Switch Mode

အပိုင်း(၆၄၅)

အရိုးရှင်းဆုံး နတ်ဘုရားပြစ်ဒဏ်လော

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အပြင်ဘက် ထျန်ယွမ်ဂြိုဟ်၏ အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ဝင်ပေါက်သည် လုံးဝ နက်မှောင်လို့နေ၏။ထိုဧရိယာ၏ အကွာအဝေးတစ်ခုတွင် အလင်းစက်များက ဖျပ်ခနဲ လင်းလက်သွား၏။

သည်အခိုက်တွင် အလင်းတန်းတစ်ခုက ဟင်းလင်းပြင်ထဲကနေ အံ့မခန်းနှုန်းဖြင့် ရောက်ရှိလာ၏။သည်အလင်း၏ အမြန်နှုန်းက ဖော်ပြ၍ပင် မရနိုင်ချေ။

သည်အလင်းဆင်းသက်လာမှုက အမြန်နှုန်းအကန့်အသတ်ကိုပင် ချိုးဖျက်နေခဲ့ပြီး ဖြစ်၏။

အာကာသထဲကနေ အနီရောင်အလင်းတစ်ခု ဆင်းသက်လာ၏။၎င်းက လေဟာနယ်ထဲကနေ ထွက်ပေါ်လာကာ မည်သည့်နေရာမှ အစပြုခဲ့သည်ကို မည်သူမျှ မသိကြပေ။

ထိုအနီရောင်အလင်းစု ဆင်းသက်လာသည့်အခါတွင် စကြဝဠာထဲရှိ သက်ရှိများအားလုံးကို တုန်ယင်စေအောင် စေသည်။

ထျန်ယွမ်ဂြိုဟ်ပေါ်တွင် ရှေ့ဖြစ်ဟောသူက မျက်လုံးမှိတ်ထားရင်း နောက်နှစ်နှစ်ရာအတွက် အစီအစဉ်တစ်ခုကို ကြိုတင်ပြင်ဆင်နေသည်။သည်အခိုက်တွင် သူက ရုတ်တရက် မျက်လုံးဖွင့်လာကာ ဟင်းလင်းပြင်ထဲသို့ ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။သူ့အသွင်က အနည်းငယ် ပြောင်းလဲသွားကာ သူက လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ခဏတာ တွက်ချက်ကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “နတ်ဘုရားပြစ်ဒဏ် ဆင်းသက်လာတာပဲ…ကောင်းကင်ဘုံရဲ့ စွမ်းပကား ကြားခံဝင်ရောက်နေတဲ့အတွက် ငါက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မတွက်ချက်နိုင်တော့ဘူး။ ဒါပေမဲ့ ဒီနတ်ဘုရားပြစ်ဒဏ်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ ဆင်းသက်လာတာဖြစ်ပြီး ငါ့ထျန်ယွမ်ဂြိုဟ်နဲ့လည်း တစ်ခုခုပဲ…ထူးဆန်းလိုက်တာ…”

တာ့လော့ဓားကလန်ရှိ ဓားသူတော်စင်လင်းထျန်ဟူက ဧရာမဆေးပြင်းဖိုကြီးဘေး၌ မတ်တပ်ရပ်လျက် ရှိနေသည်။သူ့မျက်လုံးများကလည်း တောက်ပလျက် ရှိနေ၏။

“ဒီ အခြေခံကံကောင်းမှုဆေးမီးဖိုက ဆေးလုံးအနည်းငယ် ခုထိ လိုအပ်နေတုန်းပဲ…”

သည်အခိုက်၌ သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွား၏။သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ လုံးဝ ပျောက်ကွယ်သွားပြီးနောက် ဂြိုဟ်အထက်ရှိ ဟင်းလင်းပြင်တွင် ပြန်ပေါ်လာခဲ့သည်။သူက အနီရော်အလင်းတန်းကို အံဩကြီးစွာ ကြည့်လိုက်မိသည်။

“နတ်ဘုရားပြစ်ဒဏ်…” သူက မျက်မှောင်ကြုတ်လိုက်မိသည်။သူ့မျက်နှာပေါ်၌လည်း မသေချာမရေရာသည့် ဟန်ပန်တို့ ဖြစ်ပေါ်သွား၏။သူက ထိုအလင်းပျောက်ကွယ်သွားသည်ကို သေချာစောင့်ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“နတ်ဘုရားပြစ်ဒဏ်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ ဆင်းသက်နေတာပဲ…။မဆိုးပါဘူး။ ကြည့်ရတာ လောဘကြီးက တစ်ခုခုဖြစ်ပွားအောင် လုပ်လိုက်နိုင်တာများလား….”

တစ်ချိန်တည်းမှာပင် ထျန်ယွမ်ဂြိုဟ်နှင့် ဝေးကွာသည့် နေရာတွင် ရှိနေတွင် ဂြိုဟ်တစ်လုံး ရှိနေသည်။ထိုဂြိဟ်က အပြင်ဘက်မှ ကြည်လျှင် သွေးရောင်လွှမ်းလို့နေသည်။ သည်ဂြိုဟ်က သွေးဂြိုဟ်ပင် ဖြစ်၏။

ထိုသွေးဂြိုဟ်ပေါ်၌ သွေးခန်းမဆောင်တစ်ခုရှိကာ ဆံပင်အနီရောင်၊မျက်ခုံးမွှေးအနီရောင် လူကြီးတစ်ယောက်က ထိုခန်းမဆောင်ထဲ၌ ထိုင်လျက် ရှိနေသည်။သူက အသက်လေးဆယ် ပတ်လည်သာ ရှိသည်ဟု ထင်ရကာ တိတ်တဆိတ်ကျင့်ကြံလို့နေ၏။ သူက ရုတ်တရက် မျက်လုံးဖွင့်လာသည်။

သူက ခေါင်းမော့လိုက်ခြင်းတော့ မရှိချေ။သို့သော် သူက ကောင်းကင်ဘုံခွန်အား(နတ်ဘုရားပြစ်ဒဏ်)ဖြတ်ကျော်သွားသည့် တုန်ခါလှိုင်းကို တွေ့ကြုံစေနေသည်။အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးပြန်မှိတ်လိုက်၏။

“နတ်ဘုရားပြစ်ဒဏ်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေပေါ်ကို ဆင်းသက်နေတာပဲ။ငါက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ဒီကလေးမ ရှင်းရွှယ် ဘာတွေများ လုပ်နေလဲ သိချင်မိတယ်…”

သူတို့သုံးယောက်သာမကဘဲ များစွာသောမွန်းစတာအိုကြီးများက နတ်ဘုရားပြစ်ဒဏ် ဆင်းသက်လာသည်ကို သတိပြုမိခဲ့ကြပေသည်။

မည်သူကမျှ ထိုအနီရောင်အလင်းတန်း ဆင်းသက်လာမှုကို ရပ်တန့်နိုင်စွမ်း မရှိကြချေ။အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်၏ ဂိတ်ဝက ပွင့်နေခြင်း မရှိသော်လည်း ထိုအနီရောင်အလင်းတန်းက ယင်းအထဲသို့ ထွင်းဖောက်လို့သွား၏။

ကောင်းကင်နတ်ဆိုးနိုင်ငံ အင်ပါယာမြို့၏ ပြိုင်ပွဲကွင်းပြင်တွင် ဝမ်လင်းက လေထဲ၌ လွင့်မြောနေသည်။ဆယ့်ငါးကြိမ်မြောက် ဗုံသံထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ နယ်ပယ်သည် အံ့ခခန်းနှုန်းဖြင့် အသွင်သဘာဝ ပြောင်းလဲလာ၏။

အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန် လူတစ်ယောက်က လုံလောက်သောကောင်းကင်ဘုံစွမ်းအင်နှင့် တာအိုနှလုံးသား ပြည့်စုံရန် လိုအပ်လေ၏။ သည်အခြေအနေနှစ်ခု အောင်မြင်သွားသည်နှင့် သည်နှစ်ခုက ပေါင်းစပ်ကာ ယင်းပေါင်းစပ်မှုက အာဏာတက်ခြင်းကျင့်ကြံသူပင် ဖြစ်၏။

ထိုအခြင်းအရာက ဒဏ္ဌာရီလာ “လူတစ်ဦး၏ တာအိုကို ရင်ဆိုင်ခြင်း” ဖြစ်ချေသည်။

သည်ပေါင်းစပ်မှုက လူတစ်ယောက်၏ တာအိုနှလုံးသားနှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ တွေ့ဆုံမှုလည်း ဖြစ်သည်။ စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်တို့၏ တွေ့ဆုံမှုလည်း ဖြစ်သည်။ လူသားအဖြစ်မှ ကောင်းကင်ဘုံသား အဖြစ်သို့ ဆင့်ကဲပြောင်းလဲခြင်းလည်း ဖြစ်ပေ၏။သည်ထိတိုက်တွေ့ဆုံမှုက အောင်မြင်ပါက လူတစ်ယောက်သည် အာဏတာခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီး ကျရှုံးပါက ထိုလူသည် သေဆုံးရမည် ဖြစ်သည်။သည်ရလဒ်နှစ်ခုကလွဲ၍ အခြားရလဒ် မရှိပေ။သည်အရာက သေခြင်းရှင်ခြင်းကြမ္မာစမ်းသပ်ချက် ဖြစ်၏။

တာအိုနောက်သို့ လိုက်ပါဖို့ လူတစ်ယောက်သည် သေခြင်းရှင်ခြင်းစမ်းသပ်မှုကို မဖြစ်မနေ ရင်ဆိုင်ရမည်သာ။

မူကွဲလမ်းကြောင်းကို ကျင့်ကြံသူများပင် ထိုကြမ္မာစမ်းသပ်ချက်ကို မရှောင်လွှဲနိုင်ချေ။

ဝမ်လင်းတာအိုနှလုံးသားက ဗုံသံကို ဆယ့်ငါးကြိမ်မြောက် မြည်စေကာ ထိုဗုံသံထဲ၌ ဝမ်းနည်းမှုကို ထည့်သွင်း ထုတ်လွှတ်စေခဲ့ခြင်းပင်။သူ့တာအိုနှလုံးသားက မြန်ဆန်လှသောနှုန်းဖြင့် ဆင့်ကဲပြောင်းလဲကာ ပြီးပြည့်စုံရန် ဦးတည်နေ၏။

ကွင်းပြင်ပတ်လည်ရှိ လူတိုင်းက တိတ်တဆိတ် စဉ်းစားနေကြသည်။သည်တစ်နေ့တည်းဖြင့် ဝမ်လင်းက သူတို့ကို မယုံကြည်နိုင်ဖွယ်ကောင်းသည့် အရာများကို တွေ့ကြုံစေခဲ့သည်။ထို့ကြောင့် သူ့ပုံရိပ်က ခုချိန်၌ သူတို့၏ နှလုံးသားထဲ၌ ရေးထွင်းသွားခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်ရှိ မိုးကြိုးများနှင့် လျှပ်စီးများက ပျောက်ကွယ်သွားပြီး အနီရောင်အလင်းတစ်ခု ပေါ်လာ၏။

အကွာအဝေးတစ်ခုကနေ သည်အနီရောင်က အဆုံးမဲ့လာပြီး ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံလာသည်ဟု ထင်မှတ်ရသည်။

လှေပေါ်ရှိ လူငယ်၏ အသွင်သည် ရုတ်တရက် ပြောင်းလဲသွား၏။သည့်နောက် သူက ခါးသီးစွာ ရယ်မော ပြောဆိုသည်။ “ငါက ဒီကိစ္စကို မေ့နေတာပဲ။ဒါပေမဲ့ ဒီကောင်လေးက ကျင့်ကြံသူတစ်ယောက်သာ ဖြစ်တယ်။အတိတ်တုန်းက ငါက နဂါးရေကန်မှာ အချိန်အတန်ကြာ ကုန်ဆုံးစေပြီး အကြီးအကဲများစွာကလည်း ငါ့ကို ကူညီပေးခဲ့တယ်။ဒါ့ကြောင့်ငါက ကောင်းကင်ဘုံကိုဖိဆန်တဲ့အော်ရာကို ဖုံးကွယ်နိုင်ခဲ့ပြီး နတ်ဘုရားပြစ်ဒဏ် ရောက်မလာအောင် လုပ်နိုင်ခဲ့တယ်…”

“ဒါပေမဲ့ ဒါက ဒီကောင်လေးအတွက် စမ်းသပ်ချက်တစ်ခုပဲ။သူက ဒီနတ်ဘုရားပြစ်ဒဏ်ကို ခံနိုင်ရင် သူ အာဏာတက်ခြင်းအဆင့်ကို ရောက်သွားပြီးရင် ကောင်းကင်ဘုံက သူ့ကို ဘာမှ သက်ရောက်နိုင်တော့မှာ မဟုတ်ဘူး။ ကြည့်ရတာ ဒီနတ်ဘုရားပြစ်ဒဏ်ရဲ့ စွမ်းအားက အရမ်း ကြီးကျယ်မနေလောက်ပါဘူး…”

ကောင်းကင်နတ်ဆိုးမြို့၏ လူတိုင်းက ကောင်းကင်ထက်ရှိ ပြောင်းလဲမှုကို သတိပြုမိပေသည်။ကွင်းပြင်ထဲရှိလူများက ထိုပြောင်းလဲမှုကြောင့် မှင်သက်မိနေကြသည်။

ကောင်းကင်ထက်ရှိ အနီရောင်အလင်းက မြန်ဆန်စွာ သိပ်သည်းကာ ကြီးမားသည့် အနီရောင်တိမ်တိုက်များကို ဖြစ်စေ၏။သည်အနီရောင်တိမ်တိုက်များက အင်ပါယာမြို့အထက်၌ လွင့်မြောနေကြသည်။

ဝမ်လင်းက နတ်ဆိုးဗုံနောက်တွင် မတ်တပ်ရပ်နေရင်း သူက ကောင်းကင်ထက်သို့ ကြည့်ကာ အသက်ပြင်းပြင်းမှုတ်ထုတ်လိုက်၏။

“ကောင်းကင်တာအိုကတောင် ငါ့ တာအိုနှလုံးသားကို မရပ်တန့်နိုင်ဘူး။ဒါပေမဲ့ ဒီကောင်းကင်ဘုံက ငါ့တည်ရှိမှုကို အမြစ်ဖျက်ချင်နေတဲ့ပုံပဲ…။ ဒါက နတ်ဘုရားပြစ်ဒဏ်ပဲ။ငါက နတ်ဘုရားပြစ်ဒဏ်ကို နတ်ဆိုးပင်လယ်ရဲ့ ချီလင်မြို့မှာ တစ်ခါ မြင်တွေ့ခဲ့ဖူးတယ်။အဲ့အချိန်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဒါက အများကြီး ပိုစွမ်းအားကောင်းနေတယ်…”

အနီရောင်တိမ်များက စုဝေးလာ၏။ချက်ခြင်းပင် အနီရောင်မိုးကြိုးလျှပ်စီးများပါ စတင်စုဝေးလာသည်။အနီရောင်မိုးကြိုးက အော်ရာတစ်ခုကိုမှ ထုတ်လွှတ်ထားခြင်းမရှိဘဲ သည်မြင်ကွင်းက အလွန်အမင်းလှပမှုကို ဆောင်သည်။

လှေပေါ်ရှိလူက ထိုမိုးကြိုးလျှပ်စီးတန်းကို ကြည့်၍ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချကာ ခပ်တိုးတိုး ဆိုလိုက်သည်။”နတ်ဘုရားပြဏ်ဒဏ်က လျှပ်စီးတန်းအဖြစ်ပုံစံဖွဲ့ရာမှာ နှစ်မျိုးနှစ်စား ရှိတယ်။ ခုဒီတစ်ခုက ဒဏ္ဌာရီလာ ဒုတိယလျှပ်စီးတန်းတော့ မဖြစ်နိုင်တော့ဘူး။ပထမလျှပ်စီးတန်း ဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာနေပြီ။ဒါက အရိုးစင်းဆုံးပုံစံလည်း ဖြစ်တယ်။ ကြည့်ရာတာ ဒီကောင်လေးရဲ့ ကံက မဆိုးဘူးပဲ…”

ဝမ်လင်းက ကောင်းကင်သို့ ကြည့်နေသည်။သည်အခိုက်တွင် သူက အရာအားလုံးကို လစ်လျူရှူကာ ကောင်းကင်ထက်ရှိ အနီရောင်မိုးကြိုးလျှပ်စီးကိုသာ အာရုံစိုက်ထား၏။

“ငါက လွန်ခဲ့တဲ့ နှစ်ခုနစ်ရာက ကျင့်ကြံခြင်းနဲ့တောင် ဒီနတ်ဘုရားပြစ်ဒဏ်ရဲ့ အချို့အဝက်ကို ကြုံတွေ့ခဲ့ဖူးပြီ။ ငါက အတားအဆီးအလံကို သန့်စင်ခဲ့ချိန်တုန်းက နတ်ဘုရားပြစ်ဒဏ်ကို စွဲဆောင်ခဲ့မိတယ်။ ဒုတိယတစ်ခေါက်က ငါက လီမူဝမ်ရဲ့ ကံကြမ္မာကို ပြောင်းလဲတုန်းကလည်း ကံကောင်ဘုံရဲ့ တမန်တော်ကို ဆင်းသက်လာစေခဲ့ပြီးပြီး။ ဒီတစ်ကြိမ် ငါ့တွယ်ငြှိမှု သံယောဇဉ်ကို ဆက်သိမ်းထားပြီး ကောင်းကင်ဘုံရဲ့ ဆန္ဒကို ဖိဆန်တဲ့အခါမျာလည်း ဒီနတ်ဘုရားပြစ်ဒဏ်ကို စွဲဆောင်ခဲ့ပြန်ပြီ…”

ဝမ်လင်း မျက်လုံးက တည်ငြိမ်နေ၏။သူ့မျက်လုံးထဲ၌ စိတ်ဓာတ်ခိုင်မာ ပြတ်သားမှုတို့လည်း ပြည့်လို့နေသည်။

ကောင်းကင်ထပ်ရှိ အနီရောင်မိုးကြိုးလျှပ်စီးက ရုတ်တရက် စတင်လှုပ်ရှားလာကာ ရူးသွယ်ဖွယ် သိပ်သည်းလာ၏။ခုချိန်တွင် ကောင်းကင်က အနီရောင်ပင်လယ်တစ်ခုကဲ့သို့ ထင်မှတ်မှားရသည်။ မျက်စိတစ်မှိတ်အတွင်း အနီရောင်လျှပ်စီးများက လွန်စွာတောက်ပလာကာ ကောင်းကင်နှင့်မြေကြီးကို ထွန်းညှီ၏။

သိပ်မကြာခင်တွင် ထိုအနီရောင်မိုးကြိုးလျှပ်စီးထဲမှ ရှေးဦးသားရဲ ဟိန်းသံလို အသံလှိုင်းများ ထွက်ပေါ်လာသည်။သည့်နောက် မြေကြီးမှ ထွက်ပေါ်လာသည့် တုန်ခါလှိုင်းများနှင့် ကောင်းကင်ထက်မှ ဟိန်းသံများက ‌ရောနှောပေါင်းစပ်သွားသည်။သည်အခိုက်၌ အနီရောင်မိုးကြိုးက ဆင်းသက်လာတော့၏။

၎င်းက ကောင်းကင်ထက်မှ ကြယ်ကြွေသလို ဆင်းသက်လာခြင်း ဖြစ်ကာ ဝမ်လင်းပေါ်သို့ ထိုးစိုက်ချလာသည်။ ရုတ်တရက် ရူးသွပ်ဖွယ်သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပေါ်လာခဲ့၏။သည်စိတ်ဆန္ဒက ကောင်းကင်ဘုံ၏ အသတ်အဖြတ် စိတ်ဆန္ဒ ဖြစ်ပေသည်။

ကောင်းကင်ဘုံ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ။

ကောင်းကင်နတ်ဆိုးမြို့သည် ခုချိန်တွင် နွေအခါ ဖြစ်နေသော်လည်း ရုတ်တရက် နှင်းများ ကျဆင်းလာ၏။ ကောင်းကင်ထက်မှ ကျဆင်းလာသည့်နှင်းပွင့်တိုင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဆောင်ကြဉ်းလို့လာ၏။

သည်ကမ္ဘာတွင် ကောင်းကင်ဘုံ၏ ဒေါမာန်ကို ကိုယ်စားပြုသည့် တုန်ဟီးသံတစ်ခုသာ ရှိတော့၏။

သည်ကမ္ဘာတွင် နတ်ဘုရားပြစ်ဒဏ် အနီရောင်မိုးကြီး၏ သွေးနီရောင်တစ်ခုသာ ကျန်နေတော့သည်။

သည်ကမ္ဘာတွင် လူသန်းပေါင်းများစွာ စုပေါင်းထားသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒထက် ပိုပြင်းထန်သည့် ကောင်းကင်ဘုံ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသာ ရှိနေတော့သလိုပင်။

ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်နေ၏။

ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ရုတ်တရပ် သူ့ပတ်လည်တွင် အသက်ဓာတ်ချိပ်တံဆိပ်ပေါင်း သုံးထောင်ကျော်က စုဝေးတောက်ပလာ၏။တစ်ပြိုင်နက်တည်းမှာပင် သူ့သိုလှောင်အိတ်ထဲမှ အတားအဆီးအလံပါ ထွက်ပေါ်လာသည်။တစ်ချက်လှုပ်ခါလိုက်ရုံဖြင့် သူ့ခန္ဓာကိုယ်ပတ်လည်၌ အနက်ရောင်အခိုးငွေ့ထုက ဝန်းရံသွားကာ ထိုအနက်ရောင်အခိုးငွေ့ထုထဲ၌ မရေမတွက်နိုင်သော အတားအဆီးများစွာ ပါရှိလို့နေ၏။

“ကောင်းကင်ဘုံက ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ငါ့တည်ရှိမှိုကု ပယ်ဖျက်နိုင်မှာ မဟုတ်ဘူး…” ဝမ်လင်းက ရယ်မောကာ ကောင်းကင်ထက်ရှိ အနီရောင်မိုးကြိုးလျှပ်စီးထံသို့ လက်ညွှိုးထိုးလိုက်၏။

သည့်အခိုက်တွင် ဝမ်လင်း၏ ဟန်ပန်သည် နေလိုလလို ထွန်းလင်းသည်။သူ့ဆံပင်က လေထဲ၌ လွင့်မြောနေသည်။သူ့မျက်လုံးက အညံမခံ၊ဖိဆန်သည့် အော်ရာကို ပြသသည်။သူက အနိုင်မခံ၊အရှုံးမပေးသည့် ယောက်ျားဘသား တစ်ယောက်အသွင်ကို ဆောင်နေ၏။

သူ့လက်ညှိုးညွှန်ချက်နှင့်အတူ သူ့ပတ်လည်ရှိ အနက်ရောင်အခိုးငွေ့က ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။အခိုးငွေ့ထဲမှ မရေမတွက်နိုင်သည့် အတားအဆီးများက အနက်ရောင်မုန်တိုင်းတစ်ခုကို ဖြစ်တည်ကာ နတ်ဘုရားပြစ်ဒဏ်ကို ကြိုဆိုလေ၏။

ဆင်းသက်လာသည့် အနီရောင်မိုးကြိုးလျှပ်စီးက အနက်ရောင်မုန်တိုင်းနှင့် ထိပ်တိုက်တွေ့ဆုံ၏။ထိုအခိုက်၌ အံမခန်း ပေါက်ကွဲမှုတစ်ခုက ပဲ့တင်ထပ်သွားကာ ကုန်းမြေအနှံ့ပျံ့နှံ့သွားသည်။ကောင်းကင်နတ်ဆိုးမြို့၏ မရေမတွက်နိုင်သောလူများ၏ နားစည်များက အူထူသွားကာ ထိုတုန်ခါမှုကြောင့် လွင့်ထွက်ကုန်ကြ၏။

ကွင်းပြင်ပတ်လည်ရှိ ပြိုင်ပွဲကြည့်ရှူနေသူများသည်လည်း ထိုသို့ ခံစားလိုက်ရပေသည်။နတ်ဆိုးဗိုလ်ချုပ်များက အခြေအနေပိုကောင်းသော်လည်း သူတို့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ထိန်းချုပ်မှုလွတ်ကင်းသွားကာ အလိုလို လှည့်ပတ်သွား၏။

နတ်ဆိုးဗိုလ်ချုပ်မှူးများသာ ထိုနတ်ဘုရားပြစ်ဒဏ်ကို တည်ငြိမ်စွာ ကြည့်နေနိုင်သည်။

မရေမတွက်နိုင်သော အတားအဆီးများနှင့် ပြုလုပ်ထားသည့် အနက်ရောင်မုန်တိုင်းက အနီရောင်မိုးကြိုးကြောင့် ချက်ခြင်း အက်ကွဲကာ ပျက်စီးသွား၏။

“ကောင်းကင်ဘုံက ငါ့ကို သတ်ချင်ရင် ငါက ကောင်းကင်ဘုံကိုပါ ဖျက်စီးပစ်မယ်…”

ဝမ်လင်း ခန္ဓာကိုယ်က အလွန်အံ့အားသင့်ဖွယ်အော်ရာကို ပေးစွမ်းလို့နေ၏။အနီရောင်မိုးကြိုးက အတားအဆီးများကို ဖျက်စီးသွားသည့် အခိုက်၌ သူက လက်ညှိုးပင့်ကာ မရဏလက်ချောင်းကို အသုံးပြုလိုက်ပြန်သည်။

ထိုအရာက မရဏလက်ညှိုးတစ်ချောင်း မဟုတ်ဘဲ လက်ညှိုးတစ်ရာသာ ဖြစ်၏။

ဝမ်လင်းက သူ့ဘယ်လက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံကျောက်စိမ်းများစွာ သွန်ကျလာ၍ သူ့ခြေထောက်အောက်၌ တောင်ငယ်တစ်ခုလို ဖြစ်ပေါ်သွား၏။

ဝမ်လင်းက နတ်ဆိုးဗုံကို သူ့နောက်တွင် ထား၍ ထိုတောင်ငယ်ပေါ်၌ မားမားရပ်နေ၏။သူက ကောင်းကင်ထက်သို့ မော့ကြည့်နေရင်း သူ့ခြေထောက်ကို ဖြတ်၍ မရေမတွက်နိုင်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။

မရဏလက်ချောင်းတစ်ရာကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ ပေသုံးဆယ်ကျော် ရှည်လျားသည့် အနက်ရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲစေ၏။သည့်နောက် ထိုအလင်းတန်းက အနီရောင်မိုးကြိုးထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လို့သွား၏။

“ငါက ကောင်းကင်ဘုံကို ဖိဆန်ပြီး ဆက်လက် ကျင့်ကြံရဲတဲ့လူ။ ငါ့ တွယ်ငြှိမှုသံယောဇဉ်ကို ဆက်ထိန်းသိမ်းထားတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင် တိုက်ခိုက်ဖို့ ဆန္ဒရှိလို့ပဲ။နတ်ဘုရားပြစ်ဒဏ်…သင်က ငါ့ခန္ဓာကိုယ်ကို ဖျက်စီးနိုင်ရင်တောင် ငါ့တာအိုနှလုံးသားကို မဖျက်စီးနိုင်စေရဘူး…”

ဝမ်လင်းမျက်လုံးက လင်းလက်နေ၏။သည်အခိုက်၌ သူ့မျက်လုံးထဲရှိ အလင်းက အနီရောင်မိုးကြိုးကို ထွင်းဖောက်ကာ အနီရောင်တိမ်ထုထဲသို့ တိုက်ရိုက် ဝင်ရောက်လို့သွားသည်။

ဝမ်လင်း၏ တာအိုကို ပြန်ဖြေကြားသည့်အလား ကောင်းကင်ထက်၌ ကျယ်လောင်သော မိုးခြိမ်းသံက ပဲ့တင့်ထပ် ပျံ့နှံ့သွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset