အပိုင်း(၄၇) အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်၊ ပြေးဖို့ချည်း ကြိုးစားမနေနဲ့
ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်မှာ ခရမ်းနီရောင် ပြောင်းနေသည်။
သူ့လက်ထဲတွင် ကြယ်တာရာချီ တဟုန်ထိုး ထွက်ပေါ်လာပြီး တကယ့်မီးတောက်တစ်ခုသဖွယ် စုစည်းသွားသည်။
ထိုမီးတောက်နှင့် ထိတွေ့ရာနေရာတိုင်း၌ ရှောင်ရှန်း၏ကြယ်တာရာချီသည် ရုတ်ချည်း ပျောက်ကွယ်သွားသည်။
ထိုလက်ဝါးချက်အောက်တွင် ရှောင်ရှန်းသည် မီးပြင်းဖိုထဲ ပိတ်မိနေသလို ခံစားရပြီး ထိုခရမ်းရောင်မီးတောက်များကြောင့် ပြာဖြစ်သည်အထိ လောင်ကျွမ်းခံရတော့မလို ဖြစ်နေသည်။
ခုနစ်စဉ်ကြယ်ဓားသိုင်းကဲ့သို့ပင် ဝါဒတောင်ဂိုဏ်း၏အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်အနက် တစ်ခုဖြစ်သော တုရှိတလက်ဝါးဖြစ်သည်။
ရန်ကျောက်ကဲနှင့် ရှောင်ရှန်းတို ပြိုင်တူနီးပါး မာန်သွင်းလိုက်ကြကာ ကျောက်စိမ်းနဂါးဓားနှင့် မဟာနေမင်းဘီးမှအပ သူတို့၏ကျန်ဝိဉာဉ်လက်နက်များ စတင် တောက်ပလာသည်။
သူတို့ လေထဲ၌ ထိပ်တိုက်တွေ့စဉ် ထိုခဏတွင် ဝိဉာဉ်လက်နက်တစ်ခုချင်းစီက ၎င်းတို့၏စွမ်းအားများကို ထုတ်ဖော်ပြနေကြကာ တစ်ခုနှင့် တစ်ခု ရင်ဆိုင်တွေ့နေကြသည်။
တောင်ကြားထဲမှ ကြည့်လိုက်လျှင် ကောင်းကင်သည် မျက်စိကျိန်းလောက်သော အလင်းများဖြင့် တောက်ပနေကာ အမြင်အာရုံကို ဖမ်းစားနိုင်သော လှပသည့် မြင်ကွင်းဖြစ်သည်။
ရန်ကျောက်ကဲနှင့် ရှောင်ရှန်းတို့တွင် တန်ဖိုးကြီးရတနာများစွာ ပါရှိလာသည်။သူတို့သည် ရုတ်ချည်း ပေါက်ကွဲထွက်လာကာ တိုက်ခိုက်ရင်း ခုခံ၊ တဖန် ခုခံရင်း တိုက်ခိုက်နေကြသည်။
နှစ်ဖက်စလုံးမှ ရတနာအများစု၏စွမ်းအားများက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပျက်ပြယ်သွားကြသည်။
သို့သော် နောက်ဆုံးတွင် ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်က တုရှီတလက်ဝါးမှာ တစ်လက်မမျှပင် နောက်ဆုတ်မသွားဘဲ ရှောင်ရှန်း၏ကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
ပလုံးပထွေး ညီးညူသံနှင့် ရှောင်ရှန်း၏နှာခေါင်းပေါက်မှ သွေးများ တလဟော စီးကျလာပြီး နောက်သို့ တယီးတယိုင်ဖြင့် ဆုတ်သွားသည်။
နေသူတော်စင်ဂိုဏ်းတပည့်အုပ်စု အလန့်တကြား အော်ဟစ်လိုက်ကြကာ သူတို့မျက်နှာများ ပြာနှမ်းသွားသည်။
အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့် ရှောင်ရှန်းနှင့် အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့် ရန်ကျောက်ကဲတို့ တိုက်ပွဲတွင် ရှောင်ရှန်းမှာ တကယ်ပင် ရှုံးနိမ့်သွားခဲ့သည်။
သည်ရလဒ်က ချောင်ယွမ်လုံကို ရန်ကျောက်ကဲ နှစ်ကြိမ် အနိုင်ယူခဲ့သည်ထက် ပိုမို ထိတ်လန့်စရာကောင်းလှကာ ရန်ကျောက်ကဲနှင့် ချောင်ယွမ်လုံသည် ကျင့်ကြံမှုအဆင့်တူ၌ ရှိကြလေသည်။
တကယ်တော့ ရှောင်ရှန်းသည် အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင်နှောင်းပိုင်းအဆင့် သာမာန် ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ အပြင်ပိုင်းကြယ်တာရာချီအစောပိုင်းအဆင့်မှာပင် အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့ကာ အဆင့်ကျော်၍ တိုက်ခိုက်နိုင်သည့် ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သည်။
ယခင်က နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲ၌ ချောင်ယွမ်လုံနှင့် တိုက်ပွဲတွင် ထိုအချိန်က သူတို့နှစ်ယောက်ပိုင်ဆိုင်ထားသော စွမ်းအားကို လျစ်လျူရှု့ထားလျှင်ပင် ရန်ကျောက်ကဲ၏စကားတစ်ခွန်းတည်းဖြင့် ချောင်ယွမ်လုံသည် ဝိဉာဉ်လက်နက်အသုံးမပြုရဲဘဲ ဖြစ်ခဲ့၏။
လက်နက်မပါသည့် တိုက်ပွဲတွင် နှစ်ဖက်စလုံးသည် သူတို့မျိုးဆက်၏ အရွေးချယ်ခံများ ဖြစ်ကြကာ သူတို့၏ကျင့်ကြံမှုစွမ်းရည်ကိုသာ အသုံးပြု၍ တိုက်ခိုက်ရသည်။ သို့သော် သူတို့ လက်နက်များဖြင့် တိုက်ခိုက်ခဲ့လျှင် ချောင်ယွမ်လုံသည် နေသူတော်စင်ဂိုဏ်း၏ တိုက်ရိုက်တပည့် ပါရမီရှင်ဖြစ်စေကာမူ ဝါဒတောင်ဂိုဏ်း၏အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ဦး၏သားဖြစ်သော ရန်ကျောက်ကဲနှင့် လက်နက်ချင်း အဘယ်သို့ ယှဉ်နိုင်မည်နည်း။
အခြားတစ်ဖက်တွင် ရှောင်ရှန်းမှာမူ ကွဲပြား၏။ ရှောင်ရှန်းသည် ရန်ကျောက်ကဲကဲ့သို့ပင် သူ့တစ်ကိုယ်လုံးက တန်ဖိုးကြီးရတနာများအပြည့် ဖြစ်နေ၏။
သို့သော် တန်ဖိုးကြီးရတနာများ ထုတ်ဖော်တိုက်ခိုက်ကြသောအခါ ရှောင်ရှန်းသည် သူ့ထက်ကျင့်ကြံမှုအဆင့်နိမ့်သော ရန်ကျောက်ကဲ၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။ သူတို့နှစ်ယောက်ကြား ကျင့်ကြံမှုအဆင့်ကွာခြားမှုက အထင်အရှားမြင်နိုင်သည်။ အပြောသက်သက် မဟုတ်ပေ။
ပို၍ဆိုးသည်က ရန်ကျောက်ကဲအတွက် အဆင့်ပိတ်ဆို့မှုများဟူသည် မရှိသလောက်ဟုဆိုနိုင်ကာ အစောပိုင်းအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်သို့ သူ စိတ်ကူးလိုက်ရုံမျှဖြင့် အလွယ်တကူ တက်လှမ်းသွားခဲ့သည်။
ယခင်က နဂါးချုပ်လှောင်ခြင်းချောက်နက်၌ ရန်ကျောက်ကဲမှာ အတွင်းပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။
ယခု သူသည် အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်ကို ရောက်နေလေပြီ။
သူ အဆင့်တက်လာသည့်နှုန်းက လျှင်မြန်လွန်းလှသည့်အတွက် အခြားသူများကြားလျှင် ချဲ့ကားပြောဆိုနေသည်ဟု ယူဆကာ ယုံကြည်နိုင်လောက်မည် မဟုတ်ပေ။
မြင့်မားသော တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ်ရပ်နေသော ရန်ကျောက်ကဲကို မြင်သောအခါ အခြားသူများသည် သူတို့၏နှလုံးသားများထဲတွင် အားငယ်လာကြသည်။
မတုံ့ဆိုင်းဘဲ ရန်ကျောက်ကဲသည် လေပေါ်မှ ဆင်းသက်လာပြီး သူ့ညာဘက်လက်ကို လွှဲရမ်းကာ ကျောက်စိမ်းနဂါးဓားကို ရှောင်ရှန်းထံသို့ ပစ်လွှတ်လိုက်သည်။
ရှောင်ရှန်းသည် အံကြိတ်ကာ သူ့မဟာနေမင်းဘီးကို ထိန်းချုပ်၍ ကျောက်စိမ်းနဂါးဓားကို ခုခံလိုက်သည်။
စိတ်ဝိဉာဉ်အဆင့်ဝိဉာဉ်လက်နက်နှစ်ခု ချက်ချင်းပင် ထိပ်တိုက်ရင်ဆိုင်တွေ့သွားသည်။
ရန်ကျောက်ကဲက ရယ်မောလျက် ရှောင်ရှန်းအား ကြည့်နေသည်။ “အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်၊ ထွက်ပြေးဖို့ပဲ ကြိုးစားမနေနဲ့ဦး”
ထိုစကားဆုံးသည်နှင့် သူ့ခြေကို ဆောင့်လိုက်ကာ ခြေလှမ်းတစ်ရာမျှကို ရုတ်ချည်း ဖြတ်ကျော်သွားပြီး ရှောင်ရှန်းထံသို့ နောက်တစ်ကြိမ် တိုးဝင်သွားသည်။
ရှောင်ရှန်းက ရန်ကျောက်ကဲအား မျက်လုံးပေါက်ထွက်မတတ် စိုက်ကြည့်နေပြီး နောက်ဆုံးတွင် အခြားနေသူတော်စင်ဂိုဏ်းတပည့်များကို ကြည့်လိုက်သည်။ စိတ်ဓာတ်ကျစွာဖြင့် သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သွားကြရအောင်”
နေသူတော်စင်ဂိုဏ်းတပည့်တို့၏ခန္ဓာကိုယ်များ ဆတ်ခနဲ လှုပ်ရှားသွားကာ သူတို့သည် ရန်ကျောက်ကဲနှင့် ရှောင်ရှန်းတို့ကို စိတ်ရှုပ်ထွေးနေသော မျက်နှာများဖြင့် ကြည့်နေသည်။ သူတို့၏နှလုံးသားများသည်လည်း ရှောင်ရှန်း၏ အရှက်တကွဲရှုံးနိမ့်မှုနှင့်အတူ သေဆုံးသွားခဲ့လေပြီ။ စိတ်ချွတ်ချုံကျကာ မေ့မျောနေသော ချောင်ယွမ်လုံကို သယ်ပြီး တောင်ကြားထဲမှ သူတို့ ပြန်ဆုတ်သွားကြသည်။
ရန်ကျောက်ကဲက သူတို့ကို ခက်ခဲအောင် မလုပ်ပေ။ ရှောင်ရှန်းကိုသာ တတ်နိုင်သလောက် ဒဏ်ရာများ လက်ဆောင်ပေးရန် အားထုတ်နေသည်။
ရှောင်ရှန်းက ညိုးငယ်စွာဖြင့် တက်စနေမင်း၏ခုန်ပျံခြင်းသိုင်းကို နောက်တစ်ကြိမ်အသုံးပြုလိုက်သည်။ သည်တစ်ကြိမ်တွင် ရုတ်တရက် အလစ်တိုက်ခိုက်ရန် မဟုတ်ပေ။
ရန်ကျောက်ကဲကို ရှောင်တိမ်းကာ လွတ်မြောက်နိုင်သည့် အခွင့်အရေးရှာဖွေရန် ဖြစ်သည်။
သူ့နှလုံးသွေးများ တစက်စက် ယိုစီးနေသည်။ သူ အရှုံးကို လက်မခံနိုင်ပေ။
သို့သော်လည်း သည်အခြေအနေအထိ ရောက်လာပြီဖြစ်သဖြင့် ရှောင်ရှန်း လက်မခံချင်လည်း လက်ခံရပေမည်။ သူက ရန်ကျောက်ကဲ၏ပြိုင်ဘက်မဟုတ်ပေ။
အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ရှိသော သူက အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်သာရှိသော ရန်ကျောက်ကဲကို မယှဉ်နိုင်ခဲ့ပေ။
အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင်နှောင်းပိုင်းအဆင့်၏ပျံသန်းနိုင်သော စွမ်းရည်နှင့် တက်စနေမင်း၏ခုန်ပျံခြင်းသိုင်း၏လျင်မြန်မှုကို အားပြု၍ ရှောင်ရှန်းသည် ရန်ကျောက်ကဲ၏နောက်တစ်ကြိမ် တိုက်ခိုက်မှုကို ပွတ်ကာသီးကာဖြင့် ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော် ရန်ကျောက်ကဲ၏ကြယ်တာရာချီနှင့် ထိတွေ့မှုကြောင့် ရှောင်ရှန်း၏မျက်နှာမှ မုတ်ဆိတ်ရှည်ကြီးသည် ပိုင်ရှင်ထံမှ စွန့်ခွာကာ လေနှင့်အတူ လွင့်ပါသွားလေသည်။
ရှောင်ရှန်း တခဏမျှ ကြောင်သွားသည်။ ထို့နောက် သူ့မျက်နှာက ချက်ချင်း ရဲရဲနီသွားသည်။ သူ့ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ သူ့အသံပင် ယခင်ကဲ့သို့ မကြမ်းထော်တော့ဘဲ ဒေါသ၊မုန်းတီးမှုအပြည့်ဖြင့် စူးစူးရှရှ အော်ဟစ်လိုက်သည်။
ထိုအခိုက်တွင် ရန်ကျောက်ကဲပင် တခဏမျှ ကြောင်အသွားသည်။
သူ့ရှေ့မှ ရှောင်ရှန်းသည် မုတ်ဆိတ်တပိုင်းတစသာ ပြတ်ထွက်သွားသည်မဟုတ်။ သူ့မျက်နှာပေါ်မှ မုတ်ဆိတ်တစ်အုံလုံးပါ ပြောင်ရှင်းနေအောင် ပြတ်ပါသွားပြီး မုတ်ဆိတ်ငုတ်တိုမျှပင် မမြင်နိုင်တော့ဘဲ ရှောင်ရှန်း၏မေးစေ့က လုံးဝ ပြောင်ချောလျက်ရှိသည်။
မုတ်ဆိတ်မရှိတော့သည့် ရှောင်ရှန်း၏ပုံက ရန်ကျောက်ကဲ၏မှတ်ဉာဏ်ထဲမှ ချောမောသော လူငယ်နှင့် ကိုက်ညီပေသည်။
သို့သော် အစောပိုင်းက ရှောင်ရှန်း၏ပါးစပ်မှ စူးရှသည့်အော်သံက ရန်ကျောက်ကဲ မည်သို့ပင် စဉ်းစား၊ ရှောင်ရှန်းသည် အနည်းငယ် မိန်းမဆန်နေပြီး သာမာန်ယောကျ်ားတစ်ယောက်နှင့် ကွာခြားနေသည်။
အရှက်ရမှုကြောင့် ဒေါသပေါက်ကွဲလာပြီး ရှောင်ရှန်းသည် ရန်ကျောက်ကဲကို တခဏမျှ စိုက်ကြည့်နေသည်။ ထို့နောက် ဖန်းယွမ်ရှန်းကို မုန်းတီးမှုအပြည့်ဖြင့် စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ ဆက်မနေရဲတော့ဘဲ လှည့်ထွက်သွားတော့သည်။
ရန်ကျောက်ကဲ၏နှုတ်ခမ်းများ တွန့်လိမ်သွားပြီး သူ့ခေါင်းကို လှည့်ကာ ဖန်းယွမ်ရှန်းအား ကြည့်လိုက်သည်။
“အဲ့နှစ်တုန်းက မင်းက သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်လိုက်တယ်ပြောတယ်၊ သူ့ရဲ့ ဘယ်နေရာကိုများ ဒဏ်ရာရအောင် လုပ်လိုက်တာလဲ”
သို့ရာတွင် ဖန်းယွမ်ရှန်းမှာ သူမအပေါ် ဦးတည်နေသော ရှောင်ရှန်း၏ဒေါသနှင့် အမုန်းတရားများကို လျစ်လျူရှု့၍ ရန်ကျောက်ကဲကိုသာ တစ်ချိန်လုံး ကြည့်နေသည်။
ရန်ကျောက်ကဲက ခေါင်းလှည့်၍ သူမကို မေးလိုက်ရာ သူမ အံ့အားသင့်သွားပြီး သူမ၏ပါးစပ်ပင် အနည်းငယ် ဟသွားသည်။
ရန်ကျောက်ကဲ၏မေးမြန်းမှုကို ကြားသောအခါ ဖန်းယွမ်ရှန်း သတိပြန်ဝင်လာပြီး ခပ်အေးအေးအမူအရာဖြင့် ပြန်ဖြေလိုက်သည်။ “အဲ့နှစ်က သူ့ညီငယ်လေးက စည်းကမ်းမရှိဘဲ ကျွန်မကို အခွင့်ကောင်းယူချင်တယ်၊ ကျွန်မက သူ့အစား အဲ့တာကို ဆုံးမပေးလိုက်တာပဲ”
“ဟုတ်လား…..” ရန်ကျောက်ကဲ၏နှုတ်ခမ်းများ စေ့သွားသည်။ သူ့ခွကြားသို့ တိုးနေသော လေပင် အနည်းငယ် အေးစိမ့်လာသည်ဟု ခံစားရသည်။
ရှောင်ရှန်း၏အဘိုးက သမီးတစ်ယောက်သာ မွေးကြောင်း ရန်ကျောက်ကဲ ကြားဖူးသည်။ ရှောင်ရှန်းတို့မျိုးရိုးအတွက် ရှောင်ရှန်းတစ်ယောက်ထဲသာ တစ်ဦးတည်းသော ယောကျ်ားလေး၊ တစ်ဦးတည်းသော မြေးဖြစ်သည်။
ရှောင်ရှန်း၏ အဖေဘက်တွင်လည်း ဆက်ခံသူဟူ၍ ရှောင်ရှန်းတစ်ယောက်တည်းသာ ရှိသည်။
သူတို့သည် ဖန်းယွမ်ရှန်းအား အသည်းအသန် သတ်ချင်နေသည်မှာ အံ့ဩစရာမရှိပေ။ သူမ၏ဆရာဘိုးဘိုးလည်း ကွယ်လွန်သွားရာ နေသူတော်စင်ဂိုဏ်းထဲတွင် သူမကို ကာကွယ်မည့်သူလည်း မရှိတော့ပေ။
ဖန်းယွမ်ရှန်းက အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ “နေသူတော်စင်ဂိုဏ်း လူငယ်မျိုးဆက်ရဲ့ တက်သစ်စ နေလေးစင်းထဲမှာ ရှောင်ရှန်းနဲ့ ချောင်ယွမ်လုံ နှစ်ယောက်စလုံးက ပြဿနာကိုယ်စီ ရှိကြတယ်”
“ချောင်ယွမ်လုံက စိတ်ဓာတ်ပြင်းထန်တယ်၊ ဒုက္ခတွေ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာကို မကြောက်ဘူး၊ ဒါပေမယ့် သူက လမ်းသစ်ဖောက်ရတာကို ကြိုက်တယ်၊ အခြားသူတွေ မအောင်မြင်တဲ့ အရာတွေကို ဖြစ်မြောက်အောင် လုပ်ရတာ ကြိုက်တယ်၊ အဲ့လိုမှပဲ သူ့ရဲ့စွမ်းရည်ကို ပြသနိုင်မယ်လို့ ထင်တယ်”
“တကယ်တော့ မဟာယန်ရွှေအပ်သိုင်း၊ ကောင်းကင်ပိုးမြွေထုံးဖွဲ့လက်သိုင်းတို့လို ကွဲထွက်နေတဲ့ သိုင်းတွေ ကျင့်မယ့်အစား နေသူတော်စင်ဂိုဏ်းရဲ့ သမာရိုးကျ သိုင်းပညာရပ်တွေကိုသာ လေ့ကျင့်ရင် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က လက်ရှိထက် အနည်းငယ် နိမ့်ပါးနေလောက်တယ်၊ ဒါပေမယ့် အနာဂတ် သူ့အောင်မြင်မှုက ပိုမို မြင့်မားလောက်တယ်”
ဖန်းယွမ်ရှန်းက ခေါင်းယမ်းလိုက်သည်။ “ရှောင်ရှန်းက ဇွဲလုံလအရ ချောင်ယွမ်လုံနဲ့ မယှဉ်နိုင်ပေမယ့် သိုင်းတာအိုအပေါ် နားလည်နိုင်စွမ်းမှာ ချောင်ယွမ်လုံထက် မြင့်မားတယ်၊ ဒါပေမယ့် ရှောင်ရှန်းက အကြမ်းပတမ်းနိုင်ပြီး အထိန်းအကွပ်မဲ့လွန်းတယ်၊ အထူးသဖြင့် အသုံးအဖြန်းကြီးပြီး အရမ်း တဏှာရာဏကြီးတယ်၊ သူ့ညီငယ်လေးကို မထိန်းချုပ်နိုင်တာမျိုးပေါ့၊ မဟုတ်ရင် သူ့အောင်မြင်မှုက လက်ရှိထက် မြင့်မားလောက်တယ်”
ပြောပြောဆိုဆိုနှင့် ဖန်းယွမ်ရှန်း ရယ်မောလိုက်သည်။ “သူ့ရဲ့ အဲ့ပြဿနာကို အမြစ်ကနေပြတ်အောင် ကူညီပေးလိုက်တယ်၊ အဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်မှာ သူ့ရဲ့ကျင့်ကြံမှုက အရင်ကထက် ပိုမို လျင်လျင်မြန်မြန် တိုးတက်လာတာပဲ”
သူမ၏စကားများကို ကြားလျှင် ရန်ကျောက်ကဲက မျက်လုံးလှန်၍ ကြည့်လိုက်သည်။ “သူ့မှာ *နေကြာပန်းသိုင်းတော့ မရှိသေးဘူး”
စိတ်ရှုပ်ထွေးမှုကြောင့် ဖန်းယွမ်ရှန်းမှာ တခဏမျှ ပြောစရာစကားမဲ့သွားသည်။ “ဘယ်လိုသိုင်းပညာမျိုးလဲ၊ တစ်ခါမှ မကြားဖူးဘူး”
ရန်ကျောက်ကဲက သူ့လက်ကိုသာ ရမ်းလိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောတော့ချေ။ သူ့တိုက်ပွဲ၏ အကျိုးအမြတ်များကိုသာ စတင်စစ်ဆေးနေသည်။
ရှောင်ရှန်းနှင့် တိုက်ပွဲတွင် နှစ်ဖက်စလုံးက တန်ဖိုးကြီးရတနာများဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။
ရှောင်ရှန်း ထွက်ပြေးသွားသော်လည်း သူနှင့် ရတနာပစ္စည်းအများစုကြားမှ ချိတ်ဆက်မှုကို ရန်ကျောက်ကဲက ဖြတ်တောက်နိုင်ခဲ့သည်။
အထိတ်တလန့်ဖြင့် ပြေးရလေရာ ရှောင်ရှန်းခမျာ ထိုရတနာများကို သိမ်းဆည်းရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ရန်ကျောက်ကဲ၏အိတ်ကပ်ထဲသို့သာ ရောက်ချေသည်။
၎င်းတို့ထဲမှ အလယ်အလတ်အဆင့်ဝိဉာဉ်လက်နက်နှစ်ခုမှာ ရန်ကျောက်ကဲနှင့် ကိုက်ညီ၏။ သို့သော် ရန်ကျောက်ကဲ၌ အလယ်အလတ်အဆင့်ဝိဉာဉ်လက်နက် မရှားပါးပေ။
တန်ဖိုးရှိသည်ဟုဆိုနိုင်သော အဆင့်မြင့်ဝိဉာဉ်လက်နက်တစ်ခုလည်း ပါဝင်သည်။
သို့သော် သူ့စိတ်ကို အဖမ်းစားနိုင်ဆုံးမှာ စိတ်ဝိဉာဉ်အဆင့်ဝိဉာဉ်လက်နက် မဟာနေမင်းဘီးပင် ဖြစ်သည်။
ထိုစိတ်ဝိဉာဉ်အဆင့်ဝိဉာဉ်လက်နက်၏တန်ဖိုးကား အခြားသာမာန်ဝိဉာဉ်လက်နက်များနှင့်မတူ ခြားနားသည့် အဆင့်တစ်ခုတွင် ရှိနေသည်။
လက်ရှိ ရန်ကျောက်ကဲပင် စိတ်ဝိဉာဉ်အဆင့်ဝိဉာဉ်လက်နက်ဆို၍ ကျောက်စိမ်းနဂါးဓားတစ်ချောင်းသာ ပိုင်ဆိုင်သည်။
(*နေကြာပန်းသိုင်း – သိုင်းလောကစိန်ခေါ်သံထဲက အမျိုးသားသိုင်းသမားတွေ ပစ္စည်းတခုခု မရှိတော့မှ ကျင့်နိုင်မယ့် သိုင်းပါ)