Switch Mode

အပိုင်း(၆၆၁)

အဆင့်ခုနစ်နိုင်ငံ ထျန်ယွမ်ဂြိုဟ်၏ အပြင်ဘက်။

သွေးကြယ်တစ်ခု။

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက်သည် သုံးပေခန့်ရှည်လျားသော ဓားတစ်စင်းကို စီးနင်း၍ အာကာသာဟင်းလင်းပြင်တွင် မြန်ဆန်စွာ ဖြတ်၍ပျံသန်းလျက် ရှိသည်။ အရောင်စုံဝတ်စုံနှင့်အမျိုးသမီးသုံးယောက်က သူမေနောက်သို့ လိုက်လံနေ၏။

ထိုအမျိုးသမီးသုံးယောက်ထဲမှ တစ်ယောက်သည် နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။ “မိန်းမယုတ်…နင်က ကောင်းကင်ရေကလန်ကို သစ္စာဖောက်ပြီး ဂျူနီယာကလန်ခေါင်းဆောင်ရဲ့ တော်ဝင်ရတနာကို ခိုးယူသွားခဲ့တယ်…။နင် ထွက်ပြေးနိုင်မယ်လို့ တကယ် ထင်နေလား။ဒီနေရာက ထျန်ယွမ်ဂြိုဟ်ရဲ့ အာဏာစက်အောက်မှာ ရှိနေရင်တောင် ငါ့တို့ ဒြပ်စင်ငါးခုဂြိုဟ်ကလည်း အဆင့်ခုနစ်နိုင်ငံတစ်ခုသာ ဖြစ်တယ်။နင် ဝေးဝေးထွက်မပြေးနိုင်ပါဘူး…”

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက အံတင်းတင်းကြိတ်ထားသည်။သူမမျက်နှာသည်လည်း အလွန်ဖြူရောကာ နေ၏။သူမ ဝတ်ဆင်ထားသည့်ခရမ်းရောင် ဇာပုဝါသည်လည်း ကျွတ်ကျသွားခဲ့ပြီ ဖြစ်သည်။

“နင့်ခန္ဓာကိုယ်ထဲမှာ ဂူအဆိပ် မိထားတယ်။ ငါက နင်ဘယ်လောက်ဝေးဝေး ထွက်ပြေးနိုင်မလဲ ကြည့်ချင်သေးတယ်…”

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ခါးသီးသည့်ဟန်ပန်ဖြစ်ပေါ်နေသည်။သူမခန္ဓာကိုယ်ထဲရှိ ဂူအဆိပ်သည် အသက်ဝင်လာခဲ့ပြီး ဖြစ်ကာ သူမက လမ်းတစ်လျှောက်လုံး ဖိနှိပ်ထားခံရ၏။ပုံမှန်အားဖြင့် သူမက လွတ်မြောက်နိုင်နေပြီ ဖြစ်သည်။ သို့သော် သူ့ ညီမသည် သူမအား သစ္စာဖောက်ကာ ရန်သူများအား ခေါ်လာခဲ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။

ခုချိန်၌ သူက လောင်စာဆီမရှိသည့် မီးအိမ်တစ်ခုလို ဖြစ်နေပေသည်။သူမက ခန္ဓာကိုယ်ထဲရှိ ဂူအဆိပ်ကို ဆက်လက် မဖိနှိပ်ထားနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးအပြည့် အန်ထုတ်လိုက်ရ၏။သူမမျက်နှာက ပိုဖြူရောလာကာ သူမအောက်ရှိ ဓားပင် အနည်းငယ် ယိမ်းထိုးသွားလေ၏။

သူမက ခါးသက်စွာပြုံး၍ အောက်ရှိ ဓားကို ထိန်းချုပ်ကာ သွေးနီရောင်ဂြိုဟ်တည့်တည့်သို့ တိုးဝင်သွားလေ၏။

သူမနောက်မှ အမျိုးသမီးသုံးယောက်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြပြီး အရှိန်မြှင့်လိုက်ကြ၏။

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် သွေးနီဂြိုဟ်နှင့် နီးကပ်လာကာ လေထုကို ဖြတ်သန်းဝင်ရောက်လာ၏။ သူမက ဂြိုဟ်မျက်နှာပြင်နှင့် နီးကပ်လာချိန်၌ သွေးနီရောင်ခန်းမဆောင်တစ်ခုအား ချက်ခြင်း တွေ့မြင်လိုက်ရသည်။

လူတစ်ယောက်သည် ထိုခန်းမဆောင်ထဲမှ လှမ်းထွက်လာ၏။ထိုလူက အနီရောင်ဆံပင်၊အနီရောင်မျက်ခုံး ပိုင်ဆိုင်ကာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူက မတ်တပ်ရပ်နေကာ သူ့ထံမှ မည်သည့်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မှ ဖြာထွက်မနေသော်လည်း ခန့်ညားဖိနှိပ်နိုင်စွမ်းကို ပေးစွမ်းကာ နေသည်။

သူက ခရမ်းရောင်ဝတ်စုံအမျိုးသမီးနှင့် သူမနောက်သို့ လိုက်ဖမ်းနေသည့် အမျိုးသမီးသုံးယောက်တို့ကို အေးစက်စွာ ကြည့်လိုက်သည်။သူက မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ထွက်သွားကြ…”

အမျိုးသမီးသုံးယောက်အသွင်က အနည်းငယ် ပြောင်းလဲသွား၏။သုံးယောက်ထဲမှ တစ်ယောက်က ခပ်သွက်သွက် လှမ်းပြောလိုက်သည်။ “ဒြပ်စင်ငါးခုဂြိုဟ်ရဲ့ ကောင်းကင်ဘုံရေကလန်က သစ္စာဖောက်တစ်ယောက်ကို လိုက်ဖမ်းနေတာပါ။စီနီယာက ကြားမဝင်ဖို့ မျှော်လင့်ပါတယ်…”

လူငယ့်မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ရိပ်ခနဲ ဖြတ်ပြေးသွားသည်။သည့်နောက် သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ လေပြင်းတစ်ခုကို ဖြစ်စေပြီး သွေးဂြိုဟ်သို့ ဝင်လာနေသည့် အမျိုးသမီးသုံးယောက်အား လွင့်ထွက်သွားစေလိုက်သည်။

“နင့်နာမည် ဘယ်လိုခေါ်လဲ…”

“ဇီရှင်း…။ဂျူနီယာနာမည်က ဇီရှင်းပါ။ အဆင့်ခြောက် ဟင်္သာပြဒါးနိုင်ငံက ကျင့်ကြံသူတစ်ယောက် ဖြစ်ပါတယ်…” ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် သူမရှေ့ရှိ လူကို စူးစိုက်ကာ ကြည့်နေ၏။သည်လူသည် အင်္ကျီလက်အိုးကို တစ်ချက်ခါထုတ်လိုက်ရုံဖြင့် သူမကို လိုက်ဖမ်းနေသော သုံးယောက်အား လွင့်ထွက်သွားစေခဲ့သည့် မဟုတ်လား။သည်လိုကျင့်ကြံသူမျိုးက အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။

ဟင်္ဿာပြဒါးဂြိုဟ်။

ချူနိုင်ငံ၊ တိမ်ကောင်းကင်ကလန်။

တိမ်ကောင်းကင်ကလန်သည် အရင်တုန်းကနှင့် လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ချူနိုင်ငံကိုလည်း ခုလက်ရှိဟင်္သာပြဒါးကျိုးဝူထိုင်က အဆင့်လေးနိုင်ငံအဖြစ် တိုးမြှင့်ပေးခဲ့ပြီး ဖြစ်သည်။၎င်းက အဆင့်လေးနိုင်ငံသာ ဖြစ်သော်လည်း ၎င်း၏ လွှမ်းမိုးနိုင်စွမ်းသည် အခြားအဆင့်လေးနိုင်ငံများထက် အကြီးမားဆုံး ဖြစ်နေ၏။

အဆင့်ငါးနိုင်ငံများအားလုံးပင် သူတို့ ချူနိုင်ငံသို့ ရောက်လာသည့်အခါတွင် လေးစားသမှုထားရပေ၏။အထူးသဖြင့် တိမ်ကောင်းကင်နိုင်ငံနှင့် ရင်ဆိုင်ရချိန်တွင် ဖြစ်၏။

ထိုသို့ ဖြစ်ရသည့်အကြောင်းရင်းမှာ လွန်ခဲ့သော နှစ်သုံးလေးရာလောက်က ဝမ်လင်းဆိုသည့် ကျင့်ကြံသူကြောင့်ပင်။ဟင်္ဿာပြဒါးဂြိုဟ်ပေါ်၌ သူ့လိုမျိုး လူတစ်ယောက်တည်းကြောင့် လှုပ်ခတ်မှုမျိုး ဘယ်သောအခါမှ မဖြစ်ပွားခဲ့ပေ။

တိမ်ကောင်းကင်ကလန်က အဆင့်လေးနိုင်ငံ ဖြစ်လာပြီးသည့်နောက် သူတို့သည် တစ်နိုင်ငံလုံး၏ အကူအညီဖြင့် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများအသုံးပြုကာ ရုပ်တုကြီးတစ်ခုကို တည်ဆောက်ခဲ့ပေသည်။

သည်ရုပ်တုမှာ အနက်ရောင်ဝတ်စုံနှင့်အမျိုးသား တစ်ယောက်ဖြစ်၏။သူ့မျက်လုံးများက စဉ်းစားတွေးတောနေဟန်ရသည်။သူက ချောမောလှခြင်းမရှိသော်လည်း သည်ကမ္ဘာနှင့်မသက်ဆိုင်သလို ခံစားချက်ကို ပေးစွမ်းနေသည်။သူက စဉ်းစားတွေးတောဟန် ပြုနေရင်း ညာလက်ဖြင့် ချပ်တံဆိပ်လက်ဟန်တစ်ခုကို ပုံဖော်ထားသည်။

သည်ရုပ်ထုထံမှ ခန့်ညားထည်ဝါမှုတို့ကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်အား ပျံ့နှံ့စေနေ၏။

ထိုရုပ်ထုတည်ရှိရာနေရာသည် တိမ်ကောင်းကင်ကလန်ပင် ဖြစ်သည်။ထိုနေရာသည် မရေမတွက်နိုင်သော တိမ်ကောင်းကင်ကလန်၏ တပည့်များ အလေးအမြတ်ပြုရာ နေရာလည်း ဖြစ်နေသည်။သည့်အပြင် ချူနိုင်ငံရှိ ကျင့်ကြံသူများအားလုံး အလေးထား၊လေးစားသော အရာလည်း ဖြစ်သေးသည်။ယင်းရုပ်တုက ဟင်္ဿာပြဒါးနိုင်ငံ၏ သမိုင်းဝင်တစ်ခု ဖြစ်ချေ၏။

ခုချိန်၌ လူအိုတစ်ယောက်နှင့်လူငယ်တစ်ယောက်တို့သည် တိမ်ကောင်းကင်ကလန်ရှိရာသို့ လှေကားထစ်များအတိုင်း လှမ်းတက်လာနေကြသည်။

သူတို့နေရာကနေ ထိုဧရာမရုပ်တုကြီးကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေသည်။လူငယ်၏မျက်နှာက သိလိုစိတ်ဖြည့် ပြည့်နေကာ သူက မေးမြန်းလိုက်၏။ “အဘိုး…ဒါက အဘိုး ပြောပြတဲ့လူရဲ့ ရုပ်တုလား…”

အဘိုးအိုက ရုပ်ထုကို ကြည့်ကာ အတိတ်ကို ပြန်အောက်မေ့သွားသည်။အချိန်အတန်ကြာပြီးနောက် သူက လူငယ်၏ ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။ “လူလေး…တိမ်ကောင်းကင်ကလန်ရဲ့ ခေါင်းဆောင်က ဘာလို့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်နိုင်ခဲ့လဲ သိလား။ဘာကြောင့် ချူနိုင်ငံရဲ့ ကလန်အားလုံးက တိမ်ကောင်းကင်ကလန်ဟာ သူတို့ရဲ့ အုပ်ချုပ်သူအဖြစ် သတ်မှတ်ထားခဲ့ကြတာလဲ…”

“အဆင့်ငါးနိုင်ငံက ကျွမ်းကျင်သူတွေတောင် ဒီနေရာကို ရောက်လာရင် လေးစားသမှုထားရတာ ဘာကြောင့်လဲ။ဒါတွေအားလုံးက ဒီရုပ်တုကြောင့်ပဲ ဖြစ်တယ်…”

လူငယ်က မှင်တက်သွားမိသည်။သည့်နောက် သူက ပြုံး၍ ဆိုလာ၏။ “ဒါက ထူးဆန်းတယ်…။ရုပ်တုတစ်ခုက ဘယ်လိုလုပ် လူတိုင်းကို လေးစားနေအောင် ပြုလုပ်နိုင်ရတာလဲ…”

အဘိုးအိုက သက်ပြင်းချကာ ပြောပြလိုက်သည်။ ဒီရုပ်တုရဲ့လူက ဒီနေရာမှ အချိန်တိုလောက်သာ ကျင့်ကြံခဲ့ပေမဲ့လည်း ဒီနှစ်လေးငါးရာအတွင်းမှာ သူ့လိုမျိုး ဟင်္သာပြဒါးဂြိုဟ်ကို မုန်တိုင်းထန်စေနိုင်ခဲ့တဲ့လူ မမြင်ခဲ့ရတော့ဘူး။ပြောကြတာကတော့ သူက နှစ်နှစ်ရာလောက် ကျင့်ကြံပြီးတဲ့နောက် နတ်ဆိုးပင်လယ်မှာ မွှေနှောက်ခဲ့တယ်တဲ့။သူက မိန်းမလှတစ်ယောက်ကို ကယ်တင်ပြီး တိမ်ကောင်းကင်ကလန်တစ်ခုလုံးကိုလည်း တုန်လှုပ်စေခဲ့သေးတယ်။သူက ကျောက်နိုင်ငံတစ်လျှောက်မှာ သတ်ဖြတ်ခဲ့ပြီး သွေးတွေကို မြစ်တွေလို စီးဆင်းစေခဲ့တယ်။ကျောက်နိုင်ငံရဲ့ ထျန်မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရပြီး ကျောက်နိုင်ငံတစ်ခုလုံးက သုသာန်တစ်စပြင် ဖြစ်ခဲ့ရတယ်…”

“ပြောကြတာကတော့ သူက ကောင်းကင်ဘုံနယ်မြေကို သွားရောက်ခဲ့ပြီး အနီရောင်လိပ်ပြာရဲ့ လက်တစ်ဖက်ကို ဖျက်နိုင်ခဲ့တယ်။သူက လျိုမေနဲ့ ချန်းဖန်တို့ကို ရှုံးနိမ့်စေခဲ့ပြီး စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ခေါင်းဆောင် သွန်းထျန်ကို သူ့ဆရာအဖြစ် လက်ခံခဲ့တယ်။သူက ရွှမ်ယွဲ့နိုင်ငံကို ဖျက်စီးပြီး ဘီလူးနတ်ဆိုးကလန်ဘိုးဘေးကို သတ်ပစ်ခဲ့တယ်။အဲ့နောက်မှာ သူက စွန့်ပစ်ခံမသေမျိုးကလန်နဲ့ တိုက်ပွဲအတွင်းမှာ တော်တော်လေး ဆက်ပြီး ကျော်ကြားလာခဲ့တယ်။သူက ဟင်္ဿာပြဒါးအုတ်ဂူထဲမှာ ဟင်္ဿာပြဒါးဂြိုဟ်သလင်းကျောက်ကို ရရှိနိုင်ခဲ့သေးတယ်။ သူက လူအများအပြားကို ချနင်းပြီး ဟင်္ဿာပြဒါးဂြိုဟ်သလင်းကျောက်ကို အရင်ဆုံးရနိုင်ခဲ့တာ ဖြစ်တယ်…”

“သူက ဟင်္ဿာပြဒါးနိုင်ငံရဲ့ ခေါင်းစီး ဖြစ်လာနိုင်ခဲ့တယ်။ဒါပေမဲ့ သူက ဒါကို ငြင်းဆိုပြီး ခုလက်ရှိဟင်္ဿာပြဒါးဖြစ်တဲ့ ကျိုးဝူထိုင်ကို လက်လွှဲပေးခဲ့တယ်…”

လူငယ်က အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။ “သူက ဟင်္ဿာပြဒါးခေါင်းစီးနေရာကို တကယ် ငြင်းဆန်ခဲ့တာလား…”

“ခုလက်ရှိဟင်္ဿာပြဒါးခေါင်းစီး ကျိုးဝူထိုင်က ကြီးမားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပွားတိုင်း ဒီနေရာကိုလာပြီး ဒီရုပ်တုကို တိတ်တိတ်ဆိတ်ဆိတ်လာကြည့်တာ လူလေး ဘာကြောင့်လို့ ထင်လဲ…။ဟင်္ဿာပြဒါးဂြိုဟ်မှာ အဲ့လူ မမွေးဖွားခင်တုန်းကတော့ တော်ဝင်နေရာဟာ ဟင်္ဿာပြဒါးတောင်သာ ဖြစ်ခဲ့တယ်။ ခုဒီဂြိုဟ်ရဲ့တော်ဝင်နေရာက ဒီတိမ်ကောင်းကင်ကလန်ပဲ…”

လူငယ်က ပါးစပ်ဟောင်းလောင်း ဖြစ်သွားမိသည်။သူက အရင်တုန်းက သည်အကြောင်းမျာကို ဟိုတစ်စသည်တစ်စ ကြားခဲ့ဖူးသော်လည်း ယနေ့လို အသေးစိတ် မကြားခဲ့ရေပေ။သူ့နှလုံးက ခုန်ပေါက်နေကာ သူ့မျက်နှာလေးကလည်း စိတ်လှုပ်ရှားဟန်ဖြင့် ပြည့်နေ၏။သူက ပြောလိုက်သည်။ “အဘိုး…ငါ အနာဂတ်မှာ သူ့လို ဖြစ်ချင်တယ်။သူ့နာမည်က ဘယ်သူများလဲ။သူက ခုဘယ်ကို ထွက်သွားခဲ့တာလဲ…”

“သူ့နာမည်က ဝမ်လင်း။ သူ ဘယ်နေရာကို သွားလဲတော့ ငါလည်း မသိဘူး။ဒါပေမဲ့ သူ ဘယ်နေရာကိုပဲ သွားသွား သူလိုလူမျိုးက သာမန်ဖြစ်နေမှာတော့ မဟုတ်ဘူး…”

အဘိုးအိုက သက်ပြင်းချကာ ခါးသီးစွာ ဆိုလိုက်၏။ “မင်းအဘိုးက တစ်ခါတုန်းက သူနဲ့ ပတ်သတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက ငါ့ကို မေ့သွားမှာ စိုးရိမ်မိတယ်…”

လူငယ်က စိတ်လှုပ်ရှားဟန်ဖြင့် စကားပြောဟန် ပြင်လိုက်စဉ်မှာပင် တောင်ခြေမှ ကျားဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။သည်ကျားဟိန်းသံက ထည်ဝါလွှမ်းမိုးလှကာ အပင်များအားလုံးကို ယိမ်းခါသွားစေသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်အစင်း ကျားတစ်ကောင်က တောင်ခြေမှ ထိပ်သို့ ခုန်တက်သွားသည်။ထိုကျားပေါ်၌ အမျိုးသမီးတစ်ယောက် ထိုင်နေလျက်ရှိသည်။သူမက အသက်နှစ်ဆယ်လောက်သာ ရှိသေးကာ အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသည်။သူမအင်္ကျီစများက လေနှင့်အတူ လွင့်မြောနေကာ သူမအား မြင့်မြတ်စေသည်။

သည်အမျိုးသမီးက အချောလှဆုံး မဟုတ်သော်လည်း သူမသည် ပန်းရောင်အသားအရည်လေးနှင့် လွန်စွာ နူးညံ့သည့်ပုံ ပေါ်နေသည်။သူမမျက်လုံးများက သူမ၏ ဉာဏ်ရည်ဉာဏ်သွေးကို လှစ်ပြကာ နေသည်။

“အဖြူကောင်လေး…မြန်မြန်…” ထိုအမျိုးသမီးအသံက သာယာစွဲဆောင်နိုင်လွန်းလှ၏။

သူမအောက်ရှိ ကျားကြီးက နောက်ထပ် ဟိန်းသံပြုကာ တိမ်ကောင်းကင်ကလန်သို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့သည်။သူတို့က တောင်ပေါ်ရှိ ရုပ်တုဘေးနား၌ ရပ်တန့်လိုက်ကြ၏။ကျားကြီးက ထိုရုပ်တုကို ကြည့်လိုက်၏။ ၎င်းမျက်လုံးထဲ၌ အထင်သွေးဟန်တို့ ဖြစ်ပေါ်သွားကာ စိတ်ထဲ၌ တွေးလိုက်သည်။ “ဒီကောင်မလေးက ရူးကြောင်လွန်းတယ်။သူက ဒီလူ့ကို ဘာကြောင့်များ ရှာနေရတာလဲ။ဟင်္ဿာပြဒါးဂြိုဟ်မှာ နေတာကမှ အများကြီး ပိုကောင်းဦးမယ်။ဒီအရှင်ကျားက ဒီနေရာမှာ ကျားမတွေ အများကြီး ဝန်းရံနေတာလေ။ ဒါ့ကြောင့် အနာဂတ်မှာ ဒီဂြိုဟ်က ထွက်ခွာရင် ငါက သူတို့ကို ခွဲခွာရတော့မှာပေါ့။ဒါပေမဲ့ ဒီကောင်မလေး တစ်ခါပြောဖူးတာကတော့ ဟင်္ဿာပြဒါးဂြိုဟ် ပြင်ပမှာ ကျားမလှလှလေးတွေ အများကြီးရှိတယ်တဲ့…”

အမျိုးသမီးက ရုပ်တုကို ငေးကြည့်နေရင်း တိုးညင်းစွာ ပြောလိုက်၏။ “ဦးလေး…ယုအာလေးက အမြုတေဖွဲ့တည်ခြင်းအဆင့်ကို ရောက်နေပါပြီ။ဒါမြန်လွန်းတယ်မလား။ယုအာက လုံလဝီရီယရှိရှိ ကြိုးစားနေပါတယ်။အဘိုးထိုင်ယန် နစ်ခါ ပြောဖူးတာကတော့ ယုအာ စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်တာနဲ့ ဦးလေးထားခဲ့တဲ့ သိုလှောင်အိတ်ကို ပေးမယ်တဲ့။ဦးလေး…ငါက စဦးစိတ်ဝိညာဉ်အဆင့်ကို ကျိန်းသေရောက်အောင် လုပ်နိုင်မှာပါ…”

တိုးညှင်းသောသက်ပြင်းချသံက လေဟာနယ်ထဲကနေ ထွက်ပေါ်လာ၏။သည့်နောက် အရပ်ရှည်ရှည်အဘိုးအိုတစ်ယောက်သည် တိမ်ကောင်းကင်ကလန်ကနေ လှမ်းလျှောက်လာ၏။သူက တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ ခန့်ညားထည်ဝါမှုကို ပေးစွမ်းနေသည်။

သူက ရုပ်တုဘေးနားသို့ ရောက်လာ၏။ပထမဆုံး သူက ရုပ်တုကို ဦးညွတ်သည်။သည့်နောက် အမျိုးသမီးနှင့်ကျားတို့ကို ကြည့်လိုက်၏။သူ့မျက်လုံးထဲ၌ ကြင်နာမှုနှင့်ချစ်ခြင်းတရားတို့ ပြည့်နှက်နေသည်။သူက ပြောလိုက်၏။” ယုအာ…နင်က နင့် နှလုံးသားဆန္ဒနောက်ကို လိုက်ပါရမယ်။နင်က နင့်ကိုနင် စဦးစိတ်ဝိညာဉ်အဆင့်နောက်ကိုပဲ အတင်းရောက်အောင် လိုက်ပါနေရင် နင်က လမ်းကြောင်းမှား သွားနိုင်ပြီး အလိုက်သင့်စီးမျောမှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်…”

အမျိုးသမီးက ရုပ်တုကို ကြည့်နေရင်းဖြင့် ခပ်တိုးတိုး ပြန်ပြောလိုက်သည်။ “ဘိုးဘိုး ထိုင်ယန် အတိတ်တုန်းက ဦးလေးက ကျောက်နိုင်ငံကနေ ထွက်ခွာပြီး နတ်ဆိုးပင်လယ်ကို သွားခဲ့တယ်။သူက အဲ့တုန်းက စဦးစိတ်ဝိညာဉ်အဆင့်ကို မထိတွေ့နိုင်သေးခဲ့ဘူးမလား…။ဒါ့ကြောင့် လူတစ်ယောက်ရဲ့နှလုံးသားနောက်ကို လိုက်ပါခြင်းက အမြဲမှန်တဲ့ အကြံဉာဏ်တော့ မဟုတ်လောက်ပါဘူး…”

ဤအဘိုးအိုက ထိုင်ယန်ပင် ဖြစ်ချေသည်။ဝမ်လင်းက သူ့ကို လမ်းညွှန်မှုအချို့ ပေးပြီးနောက် သူက စဦးစိတ်ဝိညာဉ်အဆင့်ကို ချိုးဖျက်ကာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပေသည်။သူက ကျေးဇူးတင်ခြင်းအပြင် ဝမ်လင်းအပေါ် လေးစားမှုက ပိုလေ၏။သူက ဝမ်လင်းထားခဲ့သော သိုလှောင်အိတ်ကို ထိတွေ့ဖွင့်ကြည့်ခဲ့ခြင်းမရှိပေ။သူက ဖွင့်ကြည့်မဝံ့ပေ။

သူက ဝမ်လင်း မထွက်ခင်က ဝမ်လင်း၏ တည်ငြိမ်သော အကြည့်ကို လုံးဝ မေ့မရနိုင် ဖြစ်ရ၏။

ကျိုးယုက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ထိုင်ယန်ထံသို့ ကြည့်လိုက်၏။သူမက ပြုံး၍ ပြောလိုက်သည်။ “ဘိုးဘိုးထိုင်ယန်…ဒီလာတဲ့လမ်းမှာ ငါ ခုလက်ရှိဟင်္ဿာပြဒါး ဦးလေးကျိုးကို တွေ့ခဲ့တယ်။သူက ငါ့ကို ဟင်္ဿာပြဒါးတောင်မှာ လာကျင့်ကြံစေချင်နေတယ်။သူပြောတာက ငါ့ကျင့်ကြံမှု အဲ့နေရာမှာဆိုရင် ပိုမြန်ဆန်လိမ့်မယ်တဲ့။ဒါ့ကြောင့် ယုအာက ဒီနေ့ ဒီနေရာကိုလာတာ နှုတ်ဆက်မလို့ပါ…”

ထိုင်ယန်က ဟင်္ဿာပြဒါးဂြိုဟ်ပေါ်တွင် ကျိုးယု၏အဆင့်အတန်းသည် အထူးနေရာ၌ ရှိနေသည်ကို နားလည်ထားပေသည်။သူမက ဟင်္ဿာပြဒါးဂြိုဟ်၏ မင်းသမီးလေးဟုပင် ပြော၍ ရ၏။ဝမ်လင်းနှင့် အရင်တုန်းက တွေ့ဆုံခဲ့ဖူးသည့်လူတိုင်းက သူမအပေါ်၌ အလွန်ယဉ်ကျေးစွာဆက်ဆံကြသည်။ထိုအရာက သူတို့၏ ဝမ်လင်းအပေါ် ကြောက်ရွှံ့မှု သို့မဟုတ် လေးစားမှုတို့ကြောင့် ဖြစ်ပေသည်။

စွန့်ပစ်ခံမသေမျိုးကလန်ပင် ကျိုးယုအပေါ်၌ အလွန်ယဉ်ကျေးပေ၏။ပုံမှန်အားဖြင့် ထိုကလန်သည် သူတို့၏ ပိုင်နက်ထဲသို့ မည်သည့်ကျင့်ကြံသူကိုမျှ ဝင်ရောက်ခွင့်မပြုပေ။သို့သော် ကျိုးယုကတော့ ချွင်းချက်ပေးရသည့်လူအနည်းငယ်ထဲက တစ်ယောက် ဖြစ်နေ၏။

ကျိုးယုသည် ဟင်္ဿာပြဒါးဂြိုဟ်ပေါ်၌ မည်သည့်အန္တရာယ်ကိုမှ မတွေ့ရနိုင်ဟုပင် ပြော၍ရ၏။ကျိုးယုထိုင်အပြင် စွန့်ပစ်ခံမသေမျိုးကလန်မှ ယွမ်ချွဲဇီနှင့် အခြား ကျင့်ကြံမှုအဆင့်မြင့်သည့်လူများက သူမကို အသက်ကယ်ရတနာများစွာ ပေးထားခဲ့ပေ၏။သာမန်ကျင့်ကြံသူများက သည်အမြုတေဖွဲ့တည်ခြင်းအဆင့်မိန်းကလေးကို တိုက်ခိုက်လိုလျှင်ပင် သူတို့က အနိုင်ရနိုင်မည် မဟုတ်ပေ။

သည့်အပြင် ဟင်္ဿာပြဒါးတောင်၏ စေလွှတ်ထားသော ကျွမ်းကျသူများနှင့် ဘီလူးနတ်ဆိုးကလန်မှ ခေါင်းဆောင် ချီဟူတို့ပင် သူမနောက်သို့ လိုက်ပါကြပေ၏။သူတို့က အချိန်မရွေး သူမကို ကာကွယ်ပေးဖို့ အသင့်ဖြစ်နေ၏။ထို့ကြောင့် သူမသည် မည်သည့်အန္တရာယ်မှ ရင်ဆိုင်မတွေ့ခဲ့ရပေ။

သူမကို ကာကွယ်ပေးသည့်လူများတွင် တိမ်ကောင်းကင်ကလန်မှ လူများလည်း ပါဝင်ကြ၏။

အနည်းငယ် စဉ်းစားပြီးနောက် ထိုင်ယန်သည် ခေါင်းငြိမ့်ကာ ကြင်နာစွာ ပြောလိုက်၏။ “ကောင်းပြီ…သမီးက ဟင်္ဿာပြဒါးတောင်မှာ ကောင်းကောင်း ကျင့်ကြံချေ။သမီးက စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်တဲ့တစ်နေ့မှာ ငါက ကျေးဇူးရှင်ထားခဲ့တဲ့ အရာတွေ သမီးကို ပေးပါ့မယ်…”

ကျိုးယုက ပြုံးလိုက်၏။သည့်နောက် သူမက ပြန်လှည့်ကာ ရုပ်တုထံသို့ အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။ထို့နောက်မှာတော့ သူမက ကျား၏ ခေါင်းကို ပွတ်ကာ ပြောလိုက်သည်။ “အဖြူကောင်လေး…ငါတို့ ဟင်္ဿပြဒါးတောင်ကို သွားကြစို့…”

အဖြူကောင်လေးက ဟိန်းသံပြုကာ လေထဲသို့ ခုန်တက်၍ မိုးကုပ်စက်ဝိုင်းစွန်းသို့ ပျောက်ကွယ်သွားလေတော့၏။

“ဒီအရှင်ကျားက ဒီနှစ်တွေမှာ ဝမ်လင်းရဲ့ခွန်အားကို ချီးငှားခဲ့တယ်လို့ ပြောလို့ရတယ်။အရင်တုန်းက ငါ့ကို ဖမ်းချင်တဲ့ ကျင့်ကြံသူတွေက ခု ငါ့ကိုမြင်တာနဲ့ လေးလေးစားစား ဆက်ဆံကြတယ်။ထားလိုက်ပါလေ…ဒီကောင်မလေးကတော့…သူမက ဟင်္ဿပြဒါးဂြိုဟ်က ထွက်သွားချင်တယ်ဆိုရင်လည်း ဒီအရှင်ကျားက သူမနဲ့အတူ လိုက်ပေးရမှာပေါ့…”

အဖြူကောင်လေးက လေထဲ၌ ပျံနေရင်း သူ့နှုတ်ခမ်းထောင့်က သွားရည်များ ကျလာလေ၏။ သူက ဟင်္ဿာပြဒါးဂြိုဟ်အပြင်ဘက်ရှိ ကျားမများအကြောင်း တွေး၍ ထိုသို့ သွားရည်ကျနေသည် ဟုတ်လား၊မဟုတ်လားတော့ ဘုရားသာ သိပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset