Switch Mode

အပိုင်း(၆၅၄)

ဆယ်နှစ်တာဉာဏ်အလင်း…

နတ်ဆိုးတပ်သား တစ်သိန်းသည် အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖျက်စီးနိုင်ခြင်းသည် မှားသည်ဟု မဆိုသာပေ။သို့သော် သည်အာဏာတက်ခြင်းကျင့်ကြံသူက ဝမ်လင်းဆိုလျှင်တော့ ထိုသို့လုပ်နိုင်တော့မည် မဟုတ်ပေ။သာမာန်အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်က နတ်ဆိုးတပ်သား တစ်သိန်းနှင့် ရင်ဆိုင်ရပါက သူတို့က မန္တာန်များအသုံးပြု၍ ထိုနတ်ဆိုးတပ်သားများကို သတ်ပစ်နိုင်မည် ဖြစ်သော်လည်း နတ်ဆိုးတပ်သားတစ်သိန်းက သူတို့၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ပေါင်းစည်းကာ အစီအရင်တစ်ခု ဖန်တီးပြီး ထိုအာဏာတက်ခြင်းအဆင့်ကျင့်ကြံသူအား ရင်ဆိုင်နိုင်စွမ်း ရှိကြပေ၏။

သို့သော်ခုချိန်၌ ဝမ်လင်းက ရူးသွပ်နေကာ သေရမှာကိုပင် စိုးရိမ်ခြင်း မရှိတော့ပေ။ထို့ကြောင့် သူ့စိတ်၌ သည်နတ်ဆိုးတပ်သားများက ရှိသည်ဟု မည်သို့ထင်ပါ့မည်နည်း။

ဝမ်လင်း၏ ကောင်းကင်ဘုံပညာရပ်သည် သတ်ဖြတ်ခြင်းများ ပြုလုပ်၍ ပိုများသော သတ်ဖြတ်ခြင်းစွမ်းအင်များကို ဖန်တီးရန် လိုပေ၏။သည်အခိုက်၌ ဝမ်လင်းစိတ်သည် ကောင်းကင်ဘုံတက်ခြင်း သစ်သီးများ၏ လှုံ့ဆော်မှုနှင့် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကြောင့် သည်နတ်ဆိုးတပ်သားတစ်သိန်းသည် သူ့ကို မည်သို့ ရပ်တန့်နိုင်ပါ့မည်နည်း။

သတ်ဖြတ်ခြင်းစွမ်းအင်များက နတ်ဆိုးတပ်သားများထံသို့ အရူးအမူး တိုးဝင်သွားသည်။နတ်ဆိုးတပ်သားများထံမှ ကမ္ဘာပျက်သလို အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် သူတို့၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ စုစည်းကာ ကင်းမြီးကောက်ပုံရိပ်တစ်ခုလို ဖြစ်ပေါ်လာ၏။

သည်ကင်းမြီးကောက်က နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြုလုပ်ထားကာ ကြီးမားသည့် ကိုယ်ထည်ကြီးကို ပိုင်ဆိုင်ထား၏။ထိုကင်းမြီးကောက်၏ အမြီးသည် တိုက်ခိုက်သည့်အခါ၌ လေထုကိုပင် ဖြတ်တောက်သွားစေ၏။

မြို့တံတိုင်းထပ်ရှိ သက်လတ်ပိုင်းလူကြီးသည် သုန်မှုန်လို့နေ၏။သူက ပြောလိုက်သည်။ “သွား ဒီလူ့ကို သွားသတ်ချေ…”

သူ့ဘေးရှိ နတ်ဆိုးဗိုလ်ချုပ်များသည် ဝမ်လင်းရှိရာသို့ တဟုန်ထိုး ထွက်သွားကြတော့၏။

ဝမ်လင်းက သူ့ထံသို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ဆယ်ခု တိုးဝင်လာနေသည်ကို ချက်ခြင်း သတိပြုမိ၏။သူက လျင်မြန်စွာ ရွှေ့လျားကာ သူ့ ညာလက်ညှိုးကို ရှေ့သို့ ထိုးထည့်လိုက်၏။

တစ္ဆေလောက လက်ချောင်း…။

သည်တစ္ဆေလောကလက်ချောင်းကို အာဏာတက်ခြင်းအဆင့်ကျင့်ကြံမှုဖြင့် အသုံးပြုလိုက်ခြင်းပင်။သူ့နယ်ပယ်နှင့်မူလစိတ်ဝိညာဉ်တို့ကို ပေါင်းစည်းပြီးနောက် သည်လက်ချောင်းက သေခြင်းရှင်ခြင်းကို ကိုယ်စားပြုနေတော့၏။ထို အနှီလက်ချောင်းပေါ်လာသည့်အခိုက်တွင် ကောင်းကင်ထက်၌ မရေမတွက်နိုင်သော လျှပ်စီးအလင်းများ တလက်လက် လင်းထင်းသွား၏။ကြီးမားသည့် မြစ်ကြီးတစ်ခုက ကောင်းကင်ထက်၌ ပေါ်လာ၏။

ထိုမြစ်ပြင်အတွင်း၌ အင်္ဂါအစိတ်အပိုင်းအကြွင်းအကျန်များစွာ စီးမြောနေ၏။သည့်အပြင် မရေမတွက်နိုင်သောတစ္ဆေများသည်လည်း ရုန်းကန်ထကြွလျက်ရှိကာ လူသားမျက်နှာပေါက်နှင့်မတူသောမျက်နှာများသည်လည်း ထိုမြစ်ရေပြင်ထဲတွင် တွေ့မြင်နေရ၏။

ဝမ်လင်းက သူ့လက်ချောင်းကို လှုပ်ရှားလိုက်စဉ်၌ မြစ်အတွင်းရှိ ရေများက လှိုင်းတစ်ပိုးထန်လာကာ ကောင်းကင်ထက်ကနေ သက်ဆင်းကျလာ၏။၎င်းက မြစ်ရေလျှံသကဲ့သို့ လျှံ့ဖိတ်လာကာ သက်ရှိများအားလုံးက အမြစ်ဖျက်ပစ်တော့မည်ဟုပင် ထင်ရလေ၏။

ကောင်းကင်ထက်ကနေ တစ္ဆေလောကမှ ရေများသည် ကျဆင်းလာစဉ်၌ ကောင်းကင်သည် မှုန်ဝါးသွားကာ သေခြင်းရှင်ခြင်းနယ်ပယ်တစ်ခု အသက်ဝင်လာတော့၏။

သည်တစ္ဆေလောကမြစ်ကြီးက ဝမ်လင်း သူ့နယ်ပယ်နှင့်မူလစိတ်ဝိညာဉ်တို့ ပေါင်းစပ်နေစဉ် ဆယ်နှစ်တာအတွင်း ရရှိခဲ့သည့် နားလည်သဘောပေါက်ထားသော တစ်စုံတစ်ခုပင်။ကောင်းကင်ဘုံပင် သည်မြစ်ကို မစိုးမိုး၊မပိုင်ဆိုင်ပေ။၎င်းက ဝမ်လင်းကြောင့်သာ ခုလို ဖြစ်တည်လာခြင်းသာ ဖြစ်၏။သူသာလျှင် ၎င်းမြစ်ကို ထိန်းချုပ်နိုင်စွမ်း ရှိ၏။ဉာဏ်အလင်းရသည့် ဆယ်နှစ်အတောအတွင်း သူက တစ္ဆေလောက်လက်ချောင်းကို အသုံးပြု၍ သည်အဆုံးမဲ့တစ္ဆေလောကမြစ်ကို ဖန်တီးနိုင်ခဲ့ချေ၏။

တိုးဝင်လာကြသော နတ်ဆိုးဗိုလ်ချုပ်များသည် ကောင်းကင်ထက်မှ ကျဆင်းလာသည့် တစ္ဆေလောက မြစ်၏ တိုက်ချက်ခြင်းကို ခံရကာ ထိုမြစ်ထဲ၌ ပိတ်မိသွားကြ၏။

နတ်ဆိုးဗိုလ်ချုပ်များထံမှ အာမေဍိတ်သံများ ထွက်ပေါ်လာ၏။သူတို့က သူတို့ရှေ့ရှိ အနှီလူငယ်သည် ထိုမျှသန်မာနေသည်ကို မယုံကြည်နိုင် ဖြစ်နေ၏။

မန္တာန်တစ်ခုတည်းက နတ်ဆိုးဗိုလ်ချုပ်အကုန်လုံးနီးပါးအား ထိန်းချုပ်ပစ်နိုင်စွမ်း ရှိနေချေသည်။သူတို့က သည်မန္တာန်ကို ဖြတ်မြင်နိုင်စွမ်း မရှိသော်လည်း ဗိုလ်ချုပ်အနည်းငယ်က အချို့သဲလွန်စများကိုတော့ မြင်နိုင်နေသေး၏။

မြို့တံတိုင်းပေါ်ရှိ သက်လတ်ပိုင်းလူကြီး၏ မျက်နှာက လုံးဝပြောင်းလဲသွား၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ်ပင် အလိုလို ဆုတ်သွားမိသည်။သူ့အသွင်က မယုံကြည်နိုင်ဟန် ဖြစ်နေ၏။

“ဒါ…ဒါက မဖြစ်နိုင်ဘူး…။ဒီလူက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သာပါပဲ၊ ဒါပေမဲ့ သူက ခုလိုမျိုး သူ့ကိုယ်ပိုင် တစ္ဆေလောကမြစ်ကို ဖန်တီးနိုင်တဲ့ ကြောက်ရွှံ့ထိတ်လန့်ဖွယ် တာအိုတစ်ခု ပိုင်ဆိုင်ထားတာပဲ…”

“ဒီလို ကျင့်ကြံမှုမျိုးက ကောင်းကင်ဘုံတာအိုရဲ့ အစွန်းနားကို ဒုတိယမြောက်ခြေလှမ်းအဖြစ် ရောက်ရှိသွားတဲ့ ကျင့်ကြံမှုမျိုးပဲ….”

သူ့ကိုယ်ပိုင်တာအိုဖြင့် တစ္ဆေလောကမြစ်နှင့်အတူ ကိုယ်ပိုင်ပြန်လည်မွေးဖွားနိုင်အောင် ပြူလုပ်နိုင်ခြင်းသည် ကောင်းကင်ဘုံကို ဖိဆန်နေသည့် သည်ဆယ်နှစ်တာအတွင်း ရရှိခဲ့သည့် အကြီးမားဆုံးရိပ်သိမ်းနိုင်မှုပင်။သို့သော် သည်တာအိုက ဝမ်လင်းစိတ်ထဲ၌ မပီဝိုးတဝါးသာ အသိအဖြစ်သာ ရှိလို့နေဆဲသာ။

သို့ရာတွင် ခုသူ့လက်ရှိအခြေက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏ လှုံ့ဆော်မှုကြောင့် သူ့စိတ်က အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည် မဟုတ်လား။သည့်အပြင် သူ့ခန္ဓာကိုယ်ထဲရှိ မြင့်တက်လာနေသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကြောင့် သူက သူ့စိတ်ထဲရှိ ဝိုးဝဝါးအသိကို ခုလို အစစ်အမှန်တစ်ခုအဖြစ် ပြုလုပ်လိုက်နိုင်ခြင်း ဖြစ်သည်။

သည်အရာက ဝမ်လင်းဘဝ၌ ကျင့်ကြံသူတစ်ယောက်အဖြစ် အရေးကြီးဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်သည်။သူက သည်ခြေလှမ်းကိုလှမ်းပြီးသည်နှင့် သူ့ကိုယ်ပိုင်တာအိုကို အစစ်အမှန် ပိုင်ဆိုင်သွားတော့မည်သာ။သည်အခိုက်အတန့်မှစ၍ သူက ကောင်းကင်နှင့်မြေကြီး၊မသေမျိုးတန်ခိုးရှင်၊သို့မဟုတ် နတ်ဘုရားများအဖြစ် ဆက်လက် ကျင့်ကြံတော့မည် မဟုတ်ပေ။သူက တာအိုပညာရှင်တစ်ယောက်သာ ဖြစ်လာတော့မည်။တာအိုကို ကျင့်ကြံသော တစ်စုံတစ်ဦး ဖြစ်လာတော့မည်။

တစ္ဆေလောကမြစ်က တပ်သားအုပ်စုထံသို့ သိမ်းကြုံးကျော်ဖြတ်သွားသည်နှင့် နတ်ဆိုးတပ်သား ဆယ်ယောက်ကျော်အား သယ်ဆောင်သွားနေ၏။မြစ်ထဲ၌ ပိတ်မိနေသော နတ်ဆိုးဗိုလ်ချုပ်များသည်လည်း အတင်းရုန်းကန်နေကြရသည်။သူတို့၏ စုပေါင်းစွမ်းအားက လွန်စွာ အားကောင်းလှ၏။အသစ်ဖြစ်တည်လာသော တစ္ဆေလောကမြစ်ပင် အနည်းငယ် ထိန်းချုပ်မှု လျော့ကျသွားရပေသည်။

ဝမ်လင်းမျက်လုံးကလည်း ပိုနီရဲလာကာ သူက အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး တစ္ဆေလောကမြစ်ထဲသို့ ဝင်ရောက်သွားသည်။သူက တစ္ဆေလောကမြစ်ထဲသို့ ဝင်ရောက်လာသည်နှင့် တောင်တစ်ခုကဲ့သို့ ခိုင်ခိုင်မြဲမြဲ တည်ရှိမှုတစ်ခု ဖြစ်လာတော့၏။

“ငါ့ကို သတ်ချင်တဲ့ လူတိုင်းလူတိုင်း ငါ့ တစ္ဆေလောကမြစ်ထဲမှ ပိတ်လှောင်ထားခြင်း ခံစေရမယ်။ဒါက ကောင်းကင်ဘုံတောင် မထိန်းချုပ်နိုင်တဲ့ ငါ့ကိုယ်ပိုင်ပြန်လည်မွေးဖွားခြင်းစက်ဝန်းပဲ ဖြစ်တယ်…” ဝမ်လင်းအသံက သူ့တာအိုကနေ ပျံ့နှံ့လာ၏။၎င်းအသံက တစ္ဆေလောကမြစ်အတွင်းသို့ ပေါင်းစပ်သွားကာ ပြန်လည်မွေးဖွားခြင်းစွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွား၏။

တစ္ဆေလောကမြစ်သည့် နောက်သို့ ပြန်စီးဆင်းသွားကာ ကမ္ဘာလောကကနေ ပျောက်ကွယ်သွားတော့၏။ထိုမြစ်အတွင်း၌ ပိတ်လှောင်ခံထားရသော နတ်ဆိုးဗိုလ်ချုပ်ဆယ်ယောက်ကျော်သည်လည်း ပျောက်ကွယ်သွားတော့သည်။

နတ်ဆိုးတပ်သားများ ဖန်တီးထားသည့် ကင်းမြီးကောက်သည်လည်း ပျက်စီးသွားတော့၏။ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း သုံးသောင်းကျော်သည် မီးခိုးရောင်အခိုးငွေ့အမျှင်တန်းများအဖြစ် ပြောင်းလဲသွားကြ၏။

သည်အမျှင်တန်းအားလုံးက မြို့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားနေသည့် ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာ၏။ထိုအခိုးငွေ့အမျှင်တန်းများက ဝမ်လင်း၏ နောက်ကျောဘက်၌ ဧရာမခြုံလွှာကြီးတစ်ခုလို လွှမ်းခြုံလာခဲ့သည်ဟု ထင်မှတ်ရ၏။

မြို့တံတိုင်းပေါ်ရှိ သက်လတ်ပိုင်းလူကြီးအသွင်က ဖြူရောလာကာ သူ့လည်ချောင်းထဲ၌ ခြောက်ကပ်သလို ခံစားလာရ၏။သူက သူ့ရှေ့ရှိ ပုဂ္ဂိုလ်ကို ခုခံနိုင်စွမ်းကင်းမဲ့သကဲ့သို့ ခံစားရကာ နောက်သို့သာ ဆက်ဆုတ်နေလေ၏။

“ ငါ့ကျင့်ကြံမှုအဆင့်က ဒီလူနဲ့တူတူပဲ။ငါတို့နှစ်ယောက်လုံးက အာဏာတက်ခြင်းအစောပိုင်းအဆင့်မှာ ရောက်နေကြတာ ဖြစ်တယ်။ဒီလူက ဒဏ်ရာပြင်းထန်စွာလည်း ရထားသေးတယ်။ဒါ့ကြောင့်ငါက သူ့ကို သတ်ပစ်နိုင်ဖို့ အစတုန်းက တစ်ရာရာခိုင်နှုန်း ယုံကြည်ချက် ရှိခဲ့တယ်။ဒါပေမဲ့ ခုချိန်မှာတော့ ငါက တစ်ဆယ်ရာခိုင်နှုန်းတောင် မရှိတော့ဘူး။ဒီလူက ကိုယ်ပိုင်တာအိုကိုလည်း ပိုင်ဆိုင်ထားသလို သူဖန်တီးထားတဲ့ တစ္ဆေလောကမြစ်ကလည်း တကယ့်ကို ကြောက်ရွှံ့ထိတ်လန့်ဖို့ ကောင်းတယ်။နတ်ဆိုးအင်ပါယာက ငါ့ကို ဒီနေရာမှာ နေစေခဲ့တာက ငါ့ကို အန္တရာယ်ဖြစ်စေခဲ့တာပဲ…”

သက်လတ်ပိုင်းလူကြီးက အံတင်းတင်းကြိတ်ကာ နောက်သို့ အရူးအမူး ဆက်ဆုတ်လေသည်။သူက တုံ့ဆိုင်းခြင်းမရှိ လက်သီးစုပ်ခန့် အနက်ရောင်သားရဲအရိုးတစ်ခုကို ထုတ်ယူကာ ၎င်းကို ချေမွလိုက်၏။သားရဲအရိုးကွဲကြေသည်းသည်နှင့် အနက်ရောင်အခိုးငွေ့အမျှင်တန်းတစ်ခုက ယင်းထံကနေ ထွက်ပေါ်လာခဲ့သည်။ထိုအနက်ရောင်အခိုးငွေ့က သက်လတ်ပိုင်းလူကြီးအား ဝန်းရံသွားကာ သူ့ကို အဝေးသို့ တည်နေရာပို့ဆောင်ပေးလေသည်။

သည်အနက်ရောင်အရိုးက မြို့တော်သို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းနိုင်သဖြင့် ရှားပါးလွန်းသည့်ပစ္စည်းတစ်ခု ဖြစ်သည်။ဗိုလ်ချုပ်မှူးများနှင့် ဒုဗိုလ်ချုပ်မှူးများသာ သည်ပစ္စည်းများကို ပိုင်ဆိုင်ထားပေ၏။

ဝမ်လင်းမျက်လုံးများက အဆုံးစွန်နီရဲနေသည်။သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးတပ်သား တစ်သိန်းသည် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်သိန်းအဖြစ်သို့ ပြောင်းလဲသွားရတော့၏။ အရင် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းသုံးသောင်းကိုပါ ထည့်ပေါင်းလိုက်ပါက သတ်ဖြတ်ခြင်းစွမ်းအင် တစ်သိန်းသုံးသောင်းအမျှင်တန်းများ ထိုးထွက်သွားတော့သည်။

သက်လတ်ပိုင်းလူကြီးက ပျောက်ကွယ်သွားသည့်အခိုက်၌ ထိုသတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သိန်းသုံးသောင်းက သူ့နောက်သို့ အလျင်အမြန် လိုက်လံသွားသည်။

မီးနတ်ဆိုင်းနိုင်ငံ၏ မြို့တော်တွင် ဗိုလ်ချုပ်မှူးနှင့်ဒုဗိုလ်ချုပ်မှူးတို့သာ အသုံးပြုနိုင်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု တည်ရှိလေသည်။မီးနတ်ဆိုးနိုင်ငံ၏ မင်းမှူးထမ်းခေါင်းဆောင်က ထိုအစီအရင်ဘေနား၌ တိတ်တဆိတ် ကျင့်ကြံနေသည်။

သူက ရုတ်တရက် မျက်လုံးဖွင့်ကာ အစီအရင် အသက်ဝင်လာသည်ကို ပြုံး၍ ကြည့်လိုက်၏။သူက ဗိုလ်ချုပ်မှူး သို့မဟုတ် ဒုဗိုလ်ချုပ်မှူးတစ်ယောက်ယောက် ပြန်လာသည်ကို သိလိုက်၏။

“ဘယ်သူများ ပြန်လာတာလဲ…” သူက မတ်တပ်ရပ်ကာ အစီအရင်ပတ်လည်သို့ ကြည့်လိုက်၏။ထိုအခါ သူ့အသွင်က ချက်ခြင်းပြောင်းလဲသွားသည်။သူက အစီအရင်ကို စူးစိုက်ကြည့်နေရင်း လုံးဝ ကြောင်ငေးမှင်သက်မိသွားတော့သည်။

အစီအရင်ကလက်ခနဲ ဖြစ်သွားစဉ် လေဟာနယ်ထဲမှ ခြောက်သွေ့နေပြီ ဖြစ်သော မံမီခန္ဓာကိုယ်တစ်ခုက ပြုတ်ကျလာ၏။ထိုမံမီ၏မျက်လုံးများက ဖွင့်လျက်ရှိကာ ဝန်လေးမှု၊မလိုလားမှုတို့နှင့် ပြည့်နှက်နေချေသည်။

ဒုဗိုလ်ချုပ်မှူးတစ်ယောက် သေဆုံးခြင်းက နတ်ဆိုးစိတ်ဝိညာည်ကုန်းမြေရှိ နိုင်ငံတိုင်းအတွက် ကြီးမားသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။မီးနတ်ဆိုးနိုင်ငံ၏ အင်ပါယာ၏ ဒေါသတကြီး အော်သံက မြို့တော်တစ်ခုလုံး ပဲ့တင်ထပ် ပျံ့နှံ့လာတော့၏။

“ရှာကြစမ်း…သူ့ကို သတ်သွားတဲ့ ကျင့်ကြံသူကို ရှာပြီး သတ်ခဲ့ချေ။သူ့ နောက်ခံပုံရိပ်က ဘာပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ငါ သူ သေသာတာပဲ လိုချင်တယ်…”

ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံနှင့် ကောင်းကင်နတ်ဆိုးနိုင်ငံ နှစ်ခုကြား နယ်စပ်မြို့ကနေ ထွက်ခွာသွားစဉ်၌ သူနှင့်အတူ သတ်ဖြတ်သူစွမ်းအင်အမျှင်တစ်သိန်းကိုပါ ယူဆောင်သွားလေ၏။

သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်ကြောင့် ဝမ်လင်းသည် ဆက်လက် သန်မာနေပေသည်။သူက အခုလို သတ်ဖြတ်ပစ်ပြီးသောလည်း သူ့ တိုက်ပွဲစိတ်ဆန္ဒက လျော့နည်းသွားခြင်း မရှိသည့်အပြင် ပို၍ပင် တိုးလာခဲ့၏။သူ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည်လည်း တိုးလာခဲ့သည်သာ။

သူက ကြယ်ပျံတစ်စင်းကဲ့သို့ ပြောင်းလဲ၍ သူ့အာရုံခံမိသည့် သူ့အားဆက်တိုက်တိုက်ခိုက်ခဲ့မှုများ၏ရင်းမြစ်နေရာသို့ တဟုန်ထိုး ဆက်သွားနေသည်။

ရှေးဟောင်းတိုက်ပွဲမြေ အနက်ရောင်မျှော်စင်အပေါ်ဆုံးထပ်ရှိ လက်ကောက်ဝတ်နေရာ ပျောက်ရှနေသော ချပ်ဝတ်ထဲမှ တစ္ဆေအလင်းတစ်ခုသည် ဖျပ်ခနဲ ဖျပ်ခနဲ လင်းလက်နေ၏။အဘိုးအိုတစ်ယောက်က ထိုချပ်ဝတ်ရှေ့၌ ဒူးထောက်လို့နေသည်။

သည်အဘိုးအိုက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူက ဟော်ဖောင်ကို ကယ်တင်ခဲ့သည့်သူ ဖြစ်၏။

“ ငါမင်းကို နတ်ဆိုးချပ်ဝတ်ရဲ့ အစိတ်အပိုင်းသုံးခု ပေးလိုက်မယ်။သူ့ကို သွားတားပါ။ သူကို ဒီရှေးဟောင်းတိုက်ပွဲမြေထဲ ခြေတစ်လှမ်းတောင် ချလှမ်းခွင့် မပြုနဲ့…”

မျှော်စင်ထဲ၌ ချပ်ဝတ်ထဲမှ ထွက်ပေါ်လာသည့် နတ်ဘုရားသတင်းစကားက ပဲ့တင်ထပ်နေရင်း ချပ်ဝတ်၏ လက်ကောက်ဝတ်နေရာ၊ရင်ဘက်နေရာ၊နှင့် ပခုံးနေရာတို့မှ အကာတို့သည် ချပ်ဝတ်ထံမှ ဝဲပျံလာ၏။

ချပ်ဝတ်၏ သည်အစိတ်အပိုင်းသုံးခုသည် ပျံဝဲလာရင်း အနက်ရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲ၍ အဘိုးအို၏ဝတ်စုံထဲသို့ ထွင်းသွင်းဝင်ရောက်သွားသည်။သည်အနက်ရောင်အမျှင်တန်းများက အဘိုးအို အရေပြားကို ဖြတ်သန်းကာ လျင်မြန်စွာပင် သူ့ခန္ဓာကိုယ်အနှံ့တွင် ပေါ်လာလေ၏။ထိုအမျှင်တန်းက ဆက်လက် ရွှေ့လျားနေရာကနေ ဖြည်းဖြည်းချင်း ပြန်ရပ်တန့်သွားချိန်၌ အဘိုးအိုကိုယ်ပေါ်တွင် အနက်ရောင်ချပ်ဝတ်တစ်စုံ ပေါ်လာခဲ့တော့၏။

သည်ချပ်ဝတ်က ရိုးစင်းပေ၏။သို့သော် မွန်းစတားဆန်သော ဆိုးယုတ်သည့် နတ်ဆိုးစွမ်းအင်က ထိုချပ်ဝတ်ထံကနေ ထွက်ပေါ်လာနေ၏။ထိုစွမ်းအင်ထံကနေ လက်မောင်းအရွယ်ခန့်ရှိသော ပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။သည်ပုံရိပ်ယောင််က ဦးချိုတစ်ချောင်းနှင့် အရိပ်ဖြစ်ကာ ဝမ်လင်းဖျက်စီးခဲ့သော အရိပ်ပုံစံနှင့် တစ်ထေရာတည်း ဖြစ်သည်။

၎င်းက ပေါ်ထွက်လာသည်နှင့် အဘိုးအိုနှဖူးထဲသို့ ဝင်ရောက်သွားသည်။အဘိုးအိုက ကြီားမားသည့် နာကျင်မှုကို တောင့်ခံနေရပုံပေါ်သည်။သူ့ခန္ဓာကိုပေါ်မှ သွေးကြောများပင် ဖောင်းကြွ ရောင်းရမ်းလာကာ သူ့နာကျင်စွာ အော်ဟစ်သံများက အကွာအဝေးတစ်ခုတိုင် ပျံ့နှံ့သွားလေ၏။

အချိန်အတန်ကြာပြီးနောက် အဘိုးအိုခန္ဓာကိုယ်က တုန်ယင်လာသည်။သည့်နောက် သူ့မျက်လုံးက နတ်ဆိုးအလင်းကို ထုတ်ဖော်ကာ လေးစားစွာ ပြောလိုက်၏။ “ဒီမကောင်းဆိုးဝါး အစေခံက အမိန့်နာခံလျှက်ပါ…”

“ သွား…” ချပ်ဝတ်ထဲမှ တစ္ဆေအလင်းသည် အလွန်မှိန်ဖျော့သွားခဲ့လေ၏။ နတ်ဘုရားအာရုံဖြင့် စကားတစ်ခွန်းပြောလိုက်ရသည်ကပင် အလွန်ပင်ပန်းသွားသည့်ဟန် ဖြစ်ပေါ်နေလေ၏။

အဘိုးအိုက ဆက်လက်စကားမဆိုတော့ပေ။သူက မတ်တပ်ထရပ်ကာ မျှော်စင်ထဲကနေ လှမ်းထွက်သွားတော့၏။သူက အကွာအဝေးတစ်ခုသို့ ကြည့်ကာ အနည်းငယ်စဉ်းစားပြီးနောက် အော်ပြောလိုက်တော့သည်။ “နတ်ဆိုးကိုယ်ရံတော်တွေ ထွက်လာခဲ့ကြ…”

သူက ထိုသို့ပြောလိုက်ပြီးသည့်နောက် ကြီးမားသည့် လေပြင်းကြီးတစ်ခုသည် ရှေးဟောင်းတိုက်ပွဲမြေတွင် ပေါ်လာခဲ့သည်။သည်လေပြင်းက အဆုံးစွန်အေးစက်နေ၏။

သည်နတ်ဆိုးလေက အဘိုးအိုပတ်လည်အား လှည့်ပတ်သွားကာ ချပ်ဝတ်နှင့်အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။သူမမျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း တက်တူးတစ်ခု ရှိနေ၏။သို့ရာတွင် သူမချပ်ဝတ်ကြောင့် တက်တူးအစိတ်အပိုင်းများကို မမြင်တွေ့ရချေ။

သူမပေါ်ထွက်လာပြီးနောက် သူမက ဒူးတစ်ဖက် ထောက်ချကာ နူးညံစွာ ပြောလိုက်၏။ “နတ်ဆိုးသက်တော်စောင့်လေပြင်းသံစဉ် ရောက်ရှိပါပြီ…” ဝမ်လင်းသာ သည်နေရာမှ ရှိမည်ဆိုပါက သည်အမျိုးသမီးသည် နတ်ဆိုးဗိုလ်ချုပ်ရှဲလျန်နှင့် လွန်စွာ တူညီနေသည်ကို သတိပြုမိပေလိမ့်မည်။

သိပ်မကြာခင်တွင် မြေကြီးက တုန်ခါလာကာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာ၏။အဘိုးအိုရှေ့ရှိ ပေတစ်ရာက ရုတ်တရက် ပေါက်ကွဲသွားကာ လုံးဝနက်မှောင်နေသည့်လက်တစ်ဖက် ဆန့်ထွက်လာခဲ့သည်။

သည့်နောက် ခါးကိုင်းကိုင်းအဘိုးအိုတစ်ယောကသည် မြေကြီးထဲက ကုန်းထလာခဲ့သည်။သူက သားရိုင်းတစ်ကောင်ကဲ့သို့ မြေကြီးပေါ်၌ လေးဘက်ထောက်လျက် ရှိနေသည်။သူက ခေါင်းမော့ကာ အဘိုးအိုထံသို့ ကြည့်၍ ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။ “နတ်ဆိုးကိုယ်ရံတော် မြေနတ်ဆိုး…ရှောက်ရှိပါပြီ…”

သည်အခိုက်အတန့်၌ မိုးကုပ်စက်ဝိုင်းမှ စိတ်ဝိညာဉ်အပိုင်းအစများနှင့် ပြည့်နှက်ကာ တစ္ဆေအော်ငြီးသံလှိုင်းများကို ကြားလိုက်ရသည်။သည်စိတ်ဝိညာဉ်အပိုင်းအစများက အနက်ရောင်တိမ်ထုကြီး တစ်ခုကိုအဖြစ် ဖြစ်တည်လာသည်။ထိုအနက်ရောင်တိမ်ထုအတွင်း၌ သန်းတစ်ရာထက် မနည်းသော စိတ်ဝိညာဉ်အပိုင်းအစများ ရှိနေ၏။

အနက်ရောင်တိမ်ထုက ဒုချွန်အသွင် ဖြစ်ပေါ်၍ သူ့အောက်၌ လူငယ်တစ်ယောက်သည် ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။သူ့နောက်မှ စိတ်ဝိညာဉ်အပိုင်းအစများ၏ အော်မြည်သံက သည်ဧရိယာတွင် ပျံ့နှံ့နေတော့သည်။

“နတ်ဆိုးကိုယ်ရံတော် ဟော်ဖောင် ရောက်ရှိပါပြီ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset