ချပ်ဝတ်နှင့်လူကြီးထံမှ ထွက်ပေါ်လာသည့် နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်သည် ဝမ်လင်းသွေးကနေ ဖြစ်တည်လာသည့် ရှေးဟောင်းနတ်ဆိုးအား စူးရဲစွာ ကြည့်လိုက်သည်။သည့်နောက် ၎င်းက ထိုးဖောက်စွမ်းအားအပြည့်ဖြင့် ချွန်မြသည့် ကုတ်ဆွဲချက်တစ်ခုကို ထုတ်ဖော်သည်။နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က ချပ်ဝတ်နှင့်လူကြီးထဲသို့ ပြန်ကျုံ့ဝင်သွား၏။ထိုလူကြီး၏ မျက်လုံးများက အံမခန်းနတ်ဆိုးမီးတောက်များကို ထုတ်လွှတ်လို့နေသည်။
ထို့နောက် ၎င်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ သူ့ရှေ့၌ ဧရာမနတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ပုံရိပ်ယောင်ကြီး တစ်ခု ပေါ်လာလေသည်။
ရှေးဟောင်းနတ်ဆိုးပုံရိပ်၏ မျက်လုံးက လက်ခနဲဖြစ်သွား၏။သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးမြူတစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာသည်။နတ်ဆိုးမြူက လူကြီးကို ဝန်းရံထွေးပိုက်သွားကာ ကောင်းကင်ထက်သို့ ထိုးတက်သွားလေ၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်မှ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်စွမ်းအင် အလင်းမျက်နှာပြင်သည် ဆင်းသက်လာကာ နတ်ဆိုးကောင်းကင်တစ်မြို့လုံးကို လွှမ်းခြုံသွားလေသည်။ရှေးဟောင်းနတ်ဆိုးနှင့် နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်တို့သည် ကောင်းကင်ထက်ရှိ မြူထဲ၌ တိုက်ပွဲကြီးတစ်ခု စတင်တော့၏။
ကောင်းကင်ထက်မှ တုန်ခံသံများ ထွက်ပေါ်နေ၏။တစ်ခါတစ်ရံ နတ်ဆိုးမီးတောက်များက ကောင်းကင်ထက်၌ ပြည့်သည်။နောက်တစ်ဖန် နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်စွမ်းအင်က သည်ဧရိယာကို လွှမ်းခြုံလိုက် ဖြစ်နေတော့၏။
ဝမ်လင်းက မြေပြင်ပေါ်၌ ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။သူက ကျင့်ကြံနေရင်း ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။သူက ကောင်းကင်ထက်ရှိ မြူလွှာအတွင်းမှ ဖြစ်ပွားနေသည့် တိုက်ပွဲကို တွေ့မြင်နေပေသည်။
ထိုမြင်ကွင်းက ဝမ်လင်းနှလုံးသားကိုပင် တုန်ယင်စေ၏။ရှေးဟောင်းနတ်ဆိုးနှင့် နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်တို့ တိုက်ခိုက်မှု စွမ်းအားက ကမ္ဘာလောကကိုပင် နှစ်ခြမ်းကွဲသွားစေဖို့ လုံလောက်နေ၏။
ဝမ်လင်းမျက်လုံးက တောက်ပသထက် တောက်ပလာ၏။သူက ဆက်လက်ကြည့်ရှုကာ ဆက်၍ပင် ကျင့်ကြံခြင်း မပြုတော့ပေ။ထိုအစား သူ့လက်ကို ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲမှ အမျိုးမျိုးသောမန္တာန်များ၏ ချိပ်တံဆိပ်တစ်ခုပြီးတစ်ခုကို အလိုလို လုပ်ဆောင်နေမိ၏။
သူက သည်ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေသော်လည်း ယင်းတံဆိပ်များနောက်ကွယ်တွင်တော့ မည်သည့်တိုက်ခိုက်မှုစွမ်းအားမှ ရှိမနေချေ။
သို့ရာတွင် ထိုအခိုက်အတန့်၌ သူ့မူလစိတ်ဝိညာဉ်နှင့် ထူးဆန်းစွာ ချိတ်ဆက်ထားမှုမှ တစ်ဆင့် နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ကုန်းမြေ၏ အပြင်ဘက် အရှေ့ဘက်နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ပင်လယ်နှင့် မရေမတွက်နိုင်သော ကီလိုမီတာကွာဝေးသော ဂြိုဟ်ငယ်တစ်လုံးပေါ်တွင်တော့ ဖိနှိပ်နိုင်စွမ်းသော စွမ်းအားတစ်ခုသည် ပေါက်ကွဲထွက်နေလေသည်။
ဆံပင်နီနှင့် ဝမ်လင်း၏ မူလခန္ဓာကိုယ်သည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့၏။သူမျက်လုံးဖွင့်လာသည့် အခိုက်၌ပင် သူ့လက်က စတင်လှုပ်ရှားလကာ အမျိုးမျိုးသော ချိပ်တံဆိပ်များကို ဖြစ်ပေါ်နေစေတော့သည်။
မူလခန္ဓာကိုယ်၏ အနီရောင်ဆံပင်များက လွင့်မြောနေကာ သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်များသည် တဖျပ်ဖျပ် လင်းလက်တောက်ပနေသည်။သူ့လက်ဟန်ကို ဆက်လက်ပြောင်းလဲနေရင်း ထိုကြယ်များသည် ပိုမို တောက်ပလာနေ၏။သည့်နောက် သူ့လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်ကားလိုက်ကာ ပြောလိုက်၏။ “စုပ်ယူစမ်း…”
ထိုစကားတစ်ခွန်းဖြင့်ပင် သွေးငယ်သောဂြိုဟ်က စတင်တုန်ခါလာချေ၏။ဂြိုဟ်၏ စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများက ဂြိုဟ်အတွင်းပိုင်းသို့ ဦးတည် ရွှေ့လားလာကာ မူလခန္ဓာကိုယ်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းလသည်လည်း နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ကုန်းမြေ၌ တူညီသော လှုပ်ရှားမှုကို ပြုလုပ်နေပေသည်။သူက ကောင်းကင်ထက်ရှိ ထူထဲသောမြူလွှာကို စူးစိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း ပြုံးယောင်သမ်းလာ၏။
“ရှေးဟောင်းနတ်ဆိုးနဲ့ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်တို့ တိုက်ပွဲက ငါ့ကို ရှေးဟောင်းနတ်ဘုရားရဲ့မန္တာန် အချို့ကို နားလည်စေခဲ့တယ်။ငါ့မူလခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးကတော့ မှန်းဆလို့တောင် ရမှာ မဟုတ်တော့ဘူး…”
ထိုတိုက်ပွဲက သုံးရက်တိုင်တိုင် ကြာမြင့်လာ၏။ဝမ်လင်း ဆုံးရှုံးသွားခဲ့သော သွေးများသည်လည်း ပြန်ပြည့်လာကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က သူ့ခန္ဓာကိုယ်အား ဝန်းပတ်နေပြီး သူ့ရိုးတွင်းခြင်ဆီကို လှုံ့ဆော်၍ ပိုများသောသွေးများကို ဖန်တီးပေးနေ၏။
ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်နေရင်း သူ့ညာလက်က ချိပ်တံဆိပ်တစ်ခုကို ဖန်တီးကာ အထက်သို့ ညွှန်လိုက်၏။ တစ္ဆေလောကမြစ်သည် သူ့ပတ်လည်၌ ရုတ်တရက် ပေါ်လာချေသည်။မရေမတွက်နိုင်သော ခြေလက်အင်္ဂါများသည် မြစ်အတွင်း၌ မြင်နေရကာ ၎င်းမြစ်ထံမှ ငြီးသံများ ထွက်ပေါ်နေလေ၏။
“နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်…ငါ ဝမ်လင်းက အားနည်းပေမဲ့လည်း ငါက မင်း အလွယ်တကူ သတ်ပစ်နိုင်တဲ့ လူမျိုးမဟုတ်ဘူး…”
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်အပိုင်းအစတစ်ကုဠေအလံကို ထုတ်ယူလိုက်၏။သူက ၎င်းအလံကို တစ္ဆေလောကမြစ်ထဲသို့ ပစ်သွင်းလိုက်သည်။
စိတ်ဝိညာဉ်အလံက တစ္ဆေလောကမြစ်ထဲသို့ ဝင်ရောက်သွားသည့်အချိန်၌ စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာသည် ထွက်ပေါ်လာလေသည်။
ဝမ်လင်းမျက်လုံးများက အေးစက်လာကာ အတားအဆီးအလံကို ထုတ်ယူလိုက်၏။အရင်တုန်းက သည်အလံသည် နတ်ဘုရားပြစ်ဒဏ်ကို ခုခံရာတွင် အသုံးပြုခဲ့သဖြင့် ထိခိုက်ခဲ့ပေသည်။အလံအထဲရှိ အတားအဆီးများစွာသည်လည်း ပျက်စီးသွားခဲ့ရ၏။၎င်းအလံအတွင်း၌ အတားအဆီးများစွာ မကျန်တော့သော်လည်း ဝမ်လင်းက ၎င်းကို တစ္ဆေလောကမြစ်အတွင်းသို့ ပစ်လွှတ်လိုက်ပေ၏။
ထိုသို့ပြုလုပ်ပြီးသည့်နောက် နောက်တစ်လှည့်က ကောင်းကင်ဘုံဓားပင်။ရှုလီကော အလွန်ငြင်းဆန်လိုသော်လည်း ခုချိန်တွင် ဝမ်လင်းကို ဆန့်ကျင်ငြင်းဆန်ရဲခြင်း မရှိပေ။သူက စိတ်ထဲ၌သာ ကြိတ်၍ သက်ပြင်းချကာ တွေးနေမိ၏။ “ထားလိုက်ပါလေ…ငါတို့က ကောင်းကင်နတ်ဆိုးမြို့ကို ပြန်ရောက်နေပြီပဲ။ အလှလေးကလည်း ငါ့ကို စောင့်နေရတာ ဆယ်နှစ် ရှိနေပြီ။သူမက ငါ့ကို ယုံကြည်နေတုန်းလား ငါသိချင်မိတယ်…” သူက ထိုသို့တွေးနေရင်းဖြင့် တစ္ဆေလောက်မြစ်အတွင်းသို့ ပစ်ချခြင်း ခံလိုက်ရသည်။သူ့နောက်တွင်တော့ လခြမ်းကွေးဓားသွားက ကပ်၍ ပါသွား၏။
သည့်နောက် စိတ်ဝိညာဉ်ကျာပွတ်။ဓားအိမ်များ၊ မိုယန်၏ဓားတို့ကိုပါ တစ္ဆေလောကမြစ်အတွင်းသို့ ပစ်လွှတ်လိုက်လေ၏။ နောက်ဆုံးတွင် စစ်ရထားနှင့် အံ့ဖွယ်ပန်းချီကားကလွဲ၍ ဝမ်လင်းက သူ့ရှိ ရတနာအားလုံးနီးပါးကို တစ္ဆေလောကမြစ်အတွင်းသို့ ပစ်လွှတ်ခဲ့ပြီး ဖြစ်၏။
တစ္ဆေလောကမြစ်အတွင်း၌ များစွာသောရတနာများသည် ဟိုတစ်စသည်တစ်စ ဗြောက်သောက် ဖြစ်ပေါ်နေ၏။ထိုသို့ပုံစံဖြင့် ဖြစ်ပေါ်နေသော်လည်း ၎င်းတို့သည့် စွမ်းအားကောင်းလွန်းလှ၏။သည့်နောက် ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့မျက်ခုံးနှစ်ခုကားသို့ လက်ညှိုးဖြင့် ဖိချလိုက်သည်။ထိုအခါ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သိန်းသုံးသောင်းသည် သူ့ကို ကာကွယ်ပေးမည့် အသက်ဓာတ်ချိပ်တံဆိပ် တစ်သိန်းသုံးသောင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ့အကြည့်က ကောင်းကင်ထက်၌သာ မြဲမြဲမြံမြံ ရှိလို့နေဆဲ ဖြစ်သည်။ဤအခိုက်အတန့်၌ သူ့မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားကာ သူက တုံ့ဆိုင်းခြင်းမရှိ ကောင်းကင်ထက်သို့ ပျံတက်သွား၏။သူနှင့်အတူ တစ္ဆေလောကမြစ်သည် လေထဲသို့ ပျံတက်လာကာ အဝါရောင်အလင်းတစ်ခုအဖြစ် သိပ်သည်းသွားခဲ့၏။
၎င်းက ဝမ်လင်းရတနာများသယ်ဆောင်ထားသည်သာမက သူ့တာအိုပါ ပါဝင်နေခဲ့ပေသည်။
အဝါရောင်အလင်းနှင့်အတူ ဝမ်လင်းသည် တဟုန်ထိုး တိုးဝင်လာ၏။ထိုအခိုက်အတန့်၌ ကောင်းကင်ထက်ရှိ ထူထဲသောမြူလွှာထဲတွင် ချပ်ဝတ်နှင့်လူကြီး၏ ချပ်ဝတ်အစိတ်အပိုင်းများစွာသည် ပျက်စီးနေခဲ့ပြီး ဖြစ်သည်။သူက အကြိမ်များစွာ နောက်ဆုတ်နေရကာ သူ့မျက်လုံးထဲရှိ နတ်ဆိုးမီးတောက်သည်လည်း အားနည်းနေခဲ့ပြီ ဖြစ်သည်။သို့သော် သူက ဆက်လက်၍ အရူးအမူးမာန်သွင်းဟိန်းဟောက်မှုများကို ထုတ်လွှတ်နေဆဲ ဖြစ်၏။
ဝမ်လင်းသွေးကနေ ဖြစ်တည်လာသည့် ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။သူက ရှေ့သို့ တရပ်ဆက်တိုးဝင်နေကာ မန္တာန်များ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ အသုံးပြုနေ၏။ချပ်ဝတ်နှင့်လူကြီးသည် သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားပြန်သည်။
“မင်း သေခြင်းကို လက်ခံလိုက်စမ်း…” ရှေးဟောင်းနတ်ဆိုးက မာန်သွင်းအော်ဟစ်ကာ နတ်ဆိုးအလင်းတန်းအဖြစ် ပြောင်းလဲ၍ ထိုလူကြီး၏ ခန္ဓာကိုယ်အား ဝန်းရံလိုက်သည်။
နတ်ဆိုးအလင်းနှင့် ဝန်းရံမှုကြောင့် ချပ်ဝတ်နှင့်လူကြီး၏ မျက်ခုံးနှစ်ခုကြားမှ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်သည် ပြန်ပေါ်လာခဲ့ရသည်။သည်နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က စူးရှရှအော်ဟစ်ကာ အသံလှိုင်းတစ်ခုကို ပျံ့နှံ့စေသည်။အသံလှိုင်း၏ သက်ရောက်မှုအောက်၌ နတ်ဆိုးအလင်းသည် ခဏတာ တုန့်ဆိုင်းသွားရ၏။ထို့နောက် နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်သည် ရှေးဟောင်းနတ်ဆိုးထံသို့ ကြမ်းကြုတ်စွာ ကြည့်၍ ချပ်ဝတ်နှင့်လူကြီးခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားပြန်သည်။
တစ်ချိန်တည်းလိုလို ထိုလူကြီးက ထွက်ပြေးရန် နောက်သို့ ဆုတ်သည်။
ဝမ်လင်းသည် ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်းပင်။ သူက ကောင်းကင်ထက်သို့ ကြယ်ပျံတစ်စင်းအလား ထိုးတက်သွား၏။သူ့လက်ထဲရှိ အဝါရောင်အလင်းသည် တောက်ပနေကာ မျက်စိတစ်မှိတ်အတွင်း မြူထဲသို့ တိုးဝင်သွားလေသည်။သူက ရှေးဟောင်းနတ်ဆိုး၏ တိုက်ခိုက်မှု အဝန်းအဝိုင်းမှ လွတ်မြောက်ရန် ကြံရွယ်နေသည့် ချပ်ဝတ်နှင့်လူကြီးထံသို့ ဖြောင့်ဖြောင့်တန်းတန်း တိုးဝင်သွားသည်။
နောက်ဆုတ်နေရင်းဖြင့် ချပ်ဝတ်နှင့်လူကြီးသည် ဝမ်လင်း သူ့ထံသို့ ချဉ်းကပ်လာသည်ကို သတိပြုမိလိုက်၏။သူ့မျက်လုံးထဲ၌ အထင်သေး၊လှောင်ပြောင်ဟန်တို့ ဖြစ်ပေါ်သွားသည်။သူက ဝမ်လင်းကို သူအာရုံစိုက်ရန် ထိုက်တန်သည်ဟူ၍ပင် မထင်မှတ်ပေ။သူက နောက်သို့ဆုတ်ရင်း ဝမ်လင်းထံသို့ ညာလက်ဖြင့် ဝှေ့ယမ်းလိုက်၏။
သူ့လက်မှ ဖြစ်ပေါ်လာသည့် လေပြင်းကြောင့် ဝမ်လင်း၏ အကွာအကွယ် အသက်ဓာတ်ချိပ်တံဆိပ်များသည် ပျက်စီးလာချေ၏။ ချိပ်တံဆိပ် တစ်သောင်း၊နှစ်သောင်း၊ငါးသောင်း၊ရှစ်သောင်း….
အသက်ဓာတ်ချိပ်တံဆိပ်များ ပြိုပျက်လာနေရင်း ဝမ်လင်းမျက်လုံးကလည်း အေးစက်လာခဲ့သည်။သူက ရှေ့သို့ အတင်းထိုးတက်လိုက်ရာ အသက်ဓာတ်ချိပ်တံဆိပ် တစ်သိန်းသုံးသောင်း ပျက်စီးသွားချိန်၌ သူလည်း ထိုလူကြီးရှေ့သို့ ရောက်ရှိသွားတော့၏။သည့်နောက် ဝမ်လင်းက သူ့လက်ထဲရှိ အဝါရောင်အလင်းကို ချက်ခြင်း ပစ်လွှတ်လိုက်လေသည်။
ထိုလူကြီးက အေးစက်စက် နှာခေါင်းရှုံ့၏။သည့်နောက် သူ့ညာလက်ကို လက်သီးအသွင် ပြောင်း၍ အဝါရောင်အလင်းထံသို့ ထိုးချလိုက်သည်။သူက ထိုအလင်းအား ကွဲကြေပျံ့နှံ့သွားစေချင်နေ၏။
သို့ရာတွင် သူ့ညာလက်နှင့် အဝါရောင်အလင်းတို့ ထိတိုက်သွားသည့်အခါ၌ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားရသည်။အဝါရောင်အလင်းထဲ၌ မတူကွဲပြားသောအော်ရာများစွာ ရှိနေကာ ထိုအရာများအားလုံးထဲ၌ နတ်ဘုရားအာရုံနှင့်တာအို အမျှင်တန်းတို့က နစ်မြုပ်နေပေ၏။ထိုအရာများမှ ဖြစ်ပေါ်လာသည့်အားက သူ့ကို ကြောက်လန့်သွားစေပေသည်။
ပုံမှန်ဆိုရင် ထိုအရာက သူ့အား အမှန်တကယ် မကြောက်လန့်စေနိုင်ပေ။သို့ရာတွင် သူက ဒဏ်ရာရနှင့်နေပြီးဖြစ်ကာ ထို့အပြင် ရှေးဟောင်းနတ်ဆိုးနှင့် တိုက်ပွဲ၌ သူ့ဒဏ်ရာများက ပိုဆိုးလာခဲ့ရသည်။သည့်အပြင် သူ့နတ်ဆိုးမျှော်စင်သည်လည်း ဆုံးရှုံးသွားသဖြင့် သူ့နတ်ဘုရားအာရုံက ချပ်ဝတ်ထဲ၌သာ ပိတ်လှောင်နေခဲ့ပေသည်။သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်နိုင်စွမ်း မရှိတော့သဖြင့် သူ့မန္တာန်အများအပြားကို အသုံးမပြုနိုင်တော့ပေ။
အဝါရောင်အလင်း ထွက်ပေါ်လာသည့်အခိုက်အတန့်၌ ထိုလူကြီးက အလိုလို ရပ်တန့်သွားမိ၏။ထိုသို့ တုန့်ဆိုင်းသွားမိသည့်အခိုက်အတန့်ကြောင့် ရှေးဟောင်းနတ်ဆိုး၏ နတ်ဆိုးအလင်းက သူ့အား မှီသွားကာ လွှမ်းမိုး ဝါးမြိုသွားချေသည်။
သည်နတ်ဆိုးအလင်းက ရှေးဟောင်းနတ်ဆိုးများ၏ သည်ကမ္ဘာထဲရှိ သက်ရှိများကို သန့်စင်ပစ်နိုင်သည့် အလွန်အမင်းအစွမ်းထက်သော မန္တာန်တစ်ခု ဖြစ်သည်။ထိုလူကြီးက နာကျင်ထိတ်လန့်စွာ ငြီးငြူလိုက်ရကာ သူ့ထံမှ နတ်ဆိုးစွမ်းအင်များစွာ စတင်ထုတ်လွှတ်လာသည်။သည်နတ်ဆိုးစွမ်းအင်များက ချက်ခြင်း သန့်စင်မွန်းမံခြင်း ခံရကာ သဲလွန်စမရှိ ပျောက်ရှသွားရ၏။
ထိုချပ်ဝတ်နှင့်လူကြီး၏ မျက်ခုံးနှစ်ခုကြားမှ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်သည် ထွက်ပေါ်လာပြီး အော်ဟစ်လေ၏။ “ပေလော…မင်း ငါ့ကို သတ်မယ်ဆိုရင် ဆရာက မင်းကို ဒီအတွက် ခွင့်လွှတ်မှာ မဟုတ်ဘူး…” သူက ထွက်ပေါ်လာပြီးပြီးချင်း အလင်းတန်းအဖြစ် ပြောင်းကာ ချပ်ဝတ်ထဲသို့ ဝင်ရောက်လေသည်။
သူထိုသို့ ပြုလုပ်ပြီးပြီးချင်း လူကြီးထံမှ ချပ်ဝတ်သည် ကွာကျလာ၏။ချပ်ဝတ်က မွန်းစတားဆန်လှသောနတ်ဆိုးစွမ်းအင်များနှင့် ဝန်းရံထားကာ နတ်ဆိုးအလင်းထံသို့ တိုးဝင် ဖောက်ထွက်ရန် ကြံရွယ်၏။
သူက သူ့ခန္ဓာကိုယ် ဆုံးရှုံးသွားသော်လည်း ချပ်ဝတ်မဆုံးရှုံးသေးသ၍ တစ်နေ့တွင် ပြန်ကောင်းလာနိုင်ပေသည်။
သည့်အပြင် သူ့ခန္ဓာကိုယ်မရှိဘဲနှင့် နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်သည် သူ့မန္တာန်များနှင့်အတူ လွတ်မြောက်နိုင်လိမ့်မည်ဟုပင် ယုံကြည်နေ၏။
ထိုလူကြီးကတော့ ချပ်ဝတ်ဆုံးရှုံးသွားသည်နှင့် နတ်ဆိုးအလင်းအောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တိုက်စားခြင်း ခံလိုက်ရသည်။သည့်နောက် သူ့မျက်လုံးက မှိန်ဖျော့လာကာ ကောင်းကင်ထက်ကနေ ပြုတ်ကျလာ၏။
ချပ်ဝတ်က သူ့နတ်ဆိုးစွမ်းအင်အားလုံးနီးပါးကို အသုံးပြုကာ နတ်ဆိုးအလင်းထံမှ လွတ်မြောက်လာ၏။
နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က အလွန်ပျော်ရွှင်သွား၏။သူက နတ်ဆိုးအလင်းထံမှ ထွက်လာနိုင်သည်နှင့် သူက ထွက်ခွာရန် သူ့မန္တာန်တစ်ခုကို အသုံးပြုနိုင်ပြီ ဖြစ်သည်။သို့ရာတွင် သူက ပျော်သွားရုံရှိသေး ထိုအပျော်က ချက်ခြင်း ပျောက်ကွယ်သွားလေ၏။ဝမ်လင်းညာလက်က အလင်းတန်းအလား လှုပ်ရှားလာကာ ချပ်ဝတ်၏ ညာဘက်ကို ဖမ်းဆုတ်လိုက်၏။
ဝမ်လင်းက အစီအစဉ်များ ချထားပြီးနောက် သူက ထို နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်လို့ ခေါ်ဆိုသည့်အရာကို မည်သို့ လွတ်မြောက်ခွင့် ပေးနိုင်ပါ့မည်နည်း။သည် နတ်ဆိုးကသာ ယနေ့ လွတ်မြောက်သွားပါက သူက အနာဂတ်တွင် ထိုနတ်ဆိုး၏ အရူးအမူးကလဲ့စားချေခြင်းကို ခံရပေလိမ့်မည်။သူက ကောင်းကင်နတ်ဆိုးမြို့အတွင်း၌ တစ်သက်လုံး ပုန်းအောင်းသွားရပေလိမ့်မည် မဟုတ်လော။
သည့်အပြင် ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးက သူ့ကို နောက်ဆုံးအခိုက်အတန့်၌ ကူညီပေးမည်ဟု ယုံကြည်ထားပေသည်။မဟုတ်လျှင် ရှေးဟောင်းနတ်ဆိုက ခုလို ပေါ်ထွက်လာစရာ အကြောင်းမရှိပေ။ ဝမ်လင်း၏ ဉာဏ်နီဉာဏ်နက်ဖြင့် ထိုအရာများကို သူက လွယ်လင့်တကူ ထွင်းဖောက်မြင်နိုင်စွမ်း ရှိပေသည်။
သူ့ညာလက်က ချပ်ဝတ်ကို ဆုပ်ကိုင်လိုက်မိချိန်၌ ဝမ်လင်းက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လိမ့်မည်ကို မျှော်လင့်ထားပြီးသားဖြစ်၏။ထို့ကြောင့် သူက သူ့မူလစိတ်ဝိညာဉ်ထဲ၌ ကြွင်းကျန်နေသေးသော ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်ကို အသက်သွင်းလိုက်သည်။ရုတ်တရက် ဝမ်လင်းမျက်လုံးများက နီရဲလာကာ သူ့တစ်ကိုယ်လုံးသည် အလွန်အမင်းရူးသွပ်သည့်အခြေအနေသို့ ဝင်ရောက်သွားချေ၏။
“သင် လွတ်မြောက်နိုင်စွမ်း မရှိစေရဘူး…” ဝမ်လင်းက ထိုသို့ အော်ဟစ်ကာ သူ့လက်ကို ပြန်ဆွဲယူလိုက်၏။ ချပ်ဝတ်သည်လည်း သူ့လက်နှင့်အတူ ပါလာခဲ့သည်။နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က ချပ်ဝတ်ထဲမှ ထွက်ပေါ်လာကာ ဝမ်လင်းအား ကြမ်းကြုတ်စွာ စူးစိုက်ကြည့်သည်။နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က မာန်သွင်းကာ ဝမ်လင်းလက်ဝါးမှတစ်ဆင့် သူ့မူလစိတ်ဝိညာဉ်ထဲသို့ တဟုန်ထိုး တိုးဝင်သွား၏။
တစ်ချိန်တည်းမှာပင် ချပ်ဝတ်သည် အနက်ရောင်အမျှင်တန်းများအဖြစ် ပြောင်းလဲသွားကာ ဝမ်လင်းအား ထွေးပိုက်သွား၏။သည့်နောက် ချပ်ဝတ်အဖြစ် ပြန်ပြောင်းလဲသွားလေသည်။
ခုချိန်၌ ဝမ်လင်းသည် အနက်ရောင်ချပ်ဝတ်တစ်စုံကို ဝတ်ဆင်လျက်သား ဖြစ်နေ၏။သူ့မျက်လုံးများက နီရဲတွတ်နေကာ သူ့ဆံပင် လေမတိုက်ဘဲ လွင့်မြောနေ၏။သူ့ခန္ဓာကိုယ်ထဲ၌ သူ့မူလစိတ်ဝိညာဉ်သည် ကောင်းကင်ဘုံတက်ခြင်းသစ်သီးအကူအညီဖြင့် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။သူက နတ်ဆိုးစွမ်းအင်များစွာသော ဆုံးရှုံးနေသော နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်နှင့် တိုက်ပွဲတစ်ခု စတင်ခဲ့လေပြီ။
နတ်ဆိုးအလင်းတန်းက ပျောက်ကွယ်ကာ ရှေးဟောင်းနတ်ဆိုး၏သွေးအရိပ်ထဲသို့ ပြန်ဝင်ရောက်သွား၏။သူက ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့်ကြည့်ကာ ပြုံးလိုက်၏။ ကောင်းလိုက်တဲ့ အစီအစဉ်ချမှတ်မှု၊ မူလစိတ်ဝိညာဉ်ကို လှုံ့ဆော်ပြီး နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ကို ခုခံတာ။ ငါကသာ မင်းကို ကူညီရင် မင်း စီစဉ်ထားသလို ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ငါမက မင်းကို မကူညီဖူးဆိုရင်လည်း အစောပိုင်းက ငါ့တိုက်ခိုက်ပေးမှုက အလကားဟသ ဖြစ်သွားလိမ့်မယ်။ မင်းက ငါ မင်းကို ကူညီမယ်လို့ ကျိန်းသေ တွက်ထားတာပဲ…။ကောင်းပြီ…ဒါက မင်းရဲ့ကံပဲ။ဒါ့ကြောင့် ငါမင်းကို ကူညီပေးမယ်…” ရှေးဟောင်းနတ်ဆိုးက ထိုသို့ ပြောဆိုရင်း သူက ဝမ်လင်းအား လှမ်းဖမ်းယူလိုက်၏။သူက နတ်ဆိုးအလင်း ကျူးကျော်ခြင်းခံထားရပြီး ခုထိမသေသေးသော လူကြီး၏ ခန္ဓာကိုယ်ကိုပါ ဆွဲယူလိုက်ပေသည်။သည့်နောက် ရှေးဟောင်းနတ်ဆိုးက အလင်းတန်းအဖြစ်ပြောင်းလဲ၍ ကောင်းကင်နတ်ဆိုးမြို့အပြင်ဘက်ရှိ နဂါးရေကန်ထံသို့ တန်းမတ်စွာ ဦးတည်သွားလေတော့သည်။
***