Switch Mode

အပိုင်း(၆၄၂)

ငါ အာဏာတက်ခြင်းအဆင့်ကို ရောက်ချင်တယ်…

သည်အခိုက်တွင် စင်မြင့်သုံးခုလုံးတွင် ကြည့်ရှုနေသူအပေါင်းသည် လုံးဝ ငြိမ်သက် တိတ်ဆိတ်သွားကြ၏။ဗုံသံက သည်ဧရိယာတွင် ပဲ့တင်ထပ်နေ၏။သည်အသံထဲ၌ ဝမ်းနည်းနာကျင်သော နှလုံးသားတစ်ခု ပါဝင်နေသည်။သည်အသံက လူတိုင်းအား အတိတ်ကို ပြန်လည်အောက်မေ့စေ၏။

ကွင်းပြင်အတွင်းရှိ နတ်ဆိုးဗိုလ်ချုပ်မှူးများ အပါအဝင် လူတိုင်းသည် ငြိမ်သက်တိတ်ဆိတ်သွားကြလေ၏။

ဝမ်လင်းလက်က ဗုံပေါ်တွင် ရှိလို့နေဆဲ။သည်အခိုက်အတန့်၌ ဗုံမှ ထွက်ပေါ်လာသည့်မြည်သံက သူ့တာအိုကို ပျံ့လွင့်စေခဲ့ပြီး ဖြစ်လေ၏။

သူ့စိတ်ထဲ၌ လီမူဝမ်နှင့်အတူ ရှိခဲ့သည့် မြင်ကွင်းများ…

နှစ်ပေါင်း ခုနစ်ရာကျော် ကျင့်ကြံခြင်း၏ အထီးကျန်ဆန်မှု…

ကောင်းကင်ကံကြမ္မာကလန်၏ စမ်းသပ်မှုတွင် နှစ်ပေါင်းတစ်ရာ ကုန်ဆုံးစေခြင်း…

ကောင်းကင်နတ်ဆိုးမြို့၏ လမ်းမထက်တွင် အထီးကျန်ဆန်ဆန် လမ်းလျှောက်ခဲ့သည့် နေ့ရက်များ…

သည်ခံစားချက်၊ အထီးကျန်ဆန်မှုတို့က သူ လှေပေါ်မှာ ကုချင်းဂီတသံကို ကြားလိုက်ရသည့်အခါတွင် ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။

ကုချင်းဂီတက သူ့နားထဲသို့ တိုးဝင်လာသည့်အခါ သည်သံစဉ်က သူ့ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို သန့်စင်စေသည်။သူ့တာအိုကို မွန်းမံစေခဲ့သည်။

သည်အခိုက်တွင် သူ့စိတ်ထဲ၌ လှေပေါ်ရှိ အမျိုးသမီးတီးခတ်ခဲ့သော ကုချင်းသံနှင့် ဗုံသံတို့က ပေါင်းစပ်နေသည်။ဝမ်လင်းနှလုံးသားက သည်အသံနှစ်ခုပေါင်းစပ်မှု၌ တံတားတစ်စင်းအဖြစ် ပေါင်းကူးပေးသည်။သူက ဗုံသံကို မြည်ဟီးအောင် တီးခတ်ကာ လီမူဝမ်ထွက်သွားကတည်းက သူ့စိတ်နှလုံးထဲရှိ ဖုံးကွယ်ထားခဲ့သည့် ဝမ်းနည်းမှုအဖြစ် ထုတ်လွှတ် ပျံ့လွှင့်စေသည်။

ဗုံသံက ကွင်းပြင်အနှံ့ ပျံ့လွင့်ပဲ့တင်ထပ်နေသည်။အချို့လူများက သည်အသံကြောင့် မျက်ရည်များပင် ကျဆင်းလာကြသည်။သည်ဗုံသံက သူတို့ကို လှုပ်ရှားစေခဲ့ကာ ကိုယ်ပိုင်နှလုံးသား ကမ္ဘာအတွင်း၌ နစ်မြုပ်နေစေ၏။အတိတ်၏ မြင်ကွင်းအမျိုးမျိုးက သူတို့စိတ်ထဲ၌ ပေါ်လာခဲ့ကြသည်။

လူတစ်ဦးတစ်ယောက်တိုင်းသည် ပုံပြင်ဇာတ်လမ်းတစ်ခုစီ ရှိခဲ့ကြသည်သာ။ထိုဇာတ်လမ်းကို သူတို့၏ နှလုံးသားထဲ၌ မြှုပ်နှံ့ထားခဲ့ကြခြင်း ဖြစ်သည်။

နတ်ဆိုးဗိုလ်ချုပ်များကြား၌ မိုလီဟိုင်သည် အတိတ်ကို လွမ်းဆွတ်အောက်မေ့သည့်ပုံ ပေါ်နေသည်။သူတင်မဟုတ်ဘဲ ရှီရောင်ပါ ထိုသို့ ဝမ်းနည်းမှု အငွေ့အသက်ကို လှစ်ဟနေမိ၏။

ထိုသို့ အောက်မေ့ ဝမ်းနည်းမှု မဖြစ်သူဟူ၍ မိုဖန်သာ ရှိ၏။သည်က သည်အခိုက်တွင် တည်ငြိမ်ကာ ဗုံသံ၏ ဝမ်းနည်းမှုကို စိတ်မဝင်စားသည့်ဟန် ရှိနေ၏။ဗုံသံမှ ထွက်ပေါ်လာသည့် ဝမ်းနည်းမှုက သူ့ကို မသောက်ရောက်ဟု ထင်မှတ်ရ၏။

တဖြည်းဖြည်း လူအများက ဝမ်းနည်းမှု၌ ရစ်မူးနေရာကနေ ပြေပျောက်လာကြ၏။

နတ်ဆိုးဗိုလ်ချုပ်မှူးများနှင့် အချို့လူအနည်းငယ်ကလွဲ၍ သူတို့ သတိပြန်ဝင်လာသည့်အခါ သူတို့သည် ငိုမိနေကြသည်ကို တွေ့လိုက်ရသည့်အတွက် တုန်လှုပ်သွားကြတော့သည်။

ဒုဗိုလ်ချုပ်မှူးရွှမ်က ဝမ်လင်းနှင့် သူ့ဘေးရှိ နတ်ဆိုးဗုံကို ကြည့်၍ သက်ပြင်းယဲ့ယဲ့ချမိသည်။ သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးနေမှုသည်လည်း ပျောက်ကွယ်သွားပြီး လေးစားမှုက အစားဝင်လာခဲ့၏။

“နတ်ဆိုးဗုံသံနဲ့အတူ သူ့စိတ်ဆန္ဒကို ပျံ့လွင့်စေတာ…ဖြစ်နိုင်တာက သူဟာ နတ်ဆိုးအင်ပါယာ မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် စောင့်နေခဲ့ရတဲ့ လူများလား။ ဒီဗုံသံကို ကြားလိုက်ရတဲ့နောက် တစ်ဆို့နေတာ ကြာမြင့်နေပြီဖြစ်တဲ့ ငါ့ကျင့်ကြံမှုအဆင့်တောင် တိုးတက်လာတဲ့ အရိပ်အမြွက် ပြလာခဲ့တယ်…”

နတ်ဆိုးဗိုလ်ချုပ်မှူးကောင်းကင်ကလွဲ၍ အခြားဗိုလ်ချုပ်မှူးများအားလုံးက ဝမ်လင်းကို မတူညီသည့် အသွင်ဟန်ပန်များနှင့် ကြည့်လိုက်ကြသည်။သို့ရာတွင် တူညီသည့်အရာတစ်ခုက သူတို့မျက်နှာပေါ်ရှိ တုန်လှုပ်နေမှုပင်။

မည်သူကမျှ ဗုံသံကနေတစ်ဆင့် စိတ်ဆန္ဒကို သယ်ဆောင်ခြင်းသည် မည်သည့်အဓိပ္ပာယ် ဆောင်နေသည်ကို မသိကြချေ။

ထိုအရာက နယ်ပယ်တစ်ခုဖြစ်၏။

ဗိုလ်ချုပ်မှူးကောင်းကင်က ဝမ်လင်းကို တောက်ပသောမျက်လုံးများဖြင့် ကြည့်နေ၏။

“သူ့နာမည်က ဝမ်လင်းလား…”

ဝမ်လင်းက သူ့ညာလက်ကိုမြှောက်၍ နောက်သို့လှည့်ကာ ပတ်ဝန်းကျင်သို့ ကြည့်လိုက်၏။ခုချိန်တွင် လူတိုင်းက သူ့ကို ကြည့်နေကြသည် မဟုတ်လား။

သူ့အကြည့်က ရွှေရောင်ချပ်ဝတ်နှင့်လူကြီးပေါ်သို့ ကျရောက်သွားသည်။

ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ မျက်နှာက သုန်မှုန်နေခြင်း မရှိတော့ပေ။သို့သော် သူ့မျက်နှာက လုံးဝဖြူရောနေ၏။သူက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း စကားတစ်ခွန်းမှ မဆိုနိုင် ဖြစ်ရသည်။ယနေ့တွင် သူ့ရှေ့ရှိ ကျင့်ကြံသူက သူ့အား အကြိမ်များစွာ တုန်လှုပ်စေခဲ့ပေသည်။

အစပိုင်းတွင် ဝမ်လင်းက ဗုံသံငါးခုကို ဆက်တိုက် မြည်စေခဲ့သည်။သူ့ခန္ဓာကိုယ်ကလည်း ထိုဗုံ၏ တန်ပြန်အားကြောင့် တစ်လက်မမှ မရွှေ့ခဲ့ချေ။ သည့်နောက် သူက မိုဖန်၏ ရလဒ်ကို မှီရန် နောက်ထပ် သုံးကြိမ်မြည်အောင် တီးနိုင်ခဲ့ပြန်သည်။ထို့နောက် သူက ကိုးကြိမ်မြောက်နှင့် ဆယ်ကြိမ်မြောက် ဗုံသံကို တီးခတ်နိုင်ပြန်သည်။ဆယ်ကြိမ်မြောက်မြည်သံတွင် တန်ပြန်အားကြောင့် သူက နောက်ဆုတ်သွားခဲ့ရ၏။

ရွှေရောင်ချပ်ဝတ်နှင့်လူက ထိုသို့ တီးခတ်နိုင်မှုက ဝမ်လင်း၏ အကန့်အသတ်ဖြစ်သည်ဟု တွေးထင်ခဲ့သည်။သို့သော် တကယ်က ဝမ်လင်းသည် ခုမှ အစပြုခဲ့ခြင်း ဖြစ်နေလေ၏။

သူက တုန်လှုပ်မိနေဆဲမှာပင် ဆယ့်တစ်ကြိမ်မြောက်ဗုံသံက ထွက်ပေါ်လာခဲ့၏။

သည့်အပြင် ထိုဆယ့်တစ်ကြိမ်မြောက် မြည်သံသည် ဝမ်လင်း၏ စိတ်ဆန္ဒကိုပါ သယ်ဆောင်လာခဲ့သေးသည်။

သည်အရာက ကျင့်ကြံခြင်းနှင့် လုံးလုံးလျာလျာ မသက်ဆိုင်တော့ဘဲ နယ်ပယ်ကြောင့်သာ ဖြစ်နေ၏။နယ်ပယ်၏ မတူညီသည့်အဆင့်တစ်ခုနှင် စိတ်ဝိညာဉ်ကို သန့်စင်စေမှု ဖြစ်နေသည်။

ရွှေရောင်ချပ်ဝတ်နှင့်လူက ယနေ့အဖြစ်အပျက်ကို သူ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပေ။အခုချိန်၌ သူက ဝမ်လင်းနှင့် ဆန့်ကျင်လိုသည့် ဆန္ဒ မရှိတော့ပေ။

“ဆယ့်ငါးကြိမ် မြောက်အသံထွက်လာရင် သင်က ကိုယ့်လက်ကိုယ်ကို ဖြတ်ပစ်ရမယ်…”

ဝမ်လင်းအသံက တည်ငြိမ်နေသော်လည်း လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ ဦးရေပြားက ထုံထိုင်းသွား၏။သူက ရှေ့သို့ တိုး၍ ဝမ်လင်းကို တိုက်ခိုက်လိုနေခဲ့သည်။

ဝမ်လင်းက ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ တုန့်ပြန်မှုကို စောင့်မနေတော့ချေ။သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲကို ကြည့်ရှုနေသူများထံသို့ သိမ်းကြုံးကြည့်လိုက်သည်။ထိုအခါ သူ့အကြည့်ကို လူတိုင်းက ရှောင်ဖယ်ရန် ရွေးချယ်လိုက်ကြသည်။

ဒုဗိုလ်ချုပ်မှူး ခြောက်ယောက်ပင် ထိုသို့ ပြုလုပ်ခဲ့သည်သာ။ သို့သော် ဝမ်လင်း၏ အကြည့်ကို မရှောင်ဖယ်သည့် ဒုဗိုလ်ချုပ်မှူးတစ်ယောက် ရှိလေ၏။ထိုလူကတော့ ဒုဗိုလ်ချုပ်မှူးရွှမ်ပင် ဖြစ်သည်။သူက ဝမ်လင်းကို ကြည့်၍ လက်နှစ်ဖက်ယှက်၍ လေးစားမှုကို ဖော်ပြလိုက်သည်။

ဝမ်လင်းက ခေါင်းငြိမ့်ပြလိုက်ပြီး သူ့အကြည့်ကို ဆက်ရွှေ့လိုက်သည်။သည်တစ်ကြိမ်၌ သူ့အကြည့်က ဗိုလ်ချုပ်မှူးရှစ်ယောက်ထံသို့ ကျရောက်သွား၏။သူတို့တစ်ယောက်ချင်းစီက ဝမ်လင်း၏ အကြည့်နှင့် တွေ့ဆုံလိုက်ကြသည်။ သူတို့က အကြည့်ချင်းဖလှယ်မိသွားကြသည်။

ဗိုလ်ချုပ်မှူးကောင်းကင်က ဝမ်လင်းအကြည့် သူ့ထံသို့ ရောက်လာသည့်အခါ ပထမဆုံးအကြိမ်အဖြစ် ပါးစပ်ဟလာပြီး ပြောလိုက်လေ၏။

“ဝမ်လင်း…မင်းနာမည်ကို ငါ သတိရနေမှာပါ…”

နတ်ဆိုးဗိုလ်ချုပ်များပင် ဝမ်လင်း၏ အကြည့်ကို ရှောင်လွှဲကြပေသည်။သို့ရာတွင် ရှီရှောင်က မာန်သွင်းကာ ဝမ်လင်းအကြည့်နှင့် ထိပ်တိုက် တွေ့ဆုံသည်။

သူက တိုက်ပွဲစိတ်ဆန္ဒကို ဖော်ပြနေ၏။သို့သော် ဝမ်လင်းက သူ့ကို လစ်လျူရှူထားကာ သူ့အကြည့်ကို ဆက်လက် ရွှေ့လျားလိုက်သည်။

နောက်ဆုံးတွင် ဝမ်လင်းအကြည့်က မိုဖန် ထံ၌ ရပ်တန့်သွား၏။

သူက ဝမ်လင်းကို ကြည့်နေရင်း သူ့အသွင်က အရေးမစိုက်သည့်ဟန်ပန် ရှိလို့နေဆဲပင်။

သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် ဝမ်လင်းက မျက်လုံးဖြည်းဖြည်းချင်းမှိတ်ကာ သူ့လက်ကို ဗုံပေါ်သို့ တင်လိုက်သည်။ခုချိန်တွင် သူ့ပန်းတိုင်က ဗုံကို မြည်အောင်လုပ်ရန် မဟုတ်တော့ပေ။

ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းက အာဏာတက်ခြင်းအဆင့်၏ အစပ်ကို ထိတွေ့မိခဲ့ပေပြီ။

“ငါက အာဏာတက်ခြင်းအဆင့်ကို ရောက်ချင်တယ်…” ဝမ်လင်းက မျက်လုံးဖွင့်လာခြင်း မရှိသေးချေ။သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်သောယုံကြည်မှုနှင့် ပြည့်နေ၏။

သူက သူ့ညာလက်ကို နတ်ဆိုးဗုံပေါ်သို့ တင်ထားသည်။

ဒုန်း…ဒုန်း…။သူ့လက်က လှုပ်ရှားခြင်းမရှိသော်လည်း ဗုံသံက ရုတ်တရက် မြည်လာခဲ့သည်။သည်အသံက မိုးခြိမ်းသံအဖြစ် ပြောင်းလဲ၍ သည်ကမ္ဘာလောကထဲသို့ ဆင်းသက်လာတော့သည်။

ဗုံသံမှ ဒုတိယကြိမ်ထွက်ပေါ်လာသည့် ဝမ်းနည်းမှုက ပထမတစ်ကြိမ်ထက် ပိုအားကောင်းနေခဲ့သည်။

ဝမ်လင်းက ခပ်တိုးတိုး ပြောလိုက်၏။ “နည်းနည်း လိုနေတုန်းပဲ…” သူက ထိုသို့ပြောလိုက်ရင်း ဗုံသံမှ နောက်ထပ် အသံတစ်ခု ထွက်လာပြန်သည်။

ဗုံသံမှ အသံသုံးခု ထွက်လာခဲ့လေ၏။ဆယ့်နှစ်ကြိမ်မြောက်၊ဆယ့်သုံးကြိမ်မြောက်၊ ဆယ့်လေးကြိမ်မြောက် အဖြစ်ထွက်ပေါ်လာသည့် ဗုံသံက ကောင်းကင်၌ ပဲ့တင့်ထပ်သည်။

ဗုံသံများက အတူပေါင်းစပ်သွားလေ အရင်ထက် ပိုပြင်းထန်သည့် တန်ပြန်အားကို ဖြစ်ပေါ်စေလေ ဖြစ်သည်။သည်အားက နတ်ဆိုးဗုံမှ ထွက်ပေါ်လာ၍ ဝမ်လင်းလက်ကို ဖြတ်သန်းကာ သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာ၏။

သည်အခိုက်တွင် လူတိုင်းက အသံတစ်ခုကိုသာ ကြားရတော့၏။ထိုအသံက ဝမ်လင်းခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုအသံနှင့်အတူ ဝမ်လင်းခန္ဓာကိုယ်၏ ဒွာရပေါက်များမှ တစ်ဆင့် အနက်ရောင်အရည်များ စီးကျလာတော့သည်။

“ခြင်ဆီ သန့်စင်ခြင်း…” ဗိုလ်ချုပ်မှူးကောင်းကင်၏ မျက်လုံးက လွန်စွာတောက်ပသွားပြီး လေးစားသည့် အရိပ်အယောင်များပါ ဖြစ်ပေါ်လာ၏။

“ဒါကမှ အစစ်အမှန် ခြင်ဆီသန့်စင်ခြင်းပဲ။အစောပိုင်းတုန်းက မင်းဟာ အပေါ်ယံပဲ သန့်စင်နိုင်ခဲ့တယ်…”

အခြားဗိုလ်ချုပ်မှူးများသည်လည်း ဝမ်လင်းကို မနာလိုစွာ ကြည့်နေကြသည်။ကောင်းကင်နတ်ဆိုးနိုင်ငံ၌ နတ်ဆိုးဗုံသည် နဂါးကန်အောက်၌ နံပါတ်တစ်ရတနာဖြစ်နေသည်ကို သူတို့ထက် ပို၍ မည်သူမျှ မသိနိုင်ပေ။

နဂါးကန်က ရှေးဟောင်းနတ်ဆိုး၏ စိတ်ဝိညာဉ်ရှိကာ သူတို့ကို တာအိုအား သင်ကြားပေးနိုင်၏။

သည်ဗုံကတော့ ရှေးဟောင်းနတ်ဆိုး၏ အရေပြားနှင့် ပြုလုပ်ထားကာ ရှေးဟောင်းနတ်ဆိုး၏ စွမ်းအား ပါဝင်နေသည်။ပြောကြသည်က နတ်ဆိုးအင်ပါယာတိုင်းသည် ထိုရှေးဟောင်းနတ်ဆိုး၏စွမ်းအားကို ထုတ်ယူနိုင်ရန် ဗုံသံကို မြည်ဟီးစေသည့် မန္တန်တစ်ခုရှိကာ ထိုအရာက ကောင်းကင်နတ်ဆိုးနိုင်ငံကို ကာကွယ်မှု ပြုရာ၌ အကူအညီ ဖြစ်စေသည် ဟူ၍ပင်။

ဗိုလ်ချုုပ်မှူးတိုင်းက ထိုအဆင့်သို့ တိုးမြှင့်ပေးခံရချိန်၌ ထိုနတ်ဆိုးဗုံကို တီးခတ်ခွင့် ရကြပေသည်။ ထိုဗံကို တီးခတ်ရခြင်း ဆုလဒ်က ရိုးတွင်းခြင်ဆီကို သန့်စင်နိုင်ရန် အတွက် ချီးမြှင့်မှုလည်း ဖြစ်သည်။

သို့သော် သူတို့က ခြင်ဆီသန့်စင်နိုင်ခြင်း ရှိမရှိကတော့ သူတို့၏ ကျင့်ကြံမှုပေါ်တွင် မူတည်ပေ၏။

“ဆယ့်လေးကြိမ်မြောက် မြည်သံ…” ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏မျက်မှာက ပိုမို ဖြူရောသွားသည်။

ရွှေရောင်ချပ်ဝတ်နှင့်လူကြီးကလွဲ၍ ကျန်သည့်လူတိုင်းသည် သည်မြည်သံအရေအတွက်ကိစ္စကို မေ့သွားကြသည့်ပုံပင်။သူတို့အားလုံးက နားထဲသို့ တိုးဝင်လာသည့် အသံတွင်သာ နစ်မြုပ်နေပြီး နှလုံးသားထဲ၌ တုန်လှုပ်နေကြသည်။

သည်အသံက ခြင်ဆီသန့်စင်ခြင်း၏ အသံ ဖြစ်နေသည် မဟုတ်လား။

လူတစ်ယောက်က ခြင်ဆီသန့်စင်ချိန်၌ ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့်အသံသည် ကြားရသူ၏ ခန္ဓာကိုယ်ကို တုန်ခါစေနိုင်သည်။

ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးအားလုံးသည် ဗုံကြောင့် ကင်းစင်သွားခဲ့ရပြီ ဖြစ်သည်။သည့်နောက် သူက နတ်ဆိုးဗုံကို ကြည့်လိုက်၏။သူ့မျက်လုံးက ကြည်လင်လို့နေသည်။

“ငါ ဝမ်လင်းက နှစ်ပေါင်း ခုနစ်ရာ ကျင့်ကြံခဲ့ပြီးပြီး။ငါ့ကျင့်ကြံမှုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံး အထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့သလို ငါ့ တာအိုကိုလည်း ငါ့ခန္ဓာနဲ့ ပေါင်းစပ်ခဲ့ပြီး ဖြစ်တယ်။ နောက်ဆုံးတော့ ငါဟာ အာဏာတက်ခြင်းအဆင့်ကို ဘာကြောင့် မရောက်ရှိသေးတာလဲကိုပါ ခုသိလိုက်ရပြီ။ ငါ့ နယ်ပယ်က ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ခဲ့ပေမဲ့လည်း ငါ့တာအိုက ခုထိ မပြည့်စုံခဲ့သေးလို့ပဲ…။နောက်ဆုံးတော့…ငါ့နှလုံးသား အနက်ပိုင်းထဲမှာ…ဝမ်းနည်းမှု၊ဒဏ်ရာ အမာရွတ်တစ်ခု ရှိနေခဲ့လို့ပဲ…”

“လီမူဝမ် သေဆုံးသွားချိန်မှာ ငါ့နယ်ပယ်က အဆင့်သစ်တစ်ခုကို ရောက်ရှိပြီး ငါ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့တယ်။ဒါပေမဲ့ ဝမ်အာကပဲ ငါ့နှလုံးသားထဲမှာ ချိပ်ပိတ်မိနေတဲ့ အတွေးတစ်ခု ဖြစ်လာခဲ့ရတယ်…”

“ဒါ့ကြောင့် ငါဟာ လှေပေါ်က အမျိုးသမီးရဲ့ ကုချင်းဂီတကို ကြားလိုက်ရတဲ့ အချိန်မှာ ဝမ်းနည်းမှုကို ခံစားခဲ့ရတာ ဖြစ်တယ်။ငါက ကုချင်းတီးခတ်တဲ့ အမျိုးသမီး သေဆုံးသွားချိန်ထိ ကုချင်းဂီတကို နှစ်ရာချီပြီး နားထောင်ရမယ်ဆိုရင်တော့ သူမ သေသွားပြီးတဲ့ အခါကျမှ ဉာဏ်အလင်း ရနိုင်လိမ့်မယ်။အဲ့ကျမှ ငါ့နှလုံးသားထဲက ဝမ်းနည်းမှုကလည်း ကုချင်းဂီတသံနဲ့အတူ ပျောက်ကွယ်သွားနိုင်မှာ…”

“ဒါပေမဲ့ ဒီနေ့မှာ ငါက ဒီနတ်ဆိုးဗုံရဲ့ စွမ်းအားကို ငှားယူပြီး အချိန်တိုးအတွင်း ဒီအတွေ့အကြုံ ဉာဏ်အလင်းကို ရရှိခဲ့တယ်။ငါက ငါ့ဝမ်းနည်းမှုကို ဗုံသံနဲ့ ပေါင်းစပ်ပြီး အသံအဖြစ် ထုတ်လွှတ်စေခဲ့တာ ဖြစ်တယ်။ခု ငါ့နှလုံးသားထဲမှာ ဘာဝမ်းနည်းမှုမှ မကျန်တော့ဘူး။ငါ့တာကိုကလည်း ပြည့်စုံသွားလိမ့်မယ်။ငါက အာဏာတက်ခြင်း အဆင့်ကို ရောက်လိမ့်မယ်…”

ဝမ်လင်းက သူ့ညာလက်ကို မြှောက်၍ ဗုံပေါ်သို့ ညင်သာစွာ ကျရောက်စေလိုက်သည်။ထိုအခိုက်တွင် သူ့အနက်ရှိုင်းဆုံး နှလုံးသားထဲကနေ ထွက်ပေါ်လာသည့် လီမူဝမ်နှင့် ပတ်သတ်သော အရာအားလုံး၊ သူ့အတွေး၊သူ့ဝမ်းနည်းမှုတို့ပါ ထွက်ပေါ်လာတော့သည်။ ထိုခံစားချက်က သူ့လက်ကနေ တစ်ဆင့် ဗုံထံသို့ စီးဆင်းသွားတော့သည်။

“ဒါပေမဲ့…ငါက ဒီလိုလုပ်လိုက်ရင် သူမကို မေ့ပစ်ဖို့ ရွေးချယ်လိုက်တာပဲ…ငါ တကယ်ကို မေ့ချင်ရဲ့လား…”

ဤအခိုက်အတန့်၌ ဝမ်လင်းလက်က တုန်ယင်နေလေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset