်များသည် ပျက်စီးသွားချေသည်။သူတို့က တစ္ဆေလောကမြစ်အတွင်း၌ ချုပ်နှောင်ခြင်းခံလိုက်ရကာ ဘယ်သောအခါမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
ကျောက်စိမ်းပြားအပဲ့ရှစ်ခုက ထိုရှစ်ယောက်၏ခန္ဓာကိုယ်အတွင်းမှ ပျံသန်းထွက်လာကာ ဝမ်လင်းက ဖမ်းယူလိုက်၏။သည့်နောက် သူက ၎င်းတို့ကို သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်သည်။ရဲတိုက်ထဲမှ ဒေါသတကြီးအော်သံတစ်ခု ထွက်ပေါ်လာ၏။သည့်နောက် သန့်စင်သောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းတစ်ခုသည် ပေါက်ကွဲထွက်လာလေသည်။ထိုအမျှင်တန်းက သိပ်သည်းသွားပြီးနောက် ဝမ်လင်းထံသို တိုးဝင်လာသည်။
ဝမ်လင်းပတ်လည်ရှိ တစ္ဆေလောကမြစ်သည် မြင့်တက်လာကာ ကောင်းကင်ဘုံကို ထောက်ကန်ပေးထားသော တိုင်လုံးကြီးတစ်ခုလို ဖြစ်ပေါ်လာ၏။ဝမ်လင်းက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်း မြစ်ထဲသို့ ဝင်လာသည့်အခါတွင် တစ္ဆေလောကမြစ်ထဲ၌ ရှိနေ၏။
တစ္ဆေလောကမြစ်ထဲရှိ ဝမ်လင်းက တိုးညင်းစွာ ဆိုလိုက်၏။ “အသက်ဝင်စမ်း…”
တစ္ဆေလောကမြစ်က ရုတ်တရက် ပြန့်ကျဲသွားကာ ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။၎င်းက သည်ဧရိယာကို လွှမ်းခြုံလာရာ အဖြူရောင်ရဲတိုက်ပင် ရုတ်တရက် ပြိုကျလာ၏။မြေပြင်တုန်ခါသံများက အနှံ့ဖြစ်ပေါ်သွားသည်။
အရပ်ပုပုအဘိုးအိုက လေထဲသို့ ပျံတက်လာ၏။သူနှင့်အတူ ကျင့်ကြံနေသော အမျိုးသမီးသုံးယောက်သည်လည်း သူနှင့်အတူ ပျံတက်လာ၏။
ထိုအရပ်ပုပုက အလွန်စဉ်းလဲသည့်ပုံစံပင်။သူက ကျင့်ကြံသူတစ်ယောက်နှင့်ပင် မတူဘဲ ထိုအစား သူခိုးတစ်ယောက်နှင့်ပင် တူလို့နေ၏။သူက ဒေါသတကြီး ဝမ်လင်းအား အော်ဟစ်လိုက်၏။ “ဝမ်လင်း…ငါက မင်းကို အကြိမ်များစွာ သည်းခံနေပြီးပြီး။ဘာလို့လဲဆိုတော့ ငါက မင်းနဲ့ ရန်သူ ဖြစ်မလာချင်လို့ပဲ။ဒါပေမဲ့ မင်းက ကျေးဇူးတင်ရကောင်းမှန်း မသိဘူး။နိမ့်ကျတဲ့နယ်မြေမှာ မင်းလိုမျိုး ကျင့်ကြံမှုအဆင့်ကို ရောက်အောင် ကျင့်ကြံဖို့က အရမ်းခက်ခဲတယ်လို့ ပြောလို့ရတယ်။ဒါ့ကြောင့် ငါက မင်းကို အသက်ရှင်ဖို့ လမ်းကြောင်းတစ်ခုပေးတဲ့အနေနဲ့ ထွက်သွားခိုင်းခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ကို ဆက်ပြီး ရန်စစော်ကားနေရင် ငါ မင်းကို သတ်ပစ်မယ်။အဲ့ကျမှ ငါ့ကို အပြစ်လာမတင်ပါနဲ့…”
ဝမ်လင်းမျက်လုံးများက အေးစက်လာသည်။သို့သော် သူက စကားမဆိုပေ။ထိုအစား သူက သူ့လက်ချောင်းကို ရှေ့သို့ ညွှန်လိုက်၏။ မရဏလက်ချောင်းကို အဘိုးအိုထံသို့ တိုးဝင်သွားတော့သည်။
အဘိုးအိုအသွင်က ပြောင်းလဲသွာ၏။သူက အသက်ဝဝရှူသွင်းသည်။သည့်နောက် သူက ထူထဲသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ထွေးထုတ်လိုက်၏။၎င်းက ကောင်းကင်ဘုံမြူအဖြစ်ပြောင်းလဲ၍ မရဏလက်ချောင်းကို ဝန်းရံသွားသည်။အတွင်းဘက်၌ တစီစီအသံများ ထွက်ပေါ်လာကာ သိပ်မကြာခင်တွင် တစ်ခုနှင့်တစ်ခု ချေဖျက်သွားတော့၏။
“ဝမ်လင်း မင်းက ငါ့ကို ဖိအား ပေးနေတာပဲ…”
ထိုအဘိုးအို၏ အသွင်က သုန်မှုန်နေ၏။သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ လက်သီးစုပ်ခန့်အပြာရောင်ကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာသည်။အဘိုးအိုက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက်၏။ “ကောင်းကင်ဘုံမျိုးစေ့…”
အပြာရောင်ကျောက်စိမ်းပြားက ချက်ခြင်း တုန်ယင်လာကာ ထူးဆန်းသောဟန်ပန်ဖြင့် စတင်လှုပ်ရှားလာသည်။၎င်းက မရေမတွက်နိုင်သောအပြာရောင် အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲသွားကာ စူးရှရှအသံတစ်ခုကို ထုတ်လွှတ်ပြီး ခုန်ပေါက်နေသောမြွေများကဲ့သို့ ပျံ့နှံ့လို့လာသည်။
အပြာရောင်အမျှင်တန်းများ ပေါ်လာသည့်အခိုက်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အသွင်က ရုပ်စိုးသွားကြသည်။သူတို့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုများနှင့် ပြည့်နှက်လာကြသည်။
မရေမတွက်နိုင်သော အပြာရောင်အမျှင်တန်းများကို ကြည့်နေရင်း ဝမ်လင်းမျက်လုံးများက လင်းလက်လာသည်။သူက ဖြည်းညင်းစွာပြောလိုက်၏။ “ကောင်းကင်ဘုံသားရဲအစာ…”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ဝမ်လင်းပြောသည့်အရာကို မသိကြချေ။အဘိုးအို၏အသွင်ကတော့ နောက်တစ်ကြိမ် ပြောင်းလဲသွားတော့၏။သူက အာမေဋိတ်အသ့ဖြင့် ပြောလိုက်၏။ “မင်း သိတယ်ပေါ့…”
ဝမ်လင်းသည် ရှုယွမ်ရှန်၏ခန္ဓာကိုယ်ထဲ၌ အပြာရောင်အမျှင်တန်းများကို စမြင်ကတည်းက ၎င်းတို့ကို တွေ့ဖူးသလို ခံစားမိခဲ့သည်။သူက သေချာတွေးကြည့်သည့်အခါ သူ တာ့လော့ဓားကလန်မှ တပည့်တစ်ယောက်နှင့် မိတ်ဖွဲ၍ ဝင်ရောက်ခဲ့သော ကောင်းကင်ဘုံနယ်မြေ၌ ကြုံတွေ့ခဲ့ရသော ကောင်းကင်ဘုံသားရဲအစာ ဖြစ်ကြောင်း သေချာသိလိုက်သည်။သူက ထိုအရာကို ရှုယွမ်ရှန်အား ရှင်းမပြခဲ့ပေ။
အဘိုးအိုက ဝမ်လင်း သည်အရာကို သိနေသည်ကို စဉ်းစားမနေချေ။သူက ကောင်းကင်ဘုံသားရဲအစာကို ရရှိပြီးသည့်နောက် ၎င်းကို ခုထိ ပြည့်ပြည့်ဝဝထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ခုချိန်၌ သူက ၎င်းတို့ကို ထုတ်ယူလိုက်ရခြင်းမှာ ကြံရာမရခြင်းကြောင်း ဖြစ်သည်။ပုံမှန်အားဖြင့် သူက သူ့ အာဏာတက်ခြင်းအလယ်အဆင့်ကျင့်ကြံမှုဖြင့် ထိုသို့ ပြုလုပ်ရန် မလိုပေ။သို့ရာတွင် သူ့တွင် ထုတ်မပြောသာသည့် ကိုယ်ပိုင်အခက်အခဲများ ရှိလို့နေ၏။ထို့ကြောင့် သူက ခုလို လုပ်ဆောင်လိုက်ရခြင်းသာ ဖြစ်သည်။
“သူ့ကို ဝါးမြိုစမ်း…” အရပ်ပုပုအဘိုးအိုက ဤသို့ အော်ပြောလိုက်ရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အပြာရောင်အမျှင်တန်းများထံသို့ ညွှန်လိုက်လေသည်။
အပြာရောင်အမျှင်တန်း ရာချီ၊ထောင်ချီသည် ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။
ဝမ်လင်းက သည်မြင်ကွင်းနှင့် ရင်းနှီးခဲ့ဖူးပေသည်။အတိတ်တုန်းက သူက ခုထက် အဆများစွာ ပိုသည့် ကောင်းကင်ဘုံသားရဲအစာများနှင့် ရင်ဆိုင်ခဲ့ဖူး၏။ခုချိန်တွင် တစ်ထောင်မျှသော သားရဲအစာလောက်သာ ရှိနေသဖြင့် စိတ်ပူပန်နေခြင်း မရှိတော့ပေ။
သူက သိုလှောင်အိတ်ထဲမှ သာမန်အလံတစ်ခုကို ထုတ်ယူလိုက်သည်။သူက သည်နေရာသို့ မလာခင်ကတည်းက သူ့တွင်သံသယများ ရှိနှင့်နေခဲ့ပြီးသား ဖြစ်၏။ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပေသည်။သူက အလံကို လှုပ်ခါလိုက်ရာ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်တွင် ရရှိခဲ့သော ချီလင်သားရဲက ထွက်ပေါ်လာတော့၏။
ထိုသားရဲက ချီလင်သားရဲ၏ စိတ်ဝိညာဉ်သာ ဖြစ်သော်လည်း ၎င်းတွင် အမွေအနှစ်အချို့ ရှိလို့နေဆဲသာ။၎င်းက ပေါ်ထွက်လာသည်နှင့် ဟိန်းသံ ပြုလိုက်၏။၎င်း၏ခန္ဓာကိုယ်က တုန်ယင်သွားကာ ဦးခေါင်းကြီးကိုမော့၍ တိုးဝင်လာနေသောကောင်းကင်ဘုံသားရဲအစာများကို မျက်ခြေမပြတ် ကြည့်လို့နေသည်။
ချီလင်၏ မျက်လုံးများက ရွှေရောင်အလင်းတစ်ခု ရုတ်တရက် ထုတ်လွှတ်လာသည်။၎င်း၏အကြည့်က အစာကိုတွေ့လိုက်သလို အကြည့်မျိုး ဖြစ်နေ၏။
***