ဝမ်လင်းမျက်လုံးများက လုံးဝနီရဲနေကာ သူက သူ့အောက်ရှိ မြေပြင်ကို ကြည့်လိုက်၏။သည်နေရာရှိ ကောင်းကင်ဘုံတက်ခြင်းသစ်သီးပမာဏ ဆယ်ပုံတစ်ပုံကို သူက စုပ်ယူခဲ့ခြင်း ဖြစ်သည်။သူက မြေပြင်ထံသို့ သူ့အာဏာတက်ခြင်းအစောပိုင်း ကျင့်ကြံခြင်းစွမ်းအားနှင့် လက်ဆန့်တန်းလိုက်ရာ မြေပြင်က တုန်ခါသွားလေသည်။သည့်နောက် အပင်များမှ မရေမတွက်နိုင်သော ကောင်းကင်ဘုံတက်ခြင်းသစ်သီးများက သူ့ထံသို့ ပျံဝဲလာကြတော့သည်။
ကောင်းကင်ဘုံတက်ခြင်း သစ်သီးပေါင်း တစ်သိန်းနီးပါးသည် ဝမ်လင်း၏ သိုလှောင်အိတ်ထဲ၌ ထည့်သွင်းခြင်း ခံလိုက်ရသည်။သည်အခိုက်တွင် ဝမ်လင်းက သူ့တိုက်ပွဲစိတ်ဆန္ဒနှင့် နှလုံးသားထဲရှိ သတ်ဖြတ်ခြင်းဆန္ဒ တို့ကို ဆက်လက်မဖိနှိပ်ထားနိုင်တော့ပေ။သူက မာန်သွင်း၍ ထွက်ခွာဟန် ပြင်လိုက်၏။
သို့သော် ထိုအခိုက်အတန့်မှာပင် လေဟာနယ်ထဲမှ ဒေါသသံပြည့်နှက်နေသော အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာချေ၏။
၎င်းအသံက ဝမ်လင်းစိတ်ထဲသို့ တိုက်ရိုက် ကျရောက်လာခြင်းပင်။
ဝမ်လင်းစိတ်က တုန်ယင်သွားကာ သူက သွေးအပြည့် အန်ထုတ်လိုက်ရပြီး ကောင်းကင်ထက်မှ ပြုတ်ကျသွား၏။သူက အောက်သို့ ပြုတ်ကျသွားပြီးနောက် သူ့ခေါင်းကို ဆက်ခနဲမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။သူ့မျက်လုံးထဲ၌ ပြင်းထန်သော သတ်ဖြတ်ခြင်းနှင့် တိုက်ပွဲ စိတ်ဆန္ဒတို့ ပေါ်ထွက်နေ၏။
သူက ဒဏ်ရာရရှိသွားရသည်။ပုံမှန်နေ့တစ်နေ့ဆိုလျှင် ထိုအေးစက်စက်နှာခေါင်းရှုံ့သံကြောင့် သူဒဏ်ရာရသည်နှင့် သူက ချက်ခြင်း လွတ်မြောက်ရန် ကြိုးစားပေမည်။သို့ရာတွင် ခုချိန်တွင်တော့ သူက ကွဲပြားနေချေပြီ။သူ့မျက်လုံးထဲ၌ ရူးသွပ်မှုတို့သာ ရှိနေ၏။
သူ့ခန္ဓာကိုယ် ဒဏ်ရာရသွားခြင်းက သူ့တိုက်ပွဲဆန္ဒကို လျော့ကျသွားခြင်း မရှိသည့်အပြင် ဝမ်လင်းအား ပို၍ပင် ရူးသွပ်သွားစေခဲ့သည်။
သူက သိုလှောင်အိတ်ထဲမှ ဆေးလုံးအမြောက်အများကို ထုတ်ကာ မြိုချလိုက်၏။သည့်နောက် ခြေတစ်လှမ်းဖြင့် ရှေ့သို့ ထိုးတက်သွား၏။သူက ရူးသွပ်နေသော်လည်း အသိစိတ်ရှိနေဆဲသာ။နှာခေါင်းရှုံ့သံထွက်ပေါ်လာသည့်အခါ ဝမ်လင်းသည် ထိုအသံထွက်ပေါ်လာသည့်နေရာကို ရေးတေးတေးခံစားမိကာ ထိုနေရာတည့်တည့်သို့ တိုက်ရိုက် တိုးဝင်သွားခဲ့လေ၏။
“သတ်” ဝမ်လင်းစိတ်ထဲ၌ သတ်ဖြတ်ပစ်ရန် အတွေးတစ်ခုသာ ကြီးစိုးနေချေ၏။
ကျောက်နိုင်ငံတစ်ခုလုံးကို သွေးလွှမ်းစေခဲ့၊တုန်လှုပ်စေခဲ့သည့် အတိတ်က မိစ္ဆာက နိုးထလာခဲ့လေချေပြီ။
ဝမ်လင်းက ကောင်းကင်ကို ကြယ်ပျံတစ်စင်းအလား ထိုးခွင်းလှုပ်ရှားကာ သူ ရေးတေးတေး ခံစားမိသည့် အေးစက်စက်နှာခေါင်းရှုံ့သံထွက်ပေါ်လာသည့်နေရာသို့ တန်းမတ်စွာ တဟုန်ထိုး ဝင်ရောက်သွား၏။ထိုအခါ ရှေးဟောင်းတိုက်ပွဲမြေရှိ မျှော်စင်မှ နောက်ထပ် အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့တော့၏။သည်နှာခေါင်းရှုံ့သံထဲ၌ အထင်အမြင်သေးခြင်းနှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတို့ ပါဝင်နေသည်။
အေးစက်စက်နှာခေါင်းရှုံ့သံက ရောက်ရှိလာပြီး ဝမ်လင်းပေါ်သို့ ကျရောက်လာပြန်၏။ထိုအခါ သူသည် နောက်ထပ် ပါးစပ်အပြည့်သွေးတစ်လုပ် အန်ထုတ်လိုက်ရပြန်သည်။သူ့မျက်လုံးက ပို၍ပို၍ပင် ရူးသွပ်လာကာ သိုလှောင်အိတ်ထဲမှနောက်ထပ် တစ်သိန်းနီးပါး ကောင်းကင်ဘုံတက်ခြင်းသစ်သီးများကို သူ့ပတ်လည်၌ ဝန်းရံစေလိုက်၏။
တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းလက်က ရှေ့သို့ ဆန့်တန်းသွားကာ သည်သစ်သီးတစ်သိန်းအား တစ်ခုပြီးတစ်ခု ညှစ်ချေလိုက်၏။သည့်နောက် သစ်သီးများမှ ထွက်ပေါ်လာသည့် အရည်များကို တစ်စက်တည်းအဖြစ် သိပ်သည်းစေလိုက်သည်။
ဝမ်လင်းက လူတစ်ယောက်ကို ချက်ခြင်း ပြိုလဲသွားစေနိုင်သည့် ထိုသွေးနီရောင်အရည်တစ်စက်ကို ကြည့်ကာ ဖမ်းဆုပ်၍ မြိုချပစ်လိုက်၏။
ထိုသွေးနီရောင် အရည်တစ်စက်ကို သူမြိုချလိုက်သည့်အခိုက်အတန့်၌ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားမတက် ခံစားလိုက်ရ၏။သူ့သွေးများက ခန္ဓာကိုယ်ထဲ၌ အကန့်အသတ်ရောက်အောင် မြန်ဆန်စွာ လှည့်ပတ်သွား၏။
ထိုအခိုက်၌ သူ့တိုက်ပွဲစိတ်ဆန္ဒနှင့် ရူးသွပ်မှုတို့က မဖော်ပြနိုင်သည့်အဆင့်သို့ ရောက်ရှိသွားတော့သည်။
သည့်နောက် သူက သိုလှောင်အိတ်ထဲမှ အရက်အိုးကို ထုတ်ယူလိုက်၏။သည်အရက်အိုးက သူ လှိုဏ်ဂူထဲ၌ ရရှိခဲ့သည့် အရက်အိုး ဖြစ်ကာ အထဲ၌ ကောင်းကင်ဘုံအရည်စက် ဆယ်စက် ပါဝင်နေသည်။
သူက ထိုအရက်အိုးကို ထုတ်ယူပြီးပြီးချင်း လေးစက်လောက် သောက်ပစ်လိုက်သည်။
ကောင်းကင်ဘုံအရည်စက်များ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့သွေးကြောများ၌ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းစီးဆင်းသွား၏။ ဖော်ပြ၍ မစွမ်းသာသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲ၌ သူကိုယ်တိုင် မထိန်းချုပ်နိုင်သည့် အဆင့်ထိရောက်အောင် လှုပ်ရှားလာခဲ့လေသည်။သူ အာဏာတက်ခြင်းအဆင့်သို့ ဝင်ရောက်ခြင်းချိန်၌ သူ့သွေးကြောများကို သန်မာစေခြင်းနှင့် ရှေးဟောင်းနတ်ဆိုး၏ သန့်စင်မွန်းမံပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ဝမ်လင်းသည် သည်ဖိအားကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက အရူးသဖွယ် ဖြစ်လို့နေခဲ့ချေပြီ။သူ့ဆံပင်များက လေထဲ၌ လွင့်ဝဲနေသည်။
ထိုအခိုက်အတန့်၌ ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ရောင်မျှော်စင်ထိပ်ဆုံးထက်ရှိ ချပ်ဝတ်အတွင်းမှ တစ္ဆေအလင်းတန်းက လက်ခနဲ ဖြစ်ကာ နတ်ဘုရားအာရုံစကားက ပဲ့တင်ထပ် ထွက်ပေါ်လာချေ၏။
“သူက ရူးသွပ်သွားခဲ့တာလား…။သူက ငါ့ရှိတဲ့နေရာကို အမှန်တကယ်ရောက်လာနိုင်မှ ချပ်ဝတ်ထဲက ငါ့ကို ထိခိုက်နိုင်လိမ့်မယ်…သူက ဒီနေရာမှာတော့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး…”
မျှော်စင်ထက်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတန်းတစ်ခု ထွက်ပေါ်လာကာ လေဟာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
လေဟာနယ်အတွင်းမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒအမျှင်တန်းက ဝမ်လင်းပေါ်သို့ ရုတ်တရက် ကျရောက်လာ၏။
ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒ ရောက်ရှိလာချိန်တွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ဝမ်လင်းခန္ဓာကိုယ်ကို ဖြတ်၍ မြင့်တက်လာနေချိန် ဖြစ်သည်။သူ့ခန္ဓာကိုယ်က တုန်ခါသွား၏။သို့သော် သူ့မျက်လုံးထဲရှိ တိုက်ပွဲစိတ်ဆန္ဒက ပို၍ပို၍ သန်မာလာသည်သာ။ မာန်သွင်းသံနှင့်အတူ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာသလား ထင်မှတ်ရကာ သူ့ခန္ဓာကိုယ်၏ အမြန်နှုန်းအား ပင့်တင်ပေးလိုက်ချေသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းက မီးတောက်တစ်ခုလိုပင်။ အနက်ရောင်မျှော်စင်အတွင်းရှိလူက ဝမ်လင်းဟူသည့်မီးတောက်ကို ငြှိမ်းသက်ရန် ကြိုးစားလာတိုင်း ယင်းမီးတောက်က တစ်ဖန် ထတောက်နေသကဲ့သို့ ဖြစ်လို့နေ၏။
အမှန်တော့ ဝမ်လင်းက အနက်ရောင်မျှော်စင်ထဲရှိ လူ၏ ဆက်တိုက်တိုက်ခိုက်မှုများကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့ပြီး ဖြစ်သည်။သို့ရာတွင် ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်က သူ့မူလစိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးမှုကြောင့် သူက မသေဆုံးသေးသ၍ ခုလို တိုက်ခိုက်နေတော့မည်သာ ဖြစ်ချေ၏။
သည်လှုံ့ဆော်ပေးမှုအောက်၌ သူက မည်မျှဒဏ်ရာပြင်းထန်စွာ ရထားသည် ဖြစ်စေ ဂရုစိုက်နေမည် မဟုတ်တော့ပေ။
သည့်အပြင် ကောင်းကင်ဘုံအရည်လေးစက်၏ သက်ရောက်မှုကြောင့် သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ မြင့်တက်လာမှုက ယခင်ထက် ပိုမို မြန်ဆန်လာခဲ့သည်။
သည် အခိုက်အတန့်ကာလ၌ ဝမ်လင်းစိတ်ထဲတွင် အတွေးတစ်ခုသာ ရှိ၏။ထိုအတွေးက သတ်ဖြတ်ခြင်း ပင်။
မျှော်စင်ထဲရှိ နတ်ဘုရားအာရုံက ပိုပို ဒေါသထွက်လာပြီး ဆက်ကာဆက်ကာ တိုက်ခိုက်လာ၏။ထိုသို့သော တိုက်ခိုက်မှုအောက်၌ အခြားလူတစ်ယောက်သာ ဆိုလျှင် သေနှင့်နေပြီး ဖြစ်၏။သို့သော် ကောင်းကင်ဘုံတက်ခြင်းသစ်သီးနှင့် ကောင်းကင်ဘုံအရည်စက်တို့၏ ထူးဆန်းသော ပူးပေါင်းလုပ်ဆောင်မှုကြောင့် ဝမ်လင်းသည် ခုထိ မသေဆုံးခြင်း ဖြစ်သည်။
ပုံမှန်ဆိုလျှင် သူ့အသွေးအသားများသည် အချိန်အတန်ကြာကတည်းက သေဆုံးသွားခဲ့ပြီး သူ့မူလစိတ်ဝိညာဉ်သည်လည်း ပျက်စီးနေခဲ့လောက်ပေပြီ။သို့ရာတွင် သည်ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်သက်ရောက်မှုကြောင့် သူ့မူလစိတ်ဝိညာဉ်က ပျက်စီးသွားခဲ့ခြင်း မရှိပေ။ထို့အတူ ကောင်းကင်ဘုံအရည်စက်လေးစက်မှ မြင့်တက်လာသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကြောင့် သူ့ခန္ဓာကိုယ်လည်း ပျက်စီးမသွားခဲ့ခြင်းပင်။
“သေစမ်း…” နတ်ဘုရားအာရုံက ကြောက်လန့်သည့်အရိပ်အယောင်ပင် ပြသလာရ၏။ခုလက်ရှိ ဝမ်လင်းအခြေအနေကြောင့် အနက်ရောင်မျှော်စင်ထဲရှိလူပင် တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်လာတော့မည်ဟု မခံစားမိဘဲ မနေနိုင် ဖြစ်ရလေ၏။
သူ့အမြင်၌ သည်ဝမ်လင်းက တကယ့်ကို ရူးသွပ်သွားခဲ့လေပြီ။
“ငါကသာ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ကြိုသိခဲ့ရင် သူ့ကို ဝါးမြိုဖို့ ကြိုးစားမိမှာ မဟုတ်ဘူး…”
နတ်ဘုရားအာရုံထဲရှိ သေဆုံးခြင်းစိတ်ဆန္ဒက လေဟာနယ်ကို ဖြတ်ကျော်ထွင်းဖောက်ကာ ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။
ဝမ်လင်းက သွေးတစ်လုပ် ထပ်အန်လိုက်ရပြန်သည်။သူ့မျက်လုံးများက အနည်းငယ်မှိန်ဖျော့သွားသော်လည်း သိပ်မကြာခင်မှာပင် သတ်ဖြတ်ခြင်းနှင့်တိုက်ပွဲစိတ်ဆန္ဒတို့က ပြန်အစားထိုးသွားပြန်၏။
ဝမ်လင်းက ပျံသန်းလာနေရင်း အာခေါင်ခြစ်ကာ အော်ပြောလိုက်၏။ “မရဏလက်ချောင်း…”
သည်မရဏလက်ချောင်းသည် အခြားအသက်ဓာတ်များအား စုပ်ယူကာ စွမ်းအားအဖြစ် ယူဆောင်ခြင်း ဖြစ်သည်။
ဝမ်လင်း အသုံးပြုလိုက်သည့် မရဏလက်ချောင်း၏စွမ်းအားက ရူးသွပ်ဖွယ် ကောင်းလှ၏။သေဆုံးခြင်းအော်ရာက သူ့ခန္ဓာကိုယ်ကနေ ပျံ့နှံ့လာပြီး ကမ္ဘာလောကနှင့် ပေါင်းစပ်၏။
သူက လေထဲ၌ ပျံဝဲနေစဉ် သူ့အောက်ရှိ အပင်များအားလုံးမှာ သွေ့ခြောက်လို့သွား၏။သူက ကောင်းကင်ထက်၌ ပျံဝဲနေသည့်အခါ အောက်ရှိမြေကြီး၊အပင်၊လေထဲရှိ ငှက်များနှင့်သားရဲများအားလုံးသည် သေဆုံးသွားကြ၏။
သည်နေရာက ငရဲတစ်ခုလို ဖြစ်နေ၏။
ထိုအသက်ဓာတ်ရှိသည့်အရာများ သေဆုံးခြင်းကနေ အဖြူရောင်အခိုးငွေ့များထွက်ပေါ်လာ၏။ဝမ်လင်းက သည်အခိုးငွေ့ကို ဖမ်းယူလိုက်သည်။သည်အဖြူရောင်အခိုးငွေ့အမျှင်တန်းများက ဝမ်လင်း၏ ထိခိုက်ထားသော ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်ကို မြန်ဆန်စွာ ပြုပြင်နိုင်ရန် အကူညီ ဖြစ်စေ၏။
မီးနတ်ဆိုးနိုင်ငံတွင် ဇီရှုက မြင်းတစ်ကောင်ပေါ်၌ ထိုင်လျက်ရှိနေသည်။သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် ဧရာမဓားတစ်လက်ကို လွယ်ထားသည်။သူက အကာအတွေးတစ်ခုသို့ အေးစက်စွာ ကြည့်နေ၏။သူ့နောက်တွင်တော့ နတ်ဆိုးတပ်သား သုံးသောင်းရှိနေသည်။သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ တာလော့ဓားကလန်မှ ဓားဆယ့်နှစ်လက်ပါ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကာ ထိုဇီရှုက သူတို့ထဲမှ တစ်ယောက်အပါအဝင် ဖြစ်၏။သူက မီးနတ်ဆိုးနိုင်ငံတွင် ဗိုလ်ချုပ်နေရာကို ရရှိခဲ့ကာ သူ့နတ်ဆိုးတပ်သားများကို ဦးဆောင်ပြီး သူ့ရောင်းရင်းကလန်သားများနှင့် တွေ့ဆုံရန် လာနေခြင်း ဖြစ်၏။
သူ့တို့က ရွှေ့လျားလာနေရင်း သူက ကောင်းကင်ထက်သို့ ဖြတ်သန်းသွားသည့် ကြယ်ပျံတစ်စင်းလို့လင်းလက်သွားသည့်အရာတစ်ခုကို တွေ့လိုက်သည့်အခါ သူ့အသွင်က ရုတ်တရပ် ပြောင်းလဲသွား၏။သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားကာ ထိုအရာကို ဂရုတစိုက်ကြည့်လိုက်၏။
“အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူ…”
သူက မြန်ဆန်စွာပင် သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ သူ့နတ်ဆိုးတပ်သားများအား နောက်ပြန်ဆုတ်ရန် အချက်ပေးလိုက်၏။သူက သည်အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူကို ရန်စမိသွားရန် ဆန္ဒမရှိပေ။သူက သည်အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ၏ စိတ်အခြေအနေက အနည်းငယ် ရူးသွပ်နေသည်ကိုပါလည်း တွေ့မြင်ခဲ့ရသည် မဟုတ်လား။
သူ့ကို ပိုမို ကြောက်လန့်သွားစေသည့်အရာက ထိုလူဖြတ်ကျော်သွားသည့် အောက်မှ နေရာတိုင်းရှိ မြေကြီးများက ပက်ကြားအက်ခြောက်ကပ်သွားသည်ကို တွေ့လိုက်ရခြင်းကြောင့် ဖြစ်၏။ကံကောင်းစွာနှင့် သူတို့က လမ်းကြောင်းတူတူ ဖြစ်မနေခြင်းပင်။မဟုတ်လျှင် ဇီရှူက နောက်ထပ် လမ်းကြောင်းတစ်ခုကို ချက်ခြင်း ရွေးချယ်မိမည်သာ။သူက ထိုလူနှင့် ဝေးလေးကောင်းလေပင်။
ဝမ်လင်းက နတ်ဆိုးတပ်သားများကိုပင် သတိပြုမိခြင်း မရှိပေ။ခုချိန်၌ သူ့မျက်လုံးထဲ၌ ရှိသောတစ်ခုတည်းသောအရာက တိုက်ပွဲနှင့်သတ်ဖြတ်ခြင်း စိတ်ဆန္ဒသာ ဖြစ်၏။
သည်အခိုက်၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် စိုးရိမ်မှုတို့ကို သယ်ဆောင်ထားသည့် အေးစက်စက် နှာခေါင်းရှုံ့သံက ထပ်မံထွက်ပေါ်လာ၏။သည်တစ်ကြိမ်၌ ယင်းအသံက ပိုလို့ပင် သန်မာလာကာ ဝမ်လင်းခန္ဓာကိုယ်အား တုန်ယင်သွားစေပြီး နောက်တစ်ဖန် သွေးအန်ထုတ်လိုက်ရပြန်၏။
သူ့ခန္ဓာကိုယ်က ပျက်စီးတော့မတက် ဖြစ်နေကာ သူ့မူလစိတ်ဝိညာဉ်ပင် ပျောက်ကွယ်လုနီးပါး ဖြစ်နေရ၏။သို့ရာ၌ သူ လမ်းတစ်လျှောက်တွင် စုပ်ယူခဲ့သည့် အသက်ဓာတ်အားများက သူ့ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့ကို အားအဖြစ် ထောက်ပံ့ပေးကာ ဖြည်းဖြည်းချင်း ပြန်ကောင်းလာစေသည်။
ဇီရှုက ကောင်းကင်ထက်ရှိ ဝမ်လင်းအား စူးစိုက်ကြည့်လိုက်သည်။သူက ဝမ်လင်း သွေးအန်ထုတ်လိုက်ရသည်ကို မြင်သည့်အခါ သူ့မျက်လုံးက ရုတ်တရက် လင်းလက်သွား၏။
“ဒီလူက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေတာ ဖြစ်ရမယ်။သူက သန်မာတဲ့အော်ရာ ရှိပေမဲ့လည်း ဒီလိုသွေးအန်ထုတ်လိုက်ရတာက သူဘယ်လောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေလဲဆိုတာကို ပြသနေတယ်။ဒီလူက အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် သူ့ရှိမှာ ရတနာများစွာနဲ့ အချို့ နည်းစနစ်ကောင်းတွေ ရှိနေမှာပဲ။ ပိုအရေးကြီးတာက ငါကသာ သူ့မူလစိတ်ဝိညာဉ်ကို သန့်စင်နိုင်ရင် ဒါကို ငါ့ဓားစိတ်ဝိညာဉ်အတွက် အစာအဖြစ် ကျွေးနိုင်လိမ့်မယ်။ဒါဆိုရင် ငါ့ဓားစိတ်ဝိညာဉ်ရဲ့ စွမ်းအားကလည်း တော်တော်လေး မြင့်တက်သွားလိမ့်မယ်…”
ဇီရှု၏ မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပေါ်လာ၏။သို့သော် သိပ်မကြာခင်တွင် ထိုစိတ်ဆန္ဒက ပြန်မှိန်ဖျော့သွား၏။ “ဘာပဲ ဖြစ်ဖြစ် ဒီလူက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ တစ်ယောက်ပဲ…။ငါက ဒီအခွင့်အရေးကို လွဲချော်သွားရင် နောက်တစ်ကြိမ် ဒီလိုပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယော်ကို ဘယ်အချိန်မှ ထပ်တွေ့ရမယ် မသိနိုင်ဘူး။ ဒီတော့ ငါ ဆက်လုပ်ရမှာပေါ့…” ဤသို့တွေးမိပြီးနောက် ဇီရှု၏ မျက်လုံးက နောက်တစ်ကြိမ် တလက်လက် ဖြစ်လာပြန်၏။
ဇီရှု၏ ခန္ဓာကိုယ်က အရိပ်တစ်ခုအဖြစ်သို့ ပြောင်းသွားပြီး ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့၏။သူ့နောက်ရှိ နတ်ဆိုးတပ်သားများသည်လည်း သူ့အမိန့်အတိုင်း အစီအရင်ဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်ကြတော့၏။
အသတ်အဖြတ် စိတ်ဆန္ဒတစ်ခုက ဝမ်လင်းပေါ်သို့ ကျရောက်လာခဲ့၏။
ဝမ်လင်းမျက်လုံးထဲ၌လည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသည်သာ။ ထို့ကြောင့် သူက ဇီရှု၏သတ်ဖြတ်လိုမှု စိတ်ဆန္ဒကို ချက်ခြင်း အာရုံခံမိသွားသည်။သူက ခေါင်းလှည့်၍ ကြည့်လိုက်ရာ မြေပြင်ထက်၌ သူ့ထံသို့ တိုးဝင်လာသော နတ်ဆိုးတပ်သားသုံးသောင်းနှင့် ဇီရှုတို့ကို တွေ့မြင်လိုက်ရလေ၏။
ဝမ်လင်းက ညစ်ကျယ်ကျယ် ပြုံးလိုကတော့၏။သည့်နောက်သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားကာ ဇီရှုထံသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။သူက မြန်ဆန်လွန်းလှသဖြင့် ချက်ခြင်းလိုလို ဇီရှင်ဘေးနားသို့ ရောက်ရှိသွား၏။
ဇီရှုအသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူက ထိုလူသည် ထွက်ပြေးလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ခုတော့ သူ့ထံသို့ ဒဏ်ရာပြင်းထန်စွာ ရသည့်ကြားကနေ တန်းတန်းမတ်မတ် ဝင်လာခဲ့သည် မဟုတ်လား။သူက အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး နောက်ကျောမှ ဓားကြီးသည် ပျံဝဲလာတော့၏။
ထိုဓား ပျံထွက်လာသည့်အခိုက်တွင်ပင် ဝမ်လင်းကလည်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။သူက ထိုဓားကို ညာလက်ဖြင့် ထိုဓားကြီးအား ဖမ်းဆွဲကာ သူ့နောက်သို့ ပစ်ထည့်လိုက်၏။သည့်နောက် တစ်ပြိုက်နက်တည်းလိုလို ဇီရှုညာဘက်ခြမ်းကနေ ဖြတ်ကျော်သွားသည်။
ဝမ်လင်းက ဇီရှုကို ဖြတ်ကျော်သွားစဉ် သူ့ပုခုံးအား မထိတထိ ပုတ်သွားခဲ့သည်။
ဇီရှုသည် တုန်ယင်သွားကာ သူ့ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့သည် ချက်ခြင်း ခြောက်သွေ့လာချေ၏။မျက်စိတစ်မှိတ်အတွင်း အသက်ဓာတ်ချိပ်တံဆိပ်တစ်ခု ဖြစ်တည်ကာ ယင်းချိပ်တံဆိပ်က ဝမ်လင်းထံသို့ ပျံသန်းသွားလေ၏။
ဝမ်လင်းက ရပ်တန့်ခြင်း မပြုဘဲ မြေပြင်ပေါ်ရှိ နတ်ဆိုးတပ်သား သုံးသောင်းထံသို့ ဆက်ဝင်သွားသည်။ရူးသွယ်ဖွယ် သတ်ဖြတ်ပွဲကြီးတစ်ခု စတင်လေတော့၏။မြေပြင်က သွေးများဖြင့် စွန်းထင်းကာ ကောင်းကင်သည် စိတ်ဝိညာဉ်များနှင့် ပြည့်နှက်သွားလေ၏။
အသက်ဓာတ်ချိပ်တံဆိပ်များသည် ဆက်တိုက် ထွက်ပေါ်လာကာ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။အမွှေးတိုင်တစ်တိုက်ဝက်စာလောက် ကြာမြင့်ပြီးနောက် မြေပြင်က သွေးချင်းချင်း နီရဲသွား၏။သည့်နောက် ဝမ်လင်းက အကွာအဝေးတစ်ခုထံသို့ ဆက်လက် ပျံသန်းတိုးဝင်သွားပြန်၏။
ခုချိန်၌ သူ့ထံတွင် အသက်ဓာတ်အားချိပ်တံဆိပ် သုံးသောင်းရှိနေကာ တစ်ခုစီက အဆုံးမဲ့တက်ကြွမှုကို ဆောင်ကြဉ်းထား၏။ချိပ်တံဆိပ် အမှတ်အသားတစ်ခုပေါ်လာတိုင်း သူ့ခန္ဓာကိုယ်က နည်းနည်းချင်း ပြန်ကောင်းမွန်လာလေ၏။အသက်ဓာတ်ချိပ်တံဆိပ်များသည်လည်း မြန်ဆန်စွာပျောက်ကွယ်နေ၏။ထို့အတူ ဝမ်လင်းခန္ဓာကိုယ်ကလည်း မြန်ဆန်စွာ ပြန်ကောင်းမွန်လာနေသည်။
ထိုအခါ ရှေးဟောင်းတိုက်ပွဲမြေ၏ မျှော်စင်အပေါ်ဆုံးထပ်မှ နတ်ဘုရားအာရုံ ဒေါသက ပိုပို ပြင်းထန်လာချေ၏။
“ဒီလူက ကောင်းကင်ဘုံတက်ခြင်းသစ်သီးအများအပြားကို စုပ်ယူခဲ့တယ်။ ဒီသစ်သီးတွေရဲ့ အာနိသင်သက်ရောက်မှုအောက်မှာ သေရမှာ မကြောက်လန့်တော့ဘူး…”
“ငါ့ရဲ့ တိုက်ခိုက်မှုများစွာက သူ့ကို သေသွားစေသင့်ပြီ။ ဒါပေမဲ့ သူက သေရမဲ့အစား သူ့ တိုက်ပွဲစိတ်ဆန္ဒက ပိုပို ပြီးတော့တောင် အားကောင်းလာနေသေးတယ်…”
“ဒါက အရေးကြီးဆုံးအချက်တော့ မဟုတ်သေးဘူး။ သူက သက်ရှိတွေရဲ့ အသက်ဓာတ်အားတွေကို စုပ်ယူနိုင်တဲ့ မန္တာန်တစ်ခု ရှိနေပြီး သူ့ဒဏ်ရာတွေက အမြန်နှုန်းအပြည့်နဲ့ ပြန်ကောင်းမွန်လာစေနိုင်တာပဲ။ဒီလိုသာ ဆက်ဖြစ်နေရင် သူက တစ်နေ့မှာ ငါ့နေရာကို ရောက်လာလိမ့်မယ်…”
အနက်ရောင်မျှော်စင်အပေါ်ဆုံးထပ် အနက်ရောင်ချပ်ဝတ်အထဲရှိ နတ်ဘုရားအာရုံထဲ၌ ရှားမှရှားသော နောင်တရသည့်ခံစားချက်တစ်ခု ပေါ်လာခဲ့တော့သည်။
***