ချပ်ဝတ်နှင့်အဘိုးအိုထံမှ နတ်ဆိုးစွမ်းအားနှင့်ပြုလုပ်ထားသည့် တံစဉ်သည် နတ်ဆိုးစွမ်းအားနှင့် ဆင်မြန်းထားခြင်းသာ။ထိုအဘိုးအိုကတော့ နတ်ဆိုးတစ်ပါး မဟုတ်ပေ။ထို့ကြောင့် သူထုတ်ဖော်သည့် နတ်ဆိုးစွမ်းအားက သန့်စင်ခြင်းမရှိပေ။ဆိုလိုသည်က ထိုတံစဉ်သည် ပြည့်စုံစွာ ပေါ်ထွက်လာခြင်း မဟုတ်။သို့ရာတွင် သူ့မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာသည့် ပုံရိပ်ယောင်သည် အစစ်အမှန်နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေ၏။သည်နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်နှင့် ဆိုလျှင် သာမာန်သတ္တုချောင်းတစ်ခုပင် နတ်ဆိုးဓားသွားအဖြစ် ပြောင်းလဲသွားနိုင်စွမ်း ရှိနေပေ၏။
နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က သည်တံစဉ်နှင့် ပေါင်းစပ်သွားသည့်အခါမှာတော့ ယင်းတံစဉ်က နတ်ဆိုးတံစဉ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်၏။၎င်းတံစဉ်က ခုချိန်၌ နတ်ဆိုးမိစ္ဆာတာအိုကို ဆောင်ကြဉ်းထားသည်ဟု ဆိုရမည်တော့ပေမည်။
လင်းထျန်ဟူ၏ ဓားစွမ်းအင်နှင့် နတ်ဆိုးတံစဉ်တို့ကြား မည်သည့်တစ်ခုက ပိုသန်မာသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။
ဝမ်လင်းလက်ချောင်းထံမှ လင်းထျန်ဟူ၏ဓားစွမ်းအင်က ဖျက်ခနဲ ပျံသန်းထွက်သွားလာ၏။သည်ဓားစွမ်းအင်က ရိုးရှင်းသလို စွမ်းအားလည်း ကောင်းလွန်းလှကာ ၎င်းးပေါ်ထွက်လာသည်နှင့် ကောင်းကင်ပင် အရောင်ပြောင်းလဲသွားရ၏။
သည်အခိုက်အတန့်၌ ကမ္ဘာလောကပင် ရပ်တန့်သွားသလား ထင်မှတ်ရသည်။လေ၊မိုး၊မိုးကြိုး၊ လျှပ်စီး မန္တာန်များနှင့် ကောင်းကင်ထက်ရှိ တစ္ဆေလောကမြစ်တို့ပင် မှိန်ဖျော့သွားရသည်။
ဓားအလင်း ထွက်ပေါ်လာသည့်အခါ၌ ကောင်းကင်ယံသည် ဓားစွမ်းအင်နှင့်သာ ပြည့််နှက်လာသည်။ဓားစွမ်းအင်က တစ္ဆေလောကမြစ်ကိုပါ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားစေခဲ့၏။သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း(၁၃၀၀၀၀)သည်ပင် ပြန့်ကျဲသွား၏။တစ္ဆေလောကမြစ် စိတ်ဝိညာဉ်သည်လည်း စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာ အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားရပေသည်။
လေ၊မိုး၊မိုးကြိုးနှင့် လျှပ်စီးမန္တာန်တို့သည်လည်း ထို့အတူသာ။ အနက်ရောင်မိုးကြိုးက ချက်ခြင်း ပျက်စီးသွားကာ လျှပ်စီးထဲရှိ မိုးစက်များသည်လည်း ပြန့်ကျဲ့ကြေမွသွား၏။လေဝဲကတော့ပင် ဓားစွမ်းအင်နှင့်ထွင်းဖောက်ခံရသည့်အခါ ချက်ခြင်း ပျက်စီးသွားသည်။
ဓားစွမ်းအင်ပေါ်လာသည့်အခါ၌ အခြားမန္တာန်များသည် ဘာဆိုဘာမှ မဟုတ်တော့သည့်အလား ဖြစ်သွားရသည်။သည်အရာက ဓားစွမ်းအင်ထဲ၌ ပါဝင်နေသည့် လင်းထျန်ဟူ၏ တာအို ဖြစ်၏။
ကြီးစိုးလှသည့်တာအိုလော။
လင်းထျန်ဟူက သည့်ဘဝတစ်လျှောက်လုံး ဝင့်ကြွားစွာ နေကာ ကမ္ဘာလောကအနှံ့ အထက်စီးကနေ ခြေဆန့်ခဲ့သူ ဖြစ်၏။သူ့ဓားစွမ်းအင်ထဲရှိ ကြီးစိုးဖိနှိပ်နိုင်မှုသည် ကောင်းကင်ဘုံ၏ခွန်အားလို ဖြစ်နေချေသည်။
နတ်ဆိုးတံစဉ်ထဲရှိ နတ်ဆိုးပုံရိပ်သည် အလေးအနက်အသွင် ဖြစ်လာ၏။တံစဉ်က တလက်လက် ဖြစ်ကာ ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်သွား၏။
ကြီးစိုးဖိနှိပ်နိုင်မှုတာအိုကို သယ်ဆောင်ထားသည့် ဓားစွမ်းအင်သည် တံစဉ်ထံသို့ ရိုက်ခတ်လာ၏။
ဓားစွမ်းအင်နှင့်နတ်ဆိုးတံစဉ်တို့ ထိပ်တိုက်တွေ့သွားသည့်အခိုက်၌ လင်းထျန်ဟူ၏ပုံရိပ်သည် ဓားစွမ်းအင်နောက်၌ ပေါ်လာသည်ဟု ထင်မှတ်ရ၏။ထို့အတူ တံစဉ်၏ နောက်တွင်လည်း ဦးချိုတစ်ချောင်း နတ်ဆိုးပုံရိပ်ယောင်က ပေါ်လာခဲ့ပေသည်။
ထိုနှစ်ခု ထိပ်တိုက်တွေ့ဆုံသည်နှင့် မြေပြင်က ချက်ခြင်း ပျက်စီးလာ၏။သည့်နောက် မြေပြင်တစ်လျှောက် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ထင်းခနဲ ပေါ်လာကာ အလျင်အမြန် ပျံ့နှံ့လာလေသည်။
ကောင်းကင်ထက်ရှိ တိမ်တိုက်များသည်လည်း ချက်ခြင်း ပြိုကျကာ ဤအခိုက်အတန့်၌ ကောင်းကင်တစ်ခုလုံး မှိန်ဖျော့သွားလေ၏။
နတ်ဆိုးတံစဉ်နောက်ရှိ နတ်ဆိုးပုံရိပ်ယောင်သည် မချင့်မရဲ အသွင် ထုတ်ဖော်လာပြီးနောက် ပျက်စီးသွားတော့၏။ထို့နတ်ဆိုးပုံရိပ်ယောင်နှင့်အတူ နတ်ဆိုးတံစဉ်သည်လည်း လိုက်ပါပျက်စီးသွး၏။
ခုချိန်၌ လင်းထျန်ဟူ၏ ဓားစွမ်းအင်သည် မှိန်ဖျော့သွားကာ ရွှေရောင်အလင်းအမျှင်တန်းတစ်ခုသာ ကျန်ရစ်ခဲ့တော့၏။သို့ရာတွင် သည်ရွှေရောင်အလင်းအမျှင်တန်းတစ်ခုတည်းမှာပင် လင်းထျန်ဟူ၏တာအို ပါဝင်နေခဲ့ပေသည်။
နတ်ဆိုးတံစဉ် ပျက်စီးသွားသည့်အခိုက်အတန့်မှာပင် ကျန်နေသေးသော ဓားစွမ်းအင်က အနက်ရောင်မျှော်စင်ထံသို့ ရိုက်ခတ်လာသည်။
ဝမ်လင်းက လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ထုတ်ဖော်ပြီးနောက် သူက ချက်ခြင်း နောက်သို့ ဆုတ်လေ၏။သူက နောက်သို့ ဆုတ်ရမည်သာ။သူ့တွင် နောက်ဆုတ်ရန်ကလွဲ၍ အခြားရွေးချယ်စမရာ မရှိပေ။ဝမ်လင်းက အသိပြန်လာပြီးသည့်နောက် ခုချိန်၌ ကြောက်ရွှံ့မှုကို ခံစားမိနေ၏။သူက ရူးသွပ်နေစဉ်အခြေအနေလိုမျိုး မျှော်စင်ထဲသို့ ဝင်ရောင်သွားပါက သံသယမရှိ သေဆုံးရမည် မဟုတ်လော။
အစောပိုင်းတုန်းက အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအိုသည် သူ့ကို စောင့်ကြည့်နေသဖြင့် သူက နောက်မဆုတ်သာ ဖြစ်နေရ၏။သို့ရာတွင် ခုချိန်၌ သူက ဓားစွမ်းအင်ကို ထုတ်လွှတ်ထားသည် ဖြစ်ရာ သူ့အတွက် နောက်ဆုတ်ရန် အကောင်းဆုံး အချိန် ဖြစ်နေ၏။
အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအိုသည် တံစဉ်ပျက်စီးသွားချိန်၌ သွေးများစွာအန်ထုတ်လိုက်ရသည်။သူက အားနည်းသွားသည့်ပုံပင်။သို့သော် သူက ဝမ်လင်း နောက်ဆုတ်သွားသည်ကို မြင်သည့်အခါ အံတင်းတင်းကြိတ်၍ နောက်ကလိုက်လိုနေသည်။သို့ရာတွင်သူက ချက်ခြင်းရပ်တန့်သွား၏။သည့်နောက် သူ့အသွင်က ပြောင်းလဲသွားကာ ဓားစွမ်းအင်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားလေသည်။
ဓားစွမ်းအင်သည် အနက်ရောင်မျှော်စင်ထံသို့ တိုက်ရိုက် ဦးတည်နေခြင်း ဖြစ်သည်။သူက အနက်ရောင်မျှော်စင်သည် မည်မျှ အရေးကြီးကြောင်း သိရှိထားပေ၏။
အဘိုးအိုက မြန်ဆန်လှသော်လည်း ဓားစွမ်းအင်က သူ့ထက် ပိုမြန်နေသည်။ဓားစွမ်းအင်က မျှော်စင်နားသို့ ချက်ခြင်းလိုလို ရောက်ရှိလာ၏။မျှော်စင်ထဲမှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာကာ ဓားစွမ်းအင်ကို တုန်ယင်သွားစေသည်။သို့သော် ဓားစွမ်းအင်က ပျောက်ကွယ်သွားခြင်းတော့ မရှိပေ။ဓားစွမ်းအင်၏ ကြီးစိုးဖိနှိပ်နိုင်သည့် သဘာဝသည် အေးစက်စက်နှာခေါင်းရှုံ့သံ၏ စွမ်းအားကို ထွင်းဖောက်သွားစေကာ မျှော်စင်ပေါ်သို့ ကျရောက်သွားချေသည်။
အနက်ရောင်မျှော်စင်ထံမှ အာ့ ဟု ခပ်တိုးတိုးအသံ ထွက်ပေါ်လာသည်။အနက်ရောင်မျှော်စင်က ပြိုကျသွားခြင်း မရှိသော်လည်း ၎င်းပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာ၏။
“ဘယ်လိုတောင် အားကောင်းလိုက်တဲ့ ဓားစွမ်းအင်လဲ။ ဒီဓားစွမ်းအင်ကို ဖန်တီးတဲ့လူက အခြေခံအားဖြင့် ငါ့ထက်တောင် သန်မာနေသေးတယ်…”
အနက်ရောင်အဘိုးအိုက မျှော်စင် ပျက်စီးသွားခြင်းမရှိဘဲ ဓားစွမ်းအင်ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်သည့်အခါမှ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။သည်အခိုက်အတန့်၌ မျှော်စင်ထဲမှ နတ်ဆိုးစွမ်းအင်တစ်ခု ထွက်ပေါ်လာကာ အဘိုးအိုခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ထိုအခါ အဘိုးအိုဝတ်ဆင်ထားသော ချပ်ဝတ်သည် နတ်ဆိုးအလင်းကို ပေးစွမ်းလာသည်။
သူခန္ဓာကိုယ်က ချက်ခြင်း ရောင်းကိုင်းလာကာ ပေသုံးဆယ်လောက်ထို ချဲ့ကားလာ၏။သူ့ချပ်ဝတ်သည်လည်း သူနှင့်အတူ လိုက်ပါ ချဲ့ထွင်လာသည်။အဘိုးအိုနှဖူးပေါ်ရှိ အနက်ရောင်ဦးချိုတစ်ခု ပေါက်လာကာ အေးတိအေးစက်အော်ရာကို ပေးစွမ်းလာ၏။
ထိုအခိုက်အတန့်၌ အဘိုးအိုသည် လူသားတစ်ယောက်အသွင် မဟုတ်တော့ပေ။သူက နာနာကျင်ကျင် အော်ဟစ်လိုက်ရကာ ရုတ်တရက်လှည့်ကြည်လာ၏။သူက ဝမ်လင်းဆုတ်ခွာသွားသည်ကို လှည်ကြည့်ကာ သူ့မျက်လုံးများက အေးစက်လာသည်။
“ခွေးကောင်လေး…မင်းက ဘယ်နေရာကိုများ ထွက်ပြေးမလဲ ငါ ကြည့်ဦးမယ်…”
ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းနောက်သို့ လိုက်လေ၏။
“ကောင်းကင်ဘုံတက်ခြင်းသစ်သီးကြောင့် ငါက အနိုင်ရခဲ့တယ်။ဒါပေမဲ့ အခု ငါ့မှာ ကောင်းကင်ဘုံတက်ခြင်းသစ်သီးတွေ မရှိတော့ဘူး…”
ဝမ်လင်းက သက်ပြင်းချလိုက်မိသည်။သည့်နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ စိတ်ထဲ၌ တွေးလိုက်သည်။ “ငါက စွန့်စားကြည့်ရုံပဲ ရှိတော့တယ်..”
သူ့ညာလက်က သိုလှောင်အိတ်ကို ထိလိုက်ရာ ဖယောင်းဖြင့်ပိတ်ထားသည့် ဆေးလုံးတစ်လုံး လက်ထဲ၌ ပေါ်လာ၏။
ထိုဖယောင်းဆေးလုံးပေါ်၌ မရေမတွက်နိုင်သော သင်္ကေတများ ရှိနေကာ ယင်းသင်္ကေတတို့က ဝမ်လင်းနှလုံးခုန်သံနှင့်အတူ တလက်လက် ဖြစ်နေသည်။
ဝမ်လင်းက အံတင်းတင်းကြိတ်ကာ သူ့နတ်ဘုရားအာရုံကို နှစ်ပိုင်းခွဲလိုက်၏။သည့်နောက် နတ်ဘုရားအာရုံတစ်ခုက သိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားသည်။သူ့နတ်ဘုရားအာရုံက သိုလှောင်အိတ်ထဲကို ဖြတ်ကျော်လာရင်း မရေမတွက်နိုင်သောအတားအဆီးများနှင့် ချပ်ပိတ်ထားသော အလုံးငယ်တစ်ခုပေါ်သို့ ခပ်နှိပ်လိုက်သည်။သည့်နောက် နတ်ဘုရားအာရုံက ထိုအလုံးငယ်ထဲသို့ ဝင်ရောက်သွားသည်။
ထိုအလုံးထဲ၌ ယောင်ရှင်းရွှယ်၏ မျက်နှာသည် ကြက်သွေးရောင်တောက်နေကာ သူမမျက်နှာပေါ်၌ ချွေးစက်များစွာလည်း တွဲခိုနေ၏။သူမက နာကျင်မှုနှင့်သက်တောင့်သက်သာ ဖြစ်မှုတို့ ပေါင်းစပ်နေသည့် ထူးဆန်းသောအသွင်ဟန်ပန် ဖြစ်ပေါ်နေသည်။သည့်အပြင် အရှက်ခွဲခံရခြင်းနှင့် ရုန်းကန်နေခြင်း သဘောတို့လည်း သူမထံ၌ ရှိလို့နေ၏။
“ယောင်ရှင်းရွှယ်…သွေးစိတ်ဝိညာဉ်ဆေးလုံး ဘယ်လိုအသုံးပြုရလဲ ငါ့ကို ပြောပါ။ နင် မပြောဘူးဆိုရင် ငါ မသေခင်မှာ ငါ့သိုလှောင်အိတ်ကို ဖျက်စီးပစ်ပြီး နင့်ကို ဟင်းလင်းပြင်ထဲမှာ ပိတ်လှောင်ထားပစ်မယ်။နင်က နင့်သက်တမ်း ကုန်တဲ့အထိ အခုလိုပုံစံမျိုးနဲ့ အဲ့လို ပိတ်လှောင်ပြီး တစ်သက်လုံး နေသွားစေရမယ်…”
ဝမ်လင်း၏ နတ်ဘုရားအာရုံအသံပို့ချက်က ယောင်ရှင်းရွှယ်၏ စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ရောက်ရှိလာသည်။
ယောင်ရှင်းရွှယ်က ရုန်းကန်နေသည့်အသွင်ဖြင့် ပြောလိုက်၏။ “လွှတ်…လွှတ်ပေး…ဒီအတားအဆီးကို လွှတ်ပေး…ငါ…ပြော…ပြော…ပြမယ်…”
သူမက သည်လိုအနှိပ်စက်ခံရသည်ကို တောင့်ခံမည့်အစား ဝမ်လင်းကိုသာ အရာအားလုံး ပြောပြပေတော့မည်။
ဝမ်လင်းနတ်ဘုရားအာရုံက ယောင်ရှင်းရွှယ်ပေါ်သို့ ဖြတ်ကျော်သွားကာ သူမခန္ဓာကိုယ်ပေါ်ရှိ အတားအဆီးသည်လည်း ချက်ခြင်း ပျောက်ကွယ်သွားသည်။ယောင်ရှင်းရွှယ်က စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချမိ၏။သူမမျက်နှာက နီရဲနေသေးသော်လည်း အတားအဆီးဖြင့် နှိပ်စက်ထားခြင်း မရှိသည့်အတွက် များစွာ သက်တောင့်သက်သာ ရှိနေ၏။
သူမက ဝမ်လင်းခုလောက် စိုးရိမ်နေသည့်အသွင်ကို မမြင်ဖူးခဲ့ချေ။သူမက မျက်လုံးကစားလိုက်ပြီး သူနှင့်အပေးအယူလုပ်ရန် ဟန်ပြင်လိုက်၏။
ဝမ်လင်းက နတ်ဘုရားအာရုံကို နှစ်ပိုင်းခွဲထားခြင်း ဖြစ်၏။ထို့ကြောင့် တစ်ပိုင်းက သိုလှောင်အိတ်ထဲ၌ ရှိနေစဉ် နောက်တစ်ပိုင်းက သူ့ခန္ဓာကိုယ်အား ထိန်းချုပ်ထား၏။သည်အခိုက်အတန့်မှာပင် အနက်ရောင်ချပ်ဝတ်နှင့်လူကြီးက သူ့အား မှီလာ၏။ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သိုလှောင်အိတ်ထဲမှ ပုဆိန်တစ်ခု ပျ့ဝဲတက်လာ၏။
သည်ပုဆိန်က ဘီလူးနတ်ဆိုးကလန်မှ စစ်ပုဆိန်ပင်။ဝမ်လင်းက ၎င်းပုဆိန်ကို ထုတ်ယူလိုက်ပြီးနောက် ပစ်လွှတ်ကာ အော်ပြောလိုက်၏။ “ပေါက်ကွဲလိုက်စမ်း…”
စစ်ပုဆိန်သည် ပေါက်ကွဲထွက်သွားကာ ပြင်းထန်သောတုန်ခါမှုလှိုင်းကို ဖြစ်ပေါ်သွားစေသည်။အနက်ရောင်ချပ်ဝတ်နှင့်လူကြီးက မျက်မှောင်ကြုတ်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။သူက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ပုဆိန်ထံမှ တုန်ခါလှိုင်းသည် ချက်ခြင်း ပျက်ပြယ်သွားတော့သည်။
သိုလှောင်အိတ်အတွင်းတွင်မူ ဝမ်လင်းနတ်ဘုရားအာရုံနောက်တစ်ခုက အော်ပြောလိုက်၏။ “နင်က စကားပြောဖို့ ကြံရွယ်နေတာလား…”
အတွေးတစ်ချက်ဖြင့်ပင် အတားအဆီးများက နောက်တစ်ဖန် ပေါ်လာတော့၏။
ယောင်ရှင်းရွှယ်၏မျက်နှာက ကြက်သွေးရောင်နီးမြန်းသွားကာ သူ့မမျက်လုံးထဲ၌ ကြောက်ရွှံ့မှုများ ပြည့်နှက်သွားသည်။ချက်ခြင်းပင် သူမက သွေးစိတ်ဝိညာဉ်ဆေးလုံး အသုံးပြုရသည့်နည်းလမ်းကို ဝမ်လင်းအား အလျင်အမြန် ပြောပြလိုက်သည်။
အပြင်ဘက်တွင်မူ အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအိုသည် ပုဆိန်တုန်ခါလှိုင်းကို ဖျက်စီးပစ်လိုက်ပြီးနောက် သူ့ညာလက်ကို ဝမ်လင်းထံသို့ ဆန့်တန်းလိုက်သည်။
ဝမ်လင်းက ယောင်ရှင်းရွှယ်ကို မေးခွန်းမေးပြီးနောက် သိုလှောင်အိတ်ထဲမှ နတ်ဘုရားအာရုံကို ပြန်ဆင့်ခေါ်သည်။သည့်နောက် သူက သူ့လက်ထဲရှိ သွေးစိတ်ဝိညာဉ်ဆေးလုံးကို ခြေမွလိုက်သည်။ထိုအခါ အပြာ်ရောင်သွေးတစ်စက် ပေါ်လာ၏။
အချိန်တစ်စက်မှ မဆွဲဘဲ ဝမ်လင်းက သူ့လက်ချောင်းထိပ်ကို အနည်းငယ် ကိုက်၍ ရှုပ်ထွေးသော သင်္ကေတတစ်ခုကို သူ့သွေးဖြင့် လေထဲ၌ ရေးဆွဲလိုက်သည်။ထိုသင်္ကေတ ဖြစ်တည်လာပြီးနောက် ၎င်းသည် အပြာရောင်သွေးစက်နှင့် မြန်ဆန်စွာ ပေါင်းစည်းသွားသည်။ဝမ်လင်းက ၎င်း သွေးစက်ကို လျင်မြန်စွာ ဆွဲယူ၍ သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ချသည်။
သည်အခိုက်အတန့်၌ ပေသုံးဆယ်ခန့်ရှည်လားသည့် အနက်ရောင်ချပ်ဝတ်အဘိုးအိုသည်လည်း နီးကပ်လာခဲ့၏။သည့်နောက် ဝမ်လင်းမျက်ခုံးနှစ်ခုကြားထဲမှ သင်္ကေတသည် ပြန်ထွက်ပေါ်လာ၏။သည့်နောက် သူက ထိုသင်္ကေတာကို ကီလိုမီတာသောင်းချီဝေးကွာသည့်အရပ်သို့ လွင့်ထွက်စေကာ မိုးကုပ်စက်ဝိုင်းအစွန်း၌ ပျောက်ကွယ်သွားစေလိုက်သည်။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက ရုတ်တရက်လှည့်လာကာ သူ့မျက်လုံးထဲရှိ ကြည်လင်မှုတို့သည် တစ်ဖန် ပျောက်ရှနေခဲ့ချေပြီ။သူ့မျက်လုံးထဲ၌ သတ်ဖြတ်ခြင်စိတ်နှင့် တိုက်ပွဲစိတ်ဆန္ဒတို့က အစားဝင်လာခဲ့တော့၏။
“လူအိုကြီး…သေလိုက်စမ်း…” ဝမ်လင်း မျက်လုံးများက ရူးသွပ်ဖွယ် နီရဲနေချေသည်။ကြမ်းကြုတ်စွာ မာန်သွင်းပြီးနောက် သူက နောက်ဆုတ်ရမည့်အစား အဘိုးအိုထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့၏။
သူက အဘိုးအိုထံသို့ တဟုန်ထိုး တိုးဝင်လာချိန်၌ သူ့ခန္ဓာကိုယ်ပေါ်တွင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။သည်မီးတောက်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်ကာ ထူထဲ ပြင်းထန်လှသော မီးတောက်တစ်ခု ဖြစ်နေ၏။
အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအို၏ အသွင်သည် ရုတ်ချည်း ပြောင်းလဲသွားသည်။သူက ဆက်တိုးဝင်ရမည့်အစား နောက်သို့ ပြန်ဆုတ်တော့သည်။
“မင်း ရူးသွားပြီ…” အဘိုးအိုမျက်လုံးများထဲ၌ တုန်လှုပ်မှုတို့နှင့် ပြည့်နေလေသည်။
ကိုယ့်ကိုကိုယ် ဖျက်စီးပစ်ခြင်း။ အာဏာတက်ခြင်းကျင့်ကြံသူက ကိုယ့်ကိုယ်ကို ဖျက်စီးပစ်ခြင်း။ထိုဖျက်စီးပေါက်ကွဲစေသည့် စွမ်းအားသည် အဘိုးအို ရင်ဆိုင်လိုသော အရာတစ်ခု မဟုတ်ပေ။
ဝမ်လင်း၏ ပုံရိပ်သည် ကြယ်ပျံတစ်စင်းအလား အဘိုးအိုထံသို့ တဟုန်တိုး ဝင်ရောက်လာ၏။အဘိုးအိုအသွင်ကပြောင်းလဲနေရင်း သူက နောက်သို့ ဆက်လက်ဆုတ်နေသည်။
“ပေါက်ကွဲလိုက်စမ်း…” ဝမ်လင်းကိုယ်၌ ဝန်းရံနေသည့် မီးတောက်သည် ရုတ်တရက်ပ ပိုမို ပြင်းပြင်းထန်ထန် လောင်ကျွမ်းလာ၏။သူက အဘိုးအိုထံသို့ ကြည့်ကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ သူ့ခန္ဓာကိုယ်အား ဖျက်စီးပစ်လိုက်တော့သည်။သူ့မူလစိတ်ဝိညာဉ်ပင် ခန္ဓာကိုယ်နှင့်အတူ ပျက်စီးသွားကာ နှိုင်းဆမရသည့်တုန်ခါလှိုင်းတစ်ခုကို ဖြစ်ပေါ်သွားစေတော့သည်။
သာမန်အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်က သူ့ကိုယ်သူ ဖျက်စီး၍ တိုက်ခိုက်လာလျှင်ပင် ထိုအဘိုးအိုအတွက် ဒဏ်ရာသာ ရစေနိုင်မည် ဖြစ်သည်။သို့ရာတွင် ဝမ်လင်းခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံအရည်စက်လေးစက်ရှိနေသည် မဟုတ်လော။သည့်အတွက်ကြောင့် ခြားနားမှုက လွန်စွာ ကြီးသွားပေပြီ။
ကိုယ့်ကိုကိုယ်ဖျက်စီးပစ်သည့် စွမ်းအားက အရူးအမူး ပျံ့နှံ့လာ၏။အဘိုးအိုသည် ထိုစွမ်းအင်နှင့် ရိုက်ခတ်ခံရချိန်၌ ချက်ခြင်း သွေးအန်ထုတ်လိုက်ရသည်။သည့်နောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်သည်လည်း အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲဿွားကာ သူ့ခန္ဓာကိုယ်ရှေ့၌ ဒိုင်းတစ်ခုအသွင် ဖြစ်ပေါ်ကာ ဖျက်စီးခြင်းစွမ်းအားကို ခုခံရန် လုပ်ဆောင်လိုက်သည်။
သို့ရာတွင် သည်ဒိုင်းက အသက်ရှုချိန်သုံးကြိမ်သာ တောင့်ခံနိုင်၏။သည့်နောက် နတ်ဆိုးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသိပ်သည်းသွားသည်။ထို့နောက်မှာတော့ ၎င်းက အဘိုးအိုထံမှ ချက်ခြင်းထွက်ခွာ၍ မျှော်စင်ရှိရာသို့ ပျံသန်းသွားတော့သည်။
ထိုဒိုင်း၏ကာကွယ်မှု ကင်းမဲ့သွားသည်နှင့် အဘိုးအိုသည် ဝမ်လင်း၏ ကိုယ့်ကိုကိုယ် ဖျက်စီးခြင်းစွမ်းအားဖြင့် ထိမှန်သွားကာ သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားချေသည်။
ဝမ်လင်းက သူ့ခန္ဓာကိုယ် ပေါက်ကွဲနေစဉ်အတွင်းမှာပင် သူက အနက်ရောင်မျှော်စင်ထံသို့ ကြည့်ကာ လက်သီးတစ်ချက် လှမ်းပစ်သွင်းလိုက်သည်။သည်လက်သီးက သူ့တာအို၊သူ့အသက်ဓာတ်၊သူ့မူလစိတ်ဝိညာဉ်တို့ဖြင့် ဖြစ်ပေါ်စေခဲ့သော လက်သီးချက်ပင်။ ၎င်းလက်သီးချက်ထဲ၌ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စိတ်ဆန္ဒတစ်ခုပင် ပါဝင်နေသေးသည်။သူ့တစ်ကိုယ်လုံး၏ စွမ်းအားအားလုံးသည် ထိုလက်သီးချက်ထဲ၌ ပေါင်းစပ်သွားခြင်း မည်သည်။
အနှီလက်သီးတိုက်ခိုက်မှုသည် ပြင်းထန်သောလေပြင်းတစ်ခုကို ဖြစ်စေကာ အနက်ရောင်မျှော်စင်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားချေ၏။အနက်ရောင်မျှော်စင်က တုန်ခါသွားကာ လင်းထျန်ဟူ၏ဓားစွမ်းအင်ကြောင့် ဖြစ်ပေါ်ခဲ့ပြီးသော အက်ကွဲရာများသည် စတင် ပျံ့နှံ့လာခဲ့တော့၏။မျက်စိတစ်မှိတ်အတွင်း အနက်ရောင်မျှော်စင်တစ်ခုလုံးသည် ပြိုကျပျက်စီးသွားသည်။
လက်ကောက်ဝတ်တစ်ဖက် ကင်းမဲ့နေသော ချပ်ဝတ်တစ်စုံသည် လေထဲ၌ တိတ်ဆိတ်စွာ မြောလွင့်လာခဲ့သည်။ထိုချပ်ဝတ်ထဲမှ တစ္ဆေအလင်းတစ်ခု ဖျတ်ခနဲ တောက်ပကာ နတ်ဘုရားအာရုံတစ်ခု ထိုးထွက်လို့လာ၏။
“မင်း ငါ့ နတ်ဆိုးမျှော်စင်ကို ဖျက်စီးဝံ့တယ်ပေါ့။မင်းက သူနဲ့ ဆက်နွှယ်မှု ရှိနေရင်တောင် ငါ မင်းကို သတ်ပစ်မယ်…”
နတ်ဆိုးမျှော်စင်သည် နတ်ဆိုးစွမ်းအင်များ ထောက်ပံ့ပေးနေသည့် အရေးကြီးအရာတစ်ခု ဖြစ်သည်။ထိုမျှော်စင်ကြောင့် ချပ်ဝတ်ထဲရှိ နတ်ဘုရားအာရုံက ဖြန့်ကျက်နိုင်နေခြင်း ဖြစ်သည်။ နတ်ဆိုးမျှော်စင်မရှိဘဲ ၎င်းချပ်ဝတ်၏နတ်ဘုရားအာရုံက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံးကို အရင်လို လွှမ်းခြုံကြည့်ခြင်း လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
အနက်ရောင်မျှော်စင် ရှိနှင့်ခဲ့သော မြေပြင်နေရာတွင် အနက်ရောင်အစီအရင်တစ်ခု ပေါ်ထွက်လို့လာ၏။ထိုအစီအရင်ထဲ၌ လူတစ်ယောက်သည် ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေသည်။သူ့ဆံပင်များက လေနှင့်အတူ လွင့်မြောနေကာ ကိုယ်ပေါ်တွင်လည်း ခရမ်းရွှေရောင်တက်တူးအမှတ်အသားများ ရှိလို့နေ၏။
ကောင်းကင်ထက်ရှိ ချပ်ဝတ်က ဆင်းသက်လာကာ အနက်ရောင်အမျှင်တန်းများအဖြစ်ပြောင်းလဲ၍ ထိုလူ့အား ဝန်းရံသွားသည်။မျက်စိတစ်မှိတ်အတွင်း ချပ်ဝတ်သည် ထိုလူ့အား ဝတ်ဆင်ပေးပြီး ဖြစ်နေသည်။သည်အခိုက်အတန့်၌ ထိုလူသည် မျက်လုံးဖွင့်လာခဲ့ချေ၏။
ကီလိုမီတာသောင်းနှင့်ချီသော နေရာ၌ အပြာရောင်သွေးတစ်စက်သည် လေဟာနယ်ထဲကနေ ထွက်ပေါ်လာသည်။သည်သွေးစက်ထွက်ပေါ်လာသည်နှင့် ၎င်းက အကွာအဝေးတစ်ခုသို့ ခပ်မြန်မြန် ပျံသန်းသွားချေသည်။ယင်းအပြာရောင်သွေးစက်က ပျံသန်းနေရင်း ၎င်းသည် တစ်ဖြည်းဖြည်းဖြင့် ဝမ်လင်း၏ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
***