” ငါ့ အမေက အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေရဲ့ ဘုရင်ခံလေ ” ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ တည်ကြည်စွာ ပြန်ဖြေလိုက်၏။
အကယ်၍ ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ရှိမနေပါက ကြောက်လန့်တကြားဖြင့် ထခုန်မိလိုက်မည်သာ ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေများကြောင့် ထိုကဲ့သို့ ပြုမူ၍မရဘဲ ဖြစ်နေ၏။ ထို့ကြောင့် သူသည် ခက်ခက်ခဲခဲ ကြိုးစားကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးနောက် နောက်သို့ပြန်လှည့်သွားပြီး အသက်ပြင်းပြင်းရှူကာ လေသံကျယ်ကျယ်ဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်တော့သည်။
” ကျွန်တော့်နာမည်က ဝမ်ပေါင်လဲ့ပါ။ ကျွန်တော် ကျင့်ကြံသူတစ်ယောက် ဖြစ်လာတာ ဆယ်နှစ်တောင် မပြည့်သေးဘူး။ အခုလောလောဆယ်မှာ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အစောပိုင်းအမြုတေအဆင့် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ။ ပြီးတော့ ကျွန်တော်က ပြည်ထောင်စုကြီးထဲက တာအိုကျောင်းကြီးလေးကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်ပဲ။ ပြီးတော့ ကျွန်တော်က သောင်းဂဏန်းအထိ ရှိတဲ့ တာအိုကျောင်းသားတွေရဲ့ ဆရာတစ်ယောက်လည်းဖြစ်သလို အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်ရဲ့ ခေါင်းဆောင်တစ်ယောက်ဆိုရင်လည်း ဟုတ်တယ်။ ကျွန်တော့်ရဲ့ လက်အောက်မှာ အလုပ်လုပ်နေကြတဲ့ ကျင့်ကြံသူတွေ သန်းနဲ့ချီပြီတော့ကို ရှိတယ်။ အဲဒီ ကျင့်ကြံသူတွေအများစုက အာနာပါနအဆင့်နဲ့ အခြေတည်အဆင့်မှာ ရှိနေကြတဲ့ လူတွေ။ ကျွန်တော် အမိန့်တစ်ခုပေးလိုက်ရုံနဲ့ သူတို့တွေအကုန်လုံးက နာခံကြမှာ ”
” ခေါင်းဆောင်ကြီး ချိုးရန်။ ကျွန်တော်တို့အများစုရဲ့ ကျင့်ကြံခြင်းခရီးစဉ်က ဆယ်နှစ်တောင်ပြည့်သေးတာမဟုတ်ဘူး။ အဲ့တာတောင်မှ ဝိညာဉ်ချီတွေ အားနည်းနေတဲ့ ပြည်ထောင်စုကြီးထဲမှာ ဒီအဆင့်အထိရောက်လာအောင် ကြိုးစားနိုင်ခဲ့တာ။ ပြီးတော့ ကျွန်တော်တို့အားလုံးက ပြည်ထောင်စုကြီးထဲမှာ ဂုဏ်သတင်းကျော်စောတဲ့ လူတွေချည်းပဲ။ ကျွန်တော်တို့ထဲမှာဆိုရင် ပြည်ထောင်စုဥက္ကဋ္ဌကြီးရဲ့သား၊ အင်္ဂါဂြိုဟ်ဘုရင်ခံရဲ့သမီးတို့တင် မကဘူး တခြား အဖွဲ့အစည်းတွေထဲက အဖွဲ့ဝင်တွေပါ ပါတယ်။ အခု ကျွန်တော်တို့အားလုံးက ပြည်ထောင်စုကြီးရဲ့အမိန့်အရ တာဝန်ထမ်းဆောင်ဖို့ ရောက်လာကြတာ။ ဒီအချက်တွေကိုကြည့်ရင် ပြည်ထောင်စုကြီးရဲ့ စိတ်ရင်းအမှန်ကို အတိုင်းသား သိမြင်နိုင်ပါတယ်။ အဲ့တာမလို့ ပြည်ထောင်စုကြီးက ကျယ်ပြန့်တာအိုနန်းတော်နဲ့ မဟာမိတ်ဖွဲ့ခွင့် အပြည့်အဝ ရှိတယ်လို့ ပြောချင်ပါတယ် ”
” ဒါပေမဲ့ ကျွန်တော်တို့တွေက ဒီနေ့ စော်ကားခံခဲ့ရတာ။ အဲ့တာမလို့ ခေါင်းဆောင်ကြီးချိုးရန် ဒီကိစ္စကို မျှမျှတတ ဆောင်ရွက်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဖုန့်ချိုးရန်အား ဦးညွှတ်အရိုအသေပေးလိုက်၏။
သူ၏နောက်တွင် ရှိနေသော ပြည်ထောင်စုပျိုးပင်များမှာ စိတ်လှုပ်ရှားနေကြသည့်တိုင်အောင် ရင်ထဲ၌ အနည်းငယ်ခန့် စိုးထိတ်နေကြဆဲပင်။ သူတို့မှာ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေကြပါသော်လည်း ဝမ်ပေါင်လဲ့မှာ စကားအကုန် ပြောပြီးသွားပြီဖြစ်ရာ လီရီကဲ့သို့သော လူများမှာလည်း စိတ်မပါလက်မပါနှင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လျှောက်တင်လိုက်ရ၏။
” ကျေးဇူးပြုပြီးတော့ မျှမျှတတ ဆောင်ရွက်ပေးပါ ခေါင်းဆောင်ကြီး ချိုးရန် ”
ပြည်ထောင်စုပျိုးပင်များ၏ စကားသံများ ခန်းမကြီးထဲ၌ ပဲ့တင်ထပ်သွားစဉ် ကျယ်ပြန့်တာအိုနန်းတော်မှ လူတိုင်းမှာ နှုတ်ဆိတ်သွားကြ၏။ ဆံပင်အနီရောင်နှင့် ယွမ်ယင်အဆင့် အဘိုးကြီးပင်လျှင် အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် ပြည်ထောင်စုပျိုးပင်များကို အထင်သေးနေဆဲ ဖြစ်ပါသော်လည်း ပြည်ထောင်စုကြီးမှာ စိတ်ရင်းအမှန်များကိုမူ မငြင်းဆန်နိုင်ဘဲ ဖြစ်နေ၏။ ထို့ကြောင့် သူသည် ဖုန့်ချိုးရန်၏ အစီအစဉ်များကို ကျေနပ်မှုမရှိသည့်တိုင်အောင် လောလောဆယ်တွင် စကားဝင်ပြောခွင့် မရှိကြောင်း နားလည်ထား၏။
အခြားသူများမှာလည်း မကျေမနပ် ဖြစ်နေကြသည်တိုင်အောင် နှုတ်ဆိတ်နေကြဆဲပင်။ ဝမ်ပေါင်လဲ့၏ စကားလုံးများမှာ တိကျပြတ်သားမှုအပြည့်ရှိကာ ကျိုးကြောင်းဆီလျော်မှု ရှိနေသည်မဟုတ်ပါလော။ ထို့အပြင် သူသည် မောက်မာဝင့်ကြွားနေခြင်းလည်း မရှိသလို အောက်ကျို့ခံနေခြင်းလည်း မရှိပေ။ ထို့ကြောင့် သူတို့အားလုံးမှာ ဆွံ့အသွားရပြီး ဝမ်ပေါင်လဲ့အား စိတ်ထဲတွင်စွဲနေအောင် မှတ်မိသွားကြတော့သည်။
မြဲ့လျဲ့ကျိမှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိသလို စကားတစ်ခွန်းမှလည်း မပြောပေ။ ယိုရန်ကမူ မျက်လုံးများ မှိတ်ထားဆဲပင်။ သို့သော် ဖုန့်ချိုးရန်မှာ ပြုံးသွားပြီး မျက်လုံးများအရောင်တောက်လာ၏။ သူမ၏ မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့အား နှစ်သက်သဘောကျနေသည့် အရိပ်အယောင်များကို အထင်းသား မြင်နိုင်ပေသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်ကသာဆိုလျှင် သူမသည် ဂိုဏ်းထဲရှိ ယခုကဲ့သို့သော အတိုက်အခံများကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေဦးမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူမ၏ လက်အောက်ငယ်သားများပင်လျှင် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အာဏာချိန်ခွင်မှာ မြဲ့လဲ့ကျိဘက်သို့ ယိမ်းနေပြီဖြစ်ကြောင်း အာရုံခံမိလာကြပြီဖြစ်သည်။
ထို့ကြောင့်လည်း သူမမှာ အလျှော့ပေးနေခဲ့ခြင်းဖြစ်၏။ သို့သော် ဝမ်ပေါင်လဲ့၏ စကားများကြောင့် သူမမှာ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာရပြီး တစ်ချိန်ထဲမှာပင် ပြည်ထောင်စုကြီး၏ စိတ်ရင်းအမှန်ကိုလည်း သိရှိသွားရ၏။ ထိုကျင့်ကြံသူများအားလုံး၏ နောက်ကြောင်းရာဇဝင်များကို လိမ်ညာရန်မှာ လုံးဝမဖြစ်နိုင်ပေ။ အင်အားအနည်းငယ် စိုက်ထုတ်ကာ မော့ကောင်းကျိထံ လှမ်း၍ ဆက်သွယ်လိုက်ရုံဖြင့် သူတို့၏ စကားများ မှန်ကန်မှု ရှိမရှိကို စစ်ဆေးနိုင်မည် ဖြစ်သည်။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ ဤကိစ္စနှင့် ပတ်သတ်၍ လိမ်ညာလိမ့်မည် မဟုတ်ဟုလည်း သူမက ယုံကြည်ထား၏။ အကယ်၍ သူ့ဘက်မှ လိမ်ညာနေခဲ့သည် ဆိုလျှင်တောင် သူမသည် ထို အလိမ်အညာများအား အမှန်တရားဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်မည်သာ ဖြစ်သည်။ သို့သော် သူပြောသမျှ စကားအကုန်လုံးသာ အမှန်အတိုင်း ဖြစ်နေမည်ဆိုပါက သူမသည် သူ့အပေါ် ပို၍ပင် ယုံကြည်သွားတော့မည် ဖြစ်သည်။
” ချီလင်းနဲ့ လျန်လုံ။ တောင်းပန်လိုက်ကြစမ်း ” ဖုန့်ချိုးရန်မှာ ထိုသို့တွေးတောကာ ချက်ချင်းပင် အမိန့်ပေးလိုက်၏။ သူမသည် အမျိုးသမီးတစ်ယောက် ဖြစ်နေသည့်တိုင်အောင် သူမ၏ စကားသံမှာ ပြတ်သားမှုအပြည့် ရှိနေဆဲပင်။ ထိုအခါ အောက်တွင်ထိုင်နေသော ဆံပင်အနီနှင့် ကျင့်ကြံသူကြီးမှာ တစ်ခဏမျှထပ်၍ နှုတ်ဆိတ်နေလိုက်၏။ သူသည် သူ၏ မကျေနပ်ချက်များကို ချုပ်တည်းကာ ဝန်ကျေတမ်းကျေ တောင်းပန်ရန် ပြင်လိုက်ပါသော်လည်း သူ ပါးစပ်မဟနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အရင်ဆုံးဦးအောင် အရိုအသေပေးလိုက်၏။
” အစ်ကိုကြီး ဒီလောက်အထိ အပင်ပန်းခံနေစရာ မလိုပါဘူးဗျ။ ကျွန်တော်စကားပြောတာ နည်းနည်းလွန်သွားတာမလို့ အစ်ကိုကြီး ဗွေမယူဖို့ မျှော်လင့်ပါတယ် ” ဝမ်ပေါင်လဲ့၏ စကားလုံးများကြောင့် ဖုန့်ချိုးရန်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ မျက်လုံးများ အရောင်တောက်သွားရပြန်သည်။ ယခုအကြိမ်တွင်မူ မြဲ့လဲ့ကျိပင်လျှင် မျက်လုံးများ အရောင်လက်သွားပြီး ဝမ်ပေါင်လဲ့အား ပထမဆုံးအကြိမ်အဖြစ် စိုက်ကြည့်မိလိုက်၏။
အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင်လည်း ခံစားချက်များ ရှုပ်ထွေးနေသည့် မျက်နှာအမူအရာများ ပေါ်ပေါက်လာတော့သည်။ ဆံပင်အနီရောင်နှင့် ကျင့်ကြံသူကြီးမှာဆိုလျှင် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရယ်မောကာ ဆိုလိုက်၏။
” တော်လိုက်တဲ့ ကောင်လေး။ မင်းတို့တွေ အကုန်လုံး ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ငါ ဆုတောင်းပေးပါတယ်ကွာ ”
” ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ” ဝမ်ပေါင်လဲ့မှာ ထို ဆံပင်အနီရောင်နှင့် ကျင့်ကြံသူကြီးအား ယဉ်ကျေးပျူငှာစွာဖြင့် ထပ်၍ အရိုအသေးပေးလိုက်ပြန်သည်။ သူ၏ ထိုလုပ်ရပ်ကလေးကြောင့် ခန်းမကြီးထဲတွင် ရှိနေခဲ့သော တင်းမာမှုများမှာ သိသိသာသာ ပြေလျော့သွားရ၏။ သူ၏ လိမ္မာပါးနပ်မှုနှင့် အလိုက်သိမှုများကြောင့် အခြားသူများ၏ သူ့အပေါ်ထားရှိသော အတွေးအမြင်များမှာ ထပ်၍ ပြောင်းလဲသွားရပြန်သည်။
ထို့ကြောင့် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား အထင်ကြီးသွားကြတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ လျန်လုံကိုမူ အလျှော့မပေးပေ။ အမှန်တွင် အကယ်၍ ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအဆင့်သာ မြင့်မားနေခဲ့မည်ဆိုပါက ထိုအနီရောင်ဆံပင်နှင့် ယွမ်ယင်အဆင့်ကျင့်ကြံသူကြီးကိုပင် အလျှော့ပေးခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သူ၏ ကိုယ်နေဟန်ထားကိုပြုပြင်လိုက်ပြီးနောက် မြဲ့လျဲ့ကျိ၏ ဘေးတွင်ရှိနေသော လျန်လုံအား ရန်လိုသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်၏။
လျန်လုံမှာမူ မျက်နှာအမူအရာ ပျက်သွား၏။ သူသည် ပြည်ထောင်စုကျင့်ကြံသူများအား တောင်းပန်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် သူ၏ဆရာ မြဲ့လျဲ့ကျိအား လှမ်းကြည့်လိုက်သောအခါ သူသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် အမိန့်ပေးလိုက်၏။
” တောင်းပန်လိုက် ”
ထိုစကားလုံးများကြောင့် လျန်လုံမှာ အမျက်ချောင်းချောင်းထွက်သွားပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် မကျေမချမ်းဖြစ်နေသည့် အရိပ်အယောင်များကို အထင်သား မြင်နေရပါသော်လည်း သူသည် သည်းခံလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် စိတ်မပါလက်မပါနှင့် တောင်းပန်လိုက်၏။
” မှားသွားပါတယ် ” ထိုသို့တောင်းပန်လိုက်ပြီးနောက် သူသည် အခြားတစ်ဖက်သို့ လှည့်သွား၏။ သူ၏နှလုံးသားထဲတွင် ရန်လိုစိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး ယခုလို တောင်းပန်လိုက်ရသဖြင့် စော်ကားခံလိုက်ရသလို ခံစားနေရတော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ သူ့အား ကောင်းကောင်းကြီး သင်ခန်းစာပေးရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ထို့အပြင် သူသည် သူ လက်ရှိတွင် ရရှိထားသည့် အခွင့်အရေးကိုလည်း လက်မလွှတ်ချင်ပေ။ ထို့ကြောင့် သူသည် လျန်လုံ၏ တောင်းပန်စကားကို ကြားလိုက်ရသောအခါ မျက်ခုံးများပင့်ကာ ပြန်မေးလိုက်၏။
” ဘယ်သူကမှားတာလဲ။ ငါလား ”
” မင်း… ” လျန်လုံမှာ ထိုစကားများကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ပြန်လှည့်လာပြီး ဝမ်ပေါင်လဲ့အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
” ဘာလဲ။ မင်း မကျေနပ်ဘူးဆိုရင် တိုက်ခိုက်ပြီးတော့ စာရင်းရှင်းလို့ရတယ်နော်။ ငါဘာကောင်လဲဆိုတာ မင်းသိအောင် ပြပေးမယ် ” ဝမ်ပေါင်လဲ့မှာ လျန်လုံအား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ နှာမှုတ်လိုက်၏။
ထို့ကြောင့် လျန်လုံမှာ အံတကြိတ်ကြိတ် ဖြစ်နေရပြီး သူ၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်များမှာလည်း ပို၍ပင် အားကောင်းလာရတော့သည်။ သူသည် စကားထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် မြဲ့လဲ့ကျိမှာ နှာမှုတ်ကာ မတ်တတ်ထလာပြီး ခန်းမကြီးထဲမှ ထွက်ခွာသွားတော့သည်။ ထိုအခါမှသာ လျန်လုံတစ်ယောက် သူ၏ဆရာမှာ သူ့အား မကျေမနပ် ဖြစ်နေပြီးဖြစ်ကြောင်း သိလိုက်ရသဖြင့် နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ ထို့ကြောင့် သူသည် စိတ်ထဲတွင်နာကျည်းသွားရပြီး အံကြိတ်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား တောင်းပန်လိုက်တော့သည်။
” ငါ… ငါ မှားသွားပါတယ် ” သူသည် ထိုသို့တောင်းပန်လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ၏ဆရာနှင့်အတူ ထွက်ခွာသွားတော့သည်။ ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ ဝမ်ပေါင်လဲ့အား သတ်ဖြတ်ချင်သည့် စိတ်များသာလျှင် ကြီးစိုးနေတော့သည်။
” ငါ ဒီကောင့်ကို တစ်နည်းနည်းနဲ့ သတ်မှရမယ်။ အဲလိုမှမဟုတ်ရင် အနှေးနဲ့အမြန် ပြဿနာကြီးတစ်ခုခု ပေါ်ပေါက်လာနိုင်တယ် ”
အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူကြီးနှစ်ယောက်မှာလဲ မြဲ့လျဲ့ကျိနှင့်အတူ ထွက်ခွာသွားကြ၏။ ထိုအချိန်တွင် တာအိုဘုန်းတော်ကြီး ယိုရန်မှာလည်း မျက်လုံးများပွင့်လာပြီး ဖုန့်ချိုးရန်အား ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည်လည်း သူ၏ တပည့်များနှင့် အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူကြီးနှစ်ယောက်နှင့်အတူ ထွက်ခွာသွားတော့သည်။ ခဏအကြာတွင် ဖုန့်ချိုးရန်နှင့် သူမ၏ လက်အောက်ငယ်သားများသာလျှင် ခန်းမကြီးထဲ၌ ကျန်ရစ်ခဲ့၏။
သူတို့ထဲတွင် ယွမ်ယင်အဆင့် ကျင့်ကြံသူ စုစုပေါင်း လေးယောက်ရှိပြီး ဆံပင်အနီရောင်နှင့် ချီလင်းမှာလည်း သူတို့မှ ဖြစ်နေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ သူသည် ကျိုးရိဖန်း၊ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့နှင့် အကြည့်ချင်း ဖလှယ်လိုက်ပါသော်လည်း စကားတစ်ခွန်းမှ မပြောပေ။
အခြားသူများ ထွက်ခွာသွားပြီဖြစ်ရာ ဖုန့်ချိုးရန်၏ အပြုံးမှာ ပို၍ပင် နူးညံ့သိမ်မွေ့လာ၏။ ထို့နောက် သူမသည် ပြည်ထောင်စုပျိုးပင်များနှင့် ဝမ်ပေါင်လဲ့တို့အား စိုက်ကြည့်ကာ ဆိုလိုက်၏။
” ဝမ်ပေါင်လဲ့။ အခုဖြစ်သွားခဲ့တဲ့ ကိစ္စတွေကို စိတ်ထဲမထားပါနဲ့။ ကျယ်ပြန့်တာအိုနန်းတော်ထဲက လူတိုင်းက ပြည်ထောင်စုကြီးကို အသိအမှတ် မပြုကြသေးဘူးလေ။ အဲဒီအခြေအနေကြီးကိုလည်း ငါတို့တွေ ပူးပေါင်းပြီးတော့ ပြောင်းလဲပစ်ဖို့ လိုရင် လိုလာလိမ့်မယ် ”
” နင်တို့တွေအကုန်လုံး ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ အေးအေးချမ်းချမ်း နေလို့ရပါတယ်။ ငါ နင်တို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ အကုန်လုံး လုပ်ထားပေးပြီးသား။ အခုကစပြီးတော့ နင်တို့တွေအကုန်လုံး ကျယ်ပြန့်တာအိုနန်းတော်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်သွားကြပြီ။ ဒါပေမဲ့ နင်တို့တွေ ရှင်းရှင်းလင်းလင်း နားလည်ထားရမယ့် အချက်သုံးချက်ရှိတယ်။
” ပထမအချက်က ကျယ်ပြန့်တာအိုနန်းတော်နဲ့ ပြည်ထောင်စုကြီးရဲ့ကြားမှာ တူညီတဲ့အချက်တွေ ရှိတယ်ဆိုတာပဲ။ ဒါပေမဲ့ မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း ရှိတာပေါ့။ ဒီနေရာမှာ ဘယ်ပစ္စည်းကိုမဆို တိုက်ပွဲရမှတ်တွေ သုံးပြီးတော့ လဲလှယ်နိုင်တယ်။ အဲ့တာမလို့ တိုက်ပွဲရမှတ် အလုံအလောက်ရှိရင် ကျယ်ပြန့်တာအိုနန်းတော်ထဲက ဘယ်ပစ္စည်းကိုမဆို လဲလှယ်နိုင်ပြီးတော့ ကိုယ့်ရဲ့ကျင့်ကြံခြင်းအဆင့် တိုးတက်လာအောင် လုပ်လို့ရတယ်လို့ မှတ်ထားလို့ရတယ် ”
” ဒုတိယအချက်က ပြည်ထောင်စုကြီးနဲ့ သဘောတူထားတဲ့အတိုင်း နင်တို့တွေအကုန်လုံး ဒီမှာ စုဆောင်းမိခဲ့သမျှ ကျင့်ကြံခြင်းပညာရပ်တွေ အကုန်လုံးကို ပြည်ထောင်စုကြီးဆီကို ပြန်ပို့ခွင့်ရှိတယ်။ ငါတို့ဘက်က အဲဒီအချက်ကို တားမြစ်မှာ မဟုတ်ဘူး…. ဒါပေမဲ့…. အခုလောလောဆယ်မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲက အခြေအနေတွေက အရင်ကနဲ့ မတူတော့တာမလို့ အလကားပြန်ပို့ခွင့်တော့ မရှိတော့ဘူး။ အဲတာမလို့ ကျင့်ကြံခြင်းပညာရပ်တစ်ခု ပြန်ပို့ချင်တိုင်း တိုက်ပွဲရမှတ်တစ်ထောင် အသုံးပြုရမယ် ”
” ကျင့်ကြံခြင်းပညာရပ်တွေကို လိုချင်ရင်လည်း တိုက်ပွဲရမှတ်တွေ အသုံးပြုရမယ်။ ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ တိုက်ပွဲရမှတ် တစ်ထောင်ကနေ သန်းပေါင်များစွာအထိ အသုံးပြုပြီးတော့ လဲလှယ်လို့ရတဲ့ ကျင့်ကြံခြင်း ပညာရပ်တွေ အများကြီးရှိတယ် ”
” အဲ့တာမလို့ ဒီနေရာမှာ နင်တို့တွေ အဓိကအာရုံစိုက်ရမယ့် အရာက တိုက်ပွဲရမှတ်တွေပဲ။ တိုက်ပွဲရမှတ်တွေလိုချင်ရင် ဂိုဏ်းကပေးအပ်တဲ့ တာဝန်တွေကို ပြီးအောင်လုပ်ရင်လုပ် အဲ့တာမှမဟုတ်ရင် တမူထူးခြားတဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ဖို့လိုတယ် ” ဖုန့်ချိုးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် တစ်ခဏမျှ ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့နှင့် အခြားသူများအား ဝေ့ဝိုက်ကြည့်ရှု လိုက်၏။
” နင်တို့တွေအကုန်လုံးက အခုမှရောက်လာတဲ့အပြင် အခြေတည်အဆင့်မှာပဲ ရှိသေးတာဆိုတော့ ငါတို့ဘက်က ကျယ်ပြန့်စွမ်းရည်လို့ခေါ်တဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခု ပေးမယ်။ အဲဒီစွမ်းရည်က ကျယ်ပြန့်တာအိုနန်းတော်ထဲက အခြေတည်အဆင့်ကျင့်ကြံသူတွေအတွက် အခြေခံ ကျင့်ကြံခြင်းပညာရပ်တစ်ခုပဲ။ အဲ့တာမလို့ နင်တို့တွေ အကုန်လုံးအတွက် သင့်တော်မှာပါ ”
” နင်တို့အားလုံးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီးသား။ နင်တို့ကို ကျယ်ပြန့်တာအိုနန်းတော် အပြင်ဘက်မှာရှိတဲ့ ကျွန်းတွေပေါ်မှာ နေရာချပေးထားမှာ။ နင်တို့တွေအကုန်လုံး ကျင့်ကြံခြင်းစွမ်းအားတွေ တိုးတက်လာပြီးတော့ ကျယ်ပြန့်တာအိုနန်းတော်နဲ့ ပေါင်းစည်းနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားကြဖို့ ငါ မျှော်လင့်ပါတယ် ”
ဖုန့်ချိုးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူမ၏ မျက်ဝန်းထဲမှ သဘောကျနှစ်သက်မှု အရိပ်အယောင်များကို ကွယ်ဝှက်နေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။
” ပြည်ထောင်စု ကျင့်ကြံသူတွေထဲက တစ်ဦးတည်းသော အမြုတေအဆင့် ကျင့်ကြံသူဖြစ်တဲ့ ဝမ်ပေါင်လဲ့ကိုတော့ ကျယ်ပြန့်စွမ်းရည် မပေးတော့ဘူး။ အဲဒီပညာရပ်အစား ကျယ်ပြန့်ပညာရပ်အခန်းထဲမှာရှိတဲ့ ဘယ်ပညာရပ်ကိုမဆို စိတ်ကြိုက်လဲလှယ်နိုင်ဖို့ တိုက်ပွဲရမှတ် တစ်ထောင်ပေးမယ် “