ရှုယွမ်ရှန်က ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။” ကျင့်ကြံခြင်းအဖွဲ့အစည်းက မီးနတ်ဆိုးနိုင်ငံနဲ့ ရွှေရောင်နတ်ဆိုးနိုင်ငံ နှစ်ခုကြား နယ်စပ်မှာ တည်ရှိပါတယ်။ဒီနေရာက တစ်နှစ်ပတ်လုံး အနံ့အသက်ဆိုးတွေနဲ့ ပြည့်နှက်နေတာ၊ ဒါ့ကြောင့် အမေ့ခံနေရာတစ်ခုလိုတောင် ဖြစ်နေပြီ…”
သူက ထိုသို့ ပြောပြီးသည့်နောက် သူက ထပ်၍ မေးလိုက်သည်။ “အကိုဝမ်…သင်က ဘာလို အစီအစဉ် ရှိလို့လဲ…”
ဝမ်လင်းက ပြုံးလာ၏။ “ငါ့မှာ မင်းရဲ့ အတားအဆီးကို ချိုးဖျက်ပေးဖို့ ယုံကြည်ချက် မရှိဘူး။ဒါပေမဲ့လည်း ဒီဘိုးဘေးကတော့ ဒီလိုလုပ်နိုင်ဖို့ ခက်ခဲမှာ မဟုတ်ဘူး…”
ရှုယွမ်ရှန်က အသက်ဝဝရှူသွင်းလိုက်၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝမ်လင်းကို ဦးညွတ်သည်။သူက ပြန်ခေါင်းမော့လာ၏။သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်နေသည်။သူက ပြောလာသည်။ “အကိုဝမ်…သင် ငါ့အတွက် လုပ်ပေးတာတွေအတွက် ဘယ်လိုကျေးဇူးဆိုရမှန်း မသိဘူး။တစ်နေ့မှာ ငါက ထျန်ယွမ်ဂြိုဟ်ပေါ်ကို ပြန်ရောက်နိုင်တာနဲ့ သင့် မျက်နှာသာပေးမှုအတွက် ကျိန်းသေပေါက် ပြန်ပေးဆပ်မှာပါ…”
“အကိုရှု…သင်က ဒီလိုမလုပ်သင့်ဘူး…”
ဝမ်လင်းက ခေါင်းယမ်း၍ ဆို၏။ “တကယ်တော့ သင်ကသာ မပြောပြရင်လည်း ငါက ဒီကျင့်ကြံခြင်းအဖွဲ့အစည်းရှိ သွားမှာပါ။ဒီဘိုးဘေးက ငါ့ကို ရန်စတာ နှစ်ကြိမ် ရှိပြီ။ငါက ဒါနဲ့ပတ်သတ်လို့ တစ်ခုခု မလုပ်ဘူးဆိုရင် နောက်ထပ် သုံးကြိမ်၊လေးကြိမ်လည်း ဖြစ်လာနိုင်တယ်။ဒါက အတောသပ်နိုင်တော့မှာ မဟုတ်ဘူး…”
“အကိုဝမ်…ဘာပဲဖြစ်ဖြစ်ပါ…ငါက ဒါကို အမှတ်ရနေမှာပါ…” ရှုယွမ်ရှန်၏ အသံက ကျေးဇူးတင်မှုတို့နှင့် ပြည့်နေ၏။
ဝမ်လင်းက ပြုံး၍ ခေါင်းယမ်းကာ သူ့သိုလှောင်အိတ်ထဲသို့ ကျောက်စိမ်းပြားအပဲ့ကို ထည့်သိမ်းလိုက်သည်။သည့်နောက် သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ရှုယွမ်ရှန်နှင့်အတူ မျှော်စင်ထဲကနေ ပျောက်ကွယ်လို့သွားတော့၏။သူတို့က စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုနေရာကနေ ထွက်ခွာခါနီးချိန်၌ သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ပြန်သည်။ကျန်နေသေးသော ကျင့်ကြံခြင်းအဖွဲ့အစည်းမှ ကျင့်ကြံသူများသည်လည်း ဝမ်လင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကာ ပျောက်ကွယ်သွားတော့၏။
မီးနတ်ဆိုးနိုင်ငံရှိ စစ်ပွဲကတော့ ဆက်လက်၍ ဖြစ်ပွားနေသည်။သတ်ဖြတ်မှုများကလည်း မြေပြင်တွင် သွေးချောင်းစီးလို့နေ၏။ထို့ကြောင့် မီးနတ်ဆိုးနိုင်ငံတစ်ခုလုံးသည် သွေးနံ့မှားနှင့် ဖုံးလွှမ်းနေချေသည်။
နိုင်ငံနှစ်ခု စစ်မက်ဖြစ်ပွားသည့်အခါ အခြားနိုင်ငံခုနစ်ခု၏ အာရုံစိုက်မှုကို ရှောင်လွှဲ၍ မရချေ။အထူးသဖြင့် ခုလို အခိုက်အတန့်တွင်ဖြစ်၏။အခုချိန်တွင် မီးနတ်ဆိုးနိုင်ငံ၌ တိုက်ပွဲသတ်ပွဲများ ဖြစ်နေသလို ကောင်းကင်နတ်ဆိုးနိုင်ငံတွင်လည်း မည်သည့်တပ်သားမျှ ကျန်မနေတော့ချိန်မျိုး ဖြစ်၏။ထိုအဖြစ်က ကျန်သော ခုနစ်နိုင်ငံအတွက် အခွင့်အရေးတစ်ခုပင်။ထိုအခွင့်အရေးမျိုးက နှစ်သောင်းချီအတွင်း တစ်ကြိမ် ဖြစ်လာခဲပေသည်။
သည်အခိုက်အတန့်တွင် မီးနတ်ဆိုးနိုင်ငံနှင့် ရွှေရောင်နတ်ဆိုးနိုင်ငံတို့ကြား နယ်စပ်တွင် ကြယ်ပျံတစ်စင်းသည် ကောင်းကင်ကို ဖြတ်သန်း၍ အနံ့အသက်ဆိုးများ ဝန်းရံနေသော နေရာသို့ ဦးတည် ပျံသန်းလာ၏။ထိုကြယ်ပျံ၏ အလင်းပျောက်ကွယ်သွားပြီးနောက် ဝမ်လင်းသည် အနံ့အသက်ဆိုးအပြင်ဘက်၌ ပေါ်ထွက်လာခဲ့သည်။သူ သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ကျင့်ကြံသူဆယ်ယောက်ကျော်က သူ့ဘေးတွင် ပေါ်ထွက်လာခဲ့သည်။
ရှုယွမ်ရှန်က ဝမ်လင်းဘေးတွင် မတ်တပ်ရပ်လျက် ရှိနေသည်။သူက အလွန်စိတ်လှုပ်ရှားနေ၏။
“အကိုရှု…ငါပေးထားတဲ့ ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားပါ။ ဒီထဲက အတားအဆီးက မင်း ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကောင်းကင်ဘုံမျိုးစေ့ကို မချိုးဖျက်နိုင်ပေမဲ့လည်း အရေးအကြောင်းဆိုရင် ဒီမျိုးစေ့ရဲ့ သက်ရောက်မှုကို နှောင့်နှေးစေလိမ့်မယ်…”
ထိုသို့ပြောပြီးသည့်နောက် ဝမ်လင်းက အနံအသက်ဆိုးထူထူထဲထဲ နေရာထဲသို့ ခြေချလိုက်သည်။
သူက ကောင်းကင်ဘုံမျိုးစေ့နှင့်ပတ်သတ်၍ အချို့ ကြိုတင်ခန့်မှန်းထားမှုများ ရှိပေသည်။သို့ရာတွင် သူက ထိုအရာကို ကောင်းကင်ဘုံနယ်မြေဘိုးဘေးလို့ သူ့ကိုယ်သူခေါ်သောသူကို တွေ့မြင်ပြီးမှသာ အတည်ပြုနိုင်မည် ဖြစ်သည်။
အနံ့ဆိုးများကြား ရှိ ရဲတိုက်အနက်ပိုင်းထဲ၌ အဘိုးအိုတစ်ယောက်သည် ကြာပွင်သဏ္ဌာန်ထိုင်နေ၏။သူနှင့် မျက်နှာချင်းဆိုင်တွင်တော့ အမျိုးသမီးသုံးယောက် ထိုင်နေ၏။သူတို့သုံးယောက်လုံးက အလွန်လှကြသည်။တစ်ယောက်ကတော့ ရှုယွမ်ရှန်၏ ညီမလေး ရှုယွမ်နန်ပင် ဖြစ်၏။
ထိုအမျိုးသမီးသုံးယောက်၏ ပါးစပ်နှင့်နှာခေါင်းပေါက်ထဲကနေ ပန်းရောင်အခိုးငွေ့အမျှင်တန်းများ ထွက်လို့နေ၏။ထိုပန်းရောင်အခိုးငွေ့က အံ့ဩဖွယ်ရာလှပမှုပုံစံမျိုးဖြင့် အဘိုးအိုပတ်လည်၌ ခုန်ပေါက်လို့နေ၏။
အဘိုးအိုပတ်လည်၌ ကခုန်နေသော ပုံရိပ်ယောင်အသွင်များက တဖြည်းဖြည်းချင်း ပီပြင်လာသည်။သည့်နောက် သူတို့က လှပသော ရောင်စုံဝတ်စားထားသည့် ကောင်းကင်ဘုံသမီးများအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားကြသည်။အဘိုးအိုက ရှိုက်သွင်း၍ သူတို့အား မြိုချပစ်လိုက်သည်။
ထိုအရပ်ပုပုအဘိုးအိုက ဝမ်လင်း အနံ့အသက်ဆိုးများကြားထဲသို့ ခြေချလိုက်သည့်အချိန်၌ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။သူ့မျက်လုံးက ရွှေရောင်တောက်ပနေ၏။သူ မျက်လုံးဖွင့်လာသည့်အခိုက်အတန့်တွင် သူ့ပတ်လည်ရှိ ပုံရိပ်ယောင်များသည် ပျောက်ကွယ်သွားကြ၏။သူ့ရှေ့ရှိ အမျိုးသမီးသုံးယောက်၏ မျက်နှာများသည်လည်း ပို၍ အိုစာလာဟန်များကို ပြသလို့လာ၏။
ဝမ်လင်းက ထိုအနံ့ဆိုးများထဲသို့ ခြေချလိုက်၏။သည်အနံ့ဆိုးများ ထူထဲလှကာ သူက အထဲ၌ ရွှေ့လျားလို့နေ၏။
ဝမ်လင်းက ရှေ့သို့ ဆက်လျှောက်လာလေလေ ပိုပိုများသော အနံ့ဆိုးများက သူ့ကို ဝန်းရံလာလေ ဖြစ်နေ၏။အရပ်မျက်နှာအနှံ့မှလည်း တစ္ဆေငြီးသံများက သူ့ထံသို့ တိုးဝင်လာနေကြသည်။
ဝမ်လင်းအသွင်က အေးစက်လာကာ သူက ပြောလိုက်၏။ “ငါ့ရှေ့မှာ စိတ်ဝိညာဉ်မန္တာန်အသုံးပြုဖို့ ကြိုးစားမယ်ဆိုရင် သင်က ကိုယ့်နေရာကိုယ် မသိတာပဲ…”
သူက ထိုသို့ ပြောလိုက်ရင်း ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက်၏။ “စိတ်ဝိညာဉ်ဝဲကတော့…”
သူ့အသံက လက်ထဲရှိ ချိပ်တံဆိပ်ထံသို့ ဝင်ရောက်သွား၏။ထိုအခါ အနီးအနားရှိ အနံ့ဆိုးများက စတင်လှည့်ပတ်လာကာ ဆူပွက်လို့လာ၏။သည်အနံ့ဆိုးများက ဝမ်လင်းရှေ့၌ မြန်ဆန်သောနှုန်းဖြင့် စတင်စုစည်းလာကြသည်။
ဝမ်လင်းရှေ့၌ ဝဲကတော့လို မြင်ကွင်းမျိုး ဖြစ်ပေါ်လာကာ ထိုအနံ့ဆိုးများအားလုံးကို စုပ်ယူပစ်နေတော့သည်။
ချက်ခြင်းလိုလိုပင် သည်ဧရိယာ၏ ပတ်ပတ်လည်ရှိ အနံ့ဆိုးများက စုပ်ယူခြင်းခံလိုက်ရတော့၏။မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နေအလင်းရောင် ပေါ်ထွန်းလာတော့သည်။
ဝမ်လင်းလက်ထဲ၌ အနံ့ဆိုးများက လက်သီးစုပ်အရွယ်ခန့် ဖြစ်တည်လာကာ ပိုးမျှင်လိုအမျှင်တန်းပမာဏများစွာကို ထုတ်လွှတ်လာ၏။
အကွာအဝေးတစ်ခု၌ အဖြူရောင်ရဲတိုက်တစ်ခုကို မြင်တွေ့နေရပြီ ဖြစ်သည်။ထိုရဲတိုက်၏ အပြင်ဘက်တွင် ကျင့်ကြံသူတစ်ရာနီးပါးက လေထဲ၌ ရှိနေကြ၏။သူတို့အားလုံးက ဝမ်လင်းလက်ထဲရှိ အနံ့ဆိုးအလုံးကို ကြောင်တောင်တောင်ဖြင့် ကြည့်လို့နေကြ၏။
ဝမ်လင်းက ထိုလူအုပ်ကို အေးစက်စွာ သိမ်းကြုံးကြည့်လိုက်သည်။သူက ချက်ခြင်းပင် ထိုလူများ၏ မျက်နှာကို မှတ်သားထားလိုက်၏။သူတို့ထဲက အချို့သည် ဝမ်လင်းနှင့်အတူ သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ တစ်အုပ်စုတည်း ဝင်ရောက်ခဲ့သည့်သူများဖြစ်ကာ အချို့ကိုတော့ သူက မရင်းနှီးပေ။
လူအုပ်ထဲမှ တစ်ယောက်က ဝမ်လင်းမျက်လုံးက အနည်းငယ် လက်ခနဲ ဖြစ်သွားစေ၏။သည်လူက အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူကြီး ဖြစ်၏။
အပြာရောင်ဝတ်စုံနှင့်လူက ဝမ်လင်းကို တွေ့မြင်လိုက်သည့်အခိုက်၌ မှင်သက်သွား၏။သူက ဝမ်လင်းအကြည့်ကြည့်ကို အလိုလို ရှောင်ဖယ်ကာ သူ့အသွင်က ခါးသက်သက်ပုံစံ ပေါက်သွားလေ၏။
သူက ဝမ်လင်းနှင့်အတူ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝင်ရောက်လာခဲ့သည့် ကောင်ကင်ကံကြမ္မာကလန်၏ အပြာရောင်အုပ်စုခွဲမှတပည့် ဖြစ်လို့နေချေသည်။
“လမ်းဖယ်စမ်း…” ဝမ်လင်းအသံက တည်ငြိမ်လှ၏။
စကားတစ်ခွန်းဖြင့်ပင် လူတိုင်းကို အလိုလို လမ်းဖယ်သွားစေ၏။သူတို့အားလုံးတွင် မည်သူကမျှ အာဏာတက်ခြင်းအဆင့်သို့ မရောက်ကြသေးပေ။အမြင့်ဆုံးမှ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်တွင်သာ ရှိ၏။သူတို့က ခုလို အာဏာတက်ခြင်းအဆင့်ကို တွေ့သည်နှင့် ပါးနပ်စွာပင် နောက်ဆုတ်ရန် ရွေးချယ်ခဲ့ကြသည်။
သို့ရာတွင် တစ်ချို့ ကောင်းကင်ဘုံနယ်မြေဘိုးဘေးကို ယုံကြည်နေကြသော မပါးမနပ်အချို့လည်း ရှိသေး၏။သူတို့ထဲမှ တစ်ယောက်က တာအိုဝတ်စုံကို ဝတ်ဆင်ထား၏။သူက အော်ပြောလိုက်သည်။ “ရိုင်းလိုက်တာ…မင်း ဘယ်သူလဲ။ နာမည်ပြောပါ။ငါ့ကျင့်ကြံခြင်းအဖွဲ့အစည်း…”
ထိုလူက စကားမဆုံးခင်မှာပင် ဝမ်လင်း၏ အေးစက်စက်အကြည့်က ဓားသွားအလား ကျဆင်းလာ၏။သူစကားများက ပါးစပ်ထဲသို့ ပြန်ဝင်သွားကာ သူက သွေးအန်ထုတ်လိုက်ရ၏။
ဝမ်လင်းက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ကျင့်ကြံကာ သတ်ဖြတ်သူနှလုံးသား ပိုင်ဆိုင်ထားသဖြင့် သူ့အကြည့်က အမှန်အကန်တိုက်ခိုက်မှု ပြုနိုင်ပေသည်။
ဘေးရှိလူများက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်ကြသည်။လူတိုင်းက ပို၍ လမ်းဖယ်ပေးလိုက်ကြ၏။အစောပိုင်း၌ မဖယ်ပေးသော သူများပင် အလျင်အမြန်ဖယ်ပေးလိုက်ကြ၏။
ထိုအခါ ရဲတိုက်သို့ ဦးတည်သွားသော လမ်းတစ်ခု ပေါ်လာလေ၏။
“ဒီလူ့ကို သတ်လိုက်…” ရဲတိုက်ထဲကနေ ခန့်ညားသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအမိန့်ထွက်ပေါ်လာပြီးနောက် ကျင့်ကြံသူအားလုံး၏ မျက်နှာသည် ဖြူရောသွားကြကာ သူတို့အားလုံးက ချီတုံချတုံ ဖြစ်သွားကြတော့သည်။
ကံကောင်းစွာဖြင့် သည်အခိုက်အတန့်၌ အနက်ရောင်ပုံရိပ်တစ်ခုသည် ရဲတိုက်ထဲကနေ ထွက်လာကာ ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်လာခဲ့ပေ၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထဲမှ တစ်ယောက်က အာမေဋိတ်သံဖြစ် ပြောလိုက်၏။ “ကောင်းကင်ဘုံသက်တော်စောင့်…”
ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲဖြစ်ကာ သူက ရဲတိုက်ထဲမှ ထွက်လာသည့်လူကို ကြည့်ပင် မကြည့်ချေ။သူက ရှေ့သို့ တိုး၍ ရဲတိုက်ထံသို့ ဆက်လျှောက်သွားသည်။သူက မြန်ဆန်လှခြင်း မရှိသော်လည်း လူတိုင်း၏မျက်လုံးများက ကျဉ်းမြောင်းသွားကြ၏။
ထိုအခိုက်အတန့်၌ ကျင့်ကြံသူများ၏မျက်လုံးထဲ၌ ဝမ်လင်းကို ကြည့်နေသောအကြည့်များက သူတို့၏ ကိုယ်ပိုင်ကလန်များမှ အကြီးအကဲများကို ကြည့်သောအကြည့်မျိုး ဖြစ်ပေါ်နေခဲ့သည်။ဝမ်လင်းထံမှ အော်ရာက သာမန်ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်စွမ်း မရှိပေ။
သူတို့ကိုယ်သူတို့ ယုံကြည်မှု အဆင့်တစ်ခုရောက်နေသော ကျင့်ကြံသူများသာ ထိုသို့သောအော်ရာကို ထုတ်လွှတ်နိုင်စွမ်း ရှိပေ၏။
အပြာရောင်အုပ်စုခွဲ၏ တပည့်က ဝမ်လင်းကို ကြည့်နေရင်း စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။သူက ဝမ်လင်းနှင့်ပတ်သတ်သောသတင်းအချို့ကို ကြားခဲ့ရ၏။သည့်အပြင် အစစ်အမှန်တပည့်နေရာအတွက် ဝမ်လင်းနှင့်ချန်ထောင်တို့ တိုက်ခိုက်ကြသော တိုက်ပွဲကိုလည်း ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရဖူးသည်။ထိုအချိန်က ဝမ်လင်း၏ လုပ်ဆောင်မှုက လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေသည်။တကယ်တော့ ထိုအချိန်က ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က မြင့်မားခြင်း မရှိသေးပေ။ထို့ကြောင့်သူက ဝမ်လင်းအပေါ် အထင်ကြီးခြင်းတော့ မရှိခဲ့ချေ။
သို့ရာတွင် ခုချိန်တွင်တော့ သူက ဝမ်လင်းကို ဆက်လက်၍ အထင်သေးဝံ့တော့မည် မဟုတ်ပေ။ဝမ်လင်းက အချိန်တိုအတွင်း အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီသာမက ပို၍ အရေးကြီးသည်မှ သူက ဝမ်လင်းကို တွေ့မြင်လိုက်ရချိန်၌ ရှေ့ဖြစ်ဟောသူကို တွေ့မြင်ရသည့်အချိန်တွင် ရရှိသောခံစားချက်ကို ယောင်ယောင်လေး ခံစားမိလိုက်ခြင်းပင်။
ထိုခံစားချက်က အားကောင်းလှခြင်း မရှိသော်လည်း အမှန်ပင်တည်ရှိနေ၏။တကဘ်တော့ သူသည် ကောင်းကင်ကံကြမ္မာကလန်နှင့် ရှေ့ဖြစ်ဟောသူ၏ တပည့်တစ်ယောက်သာ။ထို့ကြောင့် သူ့အသိဉာဏ်ဗဟုသုတသည်လည်း ကောင်းမွန်ပေ၏။သူက ထိုအခြင်းအရာက တာအိုအသွင်မှန်း သိထားခဲ့ပေ၏။
ထိုသို့သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်ဖို့ ဝမ်လင်းသည် သူ့ကိုယ်ပိုင်တာအို ရှိနေပြီဟု ဆိုလိုလိုက်ခြင်းပင်။ကျင့်ကြံခြင်းကမ္ဘာ၌ ကိုယ်ပိုင်တာအိုကို သူတို့၏နှလုံးသားထဲ၌ သိမ်းဆည်းထားနိုင်သောသူသည် ဉာဏ်အလင်းရကာ တာအိုနှင့်ပေါင်းစပ်နိုင်ပေ၏။ထိုလူများသည် သည်ကမ္ဘာ၏ အုတ်မြစ်ကို တည်ဆောက်နိုင်ဖို့ အရည်အချင်း ပြည့်မှီပေသည်။
အမှန်တော့ ကျင့်ကြံသူအားလုံးက ကိုယ်ပိုင်တာအိုများ ရှိကြသည်သာ။သို့သော် ယင်းတာအကိုကို အထည်ဒြပ်အဖြစ် ဖြစ်တည်ရန်က အလွန်အမင်း ခက်ခဲလွန်းလှပေ၏။
“သူ…သူက ဒီအဆင့်တောင် ရောက်နေခဲ့ပြီ…”
ထိုအပြာရောင်ဝတ်စုံနှင့်လူက ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။သည်အခိုက်အတန့်၌ သူက သူ့ခန္ဓာကိုယ်ထဲရှိ မျိုးစေ့နှင့်ပတ်သတ်၍ပင် မေ့လို့သွားသည်။သူ့စိတ်ထဲရှိနေသည့်အရာမှာ ဝမ်လင်းလို တစ်ဝက်တိတိပျက်စီးနေသည့် ဟင်္သာပြဒါးဂြိုဟ်မှလာသော လူနှင့် သူ့ကြားရှိ ကွာခြားသွားခြင်းကိုသာ ဖြစ်၏။ခုချိန်တွင်တော့ သူက သူ့ကိုယ်ပိုင်တာအို ပိုင်ဆိုင်ထားသော လူတစ်ယောက်ဖြစ်လာခဲ့ကာ သူ့မျိုးဆက်၏ ဆရာသခင်တစ်ယောက်အဖြစ် မှတ်ယူ၍ပင် ရလေ၏။
ဝမ်လင်းက ရှေ့သို့ဆက်တိုးနေရင်း ရဲတိုက်ထဲမှ ထွက်လာသောအရိပ်ကလည်း သူနှင့် နီးကပ်လာ၏။၎င်းအရိပ်ဝမ်လင်းနှင့် ပေတစ်ရာအတွင်းသို့ ရောက်လာသည့်အခါတွင် ၎င်းက အမျိုးမျိုးသောမန္တာန်များကို အသုံးပြုလိုက်၏။ထိုလူ၏မန္တာန်များသည် သားရဲများနှင့် ဆက်နွှယ်နေသည်။သည်မန္တာန်များက အမျိုးမျိုးသောသားရဲများအသွင်သို့ ပြောင်းလဲ၍ ဝမ်လင်းထံသို့ ဝါးမြိုရန် တာဆူလာကြသည်။
“အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူက နယ်ပယ်မရှိဘဲနဲ့ သူ့မှာ အာဏာတက်ခြင်းစွမ်းအား ရှိမယ်ဆိုရင်တောင် ဒါက အခွံသပ်သပ်ပဲ…”
ဝမ်လင်းက လက်ညွှန်၍ တိုးညင်းစွာ ပြောလိုက်၏။ “ပျက်စီးသွားစမ်း…”
သူ့လက်ချောင်းထိပ်မှ အနက်ရောင်အလင်းတန်းတစ်ခု ထိုးထွက်သွားပြီးနောက် အနက်ရောင်အခိုးငွေ့အမျှင်တန်းအဖြစ်သို့ ပြောင်းကာ တိုးဝင်သွားချေသည်။ဝမ်လင်းက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် သူ့မူလစိတ်ဝိညာဉ်နှင့်နယ်ပယ်တို့ကို ပေါင်းစပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် ခုချိန်တွင် သူ့၌မူလစွမ်းအင် ရှိနေခဲ့လေပြီ။သူလက်မြှောက်၍ တိုက်ခိုက်မှုတစ်ခုဖြင့်ပင် ထိုတိုက်ခိုက်မှုထဲ၌ သူ့နယ်ပယ်နှင့်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ပါဝင်နေတော့၏။သည့်အပြင် ဝမ်လင်းတွင် ကိုယ်ပိုင်တာအိုလည်း ပိုင်ဆိုင်ထား၏။ထို့ကြောင့် သူ့မန္တာန်များသည် သူ့တာအိုအငွေ့အသက်ပါ ပါဝင်လို့နေသည်။
မရဏလက်ချောင်းက နီးကပ်လာရင်း ၎င်းက ဝမ်လင်း၏တာအိုကိုပါ သယ်ဆောင်လာ၏။၎င်းက အမျိုးမျိုးသောပုံရိပ်ယောင်သားရဲများကို ထွင်းဖောက်ကာ အနက်ရောင်ဝတ်စုံနှင့်လူ၏ ရင်ဘက်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
သားရဲများစွာသည်လည်း ပျက်စီးသွားသလို ထိုလူသည်လည်း သေဆုံးခဲ့တော့၏။
“သင် ဘယ်သူလဲ…” ရဲတိုက်ထဲကနေ ခံညားသောအသံတစ်ခု ထွက်ပေါ်လာ၏။
ခုချိန်ထိ ဝမ်လင်းက ရပ်တန့်သွားခြင်းမရှိဘဲ အဖြူရောင်ရဲတိုက်ရှိရာသို့သာ ဆက်၍ လျှောက်လှမ်းသွားသည်။
***