အနက်ရောင်မျှော်စင်အတွင်း၌ တစ္ဆေအလင်းက တဖျပ်ဖျပ် လင်းလက်နေသည်။ထိုတစ္ဆေအလင်းထဲ၌ ကြောက်ရွှံ့မှုအငွေ့အသက်ပင် ပါနေ၏။သည်လိုကြောက်ရွှံ့မှုများက သည်မရေမတွက်နိုင်သော နှစ်များအတွင်း လုံးဝ မဖြစ်ခဲ့ပေ။
“ဒီလက်ဝါးရာ…ဒါက သူပဲ…။ဒီလူက သူနဲ့တစ်ခုခု ပတ်သတ်နေနိုင်လား။ သူက ဒီမှာ ရောက်လာတာကော ဖြစ်နိုင်လား…”
ပုံမှန်အားဖြင့် သူ့စိတ်ဓာတ်အင်အားဖြင့် သည်လိုကြောက်လန့်မှုမျိုး လုံးဝ ပေါ်ထွက်လာမည် မဟုတ်ပေ။သို့ရာတွင် သူတွေးမိသည့်လူက အလွန်တရာကြောက်ဖို့ ကောင်းနေ၏။ထိုလူအကြောင်း တွေးမိသည်နှင့် သူ့နှလုံးသားက တုန်ယင်မိရ၏။
“ဒီလူရဲ့လက်ဝါးရာက သူတွေးမိတဲ့လူနဲ့ တော်တော်လေး ကွဲပြားသေးတယ် ဆိုပေမဲ့ သူ့မန္တာန်နဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် တူတူ ဖြစ်နေတယ်။ဒါ…ဒါက တိုက်ဆိုင်မှုများလား…မဟုတ်ရင်ရော…”
“ဝမ်လင်း…” ကောင်းကင်ထက်ကနေ ကျယ်လောင်သော ခေါ်သံတစ်ခု ထွက်ပေါ်လာ၏။သည်အော်သံက လူတစ်ယောက်ထံမှ ထွက်ပေါ်ခြင်း ဖြစ်သော်လည်း သန်းချီသည့် စိတ်ဝိညာဉ်များထံမှ ထွက်ပေါ်လာသကဲ့သို့ ထင်မှတ်ရ၏။
လှုံ့ဆော်ခြင်းခံထားရသော မူလစိတ်ဝိညာည်သည် ထိုအသံကို ကြားလိုက်သည့်အခါ အသိပြန်ဝင်လာသည့် အရိပ်အယောင်ပင် ပြသလာခဲ့သည်။သူ့မျက်လုံးများက နီရဲနေဆဲ ဖြစ်သော်လည်း သည်အခိုက်၌ ရှားမှရှားသည့် အကြည်ဓာတ်တစ်ခု ဖြစ်ပေါ်သွား၏။
သူက လှည့်၍ ကြည့်လိုက်ရာ မိုးကုပ်စက်ဝန်းထံကနေ အနက်ရောင်တိမ်ထုများ တဟုန်ထိုးလာနေသည်ကို တွေ့မြင်လိုက်ရသည်။သည်အနက်ရောင်တိမ်ထုများက မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများနှင့် ပြုလုပ်ထားခြင်းပင်။သည်စိတ်ဝိညာဉ်အပိုင်းအစများက စွမ်းအင်အပြည့်ဖြင့် ဖြတ်ကျော်လာသည့်တစ်လျှောက် ကြောက်မက်ဖွယ် တုန်ခါသံများကို ဖြစ်ပေါ်စေခဲ့သည်။
ထို အနက်ရောင်တိမ်ထုများအောက်၌ အနက်ရောင်ဝတ်စုံနှင့်လူက ဝမ်လင်းထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ထိုလူက သာမန်ဟု ထင်ရသော်လည်း သူ့မျက်လုံးထဲ၌ နက်ရှိုင်းသော အမုန်းတရားတို့ ရှိနေ၏။သူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ အော်ပြောလိုက်၏။ “ဝမ်လင်း…မင်း ငါ့ကို မှတ်မိရဲ့လား…”
ဝမ်လင်းက မျက်လုံးက ကြည်လင်သောအာရုံတစ်ခု ထွက်ပေါ်လာ၏။သူက ထိုလူ့ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ဟော်ဖောင်…”
“မင်း ငါ့ကို မှတ်မိနေသားပဲ။ ဝမ်လင်း…ငါ မင်းကို ဒီနေ့ ငါကိုယ်တိုင် သတ်ပစ်မယ်…”
ဟော်ဖောင်က ရူးသွပ်ဖွယ် ရယ်မောလိုက်ရာ သူ့အထက်ရှိ စိတ်ဝိညာဉ်အပိုင်းအစ တိမ်ထုများသည် တုန်ခါသွားလေ၏။
“ဝမ်လင်း…ငါ ဟော်ဖောင်က ဒီနေ့လို နေ့မျိုး ရောက်လာလိမ့်မယ်လို့ မင်း လုံးဝ စိတ်ကူးထားမိမှာ မဟုတ်ဘူး…။အတိတ်တုန်းကတော့ မင်းဟာ ငါ့အမြင်မှာတော့ တော်တော်ကို သန်မာလွန်းတယ်။မင်းကို ဆန့်ကျင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ကို ထင်ခဲ့တာ။ ဒါပေမဲ့ ခုချိန်မှာတော့ မင်းက ငါ့မျက်စိထဲမှာ ပုရွတ်ဆိတ်တစ်ကောင်သာသာပဲ…” ဟော်ဖော်က ဝမ်လင်းကို စိုက်ကြည့်နေရင်း သူဆယ်နှစ်တာ သိမ်းဆည်းထားခဲ့သည့် အစိုင်အခဲများကို ထုတ်ပြောနေသည်။သူက တိုက်ခိုက်ရန် အလျှင်မလိုပဲ မကျေနပ်ချက်များကို ထုတ်ဖော် ပြောဆိုချင်နေ၏။
ဝမ်လင်းအသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ “မှန်တယ်…ငါ မင်းကို ဒီလို ဖြစ်လာလိမ့်မယ်လို့ လုံးဝ မထင်ထားမိဘူး…”
ဟော်ဖောင်က အော်ပြောလိုက်ပြန်၏။ “မင်းက ငါနဲ့ ဆယ့်သုံးတို့ကို စွန့်ပစ်ခဲ့တုန်းက ငါတို့ဘယ်လောက် ခံစားခဲ့ရလဲ မင်းသိရဲ့လား။အထူးသဖြင့် ငါပဲ။ ငါ့အရိုးတွေဆို ကျိုးကြေပြီး သွေးကြောတွေတော ပျက်စီးခဲ့ရတယ်…”
“ငါက နက်မှောင်နေတဲ့ ထောင်ထဲမှာ အရှက်ခွဲခံ၊အနှိပ်စက်ခံခဲ့ရတယ်။ အဲ့အချိန်တုန်းက မင်းက ဘယ်ရောက်နေခဲ့လဲ…”
“ငါက ငါ့ကို ကယ်ဖို့ မင်းနာမည်ကို အခါခါ ခေါ်နေမိတဲ့ အချိန်မှာ မင်းက ဘယ်ရောက်နေခဲ့လဲ။မင်း အမြင်မှာ ငါနဲ့ဆယ်သုံးတို့ဟာ ပွန်းသာသာပါပဲ။ ကံမကောင်းစွာနဲ့ ဆယ့်သုံးခုထိ ရူးမိုက်နေသေးတော့ မင်းရဲ့ မျက်နှာအစစ်အမှန်ကို နားမလည်နိုင်၊မသိနိုင် ဖြစ်နေတာ…”
သူ့အထက်ရှိ စိတ်ဝိညာဉ်အပိုင်းအစများပင် ဟော်ဖောင်၏ ခံစားချက်ကို နားလည်သည့်ပုံရကာ မြည်ဟိန်းသံများ ပြုလာခဲ့၏။
“ကံကောင်းစွာနဲ့ ကောင်းကင်ဘုံက မျက်စိရှိတော့ ငါ့ကို မသေဆုံးစေခဲ့ဘူး။အဲ့အစး ငါက ဘဝအသစ်၊ဆရာအသစ်နဲ့ တွေ့ဆုံခွင့် ရခဲ့တယ်။ငါက ငါ့စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ကို ဒီနေရာမှာ လုံးဝ ပြီးပြည့်စုံနိုင်စေခဲ့တယ်။ငါက သန်းတစ်ရာ စိတ်ဝိညာဉ်အပိုင်းအစတွေကို သန့်စင်မွန်းမံနိုင်ခဲ့ပြီး ဖြစ်တယ်။ ဒီနေ့ မင်းက သံသယမရှိ သေဆုံး စေရမယ်။ဒါပေမဲ့ ငါကမင်းကို လွယ်လွယ်တော့ သတ်မှာ မဟုတ်ဘူး။မင်း စိတ်ဝိညာဉ်ကို နတ်ဆိုးကိုးခုနိုင်ငံမှာ ရှိတဲ့ အရက်စက်ဆုံးမြေအောက်အကျဉ်းတိုက်မှာ ပစ်ထည့်ထားဦးမှာ။အဲ့နေရာမှာ သေဆုံးချင်တောင် မသေရဘဲ အရှက်ခွဲခံရစေမယ်…”
“အဲ့နောက်မှာ ငါက မင်းစိတ်ဝိညာဉ်ကို ပြန်ထုတ်ယူပြီး ငါ့စိတ်ဝိညာဉ်အလံထဲမှာ မင်းကို ပိတ်လှောင်ထားဦးမှာ။ငါက မင်းကို နေ့တိုင်း နှိပ်စက်လို့ ရအောင်ပေါ့…”
ဟော်ဖောင်က ဝမ်လင်းကို စူးစိုက်ကြည့်ရင်း လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။ “မင်းက မင်းသေပေးခဲ့တဲ့ မန္တာန်နဲ့ တစ်နေ့မှာ ခုလို သေရလိမ့်မယ်လို့ တွေးခဲ့ဖူးလား။မင်းက စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာ မင်းကိုယ်ထဲ ဝင်ရောက်ကျူးကျော်တာကို မြည်းစမ်း ကြည့်ဖူးလား…”
“ငါက မင်း စိတ်ဝိညာဉ်ကို ထုတ်ယူပြီးရင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ဆီသွားပြီး သူတို့ရဲ့ စိတ်ဝိညာဉ်တွေကိုပါ ထုတ်ယူဦးမယ်…” ဟော်ဖောင်၏ခန္ဓာကိုယ်က တုန်ယင်နေသည်။သည်တုန်ယင်မှုက သူ့စိတ်လှုပ်ရှားမှုကြောင့်ပင်။သူက ရူးသွပ်ဖွယ် စတင် ရယ်မောလေ၏။
ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီတော့ ဒါက ငါ့အပေါ်မှာ မင်း ဒီလောက် မုန်းသွားစေခဲ့တာပေါ့လေ…”
“မုန်းတီးတာ…တကယ်တော့ ငါ ဟော်ဖောင်က ဒီဘဝမှာ သာမန် အတိုင်း ရပ်တည်မှာ မဟုတ်ဘူး။ ငါက စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်နဲ့ စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာ အသုံးပြုပြီး ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရဲ့ ထိပ်ဆုံးမှာ ရပ်တည်မဲ့လူ။ မင်းက ငါ့ဆရာ ဖြစ်ဖို့ အရည်အချင်းမရှိဘူး။ မင်းက အရင်တုန်းက ငါ့ဆရာ ဖြစ်ခဲ့ပေမဲ့ ခုတော့ သေချာပေါက် သေရလိမ့်မယ်…”
ဟော်ဖောင်ထံကနေ မောက်မာသော ရယ်သံ ထွက်ပေါ်လာ၏။သည်အချိန်၌ သူက မောက်မာရန် အမှန်ပင် အရည်အချင်း ပြည့်မှီပေသည်။စိတ်ဝိညာဉ်သန်းတစ်ရာ၏ စွမ်းအားကသာမည မဟုတ်ဘဲ ကြီးမားလွန်းလှသည် မဟုတ်လား။
အထူးသဖြင့် သည်ရှေးဟောင်းတိုက်ပွဲမြေမှ စိတ်ဝိညာဉ်အပိုင်းအစများပင်။ထိုသူများ မသေဆုံးခင်တုန်းက သူတို့အားလုံးသည် အားနည်းသော ကျင့်ကြံသူဟူ၍ တစ်ယောက်မျှ မရှိခဲ့ချေ။အချို့ဆိုလျှင် နတ်ဆိုးဗိုလ်ချုပ်အဆင့် စိတ်ဝိညာဉ်အပိုင်းအစများပင် ပါဝင်နေသေးသည်။
“ငါ့ လက်ထဲက ဒီစိတ်ဝိညာဉ်အလံနဲ့ဆိုရင် ငါ့ကို ကယ်တင်ခဲ့တဲ့ ဆရာက လွဲလို့ ဘယ်သူကများ ငါ့ကို တားနိုင်ပါ့မလဲ။ဘယ်သူမှ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး။ စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာက ငါ့ပန်းတိုင်မဟုတ်သေးဘူး။ စိတ်ဝိညာဉ်တစ်ကုဍေ၊ဆယ်ကုဍေကသာ ငါ့ပန်းတိုင် ဖြစ်တယ်။ငါက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ပေါ်ထွက်လာမယ့် ဆယ်ခုမြောက် နတ်ဆိုးနိုင်ငံကို လိုချင်တာပဲ။အဲ့နိုင်ငံသစ်ရဲ့ ပထမဆုံးနတ်ဆိုးအင်ပါယာကတော့ ငါ ဟော်ဖောင်ပဲ ဖြစ်စေရမယ်…”
ဝမ်လင်းက ဟော်ဖောင်ကို တိတ်တဆိတ် ကြည့်နေရင်း ဖြည်းညင်းစွာ ဆိုလာ၏။ “ကြည့်ရတာ မင်း ငါ့ကို သတ်ချင်တာက မုန်းတာကြောင့် တစ်ဝက်ပဲ ပါတယ်။အခြားတစ်ဝက်ကတော့ စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ကို သိတဲ့လူတိုင်းကို မင်းသတ်ပစ်ချင်နေတာပဲ။ဒါမှသာ မင်းနဲ့ ယှဉ်ပြိုင်နိုင်လာမယ့် တူညီတဲ့မန္တာန်အသုံးပြုတဲ့လူ မရှိတော့မှာ။ ဟုတ်တယ်မလား…”
ဟော်ဖောင်က ဝမ်လင်းကို စူးစိုက်ကြည့်ကာ ပြုံးဖြီးဖြီးနှင့် ရယ်မောလိုက်သည်။ “မင်းက တကယ်ပဲ ငါ့အရင်တုန်းက ဆရာ ဖြစ်ဖို့ ထိုက်တန်ခဲ့တယ်။မှန်တယ်။ မင်းက ငါ့ကို ပွန်းတစ်ကောင်လို ဆက်ဆံခဲ့တယ်၊ ဒါပေမဲ့လည်း မင်းက ငါ့ကို စိတ်ဝိညာဉ်သန့်စင်ခြင်း မန္တာန်သင်ပေးခဲ့တဲ့လူပဲ။ငါက မင်းကို အရင်တုန်းကတော့ အရမ်းမုန်းခဲ့ပေမဲ့ ခုတော့ အဲ့လောက် မမုန်းတော့ဘူး။ဒါပေမဲ့ အမှောင်အကျဉ်းထောင်ထဲမှာ ငါက ဉာဏ်အလင်းတစ်ခု ရခဲ့တယ်။ဒီဉာဏ်အလင်းက မင်းက ငါ့ဆရာ ဘာလို့ ဖြစ်ရတာလဲ။အခြားလူတွေက မင်းကို မကြိုက်တာနဲ့ ငါ့ကို ဘာလို့ တိုက်ခိုက်ခဲ့ရတာလဲ။ မင်းက သန်မာနေလို့ သူတို့က အနိုင်ယူနိုင်တဲ့ ငါ့ကိုပဲ တိုက်ခိုက်ခဲ့တာလား။ ဒါဆိုရင် ငါက ပို သန်မာလာခဲ့ရင်ရော။ဒါဆို ဘယ်လို ဖြစ်လာနိုင်မလဲ…”
“ဒါ့ကြောင့်ပဲ ငါက လွတ်မြောက်လာတာနဲ့ ငါကိုယ်တိုင် သန်မာလာရမယ်လို့ ကျိန်ဆိုခဲ့တာ။ငါက မင်းကို ကျော်နင်းပြီး မင်းကို သတ်ပစ်မယ်လို့ တွေးခဲ့တာ ဖြစ်တယ်…”
ဝမ်လင်းက ခေါင်းယမ်းကာ ဟော်ဖောင်အား သေချာကြည့်၍ ပြောလိုက်သည်။ “ဆယ်နှစ်လောက် အချိန်အတိုင်းအတာနဲ့ ဒီကျင့်ကြံမှုအဆင့် ရောက်အောင် မင်းက ကျင့်ကြံနိုင်စွမ်း ရှိခဲ့တယ်။ ငါမင်းကို ဝန်ခံတယ်…ကောင်းကင်ဘုံရဲ့ ချီးမြှောက်ခြင်း ခံခဲ့ရတဲ့ သမီးပျိုတောင် ဒီနေရာမှာ မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး…”
“ပထမတော့ ငါက ပဟေဠိဖြစ်ခဲ့တာ။မင်း ပါရမီက ကောင်းမွန်ပြီး အနီရောင်လိပ်ပြာထက် အချို့နေရာတွေမှာ သာနေတယ်ဆိုရင်တောင် ဆယ်နှစ်လောက်နဲ့ ခုလို အဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ဖို့ မဖြစ်နိုင်ဘူး။မင်းက ဒီလောက်များပြားတဲ့ စိတ်ဝိညာဉ်အပိုင်းအစတွေကို ထိန်းချုပ်နိုင်တာလည်း မဖြစ်သင့်ဘူး။ဒါပေမဲ့ ခု ငါ အကြောင်းရင်းကို နားလည်သွားပြီ။မင်းက မင်းအသက်ဓာတ်ကို လောင်ကျွမ်းတဲ့နည်းလမ်း အသုံးပြုပြီး ကျင့်ကြံခဲ့တာ ဖြစ်ရမယ်။ မင်းက ဒီလိုအထွတ်အထိပ်ကို ရောက်ဖို့ အချိန်တိုအတွင်း ကျင့်ကြံခဲ့တာ ဖြစ်တယ်။ ငါ စိုးရိမ်မိတာက ဒီအောင်မြင်မှုက တစ်နေ့ထက် ပိုမခံတော့မှာကိုပဲ…”
“ပါးစပ်ပိတ်ထားစမ်း…” သူ့အသွင်ဟန်ပန်က ကြမ်းကြုတ်သွားကာ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်၏။ထိုအခါ အနက်ရောင်တိမ်ခုက နှစ်ပိုင်းကွဲသွားကာ သန်းချီသောစိတ်ဝိညာဉ်အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားတော့၏။ဟော်ဖောင်က ဝမ်လင်းထံသို့ လက်ညှိုးညွှန်လိုက်ပြန်သည်။စိတ်ဝိညာဉ်အပိုင်းအစများက ဝမ်လင်းထံသို့ တိုးဝင်လာတော့၏။
ဟော်ဖောင်က အရူးတစ်ယောက်လို ရယ်မောလာသည်။ “ငါက မင်းကို စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာက ဘာနဲ့တူလဲဆိုတာ ပြသပေးမယ်။ဒါကို မင်းအရင်တုန်းက လုံးဝ မြင်ဖူးမှာ မဟုတ်ဘူး…”
ရှုလီကောက ဝမ်လင်းနှင့်ဟော်ဖောင်တို့ ပြောနေသည့်စကားများကို ကောင်းကောင်းကြားနေရ၏။သူက ဟော်ဖောင်ထံသို့ ကြည့်ကာ တွေးလိုက်၏။ “ဒီကလေးကတော့ ကောင်းကင်ဘယ်လောက်မြင့်မှန်း မသိသေးဘူးပဲ။မင်း ဘိုးဘိုး ရှုက ဒီလူ့ကို အကြိမ်များစွာ ပုန်ကန်ဖို့ ကြိုးစားခဲ့ပေမဲ့ အကြိမ်တိုင်း ကျရှုံးခဲ့ရတာ။ မင်းသာ အောင်မြင်မယ်ဆိုရင်တော့ ငါက ငါ့မျိုးရိုးနာမည်ကိုတောင် ဟော်လို့ ချိန်းပစ်ပြီး ဟော်လီကောလို့ ပြောင်းပေးလိုက်မယ်…”
“ပုန်ကန်တယ်ဆိုတာ တကယ်ခက်ခဲတဲ့အရာကွ…။အစီအစဉ်တွေ အများကြီး ချထားဖို့ လိုတယ်။ အထူးသဖြင့် ဒီမိစ္ဆာကောင်ကို ဆန့်ကျင်တဲ့နေရာမှာပဲ။မင်းက ဒါကို လွယ်တယ်များ ထင်နေတာလား…”
ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်လိုက်၏။စိတ်ဝိညာဉ်အပိုင်းအစများစွာက သူ့ထံသို့ တရကြမ်း တိုးဝင်လာနေသည်။သည်အရာက သူမမြင်တာကြာပြီ ဖြစ်သော မြင်ကွင်းတစ်ခုပင်။သည်စိတ်ဝိညာဉ်အပိုင်းအစများက ကြမ်းကြုတ်သည့် အသွင်ရှိကာ သူတို့က ဝမ်လင်းကို ဝါးမြိုနိုင်ခြင်း မရှိမခြင်း နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက သက်ပြင်းချကာ သူ့ညာလက်ကို မြှောက်၍ အရှေ့ရှိ ကောင်းကင်ထက်သို့ ဖိနှိပ်လိုက်သည်။သည့်နောက် သူ့လက်ဝါးပေါ်၌ သင်္ကေတတစ်ခု ပေါ်လာချေ၏။
စိတ်ဝိညာဉ်အပိုင်းအစတစ်သန်းက ထိုသင်္ကေကို မြင်လိုက်သည့်အခါ ရုတ်တရက် ရပ်တန့်သွားကာ မလှုပ်မယှက် ဖြစ်သွားကြ၏။သည်မြင်ကွင်းက အလွန်ထူးဆန်းကာ ဟော်ဖောင်အား မှင်တက်သွားစေ၏။
“စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ဆိုတာ ဒီလို အသုံးပြုရတာ မဟုတ်ဘူး…” ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရင်း သူ့အသံက တိုးညှင်းစွာ ထွက်ပေါ်လာ၏။စိတ်ဝိညာဉ်တစ်သန်းတို့၏ မျက်လုံးထဲ၌ လေးစားသည့်အကြည့်များ ပေါ်ထွက်လာကြသည်။
စိတ်ဝိညာဉ်အပိုင်းအစများက ဟော်ဖောင်အား သူတို့ သခင်အဖြစ် သတ်မှတ်ထားကြ၏။သို့သော် သူတို့က ထိုသင်္ကေတကို မြင်လိုက်သည့်အခါ သူတို့ ရှေ့တွင် ရပ်နေသည့်သူကသာ အစစ်အမှန်သခင်ဖြစ်ကြောင်း နားလည်သွားကြ၏။
“ဒါ…ဒါက မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး…” ဟော်ဖောင်က သူ့စိတ်ထဲ၌ သည်စိတ်ဝိညာဉ်အပိုင်းအစတစ်သန်းနှင့် ချိပ်ဆက်ထားမှုကို ရုတ်တရက် ဆုံးရှုံးသွားတော့သည်။သူက မှင်သက်နေရာကနေ ကြမ်းကြုတ်သည့်အသွင် ဖြစ်ပေါ်လာကာ အော်ပြောလိုက်လေ၏။ “စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာ..သူ့ကို ဝါးမြို့ပစ်စမ်း…”
သူက ထိုသို့ပြောလိုက်သည့်အခါတွင် ကောင်းကင်ထက်ရှိ အနက်ရောင်တိမ်တိုက်ထုများက ရုတ်တရက် သက်ဆင်းလာကာ ရူးသွပ်ဖွယ်ဖိအားကို ဖန်တီးလာ၏။စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာက တရကြမ်း တိုးဝင်လာကြ၏။သည်အခိုက်အတန့်၌ ကမ္ဘာလောကတွင် သည်စိတ်ဝိညာဉ်အပိုင်းအစများသာ ရှိတော့သည်ဟု ထင်မှတ်မှားရပေ၏။
ဟော်ဖောင်၏ အသွင်က ကြမ်းကြုတ်လွန်းလှ၏။
စိတ်ဝိညာည်သန်းတစ်ရာက တဟုန်ထိုး တိုးဝင်လာနေစဉ်မှာပင် ဝမ်လင်းမူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာ၍ သည်ဧရိယာအား ရိုက်ခတ်လာသည်။ဝမ်လင်းက သူစိတ်ဝိညာဉ်မန္တာန်ကို သင်ပေးခဲ့စဉ်၌ ချန်ထားခဲ့သော အားနည်းချက်ကို သည်အချိန်တွင် အသုံးပြုလိုက်ခြင်းပင်။ဝမ်လင်းက သူ့ထံမှ စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်သင်ယူခဲ့သော လူတိုင်း၏ သန့်စင်ထားသော စိတ်ဝိညာဉ်များကို အကြွင်းမဲ့ ထိန်းချုပ်နိုင်ပေသည်။
စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာသည် ငေးငိုင်သွားကြသည်။သူတို့ မျက်လုံးထဲ၌လည်း လေးစားသည့်ဟန်ပန်များ ထွက်ပေါ်လာကာ ဝမ်လင်းအား ဝန်းရံသွား၏။သူတို့က အနက်ရောင်တိမ်ထုအသွင် ပြန်ဖြစ်တည်ကာ ဟော်ဖော်အား စူးစိုက်ကြည့်နေကြ၏။သည်အခိုက်၌ ဟော်ဖောင်သည် လုံးဝ မှင်သက်သွားချေသည်။သူ့အနီးနား၌ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုတစ်လေပင် မရှိတော့ပေ။
သည်ကြီးမားသော အလှည့်အပြောင်းက ဟော်ဖောင်စိတ်ကို ဗလာကျင်းသွားစေသည်။
“မင်းရဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်က တစ်စုံတစ်ယောက် ပိုထိန်းချုပ်လို့ လွယ်ကူအောင် ပြုပြင်ထားတဲ့ မန္တာန်သာ ဖြစ်တယ်။ စစ်မှန်တဲ့ အမွေအနှစ်မရရှိဘဲ လူတစ်ယောက်က ဘယ်လိုများ စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ရဲ့ အရင်းမြစ်ကို လွယ်လွယ် ပြောင်းလဲနိုင်ပါ့မလဲ…”
ဝမ်လင်းသည် စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ကို အမွေဆက်ခံခဲ့သူ ဖြစ်၏။စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်သည် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ နှလုံးသည်းပွတ် ဖြစ်သည် မဟုတ်လား။သည်စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်က စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ မျိုးဆက်အဆက်ဆက် သန့်စင်ခဲ့သေ မန္တာန် ဖြစ်သည်။စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ တပည့်အဆက်ဆက်သည် နှစ်သောင်းချီ၍ သည်မန္တာန်ကို မည်သို့မည်ပုံ သန့်စင်မွန်းမံရမည်ကို လေ့လာခဲ့ကြပေသည်။ တစ်စုံတစ်ယောက်က စစ်မှန်သောအမွေအနှစ်မရှိဘဲ သည်မန္တာန်ကို ဆယ်နှစ်တာအချိန်ကာလလောက်ဖြင့် လုံးဝ ပြန်လည်ပြပြုနိုင်ရန် မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။
ဟော်ဖောင်၏ကယ်တင်ရှင်သည်လည်း ထိုအရာကို မလုပ်နိုင်ချေ။အနက်ရောင်မျှော်စင်အပေါ်ဆုံးထပ်ရှိ ချပ်ဝတ်ထဲမှပုဂ္ဂိုလ်က ထိုသို့ လုပ်ကောင်းလုပ်နိုင်သောလ်ညး သူက သည်လိုကိစ္စလေးအတွက် သူ့အချိန်ကို ဖြုန်တီးလိမ့်မည် မဟုတ်ပေ။
“မဖြစ်နိုင်ဘူး…ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ…။ကယ်တင်ရှင်က ငါ့ကို ဒီမန္တာန်ရဲ့ ချို့ယွင်းချက်ကို ပြန်ပြုပြင်ပေးပြီး ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား…ဘာကြောင့်လဲ…”သူက ဝမ်လင်းပတ်လည်ရှိ စိတ်ဝိညာဉ်အပိုင်းအစများကို ကြည့်ကာ အော်ပြောလိုက်၏။ “စိတ်ဝိညာဉ်အပိုင်းအစတွေ ပြန်လာခဲ့စမ်း…”
သူက အာခေါင်ခြစ်အော်လိုက်သော်လည်း ဝမ်လင်းပတ်လည်ရှိ စိတ်ဝိညာဉ်အပိုင်းအစများက သူ့ကို ကြည့်ပင်မကြည့်ချေ။သူတို့က ဝမ်လင်းအနားတွင်သာ လေးစားသည့်ဟန်ပန်များဖြင့် လှည့်ပတ်နေကြလေ၏။
“စိတ်ဝိညာဉ်အပိုင်းအစတွေ ပြန်လာခဲ့စမ်း…” ဟော်ဖောင်က အရူးတစ်ယောက်လို အော်ဟစ်နေ၏။သို့သော် စိတ်ဝိညာဉ်အပိုင်းအစများကတော့ ဝမ်လင်းကိုသာ လှည့်ပတ်နေကြဆဲသာ။
ဟော်ဖောင်နှလုံးသားထဲ၌ လှိုင်းထန်လာခဲ့ကာ သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပါးစပ်အပြည့်သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။သူက လွန်ခဲ့သောဆယ်နှစ်အတွင်း နေ့နေ့ညည အသုံးပြု၍ သည်စိတ်ဝိညာဉ်အပိုင်းအစများကို သန့်စင်ခဲ့ရသည်။ခုချိန်၌ သူက စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာကို ထိန်းချုပ်နိုင်ကာ ကောင်းကင်ဘုံကိုပင် ထွင်းဖောက်နိုင်သည့် စွမ်းအားရှိလာပြီဟု ယုံကြည်နေခဲ့မိသည်။သူက သန်မာပြီး ဝမ်လင်းကို သတ်က သူ့နေရာကိုယ်ဆောင်ရန် ဆုံးဖြတ်ထားခဲ့ပေသည်။
သို့ရာတွင် ခုချိန်၌ သူက ဝမ်လင်း၌ ရင်ဆိုင်ရသည့်အခါ သည်အရာများအားလုံးက ပျောက်ချင်းမလှ ပျောက်ကွယ်သွားရသည်။သူ ဆယ်နှစ်ကျော် ကြိုးစားလုပ်ဆောင်ခဲ့သမျှက ဝမ်လင်းထံသို့ အခုလို လက်လွှဲပေးခဲ့ရလေပြီ။သူ့နှလုံးသားထဲရှိ ဒေါသမီးတောက်ကြောင့် သူ့ခန္ဓာကိုယ်မှာ ပြိုလဲမတက် ဖြစ်နေရ၏။
“ဝမ်လင်း…ငါမင်းကို သတ်ပစ်မယ်…” ဟော်ဖောင်မျက်နှာပေါ်ရှိ သွေးကြောများက ဖောင်းကြွလာကာ သူက ရူးသွယ်သွားလေ၏။ခုလက်ရှိတွင် ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏သက်ရောက်မှုအောက်၌ ရှိနေချိန် ဝမ်လင်းထက်ပင် သူက ပိုမို ရူးသွပ်သွားခဲ့ချေပြီ။
သူ့မျှော်လင့်ချက်များက တစစီပျောက်စီးသွားသည်မဟုတ်လော။
ဝမ်လင်းက စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။သူက ညာလက်ကို ဝှေ့ယမ်းကာ သက်ပြင်းသဲ့သဲ့ချ၏။ “မင်းက ငါ့ကို ပုန်ကန်ခဲ့တယ်။ မင်း မသေခင် စိတ်ဝိညာဉ်အလံကို အစစ်အမှန်ဘယ်လိုအသုံးပြုရလဲဆိုတာ မြင်တွေ့ ရစေမယ်…”
ဝမ်လင်းသိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်တစ်ကုဠေ(သန်းတစ်ထောင်)အလံသည် ထွက်ပေါ်လာချေ၏။ (အရင်အခန်းတွေ တုန်းက ဝမ်လင်းရဲ့ စိတ်ဝိညာဉ်အလံကို စိတ်ဝိညာဉ်ဆယ်သန်းအလံဟု မှားယွင်းသုံးစွဲခဲ့ပါသည်…ဘာသာပြန်သူ)
ထိုအခါ ဝမ်လင်း ပတ်လည်ရှိ စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာသည် ရုတ်တရက် တုန်ယင်လာကာ သူတို့က စိတ်ဝိညာဉ်တစ်ခုတည်း အဖြစ်သို့ မြန်ဆန်စွာ ပေါင်းစည်းသွားကြချေ၏။
ထိုတစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသည့် စိတ်ဝိညာဉ်သည် ကြည်ရှင်းနေပြီး ဟော်ဖောင်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ချေသည်။
သည်လက်သီး ကျရောက်လာသည့်အခါ ဟော်ဖောင်ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ သူ့စိတ်ဝိညာဉ်သည် တစ်စစီ ဆွဲစုတ်ခံလိုက်ရ၏။
ဝမ်လင်းက သက်ပြင်းသဲ့သဲ့ချကာ စိတ်ဝိညာဉ်တစ်ကုဠေအလံကို လှုပ်ခါလိုက်ရာ စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာသည် အလံရှိရာသို့ ပျံသန်းလာကြတော့သည်။ထိုအခိုက်အတန့်၌ ဝမ်လင်းမျက်လုံးထဲ၌ ကြည်လင်မှုရရှိရန် ရုန်းကန်နေသည့်အသွင် ပြန်ထွက်ပေါ်လာပြန်၏။သူက အကွာအဝေးတစ်ခုသို့ ကြည့်လိုက်ရာ အဝေးရှိ အနက်ရောင်မျှော်စင်အား တွေ့မြင်လိုက်ရသည်။
ထိုမျှော်စင်၏ အောက်ခြေ၌ အဘိုးအိုတစ်ယောက် မားမားရပ်လျက် ရှိနေသည်။သူက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ ဝမ်လင်းရှိရာသို့ လှမ်းကြည့်နေသည်။
ဝမ်လင်းအကြည့်က အဘိုးအိုထံကနေ မျှော်စင်ရှိရာသို့ ရောက်ရှိသွား၏။သူက ထိုအနက်ရောင်မျှော်စင်ထဲမှ အားကောင်းသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေသည်ကို ခံစားမိ၏။
သည်အရာက အစစ်အမှန်နတ်ဆိုးစွမ်းအင်ပင်။သည်စွမ်းအင်နှင့် ကျင့်ကြံသူများ ဖန်တီးထားသော နတ်ဆိုးစွမ်းအင် နှစ်ခုကြား၌ သိသာသောကွာခြားချက် တစ်ခု ရှိနေသည်။
ခုချိန်၌ ဝမ်လင်းက ရူးသွပ်နေရာမှ သတိပြန်ဝင်လာခဲ့ပြီဖြစ်ကာ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားချေသည်။သည်မျှော်စင်ထဲရှိ လူက ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်ပေလိမ့်မည်။ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သူ့မူလစိတ်ဝိညာဉ်နှင့်သူ့ခန္ဓာကိုယ်တို့က ခုချိန်ထိ အပြည့်အဝ မပေါင်းစပ်သေးချေ။ထိုသို့ အပြည့်အဝ ပေါင်းစပ်နိုင်ရန် လဝက်ခန့် ကြာမြင့်ဦးမည် ဖြစ်သည်။သည့်နောက်တွင်မှ သူ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအစောပိုင်းအဆင့်၌ အခြေခိုင်ပြီဟု ဆိုနိုင်ပေမည်။
“ကောင်းကင်ဘုံတက်ခြင်း သစ်သီးတွေက တကယ့်ကို ငါ့အပေါ် လွှမ်းမိုးနိုင်သွားတာပဲ။ဒါက ငါကို သူ့တိုက်ခိုက်မှုတွေကို တောင့်ခံနိုင်စေပေမဲ့လည်း ငါ့ကို တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ ရူးသွပ်ဖွယ်အခြေအနေကို ဝင်ရောက်စေခဲ့တယ်…”
ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့ရှေ့ရှိ အကွာအဝေးတစ်ခုထံသို့ စူးစိုက်ကြည့်နေ၏။
မျှော်စင်အောက်ရှိ အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအိုသည့် ရှေ့သို့ တစ်လှမ်းတိုးလာ၏။သည်ခြေတစ်လှမ်းက မြေကြီးထုကို တုန်ခါသွားစေကာ သည်တုန်ခါမှုက ဝမ်လင်းခြေထောက်နားသို့ ပျံ့လွင့်လာချေသည်။ “အာဏာတက်ခြင်းနောက်ဆုံးအဆင့်…ဒီလူ့ရဲ့ကျင့်ကြံမှုအဆင့်က…မဟုတ်ဘူး…နေပါဦး…ဒီလူရဲ့အစစ်အမှန်ကျင့်ကြံမှုအဆင့်က ဒီလောက် မမြင့်ဘူး။ဒါက သူ့ခန္ဓာကိုယ်ပေါ်က ချပ်ဝတ်ကြောင့်ပဲ ဖြစ်ရမယ်…” သူ့မျက်လုံးထဲရှိ ကြည်လင်မှုသည် နောက်တစ်ဖန် ရုန်းကန်နေရဟန် ဖြစ်လာပြန်၏။ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်က ဝမ်လင်းစိတ်ကို ရူးသွပ်သွားအောင် တိုက်ခိုက်နေခဲ့ကာ နောက်တစ်ဖန် ရူးသွပ်သူတစ်ယောက်ဖြစ်သွားအောင် ပြုလုပ်ရန် ကြိုးစားလို့နေသည်။
ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သူက အေးစက်စက်နှာခေါင်းရှုံ့၍ သည်သစ်သီး၏ အာနိသင်ကို ဖိနှိပ်လိုက်သည်။သည့်နောက် သူ့ညာလက်ကို ကောင်းကင်ထက်သို့ မြှောက်ကာ ညွှန်လိုက်၏။ထိုအခါ ကောင်းကင်ထက်၌ ကျယ်လောင်သောတုန်ခါမှုနှင့်အတူ ကြီးမားသည့်မြစ်တစ်စင်း ပေါ်ထွက်လာသည်။
သိပ်မကြာခင်တွင် သူက ဘယ်လက်ကိုမြှောင်၍ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ဖြင့် ထောက်လိုက်သည်။ သူ့နှဖူးထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဘယ်လက်ထဲသို့ ရောက်ရှိလာ၏။သည့်နောက် လင်းထျန်ဟူ၏ ဓားစွမ်းအင်သည် ပေါ်ထွက်လာလေသည်။
အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ ခြေလှမ်းတန့်သွားတော့၏။
***