အနက်ရောင်ချပ်ဝတ်နှင့်လူကြီးက မျက်မှောင်ကြုတ်သွားကာ သူ့မျက်လုံးကလည်း လက်ခနဲ ဖြစ်သွား၏။ဦးဆုံးအနေဖြင့် သူက ကောင်းကင်ထက်ရှိ မြစ်ကို ကြည့်လိုက်သည်။ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့အကြည့်က ဓားသူတော်စင်လင်းထျန်ဟူ ချန်ထားခဲ့သောဓားစွမ်းအင်ပေါ်သို့ ကျရောက်သွား၏။
သူက ထိုဓားစွမ်းအင်ကို ပိုမိုတောက်ပသောအကြည့်ဖြင့် ကြည့်လိုက်ကာ လေအေးတစ်ချက် ရှိုက်သွင်းလိုက်၏။
“သူ့တာအိုကနေ ဖန်တီးထားတဲ့ မြစ်ကလည်း ထူးဆန်းအံ့ဖွယ်ပါလား။ ဒါပေမဲ့ ဒါက ဖြစ်တည်ရုံသာ ရှိသေးတယ်။ဒါ့ကြောင့် ဒီမြစ်နောက်မှာ လုံလောက်တဲ့ စွမ်းအင်တွေ မရှိနိုင်သေးဘူး။ဒါပေမဲ့ ဓားစွမ်းအင်…ဒီဓားစွမ်းအင်က သန်မာလွန်းလှတယ်။အတော့်ကို သန်မာလှတယ်။ဒီဓားစွမ်းအင်ကို ဖန်တီးခဲ့တဲ့လူက အထွတ်အထိပ်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရမယ်။ဒီလူ့ရဲ့အဆင့်က နိဗ္ဗာနဖြိုခွဲခြင်း အဆင့်ထဲကိုတောင် ဝင်ရောက်နေမှာ ငါ စိုးရိမ်မိတယ်…”
ဝမ်လင်းက သူ့အစွမ်းထက်သောလက်နှစ်ဖက်ကို ထုတ်ပြလိုက်လေပြီ။သူ့ရည်ရွယ်ချက်က တိုက်ခိုက်ရန် မဟုတ်ဘဲ ရန်သူ့အား တုန်လှုပ်သွားစေရန်သာ ဖြစ်သည်။
ဝမ်လင်းက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏ သက်ရောက်မှုကြောင့် ရူးသွပ်နေရာကနေ အသိပြန်ဝင်လာခဲ့ပြီး ဖြစ်၏။သည့်အတွက်ကြောင့် သူက ဉာဏ်နီဉာဏ်နက်များ ပြန်သုံးလာနိုင်ပေပြီ။ခုချိန်တွင် ထိုအဘိုးအိုက သူရင်ဆိုင်နိုင်သည့် လူတစ်ယောက် မဟုတ်ပေ။
အနက်ရောင်ချပ်ဝတ်နှင့်လူက သူ့အကြည့်ကို ဓားစွမ်းအင်ထံကနေ ပြန်ရုတ်သိမ်းလိုက်၏။သည့်နောက် သူက ဝမ်လင်းကို ကြည့်ကာ စိတ်ထဲ၌ တွေးဆနေလေ၏။
လေထဲ၌ လွင့်မြောနေသည့် တစ္ဆေလောကမြစ်ရေစီးသံကလွဲ၍ ဝန်းကျင်တစ်ခုလုံးက လုံးလုံး တိတ်ဆိတ်ကာ နေသည်။
ထိုအခိုက်အတန့်၌ အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအိုနောက်ရှိ မျှော်စင်ထက်မှ အားကောင်းသော နတ်ဘုရားအာရုံတစ်ုခက ရုတ်တရက် ထွက်ပေါ်လာချေ၏။
“မင်းက ဒီလက်ဝါးရာကို ဘယ်နေရာကနေ သင်ယူခဲ့တာလဲ…” ဤသို့သော နတ်ဘုရားအာရုံက မိုးခြိမ်းသံကဲ့သို့ မြည်ဟီးလာချေသည်။
သည်အသံ ထွက်ပေါ်လာသည့်အခိုက်တွင် မြေကြီးတစ်ခုလုံးက စတင် အက်ကွဲလာခဲ့ချေ၏။သို့သော် ဝမ်လင်းရှေ့ ပေတစ်ရာတွင် ရပ်တန့်လို့သွားသည်။
ဝမ်လင်းက မျက်လုံးကျဉ်းမြောင်းသွားသည်။သူက ခုချိန်တွင် သည့်အသံက သူ့အား မရေမတွက်နိုင်အောင် ဒဏ်ရာရရှိစေခဲ့သော အသံဖြစ်သည်ဟု မှတ်မိသွား၏။သတ်ဖြတ်ခြင်းစွမ်းအင်နှင့် မရဏစွမ်းအင်တို့ကြောင့်သာ မဟုတ်ပါကသူက အကြိမ်များစွာ သေဆုံးနှင့်နေလောက်ပေပြီ။
ဝမ်လင်းက ပြောလိုက်၏။ “ငါက ဒီလက်ဝါးရာကို ကောင်းကင်ဘုံနယ်မြေမှာ သင်ယူခဲ့တာ…”
ကြီးမားသောနတ်ဘုရားအာရုံက ခပ်တိုးတိုး ဆို၏။ “ကောင်းကင်ဘုံနယ်မြေ…ဟုတ်တယ်…သူက အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေကို တစ်ကြိမ်သွားခဲ့သေးတာပဲ…”
ဝမ်လင်းက နောက်သို့ စတင် ဆုတ်နေ၏။သူက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏ သက်ရောက်မှုအောက်တွင် ဆက်လက်မရှိတော့ချေ။ခုချိန်၌သူက အေးစက်စက်ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီ ဖြစ်သည်။
“သူ့ကို အသက်ရှင်လျက် ဖမ်းလာခဲ့ချေ…” နတ်ဘုရားအာရုံက ထိုစကားကို ဆိုပြီးနောက် အနက်ရောင်မျှော်စင်ထဲသို့ ပြန်လည် ပျောက်ကွယ်သွားတော့သည်။
အနက်ရောင်ချပ်ဝတ်နှင့်အဘိုးက တုံ့ဆိုင်းခြင်းမရှိ လေထဲသို့ ခုန်တက်လာ၏။သူက အလင်းတန်းအလား ဝမ်လင်းထံသို့ ရွှေ့လျားလာသည်။အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံမှုဖြင် သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အော်ပြောလိုက်လေသည်။ “လေ…”
စကားတစ်ခွန်းဖြင့်ပင် ဧရာမမုန်တိုင်းတစ်ခု ရုတ်တရက် ပေါ်လာတော့၏။၎င်းက မြေပြင်ကို သိမ်းကျုံး ရိုက်ခတ်သွားရာ မြေကြီးများက စတင်အက်ကွဲကာ၊ကျောက်တုံးကျောက်စများက ပျက်စီးကြေမွကုန်ပြီး မုန်တိုင်းနှင့်ရောနှော၍ ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာလေတော့သည်။
ဝမ်လင်းအသွင်က သုန်မှုန်နေကာ သူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်၍ သူ့ညာလက်ကို အထက်သို့ ညွှန်လိုက်၏။တစ္ဆေလောကမြစ်က ရုတ်တရက် ကောင်းကင်ထက်မှ သက်ဆင်း၍ သည်ဧရိယာအား သိမ်းကျုံး စီးဝင်သွားသည်။
တိုးဝင်လာနေသော မုန်တိုင်းက တစ္ဆေလောကမြစ်၏ စီးဆင်းမှုကြောင့် ရပ်တန့်သွားခဲ့၏။ပြန်လည်မွေးဖွားခြင်းစွမ်းအင်အချို့ ပေါက်ကွဲထွက်လာပြီးနောက် ထိုမုန်တိုင်းသည် မြစ်ထဲသို့ ဆွဲနစ်ခြင်း ခံလိုက်ရချေသည်။
“ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းက ကိုယ်ပိုင်တာအို ရှိနေခဲ့ပြီ။မင်းက မရိုးရှင်းဘူးပဲ…” အဘိုးအိုအသံက တည်ငြိမ်နေ၏။သူ့လက်က ချိပ်တံဆိပတစ်ခုကို ထပ်မံဖြစ်စေကာ ကောင်းကင်ထက်သို့ ညွှန်လိုက်ပြန်သည်။
“မိုးကြိုး…” အဘိုးအိုက ထိုသို့အော်လိုက်သည်နှင့် ကောင်းကင်တစ်ခုလုံး ချက်ခြင်း နက်မှောင်လာကာ အနက်ရောင်တိမ်ဆိုင်များက ကောင်းကင်အနှံ့တွင် ရုတ်တရက် ပေါ်လာတော့သည်။
ထိုအနက်ရောင်တိမ်ဆိုင်များထဲ၌ ကျယ်လောင်သော တုန်ဟီးသံနှင့်အတူ အနက်ရောင်မိုးကြိုးတန်းတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြန်သည်။
ဝမ်လင်းအသွင်က ပြောင်းလဲသွားပြီး သူ့ ဘယ်ဘက်လက်ညှိုးကို ဆင်းသက်လာသည့် မိုးကြိုးထံသို့ ချက်ခြင်း ညွှန်လိုက်၏။
တစ္ဆေလောကလက်ညှိုး…။
ဝမ်လင်းက သည်မိုးကြိုးမန္တာန်ကို လျော့တွက်ထားခြင်း မရှိချေ။သူက စစ်ထူနန်ထံကနေ သည်မိုးကြိုးမန္တာန်သည် ကျင့်ကြံရန် ခက်ခဲကြောင်း ကြားသိထားခဲ့ဖူးပြီး ဖြစ်၏။တစ်စုံတစ်ယောက်က အရည်အချင်းများစွာ မရှိပါက ထိုမန္တာန်ကို သင်ယူရန် အလွန့်အလွန် ခက်ခဲပေလိမ့်မည်။
အကြောင်းရင်းမှာ သည်မိုးကြိုးတွင် ကောင်းကင်ဘုံ၏စွမ်းအားများ ပါဝင်သည်ဟု ယူဆ၍ ရသောကြောင့် ဖြစ်၏။ကောင်းကင်ဘုံ၏ စွမ်းအားကို လူသားတစ်ယောက်က မည်သို့လွယ်လင့်တကူ သုံးစွဲနိုင်ပါ့မည်နည်း။
တစ္ဆေလောကဖြစ်က ဝမ်လင်းလက်ညှိုးညွှန်သည့် ဦးတည်ရာအတိုင်း စတင် ရွှေ့လျားလာ၏။သည့်နောက် တစ္ဆေလောက်မြစ်သည် ကောင်းကင်ထက်ရှိ မိုးကြိုးနက်ထံသို့ ပြန်လည်မွေးဖွားခြင်းစွမ်းအားကို သယ်ဆောင်ကာ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။
ကောင်းကင်ထက်၌ ပြင်းထန်သောပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားသွား၏။တစ္ဆေလောကမြစ်က စတင်ပြိုကျလာခဲ့သလို မိုးကြိုးနက်သည်လည်း ပျောက်ကွယ်လာ၏။တစ္ဆေလောကမြစ်သုံးပုံတစ်ပုံ ပျောက်ကွယ်သွားပြီးနောက် မိုးကြိုးနက်သည် လုံးဝ ပျောက်ကွယ်သွားတော့သည်။
“မင်းတာအိုက တကယ်ပဲ စွမ်းအားကောင်းလှတယ်…” အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအိုက ထိုသို့ဆိုကာ နှာခေါင်းရှုံ့သည်။သူ့ညာလက်ကို ကောင်းကင်ထက်သို့ ထပ်မံ ညွှန်လိုက်ပြီး အော်ပြောလိုက်ပြန်၏။ “မိုး…”
ကောင်းကင်ထက်ရှိ အနက်ရောင်တိမ်ထုများက ရုတ်တရက် ကျုံ့လာကာ အနက်ရောင်မိုးစက်မိုးပေါက်များသည် ချက်ခြင်း ကျဆင်းလာတော့၏။သည်မိုးစက်များသည် ကောင်းကင်ထက်မှ ဓားများအလား ဝမ်လင်းထံသို့ ဖြောင့်ဖြောင့်တန်းတန်း ကျဆင်းလာသည်။
“အာဏာတက်ခြင်းနောက်ဆုံးအဆင့်…ဒါက ငါ အနိုင်မယူတဲ့ အရာပဲ…။ဒါပေမဲ့ သင်က ငါ့ကို သတ်ချင်ရင်တော့ လွယ်ကူနေမယ် မထင်နဲ့…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ခြေတစ်လှမ်းလှမ်းကာ တစ္ဆေလောကမြစ်ထဲသို့ တိုက်ရိုက် လှမ်းလျှောက်သွားသည်။
သူ တစ္ဆေလောကမြစ်ထဲသို့ ဝင်သွားချင်းမှာပင် ဝမ်လင်းသည် သည်မြစ်ထဲ၌ နစ်မြုပ်သွား၏။သူက သူ့တာအို၊သူကိုယ်တိုင် တစ္ဆေလောကမြစ် ဖြစ်လာချေသည်။
တစ္ဆေလောကမြစ်က သုံးပုံတစ်ပုံ ဆုံးရှုံးသွားရာမှ ဝမ်လင်းလှမ်းလျှောက်ဝင်လာပြီးနောက် ဧရာမလှိုင်းတစ်ခုကို ဖြစ်တည်သည်။၎င်းက မြေပြင်အတိုင်း စီးဆင်းသွားကာ မျက်စိတစ်မှိတ်အတွင်း နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွား၏။
ဝမ်လင်းက ထိုနဂါး၏ ဦးခေါင်းထိပ်၌ ရှိနေသည်။
နဂါးက ခေါင်းမော့ကာ ဟိန်းသံပြုသည်။သည်ဟိန်းသံက ဝမ်လင်း၏ ကောင်းကင်ဘုံကို ဖိဆန်သောတာအိုပင်။
အနက်ရောင်မိုးစက်များက ကောင်းကင်ထက်ကနေ သက်ဆင်းနေရာမှ ထိုဟိန်းသံထွက်ပေါ်လာသည့်နောက် တုံ့ဆိုင်းသွား၏။သည့်နောက် ထိုအနက်ရောင်မိုးစက်များသည် ပြန့်ကျဲသွားကာ အနက်ရောင်အခိုးငွေ့အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်က အနက်ရောင်အခိုးငွေ့နှင့် ဖုံးလွှမ်းသွားချေသည်။
“ကောင်းလိုက်တဲ့ တာအို ပေါင်းစည်းခြင်း။ ကံမကောင်းစွာနဲ့ ငါက မင်းတာအိုက ငါ့ရိုက်ချက်တစ်ခုကိုတောင့် တောင့်ခံနိုင်မယ်လို့ မထင်ဘူး။ ဒီအဘိုးအိုက ကိုယ်ပိုင်တာအိုမရှိပေမဲ့ ငါရဲ့ချပ်ဝတ်ကတော့ ဒီလိုလုပ်နိုင်တယ်…”
အဘိုးအိုအသွင်က ပုံမှန်အတိုင်းရှိနေသည်။သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ လေထဲသို့ ပျံဝဲတက်၍ ဆိုလိုက်၏။ “လေ…”
လေပြင်းများ ထပ်မံထွက်ပေါ်လာကာ ကောင်းကင်ထဲ၌ ဧရာမဝဲကတော့ တစ်ခု ဖြစ်ပေါ်လာသည်။သည်အရာက လေဝဲကတော့တစ်ခုဖြစ်ကာ အနက်ရောင်အခိုးငွေ့အားလုံးသည် ၎င်းဝဲကတော့ထဲသို့ စုပ်ယူခြင်းခံလိုက်ရတော့သည်။
အဘိုးအိုက ထပ်မံအော်ဟစ်ကာ ဆိုလိုက်ပြန်သည်။ “မိုး…” ဝဲကတော့ထဲ၌ အနက်ရောင်မိုးစက်များ ပေါ်လာသည်။သည်မိုးစက်များက နတ်ဆိုးစွမ်းအင်နှင့် ပြုလုပ်ထားကာ သာမာန်မဟုတ်ပေ။
“မိုးကြိုး…” သည့်နောက် အနက်ရောင်မိုးကြိုးတစ်ခုက အနက်ရောင်တိမ်ထုများနှင့်အတွင်း၌ ပေါ်လာပြန်သည်။သည်မိုးကြိုးနက်ပေါ်လာသည့်အခါ၌ အနက်ရောင်လျှပ်စီးတန်းများက အနက်ရောင်မိုးစက်များအတွင်း ရွှေ့လျားလာခဲ့၏။
သည့်အခိုက်၌ အလယ်ရှိ မိုးကြိုးနှင့် မရေမတွက်နိုင်သောာ မိုးစက်များက အနက်ရောင်လျှပ်စီးတန်းနှင့်အတူ ချိတ်ဆက်သွားသည်။
“လျှပ်စီး…” အဘိုးအို၏အသံက မိုးခြိမ်းသံများကိုပင် ဖိနှိပ်သွားသည်ဟု ထင်မှတ်ရသည်။သည့်နောက် မိုးကြိုး၊မိုးစက်နှင့် ဝဲကတော့တို့သည့် အလင်းအမြန်နှုန်းဖြင့် ကောင်းကင်ထက်မှ ကျဆင်းလာတော့၏။
ဝမ်လင်းက ခေါင်းမော့လိုက်သည်။သည်အရာက သူ့အတွက် အထွတ်အထိပ်သစ်တစ်ခု သူအရင်တုန်းက တစ်ခါမှ မကြုံဖူးခဲ့သည့် တိုက်ပွဲတစ်ခုပင်။
ကောင်းကင်ဘုံကိုဖိဆန်နိုင်သည့် တစ်ခုခုသာ ဖြစ်ပွားမလာလျှင် သူ့ကျင့်ကြံမှုအဆင့်ဖြင့် အာဏာတက်ခြင်းနောက်ဆုံးကျင့်ကြံသူကို သံသယမရှိ ရှုံးနိမ့်ပေလိမ့်မည်။ဝမ်လင်းက သည်အရာကို ကောင်းကောင်းသိပေ၏။အကြောင်းရင်းကတော့ သူ့တွင် ကောင်းကင်ဘုံကို ဖိဆန်နိုင်သည့်အရာတစ်ခု ရှိလို့နေသောကြောင့်ပင်။ လင်းထျန်ဟူ၏ ဓားစွမ်းအင်က ကောင်းကင်ဘုံကိုဖိဆန်နိုင်သည့်အရာ မဟုတ်လော။
ဝမ်လင်းက သို့လှောင်အိတ်ထဲမှ စိတ်ဝိညာဉ်တစ်ကုဠေအလံကို ထုတ်ယူလိုက်၏။ စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာသည် ချက်ခြင်း ပျံသန်းထွက်လာ၏။သည်စိတ်ဝိညာဉ်အပိုင်းအစများ ပေါ်ထွက်လာပြီးနောက် သူတို့က ကောင်းကင်ထက်သို့ ပျံတက်သွားခြင်း မရှိဘဲ တစ္ဆေလောကမြစ်ထဲသို့ မြန်ဆန်စွာ ပျံသန်းသွားလသည်။
သိပ်မကြာခင်တွင် စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာသည် တစ္ဆေလောကမြစ်ထဲသို့ ပေါင်းစပ်သွား၏။
“ငါက ကောင်းကင်ဘုံတက်ခြင်းသစ်သီးရဲ့ လွှမ်းမိုးမှုအောက်မှာတုန်းက ငါ့တာအိုနဲ့အတူ ဒီတစ္ဆေလောကမြစ်ကို ဖန်တီးနိုင်ခဲ့တယ်။ခု ငါ အသိပြန်ဝင်လာတဲ့အခါမှာလည်း ငါက ဒီမြစ်ရဲ့ စိတ်ဝိညာဉ်ကို သိပ်သည်းနိုင်တုန်းပဲကွ…”
စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာသည် တစ္ဆေလောကမြစ်နှင့် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွား၏။ သည်တစ်ခုတည်းသော စိတ်ဝိညာဉ်သည် တစ္ဆေလောက်မြစ်၏ စိတ်ဝိညာဉ်ပင် ဖြစ်ချေသည်။
တစ္ဆေလောကမြစ်သည် ခုချိန်၌ စိတ်ဝိညာဉ်တစ်ခု ရှိလာခဲ့ပြီ။ထို့ကြောင့် ၎င်းက လေ၊မိုး၊မိုးကြိုးနှင့် လျှပ်စီးများ ကောင်းကင်ထက်မှ ဆင်းသက်လာသည့်အခါတွင် ရုတ်တရက် လှုပ်ရှားလာခဲ့၏။ဝမ်လင်းသည်လည်း ထိုမြစ်အတွင်း၌ ရှိလို့နေသည်။သူက နတ်ဘုရာားအာရုံကို ဖြန့်ကျက်ကာ သူ့တာအိုနှင့် မြစ်တို့အား ပေါင်းစည်းထား၏။သည်အခိုက်၌ သူ့မူလစိတ်ဝိညာဉ်သည် မာန်သွင်းလိုက်၏။တစ္ဆေလောကမြစ်သည်လည်း ကောင်းကင်ထက်သို့ တဟုန်ထိုး ပျံတက်သွားသွားတော့သည်။
စိတ်ဝိညာဉ် ရှိလာသည့်အတွက် တစ္ဆေလောကမြစ်က အသိဉာဏ်ရလာသည်ဟု ထင်မှတ်ရ၏။၎င်းက နဂါးတစ်ကောင်ကဲ့သို့ မာန်သွင်းလျက် လေ၊မိုး၊မိုးကြိုနှင့် လျှပ်စီးမန္တာန်တိုကို့ ဝါးမြို ပစ်ချင်နေသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းမျက်ခုံးနှစ်ခုကြားမှ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သိန်းသုံးသောင်းသည် ထိုနဂါးနှင့် ပေါင်းစည်းသွား၏။ခုချိန်တွင် သည်တစ္ဆေလောကမြစ်သည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်ထားနေပေသည်။
သည်အရာက ဝမ်လင်း၏ အစစ်အမှန် တစ္ဆေလောကမြစ် ဖြစ်သည်။၎င်းမြစ်ထဲ၌ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သိန်းသုံးသောင်း၊စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာ နှင့် ဝမ်လင်းတာအို ပါဝင်နေ၏။
သည်အရာများက ရောနှောပေါင်းစဉ်းထားသည့်အရာက အဘိုးအိုထံမှ ထွက်ပေါ်လာသည့် မန္တာန်ထံသို့ အရူးအမူး တိုးဝင်သွားနေသည်။
သည်တိုက်ပွဲက ထိပ်ဆုံးရှိ လူများ၏ တိုက်ပွဲတစ်ခုပင်။
မိုးကြိုး ဟိန်းသံနှင့် အတူ လျှပ်စီးများက မိုးစက်များအား သယ်ဆောင်ထား၏။လေဝဲကတော့သည် တစ္ဆေလောကမြစ်နှင့် ထိတိုက်မိသည့်နှင့် ၎င်း၏ခွန်အားကို ခင်းကျင်းပြသလာသည်။သည်အခိုက်အတန့်၌ ကောင်းကင်သည် အရောင်းပြောင်းကာ ပေါက်ကွဲသံများက လေထဲ၌ အတောမသပ်သည့်အလား ပျံ့နှံ့လာခဲ့သည်။မြေပြင်သည် တုန်ခါ၍ နေရာတိုင်း၌ အက်ကြောင်းများ ပေါ်ထွက်လာသည်။
သည်အခိုက်အတန့်၌ ရှေးဟောင်းတိုက်ပွဲနယ်မြေတစ်ခုလုံး၏ မြေလွှာသည် အလိပ်လိပ်ကွာသွားခဲ့ချေပြီ။ရှေးဟောင်းတိုက်ပွဲမြေ အထက်ရှိ ကောင်းကင်သည်လည်း အစိတ်စိတ်ပြန့်ကျဲကုန်သလား ထင်မှတ်ရသည်။ကောင်းကင်နှင့်မြေကြီး၏ တိုက်ပွဲတစ်ခုပင် ဖြစ်ချေတော့၏။
မြေကြီးများ ကွဲအက်သွားသည်နှင့် တစ်ပြိုင်နက် များပြားသောစိတ်ဝိညာဉ်အပိုင်းအစများသည် မြေအောက်မှ ပျံဝဲထွက်လာတော့၏။သည်စိတ်ဝိညာဉ်အပိုင်းအစအားလုံးက အားကောင်းလွန်းသဖြင့် ဟော်ဖောင်က မသန့်စင်၊မမွန်းနိုင်ခဲ့ချေ။ဝမ်လင်းက သည်စိတ်ဝိညာဉ်အပိုင်းအစများကို မြင်သည့်အခါ သူ့မျက်လုံးက တလက်လက် ဖြစ်နေပြီး သူ့လက်ထဲရှိ စိတ်ဝိညာဉ်အလံကို လှုပ်ယမ်းလိုက်လေ၏။
စိတ်ဝိညာဉ်အလံက ဧရာမအဝတ်စကြီးတစ်ခုအသွင် ပြောင်း၍ ကောင်းကင်ကို လွှမ်းခြုံလာသည်။တစ်ချပ် ဝှေ့ယမ်းခြင်းနှင့်အတူ များစွာသော စိတ်ဝိညာဉ်အပိုင်းအစများသည် စိတ်ဝိညာဉ်အလံ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။သည်စိတ်ဝိညာဉ်အပိုင်းအစများက အနက်ရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်းလဲ၍ တစ္ဆေလောကမြစ်ထဲသို့ ပေါင်းစပ်သွားသည်။
ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွားကာ အနက်ရောင်ချပ်ဝတ်နှင့်လူကြီး၏အသွင်က သုန်မှုန်သွားတော့၏။သည့်နောက် သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည်ကာ ခေါင်းယမ်းလိုက်သည်။ “ဒီ လေ၊မိုး၊မိုးကြိုးနဲ့ လျှပ်စီး မန္တာန်တွေက ငါ့ရဲ့ အားအနည်းဆုံး မန္တာန်တွေပဲ ရှိသေးတယ်။အခု မင်းက ဒီချပ်ဝတ်နဲ့ ပေါင်းစပ်ထားတဲ့ တာအိုကို မြင်ရလိမ့်မယ်…
နတ်ဆိုးတာအို…။
အဘိုးအိုက သူ့ရင်ဘက်ပေါ်ရှိ ချပ်ဝတ်ကို ချွတ်လိုက်၏။ချက်ခြင်းပင် ထိုချပ်ဝတ်က ထူးဆန်းသောဟန်ပန်ဖြင့် စတင်ရွှေ့လျားလာသည်။ချပ်ဝတ်ထံမှ နတ်ဆိုးစွမ်းအင်အမျှင်တန်းများ ထွက်ပေါ်လာကာ အဘိုးအိုရှေ့၌ မြန်ဆန်စွာ စုဝေးလာ၏။
အဘိုးအိုရှေ့၌ မွန်းစတားဆန်လှသော နတ်ဆိုးစွမ်းအင် ပေးစွမ်းနေသည့် တံစဉ်တစ်ခု ဖြစ်ပေါ်လာ၏။
တံစဉ်ထံမှ ထွက်ပေါ်လာနေသည့် နတ်ဆိုးစွမ်းအင်က သိပ်သည်းလွန်းလှသည်။သည်နတ်ဆိုးစွမ်းအင်က ကောင်းကင်ဘုံ၏ ထိန်းချုပ်မှုအပြင်ဘက်၌ပင် ရှိနေသည်ဟု ထင်မှတ်ရ၏။
သည်တံစဉ်က လုံးဝ အထည်ဒြပ် မဖြစ်သေးပဲ ပုံရိပ်ယောင်နှင့် အထည်ဒြပ်ကြားတွင် ပြောင်းလဲနေသည်။ထိုသို့ပြောင်းလဲနေစဉ်အတွင်း တစီစီအသံတစ်ခု ထွက်ပေါ်နေ၏။
ထိုတံစဉ်ထွက်ပေါ်လာသည့်အခါတွင် အဘိုးအိုအသွင်က နာကျင်နေသည့်ပုံ ဖြစ်ပေါ်နေသည်။သူက မှန်းဆမရသည့် နာကျင့်မှုကို တောင့်ခံနေသည့်ပုံပင်။အဘိုးအိုမျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်နေသည့် ဦးချိုတစ်ချောင်းတည်းရှိသော ပုံရိပ်ယောင်နတ်ဆိုး ပေါ်ထွက်လာခဲ့သည်။၎င်းပုံရိပ်၏အသွင်က အဘိုးအိုနှင့်ဆန့်ကျင်ဘက် ဆောင်ကာ သက်တောင့်သက်သာ ဖြစ်နေသည်ပုံပင်။
နတ်ဆိုးပုံရိပ်ယောင်သည် အဘိုးအိုခန္ဓာကိုယ်ကနေ ပျံသန်းထွက်လာကာ အနက်ရောင်အခိုးငွေ့အဖြစ်သို့ ပြောင်း၍ တံစဉ်ထဲသို့ ဝင်ရောက်သွားသည်။ထိုတံစဉ်သည် ရုတ်တရက် အသက်ဝင်လာကာ ဝမ်လင်းထံသို့ ဦးတည် တိုးဝင်လာချေသည်။
တစ္ဆေလောကမြစ်က လေ၊မိုး၊မိုးကြိုးနှင့် လျှပ်စီးမန္တာန်တို့ကို ဆက်လက် တိုက်ချနေကာ ကောင်းကင်ယံ၌ ကျယ်လောင်သောပေါက်ကွဲသံများ ပဲ့တင်ထပ်နေတော့သည်။
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူ့ညာလက်ကို မြှောက်လိုက်၏။ထိုအခါ လင်းထျန်ဟူ၏ ဓားစွမ်းအင်က သူ့လက်ချောင်းထိပ်၌ သိပ်သည်းလာခဲ့တော့သည်။
လင်းထျန်ဟူ၏အသက်ဓာတ်က ထိုဓားစွမ်းအင်ပတ်လည်၌ ဝန်းရံနေသည်။လင်းထျန်ဟူသည် ထျန်ယွမ်ဂြိုဟ်ပေါ်၌ ရှေးဖြစ်ဟောသူနှင့်အပြိုင် စွမ်းအားကောင်းသူဟု ယူဆ၍ ရသူသာ။ထို့ကြောင့် သူ့ဓားစွမ်းအင်သည်လည်း အံ့မခန်းဖြစ်နေပေသည်။
***