အပြာရောင်သွေးစက်က ဝမ်လင်းအသွင်သို့ ပြောင်းလဲသွား၏။သူက လေထဲသို့ လက်ဆန့်ထုတ်လိုက်သည်။ထိုနေရာက သူ့သိုလှောင်အိတ်ပေါ်လာသည့်နေရာသို့ပင်။သည့်နောက် သူက အပြာရာင်ကြိုးတစ်ချောင်းကို ထုတ်သည်။သည့်နောက် ခြေတစ်လှမ်းလှမ်းကာ တစ်ပြိုင်နက်တည်း တည်နေရာရွှေ့ပြောင်းခြင်းများ ဆက်တိုက်ပြုလုပ်ပြီးနောက် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းသည် မရေမတွက်နိုင်သော ကီလိုမီတာကွာဝေးသည့် နေရာတွင် ပြန်ပေါ်လာခဲ့သည်။သည့်နောက် သူက ကောင်းကင်နတ်ဆိုးနိုင်ငံ၏ မြို့တော်ရှိရာသို့သို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။
သွေးစိတ်ဝိညာဉ်ဆေးလုံးသည် နတ်ဘုရားအာရုံနှင့် သွေးကို စုပ်ယူပြီးသည့်နောက် ယင်းဆေးလုံးသည် အချိန်တိုအတွင်း စွမ်းရည်တစ်ခုကို အသက်ဝင်စေသည်။ထိုစွမ်းရည်ကြောင့် လူတစ်ယောက်က သေခြင်းတော့မည့် အခိုက်အတန့်၌ သူ့မူလစိတ်ဝိညာဉ်နှင့် ချိတ်ဆက်နေသည့်အရာအားလုံးသည် လေဟာနယ်ထဲ၌ နစ်မြုပ်သွားပေလိမ့်မည်။လူတစ်ယောက်က အသက်ပြန်ရှင်လာသည့်အခါတွင်တော့ ထိုသူသည် သူ့စိတ်ဝိညာဉ်နှင့်သွေးစွမ်းအားတို့ကို အသုံးပြုကာ လေဟာနယ်ထဲ၌ သိုလှောင်ထားခဲ့သည့် အရာအားလုံးကို ပြုတ်ထုတ်ယူနိုင်စွမ်း ရှိပေသည်။
အတိတ်တုန်းက ယောင်ရှင်းရွှယ်က ဤသို့သောလုပ်ဆောင်ချက်ကို အသုံးချခဲ့ခြင်းပင် ဖြစ်၏။
အတိတ်တုန်းက ရှေ့ဖြစ်ဟောသူသည်လည်း ဝမ်လင်းအား အသက်ကယ်ရတနာတစ်ခု ပေးခဲ့သည်သာ။ သို့သော် ထိုရတနာသည် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို ခံနိုင်ရုံသာ ရှိ၏။ပေသုံးဆယ်ခန့်ရှည်သည့် အဘိုးအိုမှာ အာဏာတက်ခြင်းနောက်ဆုံးအဆင့်တစ်ယောက်သာ ဖြစ်သော်လည်း သူအစစ်အမှန်စွမ်းအားကတော့ ထို့ထက်ပိုလေ၏။
သည့်အပြင် ထူးဆန်းသော အနက်ရောင်မျှော်စင်၏ တည်ရှိမှုကိုလည်း ထည့်တွက်ရသေးသည်။သူက အသက်ကယ်ရတနာကို အသုံးပြုလိုက်လျှင်ပင် သူ့အတွက် အသက်ရှင်နိုင်ရန် ခက်ခဲနေဦးမည်သာ ဖြစ်သည်။ထို့အတွက်ကြောင့်လည်း ဝမ်လင်းက သွေးစိတ်ဝိညာဉ်ဆေးလုံးနှင့် ပတ်သတ်၍ စွန့်စားကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
မဟုတ်လျှင် သူက အနက်ရောင်မျှော်စင်ထဲရှိ တည်ရှိမှုကို တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ထိုတည်ရှိမှုက သိသာစွာ စွမ်းအားကောင်းလွန်းနေ၏။သူက ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ လှုံ့ဆောက်မှုကြောင့် ရူးသွပ်သွားခြင်း မရှိပါက ထိုမျှော်စင်ထဲရှိ တည်ရှိမှုထံမှ နတ်ဘုရားအာရုံဖြင့် တိုက်ခိုက်ခြင်းအောက်၌ မရေမတွက်နိုင်အောင် သေဆုံးနှင့်နေပြီ ဖြစ်၏။
သူ့အတွက် သူ့မူလစိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးနိုင်ရန် နှစ်ပေါင်းလေးရာလုံးလုံး သည်နတ်ဆိုးစိတ်ဝိညာဉ် ကုန်းမြေ၌ ကောင်းကင်ဘုံတက်ခြင်းသစ်သီးကို စုပ်ယူနိုင်ရန်မှာ မဖြစ်နိုင်ချေ။အခြားနည်းနှင့်ဆိုပါက သူက ထိုလူ၏ သတ်ဖြတ်ခြင်း မခံရခင်မှာပင် ထိုသစ်သီးကြောင့် လုံးလုံးလျာလျာရူးသွပ်သွားမည် ဖြစ်၏။
ထိုထိုသော အကြောင်းရင်းများကြောင့် ဝမ်လင်းက စွန့်စားကြည့်ခဲ့ခြင်း ဖြစ်၏။သူက အနက်ရောင်မျှော်စင်ထဲရှိ တည်ရှိမှုကို ပြင်းပြင်းထန်ဒဏ်ရာရအောင်၊သို့မဟုတ် ပျက်စီးသွားအောင် မပြုလုပ်နိုင်ပါက သူက မည်သည့်နေရာသို့ ထွက်ပြေးသည်ဖြစ်စေ ထိုလူ၏နတ်ဘုရားအာရုံတိုက်ခိုက်မှုထံမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
သူက သတိပြန်ဝင်လာသည့်အခါ၌ မျှော်စင်ထဲရှိ တည်ရှိမှုက နတ်ဘုရားအာရုံဖြင့် စတင် တိုက်ခိုက်လာမည်ကို တော်တော်လေး စိုးရိမ်နေခဲ့သည်။ဝမ်လင်းက ထိုသို့သာ သူ့ကို တိုက်ခိုက်လာပါက သူက ကျိန်းသေပေါက် သေရတော့မည်ဟု ယုံကြည်ခဲ့ပေ၏။
အနက်ရောင်မျှော်စင်ထဲရှိ တည်ရှိမှုက ဘယ်တော့မှ အပြင်ဘက်သို့ ထွက်မလာခဲ့ချေ။သည်အချက်ကြောင့် ၎င်းအတွက် မျှော်စင်တည်ရှိနေရန် လိုအပ်သည်မှ သိသာနေ၏။သည်အရာက ဝမ်လင်း အခုလို လုပ်ဆောင့်မည့် ဆုံးဖြတ်ချက်ကို ပိုခိုင်မာသွားစေခဲ့ပေ၏။
ခုချိန်တွင်တော့ ဝမ်လင်းက ကောင်းကင်နတ်ဆိုးမြို့သို့ ဦးတည်ကာ ပျံသန်းလျက် ရှိနေ၏။သူက ကြိုတင်ပြင်ဆင်မှုနှစ်ခု ပြုလုပ်ထားရပေမည်။ ပထမတစ်ခုဖြစ်သည့် သွေးစိတ်ဝိညာဉ်ဆေးလုံးနှင့်ပတ်သတ်၍တော့ သူလုပ်ဆောင်ပြီးသွားခဲ့ချေပြီ။နောက်ဒုတိယတစ်ခုကတော့ ရှေးဟောင်းနတ်ဆိုးထံမှ အကူအညီ ရယူရန် ဖြစ်၏။
ဝမ်လင်းက စိတ်ထဲ၌ တွေးနေသည်။ “ငါအာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်နေတဲ့အတွက် အချိန်ဆယ်နှစ်လောက် ဖင့်သွားခဲ့ရတယ်။ဒါပေမဲ့ ဒါက အလွန်အရေးကြီးကိစ္စဖြစ်တဲ့အတွက် ရှေးဟောင်းနတ်ဆိုးက သူ့စကားကို ပြန်မရုတ်သိမ်းနိုင်ဘူးလို့ ငါယုံကြည်တယ်…”
သူက ခပ်မြန်မြန် ပျံသန်းလာနေသည်။သူ့မူလစိတ်ဝိညာဉ်ထဲ၌ ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ သက်ရောက်မှုအချို့ ကျန်ရှိနေသေး၏။သူက ခုလို သတိပြန်ဝင်လာသည့်အခါတွင် ထိုသက်ရောင်မှုလောက်ကိုတော့ လွယ်လင့်တကူ ဖယ်ရှားပစ်နိုင်ပေသည်။သို့သော် သူက ထိုသို့ မလုပ်ဆောင်ချေ။အကြောင်းရင်းမှာ အနက်ရောင်မျှော်စင်ထဲရှိ တည်ရှိမှုက မျှော်စင်ပျက်စီးသွားတာတောင်မှ နတ်ဘုရားအာရုံတိုက်ခိုက်မှု လုပ်လာမည် စိုးသောကြောင့် ဖြစ်၏။ထို့အတွက် သူက သည်သစ်သီးသက်ရောက်မှုအချို့ကို အရန်သင့် အသုံးပြုနိုင်ရန် ဆက်လက်သိမ်းဆည်းထားခြင်း ဖြစ်သည်။
ဝမ်လင်းက သက်ပြင်းသဲ့သဲ့ မှုတ်ထုတ်မိသည်။သူနှင့်အနက်ရောင်မျှော်စင်ထဲရှိ တည်ရှိမှုတို့သည် အရင်က မည်သည့်ရန်ငြှိုးမှ မရှိခဲ့ပေ။ထိုတည်ရှိမှုကသာ သူ့ကို အရင်ဦးဆုံး လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ သို့သော ကျင့်ကြံခြင်းလောက၌ မှန်သည်မှားသည်ဟူ၍ မရှိ။ ခွန်အားကသာ အဆုံးအဖြတ်ပေးနိုင်သည့် တစ်ခုတည်းသောအရာသာ ဖြစ်နေသည် မဟုတ်လော။
တည်နေရာရွှေ့ပြောင်းရာမှ ထွက်ပေါ်လာပြီးနောက် ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစွမ်းအင်များ ပြန်ပြန် ပြည့်နေသည်ကို တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့ပေသည်။ ဆိုလိုသည်က သူသည် မဟာတည်နေရာကူးပြောင်းခြင်းကို အဆများစွာ ပြုလုပ်နိုင်ပြီဟု ဆိုလိုခြင်းပင်။
မဟာတည်နေရာရွှေ့ပြောင်းခြင်းမန္တာန်သည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များစွာ သုံးစွဲရသည်ဟု ပြော၍ ရ၏။အရင်တုန်းက သူက ထိုသို့ တည်နေရာ ရွှေ့ပြောင်းနိုင်ရန် ကောင်းကင်ဘုံကျောက်စိမ်းပြားများထံမှ စွမ်းအင်များကို စုပ်ယူအသုံးပြုရန် လိုခဲ့ပေသည်။သို့ရာတွင် ခုတော့ သူက အရင်လို မဟုတ်တော့ပေ။သူက တည်နေရာရွှေ့ပြောခြင်းကို ဆက်ကာဆက်ကာ ပြုလုပ်လာနိုင်စွမ်း ရှိပြီ ဖြစ်၏။
“ဒီလိုဖြစ်ရတာ ငါက ငါ့ကိုယ်ငါ ဖျက်စီးဖောက်ခွဲလိုက်တဲ့အချိန်မှာ ကောင်းကင်ဘုံစွမ်းအင်အရည်စက်လေးစက်က ငါ့ခန္ဓာကိုယ်နဲ့ အပြည့်အဝ ပေါင်းစပ်သွားလို့ ဖြစ်မယ်။ ငါက ပြန်ရှင်သန်လာတဲ့အခါမှာ ဒီအရည်စက်တွေက ထူးဆန်းတဲ့ နည်းလမ်းတစ်ခုနဲ့ ငါ့ခန္ဓာကိုယ်ထဲမှာ တည်ရှိလာခဲ့တာ ဖြစ်ရမယ်…”
ထိုသို့ အနည်းငယ် တွေးပြီးနောက် ဝမ်လင်းသည် ထိုအကြောင်းကို ဆက်လက်မတွေးတော့ချေ။သူက အကြိမ်များစွာ တည်နေရာ ရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်သည်။သူက မြို့တော်နှင့် သိပ်မဝေးတော့ပေ။
“ကံမကောင်းစွာနဲ့ ငါက ကောင်းကင်ဘုံတက်ခြင်းသစ်သီးရဲ့ လှုံ့ဆော်မှုအောက်မှာ ဖြစ်နေလို့ မဟုတ်ရင် ငါက လင်းထျန်ဟူရဲ့ ဓားစွမ်းအင်နောက်တစ်ခုကို ထားခဲ့မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက လင်းထျန်ဟူရဲ့တပည့်အလောင်း ဘယ်နေရာမှ ရှိနေလဲတော့ မှတ်မိတယ်။ ငါက အဲ့နေရာကို ပြန်သွားရင် ဓားစွမ်းအင်က ရှိနေလောက်သေးလား သိချင်မိတယ်….”
ဝမ်လင်းမျက်လုံးက တစ်လက်လက် ဖြစ်လာကာ စိတ်လှုပ်ရှားဟန် ဖြစ်နေသည်။သို့သော် သူကခုချိန်၌ မီးနတ်ဆိုးနိုင်ငံသို့ ပြန်သွားရမည့် အချိန်အခါကောင်း မဟုတ်ကြောင်း သိပေသည်။
ဝမ်လင်းက ကောင်းကင်နတ်ဆိုးနိုင်ငံ မြို့တော်သို့ ရောက်ရှိရန် တည်နေရာရွှေ့ပြောင်းရန် တစ်ကြိမ်သာ လိုတော့၏။သူက တည်နေရာ ရွှေ့ပြောင်းရန် ခြေလှမ်းဟန် ကြံရွယ်လိုက်စဉ်မှာပင် သူ့နောက်မှာ ဒေါသတကြီးဟိန်းဟောက်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေ၏။
“မင်းက ဘယ်နေရာကိုများ ထွက်ပြေးဦးမလဲ ငါသိမြင်ချင်မိတယ်…”
ချပ်ဝတ်နှင့်လူကြီးတစ်ယောက်သည် ဝမ်လင်းနောက် ပေတစ်သောင်းအကွာတွင် ပေါ်လာ၏။သည်လူက အလွန်လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။သူ့မျက်လုံးက တလက်လက်၊သူ့ခန္ဓာကိုယ်ကလည်း နတ်ဆိုးစွမ်းအင်များနှင့် ဖုံးလွှမ်းထားသည်။
ဝမ်လင်းအသွင်က ပြောင်းလဲသွားသည်။သူက ရှေ့သို့ ခြေတစ်လှမ်းတိုး၏။သူ့ခန္ဓာကိုယ်က ပျောက်ကွယ်လု ချိန်၌ ဝမ်လင်းက ထိုလူကြီးထံသို့ ဆက်ခနဲ လှည်ကြည့်လိုက်သည်။ထိုအခါ သူ့ပါးစပ်ကနေ နာမည်တစ်ခုကို လွှတ်ခနဲ ထွက်မိသွားသည်။
“လင်းထျန်ဟူ…”
ထိုလူကြီးက ဓားသူတော်စင်လင်းထျန်ဟူနှင့် တော်တော်လေး ဆင်တူနေသည်။
ဝမ်လင်းခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး မြို့တော်နှင့် ငါးဆယ်ကီလိုမီတာအကွာတွင် ပေါ်လာသည်။သူ့အသွင်က သုန်မှုန်ကာ နေ၏။သူက စိတ်ထဲ၌ တွေးလိုက်မိသည်။ “သူက လင်းထျန်ဟူ မဟုတ်ဘူး။ဒီလူက လင်းထျန်ဟူနဲ့တူပေမဲ့လည်း အများကြီး ငယ်နေတဲ့ပုံပေါက်တယ်။ ထပ်ပြောရရင် သူ့ရှိမှာ လင်းထျန်ဟူရဲ့ အော်ရာလည်း မရှိသလို အသွင်အပြင်ကလည်း ချွတ်ဆွတ်တူနေတာ မဟုတ်ဘူး။ တစ်ချို့တစ်လေပဲ တူနေတာ…ဖြစ်နိုင်တာက…”
ထိုအခိုက်အတန့်မှာပင် ချပ်ဝတ်နှင့်လူကြီးက ဝမ်လင်းနောက်ဘက် လေဟာနယ်ထဲကနေ လှမ်းထွက်လာသည်။သူက ဝမ်လင်းကို စူးရဲစွာ ကြည့်ကာ မေးလိုက်သည်။ “မင်းက ဘာကြောင့် မပြေးတာလဲ…”
ထိုသို့ပြောပြီးသည်နှင့် သူ့ညာလက်ကို ဆန့်ထုတ်ရာ နတ်ဆိုးစွမ်းအင်အမျှင်တန်းငါးခုက သူ့လက်ချောင်းထိပ်ကနေ ထိုးထွက်သွား၏။
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ရုတ်တရက် သူက မေးလိုက်၏။ “လင်းထျန်ဟူက ဘယ်သူလဲ…သင်ပဲလား…”
ထိုလူကြီး၏ ညာလက်က ရုတ်တရက် တန့်သွားသည်။သူ့မျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုတစ်ခု ပေါ်လာသည်။
“လင်းထျန်ဟူ…ဒီနာမည်ကို ရင်းနှီးနေတယ်…”
ဝမ်လင်းက နောက်သို့ ခပ်မြန်မြန် ဆုတ်သည်။သူ့မျက်လုံးက အေးစက်လာကာ သူက အော်ပြောလိုက်၏။ “တာ့လော့ဓားကလန်က ဓားသူတော်စင်လင်းထျန်ဟူ…”
“တာ့လော့ဓားကလန်…ဓားသူတော်စင်…” ထိုလူကြီးမျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုပိုအားကောင်းလာခဲ့သည်။သည်အခိုက်အတန့်မျာပင် ထိုလူကြီး၏မျက်ခုံးနှစ်ခုကြားမှ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ပုံရိပ်ယောင်တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာ၏။သူက ဝမ်လင်းထံသို့ ကြမ်းကြုတ်စွာ ဖျတ်ခနဲ ကြည့်ကာ စူးစူးရှရှ အော်မြည်လိုက်သည်။
သည်အော်မြည်သံက ချပ်ဝတ်နှင့်လူကြီးမျက်လုံးထဲရှိ ရှုပ်ထွေးနေမှုကို ပျောက်ကွယ်သွားစေသည်။ ၎င်းမျက်လုံးထဲ၌ နတ်ဆိုးမီးတောက်က ပြန်အစားထိုးလာခဲ့လေပြီ။
ဝမ်လင်းက အလျင်အမြန်နောက်သို့ ဆုတ်ကာ အော်ပြောလိုက်သည်။ “ရှေးဟောင်းနတ်ဆိုး…”
ကောင်းကင်နတ်ဆိုးမြို့ထံမှ အားကောင်းသော စိတ်ဆန္ဒတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ဝမ်လင်းရှေ့သို့ ဆင်းသက်လာသည်။
“မင်း ဆယ်နှစ် နောက်ကျခဲ့တယ်…” ရှေးဟောင်းနတ်ဆိုးအသံက ဝမ်လင်းနားထဲသို့ တိုးဝင်လာ၏။
“ငါ့ကို သင့်သွေး ငှားပေးပါ…”
ထိုအသံကို ကြားလိုက်ရပြီးနောက် ဝမ်လင်းခန္ဓာကိုယ်ရှိ ဒွာရပေါက်များကေန သွေးများစွာ ထွက်လာ၏။သည်သွေးများက လူသားတစ်ယောက်အသွင် သိပ်သည်းသွားခဲ့သည်။ ရှေးဟောင်းနတ်ဆိုး၏ အသိစိတ်က ၎င်းအပေါ်သို့ ကျဆင်းလာလေ၏။
ဝမ်လင်းခန္ဓာကိုယ်က တုန်ယင်နေသည်။သူက ခန္ဓာကိုယ်ထဲရှိ သွေးများစွာကို ဆုံးရှုံးခဲ့ရသည်။သူ့မျက်နှာက ဖြူရောနေကာ ဆေးတစ်လုံးကို အမြန်ထုတ်ယူသောက်လိုက်သည်။ထို့နောက် သူက ကြာပွင့်သဏ္ဌာန်ထိုင်ကာ စတင်ကျင့်ကြံတော့သည်။
ချပ်ဝတ်နှင့်လူကြီးနှဖူးပေါ်ရှိ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်သည် ဝမ်လင်းရှေ့ရှိ သွေးအရိပ်ကို စူးစိုက်ကြည့်ကာ ထူးဆန်းသောဘာသာစကားနှင့် အော်ပြောလိုက်သည်။ “ပေလော….မင်းက ငါ့ကို ဟန်တား နှောက်ယှက်ဝံ့လား…”
သွေးအရိပ်က လှုပ်ရှားသွားကာ ဦးချိုးနှစ်ချောင်းရှိ ခန္ဓာကိုယ်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။နတ်ဆိုးဆန်သောအလင်းက သူ့မျက်လုံးထဲပ ပေါ်လာသည်။သူက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းက ရှေးဟောင်းနတ်ဆိုးရဲ့ ပြန့်ကျဲနေတဲ့ စိတ်ဝိညာဉ်အပိုင်းအစ ကိုးခုထဲက တစ်ခုပဲ…။ငါက ဘာကြောင့် မင်းကို မဟန့်တားဝံ့ရမှာလဲ…”
“ရှေးဟောင်းနတ်ဘုရားများရဲ့ ဘာသာစကား…” ဝမ်လင်းက မျက်လုံးဖွင့်ကာ စဉ်းစားနေဟန် ပြုသည်။
***