Switch Mode

အပိုင်း (၆၄၆)

ကောင်းကင်ဘုံ၏ခွန်အား…

မရဏလက်ချောင်းတစ်ရာဖြင့် ဖန်တီးထားသည့် သေဆုံးခြင်းအလင်းတန်းက ကောင်းကင်ကို ဖြတ်သန်း၍ အနီရောင်မိုးကြိုးနှင့် ထိပ်တိုက်တွေ့ဆုံသည်။

ကောင်းကင်ထက်၌ ကျယ်လောင်သော မည်ဟိန်းသံကြီး ထွက်ပေါ်သွား၏။ကောင်းကင်တစ်ခုလုံး နှစ်ခြမ်းကွဲသွားသလား ထင်မှတ်ရသည်။

မရဏလက်ချောင်းက အသက်ဓာတ်အားများကို စုပ်ယူကာ ဖျက်စီးခြင်းအား အဖြစ်သို့ ပြောင်းသည်။မရဏလက်ချောင်းက အနီရောင်မိုးကြိုးနှင့် ထိဆုံသည့်အခါ ၎င်းက အသက်ဓာတ်အားများကို စုပ်ယူပစ်သည်။သို့သော် ၎င်းက နတ်ဘုရားပြစ်ဒဏ်မိုးကြိုးနှင့် ယှဉ်နိုင်ခြင်း မရှိပေ။

အနီရောင်မိုးကြိုး၏စွမ်းအားအောက်တွင် မရဏလက်ချောင်းမှ ဖြစ်ပေါ်လာသည့် အနက်ရောင်အလင်းက မြန်ဆန်စွာ ပျောက်ကွယ်သွားခဲ့၏။အနီရောင်မိုးကြိုးက ဆက်လက် ကျဆင်းလာသည်။သို့သော် ၎င်း၏ အရောင်ကတော့ အရင်ထက် အနည်းငယ် ဖျော့သွားလေ၏။

ဝမ်လင်းဆံပင်များက လေထဲ၌ လွင့်ဝဲနေကာ သူက အနီရောင်မိုးကြိုးကို အညံမခံသည့် အကြည့်ဖြင့် ကြည့်သည်။သူက သူ့အကာအကွယ်ပြုထားသည့် အသက်ဓာတ်ချိပ်တံဆိပ်အားလုံးကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်ကာ ယင်းချိပ်တံဆိပ်များကို သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း (၃၇၀၀)ကျော်အဖြစ်သို့ ပြောင်းလဲစေလိုက်သည်။ထိုစွမ်းအင်များက သူ့လက်၌ လာရောက်စုဝေးလေသည်။ ဝမ်လင်းက သူ့လက်ကို ကောင်းကင်ထက်သို့ ညွှန်လိုက်၏။

သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း (၃၇၀၀)ကျော်က မုန်တိုင်းတစ်ခုလို တဟုန်ထိုး ထွက်သွားတော့သည်။ဝမ်လင်းက မုန်တိုင်းအလယ်၌ ရပ်နေကာ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေ၏။

“သတ်…” ထိုအော်သံတစ်ခွန်းဖြင့်ပင် သူ့လက်ထဲရှိ သတ်ဖြတ်ခြင်းစွမ်းအင်များက မြန်ဆန်စွာ သိပ်သည်းသွား၏။ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း (၃၇၀၀)ကျော်က တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်၍ အနက်ရောင် သတ်ဖြတ်ခြင်းနဂါးတစ်ကောင်သို့ ပြောင်းလဲသွားသည်။

ဝမ်လင်းမျက်လုံးများကလည်း နီရဲလို့နေသည်။သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုတင် ရှိသည်မဟုတ်၊ သတ်ဖြတ်သူနှလုံးသားကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်သည်။သည်အရာကပင် သူ့မျိုးဆက်၌ ပါရမီရှင်တစ်ယောက်ဖြစ်လာဖို့ လုံလောက်ပေသည်။

ဝမ်လင်းက သူလိုချင်သည့်အရာကို ဖြစ်အောင်လုပ်သည့် စိတ်ဓာတ်ရှိသူ ဖြစ်သည်။သင်က ကောင်းကင်ဘုံ၏ တာအိုပင် ဆိုစေဦးတော့ ထိုတာအိုက သူ့ကို သတ်ချင်လာလျှင် သူသည် မည်သို့ပင်ဖြစ်စေ ပြန်လည် သတ်ဖြတ်ပစ်မည့် သူမျိုး ဖြစ်သည်။

ထိုသတ်ဖြတ်ခြင်းနဂါးက ဝမ်လင်း၏ ကောင်းကင်ဘုံအား ဖိဆန်သည့် စိတ်ဆန္ဒကို ကိုယ်စားပြုနေ၏။

သတ်ဖြတ်ခြင်းနဂါးက ဟိန်းဟောက်ကာ အနီရောင်မိုးကြိုးအား ဝါးမြိုရန် တိုက်ရိုက် တိုးဝင်သွားသည်။ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံ၏ နတ်ဘုရားပြစ်ဒဏ်ပင် မှိန်ဖျော့သွားသည်ဟု ထင်မှတ်ရ၏။

သို့သော် နတ်ဘုရားပြစ်ဒဏ်က ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်း ဖြစ်ကာ ၎င်းက ကောင်းကင်ဘုံ၏ သတ်ဖြတ်လိုမှုကို ဆောင်ကြဉ်းထားပေသည်။သတ်ဖြတ်ခြင်းနဂါးက သန်မာလွန်းသော်လည်း လုံလောက်မှုတော့ မရှိသေးချေ။

နဂါးက ပျက်စီးသွား၏။သို့သော် ၎င်း၏ ပျက်စီးသွားမှုက အနီရောင်မိုးကြိုးကို ပိုမို ဖျော့တော့သွားစေပြီး အရွယ်အစားပင် ကျုံ့သွားစေခဲ့သည်။

အနီရောင်မိုးကြိုးက နဂါးအား ထွင်းဖောက်လာစဉ်တွင် နဂါးဟိန်းသံက ကောင်းကင်ထက်၌ ပဲ့တင်ထပ်၏။၎င်းမိုးကြိုးက ဝမ်လင်းထံသို့ တိုက်ရိုက် ကျဆင်းလာတော့၏။

အနီရောင်မိုးကြိုး ဆင်းသက်လာသည့်အခိုက်တွင် ဝမ်လင်းညာလက်ညှိုးထိပ်၌ ထူးဆန်းသော အနက်ရောင်အလင်းတစ်ခု ပေါ်လာ၏။

“နတ်ဆိုးလက်ညှိုး…” ဝမ်လင်းမျက်လုံးထဲရှိ အနီရောင်အလင်းက ပျောက်ကွယ်သွားပြီး နတ်ဆိုးတစ်ပါး၏ မျက်လုံးလို တည်ရှိမှုမျိုးက အစားဝင်လာ၏။

သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည် ရူးသွပ်ဖွယ် လှုပ်ရှားလာကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွား၏။

ထိုအခိုက်၌ သူ့ခြေထောက်အောက်ရှိ တောင်အသေးတစ်လုံးစာ ကောင်းကင်ဘုံကျောက်စိမ်းပြားများက အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားတော့၏။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ဘုံကျောက်စိမ်းပြားအားလုံးက နက်မှောင်သွားကြ၏။

ထိုကျောက်စိမ်းပြားများထဲရှိ စွမ်းအင်များက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အဖြစ်သို့ လုံးဝ ပြောင်းလဲသွားပေ၏။

အခု နတ်ဆိုးလက်ချောင်းက အရင်နှင့် လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်၏။ခုချိန်၌ စစ်ထူနန်ကိုယ်တိုင် သည်နေရာသို့ ရောက်လာပြီး နတ်ဆိုးလက်ချောင်းကို အသုံးပြုလျှင်ပင် ဝမ်လင်းထုတ်ဖော်လိုက်သော လက်ညှိုး၏စွမ်းအားထက် ပိုအားကောင်းတော့မည် မဟုတ်ပေ။

ထိုသို့ဖြစ်ရခြင်းမှာ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကိုသာမက သူ့ခြေထောက်အောက်ရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားများ၏စွမ်းအားများကိုပါ နတ်ဆိုးစွမ်းအင်များအဖြစ်သို့ ပြောင်းလဲပစ်လိုက်သောကြောင့်ပင်။

သူ့လက်ချောင်းထိပ်ရှိ အနက်ရောင်အလင်းထဲ၌ နတ်ဆိုးစွမ်းအင်သပ်သပ်သာမက သူ့တာအိုပါ ပါဝင်နေ၏။

သည်အနက်ရောင်အလင်းထဲ၌ သန်မာသည့် တွယ်ငြှိမှုပါ ပါဝင်သည်။ဝမ်လင်းက လီမူဝမ်အပေါ်သူ့တွယ်ငြှိမှုအား ဆက်လက်ထိန်းသိမ်းထားကာ ကောင်းကင်ဘုံကို ဆန့်ကျင်နေခြင်း မဟုတ်လား။ယင်း အနက်ရောင်အလင်းထဲ၌ သူလျှောက်လှမ်းခဲ့သည့် မရေမတွက်နိုင်သော အန္တရာယ်များ၊ကိုယ်ပိုင်ကျင့်ကြံမှုလမ်းကြောင်းတို့မှ ရရှိခဲ့သည့် ပြတ်သားမှု၊အညံမခံမှု သဘာဝတို့ ပါဝင်နေခဲ့၏။

သည်လက်ညှိုးက လူတိုင်း၏နှလုံးကို တုန်လှုပ်စေ၏။

အနက်ရောင်အလင်းက အနီရောင်မိုးကြိုးထံသို့ တဟုန်ထိုး တိုးဝင်သွားတော့၏။အနီရောင်က ကောင်းကင်ဖြစ်လျှင် အနက်ရောင်က မြေကြီးဟု ခေါ်တွင်ရမည်သာ။

အနီရောင်က နတ်ဘုရားပြစ်ဒဏ်ကို ကိုယ်စားပြုလျှင် အနက်ရောင်က ကောင်းကင်ကိုဖိဆန်သည့် စိတ်ဆန္ဒကို ကိုယ်စားပြုပေ၏။

အနီနှင့်အနက်တို့၏ ထိပ်တိုက်တွေ့ဆုံမှုက ကောင်းကင်ပင်တုန်ခါရ၏။သည်အခိုက်အတန့်တွင် ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံး တုန်ခါသွားရသည်။မြေငလျင်များက ပတ်ဝန်းကျင် တောင်များနှင့် လွင်ပြင်များထံသို့ ပျံ့နှံ့လို့သွား၏။

မြေပြင်မှ ပေါက်ကွဲသံများထွက်လာတော့၏။

နှိုင်းဆမရသည့် အားတစ်ခုက သည်ပေါက်ကွဲမှုများကို ဖြစ်စေကာ ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး ပြိုကျမတက် ဖြစ်သွား၏။ အနီးပတ်ဝန်းကျင်ရှိ စင်မြင့်များပင် ပြိုကျကုန်ကာ လူအချို့ကို လွင့်ထွက်သွားစေ၏။

နတ်ဆိုးဗိုလ်ချုပ်များပင် အလျင်အမြန် နောက်သို့ ဆုတ်လိုက်ရသည်။

ဗိုလ်ချုပ်မှူးများ၏ အသွင်များပင် ပြောင်းလဲသွားကာ ဗိုလ်ချုပ်မှူးကောင်းကင်ကလွဲ၍ ကျန်သည့်လူများသည် နောက်သို့ ဆုတ်သွားကြသည်။ဗိုလ်ချုပ်မှူးကောင်းကင်က အနီးဆုံးနေရာတွင် ရှိနေသူ ဖြစ်သဖြင့် ဖြစ်ပျက်သမျှကို သေချာတွေ့နေရကာ သူက သက်ပြင်းချမိသည်။သည့်နောက် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်၏။သူက ထိုကျောက်စိမ်းပုလင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ပြီးနောက် ဝမ်လင်းရှေ့သို့ ပစ်ပေးလိုက်သည်။သည့်နောက် သူက ထွက်ခွာသွား၏။

ဝမ်လင်း အထက်ကောင်းကင်၌ အနီနှင့်အနက်တို့က တစ်ခုနှင့်တစ်ခုချေဖျက်နေကြသည်။ အတားအဆီးအလံ၏စွမ်းအား၊ မရဏလက်ချောင်းတစ်ရာ၏ စွမ်းအား၊သတ်ဖြတ်ခြင်းနဂါး၏စွမ်းအားများက ဝမ်လင်း၏ သတ်ဖြတ်သူနှလုံးသားထဲ၌ ပြည့်နှက်နေ၏။ ဝမ်လင်းက မရေမတွက်နိုင်သော ကောင်းကင်ဘုံကျောက်စိမ်းပြားများကို နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲစေ၍ အားအကောင်းဆုံး နတ်ဆိုးလက်ချောင်းကို ဖန်တီးခဲ့ကာ နောက်ဆုံးတွင် ထိုထိုသောမန္တန်များကို ပေါင်းစပ်စေပြီးနောက် သည်အနီရောင်မိုးကြိုးစွမ်းအားကို ပျက်ပြယ်စေလိုက်၏။

အနီရောင်အလင်းပျောက်ကွယ်သွားသည့်အခိုက်တွင် မြေပြင်က တုန်ခါနေရာမှ ရပ်တန့်သွား၏။အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။သို့သော် ထိုအခိုက်အတန့်၌ ကောင်းကင်နတ်ဆိုးမြို့မှ မရေမတွက်နိုင်သောလူများ၏ အကြောက်တရားကြောင့် မြို့တစ်ခုလုံး၏ လေထုသည် မသက်မသာ ဖြစ်လို့နေသည်။

အနီရောင်မိုးကြိုးပျောက်ကွယ်သွားသည့်အခိုက်တွင် ဝမ်လင်းမျက်နှာက အလွန်အမင်း ဖြူရောနေခဲ့ပြီ ဖြစ်သည်။သူက ဗိုလ်ချုပ်မှူးကောင်းကင် သူ့ကို ပေးခဲ့သော ကျောက်စိမ်းပုလင်းကို ဖမ်းယူလိုက်၏။ထိုပုလင်းထဲ၌ ဆေးလုံးတစ်လုံးသာ ပါရှိ၏။ဝမ်လင်းက ထိုဆေးလုံးကို သောက်သုံးလိုက်ခြင်း မရှိပေ။သူက ကောင်းကင်ထက်သို့သာ အလေးအနက်အသွင်ဖြင့် ကြည့်လို့နေသည်။

ဝမ်လင်းက ကောင်းကင်ဘုံသည် တစ်စုံတစ်ယောက်အား သတ်ပစ်ချင်ပါက နတ်ဘုရားပြစ်ဒဏ် မိုးကြိုးလျှပ်စီးတန်းတစ်ခုကိုသာ ကျရောက်စေမည်ကို မယုံကြချေ။

လှေပေါ်ရှိလူငယ်သည်လည်း ကောင်းကင်ထက်သို့ အလေးအနက်ဟန်ပန်ဖြင့် ကြည့်နေ၏။သူ့မျက်နှာပေါ်၌ တုန်လှုပ်မှုတို့ ရှိလို့နေသည်။

အနီရောင်တိမ်တိုက်က ခုထိ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။သို့သော် ၎င်းထံမှ မည့်သည့် ရုန်းကြွတုန့်ပြန်မှုလည်း ရှိမနေဘဲ အရာရာက ငြိမ်သက်လို့နေ၏။သည်တည်ငြိမ်မှုက ကောင်းကင်နှင့်မြေကြီးပေါ်၌ မမြင်ရသောဖိအားကို ဖန်တီးလို့နေ၏။

“ဒါ…ဒါက…” လူငယ့်အသွင်က ကြီးစွာ ပြောင်းလဲသွား၏။သူက ဆက်လက်၍ ရပ်နေခြင်း မရှိတော့ဘဲ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွား၏။

သည့်နောက် သူက အင်ပါယာမြို့အထက် ကောင်းကင်တွင် ပြန်ပေါ်လာခဲ့၏။သူက နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်နားသို့ နီးကပ်လာသည့်အခါ သူ့ဦးရေပြားက ထုံထိုင်းလို့သွား၏။

လူငယ်က ခါးသီးစွာ ပြုံးလိုက်၏။သူက ပေါ်ထွက်လာသည်နှင့် သူ့ညာလက်ကို ဝမ်လင်းထံသို့ ဆန့်တန်း၏။သူက ဝမ်လင်းကို နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်သန်းကာ အင်ပါယာမြို့မှ ခေါ်ထုတ်ယူရန် ဟန်ပြင်လိုက်၏။အစ၌ သူက နတ်ဘုရားပြစ်ဒဏ်သည် သူ့ကို တုန်လှုပ်စေမည် မဟုတ်ဟု တွေးထင်ခဲ့၏။သို့သော် ခုချိန်၌ သူက နတ်ဘုရားပြစ်ဒဏ်နှင့်ပတ်သတ်၍ မကောင်းသောခံစားချက်ကို ရနေသည်။

သူက လက်ဆန့်တန်းရန် ဟန်ပြင်လိုက်ရင်း ရုတ်တရက် ပြန်ရပ်တန့်ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူက ခါးသီးစွာပြုံး၍ တွေးလိုက်မိ၏။ “နတ်ဘုရား ပြစ်ဒဏ်က ဒီကောင်လေးပေါ်မှာ ချုပ်နှောင်ထားခဲ့ပြီ။ ငါက သူ့ကို ခေါ်သွားနိုင်တဲ့ စွမ်းရည် မရှိတော့ဘူး…”

ထို့နောက် လူငယ်က အသက်ဝဝရှူသွင်းကာ သူ့လက်မောင်းနှစ်ဖက်ကို ဖွင့်ဟလိုက်၏။ သူ့ခန္ဓာကိုယ်ကချက်ခြင်းပင် ကိုယ်ပွားတစ်ခုမှ နှစ်ခု၊နှစ်ခုမှ လေးခု၊လေးခုမှ ရှစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

သည်ပုံစံတူ လူငယ်ရှစ်ယောက်က အင်ပါယာမြို့ပတ်လည်ရှိ မြို့ရှစ်မြို့ထံသို့ မြန်ဆန်စွာ လှုပ်ရှားသွားကာ ကြီးမားသည့် တည်နေရာရွှေ့ပြောင်းခြင်းမန္တန်တစ်ခုကို ချက်ခြင်းအသက်ဝင်စေကာ မြို့ခံလူထူအားလုံးအား အဝေးသို့ ခေါ်ဆောင်သွားစေလိုက်၏။

ထိုမန္တာန်က အသုံးပြုရန် အလွန်ခက်၏။သူ့အတွက်ပင် တစ်ချို့လျှို့ဝှက်နည်းစနစ်များကို အသုံးပြုလိုက်တာတောင်မှ မန္တာန်ကို အသုံးပြုလိုက်နိုင်ရုံသာ စွမ်းနိုင်ခဲ့၏။

သူက ထိုအရာများကို ပြုလုပ်ပြီးပြီးချင်း ကောင်းကင်သည် ရုတ်တရက် အရောင်ပြောင်းလာ၏။

ကောင်းကင်ထက်ရှိ အနီရောင်တိမ်တိုက်က ကောင်းကင်နတ်ဆိုးမြို့အထက်၌ မြန်ဆန်စွာ စုဝေးလို့လာ၏။သည့်နောက် ထိုအနီရောင်တိမ်တိုက်များထံမှ ခန့်နားထည်ဝါမှုအငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။သည့်နောက် ယင်းအနီရောင်တိမ်တိုက်များက မြို့တစ်မြို့လုံးအား လွှမ်းခြုံသွားတော့သည်။

လူငယ်က မြို့အပြင် ကောင်းကင်ထက်တွင် ရှိနေ၏။သူက သည်ခန့်နားမှုကို သတိပြုမိလိုက်သည့်အခါ သူ့အသွင်က နောက်တစ်ကြိမ် ပြောင်းလဲလို့သွား၏။

“ဒါ…ဒါက ကောင်းကင်ဘုံရဲ့ခွန်အားပဲ…” တုံ့ဆိုင်းခြင်းမရှိ သူက မြေပေါ်သို့ ပြန်ဆင်းသက်လိုက်၏။ သူက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။ “ကောင်းကင်ဘုံရဲ့ ခွန်အားက ပေါ်ထွက်လာခဲ့ပြီ….ငါက ဘိုးဘေးတွေပါ ထွက်ပေါ်လာမလား သိချင်နေမိပြီ…”

ပျက်စီးသွားသည့် ပြိုင်ပွဲကွင်းပြင်ထက်၌ မတ်တပ်ရပ်နေရင်း ဝမ်လင်းက ကောင်းကင်ထက်သို့ ကြည့်နေ၏။သူ့မျက်လုံးထဲရှိ အညံမခံသည့်သဘာဝက တစ်ချိန်လုံး ပြောင်းလဲသွားခြင်း မရှိပေ။

ကောင်းကင်ဘုံ၏ ဒုတိယအပြစ်ပေးမှုက ဆင်းသက်လာတော့၏။

သည်တစ်ကြိမ်၌ နတ်ဘုရားပြစ်ဒဏ်က ကောင်းကင်ဘုံ၏ခွန်အားပုံစံဖြင့် ပေါ်ထွက်လာခြင်း ဖြစ်၏။ကောင်းကင်ဘုံခွန်အားသည် ကောင်းကင်ဘုံ၏ စွမ်းပကား မည်ပေသည်။ကောင်းကင်ဘုံခွန်အား လှုပ်ရှားလာသည့်အခါ အရာအားလုံးက ဖျက်စီးခံရမည်သာ။ ကောင်းကင်ဘုံခွန်အားက ကောင်းကင်၏ အရောင်ကိုပင် ပြောင်းလဲစေသည်။

သင်က ကောင်းကင်ဘုံ၏ခွန်အားအောက်၌ အညံခံဝပ်တွားရမည် ဖြစ်၏။

ကောင်းကင်ဘုံခွန်အား ဆင်းသက်လာစဉ် ကောင်းကင်ထက်မှ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်လာ၏။ကောင်းကင်ထက်ရှိ အနီရောင်တိမ်ထုက တစ်လက်မချင်း ပြိုဆင်းလာ၏။

အနီရောင်တိမ်တိုက်ထု တစ်လက်မချင်း ဆင်းသက်လာခြင်းက ကွင်းပြင်အနှံ့ကို ပေါက်ကွဲထွက်စေသည်။ပေါက်ကွဲမှုကြောင့် တုန်ခါလှိုင်းများက ပျံ့နှံ့သွားခြင်းမရှိဘဲ မြေပြင်သို့ တိုက်ရိုက်ဖိအားကို ဖြစ်စေ၏။

ဝမ်လင်းသည် သူ့ခန္ဓာကိုယ်က ပေါင်သန်းပေါင်းများစွာ သူ့အပေါ်ဖိချလာသကဲ့သို့ လေးလံလာ၏။သူ့ခန္ဓာကိုယ်မှ ကျွတ်ဆက်ဆက်အသံများ ထွက်ပေါ်လာ၏။ထိုအခိုက်၌ ကမ္ဘာလောကကိုယ်တိုင် သူ့အား ဖိချေလာသည်ဟု ထင်မှတ်မှားရ၏။

သိပ်မကြာခင်တွင် ကောင်းကင်ဘုံခွန်အားက နောက်တစ်ဖန် ရွှေ့လျားသွားကာ အနီရောင်တိမ်တိုက်ထုက အောက်သို့ ပိုကျဆင်လာ၏။သည်တစ်ကြိမ်၌ ပြိုင်ပွဲကွင်းပြင်မှာ အစိတ်အပိုင်းငယ်များအဖြစ်သို့ ပြိုကျကုန်၏။

ချက်ခြင်းပင် အင်ပါယာနန်းတော်၏ အစိတ်အပိုင်းအချို့သည်ပင် စတင်ပြိုကျလာ၏။

ဝမ်လင်းထံမှ အညံမခံဖိဆန်သည့်အော်ရာက ပေါက်ကွဲထွက်လာ၏။

သူက ခေါင်မော့ကာ အနီရောင်တိမ်တိုက်ကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်၏။ “ငါက အရှုံးပေးမှာ မဟုတ်ဘူး…”

အနီရောင်တိမ်တိုက်ထုထံမှ မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာရင်း အောက်သို့ တစ်လက်မချင်း၊တစ်လက်မချင်း သက်ဆင်းလာ၏။

မြေကြီးထုပင် ထိုဖိအားကို ဆက်တောင့်မခံနိုင်တော့သကဲ့သို့ အသံမြည်ဟီးလာ၏။အင်ပါယာနန်းတော်ရှိ အဆောက်အဦတိုင်းသည ထိုဖိအားအောက်၌ အက်ကွဲကုန်ကြ၏။ကောင်းကင်နတ်ဆိုးနိုင်ငံတွင် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာ တည်ရှိခဲ့သည့် အင်ပါယာမြို့သည် နတ်ဆိုးဗုံကလွဲ၍ ကျန်သည့်အစိတ်အပိုင်းများအားလုံး အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားတော့၏။

ကောင်းကင်ကိုယ်တိုင် ပြိုကျလာသကဲ့သို့ ထင်ရလေ၏။

သည်အရာက ကောင်းကင်ဘုံ၏ခွန်အားပင်။လူတစ်ယောက်က သည်ခွန်အားအောက်တွင် ရှုံးနိမ့်ရမည်သာ။ သင်က လက်လျော့ခြင်းမပြုပါက ထိုကောင်းကင်ဘုံခွန်အားအောက်၌ သေသည့်အထိ ခြေမွခံရမည် ဖြစ်၏။

ကောင်းကင်ဘုံက သေစေချင်လျှင် ထိုသူသည် သေဆုံးရမည်။

အင်ပါယာမြို့က အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းသွားသည့်အခိုက်၌ မြေအောက်မှ ဒေါသတကြီးအသံများ ထိုးထွက်လာ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset