ရှေးဟောင်းတိုက်ပွဲနယ်မြေရှိ အနက်ရောင်မျှောင်စင် ထိပ်ဆုံးထပ်မှ စစ်ခမောက်ထံကနေ တစ္ဆေအလင်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။
“သူက အာဏာတက်ခြင်းအဆင့်ကို ခုမှရောက်ရုံပဲ ရှိသေးတယ်၊ဒါ့ကြောင့် သူ့မူလစွမ်းအင်က သူ့ခန္ဓာကိုယ်နဲ့ ခုထိ အပြည့်အစုံပေါင်းစပ်ဦးမှာ မဟုတ်ဘူး။ဒီဖြစ်စဉ် လုံးဝပြီးပြည့်စုံဖို့က လေးဆယ့်ကိုးရက်ကြာလိမ့်ဦးမယ်။ဒီအခွင့်အလမ်းက ငါ ဆယ်နှစ်လောက် စောင့်နေခဲ့တဲ့ အရာပဲ…”
ချပ်ဝတ်၏ စစ်ခမောက်ထံမှ တစ္ဆေအလင်းက တဖျပ်ဖျပ် ဖြစ်သွားပြီးနောက် အနက်ရောင်မျှော်စင်အပြင်ဘက်မှ မိုးခြိမ်းသံများ ထွက်ပေါ်လို့လာသည်။သည်အခိုက်မှာပင် ဧရာမအနက်ရောင်ဝဲကတော့တစ်ခုက ကောင်းကင်ထက်၌ ရုတ်တရက် ပေါ်ထွက်လာ၏။
သည်ဝဲကတော့ ကြီးမားလွန်းလှသည်။၎င်းဝဲကတော့ တဝီဝီလှည့်ပတ်သွားသည့်အခါ ကမ္ဘာလောကထဲရှိ အရာခပ်သိမ်းကို စုပ်ယူပစ်နိုင်သကဲ့သို့ပင် ထင်မှတ်ရပေသည်။ကောင်းကင်က အရောင်ပြောင်းလဲကာ ရှေးဟောင်းတိုက်ပွဲမြေအတွင်းရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် စတင်တုန်ခါလာကြသည်။
မျှော်စင်မှ ထွက်ပေါ်လာသည့် တစ္ဆေအလင်းက တောက်ပသွားခြင်းနှင့်အတူ မျှော်စင်ထံမှ အားကောင်းသည့် နတ်ဘုရားအာရုံတစ်ခုကပါ ပျံ့နှံကာ သည်ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးအား လွှမ်းခြုံလို့သွား၏။တိုက်ပွဲမြေ၏ အချို့နေရာများရှိ မြေကြီးများပင် နိမ့်ဆင်းသွားကာ မြေကြီးအောက်မှ အရိုးစုအချို့ပင် လေထဲသို့ ပျံတက်လို့လာသည်။
သည်အရိုးစုငယ်များက ကောင်းကင်ထက်၌ လျင်မြန်စွာ ပေါင်းစပ်ပြီး အနက်ရောင်အရိုးစု လက်တစ်ဖက် ဖြစ်သွား၏။
ထိုအနက်ရောင်အရိုးစုလက်က မျှော်စင်ရှိရာသို့ ဖြည်းဖြည်းချင်း ပျံဝဲလာကာ ဝဲကတော့ အောက်ခြေ၌ ရပ်တန့်သွား၏။
“ငါက စွမ်းအားအများကြီး မစုစည်းနိုင်သေးဘူး၊ ဒါ့ကြောင့် ငါက ရှိတဲ့စွမ်းအားကို ဖြုန်းတီးပစ်လို့ မရနိုင်ဘူး။ ပြီးတော့ သူ့ ခုလက်ရှိနေရာက ငါမသွားလိုတဲ့ နေရာတွေထဲကတစ်ခု ဖြစ်နေပြန်တယ်…”
စစ်တပ်ချပ်ဝတ်မှ ထွက်ပေါ်လာသည့် တစ္ဆေအလင်းက ထပ်မံ တောက်ပသွားကာ ချပ်ဝတ်မှ လက်မောင်းတစ်ဖက်နေရာသည် ပြုတ်ထွက်သွားသည်။ ၎င်း လက်မောင်းပြတ်က နတ်ဆိုးမီးတောက်ကို ပေးစွမ်းနေ၏။သည့်နောက် ၎င်းက မျှောင်စင်ထဲကနေ ပျံသန်းထွက်လာပြီး အရိုးစုလက်မောင်းရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။
ချပ်ဝတ်လက်မောင်းနေရာက အရိုးစုလက်မောင်းနှင့် ချက်ခြင်းပင် ကွက်တိဝတ်ထားသလို ဖြစ်လို့သွား၏။အရိုးစုလက်မောင်းတစ်ဖက်သည် ထိုချပ်ဝတ်ကို တပ်ဆင်သွားပြီးသည့်အခါ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်ကာ အရင်ထက် ပိုပြည့်စုံလို့သွားသည်။
“သွား…မူလစွမ်းအင်ကို ယူလာခဲ့ချေ…” ထိုလက်မောင်းတစ်ဖက်က တုန်ခါသွားပြီးနောက် ဝဲကတော့ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့၏။
“အာဏာတက်ခြင်းကျင့်ကြံသူတွေကသာ သူတို့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင် ရှိကြတာ။ ဒီလောက်ဝေးတဲ့နေရာကနေ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ သမူဟ ဖြစ်သွားတဲ့ အာဏာတက်ခြင်း ကျင့်ကြံသူတွေရှိက မူလစွမ်းအင်ကို ဆွဲထုတ်ယူဖို့က ငါ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေနိုင်တာက ဆိုးတာပဲ။ဒါ့ကြောင့် ငါ့အတွက် ရွေးချယ်စရာက အဆင့်ချိုးဖျက် တက်ခါစ ကျင့်ကြံသူတွေစီကပဲ မူလစွမ်းအင်ကို ခိုးယူဖို့တစ်ခုပဲ ရှိတော့တယ်…”
ခုချိန်တွင် မျှော်စင်အပေါ်ဆုံးထပ်ရှိ ချပ်ဝတ်တွင် လက်မောင်းတစ်ဖက်စာ ပျောက်ရှလို့နေသည်။ထိုချပ်ဝတ်မှ ထွက်ပေါ်လာသည့် တစ္ဆေအလင်းကလည်း ဖြည်းဖြည်းချင်း ပြန်မှိန်ဖျော့သွားခဲ့ပြီ ဖြစ်၏။
သည်အချိန်အခိုက်အတန့်တွင် ဝမ်လင်းက လှိုဏ်ဂူထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်နေလျက် ရှိသည်။သူက လေပူတစ်ချက် မှုတ်ထုတ်ပြီးနောက် မတ်တပ်ထရပ်လာ၏။သူက ထိုနေရာတွင် ထိုင်နေသည်မှာ ဆယ်နှစ်တိတိ ရှိနေခဲ့ပြီဖြစ်သည့်အတွက် သူ့ခန္ဓာကိုယ်မှ တဖျောက်ဖျောက်အသံများပင် ထွက်လာခဲ့သည်။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို ဖြေလျော့လိုက်ပြီးနောက် သူ့အသွင်က ရုတ်တရက် ပြောင်းလဲလို့သွားသည်။ သူက ကောင်းကင်ဘုံလှိုဏ်ဂူ၏ မျက်နှာကြက်သို့ မော့ကြည့်လိုက်၏။ထိုအခိုက်တွင် အနက်ရောင်ဝဲကတော့တစ်ခုက တိတ်တဆိတ် ပေါ်လာခဲ့သည်။
“ဒါက…” ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွား၏။သူက သည်လှိုဏ်ဂူတွင် အချိန်အတန်ကြာ နေထိုင်ခဲ့ပြီး ဖြစ်သော်လည်း သည်ဝဲကတော့အား အရင်ကလုံးဝ မတွေ့ခဲ့ဖူးချေ။သည်ဝဲကတော့က ချိန်သားကိုက်လွန်းနေ၏။ သူ အာဏာတက်ခြင်းအဆင့်သို့ ရောက်ရောက်ချင်းမှာပင် ယင်းဝဲကတော့က ပေါ်လာခဲ့သည် မဟုတ်လား။
ဝမ်လင်းတွင် ပင်ကိုယ်ဗီဇကိုက သတိရှိသူ တစ်ယောက် ဖြစ်သည်။ထို့ကြောင့် သူက ဝဲကတော့ပေါ်လာသည်ကို မြင်သည်နှင့် လှိုဏ်ဂူဝသို့ ချက်ခြင်း တဟုန်ထိုး ပြေးထွက်လိုက်၏။
သူ လှုပ်ရှားလိုက်သည်နှင့် ဝဲကတော့သည် ချက်ခြင်းလည်ပတ်ကာ အရွယ်အစားတိုးလာ၏။ဝမ်လင်းမျက်လုံးက အေးစက်လာကာ သိုလှောင်အိတ်ထဲမှ လှိုဏ်ဂူတုန်ကင်ကို ထုတ်ယူလိုက်သည်။သူက လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်၏။သိပ်မကြာခင်တွင် သူ့ခန္ဓာကိုယ်က မှိန်ဖျော့ကာ ပျောက်ကွယ်လုမတက် ဖြစ်သွားသည်။
ထိုအခိုက်မှာပင် ချပ်ဝတ်နှင့်အနက်ရောင်အရိုးစုလက်က ဝဲကတော့ထဲကနေ လှမ်းထွက်လာကာ ဝမ်လင်းထံသို့ ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။
သည်ဝှေ့ယမ်းမှုက ပျောက်ကွယ်တော့မည့် ဝမ်လင်း၏ ပုံရိပ်ကို အနည်းငယ် တုန်ခါသွားစေသည်။သို့သော် ဝမ်လင်းက ချက်ခြင်း ပျောက်ကွယ်သွားနိုင်လိုက်၏။
အနက်ရောင်အရိုးစုလက်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဝဲကတော့ထဲသို့ ပြန်ဝင်ရောက်သွားသည်။ထို့နောက် ဝဲကတော့သည်လည်း ပျောက်ကွယ်သွားတော့သည်။
မီးနတ်ဆိးနိုင်ငံ၏ အဆုံးမဲ့ဟန်ရသော လွင်ပြင်အထက်ရှိ ကောင်းကင်၌ လေထုက တွန့်ကြေသွားသည်။သည့်နောက် ဝမ်လင်းက ထိုတွန့်ကြေသွားသော လေထုထဲကနေ လှမ်းထွက်လာ၏။
သူ့အသွင်က သုန်မှုန်နေသည်။
သူက တည်နေရာရွှေ့ပြောင်းရန် တုန်ကင်ကို အသုံးပြုလိုက်စဉ် လက်မောင်းက ရွှေ့ပြောင်းခြင်းကို ကြားဝင်နှောက်ယှက်သွားသဖြင့် ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သည်နေရာသည် သူနှင့် အစိမ်းသပ်သပ် ဖြစ်နေသည်ကို တွေ့လိုက်ရတော့၏။
ထိုအခိုက်မှာပင် ကောင်းကင်ထက်တွင် အနက်ရောင်အစက်တစ်ခု ပေါ်လာသည်။သည်အနက်ရောင်အစက်က အံ့မခန်းနှုန်းဖြင့်လှည့်ပတ်သွားကာ ဧရာမဝဲကတော့ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
သည်ဝဲကတော့က လုံးဝတိတ်တဆိတ် ပေါ်လာခြင်းပင်။နတ်ဘုရားအာရုံဖြင့်ပင် ၎င်းကို မထောက်လှမ်းနိုင်ခဲ့ပေ။
ဝမ်လင်းက ထိုဝဲကတော့ကို စူးစိုက်ကြည့်နေရင်း သူ့အသွင်က ပိုမိုသုန်မှုန်သွားသည်။သည်တစ်ကြိမ်၌ သူက ရှောင်ပြေးရန် မလုပ်တော့ဘဲ ထိုဝဲကတော့ထဲမှ ထွက်ပေါ်လာသည့် လက်တစ်ဖက်၏ စွမ်းအားကို သိမြင်ချင်သွားသည်။
ဝဲကတော့ ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ချပ်ဝတ်အရိုးစုလက်မောင်းတစ်ဖက်က ဝဲကတော့ထဲကနေ ထွက်လာကာ ဝမ်လင်းထံသို့ ဆန့်တန်း ဖမ်းဆုပ်လာ၏။
ထိုလှမ်းဖမ်းဆုပ်မှု၌ မည်သည့် လေတိုက်မှု တိမ်များရွှေ့ပြောင်းသွားမှုမှ ဖြစ်မသွားခဲ့ချေ။မန္တာန်တစ်ခုခု အသုံးပြုလိုက်သည့် တုန်ခါမှုတစ်ခု၊အရိပ်လက္ခာဏာတစ်ခုကိုပင် ပြသခြင်း မရှိပေ။သေမျိုးတစ်ယောက်က သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သကဲ့သို့ ထင်မှတ်ရ၏။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။သည့်နောက် သူက ညာလက်ကို မြှောက်ကာ အာဏာတက်ခြင်းအဆင့်သို့ ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မရဏလက်ချောင်းကို အသုံးပြုလိုက်တော့သည်။လက်ချောင်းကြောင့် ဖြစ်ပေါ်သည့် အနက်ရောင်အလင်းက အရင်ထက် ဆယ်ဆခန့်ပိုကြီးမားသွားကာ ထိုအလင်းထဲ၌ လှိုင်းတွန့်များပင် ရှိလို့နေသည်။
အနက်ရောင်အလင်းတန်းက မိုးကြိုးလျှပ်စီးတန်းကဲ့သို့ ထိုးတက်သွားပြီး အရိုးစုလက်မောင်းပေါ်သို့ ကျရောက်သွားသည်။ထိုအခါ လက်မောင်းပေါ်ရှိ ချပ်ဝတ်ထံမှ အံမခန်းနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာ၏။သည်စွမ်းအင်များက ဒုထည်အဖြစ်ပင် သိပ်သည်းသွားကာ မရဏလက်ချောင်းအား ပိတ်ဆို့၏။
သို့ရာတွင် ထိုနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က ဝမ်လင်း၏မရဏလက်ချောင်းကို လျော့တွက်မိသွားသည်။အနက်ရောင်အလင်းက ရပ်တန့်သွားသော်လည်း သေဆုံးခြင်းစွမ်းအင်ကတော့ တန့်မသွားခဲ့ချေ။နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်နှင့် သေဆုံးခြင်းစွမ်းအင်တို့ ထိတိုက်မိသွားသည်နှင့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က လွင့်ပြယ် သွားချေသည်။
ထိုအရာများအားလုံးက ခဏတာအတွင်း ဖြစ်ပျက်သွားခြင်းပင်။
ဝမ်လင်းက မရဏလက်ချောင်းကို ထုတ်လွှတ်လိုက်သည့်နှင့် သူ့ထံသို့ မမြင်ရသောအားတစ်ခု တိုးဝင်လာသည်ကို သတိပြုမိလိုက်၏။သည်အားက နူးညံဟန်ရသော်လည်း သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါ ဝမ်လင်းအသွင်က ကြီးစွာ ပြောင်းလဲသွားတော့သည်။
သူက သည်မမြင်ရသောအားက သူ့အာဏာတက်ခြင်း မူလစိတ်ဝိညာဉ်အသစ်ကို လွင့်ထွက်ရန် ပြုလုပ်လာသည်ကို ချက်ခြင်း သတိပြုမိသွားသည်။
သူ့စိတ်ထဲ၌ လုံးဝခုခံနိုင်စွမ်း မရှိဟု ထင်မှတ်သွားကာ သူ့ညာလက်ပင် အောက်သို့ တွယ်လဲကျသွား၏။သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ဖြည်းဖြည်းချင်း ကွဲထွက်လာကာ လွတ်ထွက်တော့မတက် ဖြစ်သွားရသည်။
သို့သော် ဝမ်လင်းမျက်လုံးက အေးစက်လာ၏။ထိုမမြင်ရသောအားကြောင့် သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ လွတ်ထွက်ကာ သူ့အသိစိတ်များက လျင်မြန်စွာ ဆုံးရှုံးလာနေသည်။
ထိုအခိုက်တွင် ဝမ်လင်းက အလွန်အမင်း ကြောက်လန့်သွားခြင်းမရှိသည့်အပြင် ထိုအစား သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပြည့်နှက်လာသည်။
သူက ဝမ်လင်း မဟုတ်လော။သူက ကောင်းကင်ဘုံကိုပင် ဆန့်ကျင်ဖိဆန်ခဲ့သူ မဟုတ်လော။သူက ကောင်းကင်ဘုံကိုပင် သတ်ဖြတ်ပစ်ရန် လုပ်ဝံ့သူသာ။ထို့အတွက် ခုလိုမန္တာန်လောက်က သူ့အား မည်သို့ ကြောက်လန့်စေပါ့မည်နည်း။ဝမ်လင်း၌ သတ်ဖြတ်သူနှလုံးသား ပိုင်ဆိုင်ထားကာ ထိုအခိုက်၌ သူ့သတ်ဖြတ်သူနှလုံးသားနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ထိတိုက်မိသည့်အခါ ရလဒ်ကတော့ သူ့ထံမှ ပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာ ထွက်ပေါ်လာခြင်းပင်။
မွန်းစတားဆန်သော သတ်ဖြတ်ခြင်းအော်ရာ သူ့မျက်လုံးထဲကနေ ထွက်ပေါ်နေ၏။
ထိုသတ်ဖြတ်ခြင်းအော်ရာ၏စွမ်းအား အောက်၌ သူ့ခန္ဓာကိုယ်မှ တစ်ဝက်တိတိ ထွက်ခွာနေပြီ ဖြစ်သော မူလစိတ်ဝိညာဉ်က အတင်းပြန်ဆွဲယူခြင်း ခံလိုက်ရချေသည်။သူ့မူလစိတ်ဝိညာဉ် ခန္ဓာကိုယ်ထဲသို့ လုံးလုံး ပြန်ဝင်လာပြီးသည့်နောက် မ်လင်းက ထိုလက်မောင်းအား အေးစက်စွာ စိုက်ကြည့်လိုက်၏။
“မင်းက ဘယ်သူပဲ ဖြစ်ဖြစ်…ငါ့ကိုတော့ လာမနှောက်သင့်ဘူး…” ဝမ်လင်းက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။တစ်ချိန်တည်းမှာပင် သူက တည်နေရာရွှေပြောင်းခြင်း မန္တန်ကို အသုံးပြုလိုက်သည်။ထို့အတွက် ဝမ်လင်းက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြန်သည်။
ဤနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ထူးဆန်းသောလူများစွာ ရှိနေကြ၏။တကယ်တော့ ဝမ်လင်းက ထိုလက်မောင်းကို ကြောက်လန့်ခြင်း မရှိပေ။သို့သော် သူက ခုမှ အာဏာတက်ခြင်းအဆင့်ကို ရောက်ခါစ ဖြစ်သည့်အတွက် သူ့မူလစိတ်ဝိညာဉ်ကို လုံးဝပေါင်းစပ်နိုင်ရန် ရက်အနည်းငယ် လိုအပ်နေသေးသည်။ထို့ကြောင့် သူက ခုချိန်တွင် မည်သည့်ပြဿနာမှ အတက် မခံနိုင်ခြင်း ဖြစ်သည်။
ဝမ်လင်း ထွက်ခွာသွားသည့်အခိုက်တွင် ရှေးဟောင်းတိုက်ပွဲမြေရှိ အနက်ရောင်မျှော်စင်ထပ်မှ တိုးညှင်းသောအသံတစ်ခု ထွက်ပေါ်သွားခဲ့သည်။
“သူက ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာ အံ့ဩစရာ မရှိတော့ဘူး။သူက ငါ့ကောင်းကင်နတ်ဆိုးလေကိုတောင် သူ့သတ်ဖြတ်သူနှလုံးသားနဲ့ ခုခံနိုင်ခဲ့တယ်။ ဒါပေမဲ့ မင်းက ပိုတော်လေလေ ငါကလည်း မင်းမူလစွမ်းအင်ကို ပိုစိတ်ဝင်စားလေပဲ။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှေးဟောင်းနတ်ဆိုးရဲ့နည်းလမ်းအတိုင်း ကျင့်ကြံတဲ့လူတွေက မူလစွမ်းအင်ကို မဖွဲ့တည်နိုင်ကြဘူး။မူလစွမ်းအင်က မင်းတို့လို ကျင့်ကြံသူတွေ အာဏာတက်ခြင်းအဆင့်ကို ရောက်တဲ့အခါမှသာ ဖွဲ့တည်ကြတာ။ ဒီမရေမတွက်နိုင်တဲ့ နှစ်တွေအတွင်းမှာ ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ အာဏာတက်ခြင်းအဆင့်ကို တက်လှမ်းခဲ့တဲ့ ကျင့်ကြံသူတိုင်းလိုလိုရဲ့ မူလစွမ်းအင်ဟာ ငါ့ရဲ့ ဝါးမြိုခြင်းကို ခံခဲ့ရတာပဲ။ မင်းလည်း ချွင်းချွက် မရှိပါဘူး…”
ဝမ်လင်းက တည်နေရာရွှေ့ပြောင်းပြီးနောက် ပြန်ပေါ်လာခဲ့၏။သည်နေရာက တောင်တန်းနှင့်ရေလုံးဝ မရှိသည့် ခြောက်သွေ့နေရာကြီးတစ်ခု လို ဖြစ်နေသည်။နေရာအနှံ့တွင် ခြောက်သွေ့နေသည့် သစ်ပင်များသာ ရှိလို့နေသည်။သို့ရာတွင် သူ့မျက်လုံးက ချက်ခြင်း ကျဉ်းမြောင်းသွားပြန်၏။သူက အကွာအဝေးတစ်ခုရှိ အတားအဆီးအစီအရင်အချို့ကို တွေ့မြင်လိုက်ရသောကြောင့်ပင်။
“ဒီလက်မောင်းက ဘာကြီးလဲဟ…” ဝမ်လင်းက မျက်မှောင်ကြုတ်ကာ အကွာအဝေးတစ်ခုရှိ အတားအဆီးအချို့ရှိရာသို့ ပျံသန်း သွားလိုက်သည်။
သိပ်မကြာခင်တွင် အတားအဆီးများ ရှိနေသောနေရာသို့ သူ ရောက်လာခဲ့၏။သည်နေရာက အရင်နေရာထက်ပင် ပို၍ ခြောက်ကပ်လို့နေသည်။ ဤနေရာရှိ မြေကြီးများပင် ပက်ကြားအက်နေကာ အလွန် ခြောက်သွေ့လို့နေ၏။
သည်နေရာကို တားဆီးထားသည့် အတားအဆီးများက ရှုပ်ထွေးလှခြင်း မရှိပေ။သို့သော် သည်အတားအဆီးများက အရည်အသွေးတော့ ပြည့်ဝနေ၏။ သည်နေရာတွင် အတားအဆီးပေါင်း တစ်ထောင်ထက်မနည်း ရှိလို့နေကာ တစ်ခုခုနှင့်တစ်ခု ချိတ်ဆက်ထားကြ၏။ ထို့ကြောင့်အတားအဆီးတစ်ခုကို အသက်ဝင်စေလိုက်သည်နှင့် ကျန်သည့်အတားအဆီးများသည်လည်း အသက်ဝင်လာမည် ဖြစ်သည်။
၎င်းအစီအရင်က အကြမ်းထည်ဆန်သော်လည်း သက်ရောက်မှုတော့ ရှိနေဆဲသာ။နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ပင် ထိုနေရာသို့ ဝင်ရောက်နိုင်ရန် အခက်အခဲ တွေ့နိုင်ပေ၏။သူတို့က အချိန်တစ်ခု ယူပြီးမှသာ ထိုအတားအဆီးများကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။
ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။သူ့ကျင့်ကြံမှုအဆင့်နှင့် အတားအဆီးများနှင့်ပတ်သတ်၍ ဗဟုသုတ ရှိမှုတို့ဖြင့် ဆိုပါက သည်အတားအဆီးများက သူ့အား စိတ်ဝင်စားမှုပင် မပေးနိုင်ချေ။သူက အတားအဆီးများအထဲ၌ ဘာရှိနေသည်ကိုပင် စိတ်မဝင်စားချေ။ ဝမ်လင်းက ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာ အနက်ရောင်ဝဲကတော့ ရုတ်တရက် ထပ်ပေါ်လာရာ သူ့မျက်လုံးက ကျဉ်းမြောင်းလို့သွား၏။
“ဒါက တစ္ဆေတစ်ကောင် ငါ့ကို အမဲလိုက်နေသလိုပဲ…” ဝမ်လင်းက မျက်မှောင်ပိုကြုတ်လာသလို ပို၍လည်း သူ့မျက်လုံးကလည်း ပိုအေးစက်လာ၏။သည်အနက်ရောင်ဝဲကတော့က သူ့ရှေ့တွင် ပေါ်လာနေတုန်းပင်။ထိုအဖြစ်က သူ့စိတ်ထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထွက်ပေါ်လာအောင် လှုံ့ဆော်လေ၏။သူက အေးစက်စက် နှာခေါင်းရှုံ့ကာ မရေတွက်နိုင်သောအတားအဆီးများထဲသို့ ခုန်ဝင်သွားလိုက်၏။
ဝမ်လင်း၏ အတားအဆီးများအပေါ် နားလည်မှုအဆင့်ကြောင့် ယခုအတားအဆီးများက သူ့အတွက် ထူးခြားနေခြင်း မရှိပေ။အကြည့်တစ်ချက်ဖြင့်ပင် ယခုအတားအဆီးများနှင့် ပတ်သတ်၍ ဖြေရှင်းသည့်ကောက်ချက်များကို မြင်နိုင်စွမ်းသည်။သည့်နောက် သူ့ခန္ဓာကိုယ်က အတားအဆီးများထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
သည်အတားအဆီးများ၏ လုပ်ဆောင်ချက်က အပြင်ဘက်မှ ကျူးကျော်လာသူများကို ကာကွယ်ရန်အပြင် အထဲရှိ အရာများကို ဖုံးကွယ်နိုင်စေရန် ပုံရိပ်ယောင်များကို ဖန်တီးစေခြင်း ဖြစ်၏။သို့ရာတွင် ဝမ်လင်းက မရေမတွက်နိုင်သောအတားအဆီးများကို ချိုးဖျက်ခဲ့ဖူးသူ ဖြစ်သည့်အတွက် ယင်းအတားအဆီးများကို လုံးဝအသက်မဝင်စေဘဲ လွယ်လင့်တကူ ဖြတ်သန်းနိုင်ပေ၏။အတားအဆီးများကို ဖြတ်ကျော်သွားပြီးနောက် သူ့ရှေ့ရှိမြင်ကွင်းက အပြင်ဘက်နှင့် လုံးဝ ခြားနားသွားသည်ကို တွေ့လိုက်ရ၏။
သည်နေရာက လွင်ပြင်တစ်ခုသာ ဖြစ်လို့နေဆဲ။သို့သော် သည်လွင်ပြင်က လူများ ပြုလုပ်ထားကာ မြေကွက်များ အဖြစ် ခွဲခြမ်းလို့ထားသည်။သည့်အပြင် ထူးဆန်းသော မွှေးရနံ့တစ်ခုကိုလည်း ထုတ်လွှတ်လို့နေ၏။
“အယ်…” ဝမ်လင်းက အံ့အားသင့်သွား၏။သူက ယခုလိုနေရာ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်ထားမိခဲ့ခြင်း မရှိပေ။သူ့ကို အံ့အားအသင့်စေဆုံးကတော့ သည်နေရာမြေကွက်များ၌ အရာတစ်ခုကသာ ပေါက်ရောက်နေခြင်းကြောင့် ဖြစ်၏။
“ကောင်းကင်ဘုံတက်ခြင်း သစ်သီး…” ဝမ်လင်းအသွင်က အနည်းငယ် ထူးဆန်းလာ၏။
ထိုအခိုက်အတန့်မှာပင် ပတ်ဝန်းကျင်ရှိ အတားအဆီးများက စတင် ပျက်စီးလာခဲ့သည်။ အကြောင်းကတော့ အနက်ရောင်လက်မောင်းက သည်အတားအဆီးများကို အားနှင့်အတင်း ဖြတ်ကျော်ကာ အထဲသို့ ဝင်လာသောကြောင့်ပင်။
***