Switch Mode

အပိုင်း(၆၆၉)

ငါ့အတွက် ပြုတ်ကျလာစမ်း

ကျင့်ကြံခြင်းအဖွဲ့အစည်းမှ ကျင့်ကြံသူများသည် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန် ရှိရာသို့ ပျံသန်းလာကြ၏။

သူတို့ရှေ့တွင် အဆုံးမဲ့ အနက်ရောင်တိမ်တိုက်ထုကြီး ရှိလို့နေသည်။ထိုတိမ်တိုက်ထုကထူထဲလှ၏။တကယ်တော့ အနည်းငယ် ဂရုမစိုက်မိလျှင်ပင် သူတို့၏နတ်ဘုရားအာရုံများပင် တိမ်တိုက်ထုထဲရှိ စိတ်ဝိညာဉ်အပိုင်းအစများ၏ ဝါးမြိုခြင်း ခံလိုက်ရနိုင်ပေသည်။

ထိုတိမ်တိုက်ထုထဲမှ ထွက်ပေါ်လာသော စူးရှရှ တစ္ဆေငြီးသံများက နှလုံး တုန်ယင်စေနိုင်သည်။

ရွှေရောင်ဝတ်စုံနှင့်လူကြီးက ထိုတိမ်တိုက်ထုကို တွေ့မြင်သည့်အခါ သူ့အသွင်က ရှုံ့တွသွား၏။သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ဝမ်လင်းရဲ့ နေရာက ဒီအလွှာနဲ့ ကာကွယ်ထားတာပဲ။ငါတို့က ဒါကို ချိုးဖျက်နိုင်မှသာ ဒီကောင်လေးကို ဖမ်းနိုင်လိမ့်မယ်…”

သူ့နောက်တွင် လူအချို့ ရှိနေ၏။သူတို့အားလုံးက အနက်ရောင်တိမ်ထုကို စူးစိုက်ကြည့်နေရင်း သုန်မှုန်နေကော စကားတစ်ခွန်းမှ မဆိုနိုင် ဖြစ်နေသည်။

ရှုယွမ်ရှန်၏မျက်လုံးထဲ၌ လှောင်ပြောင်လိုမှုတို့ ဖြစ်ပေါ်သွားသည်။

ဝမ်လင်း၏ တည်နေရာကို သတင်းလာပေးခဲ့သည့် တမန်တော်က သည်နေရာသည် အားကောင်းသောတိမ်တိုက်ထုနှင့် ဝန်းရံထားသည်ဟု မဖော်ပြခဲ့ပေ။သို့ရာတွင် သည်အခွင့်အရေးအတွက် တိုက်ခိုက်ချင်သူများကတော့ ထိုအရာနှင့်ပတ်သတ်၍ အာရုံစိုက်မနေတော့ပေ။

သူတို့က သည်နေရာတွင် ကောင်းကင်ဘုံသက်တော်စောင့် ရှိနေသည့်အတွက် ဘာပြဿနာမှ တက်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားကြ၏။

ရှုယွမ်ရှန်က သူ့ပတ်ပတ်လည်ကို ကြည့်လိုက်၏။သူ့ကိုယ်တိုင်အပါအဝင် လူအယောက်နှစ်ဆယ်ခန့် သည်နေရာတွင် ရှိလို့နေသည်။သူတို့ထဲက အများစုသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစောပိုင်းအဆင့်များသာ ဖြစ်ကြ၏။အနည်းငယ်ကသာ အလယ်အဆင့်တွင် ရှိသည်။နောက်ဆုံးအဆင့်ကတော့ တစ်ယောက်သာ ရှိ၏။သူကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေသော ဦးလေးဖန်ပင် ဖြစ်၏။

ရှုယွမ်ရှန်က သူနှင့်သိပ်မဝေးသောနေရာရှိ မီးခိုးရောင်ဆံပင်နှင့်လူကြီးထံသို့ ကြည်ကာ ဝမ်းနည်းစွာ ခံစားလိုက်ရ၏။ထိုသူက ဦးလေးဖန်ပင်။သူသည် ရှုယွမ်ဖန်အဖေ၏ ဂျူနီယာညီ ဖြစ်ကာ ရှုယွမ်ဖန်ကို ကာကွယ်ပေးရန်အတွက် သည်နေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သို့ရာတွင် သူက သူ့ညီမသည် သည်နေရာသို့ နောက်က ခိုး၍ လိုက်လာလိမ့်မည်လို့ မမျှော်လင့်ထားမိခဲ့ပေ၊။ထိုအဖြစ်ကပင် သူ့အတွက် သေရှင်းရှင်ရေးအခြေအနေတစ်ခုကို ဖြစ်စေခဲ့ပေ၏။ဘိုးဘေးက ဦးလေးဖန်၏ မှတ်ဉာဏ်ကို လျှို့ဝှက်မန္တာန်အသုံးပြုကာ ပယ်ဖျက်ပစ်လိုက်ပြီးနောက် ရုပ်သေးအဖြစ် ပြောင်းလဲခဲ့ပေ၏။ဘိုးဘေးက သူ့ထံ၌ ကောင်းကင်ဘုံမျိုးစေ့ကို စိုက်ထားခဲ့သဖြင့် သူက သူ့သေခြင်းရှင်ခြင်းနှင့် ပတ်သတ်၍ ဆက်လက်ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ရွှေရောင်လူကြီးက အော်ပြောလိုက်၏။ “ဒီအနက်ရောင်တိမ်ထုက လှန့်လုံးတစ်လုံးသာသာပဲ။ငါ့အစား ဒီအနက်ရောင်တိမ်ထုကို သွားဖျက်စီးပစ်ချေ…”

ရွှေရောင်ဝတ်စုံနှင့်လူကြီးနောက်ရှိ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်တစ်ယောက်၏ အသွင်က ရုပ်စိုးလို့သွားသည်။သူက တုံ့ဆိုင်းနေသော်လည်း အမိန့်မနာခံဘဲ မနေဝံ့ပေ။သူက သက်ပြင်းချကာ လေးစားစွာ ပြောလိုက်၏။ “အစေခံက နာခံပါ့မယ်…”

ထိုကျင့်ကြံသူက အံတင်းတင်းကြိတ်ကာ အနက်ရောင်တိမ်တိုက်ထု ထံသို့ တိုးဝင်သွားလေ၏။သို့ရာတွင် သူက ပိုနီးကပ်လာလေလေ ထိုတိမ်တိုက်ထံမှ ဖိအားသည် သူ့မူလစိတ်ဝိညာဉ်အား ပို၍ တုန်ယင်စေနေသည်။

ထိုကျင့်ကြံသူက အနက်ရောင်တိမ်ထုနှင့် ပေတစ်သောင်းလောက် အကွာသို့ ရောက်သည့်အခါ ဆက်၍ တိုးကပ်မသွားနိုင်တော့ချေ။သူက သူသာ အတင်းဆက်တိုးသွားပါက ချက်ခြင်းသေသွားလိမ့်မည်ဟု ခံစားမိနေ၏။

ရွှေရောင်ဝတ်စုံနှင့်လူက ထိုကျင့်ကြံသူ ရပ်တန့်သွားသည်ကို တွေ့လိုက်သည့်အခါ သူ့မျက်နှာက အလိုမကျ ဖြစ်သွား၏။သူက အေးစက်စက် လှမ်းအော်ပြောလိုက်သည်။ “နံပါတ်တစ်ဆယ်…မင်းက အမိန့်မနာခံဘဲ နေဝံ့လား…”

ထိုစကားကို ကြားလိုက်ပြီးနောက် ထိုကျင့်ကြံသူ၏ မျက်နှာက ခါးသက်သွား၏။သူက သက်ပြင်းချ၍ တွေးလိုက်သည်။ “ငါက ဒီမှာ သေရမယ်ဆိုရင်လည်း ဒီလို အနိုင်ကျင့်ခံရတာကနေ လွတ်လပ်သွားတာပေါ့…”

သူက အသက်ဝဝရှူသွင်းကာ ရှေ့သို့ တဟုန်ထိုး ထိုးထွက်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း သူက အနက်ရောင်တိမ်ထု၏ ပေတစ်သောင်းအတွင်း ဝင်ရောက်လာခဲ့၏။ထိုအခိုက်၌ အနက်ရောင်တိမ်ထုက ရုတ်တရက် ရွှေ့လျားလာသည်။

အနက်ရောင်တိမ်ခုက လှိုင်းကြမ်းများလို မြင့်တက်လာခဲ့ကာ မှိုပွင့်သဏ္ဌာန် ဖြစ်ပေါ်၍ ဆက်လက် ချဲ့ကားလာ၏။

စူးရှရှ အော်ငြီးသံများကလည်း ကောင်းကင်ထက်၌ ပိုမိုကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။တစ်ချိန်တည်းမှာပင် အနက်ရောင်တိမ်တိုက်ထုက ပါးစပ်ကြီးအသွင်သို့ ပြောင်းသွား၍ ထိုကျင့်ကြံသူကို ဝါးမြိုလို့သွားသည်။ထိုအဖြစ်ကြောင့် ကျင့်ကြံခြင်းအဖွဲ့အစည်း၏ ကျင့်ကြံသူများအားလုံးနီးပါးသည် တုန်လှုပ်သွားလေ၏။သူတို့အားလုံးက ဝေးကွာသော နေရာတွင်သာ ရှိနေကြသော်လည်း သူတို့က အနက်ရောင်တိမ်ထု၏ ဘေးနားတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။သူတို့အဝတ်အစားများက ချွေးများဖြင့် ရွှဲနစ်သွားကြသည်။တည်ငြိမ်စွာ ရှိနေသော ကောင်းကင်ဘုံသက်တော်စောင့်က ရုတ်တရက် မျက်လုံးဖွင့်လာကာ အနက်ရောင်တိမ်ထုထံသို့ သေချာ ကြည့်ရှူလိုက်သည်။သူ့အသွင်က ပဟေဠိဖြစ်သွားသည့်ပုံပင်။

“အဖွဲ့…အဖွဲ့ခေါင်းဆောင်…ဒီအနက်ရောင်တိမ်ထုက…”ရွှေရောင်ဝတ်စုံနှင့်လူကြိးဘေးရှိ လူက ကြောက်လန့်လို့နေ၏။

ရွှေရောင်ဝတ်စုံနှင့်လူကြီးအသွင်က နက်မှောင်လို့သွားသည်။သူက သူနှင့် သိပ်မဝေးသောနေရာရှိ အဘိုးအိုထံသို့ ကြည့်ကာ ပြောလိုက်သည်။ “နံပါတ်သုံး…သွားချေ…”

သည်အဖြူရောင်ဆံပင်နှင့်အဘိုးအိုက ရှုယွမ်ရှန်၏ ဦးလေးပင်။သူ့အသွင်က စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေ၏။သူက စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့သို့ ထိုးတက်သွားတော့သည်။

ရှုယွမ်ရှန်က လက်သီးတင်းစုပ်ထားမိသည်။သည့်နောက်သူက သူ့ဦးလေးဖန် ထွက်သွားသည်ကို ကြည့်နေရင်း သူ့နှလုံးသားက နာကျင်နေရပေသည်။

အဘိုးအိုက အနက်ရောင်တိမ်ထု၏ ပေတစ်သောင်းအကွာသို့ ခြေလှမ်းအနည်းငယ်အတွင်း ရောက်ရှိသွားသည်။သူက ဆက်သွားရန် ဟန်ပြင်လိုက်စဉ်မှာပင် အနက်ရောင်တိမ်ထုက အရှိန်မြင့်လှည့်ပတ်လာ၏။ချက်ခြင်းပင် အနက်ရောင်တိမ်ထုက နှစ်ခြမ်းကွဲထွက်သွားကာ သက်လတ်ပိုင်းလူကြီးအတွက် လမ်းတစ်ခု ဖြစ်တည်သွားစေသည်။

အေးစက်သောအသွင်ရှိသည့် လူငယ်တစ်ယောက်က တစ်လှမ်းချင်း လျှောက်လှမ်းလာ၏။သူက အဘိုးအိုထံသို့ တစ်ချက်သာကြည့်၍ ကျင့်ကြံခြင်းအဖွဲ့အစည်း၏ လူများထံသို့ ကြည့်နေသည်။သည့်နောက် သူက တည်ငြိမ်စွာ ပြောလိုက်၏။ “ငါ့ဘိုးဘေးက အားလုံးကို ကြိုဆိုခိုင်းလိုက်တယ်…”

ရွှေရောင်ဝတ်စုံနှင့်လူ၏ အသွင်က ပြောင်းလဲသွားကာ သူက အော်ပြောလိုက်သည်။ “နံပါတ်သုံး..သူ့ကိုသတ်…ငါတို့က အထဲကို ဝင်ဖို့ ဒီလမ်းကြောင်းကို အသုံးပြုကြမယ်…”

ထိုအေးစက်စက်လူငယ်မှာ ဆယ့်သုံးပင်။သူ့အသွင်က မည်သည့်စိတ်ခံစားချက်မှ ရှိမနေသည့်ပုံပင်။အဘိုးအိုကတော့ ဆယ့်သုံးထံသို့ ဖျပ်ခနဲ တိုးဝင်လာတော့၏။

သို့ရာတွင် သူက နီးကပ်လာစဉ်မှာပင် အနက်ရောင်တိမ်ထုအမျှင်တန်းတစ်ခုက ရုတ်တရက် ထိုးထွက်လို့လာ၏။၎င်းက အဘိုးအိုအား ဝန်းရံသွားကာ သူ့ကို အနက်ရောင်တိမ်ထုထဲသို့ ဆွဲသွင်းလိုက်ချေ၏။အဘိုးအိုက သဲလွန်စမရှိ ပျောက်ကွယ်လို့သွားတော့သည်။

သည်မြင်ကွင်းက ကျင့်ကြံခြင်းအဖွဲ့အစည်း၏ လူများ၏ နှလုံးကို မာတောင့်သွားစေ၏။အထူးသဖြင့် ရှုယွမ်ရှန်၏မျက်လုံးများက နီရဲလို့လာခဲ့တော့သည်။

ဆယ့်သုံးက သူ့ညာလက်ကို ညွှန်၍ ပြောလိုက်၏။ “ဒီလမ်း…”

ထိုသို့ပြောပြီးနောက် သူကနောက်လှည့်၍ လမ်းလျှောက်သွားတော့သည်။

ရွှေရောင်ဝတ်စုံနှင့်လူ၏ အသွင်က မရေမရာ ဖြစ်နေ၏။သူက သူ့နောက်ရှိ အနက်ရောင်ဝတ်စုံနှင့်လူကြီးထံသို့ အလိုလို ကြည့်လိုက်မိသည်။သည့်နောက်သူ့နှလုံးသား တစ်ဖန် ပြန်တည်ငြိမ်သွားသည်။သူက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ “သွားကြစို့…ငါတို့က ဒီဝမ်လင်းရဲ့ လှည့်ကွက်တွေ ဘယ်လောက်ရှိလဲ သိရတာပေါ့…”

သူတို့အုပ်စုက ရှေ့သို့ ဆက်လက်ပျံသန်းလာကြကာ အနက်ရောင်တိမ်ခုက ဖယ်ရှားပေးလိုက်သည့်လမ်းအတိုင်း ဆက်လက် ပျံသန်းလာကြသည်။

သူတို့က ဝင်ရောက်နေကြရင်း သူတို့နောက်ရှိ လမ်းသည် အနက်ရောင်တိမ်ထုဖြင့် ဖြည်းဖြည်းချင်း ပြန်ပိတ်ဆို့သွား၏။

ခဏတာ ပျံသန်းပြီးသည့်နောက် ရွှေရောင်ဝတ်စုံနှင့်လူသည် ရုတ်တရက် ရပ်တန့်လိုက်၏။သူ့မျက်လုံးက တုန်လှုပ်မှုနှင့်ပြည့်နှက်သွားကာ သူ့အသွင်ကလည်း ရုပ်စိုးလို့သွားချေသည်။သူ့နောက်ရှိလူအားလုံးသည်လည်း သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် မှင်သက်မိသွားကြ၏။

သူတို့ရှေ့တွင် လူများစွာနှင့် မျိုးနွယ်စုကြီးတစ်ခု ရှိလို့နေသည်။သည်အခိုက်၌ ထိုလူအားလုံးက ခေါင်းမော့၍ သူတို့အုပ်စုထံသို့ အေးစက်စက် ကြည့်လာကြသည်။

မရေမတွက်နိုင်သောမျိုးနွယ်စုဝင်များ၏ အေးတိအေးစက်အကြည့်များက ကျင့်ကြံခြင်းအဖွဲ့အစည်းရှိ လူများပေါ်သို့ ကျရောက်လို့လာသည်။သူတို့၏ ကျင့်ကြံမှုအဆင့်က မြင့်မားသော်လည်း ထိုအကြည့်များကြောင့် တုန်လှုပ်ရသည်သာ။

မျိုးနွယ်စု၏ အလယ်ဗဟိုတွင် ငါးကီလိုမီတာကျယ်ဝန်းသည့် နေရာလွတ်တစ်ခု ရှိနေသည်။ထိုနေရာလွတ်အလယ်တွင် မျှော်စင်တစ်ခု တည်ရှိ၏။ထိုမျှော်စင်ထံမှ အားကောင်းသော ခန့်ညားမှုအငွေ့အသက်တို့ ပျံ့နှံ့လို့နေသည်။

သည်လူများက ထိုဖိအားအောက်၌ အသက်မနည်း ရှုလိုက်ရချေသည်။

ဆယ့်သုံးက နေရာလွတ်အပြင်တွင် မတ်တပ်ရပ်နေရင်း လေးစားစွာ ပြောလိုက်၏။ “ဘိုးဘေး..ငါက ဧည့်သည်တွေကို ဒီနေရာ ခေါ်လာခဲ့ပါပြီ…”

“ရောင်းရင်းကျင့်ကြံသူတွေက သတ်ဖြတ်ချင်စိတ်တွေနဲ့ ပြည့်နေတယ်။ ဆိုတော့ ငါကများ သင်တို့အားလုံးကို စော်ကားဖူးလို့လား…”

ဝမ်လင်းအသံက မျှော်စင်ထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။သူ့လေသံက ပုံမှန်သာ ဖြစ်သော်လည်း သူ့အသံထဲပ နတ်ဆိုးမိစ္ဆာဆန်သောစွမ်းအားတို့ ပါဝင်နေသည်။

ဝမ်လင်းက နတ်ဆိုးမိစ္ဆာ၏ စိတ်ဝိညာဉ်ပေါ်၌ အမှတ်အသားဆက်လက် ခပ်နှိပ်နေရင်း သူ့ထံမှ ကောင်းကင်နတ်ဆိုးမိစ္ဆာအသံမန္တာန်ကို ဖြည်းဖြည်းချင်း သင်ယူနိုင်ခဲ့ပေသည်။သည်အခိုက်၌ ထိုမန္တာန်က အသံအဖြစ် ပျံ့နှံ့သွားခြင်းပင်။ကျင့်ကြံခြင်းအဖွဲ့အစည်းရှိ အနက်ရောင်ဝတ်စုံနှင့်လူကလွဲ၍ ကျန်သည်သူတိုင်းသည် သူ့တို့စိတ်ထဲ၌ ထိုမန္တာန်နှင့် ပြည့်နှက်သွားလေ၏။

အနက်ရောင်ဝတ်စုံနှင့်လူ၏ ကျင့်ကြံခြင်းအဆင့်က အတော်လေးမြင့်မားပေ၏။ထို့ကြောင့် သူက သည်အသံအတွင်း၌ နစ်မြုပ်သွားခြင်း မရှိပေ။သူ့မျက်လုံးက မျှော်စင်သို့ စူးစိုက်ကြည့်နေရင်း တောက်ပလာခဲ့၏။

ရွှေရောင်ဝတ်စုံနှင့်လူ၏ မူလစိတ်ဝိညာဉ်သည် တုန်ခါသွား၏။သူ့မျက်လုံးက အလိုလို စိတ်ရှုပ်ထွေးမှုတို့ ဖြစ်ပေါ်လာကာ မသိဘာသာ ပြောလိုက်သည်။ “သင်က ငါတို့ကို မနှောက်ယှက်ခဲ့ပါဘူး…”

“ဒီလိုဆိုတော့ မင်းတို့အားလုံးက ငါ့ရှိကို ဒီလိုပုံစံနဲ့ ရောက်လာတာက ဒုက္ခလာရှာတာပဲ…”

ဝမ်လင်းအသံထဲ၌ အေးစက်မှုစိတ်ဆန္ဒတို့နှင့် ပြည့်နှက်ကာ နေသည်။

ထိုအခိုက်အတန့်၌ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်အားလုံးက အော်ဟစ်လိုက်ကြသည်။ “ရိုင်းပျလိုက်တာ…”

ထိုတစ်စုတစ်စည်းတည်းအော်ဟစ်လိုက်သည့်အသံက အနက်ရောင်တိမ်ထု၏ ငြီးသံများနှင့် ပေါင်းစပ်လို့သွားခဲ့သည်။ထိုအခါ ကျင့်ကြံသူများ၏ နားထဲသို့ မိုးခြိမ်သံများအလား ဤအသံက တိုးဝင်လာခဲ့တော့သည်။သူတို့၏ မူလစိတ်ဝိညာဉ်များပင် တုန်ခါသွားရ၏။

အချို့အဆင့်နိမ့်သော ကျင့်ကြံသူများဆိုလျှင် ပါးစပ်ထဲမှ သွေးများ စီးကျလာရပေသည်။သူတို့၏ ခန္ဓာကိုယ်အတွင်းနှင့် မူလစိတ်ဝိညာဉ်တို့သည် ဒဏ်ရာရသွားသည်မှာ ရှင်းလင်းပေသည်။ထိုအော်ဟစ်သံက လူတိုင်း၏စိတ်ထဲ၌ ရှင်းလင်းစွာ ကြားလိုက်ရလေသည်။

ရွှေရောင်ဝတ်စုံနှင့်လူ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူက နောက်သို့ အလိုလို ဆုတ်မိသွားကာ သူ့မျက်နှာက တုန်လှုပ်မှုတို့နှင့် ပြည့်နှက်သွားခဲ့၏။

သူတင်မဟုတ် သူ့ဘေးနားရှိ ကျင့်ကြံသူများက သူ့ထက်ပင် အခြေအနေဆိုးသေးသည်။လူတိုင်းက လေအေးတစ်ချက် ရှိုက်သွင်းမိသွားကြသည်။သူတို့နှလုံးသားထဲ၌ တုန်လှုပ်မှုနှင့် ပြည့်နှက်သွားကာ ဖြစ်လာမည့်အရာများသည့် အဆိုးဘက်တွင် ရှိနေတော့မည်ဟု သဘောပေါက်လိုက်ကြ၏။

ရှုယွမ်ရှန်ကတော့ တုန်လှုပ်မှုနှင့်အတူ စိတ်လှုပ်ရှားလို့နေသည်။သူက စိတ်ထဲ၌ ကြိတ်၍ အော်ပြောနေမိ၏။

“သူပဲ…ဒါက အမှန်တကယ် သူပဲ…”

ရွှေရောင်ဝတ်စုံနှင့်လူက နောက်သို့ ဆုတ်နေရင်း ပြောလိုက်၏။ “ကောင်းကင်ဘုံသက်တော်စောင့် တိုက်ခိုက်ပါ…”

သူက ထိုသို့ ပြောလိုက်သည်နှင့် အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာကာ သူက ရှေ့သို့ ထိုးတက်လိုက်ရာ ခြေတစ်လှမ်းဖြင့်ပင် မျှော်စင်ထက်သို့ ရောက်ရှိသွားတော့၏။သည့်နောက် သူက ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စော အောက်သို့ ဖိချလိုက်သည်။

ထိုရိုက်ချက်က တောင်ကြီးတစ်ခုကို ဆွဲယူ၍ တိုက်ခိုက်လိုက်သလား မှတ်ရ၏။ကောင်းကင်ထက်၌ ရွှေရောင်သင်္ကေတတစ်ခု ရုတ်တရက် ပေါ်လာကာ မျှော်စင်ထံသို့ တိုးဝင်သွားချေသည်။

မျှော်စင်ထဲမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာ၏။သည့်နောက် ဝမ်လင်းအသွင်က ထွက်ပေါ်လာချေသည်။သူက ကြည့်ပင်မကြည့်ဘဲ သူ့လက်ထဲမှ အနက်ရောင်အလင်းကို ထုတ်လွှတ်၍ ကောင်းကင်ထက်သို့ ဆန့်တန်းလိုက်သည်။သူက တည်ငြိမ်စွာ ပြောလိုက်၏။ “ငါ့အတွက် အောက်ဆင်းလာစမ်း…”

သူ့လက်ဆန့်ထုတ်လိုက်သည်နှင့် ရွှေရောင်သင်္ကေတပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာခဲ့တော့သည်။အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး‌နောက် ရွှေရောင်သင်္ကေတက ပျက်စီးသွားတော့သည်။အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်က အကြီးအကျယ် ပြောင်းလဲသွား၏။ပထမဆုံးအကြိမ်အဖြစ် သူ့မျက်နှာပေါ်၌ ကြောက်ရွှံ့မှုတို့ ပြည့်နှက်သွားသည်။သူက ရှောင်လိုသော်လည်း သူ့ခန္ဓာကိုယ်က သူ့အသက်ဓာတ်ကို ခိုးယူနိုင်သည့်အားတစ်ခုဖြင့် ဖမ်းဆီးခြင်းခံလိုက်ရချေ၏။သူက ကောင်းကင်ထက်ကနေ ဆွဲချခြင်း ခံလိုက်ရ၏။

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ထိုလူ၏ ခန္ဓာကိုယ်သည် မြေပြင်နှင့် မိတ်ဆက်သွားတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset