ဝမ်ပေါင်လဲ့မှာ သူသိထားသမျှ အချက်အလက်များနှင့် ချိန်ဆတွေးတောကြည့်လိုက်ပြီးနောက် ထိုခေါင်းဆောင်ကြီး သုံးယောက်မှာ ဖုန့်ချိုးရန်၊ မြဲ့လျဲ့ကျိနှင့် ယိုရန်တို့ ဖြစ်ရမည် ဖြစ်ကြောင်း ချက်ချင်းပင် ခန့်မှန်းမိသွား၏။ သက်လတ်ပိုင်း အမျိုးသမီးမှာ ဖုန့်ချိုးရန် ဖြစ်ရပေမည်။
သူတို့၏ နောက်တွင် ရပ်နေကြသော တပည့်များ၏ မျက်နှာအမူအရာများမှာ ဖုန့်ချိုးရန်နှင့် အပေါင်းအပါများ၏ မျက်နှာအမူအရာများနှင့် တစ်ပုံစံတည်း ဖြစ်နေကြသည်။ ယုံရန်၏ နောက်တွင် ရှိနေသော နှစ်ယောက်မှာ မျက်လုံးများ မှိတ်ထားပြီး အတွေးများထဲတွင် နစ်မျောနေသည့်ပုံ ပေါက်နေ၏။ ဖုန့်ချိုးရန်၏ နောက်တွင်ရှိနေသော နှစ်ယောက်၏ မျက်နှာအမူအရာများမူ အသက်မပါသည့်ပုံ ပေါက်နေကြပါသော်လည်း သူတို့၏ မျက်ဝန်းများထဲတွင် နွေးထွေးကြင်နာမှု အရိပ်အယောင်များ ထင်ဟပ်နေသည်ကို မြင်နိုင်ပေသည်။
မြဲ့လျဲ့ကျိ၏ နောက်တွင်မူ လူတစ်ယောက်သာ ရှိနေ၏။ သူသည် အသက်သုံးဆယ်မပြည့်သေးသည့်ပုံ ပေါက်နေပြီး အေးတိအေးစက် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား မတူမတန်သလို ကြည့်နေ၏။
ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်ကြီး၏ အကြောင်းကို အနည်းအကျဉ်း နားလည်ထားပါသော်လည်း လက်ရှိအခြေအနေကြီးအား မြင်လိုက်ရသောအခါ စိတ်ထဲ၌ သက်ပြင်းချမိသွား၏။ အခြားသူများ၏ ပြောစကားများမှတစ်ဆင့် သိရခြင်းနှင့် မျက်မြင်ကိုယ်တွေ့ မြင်ရခြင်းတို့မှာ မတူသောကြောင့် သူသည် ခေါင်းခဲနေရတော့သည်။ ထို့အပြင် သူသည် ယခုတစ်ခေါက်တွင် ထမ်းဆောင်ရမည့် တာဝန်အတွက် စိတ်ပူမိနေ၏။
ကျိုးရိဖန်း၊ ကျောက်ယမုန့်နှင့် အခြား ပြည်ထောင်စုပျိုးပင်များမှာလည်း သူ့အတိုင်း တွေးတောနေကြ၏။ သူတို့အားလုံးမှာ ခေါင်းများငုံ့ထားကြပြီး နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ဗြောင်းဆန်နေကြပြီ ဖြစ်သည်။ အချို့ဆိုလျှင် နောင်တများ ရနေကြပြီး ဤနေရာသို့ ရောက်မလာခဲ့လျှင် အကောင်းသားဟု တွေးတောနေကြတော့သည်။
” ပြည်ထောင်စုထဲကလာတဲ့ ကျင့်ကြံသူတွေက ယဉ်ကျေးမှု မရှိကြဘူးလား။ ဒီ ခန်းမထဲမှာ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေ ရှိနေတာတောင် မင်းတို့တွေက အရိုအသေမပေးဘဲ ဘာရပ်ကြည့်နေကြတာလဲ။ ယဉ်ကျေးမှုမရှိတဲ့ အဆင့်နိမ့်လူတန်းစားတွေပဲ ” ပြည်ထောင်စုပျိုးပင်များအားလုံး ခေါင်းငုံ့နေကြစဉ် အောက်ပိုင်းရှိ ထိုင်ခုံတစ်ခုံပေါ်တွင် ထိုင်နေသော ယွမ်ယင်အဆင့် အဘိုးကြီးတစ်ယောက်မှာ ရယ်မောကာ ဆိုလိုက်၏။
ထိုအဘိုးကြီးမှာ တစ်ခေါင်းလုံး အနီရောင် ဆံပင်ရှည်ကြီးများ ပေါက်နေသဖြင့် သူ၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ အာရုံဖမ်းစားနိုင်စွမ်း ရှိနေ၏။ သူသည်ဖော်ရွေမှု လုံးဝ မရှိသည့်အပြင် သူ၏ လေသံမှာလည်း အထင်သေးကာ ရွံရှာစက်ဆုပ်နေသည့်ပုံ ပေါက်နေသည်။
သူ ထိုသို့ဆိုလိုက်သောအခါ ဖုန့်ချိုးရန်မှာ မရွှင်မပျ ဖြစ်သွားကာ မျက်မှောင်များ ကြုတ်သွားပါသော်လည်း သူ့အား ဆူပူကြိမ်းမောင်းလိုက်ခြင်းတော့ မရှိပေ။ ထိုစကားများကြောင့် ပြည်ထောင်စုပျိုးပင်အားလုံးမှာ နေရခက်သွားကြ၏။ သူတို့မှာ စော်ကားခံလိုက်ရသလို ခံစားလိုက်ရသောကြောင့် အသက်ရှူနှုန်းများ မြန်ဆန်လာရတော့သည်။
သူတို့မှာ ယဉ်ကျေးမှုမရှိသော အဆင့်နှိမ့်လူတန်းစားများဖြစ်သည် ဆိုသည့် စကားလုံးမှာ သူတို့အား အရှိုက်တည့်တည့် ထိုးနှက်လိုက်သကဲ့သို့ပင်။
ထို့ကြောင့် ကျောက်ယမုန့်မှာ လက်သီးများဆုပ်မိသွားပြီး ကျိုးရိဖန်းမှာ မျက်လုံးများမှေးသွား၏။ ခုန်းတောက်မှာဆိုလျှင် လုံးဝကျေနပ်မှုမရှိသည့် အမူအရာဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များကို ထုတ်လွှတ်လိုက်၏။ သူသည် ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေသည့်တိုင်အောင် ရဲစွမ်းသတ္တိရှိကြောင်း ထုတ်ပြရန် လိုအပ်ပေသည်။ အခြားတစ်ဖက်တွင်မူ ပြည်ထောင်စုပျိုးပင်အချို့မှာ ခေါင်းများငုံ့ထားကြဆဲ ဖြစ်ပါသော်လည်း အများစုမှာ ခေါင်းများမော့လာကြပြီး အငွေ့အသက်များ ထုတ်လွှတ်လိုက်ကြ၏။ သူတို့မှာ သူတို့အား မစော်ကားရန် သတိပေးနေသည့်ပုံ ပေါက်နေတော့သည်။
ဝမ်ပေါင်လဲ့ကမူ မည်သည့်အငွေ့အသက်မှ ထုတ်ပြခဲ့ခြင်းမရှိပေ။ အမှန်တွင် သူသည် စရောက်လာသည့် အချိန်ကတည်းက ခေါင်းငုံ့သွားခဲ့ခြင်း မရှိချေ။ ယခုတွင် သူသည် ထိုအဘိုးကြီး၏ စကားများကို ကြားလိုက်ရသောအခါ သူ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီး ထိုယွမ်ယင်အဆင့် အဘိုးကြီးမှာ ပါမွှားတစ်ကောင်သာ ဖြစ်ကြောင်း စိတ်ထဲတွင်ရေရွတ်လိုက်၏။ သူသည် အခြားသော ယွမ်ယင်အဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာကို သတ်ဖြတ်ဖူးခဲ့သည်ဖြစ်ရာ ထိုအဘိုးကြီးအား ကြောက်ရွံ့နေစရာမလိုပေ။
ဝမ်ပေါင်လဲ့မှာ ထိုသို့နှလုံးသွင်းလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူ၍ တိတ်ဆိတ်ငြိမ်သက်နေသည့် ခန်းမကြီးထဲ၌ ရှေ့သို့လှမ်းသွားလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အထက်ပိုင်းရှိ ထိုင်ခုံများပေါ်တွင်ထိုင်နေသော ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီးသုံးယောက်အား အရိုအသေပေးလိုက်၏။
” ကျနော်က ပြည်ထောင်စုကြီးရဲ့ သံတမန်တစ်ယောက်ဖြစ်တဲ့ ဝမ်ပေါင်လဲ့ပါ။ ပြည်ထောင်စုဥက္ကဋ္ဌကြီးက ကျနော့်ရဲ့ မိတ်ဆွေကျင့်ကြံသူတွေကို ဦးဆောင်ပြီးတော့ ကျယ်ပြန့်တာအိုနန်းတော်ထဲက ခေါင်းဆောင်ကြီးသုံးယောက်ကို အရိုအသေပေးဖို့ ကျနော့်ကို တာဝန်ပေးခဲ့တာပါ ” ဝမ်ပေါင်လဲ့မှာ ရှင်းလင်းပြတ်သားစွာ ဆိုလိုက်ပြီး ” ပြည်ထောင်စုကြီး၏ သံတမန် ” ဆိုသော စကားလုံးအား ဖိ၍ ပြောလိုက်၏။
သူ၏ စကားသံကြီး ပဲ့တင်ထပ်သွားသောအခါ သူ၏နောက်တွင် ရှိနေကြသော ပြည်ထောင်စုပျိုးပင်များအားလုံးမှာလည်း အသက်ပြင်းပြင်း ရှူလိုက်ကြပြီးနောက် ဖုန့်ချိုးရန်နှင့် အခြားခေါင်းဆောင်ကြီး နှစ်ယောက်အား အရိုအသေပေးလိုက်ကြ၏။
” ကျင့်ကြံသူတွေ ဟုတ်လား ” ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် အထက်ပိုင်းရှိ ထိုင်ခုံများ၏ အနီးတွင် ရှိနေသော လူတစ်ယောက်ဆီမှ အထင်အမြင်သေးသည့် စကားသံတစ်သံ ထွက်ပေါ်လာသည်။ သို့သော် ထိုသို့ပြောလိုက်သူမှာ ခေါင်းဆောင်ကြီးသုံးယောက်ထဲမှ မဟုတ်ဘဲ မြဲ့လျဲ့ကျိ၏ ဘေးတွင် မောက်မာထောင်လွှားသည့်အမူအရာဖြင့် ရပ်နေသော လူငယ်လေးပင်ဖြစ်သည်။
” လျန်လုံ။ နင် အတင့်ရဲလှပါလား ” ဖုန့်ချိုးရန်မှာ အေးစက်စက် မျက်ဝန်းများဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။ ထိုအခါ လျန်လုံဟု အမည်ရသော ထိုလူငယ်လေးမှာ ချက်ချင်းဆိုသလိုပင် ညာလက်သီးပေါ် ဘက်လက်ဝါးတင်လိုက်ပြီး ဖုန့်ချိုးရန်နှင့် သူ၏ဆရာဖြစ်သူ မြဲ့လျဲ့ကျိတို့အား တောင်းပန်စကားဆိုလိုက်၏။
” ကျနော် မှားသွားပါတယ်။ ဒါပေမဲ့ ဒီလို အသိဉာဏ်မရှိတဲ့ သတ္တဝါတွေ သူတို့ကိုယ်သူတို့ ကျင့်ကြံသူတွေလို့ခေါ်ပြီး ကျနော်တို့နဲ့တန်းတူ သတ်မှတ်နေတာကို ကျနော်က သည်းမခံနိုင်လို့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားရတာပါ။ အကြီးအကဲကြီးနဲ့ ဆရာတို့နှစ်ယောက်စလုံး ကျေးဇူးပြုပြီး ကျနော့်ကို အပြစ်ပေးပါ ”
ယခုအကြိမ်တွင်မူ မြဲ့လဲ့ကျိမှာ သူ၏ဘေးတွင်ထိုင်နေသော ဖုန့်ချိုးရန်အား စကားပြောခွင့်မပေးဘဲ အရင်ဆုံးဦးအောင် ပြောလိုက်၏။
” အကြီးအကဲဖုန့်။ ကျနော်ရဲ့တပည့်ကို ကျနော်ကိုယ်တိုင်ပဲ ဆုံးမလိုက်ပါ့မယ်။ လျန်လုံ။ မင်း ပြစ်ဒဏ်ခံယူတဲ့အနေနဲ့ တစ်လတိတိ တံခါးပိတ်လေ့ကျင့်ရမယ် ”
” ဟုတ်ကဲ့ပါဆရာ ” ထိုအခါ လျန်လုံမှာ မြဲ့လျဲ့ကျိအား ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် ခေါင်းပြန်မော့လာပြီးနောက် ဝမ်ပေါင်လဲ့အား ပို၍ပင် အထင်သေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ဘေးနားတွင် ရပ်နေသော ဖုန့်ချိုးရန်မှာမူ မြဲ့လျဲ့ကျိအား အထူးတဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေ၏။ ထိုသို့ဖြင့် ထိုခန်းမကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် မွန်းကျပ်စရာ ကောင်းလာတော့သည်။
ဝမ်ပေါင်လဲ့နှင့် ပြည်ထောင်စုပျိုးပင်များမှာ ခန်းမကြီးထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် နှစ်ကြိမ်တိတိ စော်ကားခံလိုက်ရပါသော်လည်း သူတို့၏ မကျေနပ်ချက်များကို မျိုသိပ်ကာ နှုတ်ပိတ်ထားရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ သူတို့ထဲမှ အများစုမှာဆိုလျှင် ဒေါသစိတ်များကို ချုပ်တည်းထားရသောကြောင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာလည်း အေးစက်သွား၏။ သူသည် စိတ်ဆတ်သော လူတစ်ယောက်ဖြစ်ပြီး သူ၏နောက်တွင် မမလေးလည်း ရှိနေသည်ဖြစ်ရာ အစွမ်းထက်သော ကျောထောက်နောက်ခံအင်အားတစ်ခုကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ထို့အပြင် သူ၏ သုံးသပ်ချက်အရဆိုလျှင် သွမ့်မုချွယ်ကိုယ်တိုင် သူတို့အား ဤနေရာသို့ စေလွှတ်ခဲ့သည်ဖြစ်ရာ သူသည် ဤအစီအစဉ်ကြီးအား အတော်အသင့် ယုံကြည်မှုရှိရပေမည်။ ထို့ကြောင့် သူနှင့် ပြည်ထောင်စုပျိုးပင်များ အန္တရာယ်များနှင့် ကြုံရနိုင်လျှင်တောင် အသက်အန္တရာယ် ဖြစ်စေနိုင်လောက်သည့် အဆင့်အထိတော့ မရောက်နိုင်ပေ။
သူသည် သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှုမရှိသည့်တိုင်အောင် ပြည်ထောင်စုပျိုးပင်များမှာ ယခုကဲ့သို့ ခေါင်းငုံ့ခံနေမည်ဆိုပါက အနာဂတ်တွင်လည်း ထိုကဲ့သို့ပင် ဆက်၍ စော်ကားခံနေရဦးမည်ဖြစ်ကြောင်း တွေးလိုက်၏။ ထို့ကြောင့် ထပ်ခါတလဲလဲ သည်းခံနေမည့်အစား ထိုစော်ကားမှုများကို လက်မခံနိုင်ကြောင်း ထုတ်ပြကာ ကျယ်ပြန့်တာအိုနန်းတော်အား ဤမဟာမိတ်ဖွဲ့မည့် ကိစ္စကြီးအပေါ် မည်ကဲ့သို့ သဘောထားကြောင်း မေးမြန်းခြင်းမှာ ပို၍ကောင်းလိမ့်မည်ဟု မှတ်ယူလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း ဒေါသစိတ်များ ပို၍ကြီးမားလာရတော့သည်။ ထို့နောက် သူသည် မျက်လုံးများအရောင်လက်သွားပြီး မြဲ့လျဲ့ကျိ၏ ဘေးတွင်ရှိနေသော လျန်လုံအား စိုက်ကြည့်ကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလာ၏။
” ကျနော် ပြည်ထောင်စုကြီးထဲမှာ ရှိနေခဲ့တုန်းက ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်ကို ဖတ်ခဲ့ဖူးတယ်။ အဲဒီ စာအုပ်ထဲမှာ လူတိုင်းက လိုတစ်မျိုး မလိုတမျိုး ဆက်ဆံတတ်တဲ့ သတ္တဝါတွေဆိုပြီး ရေးထားတာ ”
” အဲဒီလို အမူအကျင့်တွေက ပြည်ထောင်စုကြီးထဲမှာပဲ ရှိလိမ့်မယ်လို့ ကျနော်က ထင်ထားခဲ့တာ။ အခုတော့ ဒီမှာလည်း အတူတူပဲဆိုတာ ကျနော် သိလိုက်ရပါပြီ ”
” ကျနော်နဲ့ ကျနော့်ရဲ့မိတ်တွေတွေဖြစ်တဲ့ ပြည်ထောင်စု ကျင့်ကြံသူတွေက အခုမှ ဒီနေရာကို ရောက်ဖူးတာမလို့ ဒီက ပတ်ဝန်းကျင်အခြေအနေနဲ့ ကျင့်သားမရသေးကြောင့် ယောင်လည်လည် ဖြစ်နေကြတာပါ။ အဲ့တာကို ကျနော်တို့ကို ရိုင်းတယ်ဆိုပြီးတော့ စော်ကားခဲ့တဲ့အပြင် တာအိုရောင်းရင်း လျန်လုံကပါ ကျနော် ခေါင်းဆောင်ကြီးသုံးယောက်ကို ဂါရဝပြုနေတုန်း နှောင့်ယှက်ခဲ့သေးတာ။ ဒီကလူတွေရဲ့ ရိုသေလေးစားမှုဆိုတာ အဲ့လိုအမူအရာကို ပြောတာလားဗျ။ တာအိုရောင်းရင်းလျန်လုံ ကျနော့်ကို နှောင့်ယှက်ခဲ့ရတဲ့ အကြောင်းရင်းကို ကျနော် မေးချင်ပါတယ် ” ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သောအခါ သူ၏နောက်တွင် ရပ်နေကြသော ပြည်ထောင်စုပျိုးပင်အများစုမှာ အံ့ဩတုန်လှုပ်သွားကြပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်သွားကြ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ မလုပ်သင့်သောအရာတစ်ခုကို လုပ်မိသွားပြီဖြစ်ကြောင်း တွေးကာ ဒေါသထွက်နေကြသည့် လီယီကဲ့သို့သော လူများလည်း ရှိနေသေးသည်။
သူတို့မှာ ယခုကဲ့သို့သောကိစ္စများကို သည်းခံလိုက်ရုံနှင့် ပြီးသွားလိမ့်မည်ဟု မှတ်ယူထားကြ၏။ ယခုကဲ့သို့ ပုံကြီးချဲ့နေစရာ မလိုပေ။
သို့သော် ဝမ်ပေါင်လဲ့မှာ စကားမဆုံးသေးပေ။ သူသည် ဒေါသစိတ်များ ပြေပျောက်သွားသောအခါ အသက်ပြင်းပြင်းရှူ၍ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီး အထက်ပိုင်းရှိ ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ဖုန့်ချိုးရန်အား ထပ်၍ အရိုအသေပေးလိုက်ပြန်သည်။
” ခေါင်းဆောင်ကြီး ချိုးရန်ခဗျား။ ကျနော်က ကျနော်တို့ကို အသိဉာဏ်နည်းတဲ့လူတွေဆိုပြီး စော်ကားတဲ့ စကားတွေကို ကြားလိုက်ရလို့ ဒေါသမထိန်းနိုင်ဘဲ ဖြစ်သွားရတာပါ။ ကျေးဇူးပြုပြီးတော့ ကျနော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် ”
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ရှိနေကြသော လူများအားလုံးမှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့ပေါ်သို့ အာရုံရောက်လာကြ၏။ သူတို့မှာ မျက်လုံးများအရောင်တောက်သွားပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြသည်။ ပြည်ထောင်စုထဲမှ လူများမှာ ယခုလေးတင်မှ ရောက်ရှိလာကြသည် ဖြစ်သောကြောင့် ယခုကဲ့သို့ ရိုင်းပျစွာ ပြောဆိုပြုမူရဲနေလိမ့်မည်ဟု သူတို့ထဲမှ အများစုက ထင်မှတ်မထားကြပေ။ အထူးသဖြင့် ဖုန့်ချိုးရန်မှာဆိုလျှင် အထူးတဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေပြီဖြစ်သည်။
” အတင့်ရဲလှပါလားကွ ” လူတိုင်းမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြစဉ် အောက်ပိုင်းရှိ ထိုင်ခုံတစ်ခုံပေါ်တွင် ထိုင်နေသော ဆံပင်အနီရောင်နှင့် ယွမ်ယင်အဆင့် အဘိုးကြီးမှာ နှာမှုတ်ကာ ကြိမ်းဝါးလိုက်၏။ သူ၏ စကားသံကြီးမှာ မိုးခြိမ်းသံကြီးနှင့် ဆင်တူနေပြီး ထိုနေရာကြီးတစ်ခုလုံးကို တုန်ရီသွားစေ၏။ တစ်ချိန်ထဲမှာပင် မြဲ့လျဲ့ကျိ၏ နောက်တွင်ရှိနေသော လျန်လုံမှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ အထင်သေးသည့် လေသံဖြင့် အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူသည် ခွန်းတုံ့ပြန်ပြောဆိုရန် ပြင်လိုက်တော့သည်။
” မင်းက… ” သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်၏။ ထို့ကြောင့် ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်မှာ အသေးစား လေမုန်တိုင်းလေးတစ်ခုအသွင် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့နောက် သူသည် ဆံပင်အနီရောင်နှင့် ယွမ်ယင်အဆင့် အဘိုးကြီးအား ရုတ်တရက်ဆိုသလို လှည့်ကြည့်ကာ ဆိုလိုက်တော့သည်။
” အစ်ကိုကြီးကမှ အတင့်ရဲပြီးတော့ ပြည်ထောင်စု ကျင့်ကြံသူတွေကို အကြောင်းအရင်းမရှိ စော်ကားခဲ့တာလေ ”
” လျန်လုံ။ မင်းကတော့ ပါးစပ်ပိတ်ထား။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ပြည်ထောင်စုသံတမန်တစ်ယောက်အနေနဲ့ ပြည်ထောင်စုကြီးကို ကိုယ်စားပြုပြီးတော့ ခေါင်းဆောင်ကြီးသုံးယောက်ကို အရိုအသေပေးနေတာ။ ဒါ လူမှုအဖွဲ့အစည်းနှစ်ခုကြားက ကိစ္စကွ။ မင်း နှစ်ကြိမ်တိတိ ငါတို့ကို နှောင့်ယှက်ပြီးတော့ စော်ကားခွင့် မရှိဘူး ”
” မင်း အသံထပ်ထွက်လာရန် ငါ မင်းကို သတ်ပစ်မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်လာတော့သည်။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဖုန့်ချိုးရန်အား ထပ်၍ လျှောက်တင်လိုက်ပြန်သည်။
” ခေါင်းဆောင်ကြီးချိုးရန်ခင်ဗျား။ ပြည်ထောင်စုကြီးက စိတ်ရင်းအမှန်နဲ့ မဟာမိတ်ဖွဲ့ချင်တာပါ။ ခုန်းတောက်နဲ့ တခြားလူတွေ အကုန်လုံး။ ခေါင်းဆောင်ကြီး ချိုးရန်ကို မင်းတို့အကြောင်းသိအောင် ပြောပြလိုက်ကြ ” ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သောအခါ သူ၏နောက်တွင်ရပ်နေသော ခုန်းတောက်မှာ ချက်ချင်းဆိုသလိုပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီး ဖုန့်ချိုးရန်အား လျှောက်တင်လိုက်တော့သည်။
” ကျနော့်နာမည်က ခုန်းတောက်ပါ။ ကျနော်ရဲ့အဖေက ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်ပါ ”
” ကျနော့်နာမည်က ကျိုးလင်ပါ။ ကျနော်က ယွီဟွားရှန်ထျန်းဂိုဏ်းရဲ့ အမွေခံတစ်ယောက်ပါ ”
” ကျနော့်နာမည်က ဖန်းမုပါ။ ကျနော့်အဖေက ပြည်ထောင်စု လွှတ်တော်အမတ်တစ်ယောက်ပါ ”
” ကျနော့်နာမည်က… ”
ပြည်ထောင်စုပျိုးပင်များ၏ နှုတ်များမှထိုသို့သော စကားသံများ ထွက်ပေါ်လာပြီး ခန်းမကြီးတစ်ခုလုံးထဲ၌ ပဲ့တင်ထပ်နေတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏နောက်မှ ကျောက်ယမုန့်၏ စကားသံလည်း ထွက်ပေါ်လာ၏။
” ကျွန်မနာမည်က ကျောက်ယမုန့်ပါ။ ကျွန်မရဲ့ အမေက အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေရဲ့ ဘုရင်ခံပါ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ချက်ချင်းတုံ့ပြန်လိုက်ခြင်းမရှိပေ။ သူသည် ယုံကြည်မှုအပြည့်ဖြင့် သူ့ကိုယ်သူမိတ်ဆက်ရန် ပြင်လိုက်ပြီးမှ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ရိပ်မိလိုက်၏။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်လာပြီး အသက်မပါသည့် မျက်နှာအမူအရာဖြင့် ရပ်နေသော ကျောက်ယမုန့်အား မျက်လုံးပြူးကြီးများနှင့် စိုက်ကြည့်ရင်း တစ်ခေါင်းလုံး ထူပူသွားရတော့သည်။
” နင့်အမေက ဘယ်သူ…. “