Switch Mode

အပိုင်း(၆၆၆)

ကောင်းကင်အင်ပါယာချင်လင်း

သည် ပြီးခဲ့သော ဆယ်နှစ်အတွင်း ဝမ်လင်းသည် ယောင်ရှင်းရွှယ်ကို မျှော်စင်အတွင်း၌ အကြိမ်များစွာ မေးခွန်းမေးခဲ့ပေသည်။

ယောင်ရှင်းရွှယ်၏ ဝမ်လင်းအပေါ် အမုန်းတရားက သူမစိတ်နှလုံးထဲ၌ မြှုပ်နှံ့နေခဲ့ပြီ ဖြစ်၏။တစ်ချိန်တည်းမှာပင် သူမက ဝမ်လင်း၏ နည်းလမ်းများကို လုံးဝ ကြောက်ရွှံ့နေခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက သူမစိတ်ထဲ၌ တွင်းပေါက်တစ်ခုကို ဖွင့်လှစ်ရန် လုပ်ဆောင်ထားခဲ့ပြီးဖြစ်သည်။ သူမသည် ဝမ်လင်းကို သွေးစိတ်ဝိညာဉ်ဆေးလုံး မည်သို့မည်ပုံအသုံးပြုရမည်ကို ပြောပြချိန်ကတည်းက ထိုတိုးပေါက်သည် ပွင့်လှစ်သွားခဲ့ရခြင်းပင်။

ထိုပွင့်ဟမှု ဖြစ်ပေါ်လာသည်နှင့် ယောင်ရှင်းရွှယ်သည် ဝမ်လင်း၏ နည်းလမ်းများအောက်၌ ပြိုကျလုနီးပါး ဖြစ်ရသည်။သူမသည် သူ့ကို အရာအားလုံးမပြောပြခဲ့သော်လည်း သူမသည် လျှို့ဝှက်ချက်အချို့ကို အနည်းနှင့်အများ ပွင့်ဟထွက်လာခဲ့ရသည်သာ ဖြစ်သည်။

“နင်က လှိုဏ်ဂူဟာ ကောင်းကင်ဘုံအင်ပါယာတစ်ပါး ချန်ထားခဲ့တာဖြစ်ပြီး စုစုပေါင်းလှိုဏ်ဂူလေးခု ရှိတယ်လို့ ဆိုခဲ့တယ်။ ဒီအကြောင်းတွေကို နင်က ဘယ်လိုကြောင့် ရှာဖွေသိရှိခဲ့ရတာလဲ…”

ယောင်ရှင်းရွှယ်က သူမအောက်နှုတ်ခမ်းကို ကိုက်ထားမိသည်။သူမက ထိုမေးခွန်းကို ဖြေဆိုရန် ငြင်းဆန်လိုနေဆဲပင်။

ဝမ်လင်းမျက်လုံးက ဖျပ်ခနဲ လင်းလက်သွား၏။သူက ဖြည်းဖြည်းချင်း ပြောချလာသည်။ “နင်က ငါ့လက်ထဲမှာ နှစ်နှစ်ဆယ်ကျော် ရှိနေခဲ့ပြီးပြီး။နင်က လွတ်လပ်မှုကို ပြန်မလိုချင်နေတာများလား…။နင်ကသာ ငါ့ကို အရာအားလုံး ပြောပြရင် ငါ နင့်ကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက ပြန်ထွက်ခွာတာနဲ့ လွှတ်ပေးမယ်လို့ ကတိပေးတယ်…”

သူ့အသံထဲ၌ နတ်ဆိုးဆန်သော စွမ်းအင်အချို့ ပါဝင်နေသည်။ထိုမန္တန်က သူ နတ်ဆိုးစိတ်ဝိညာဉ်ပိုင်းကို ဆယ်နှစ်ကျော် ခပ်နှိပ်ပြီးနောက် သင်ယူနိုင်ခဲ့သည့် မန္တာန်လေးတစ်ခု ဖြစ်သည်။

ယောင်ရှင်းရွှယ်က သက်ပြင်းချကာ ခပ်တိုးတိုး ဆိုလာသည်။ “ငါနင့်ကို အရာအားလုံး ပြောပြနိုင်တယ်။ဒါပေမဲ့ နင်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ ထွက်တာနဲ့ ငါ့ကိုလွှတ်ပေးမယ်လို့ နင့်တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုရမယ်…”

“နင် ငါ့ရှိက တောင်းဆိုနိုင်တဲ့ အခြေအနေမရှိဘူး။ငါက နင့်ကို ကတိပေးတယ်လို့ ပြောခဲ့ပြီးပြီး။ ပြောပါ နင့်မှာ အခွင့်ရေးတစ်ခါပဲ ရှိမယ်။နင် မပြောဘူးဆိုရင် ငါ နင့်ကို ထာဝရ ပိတ်လှောင်ထားတော့မယ်…”

ဝမ်လင်း အသံက တည်ငြိမ်လှ၏။သိုသော် သူ့အသံက အေးစက်မှုကို ပေးစွမ်းလို့နေသည်။

ယောင်ရှင်းရွှယ်က ဝမ်လင်းကို ကြည့်ကာ သူမဆံပင်ကို သပ်နေ၏။အချိန်အတန်ကြာပြီးနောက် သူမက ခပ်တိုးတိုး ပြောလာသည်။ “ငါ့အဖေက နင်နဲ့ မဆန့်ကျင်မိဖို့ သတိပေးထားခဲ့တယ်။ငါက အဲ့အချက်ကို အရမ်း ဒွိဟ ဖြစ်ခဲ့ရတယ်။ အဖေက နင့်ကို ဘာလို့ သိနေလည်း ငါမသိခဲ့ဘူး။အတိတ်တုန်းက နင်က ဘာမဟုတ်တဲ့ ကျင့်ကြံသူတစ်ယောက်သာသာပဲ။ နင်က ရှေ့ဖြစ်ဟောသူရဲ့ တပည့်ဖြစ်မယ်ဆိုရင်တောင်မှပေါ့။ ငါ့အဖေပေါ် ငါ နားလည်သလောက် နင့်အဆင့်အတန်း၊နင့်ကျင့်ကြံမှုအဆင့်၊ နင့်နဲ့ ပတ်သတ်တဲ့အရာအားလုံးက ငါ့အဖေရဲ့ စိတ်ဝင်စားမှုနဲ့ မထိုက်တန်ဘူး ထင်ခဲ့တယ်…”

“ဒါ့ကြောင့်ပဲ ငါက သူ့စကားကို နားမထောင်ခဲ့တာ။ခုတော့ ငါ့အဖေ ငါ့ကို ဘာကြောင့် ခုလို ပြောခဲ့လဲ ငါနားလည်းသွားပြီ…”

ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲ ဖြစ်ကာ သူမကို အေးစက်စွာ ကြည့်နေ၏။

ယောင်ရှင်းရွှယ်က သက်ပြင်းချကာ ဆက်ပြောသည်။ “ဒီနေရာမှာ လှိုဏ်ဂူလေးခု ရှိတယ်လို့ ငါ့အဖေ ငါ့ကို ပြောခဲ့တာပါ။အတိတ်တုန်းက ငါ့အဖေ၊လင်းထျန်ဟူ၊ရှေ့ဖြစ်ဟောသူတို့နဲ့ တခြား သူတို့အပေါင်းအပါတွေက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို ရောက်လာခဲ့ပြီး သူတို့က လျှို့ဝှက်ချက် တစ်ခုကို ရှာတွေ့ခဲ့ကြတယ်…”

ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းသွားသည်။သူက တည်ငြိမ်စွာ မေးလိုက်၏။ “ဘာလျှို့ဝှက်ချက်လဲ…”

“ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက တကယ်တော့ လှိုဏ်ဂူတစ်ခုပဲ။နင်က ဒါကို အစောကတည်းက ခန့်မှန်းမိပြီးသား ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။ငါ နင့်ကို ပြောနိုင်တာက ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံးက လှိုဏ်ဂူတစ်ခုဆိုတာပဲ၊ ဒါက အရမ်းတော့ ကြီးမားလွန်းလှတယ်။စိတ်ကူးနိုင်တာထက်ကို ပိုပြီး ကြီးမားလွန်းတယ်။ဒါပေမဲ့ ဒါက တစ်ခုတည်း မဟုတ်သေးဘူး။စုစုပေါင်း ငါးခုပဲ။ လေးခုက အတုအယောင်ဖြစ်ပြီး ကျန်တဲ့တစ်ခုကသာ အစစ်အမှန် ဖြစ်တယ်…”

ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲ ဖြစ်ကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ နင် ငါ့ကို ခေါ်သွားခဲ့တဲ့ လှိုဏ်ဂူက အတုဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်…”

ယောင်ရှင်းရွှယ်က ခါးသီးစွာ ခေါင်းညိတ်ပြလိုက်ရသည်။ သူမက ပြောလိုက်၏။ ဟုတ်တယ်။ “ဒါက တကယ်တော့ လှိုဏ်ဂူအတုပဲ…”

ဝမ်လင်းက မေးလိုက်၏။ “နင် အဲ့နေရာကို သွာရတဲ့ ရည်ရွယ်ချက်က ဘာအတွက်လဲ…”

“ငါ့အဖေတစ်ခု ပြောဖူးတာက လှိုဏ်ဂူအတုထဲမှာ ရတနာတွေအများကြီး ရှိတယ်တဲ့။အဲ့လှိုဏ်ဂူထဲမှာ စိတ်ဝိညာဉ်အရည်တွေနဲ့အခြားအရာတွေ အများကြီးရှိနေတယ်။ငါကသာ ဒါတွေကို ရနိုင်ရင် ငါ့ကျင့်ကြံမှုအဆင့်ကို အများကြီး အထောက်အကူ ပြုနိုင်လိမ့်မယ်…”

ဝမ်လင်းအသံက တိုးညှင်းလှ၏။သူမက ပြောလို့ မပြီးခင်မှာပင် ဝမ်လင်းမျက်နှာပေါ်ရှိ မကျေမချမ်းဖြစ်မှုကို တွေ့မြင်လိုက်ရတော့သည်။

ဝမ်လင်းက ယောင်ရှင်းရွှယ်ကို တည်ငြိမ်စွာ ကြည့်နေသည်။သူက စကားမဆိုပေ။သို့သော် သူမျက်လုံးအကြည့်ကြောင့် သူမက တုန်လှုပ်ရ၏။အချိန်အတန်ကြာပြီးနောက် သူမက ခါးသီးစွာ ပြောလာသည်။ “ငါပြောခဲ့တဲ့ အရာအားလုံးက အမှန်တွေပဲ…နင်က အနာဂတ်မှာ ငါ့ကို မလွှတ်ပေးချင်လို့ ရမယ်မရှာပါနဲ့…”

ဝမ်လင်းက မကျေမချမ်းလေသံဖြင့် ပြောလာသည်။ “အမှန်ကို ပြောဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပေါ့။နင်ပြောခဲ့တာတွေက နင့်နှလုံးသားထဲက တကယ် ယုံကြည်တဲ့ဟာတွေ ဖြစ်လိမ့်မယ်။ဒါပေမဲ့ ငါမေးတာက အဲ့တာတွေ မဟုတ်ဘူး။ ငါသိချင်တာက လှိုဏ်ဂူအတု လေးခုနဲ့ အစစ်တစ်ခုက ဘယ်လို့ ပတ်သတ်ဆက်နွှယ်နေတယ် ဆိုတာပဲ…”

ယောင်ရှင်းရွှယ်က စဉ်းစားကာ နေသည်။သည့်နောက် သူမက သက်ပြင်းချကာ ဆိုလာသည်။ “ရှိပါစေတော့လေ…အမှန်တော့ ဒီလှိုဏ်ဂူလေးခုက အစစ်အမှန်လှိုဏ်ဂူထဲကို ဝင်နိုင်တဲ့ ဂိတ်ပေါက်လေးခုပဲ…”

ဝမ်လင်းက မျက်လုံးက ကျဉ်းမြောင်းလို့သွား၏။ “နင့်အဖေနဲ့ ကျန်တဲ့လူတွေ တွေ့ရှိခဲ့တဲ့ လျှို့ဝှက်ချက်က အခုလောက် မရိုးရှင်းနိုင်ဘူး…”

“ငါ့အဖေခန့်မှန်းခဲ့တဲ့ အဲ့လှိုဏ်ဂူအစစ်ဟာ တတိယနယ်ပယ်( ကျင့်ကြံမှုအဆင့်) ခြေချနိုင်ဖို့ လူတစ်ယောက်ကို ကူညီပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ပဲ ငါသိတယ်။ဘာလို့လဲဆိုတော့ အဲ့လှိုဏ်ဂူက ကောင်းကင်ဘုံနယ်မြေ မပြိုကျခင်အချိန်တုန်းက နံပါတ်တစ်ကောင်းကင်ဘုံအင်ပါယာ ချင်လင်းပိုင်ဆိုင်ခဲ့တဲ့ လှိုဏ်ဂူ ဖြစ်နေခဲ့လို့ပဲ…”

“ကောင်းကင်ဘုံအင်ပါယာချင်လင်းက ကောင်းကင်ဘုံနယ်မြေမှာ အသန်မာဆုံးလူတစ်ယောက် ဖြစ်ခဲ့တယ်။ပြောကြတာက ကောင်းကင်ဘုံနယ်မြေ ပြိကျပျက်စီးခဲ့ချိန်တုန်းက ကောင်းကင်ဘုံအင်ပါယာချင်လင်းက မသေဆုံးခဲ့ဖူး ဆိုကြတယ်။သူက တိုက်ခိုက်ပြီးတဲ့နောက် ဒဏ်ရာတွေနဲ့ လွတ်မြောက်သွားနိုင်ခဲ့တယ်…”

“ငါ့အဖေနဲ့ တခြားလူတွေက ရှာတွေ့ခဲ့တဲ့ ဒီလျှိုဝှက်ချက်ကတော့ ကောင်းကင်ဘုံအင်ပါယာချင်လင်းက နောက်ဆုံးလှိုဏ်ဂူထဲမှာ တံခါးပိတ်ကျင့်ကြံခဲ့တယ်ဆိုတဲ့ အော်ရာပဲ ဖြစ်တယ်။သူတို့ ဘယ်လိုရှာတွေ့ခဲ့လဲတော့ ငါမသိဘူး။ဒါ့ကြောင့် ငါ့ကို ဒီအရာနဲ့ ပတ်သတ်လိုတော့ နင် မေးဖို့ မလိုတော့ဘူး…”

သူမက ထိုသို့ ပြောပြီးသည့်နောက် သူမက ဝမ်လင်းကို ကြည့်လိုက်သည်။သူမက ထိုစကားကို အရင်ဆုံးစကြားခဲ့ချိန်တုန်းက အလွန်အမင်း တုန်လှုပ်ခဲ့ရပေသည်။သူမက ထိုအကြောင်းအရာကို စဉ်းစားကြည့်သည်နှင့်ပင် သူမနှလုံးသားက အတောမသပ်နိုင်အောင် တုန်လှုပ်ခဲ့ရပေသည်။

ဝမ်လင်း၏ စိတ်ဓာတ်အင်အားဖြင့် သူ ဘယ်လိုပုံစံသွင်ပြင် ဖြစ်သွားမလဲ သူမက မြင်ချင်မိနေ၏။သူက ထိုလျှို့ဝှက်ချက်ကို ကြားသိရသည့်အခါ အလွန်များ တုန်လှုပ်သွားမလား။ ကံမကောင်းစွာနှင့ သူမက ဝမ်လင်း၏ မပြောင်းမလဲသော အမူအရာကိုသာ တွေ့မြင်လိုက်ရသည်။ဝမ်လင်းအသွင်က နည်းနည်းလေးပင် ပြောင်းလဲသွားခြင်း မရှိပေ။သို့သော် သူ့မျက်လုံးသူငယ်အိမ်ကတော့ သတိမပြုမိလောက်အောင် ယောင်ယောင်လေး ကျုံ့သွားခဲ့၏။

ထိုစကားလုံးများက ဝမ်လင်းစိတ်နှလုံးထဲတွင်တော့ မုန်တိုင်းတစ်ခု ထန်နေစေခဲ့လေပြီ။

သူက ယောင်ရှင်းရွှယ်ပြောပြခဲ့သည့် အကြောင်းအရာများကို ခုနစ်ဆယ် ရာခိုင်နှုန်း ယုံကြည်ပေသည်။ထိုသို့ယုံကြည်ရသည့် အကြောင်းရင်းမှာ သူမပြောလိုက်သည့် ချင်လင်း ဆိုသည့် စကားနှစ်ခွန်းကြောင့် ဖြစ်၏။

ဝမ်လင်းက ယောင်ရှင်းရွှယ် သူ့ကို ထိုလှိုဏ်ဂူထဲသို့ ပထမဆုံး စသွားခဲ့သည့် အချိန်တုန်းက သူမြင်တွေ့ခဲ့သည့် အရာကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။သူက လေဟာနယ်ထဲမှ ထွက်ပေါ်လသည့်အသံကို ကြားရချိန်၌ အသက်ဓာတ်ချိပ်တံဆိပ်များကို အဆင့်ဆင့် စုစည်းခဲ့ရပေ၏။

သူကြားခဲ့ရသည့်အသံမှာ “ငါက ချီလင်း” ဆိုသည့် အသံပင် ဖြစ်သည်။

“ဒါက ဘယ်လိုလှိုဏ်ဂူမျိုးလဲ…ဒီထဲမှာ ရှေးဟောင်းနတ်ဆိုးတွေနဲ့ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်တစ်ခုလည်း ရှိနေတယ်။ ရှေးဟောင်းနတ်ဆိုးက တစ်စုံတစ်ယောက်ကြောင့် အစိတ်အပိုင်းကိုးခုထိ ကွဲသွားခဲ့ရတယ်။ဒါ့ကြောင့်ပဲ သူတို့က ပြန်မပေါင်းစည်းနိုင်ခဲ့ကြဘူး။ ငါက ပျံ့ကျဲပြိုပျက်ခဲ့တဲ့ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်တွေ အကြောင်းတော့ အများကြီး မသိဘူး။ဒါပေမဲ့ ၎င်းနတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ရဲ့ ပြောပုံအရဆိုရင် ၎င်းက ရှေးဟောင်းနတ်ဆိုးမိစ္ဆာထက် အဆင့်နိမ့်လိမ့်မယ်။ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှေးဟောင်းနတ်ဆိုးမိစ္ဆာတစ်ပါး ရှိခဲ့တာများ ဖြစ်နိုင်လား…”

ဝမ်လင်းက အချက်အလက်များကို ပိုသိလာလေလေ သူ့ရှေ့တွင် သူ ဖွင့်လှစ်နိုင်စွမ်း မရှိသေးသည့် မြူလွှာတစ်ခု ပိုကာဆီးလာလေ ဖြစ်သည်ဟု ခံစားနေရသည်။သူက ယောင်ရှင်းရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။ “အတိတ်တုန်းက လှိုဏ်ဂူအတုလေးခုကို ဘယ်လို ခွဲဝေခဲ့ကြလဲ…”

“ရှေ့ဖြစ်ဟောသူနဲ့ လင်းထျန်ဟူတို့က လှိုဏ်ဂူတစ်ခုစီ ရခဲ့ကြတယ်။ကျန်တဲ့လှိုဏ်ဂူတစ်ခုကို တိမ်ကောင်းကင်စုံတွဲက ရရှိခဲ့တယ်။အတိတ်တုန်းက ငါ့အဖေရဲ့ ကျင့်ကြံမှုအဆင့်က သူတို့နဲ့ တိုက်ခိုက်ဖို့ မလုံလောက်ခဲ့ဘူး။ဒါပေမဲ့ သူ့ကံက ကောင်းခဲ့တော့ သူက ဒီလှိုဏ်ဂူရဲ့တည်ရှိမှုကို ရှာတွေ့နိုင်ခဲ့တယ်။တကဘ်တော့ ငါ့အဖေက လွဲလို့ လူတိုင်းက ဒီနေရာမှာ လှိုဏ်ဂူသုံးခုနဲ့ အစစ်တစ်ခုပဲ ရှိတယ်လို့ပဲ ထင်ထားခဲ့ကြတာ…”

“တိမ်ကောင်းကင်စုံတွဲ…” ထိုနာမည်က ဝမ်လင်း အခုမှ ပထမဆုံး ကြားဖူးခြင်းဖြစ်သည်။

“တိမ်ကောင်းကင်စုံတွဲဆိုတာက လွန်ခဲ့တဲ့ထောင်ချီတုန်းက ကျော်ကြားခဲ့တာ။သူတို့က တခြားလူတွေလို ဒီနေရာကနေ ပြန်မထွက်လာဘဲ သူတို့ရဲ့ လှိုဏ်ဂူအတုထဲမှာ ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ဒါက လူအနည်းငယ်လောက်ကပဲ သိကြတာ။ငါက ငါ့အဖေဆီကနေ ဒီကျင့်ကြံမှုစုံတွဲအကြောင်း ကြားခဲ့ရတာ ဖြစ်တယ်…”

ယောင်ရှင်းရွှယ်က ထိုစကားကို ပြောလိုက်ပြီးသည့်နောက် သူမထံမှ မနာလိုမှုနှင့်ဝမ်းနည်းညှိုးငယ်မှုတို့ ထွက်ပေါ်လာသည်။သူမက ထိုစုံတွဲအကြောင်းကို ကြားရချိန်တည်းက ထိခိုက်ခံစားခဲ့ရသည်။ခုချိန် ထိုစုံတွဲအကြောင်းကို ပြန်တွေးမိသည့်အခါ သူမသည် မညှိုးမှိုင်းသွားပဲ မနေနိုင် ဖြစ်ရ၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။သည့်နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်လို့သွားကာ ယောင်ရှင်းရွှယ်သို့ ကြည့်ရင်း ပြောလိုက်၏။ “နင့်အဖေ၊ သွေးဘိုးဘေးက မကြာခင် ရောက်လာတော့မှာ မလား…”

ဝမ်လင်းက ထိုသို့ ပြောလိုက်သည့်အခါ ယောင်ရှင်းရွှယ်၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်သွား၏။သို့ရာတွင် သူမမျက်နှာက အံ့အားသင့်ဟန် ထွက်ပေါ်နေကာ သူမက ပြောလိုက်၏။ “နင် ဘာဆိုလိုတာလဲ ငါ မသိဘူး…” သူမအသွင်က အလွန်အမင်း သဘာဝကျလှကာ တုန်လှုပ်သွားသည့် အရိပ်လက္ခဏာ အနည်းငယ်မျှပင် မပေါ်ထွက်ချေ။

ဒီနှစ်သောင်းနဲ့ ချီတဲ့ အချိန်အတွင်းမှာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက အကြိမ်များစွာ ပွင့်ခဲ့ပြီးပြီး။နင်က ဒီနေရာကို ဘယ်နှစ်ခေါက်လောက် ရောက်ခဲ့ပြီးပြီးလဲတော့ ငါ မသိဘူး။ဒါပေမဲ့ နင်က ဒီလှိုဏ်ဂူထဲကို ဝင်ရောက်တဲ့အချိန်မှာ အပြင်လူတစ်ယောက်ယောက်က ဒါနဲ့ ပတ်သတ်လို့ ရှာတွေ့နိုင်တဲ့ အန္တရာယ် ရှိတယ်။

“ဒီနှစ်ပေါင်းသောင်းနဲ့ ချီတဲ့ အချိန်အတွင်းမှာ နင့်အဖေ သွေးဘိုးဘေးက အချို့အကြောင်းပြချက်တွေ ကြောင့် ဒီထဲကို ဝင်မလာနိုင်မှာ ငါ စိုးရိမ်မိတယ်။ဒါ့ကြောင့်ပဲ နင်ပဲ ဝင်လာခဲ့ရတာ။နင်က လှိုဏ်ဂူထဲကို ဝင်နိုင်ဖို့အတွက် တော်တော်လေး စိတ်ပူပန်နေခဲ့တယ်။နင်က နင့်အဖေ ရောက်ရှိလာဖို့အတွက် ကြိုတင်ပြင်ဆင်နေတာ ဖြစ်မယ်လို့ ငါ ယုံကြည်ထားတယ်…”

ဝမ်လင်းအသံက တည်ငြိမ်လို့နေ၏။သူက အရာအားလုံးကို ဖြည်းဖြည်းချင်း ပြောပြနေပေသည်။

ယောင်ရှင်းရွှယ်က ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေမိသည်။ထို့နောက် သူမက ပြုံး၍ ခေါင်းညိတ်ပြ၏။ “နင်က သိပ်တော်တာပဲ။မှန်တယ်။ ငါ့အဖေက ဒီနေရာကို မကြာခင် ရောက်လာတော့မှာ။ တကယ်တော့ ငါ့အဖေတစ်ယောက်တည်း မဟုတ်ဘဲ နင့်ဆရာ ရှေ့ဖြစ်ဟောသူ၊ တာ့လော့ဓားကလန်က လင်းထျန်ဟူနဲ့ အခြား ထျန်ယွမ်ဂြိုဟ်ပေါ်က မွန်းစတားအိုကြီးတွေပါ ဒီနေရာကို မကြာခင်ရောက်လာလိမ့်ကြမှာ ငါစိုးရိမ်မိတယ်…”

ဝမ်လင်းက မျက်လုံး မှိတ်ထား၏။သည့်နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒါက အပြင်ဘက်ဒီရေလှိုင်းအတွင်းမှာ ပေါ်ထွက်ခဲ့တဲ့ ရွှေရောင်တုန်ကင် ကြောင့်လား…”

ယောင်ရှင်းရွှယ်က ဝမ်လင်းကို တုန်လှုပ်စွာ ကြည့်လိုက်မိသည်။သူမက သည်ဝမ်လင်းသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်နေခဲ့ပြီ ဖြစ်သည်။

“ဒီလူက ဉာဏ်များလွန်းလှတယ်။သူ့မေးခွန်းတွေက ရိုးစင်းပေမဲ့ ငါ ဖြေလိုက်တာနဲ့ သူ့တွက်ချက်မှုတွေထဲ ကျရောက်သွားတော့တာပဲ။ တစ်ဆင့်ပြီးတစ်ဆင့် ငါက မသိလိုက်မသိဘာသာနဲ့ သူ့ကို သတင်းအချက်အလက်တွေ အများကြီး ပေးမိနေခဲ့ပြီ။ဒါ့ကြောင့် ငါက လိမ်ညာလိုက်တာနဲ့ သူက သူ့မှာ ရှိတဲ့ အချက်အလက်တွေကြောင့် ဒါကို ချက်ခြင်း သိသွားနိုင်တယ်။ ဒီလူက…တကယ် ကြောက်ဖို့ ကောင်းလွန်းတယ်…”

ယောင်ရှင်းရွှယ်က ဝမ်လင်း၏ အတားအဆီးကျင့်ကြံခြင်းကြောင့် သူ့စိတ်ထဲတွင် ဆယ်စ၊အဆတစ်ရာလောက် ကောက်ချက်များ ထုတ်ယူနေရသည်ကို မသိပေ။

ဝမ်လင်းက ယောင်ရှင်းရွှယ် စကားပြောမည်ကို မစိုးရိမ်ပေ။သူမက ပြောနေသ၍ သူ့တွင် သူမထံမှ အချက်အလက်များကို ထုတ်ယူနိုင်သည့် နည်းလမ်းများစွာ ရှိနေပေ၏။သူ စိုးရိမ်သည်က ယောင်ရှင်းရွှယ် အရင်တုန်းကလို လုံးဝ စကားမဆိုမှာကိုပင် ဖြစ်၏။

ယောင်ရှင်းရွှယ်က ခေါင်းငုံ့သွား၏။သူမက ဝမ်လင်း၏ အကြည့်ကို အလိုလို ရှောင်ဖယ်မိနေသည်။သူမက ပြောလိုက်ပြန်၏။ “ဒီတုန်ကင်ကို ချင်လင်းရဲ့ ကောင်းကင်ဘုံတုန်ကင်လို့ သိကြတယ်။ဒါက လှိုဏ်ဂူအတုတွေထဲကနေ အစစ်ကို ရောက်ဖို့ တံခါးဖွင့်ရာမှာ အသုံးပြုတဲ့ သော့ချက်တစ်ခုပဲ။လူတစ်ယောက်က ဒီသော့ရှိမှ အစစ်အမှန်လှိုဏ်ဂူထဲ ဝင်ရောက်နိုင်လိမ့်မယ်…”

“ဒါပေမဲ့ အစစ်အမှန်တံခါးဖွင့်ဖို့ တုန်ကင်လေးခုလုံးက လှိုဏ်ဂူအတုလေးခုလုံးကို ဖွင့်လှစ်ဖို့ လိုအပ်တယ်။တစ်ခုတောင် ကျန်ခဲ့လို့ မရဘူး…”

ဝမ်လင်းက မေးလိုက်၏။ “နင် ပြောပုံအရဆိုရင် ရှေ့ဖြစ်ဟောသူနဲ့ တခြားသူတွေက တုန်ကင်သုံးခုပဲ လိုမယ်လို့ ယုံကြည်နေကြမှာပေါ့။နင့်အဖေ သွေးဘိုးဘေးတစ်ယောက်တည်းကသာ အဲ့တုန်ကင်သုံးခုက အစစ်အမှန်လှိုဏ်ဂူကို ဖွင့်ဖို့ မလုံလောက်ဘူးဆိုတာ သိလိမ့်မယ်။ ဒီလိုလား…”

ယောင်ရှင်းရွှယ်က အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်ပြ၏။

“သွေးဘိုးဘေးက တကယ့်ကို ဉာဏ်များတာပဲ။သူက လှိုဏ်ဂူတုတစ်ခုကို ဆုပ်ကိုင်ထားသရွှေ့ လက်ဦးမှုတစ်ခု ရနေတော့မှာပေါ့။သူက ဒါကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်သရွှေ့ လေးခုမြောက်တုန်ကင် ပေါ်လာတာနဲ့ သူက အစစ်အမှန်လှိုဏ်ဂူထဲကို ဝင်ရောက်သွား နိုင်လိမ့်မယ်…”

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သည့်နောက် သူက မေးလိုက်၏။ “ဒီနေရာကို ရောက်လာပြီးတဲ့နောက်မှာ အဲ့တုန်ကင်က ဘယ်နေရာမှာ ပေါ်ထွက်လာမှာလဲ…”

ယောင်ရှင်းရွှယ်က နည်းနည်းတုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။ “ဒီလှိုင်းအသူတစ်ရာချောက်၊ဒါရဲ့ ဝင်ပေါက်က မီးနတ်ဆိုးနိုင်ငံမှာ ရှိတယ်…”

ဝမ်လင်းက မေးခွန်းများ ဆက်မမေးတော့ချေ။သူက ညာလက်ကို ဆန့်တန်းလိုက်ရာ ယောင်ရှင်းရွှယ်သည် နောက်တစ်ကြိမ် ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။သူမကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သွင်းပြီးသည့်နောက် ဝမ်လင်းသည် မျှော်စင်ထဲကနေ ထွက်လာ၏။သူ့မျက်လုံးက နတ်ဆိုးအလင်းကို ပေးစွမ်းနေကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒီနတ်ဆိုးစိတ်ဝိဉာဉ်ကုန်းမြေက ဒီလိုမျိုးလျှို့ဝှက်ချက် ရှိနေတာပဲ။ ငါ့ကျင့်ကြံမှုအဆင့်က ဒီမွန်းစတားအိုကြီးတွေနဲ့ ယှဉ်၍ အလှမ်းကွာလွန်းလှတယ်။ဒါပေမဲ့ ရှေ့ဖြစ်ဟောသူက ငါ့ကို ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲ ဝင်ရောက်စေဖို့ ဘာကြောင့်များ ဆုံးဖြတ်ခဲ့ရတာလဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset