Switch Mode

အပိုင်း(၆၄၇)

နတ်ဆိုးဗုံ

“ခွေးသူခိုး နတ်ဘုရားပြစ်ဒဏ်…သင်က ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးမြို့တော်ကို ဖျက်စီးဝံ့တယ်ပေါ့…”

“သွားသေလိုက်စမ်း…လဲသေစမ်း…မင်းတို့အားလုံး သေဖို့ ထိုက်တန်နေပြီ။ ဒီနတ်ဘုရားပြစ်ဒဏ်က ပိုလို့တောင် သေဖို့ထိုက်တန်နေပြီ…”

“ဟားဟား…နတ်ဘုရားပြစ်ဒဏ်…ကောင်းတယ်။ ငါ့ဘိုးဘေးက နတ်ဘုရားပြစ်ဒဏ်ကို ကျော်ဖြတ် ကျင့်ကြံပြီး ရှင်သန်ခဲ့တာကွ။ငါက ဒီနတ်ဘုရားပြစ်ဒဏ် ဘယ်လောက်များ စွမ်းအားရှိလဲ ကြည့်ချင်နေပြီ…”

မြေကြီးအောက်မှ ထိုသို့သော ဒေါသတကြီးအသံများ ထွက်ပေါ်လာခဲ့၏။သည့်နောက် မြေကြီးအောက်မှ နတ်ဘုရားပြစ်ဒဏ်မှ မိုးကြိုးသံထက် အားနည်းခြင်း မရှိသည့် တုန်ဟီးသံများ ထွက်ပေါ်လို့လာသည်။

ပြင်းထန်သော တုန်ခါလှိုင်းငါးခုက မြေအောက်ကနေ ထိုးထွက်လာ၏။ကောင်းကင်ဘုံခွန်အားက သည်တုန်ခါလှိုင်းများကို ဖိနှိပ်ရန် ကြိုးစားသော်လည်း အနှီတုန်ခါလှိုင်းက လေထဲသို့ ပေတစ်ရာထို ရောက်ရှိလာနိုင်တုန်းပင်။

သည်တုန်ခါလှိုင်းငါးခုနှင့်အတူ ဆံဖြူအဘိုးအိုငါးယောက်သည် လိုက်ပါ ထွက်ပေါ်လာ၏။သူတို့၏မျက်လုံးထဲ၌ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တို့နှင့် ပြည့်လျှံလို့နေသည်။

သူတို့၏ အရိုးပြိုင်းပြိုင်းထနေသည့် အပေါ်ပိုင်းခန္ဓာကိုယ်များသည် ဗလာကျင်းထား၏။သို့သော် သည်ဗလာကင်းမဲ့နေသည့် ခန္ဓာကိုယ်များက ရှေးဦးအော်ရာကို ပေးစွမ်းလို့နေသည်။

ကောင်းကင်ထက်ရှိ အနီရောင်တိမ်ထုက ပြင်းပြင်းထန်ထန် လှည့်ပတ်လာကာ နောက်ထပ်သုံးလက်မ ဆင်းသက်လာသည်။

မြို့တော်တစ်ခုလုံးရှိ မြေပြင်က အက်ကွဲလာကာ ဝမ်လင်းခန္ဓာကိုယ်မှ ဒွာရပေါက်များကနေ သွေးများ တစက်စက် ကျဆင်းလို့နေ၏။သူ့အသွေးအသား၊အရိုးတို့ထံမှပင် အက်ကွဲသံများထွက်ပေါ်လာကာ သူ့အပေါ်သို့ မရေမတွက်နိုင်သောတောင်များ ဖိနှိပ်ထားသကဲ့သို့ ခံစားနေရ၏။

ဝမ်လင်း ခြေထောက်က မားမားမတ်မတ် ရပ်တန့်နေဆဲဖြစ်သော်လည်း သူ့အောက်ရှိ မြေကြီးကမူ ပြိုကျလာ၏။သူ့ခြေထောက်က မြေကြီထဲ၌ ဒူးအထိ နစ်မြုပ်သွားခဲ့သည်။

ကောင်းကင်ဘုံခွန်အား၏ ဖိအားသည် သူ့စိတ်ဝိညာဉ်ထံသို့ပင် တိုက်ရိုက် တိုးဝင်လာခဲ့၏။

ဝမ်လင်းက အတင်းခေါင်းမော့ကာ ကြည့်သည်။သူက ကောင်းကင်ထက်သို့ ကြည့်လိုက်၏။သို့သော် စကားတစ်ခွန်းမှ မဆိုချေ။

ဆံဖြူအဘိုးအိုငါးယောက်ကမူ သည်ကောင်းကင်ဘုံခွန်အား၏ အောက်၌ မသက်မသက် ဖြစ်သည် မဖြစ်သည့်အပြင် သူတို့က ရူးသွပ်ဖွယ် ရယ်မောနေနိုင်သေးသည်။သူတို့တစ်ယောက်ချင်းစီက လေထဲသို့ ပျံတက်ကာ ကောင်းကင်ဘုံဖိအားအောက်တွင်ပင် ပျံဝဲနေ၏။

“နေလိုကောင်းလိုက်တာ…။ဒီဖိအားက ငါ့ကို ဆဲဆိုချင်လာလောက်အောင်ကို သက်တောင့်သက်သာ ဖြစ်စေနေတာပဲ…”

“ချီးပဲ…။ဘယ်ဘိုးဘေးကများ ဒီလိုမျိုး ပြောခဲ့လို့လဲဟ။သူတို့က ကောင်းကင်ဘုံခွန်အားက ခပ်ဆိုးဆိုးမိန်းမပျိုလေးလို့ပဲ ပြောခဲ့တာ ရှင်းနေတာကို။မင်းက သူ့ကို မင်းအပေါ်မှာ ရှိမနေစေချင်ရင် မင်းကိုယ်တိုင် သူ့ကို အောက်ဆွဲချပြီး သူမအပေါ်မှာ တက်ဖိလိုက်လေ…”

“မင်းတို့နှစ်ယောက်ပြောနေတာတွေက သောက်အဓိပ္ပာယ်မရှိဘူး။ငါက ဘိုးဘေးတွေထားခဲ့တဲ့ မှတ်တမ်းတွေကို အကြိမ်များစွာ ဖတ်ထားခဲ့ပြီးသား။ မင်းတို့ပြောသလိုမျိုး တစ်ခါမှ မဖတ်ခဲ့ဖူးဘူး…”

အဘိုးအိုငါးယောက်က တစ်ယောက်နှင့်တစ်ယောက် စကားစစ်ထိုးနေကြသည်။

ကောင်းကင်ဘုံခွန်အားက ပိုမို ဒေါမာန်ကြီးလာ၏။အနီရောင်တိမ်တိုက်ကလည်း ရှစ်လက်မခန့် ပိုကျဆင်းလာသည်။

ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ဟီးလာကာ အင်ပါယာမြို့တစ်မြို့လုံးသည် ကွဲကြေလာရ၏။တုန်ခါလှိုင်းများက မျက်နှာပြင်ပေါ်သို့ ပျံ့နှံ့ခြင်းမရှိဘဲ မြေအောက်ထဲသို့သာ တိုက်ရိုက် တိုးဝင်ပျံ့နှံ့လေ၏။ထိုဖိအားက မြို့တစ်ဝက်လောက်ကိုပင် သက်ရောက်စေသည်။

အဘိုးအိုငါးယောက်က စကားများနေရာကနေ ရုတ်တရက် ရပ်တန့်လိုက်သည်။သူတို့ခန္ဓာကိုယ်များ မမြင်ရသည့်လက်ကြီးတစ်ဖက်ဖြင့် ရိုက်ချခံလိုက်ရကာ မြေကြီးထဲသို့ ထိုးကျသွားသည်။

ဝမ်လင်းက ကောင်းကင်ဘုံခွန်အား၏ဗဟိုတွင် ရှိနေ၏။သူ့ခန္ဓာကိုယ်မှ တဖျစ်ဖျစ်အသံများ ထွက်ပေါ်လာကာ သူက မြေကြီးထဲသို့ ပိုနစ်မြုပ်သွားသည်။သည်တစ်ကြိမ်၌ သူ့ခန္ဓာကိုယ်တစ်ဝက်လောက်က မြေကြီးထဲ၌ နစ်မြုပ်သွားသည်။

အဘိုးအိုငါးယောက် ချက်ခြင်း ပြန်ထလာ၏။ထို့နောက် ကောင်းကင်ထက်သို့ လက်ညှိုးထိုးကာ ဆဲဆိုကြတော့သည်။

“ငါက ကောင်းကင်ဘုံရဲ့ ဥပဒေသအပြင်ဘက်မှာ ရှိတဲ့ ရှေးဟောင်းနတ်ဆိုးကနေ ဆင်းသက်လာတာ။မင်းက နတ်ဘုရားပြစ်ဒဏ်သာသာပဲ ရှိတာပါ။ မင်းက ငါ့ အဆဲလောက်နဲ့ပဲ ထိုက်တန်တယ်…”

အဘိုးအိုငါးယောက်က ဆဲဆိုရင်း ကောင်းကင်ထက်သို့ နောက်တစ်ဖန် ပျံတက်သွားသည်။သည်တစ်ကြိမ်၌ သူတို့ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက မြင့်တက်လာ၏။ထူထဲသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးအား လွှမ်းခြုံလာကာ အဘိုးအိုငါးယောက်က အနီရောင်တိမ်ထု ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းလို့သွားသည်။

ကောင်းကင်ဘုံခွန်အားက တုန်ခါသွားကာ အနီရောင်တိမ်တိုက်က နောက်တစ်ဖန် ကျဆင်းလာ၏။သည်တစ်ကြိမ်၌ ၎င်းက ဆယ်ပေထိ ကျဆင်းလာခြင်း ဖြစ်၏။

သည်အခိုက်၌ ဧရာမလက်ကြီးတစ်ဖက်က ကောင်းကင်နတ်ဆိုးမြို့ပေါ်သို့ ရိုက်ချလိုက်သကဲ့သို့ မြို့တစ်မြို့လုံး ချက်ခြင်း ဖုန်မှုန့်ဖြစ်သွားသည်။

ဝမ်လင်းက သွေးများစွာ အန်ထုတ်လိုက်ရ၏။သူ့ခန္ဓာကိုယ် ပြိုကျသံများသည် ထွက်ပေါ်လာ၏။ခုချိန်တွင် သူက မြေမြှုပ်ပြီးသား ဖြစ်လို့နေသည်။မြေကြီးပေါ်၌ တွင်းနက်ကြီးတစ်ခု ဖြစ်တည်လို့သွားသည်။

အနီရောင်တိမ်တိုက်ထံသို့ တိုးဝင်ပျံသန်းသွားသည့် အဘိုးအိုငါးယောက်သည် နောက်တစ်ဖန် မြေပေါ်သို့ ပြုတ်ကျလာပြန်၏။ထိုအခါ မြေကြီးပေါ်၌ တွင်းပေါက်ငါးခု ဖြစ်လို့သွားပြန်၏။

တွင်းနက်ထဲရှိ အဘိုးအိုများထဲက တစ်ယောက်က အလွန်ဒေါသထွက်လာသည်။ သူက အပေါ်သို့ ပြန်တက်လာကာ ဒေါသတကြီး အော်ပြောလိုက်သည်။ “နတ်ဘုရားပြစ်ဒဏ်…ချီးပဲ…။မင်းက ငါ့ကောင်းကင်နတ်ဆိုးမြို့ကို ဖျက်စီးပစ်တယ်။ဒါ့ကြောင့် ငါက မင်းနဲ့ သေတဲ့အထိ တိုက်တိုက်ပစ်မယ်…”

ထိုအချိန်မှာပင် ဝမ်လင်းက အပြင်ဘက်ရှိ အရာရာကို ခံစားနိုင်စွမ်း ကင်းမဲ့သွားပြီ ဖြစ်၏။သူက မြေအောက်ထဲ၌ နစ်မြုပ်နေကာ ခံစားမှုအားလုံး ဆုံးရှုံးသွားခဲ့လေပြီ။ခုချိန်၌ သူ့သွေးကြောများပင် ပျက်စီးသွားကာ သူ့အရိုးများပင် တစစီဖြစ်တော့မည့် အရိပ်အယောင်တို့ ပြသလာ၏။

ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ကို သတ်ချင်လျှင် ရှင်သန်ရန် အခွင့်မရှိ။

ဝမ်လင်းမျက်လုံးက ပြူးကျယ်လာ၏။သူ့မျက်လုံးထဲ၌ အညံမခံ၊ဖိဆန်သည့် အော်ရာက ပြည့်နှက်နေဆဲသာ။သူ့ခန္ဓာကိုယ်က အက်ကွဲနေကာ သူ့မူလစိတ်ဝိညာဉ်ပင် ပြိုကျတော့မလို ဖြစ်နေသည်။သို့သော် သူ့တာအိုနှလုံးသားကတော့ ဘယ်တော့မှ

“ကောင်းကင်ဘုံကို ဖိဆန်လိုတဲ့ ကျင့်ကြံသူတွေက ကောင်းကင်ဘုံရဲ့ပြစ်ဒဏ်ကို ရှောင်နိုင်ဖို့ အရာရာလုပ်ကြလိမ့်မယ်…”

ဖျော့တော့သောအသံတစ်ခုက ဝမ်လင်းစိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာ၏။

“ကောင်းကင်ဘုံတာအိုက ကောင်းကင်ဘုံပြစ်ဒဏ်ကို ကျင့်ကြံသူတွေ ပုန်းကွယ်နေမှာကို မစိုးရိမ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က တစ်ကြိမ် ရှောင်ပုန်းလိုက်တာနဲ့ သူတို့နှလုံးသားထဲမှ ဘယ်တော့မှ ဖိဆန်နိုင်စွမ်း ထပ်ရှိလာမှာ မဟုတ်လို့ပဲ…”

“ကောင်းကင်တာအိုက ၎င်းရဲ့ ပြစ်ဒဏ်ကို ရှောင်မပုန်းဘဲ ရင်ဆိုင်တဲ့လူကိုသာ အမှန် စိုးရွှံ့တာ ဖြစ်တယ်…။ဒီလိုမျိုး ရင်ဆိုင်တဲ့ သက်ရှိမှန်သမျှကို ကောင်းကင်ဘုံက ရှင်းလင်းပစ်ဖို့ လုပ်လာမှာပဲ…။မင်းက ပထမဆုံး ဒီလိုဖီဆန်တဲ့လူ မဟုတ်ဘူး…နောက်ဆုံးတစ်ယောက်လည်း မဟုတ်ဘူး…”

“အခြားလူများက အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ ရင်ဆိုင်တဲ့အချိန်မှာ သူတို့က ကောင်းကင်ဘုံရဲ့တာအိုကို လိုက်နာတာ ဒါမှမဟုတ် ရှောင်ကြဉ်တာကို လုပ်ကြတယ်။ဒါ့ကြောင့် ဒီလိုလူတွေအတွက် နတ်ဘုရားပြစ်ဒဏ်က ရောက်မလာနိုင်တော့ဘူး။ ခုထိ မင်းက ဒီတာအိုကို ရင်ဆိုင်ဖို့ ရွေးချယ်လိုက်တော့ နတ်ဘုရားပြစ်ဒဏ် ဆင်းသက်လာတာ ဖြစ်တယ်…”

“ကောင်းကင်ဘုံတာအိုက ဒီလိုနည်းလမ်းနဲ့ ဖိဆန်တဲ့ ကျင့်ကြံခြင်းမျိုးကို ခွင့်မပြုဘူး။ဟိုးလွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ စကြဝဠာကြီး စဖြစ်တည်တဲ့အချိန်မှာ ကောင်းကင်တာအိုနဲ့အပြိုင် တည်ရှိခဲ့တဲ့ လူမျိုးတစ်မျိုး ရှိခဲ့တယ်။ဒီမျိုးနွယ်စုဝင်တွေက စွမ်းအားအရမ်းကောင်းလွန်းခဲ့ကြတယ်။အချို့က အံ့အားသင့်ဖွယ်မန္တန်တွေ ပိုင်ဆိုင်ပြီး သူတို့လက်ကို မှောက်လိုက်လှန်လိုက်လိုက်ရုံနဲ့ တာအိုကို ဖျက်စီးပစ်နိုင်တယ်။ဒီမန္တာန်တွေကို အသုံးပြုပြီး သူတို့က ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ကြတာပဲ။ဒီလူတွေက သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းကြတဲလူတွေလည်း ဖြစ်တယ်။သူတို့က သတ်ဖြတ်သူတစ်ယောက် အဖြစ်ရှင်သန်ပြီး ကောင်းကင်ဘုံကို သေတဲ့အထိ ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်…”

“သူတို့က သူတို့ကိုယ်သူတို့ ရှေးအမိန့် လို့ခေါ်တွင်ခဲ့ကြသေးတယ်…”

“နတ်ဘုရားပြစ်ဒဏ်ကလည်း သူတို့ရဲ့ခန္ဓာကိုယ်ကို ဖျက်စီးနိုင်စွမ်း မရှိဘူး။ကောင်းကင်ဘုံရဲ့ခွန်အားကတောင် သူတို့ကို အညံခံလာအောင် မလုပ်နိုင်ခဲ့ဘူး။သူတို့က ကောင်းကင်ဘုံကို ဆန့်ကျင်ဖိဆန်ပြီး ကျင့်ကြံခဲ့တဲ့ ပထမဆုံး သက်ရှိတွေ ဖြစ်ခဲ့ကြတယ်…”

“မရေမတွက်နိုင်တဲ့နှစ်ကာလများစွာ ကြာပြီးတဲ့နောက်မှာတော့ ဒီရှေးအမိန့်လို့ခေါ်တဲ့လူတွေက နှစ်မျိုးကွဲသွားကြတယ်။ ပထမတစ်မျိုးက အဆုံးစွန်သောစွမ်းအားနဲ့ သူတို့ကိုယ်သူတို့ ရှေးဟောင်းနတ်ဘုရားလို့ ခေါ်တွင်ကြတဲ့ သက်ရှိတွေ၊‌ နောက်တစ်မျိုးကတော့ သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းပြီး အားကောင်းတဲ့ မန္တာန်တွေကို ထိန်းချုပ်နိုင်ပြီး သူတို့ကိုယ်သူတို့ ရှေးဟောင်းနတ်ဆိုးလို့ ခေါ်တွင်ကြတဲ့ သက်ရှိတွေ ဖြစ်တယ်။ သူတို့က ကောင်းကင်ဘုံကို ဖိဆန်ပြီး ကျင့်ကြံတဲ့ ဒုတိယ သက်ရှိတွေ ဖြစ်လာခဲ့ကြတယ်…”

ခပ်ဖျော့ဖျော့ အသံက ဝမ်လင်း စိတ်ထဲ၌ ပဲ့တင့်ထပ်နေ၏။ဝမ်လင်းခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီး ဖြစ်သော်လည်း သူ့စိတ်ကတော့ လုံးဝ တည်ငြိမ်လို့နေသည်။

“သင်က ရှေးဟောင်းနတ်ဆိုးလား…”

“ငါက ရှေးဟောင်းနတ်ဆိုးပဲ…”

ဝမ်လင်းက စဉ်းစားနေ၏။

“ဒါပေမဲ့ ငါက မပြည့်စုံဘူး။ ငါ နိုးထလာတဲ့အချိန်တုန်းက ငါက နတ်ဆိုးဗုံထဲမှာပဲ ရှိနေခဲ့တာ။ငါက နတ်ဆိုးဗုံဟာ ငါနဲ့ အသားကျတယ်လို့ ခံစားနိုင်ခဲ့တယ်။ မရေမတွက်နိုင်တဲ့ နှစ်တွေကြာတဲ့အထိ ငါဟာ နတ်ဆိုးဗုံနဲ့ အဝေးကြီး လှုပ်ရှားသွားလာနိုင်ခြင်း မရှိခဲ့ဘူး။ဒါ့ကြောင့် ငါက မန္တာန်တွေကို အသုံးပြုပြီး နဂါးရေကန်ကို ဖန်တီး…လူတွေကို သင်ကြားပေးခဲ့တာ ဖြစ်တယ်…”

“ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ငါ့လိုမျိုး အခြားတည်ရှိမှု ရှစ်ခုဟာ အခြားနိုင်ငံ ရှစ်ခုမှာ ရှိတယ်လို့ ခံစားနိုင်တယ်။သူတို့ကလည်း ငါ့လိုပဲ တူညီတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ကြပြီး နဂါးရေကန်ကို ဖန်တီး…လူတွေကို သင်ကြားပေးခဲ့ကြတယ်…”

“ဒီနှစ်ပေါင်းများစွာအတွင်း ငါက ငါ့လိုမျိုး တည်ရှိမှုတွေနဲ့ ဆက်သွယ်ခဲ့တယ်။ ဒါပေမဲ့ ငါတို့က ဘယ်တော့မှ ပေါင်းစည်းတဲ့ဆုံးဖြတ်ချက်ကို မချမှတ်နိုင်ခဲ့ကြဘူး။ ငါ့လိုမျိုး တည်ရှိမှုတိုင်းက ပိုသန်မာလာအောင် တစ်ယောက်နဲ့တစ်ယောက် ဝါးမြိုချင်စိတ်ပဲ ရှိခဲ့ကြတယ်…။ဖြစ်နိုင်တာက ငါတို့အကုန်လုံးအတွက် ပြည့်စုံစေဖို့က တစ်နည်းပဲ ရှိတဲ့ပုံပဲ…”

“ဒါ့ကြောင့်ပဲ နိုင်ငံကိုးခုကြားက စစ်ပွဲက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ မရေမတွက်နိုင်အောင် ကြာတဲ့အချိန်ထိ ဖြစ်ပွားလာခဲ့ကြတာ။ မင်းတို့လို ကျင့်ကြံသူတွေကလည်း ဒီအဆုံးမသတ်နိုင်တဲ့ စစ်ပွဲမှာ ပါဝင်လာခဲ့ကြတယ်။ ဒါ့ကြောင့်ပဲ မင်းတို့ ကျင့်ကြံသူတွေကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ တည်ရှိခွင့် ပြုခဲ့ကြတာ ဖြစ်တယ်…”

ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် လှမ်းပြောလိုက်သည်။ “သင်က ခုလို ပေါ်လာပြီး ဒီအကြောင်းတွေ ငါ့ကို ပြောပြတာ အကြောင်း တစ်ခု ရှိလိမ့်မယ်…”

“ဒါ မှန်တယ်။ငါက မင်းခန္ဓာကိုယ်ကို ပြန်ပြုပြင်ပေးပြီး ဒီနတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်နိုင်ဖို့ ကူညီပေးနိုင်တယ်။ငါက မင်းကို ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ စွမ်းအားကိုလည်း ပေးဦးမယ်။ဒါပေမဲ့ မင်းက ငါ့အတွက် တစ်ခု ပြန်လုပ်ပေးရမယ်။ မင်းက အခြားနိုင်ငံရှစ်ခုရဲ့ တော်ဝင်အမွေအနှစ်ရှစ်ခုကို ယူဆောင်လာပေးရမယ်…”

ဝမ်လင်းက စဉ်းစားနေ၏။သိပ်မကြာခင်တွင် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါက နတ်ဆိုးကုန်းမြေတည်ရှိခဲ့တဲ့ နှစ်ပေါင်းများစွာမှာ ပထမဆုံး ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူတော့ မဖြစ်နိုင်ဘူးမလား…”

ဝမ်လင်း စကားမဆုံးသေးခင်မှာပင် အသံတစ်ခုက ကြားဖြတ်ဝင်လာ၏။ “မင်းက ပထမဆုံး ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူမဟုတ်ဘူး။ဒါပေမဲ့ မင်းက ပထမဆုံး သေမျိုးကနေ ရှေးဟောင်းနတ်ဘုရားလမ်းကြောင်းကို လျှောက်လှမ်းတဲ့ လူဖြစ်နေတယ်။ငါက မင်းရှိကနေ ရှေးဟောင်းနတ်ဘုရား အော်ရာကို ခံစားနိုင်တယ်။ဒီအော်ရာ အလွန်အမင်း ဖျော့တော့နေပေမဲ့ ဒါက တော်တော်လေး သန့်စင်လှတယ်…”

“ငါ့ဉာဏ်အလင်း ပေးခဲ့တဲ့ နတ်ဆိုးကုန်းမြေကလူတွေကြတော့ ငါ့စွမ်းအားကို ခံနိုင်မှာ မဟုတ်ဘူး။သူတို့ခန္ဓာကိုယ်က ငါ့စွမ်းအားကို ဘယ်လိုမှ တောင့်မခံနိုင်ကြဘူး။သူတို့က သန်မာမယ်ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ငါက မတူညီတဲ့မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေတယ်…”

“ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်က သူတို့ထက် နည်းနည်း ပိုကောင်းပေမဲ့လည်း သူတို့မှာလည်း အကန့်အသတ် ရှိနေတယ်။ အလွန့်အလွန် နည်းပါးတဲ့လူတွေသာ ငါ့စွမ်းအားကို ခံနိုင်လိမ့်မယ်…”

“မင်းက တခြားဘယ်သူထက်မဆို ပိုသင့်တော်တယ်။ဒါက ငါ မင်းကို ရွေးချယ်လိုက်ရတဲ့ အကြောင်းရင်းပဲ…”

ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ့ခန္ဓာကိုယ်ကို ပြန်ပြုပြင်ပေးပါ။ ဒီနတ်ဘုရားပြစ်ဒဏ်ကို ခံနိုင်ဖို့ စွမ်းအားလည်း ပေးပါ…”

အသံက ပဲ့တင့်ထပ်လာပြန်သည်။ “မင်း ဆန္ဒရှိတဲ့အတိုင်းပဲ…”

ချက်ခြင်းပင် မြေအောက်၌ နစ်နေသည့် ဝမ်လင်းခန္ဓာကိုယ်က ထူထဲသည့်စွမ်းအင်းတစ်ခုနှင့် လွှမ်းခြုံလာခြင်း ခံလိုက်ရသည်။သူ့ခန္ဓာကိုယ်က ရူးသွယ်ဖွယ် အမြန်နှုန်းဖြင့် ပြန်ကောင်းမွန်လာသည်။သူ့သွေးကြောများက ပြန်ချိတ်ဆက်လာကာ အရင်ထက်ပင် ပိုမာကြောလာခဲ့၏။

သူ့အရိုးများသည်လည်း ပြန်လည် ဖွဲ့တည်ကာ ကောင်းမွန်လာ၏။တကယ်တော့ သူ့ခွန်အားက အရင်ထက် အဆများစွာ ထောင်တက်သွားခဲ့ပြီ ဖြစ်သည်။

သူ့အသွေး၊အသားတို့သည်လည်း ချက်ခြင်း ပြန်ကောင်းမွန်လာ၏။သည်အရာများအားလုံးက အလွန်တိုတောင်းသောအချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့သွေးကြောများနှင့် ခန္ဓာကိုယ်တစ်လျှောက်တွင် စီးဆင်းလာတော့သည်။တစ်ပြိုင်နက်တည်းမှာပင် သူ့ခန္ဓာကိုယ် ပတ်လည်ရှိ ထူထဲသောစွမ်းအားက ရုတ်တရက် ကျုံ့လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့သွား၏။

မြေပြင်ပေါ်တွင်တော့ အဘိုးအိုငါးယောက်က တွင်းနက်ထဲကနေ ခုန်တက်ကာ နောက်တစ်ဖန် ဆဲဆိုရန် ဟန်ပြင်လိုက်၏။သို့ရာတွင် ထိုအခိုက်၌ သူတို့ငါးယောက်လုံးက မှင်သက်သွားကာ တွင်းနက်ထဲရှိ ဝမ်လင်းအား စူးစိုက် ကြည့်မိသွားကြသည်။

အဘိုးအိုများထဲမှ တစ်ယောက်၏ မျက်လုံးက ပြူးကျယ်သွားကာ ခပ်တိုးတိုး ဆိုသည်။ “ဒါ…ဒါက ဘိုးဘေးရဲ့ အော်ရာပဲ…”

“ဘိုးဘေးရဲ့ အော်ရာနဲ့ တူနေတယ်…”

ဝမ်လင်းခန္ဓာကိုယ်က တွင်းနက်ထဲကနေ မြောက်တက်လာကာ သူ့ဆံပင်များ လေမတိုက်ပါဘဲ ဝဲလွင့်လို့နေသည်။သူ့မျက်လုံးက မှိတ်ထားလျက်သာ ရှိနေ၏။သို့သော် သူ့ခန္ဓာကိုယ်မှ နှိုင်းဆမရသည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ပျံ့နှံ့နေကြသည်။

ကောင်းကင်ဘုံဖိအားအောက်တွင်ပင် ဝမ်လင်းခန္ဓာကိုယ်က လေထဲ၌ လွင့်မြောလို့နေ၏။ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံခွန်အား၏ ဖိအားက သူ့အပေါ်တွင် လုံးဝ မသက်ရောက်သည့်အလားပင်။ဝမ်လင်းက ကောင်းကင်ထက်သို့ မြောက်တက်လာရင်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက သူ့နောက်တွင် သိပ်သည်းလာကာ ပေတစ်ထောင်ကျော် ရှည်လျားသည့် ဧရာမပုံရိပ်ယောင်ကြီးတစ်ခု ဖြစ်တည်သည်။

သည်ပုံရိပ်ယောင်က ဦးချိုနှစ်ခုရှိကာ နက်မှောင်သောအော်ရာကို ပေးစွမ်းနေ၏။ထိုပုံရိပ်ယောင်က ခရမ်းရင့်ရောင် အရေပြားကို ပိုင်ဆိုင်ထားသည်။ ၎င်းပေါ်ထွက်လာသည့်အခိုက်တွင် အနီရောင်တိမ်ထုက ကြမ်းကြုတ်သောမြည်ဟိန်းသံများကို ထုတ်လွှတ်လာကာ တုန်ဟီးသံများ ဖြစ်စေသည်။

၎င်း ပုံရိပ်ယောင်က အစစ်အမှန်နတ်ဆိုးတစ်ပါး မွေးဖွားလာသလိုပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset