Switch Mode

အပိုင်း(၆၅၃)

သတ်ဖြတ်ခြင်းစိတ်ဆန္ဒ

ဝမ်လင်းထွက်ခွာသွားသည်နှင့် ဇီရှု၏ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြုတ်ကျသွားကာ သွေ့ခြောက်သွားခဲ့ပြီး ဖြစ်၏။သို့သော် သူ့နှဖူးထက်၌ ရွှေရောင်အလင်းတစ်ခု ခပ်ဖျော့ဖျော့လင်းလက်နေသည်။

သူနှင့်ဝမ်လင်းတို့ကြား ကွာခြားချက်က ကြီးမားလှရာ သူက မသေခင် သူ့ဆရာပေးခဲ့သော ဓားစွမ်းအင်ကိုပင် အသုံးပြုခွင့် မသာခဲ့ချေ။

ဝမ်လင်းနှလုံးသားထဲ၌ ကြမ်းကြုတ်ရူးသွပ်မှုများကိုသာ သယ်ဆောင်ထား၍ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း သွေးကြောများနှင့်မူလစိတ်ဝိညာဉ်တို့ကြား လှိုင်းများသဖွယ် ရုန်းကြွနေလေ၏။သည့်အပြင် ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ သက်ရောက်လှုံ့ဆော်မှုကိုပါ ထည့်တွက်ပါက ဝမ်လင်းသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်ထားသည့် စစ်နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရလေသည်။

သူ့မျက်လုံးများက နီရဲနေကာ ခြေတစ်လှမ်းလှမ်းကာ လေထဲသို့ ခုန်တက်သွားသည်။သူက လေထဲ၌ ကြမ်းကြုတ်စွာ ဖြတ်သန်းသွားနေရင်း သူခြေလှမ်းတိုင်းနောက်၌ တုန်ခါသံများကို ပဲ့တင်ကျန်နေစေခဲ့၏။

သူက ရှေးဟောင်းနယ်မြေ တည်နေရာနှင့် ဝေးကွာသောနေရာတွင်သာ ရှိလို့နေဆဲသာ ဖြစ်၏။ဝမ်လင်းမျက်လုံးများက ကောင်းကင်ထက်၌ ဖြတ်လျှောက်နေရင်း နီရဲတွတ်နေရာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ လူတော်တော်များများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေသည်။

သည်လူများထဲတွင် မီးနတ်ဆိုးနိုင်ငံ၏ ကျင့်ကြံသူများနှင့် ဗိုလ်ချုပ်များပင် ပါဝင်ကြ၏။သူတို့က ဝမ်လင်းကို ရန်မစသ၍ သူက ထိုသူအားလုံးကို လစ်လျူရှုထားပေသည်။သို့သော် ထိုသူတို့ထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုခု ဝမ်လင်းထံသို့ ရောက်လာပါက ခုလက်ရှိအခြေအနေတွင် သူက အနှီစိတ်ဆန္ဒကို ချက်ခြင်း ထောက်လှမ်းနိုင်စွမ်း ရှိနေပေသည်။

အကျိုးဆက်အနေဖြင့် သူ့အား သတ်ဖြတ်လိုသော လူတိုင်းသည် ဝမ်လင်း၏ ချက်ခြင်း သတ်ဖြတ်ခြင်းကိုလည်း ခံရသည်သာ ဖြစ်၏။

ထျန်ယွမ်ဂြိုဟ်နှင့် အတန်ကွာဝေးသော နေရာတစ်ခု၌ မိုဂြိုဟ်လို့ ခေါ်တွင်သည့် ကိုယ်ပိုင်ဂြိုဟ်တစ်လုံး ရှိ၏။သည်ဂြိုဟ်သည် ဘိုးဘေးမိုလို့ ခေါ်သည့်လူ ပိုင်ဆိုင်သည့် ဂြိုဟ်ဖြစ်သည်။သူ့ကျင့်ကြံမှုအဆင့်သည်လည်း ယင်ယန်ပုံရိပ်ယောင် အဆင့်သို့ပင် ရောက်ရှိနေသည်ဟု ဆိုကြ၏။

သူ့ကျင့်ကြံမှုအဆင့်ကြောင့် သည်တစ်ခေါက် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝင်ရောက်ခွင့် မရခဲ့ပေ။သို့ရာတွင် သည့်တပည့်သုံးယောက်တွင် တပည့်ကြီးတစ်ယောက်ကလွဲ၍ ကျန်သည့်နှစ်ယောက်မှာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝင်ရောက်ခွင့် ရခဲ့ကြသည်။

ခုလက်ရှိတွင် ထိုလူငယ်နှစ်ယောက်သည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ကာ မီးနတ်ဆိုးနိုင်ငံ၏ ကောင်းကင်ထက်၌ ပျံသန်းနေလျက် ရှိသည်။သည်နှစ်ယောက်ကတော့ ဘိုးဘေးမို၏ တပည့်နှစ်ယောက်ပင်။

သူတို့က ပျံသန်းနေကြရင်း နှစ်ယောက်ထဲမှ တစ်ယောက်၏ မျက်လုံးက ရုတ်တရက် လက်ခနဲ ဖြစ်သွားသည်။သူက အကွာအဝေးတစ်ခုသို့ ကြည့်ကာ ထိုနေရာကနေ သူတို့ထံသို့ ဦးတည်တိုးဝင်လာသော အားကောင်းသည့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။

သည့်လူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားကာ ချက်ခြင်း အော်ဟစ်လိုက်သည်။ “ဂျူနီယာညီလေ…မြန်မြန်ဆုတ်ချေ…” ထိုသို့ပြောပြီးသည်နှင့် သူတို့နှစ်ယောက်သည် ဘေးတစ်ဖက်တစ်ချပ်စီသို့ ခပ်သုတ်သုတ် နေရာခွဲလိုက်ကြ၏။သူတို့ ထိုသို့ လုပ်ဆောင်ပြီးပြီးချင်း ပုံရိပ်တစ်ခုက သူတို့အား မြန်ဆန်စွာ ဖြတ်ကျော်သွားချေသည်။

“အာဏာတက်ခြင်းကျင့်ကြံသူ…” သည်လူငယ်က မျက်လုံးသူငယ်အိမ် ကျုံ့သွားမိသည်။

“စီနီယာအကို…သူ..သူက ဒဏ်ရာ ရထားတဲ့ပုံပဲ…” ထိုလူ၏ ဂျူနီယာညီသည် သူတို့အား ဖြတ်ကျော်၍ အဝေးသို့ ထွက်သွားသော ပုံရိပ်ထံသို့ ကြည့်ကာ ရုတ်တရက် အသံပို့လွှတ်လိုက်၏။ “အာဏာတက်ခြင်းကျင့်ကြံသူဆိုတော့ သူ့ရှိမှာ ရတနာတွေ အများအပြား ရှိမှာပဲ။ငါတို့ကသာ သူ့နတ်ဆိုးသလင်းကျောက်ကို ရနိုင်ရင်…”

စီနီယာအကိုဖြစ်သူ၏ မျက်လုံးက ကျဉ်းမြောင်းလို့သွားကာ သူက ချီတုံ့ချတုံ့ ဖြစ်နေလေသည်။

“စီနီယာအကို…ငါတို့နှစ်ယောက်လုံးက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တွေ ဖြစ်ကြတယ်။ငါတို့မှာ အခွင့်ရေး အရမ်းမရှိပေမဲ့လည်း ငါတို့က ရတနာလက်နက်တွေ အသုံးပြုပြီး ဒီဒဏ်ရာရ ထားတဲ့ အာဏာတက်ခြင်းကျင့်ကြံသူကို တိုက်ခိုက်နိုင်လောက်တယ်…”

သူတို့က တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နေကြစဉ်မှာပင် ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။သည့်နောက် သူက နောက်လှည့်၍ သူတို့နှစ်ယောက်ထံသို့ နီရဲသောမျက်လုံးများဖြင့် ကြည့်ကာ ခပ်တိုးတိုး ရေရွတ်သည်။ “သတ်ဖြတ်ခြင်းစိတ်ဆန္ဒပဲ…”

သူက ရုတ်တရက်လှည့်ကာ ထိုသို့နှစ်ယောက်ထံသို့ ကြယ်ပျံတစ်စင်းအလား တိုးဝင်သွားတော့သည်။

ထိုလူငယ်နှစ်ယောက်က ဝမ်လင်း ပြန်လှည့်လာသည်ကို တွေ့လိုက်သည့်အခါ သူတို့အသွင်က ရုတ်တရက် ပြောင်းလဲသွားကာ နောက်သို့ ဆုတ်သည်။သို့ရာတွင် ဝမ်လင်းက မြန်လွန်းလှသည်။မျက်စိတစ်မှိတ်အတွင်း သူက ဂျူနီယာညီဖြစ်သူ၏ ဘေးနားသို့ ရောက်သွားကာ သူ့လက်ချောင်းကို ဆန့်တန်းလိုက်၏။

လူငယ့်အသွင်က အကြီးအကျယ် ပြောင်းလဲသွားသည်။သူက ဝမ်လင်း အကြည့်နှင့် ရင်ဆိုင်လိုက်ရချိန်၌ မှင်သက်သွားသည်။ထိုအကြည့်က ကြောက်မက်ဖွယ် ကောင်းလွန်နေသည် မဟုတ်လော။

ဝမ်လင်း လက်ချောင်းက သူ့နှဖူးပေါ်သို့ မခန့်မှန်းနိုင်သည့်နှုန်းဖြင့် ကျရောက်လာသည်။လူငယ်သည် အထိတ်တလန့် နာကျင်စွာ ငြီးတွားလိုက်ရကာ သူ့ခန္ဓာကိုယ်မှာ ချက်ခြင်း သွေ့ခြောက်သွား၏။သူ့မူလစိတ်ဝိညာဉ်ပင် ပြိုပျက်သွားရသည်။ပျက်စီးသွားသည့် မူလစိတ်ဝိညာဉ်နှင့် သူ့ခန္ဓာကိုယ်အဆီအနှစ်တို့သည် သတ်ဖြတ်ခြင်းစွမ်းအင်သို့ ပြောင်း၍ သူ့ခန္ဓာကိုယ်မှ ထွက်ခွာကာ ဝမ်လင်းထံသို့ ပျံသန်းသွားတော့သည်။

သည်အရာများက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းသာ။မြန်လွန်းသဖြင့် စီနီယာအကိုဖြစ်သူမှ ဘာမှ တုံ့ပြန်ချိန် မရလိုက်ချေ။သူက တုန်လှုပ်နေရာကနေ နိုးထလာပြီးနောက် သူ့တစ်ကိုယ်လုံး တဆက်ဆက် တုန်ယင်နေတော့သည်။သူက ချက်ခြင်းပင် တည်နေရာ ရွှေ့ပြောင်းကာ လေဟာနယ်ထဲသို့ ခြေချလိုက်၏။

ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ညာလက်ကို ဆန့်ထုတ်၏။သူ့လက်ချောင်းက လေဟာနယ်ထဲသို့ ထွင်းဖောက်သွားသလားမှတ်ရကာ ထိုလူငယ်အား ကြမ်းတမ်းစွာ ပြန်ဆွဲယူလိုက်သည်။

လူငယ့်မျက်နှာက ဖြူရောနေကာ သူက ခပ်သုတ်သုတ် ပြောလိုက်သည်။ “ငါက ဘိုးဘေးမိုရဲ့…”

သူ့စကား မဆုံးသေးခင်မှာပင် ဝမ်လင်းက သူ့လက်အား ညှစ်ထည့်လိုက်၏။ထိုလူငယ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် အပိုင်းပိုင်း ဖြစ်သွားကာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

သူ့အသက်ဓာတ်သည်လည်း မီးခိုးရောင်အခိုးငွေ့အဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံသို့ ပျံသန်းလာတော့၏။

သူတို့နှစ်ယောက်ကို သတ်လိုက်ပြီးနောက် ဝမ်လင်းမျက်လုံးက ပိုမိုနီရဲလာကာ သူ့တိုက်ပွဲစိတ်ဆန္ဒသည်လည်း ပိုမိုသန်မာလာချေသည်။သည့်နောက် သူ့ခန္ဓာကိုယ်က ဆက်ခနဲ လှုပ်ကာ အကွာအဝေးတစ်ခုထံသို့ ဦးတည်သွားတော့၏။

ဝမ်လင်းပျံသန်းနေရင်း သူ့အောက်ရှိ မြေကြီးများက ခြောက်သွေ့အက်ကွဲကုန်ကြသည်။ ကျန်သည့် သစ်ပင်ပန်းပင်၊သို့မဟုတ် တိရိစ္ဆာန် အစရှိသဖြင့် သက်ရှိဟူသမျှ သေဆုံးကုန်ကြ၏။ထိုအရာများ၏ သေဆုံးမှုက ဝမ်လင်းအတွက် အားသစ်လောင်းပေးနေပေ၏။

ကြည့်ရသည်မှာ ဝမ်လင်းက ငရဲမှ တက်လာကာ အသက်ဓာတ်အားလုံးကို ဝါးမြိုပစ်နေသည်အလားပင်။

ဝမ်လင်းက နတ်ဆိုးနိုင်ငံကို ဖြတ်၍ တန်းတန်းမတ်မတ် ပျံသန်းနေ၏။သူ့အောက်ရှိ အရာအားလုံးက ခြောက်သွေ့ကုန်ကြရ၏။

ဝမ်လင်း ဖြတ်ကျော်သွားသည့်နေရာတိုင်း၌ ပျက်စီးသေကြေခြင်းတို့သာ ကျန်ရစ်ခဲ့သည်။သည်အရာက နိုင်ငံတစ်ခုအား အရှက်ခွဲခြင်းနှင့် ရန်စခြင်းဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ရလဒ်အနေဖြင့် မီးနတ်ဆိုးနိုင်ငံမှ နတ်ဆိုးဗိုလ်ချုပ် ဆယ်ယောက်ကျော်သည် ဝန်းရံပိတ်ဆို့ကာ သည်မိစ္ဆာကျင့်ကြံသူအား ဖိနှိပ်ရန် ကြိုးစားလာကြချေတော့၏။

သူတို့ ဝမ်လင်းအား ဝန်းရံထားသည့်နေရာက မီးနတ်ဆိုးနိုင်ငံနှင့် ကောင်းကင်နတ်ဆိုးနိုင်ငံနှစ်ခုကြား နယ်စပ် အနီးအနားတွင် ဖြစ်နေ၏။ထိုနေရာကို တစ်သန်းနတ်ဆိုးတောင်တန်းဟု ခေါ်တွင်၏။

အနှီတစ်သန်းနတ်ဆိုးတောင်တန်းကို လွှမ်းခြုံထားသည့် ထူထဲသောမြူများက ပျောက်ကွယ်သွားသည်ဟူ၍ မရှိချေ။တစ်သန်းနတ်ဆိုးတောင်တန်း၏ တစ်ဖက်တစ်ချပ်စီ၌ မြို့နှစ်မြို့ရှိ၏။မြို့တစ်မြို့မှာ မီးနတ်ဆိုးနိုင်ငံ၏အပိုင် ကောင်းကင်သာယာမြို့ဖြစ်၍ နောက်မြို့တစ်မြို့က ကောင်းကင်နတ်ဆိုးနိုင်ငံ၏ အပိုင် အရည်ပျော်မီးမြို့ ဖြစ်သည်။

ထိုအခိုက်အတန့်၌ ကောင်းကင်သာယာမြို့၌ နတ်ဆိုးတပ်သား တစ်သိန်းကျော်သည် အသင့်အနေထား ရှိနေကြသည်။နတ်ဆိုးဗိုလ်ချုပ်ဆယ်ယောက်ကျော်သည်လည်း အကွာအဝေးတစ်ခုသို့ ကြည့်နေလျက် ရှိကြ၏။ထိုနတ်ဆိုးဗိုလ်ချုပ်များကြား၌ အဆင့်ပိုမြင့်သည် လူတစ်ယောက်လည်း ရှိနေသည်။ထိုလူက သက်လတ်ပိုင်းအရွယ် ရှိကာ သူ့အသွင်က သုန်မှုန်ကာ နေ၏။

“ငါ့တို့အတွက် ဒီကျင့်ကြံသူကို သတ်ပစ်ဖို့က အသာလေးပါ။ဘာလို့လဲဆိုတော့ ဒီတစ်ကြိမ်မှာ ငါတို့နဲ့အတူ ဒုဗိုလ်ချုပ်မှူးကိုယ်တိုင် ရှိနေတာပဲ…”

သက်လတ်ပိုင်းလူကြီး ဘေးရှိ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်က ပြုံး၍ ထိုသို့ဆို၏။သူက ပြုံးနေသည့်အပြင် လေးစားသည့် ဟန်ပန်ပါ ရှိနေ၏။

နောက်ထပ် ဗိုလ်ချုပ်တစ်ယောက်ကလည်း ရယ်မောကာ ပြောဆိုလိုက်ပြန်သည်။ “မှန်တယ်…ဒီမှာ ဒုဗိုလ်ချုပ်မှူး ရှိနေမှတော့ ငါတို့က အဲ့ကျင့်ကြံသူကို ချက်ခြင်း ပြာမှုန်ဖြစ်အောင် လုပ်ပစ်လို့ ရတယ်…”

သက်လတ်ပိုင်းလူကြီးက တည်ငြိမ်စွာ ဆိုလိုက်၏။ “မင်းတို့အားလုံး…တိုက်ပွဲ မြန်မြန် သိမ်းပါ။မင်းတို့ အဲ့ကျင့်ကြံသူကို သတ်ပြီးတာနဲ့ ငါက ပြန်တော့မှာ…”

သူ့အသွင်က သုန်မှုန်နေသော်လည်း မျက်လုံးထဲ၌ မာန်မာနနှင့် ဝင့်ကြွားမှုတို့ ရှိနေ၏။ဒုဗိုလ်ချုပ်မှူးတစ်ယောက်အနေဖြင့် သူ့အဆင့်အတန်းက မြင့်မားလှရာ ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ယောက်အတွက် မြို့တော်မှ ထွက်ခွာလာလိမ့်မည် မဟုတ်ပေ။

သူက မူလတုန်းက ကောင်းကင်နတ်ဆိုးနိုင်ငံသို့ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအတွက် သွားရောက်ရန် ဖြစ်၏။သို့သော် သူက နယ်စပ်မြို့သို့ ရောက်သည့်အခါ နတ်ဆိုးအင်ပါယာထံမှ အမိန့်တစ်ခုကိုရခဲ့သည်။ ထိုအမိန့်မှာ သူ့အား ထိုမြို့တွင် ရက်အနည်းငယ်နေကာ ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ရန်အတွက် နတ်ဆိုးဗိုလ်ချုပ်များကို ဦးဆောင်ပေးရန် ဖြစ်သည်။

သူက ထိုစီစဉ်မှုကို သိပ်သဘောမကျလှပေ။သူ့အမြင်တွင် ကျင့်ကြံသူတစ်ယောက်ကို သတ်ရုံမျှနှင့် သည်လောက်လူအများကြီး လွှတ်စရာ မလိုပေ။ထိုအရာက သပ်သပ် ဇာချဲ့နေခြင်းသာ။

သက်လတ်ပိုင်းလူကြီးက စဉ်းစားနေရာကနေ ပြောလာ၏။ “ဒီလူက ဒီနေရာကို ဖြတ်လာမှာ မင်းတို့အားလုံး သေချာရဲ့လား…”

“ဒုဗိုလ်ချုပ်မှူး…သက်တောင့်သက်သာ နေပါ။ကျွန်တော်တို့ ထောက်လှမ်းကြည့်ဖို့ လူတွေ လွှတ်ထားပြီးပါပြီ။ ဒီလူက သူ့လမ်းကြောင်းကို တန်းတန်းမတ်မတ်ပဲ သွားတာဆိုတဲ့အတွက် ဒီနေရာကို ကျိန်းသေ ဖြတ်ကျော်သွားမှာပါ…”

နတ်ဆိုးဗိုလ်ချုပ်များက စကားပြောဆိုနေကြစဉ်မှာပင် သက်လတ်ပိုင်းလူကြီး၏အသွင်က ပြောင်းလဲသွား၏။သူက အကွာအဝေးတစ်ခုသို့ ကြည့်ကာ စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်သည်။ “ဒဏ်ရာရထားတဲ့ အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်ကများ ငါ့မီးနတ်ဆိုးနိုင်ငံကို သွေးစွန်းဝံ့တယ်ပေါ့။မင်းတို့အားလုံး ဒီတိုက်ပွဲကို မြန်မြန်လက်စသပ်ကြချေ…”

နတ်ဆိုးဗိုလ်ချုပ်ဆယ်ယောက်ကျော်၏ အေးစက်စက်အကြည့်များက အကွာအဝေးတစ်ခုထံသို့ ကျရောက်သွား၏။အပြာရောင်ချပ်ဝတ်နှင့်လူတစ်ယောက်သည် သက်လတ်ပိုင်းလူကြီးထံသို့ ခြေလှမ်းအနည်းငယ် တိုးလာကာ ပြောလိုက်သည်။ “အရှင်ဒုဗိုလ်ချုပ်မှူး…အရှင့်ငယ်သား ယင်တုန်က ဒီလူ့ကို သွားရောက် သတ်ချင်ပါတယ်…”

သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်၏။

နတ်ဆိုးဗိုလ်ချုပ် ယင်တုန်သည် ခြေတစ်လှမ်းလှမ်းကာ အစိမ်းရောင်အလင်းတန်းအသွင် ပြောင်း၍ ဝမ်လင်းထံသို့ ပျံသန်းသွားတော့သည်။

ယင်တုန်မျက်လုံးများက အေးစက်နေကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ထုတ်ဖော်ထားသည်။သူက ဒုဗိုလ်ချုပ်မှူး၏ ရှေ့တွင် ထိုလူ့ကို လှလှပပ သတ်ပစ်ပေမည်။သူက ဒုဗိုလ်ချုပ်မှူး၏ အာရုံကို ဖမ်းစားနိုင်ပါက သူ့အတွက် အောင်မြင်မှုလမ်းကြောင်း တစ်ခုပေါ်သို့ ရောက်နိုင်ပေ၏။

“ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ အာဏာတက်ခြင်းကျင့်ကြံသူ…ဟက်…ငါက အစစ်အမှန် ပုံမှန်အာဏာတက်ခြင်းကျင့်ကြံသူကို ရင်ဆိုင်ဖို့ ယုံကြည်ချက် မရှိပေမဲ့ ဒဏ်ရာရတားတဲ့ မင်းကို သတ်ဖို့ကတော့ အဲ့လောက် ခက်မှာ မဟုတ်ပါဘူး…”

“သတ်ဖြတ်ခြင်းစိတ်ဆန္ဒ…” ဝမ်လင်းက ပျံသန်းလာရင်း သူ့မျက်လုံးများက နီရဲနေကာ သူ့စိတ်ထဲပလည်း တိုက်ပွဲနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့သာ ရှိလို့နေချေ၏။

“ကျူးကျော်သူ…ရပ်လိုက်စမ်း…” ယင်တုန်က ပျံသန်းနေရင်း ထိုသို့အော်ဟစ်ကာ သူ့နတ်ဆိုးစွမ်းအင်များကို ထိုအသံထဲ၌ ပေါင်းထည့်၍ တုန်ခါမှုတစ်ခုကို ဖန်တီးလိုက်သည်။

သည်အော်သံက မိုးခြိမ်းသံအလား မြို့ကိုဖြတ်၍ ပဲ့တင်ထပ်သွားသည်။သည့်နောက် နတ်ဆိုးတပ်သား တစ်သိန်းတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့သည်လည်း အလျှိုလျှို ထွက်ပေါ်လာကာ သတ်ဖြတ်ခြင်းအော်ရာတစ်ခုက သည်ပတ်ဝန်းကျင်ဧရိယာကို လွှမ်းခြုံလာလေ၏။

သက်လတ်ပိုင်းလူကြီးကတော့ သူ့စွမ်းရည်ကို အသိအမှတ်ပြုဟန်ဖြင့် ပြောလာ၏။ “ဒီယင်တုန်က မဆိုးဘူးပဲ။သူက လူတွေကို ဖိအားပေးဖို့ အော်ရာကို အသုံးပြုရမှန်း သိသားပဲ…”

ယင်တုန်က လေထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒအော်ရာကို ခံစားမိသည့်အခါ ဂုဏ်ယူမိသွားသည်။သို့ရာတွင် ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့အတွက် ငရဲတံခါးပေါက်မှန်း မသိသေးချေ။

ခုလက်ရှိ အာရုံခံစားမှုအခြေအနေ၌ ဝမ်လင်းသည် သည်ထူထဲသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ချက်ခြင်း ခံစားမိသွားပေသည်။သည်သတ်ဖြတ်ခြင်း စိတ်ဆန္ဒက အားကောင်းလွန်းရာ ဝမ်လင်းက ထိုစိတ်ဆန္ဒကို ခံစားမိသည်နှင့် သူ့စိတ်ထဲရှိ တိုက်ပွဲနှင့်သတ်ဖြတ်လိုမှု စိတ်ဆန္ဒတို့်သည် အဆများစွာ ထိုးတက်လာခဲ့တော့သည်။

သူက ရပ်တန့်သွားခြင်းမရှိသည့်အပြင် ရှေ့သို့ ထိုးတက်လာ၏။ယင်တုန်က အေးစက်စက်နှာခေါင်းရှုံ့ သူ့စွမ်းရည်တစ်ခုကို အသုံးပြုရန် ဟန်ပြင်လိုက်၏။သို့သော် ထိုအခိုက်အတန့်မှာပင် ဝမ်လင်းက ခေါင်းမော့လာခဲ့လေပြီ။သူ့မျက်လုံးက ရူးသွပ်ဖွယ် နီရဲနေကာ သူ့လက်ကိုမြှောက်၍ ရှေ့သို့ ညွှန်လိုက်တော့၏။ချက်ခြင်းပင် မရဏလက်ချောင်းက ဖန်တီးထားသည့် အနက်ရောင်အလင်းက ရှေ့သို့ ထိုးတက်သွားတော့သည်။

ယင်တုန်က ရှောင်ချိန်ပင် မရလိုက်ပေ။အနက်ရောင်အလင်းက သူ့အား ချက်ခြင်း ဝန်းရံသွားခဲ့လေ၏။သည့်နောက် သူ့ခန္ဓာကိုယ်သည် ခြောက်သွေ့သွားကာ ဖြည်းဖြည်းချင်း ပြိုလဲလာတော့၏။

သည်အခိုက်၌ မြေပြင်ပေါ်ရှိ နတ်ဆိုးတပ်သားတစ်သိန်း၏ အော်ဟစ်သံများက ရုတ်တရက် ရပ်တန့်သွားတော့၏။

တိတ်ဆိတ်သွားခြင်း။ ထူးဆန်းသော တိတ်ဆိတ်သွားမှုက မြို့တံတိုင်းပေါ်၌ ပြည့်နှက်သွား၏။သက်လတ်ပိုင်းလူကြီးက ပထမဆုံးအကြိမ်အဖြစ် သတိထားသည့်ဟန်ပန်ကို ထုတ်ဖော်လာ၏။

“သတ်…” ဤသို့ တိတ်ဆိတ်မှုအား ဝမ်လင်းကာ ဖြိုခွဲလိုက်၏။သည့်နောက် သူ့ခန္ဓာကိုယ်ကနေ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများက ထွက်ပေါ်လာကာ နဂါးများအဖြစ်သို့ ပြောင်းလဲသွား၏။ချက်ခြင်းပင် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း သုံးသောင်းကျော်သည် လေထဲ၌ ပေါ်လာခဲ့ချေသည်။သည်အခိုက်အတ့န်၌ ဝမ်လင်းသည် နဂါးသုံးသောင်းကျော်နှင့် ဝန်းရံခြင်းခံထားရကာ ကောင်းကင်ထက်မှ ဆင်းသက်လာသည့် နတ်ဆိုးဘုရင်လား ထင်မှတ်မှားရ၏။

“တပ်မှူးခေါင်းဆောင်တိုင်း အမိန့်ကို နားထောင်ပြီး အစီအရင်ဝင်္ကပါကို ပြင်ဆင်ကြ…”

နတ်ဆိုးဗိုလ်ချုပ်များထဲမှ အဘိုးအိုတစ်ယောက်၏ အော်သံသည် ထွက်ပေါ်လာကာ နတ်ဆိုးတပ်သား တစ်သိန်းသည် ချက်ခြင်းပင် လှုပ်ရှားလာကြ၏။

နတ်ဆိုးတပ်သား တစ်သိန်း လှုပ်ရှားလာသည့် အခိုက်အတန့်မှာပင် သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းသုံးသောင်းသည် ဆင်းသက်လာတော့၏။သွေးလွှမ်းသော သတ်ဖြတ်ပွဲကြီးတစ်ခု စတင်လေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset