Switch Mode

အပိုင်း (၆၄၁)

ဗိုလ်ချုပ်မှူးကောင်းကင်၏ စိတ်လှုပ်ရှားလာမှု

“ဒါပေမဲ့ ခုချိန်မှာတော့ မင်းက ငါ့လက်တစ်ဖက်ကို ယူဖို့ မဖြစ်နိုင်တော့ဘူး…” ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက သူ့ရှေ့ရှိ ဝမ်လင်းကို ကြည့်ကာ အသက်ဝဝရှူသွင်း၍ ခေါင်းယမ်းပြီး ပြောလိုက်သည်။ “မင်းက ဆယ့်ငါးကြိမ် မြည်အောင် တီးနိုင်မယ် ဆိုရင်တော့ ကောင်းကင်နတ်ဆိုးနိုင်ငံကို သက်သော ထားပြီး ငါ့လက်ကို မင်းအတွက် ဖြတ်ပေးမယ်လို့ ကျိန်ဆိုတယ်…”

“မင်းက အဲ့လို မလုပ်နိုင်ရင် ပါးစပ်ပိတ်ထားလိုက်တော့။မင်းက ထပ်ပြီး ဆူညံဆူညံ လုပ်နေမယ်ဆိုရင် ငါ့ကို အပြစ်မတင်တော့နဲ့…” ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

ဝမ်လင်းက ထိုလူ့ကို အေးတိအေးစက် ကြည့်နေသည်။သည်လူ၏ ကျင့်ကြံခြင်းက မြင့်မားပေသည်။ဝမ်လင်းက ရွှေရောင်လှံကို ခုခံနိုင်လိုက်သည့်အခါ၌ သူက သည်လူ၏ ကျင့်ကြံမှုအဆင့်သည် အာဏာတက်ခြင်းအလယ်အဆင့်၏ အထွတ်အထိပ်မှာ ရှိနေသည်ဟု ပြောလိုက်နိုင်၏။သူက အာဏာတက်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရန် ဆံချည်တစ်မျှင်လောက်သာ လိုတော့သည်။

သည်လူ၏ ကျင့်ကြံမှုအဆင့်က ဒုဗိုလ်ချုပ်မှူးများထက် တစ်ဆင့်သာ မြင့်သော်လည်း သည်အဆင့်က ဝမ်လင်းအတွက်တော့ ကွာဟချက် ကြီးလွန်းနေ၏။

သည်လူနှင့် ပတ်တတ်၍ အရေးကြီးဆုံးက သူကျင့်ကြံသည့် မန္တာန်ပင်။ထိုမန္တန်က တော်တော်လေး ကြောက်ဖို့ကောင်း၏။ဝမ်လင်းက သူ့နေလှံကို ခုခံလိုက်သည့်အခါတွင် သည်လှံ၏ နောက်ရှိ ထူးဆန်းသောအားတစ်ခုကို သတိပြုခဲ့မိသည်။သည်ရွှေရောင်ချပ်ဝတ်နှင့်လူ၏ မန္တာန်က ယန်မီးတောက်နှင့် ဆက်နွှယ်နေ၏။သူက ထိုမန္တာန်ကို အသုံးပြုပါက သာမန်အာဏာတက်ခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် ယှဉ်တိုက်နိုင်ဖို့ လုံလောက်နေ၏။

တကယ်တော့ သည်လူနှင့် တိုက်ခိုက်ရာတွင် နေ့အချိန်နှင့်ညအချိန်ပေါ်မူတည်၍ သူ့ခွန်အားက ကွာခြားမှု ရှိပေလိမ့်မည်။ခုက နေ့အချိန်ဖြစ်သည့်အတွက် ဝမ်လင်းက ထိုလူ့ကို သံသယမရှိ ရှုံးနိမ့်မည်သာ ဖြစ်သည်။ဝမ်လင်းက ထိုလူနှင့် ညအချိန်တွင် အားကောင်းသော ယင်စွမ်းအင်ရှိသည့်နေရာတွင် တိုက်ခိုက်ပါက သူ့အတွက် ပိုလွယ်ကူပေလိမ့်မည်။

ဝမလင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ရွှေရောင်ချပ်ဝတ်နှင့်လူကြီးကို အာရုံမထားတော့ပေ။သည့်နောက် သူ့အကြည့်က စစ်ဗုံထံသို့ ကျရောက်သွား၏။သူက ရှစ်ကြိမ်မြောက် မြည်သံကို တီးခတ်စေခဲ့ပြီး ဖြစ်၏။ရှစ်ကြိမ်မြောက် မြည်သံ၏ တန်ပြန်အားက သူ့အသက်ဓာတ်ချိပ်တံဆိပ် အလွှာသုံးထောင်ကျော်ကို ချိုးဖျက်လုနီးပါး ဖြစ်ခဲ့၏။

“မိုလီဟိုင် မပါဝင်တာတောင် ငါက ရှစ်ကြိမ်မြောက် တီးခတ်နိုင်ခဲ့ပြီ။ ထိပ်ဆုံးဆယ်ယောက်ကို ဝင်ဖို့ ငါက အများဆုံးမှ တစ်ကြိမ်ပဲ ထပ်တီးဖို့ လိုတယ်။ငါက ဆက်တီးမယ်ဆိုရင် ဒဏ်ရာရနိုင်တယ်။ ဒီတော့ ဒါက မတန်တော့ဘူး…”

“ဒါပေမဲ့ ငါက ဒီနတ်ဆိုးဗုံကို တီးခတ်တဲ့အခါမှာ ဒီမြည်သံက ငါ့စိတ်ကို လှုံ့ဆော်ပေးနေတယ်။ဒါက ငါ မြစ်ဘေးမှာ ကုချင်းသံကို နားထောင်ချိန်မှာ ရတဲ့ ခံစားချက်နဲ့ တူတူပဲ။ ဒီဗုံမြည်သံက ငါ့တာအိုကို အကူအညီများ ပေးနိုင်နေမလား…”

“ဒီဗုံမြည်သံက ငါ့တာအို လမ်းကြောင်းတော့မဟုတ်ဘူး။ ဒါပေမဲ့ ဗုံရဲ့ တန်ပြန်အားက ကောင်းကင်ကို ဆန့်ကျင်တဲ့ ပုံစံတစ်မျိုးလို ဖြစ်နေတယ်။ငါက ဗုံကို အသံမြည်အောင် တီးတာက ကောင်းကင်ဘုံရဲ့ နောက်ကို လိုက်ပါတာ ဖြစ်တယ်။ ဒါပေမဲ့ တန်ပြန်အားကတော့ ကောင်းကင်ဘုံကို ဆန့်ကျင်လို့နေတယ်…”

“ဒီလိုက်ပါခြင်းနဲ့ ဆန့်ကျင်ခြင်းက အံ့ဖွယ်လည်ပတ်နေမှု(သံသရာ)တစ်ခုကို ဖန်တီးပေးတယ်…”

ဝမ်လင်းက နတ်ဆိုးဗုံကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက ထူးဆန်းတောက်ပလာ၏။သည်အခိုက်တွင် သူက တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ အသက်ဝဝရှူသွင်းက ဗုံထံသို့ ရိုက်ခတ်လိုက်ပြန်သည်။

ဒုန်း…။ကိုးကြိမ်မြောက်ဗုံသံက ထွက်ပေါ်လာတော့၏။

ဗုံထံမှ တန်ပြန်အားက သူ့ခန္ဓာကိုယ်ထဲသို့ ဒီရေအလား တိုးဝင်လာသည်။သည်အရာက ကောင်းကင်ကို ဆန့်ကျင်နေသည့်အားပင်။ ၎င်းက ဝမ်လင်းခန္ဓာကိုယ်ကို ဖြတ်ကျော်လာကာ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ အသက်ဓာတ်ချိပ်တံဆိပ်များက တစ်ခုပြီးတစ်ခု ပျက်စီးလာသည်။ အသက်ဓာတ်ချိပ်တံဆိပ်ပေါင်း (၃၆၀၀)ကျော်က ပျောက်ကွယ်သွား၏။သည်တန်ပြန်အားက များစွာ အားပျော့သွားသော်လည်း တစ်ဝက်ကျော်ကြွင်းကျန်နေသည့်အားက ဝမ်လင်းထံသို့ တိုးဝင်လာနေဆဲသာ ဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် အသက်ဓာတ်ချိပ်တံဆိပ်များက ပြိုကျသွားတော့၏။

နောက်ဆုံးချိပ်တံဆိပ် ပြိုကျသွားသည့်အခါ တန်ပြန်အားက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်လာပြီး သူ့သွေးကြောများတစ်လျှောက် ရွှေ့လျားသွား၏။

သူ့ခန္ဓာကိုယ်က နောက်သို့ အလိုလို ဆုတ်သွားရသည်။ ခြေတစ်လှမ်း…နှစ်လှမ်း…သုံးလှမ်း…ဆယ့်ကိုးလှမ်းထိ ဆုတ်သွားရပြီးမှ ဝမ်လင်းက သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်သည်။

သူ့မျက်နှာကလည်း နီရဲလာကာ ခဏအကြာမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

ထိုအရာကို ကြည့်၍ သက်လတ်ပိုင်းလူကြီးက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။သူက တွေးလိုက်၏။ “ဒီကောင်လေးက ဆယ့်ငါးကြိမ် ဘယ်လိုမှ တီးခတ်နိုင်မှာ မဟုတ်ဘူး။ ကိုးကြိမ်မြောက်က သူ့ အကန့်အသတ်ပဲ ဖြစ်လိမ့်မယ်။အများဆုံးမှ ဆယ်ကြိမ်ပေါ့…”

ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝ တိတ်ဆိတ်နေသည်။ဝမ်လင်း၏ ရလဒ်က နံပါတ်တစ်ဗိုလ်ချုပ် မိုဖန်ကိုပင် ဖိနှိပ်သွားနိုင်ပြီ မဟုတ်လော။လူတိုင်းက သည်နေ့မှစ၍ ဝမ်လင်း ဆိုသည့်နာမည်က ကောင်းကင်နတ်ဆိုးနိုင်ငံတွင် တောက်ပတော့မည်ကို သိလိုက်ကြ၏။

နတ်ဆိုးအင်ပါယာသည် လူအများကို မည်သည့်နေရာကလာသည်ကို အလေးထားခြင်းမရှိဟု ပြော၍ ရ၏။ နတ်ဆိုးဗိုလ်ချုပ်မှူးကောင်းကင်ပင် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်လား။

လူတိုင်း၏ အကြည့်က ဝမ်လင်းထံ၌သာ ရှိနေသည်။

မိုလီဟိုင်က ဝမ်လင်းကို စူးစိုက်ကြည့်နေမိသည်။ဝမ်လင်းက လွန်ခဲ့သော လအနည်းငယ်အတွင်း ကြီးစွာပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“ကိုးကြိမ်မြောက် မြည်သံ… ငါမလုပ်နိုင်ဘူး…” မိုလီဟိုင်က ခါးသက်စွာသာ သက်ပြင်းချနိုင်တော့၏။

ဝမ်လင်းက ကွင်းပြင်၏ အလယ်တွင် မားမားမတ်မတ်ရပ်နေသည်။ သူ့ထံသို့ ကြည့်နေသော အကြည့်အားလုံးက လုံးဝလစ်လျူရှုထား၏။ခုချိန်တွင် သူ့အသွင်က မတည်မငြိမ်နှင့် သုန်မှုန်နေခဲ့သည်။သူက မျက်မှောင်ကြုတ်လာ၏။

အသက်ဓာတ်အားချိပ်တံဆိပ် (၃၇၀၀)ကျောက်ကို ဖြတ်လာပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် တန်ပြန်အားက အများကြီး မကျန်တော့ချေ။သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အနည်းငယ် လှည့်ပတ်လိုက်ရုံဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

သို့သော် သည်တန်ပြန်အားက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်လာသည့်အခိုက်တွင် သူက သည်တန်ပြန်အားအတွင်းရှိ ထူးဆန်းသောအော်ရာကို ချက်ခြင်း ခံစားမိလိုက်၏။၎င်းအော်ရာထဲ၌ အလံမလှဲ၊အညံမခံသည့် စိတ်ဝိညာဉ်တစ်ခုနှင့ ကောင်းကင်ကိုပင် ဆန့်ကျင်လွှမ်းမိုးနေသည့် ခံစားချက်ပါ ပါဝင်နေခဲ့သည်။

သည်တန်ပြန်အားက ထိုအညံမခံသည့် မောက်မာလွန်းသည့် အော်ရာကနေ ထွက်ပေါ်လာခြင်း ဖြစ်ရပေမည်။ထိုအော်ရာက ကောင်းကင်ပြိုကျလျှင်ပင် ယင်းကောင်းကင်ကို ဆုပ်ကိုင် ထိုးဖောက်မည်ဆိုသည့် စိတ်ဝိညာဉ်ပင်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်း…”

“ငါ အစက မှားခဲ့တာပဲ။ဒီ ဖိဆန်သည့်အားကို ခုခံဖို့ ငါ့ အသက်ဓာတ်ချိပ်တံဆိပ်ကို အသုံးပြုတာက ငါ့ နှလုံးသားထဲက ကိုယ်ပိုင် ဖိဆန်တက်တဲ့၊ဆန့်ကျင်တက်တဲ့ သဘာဝကို ခုခံနေတာနဲ့ တူတူ ဖြစ်နေတယ်…”

ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသောအားတစ်ခု ထုတ်လွှတ်လာ၏။သည့်နောက် သူက စစ်ဗုံထံသို့ တိတ်ဆိတ်စွာ ကြည့်သည်။

ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ရှေ့သို့ တစ်လှမ်းချင်း လှမ်းသွားတော့သည်။ ခြေဆယ့်ကိုးလှမ်း လှမ်းပြီးနောက် သူက စစ်ဗုံရှေ့သို့ ရောက်ရှိလာသည်။ ဝမ်လင်းက သည်ဗုံကို ချက်ခြင်း တီးခတ်ခြင်း မပြုဘဲ သူ့လက်ဝါးဖြင့် ကြမ်းတမ်းသည့် ဗုံမျက်နှာပြင်ကို ညင်သာစွာ ထိလိုက်သည်။

ဖိဆန်သည့် စိတ်ဆန္ဒအမျှင်တန်းများက ဝမ်လင်းလက်ဝါးကို ဖြတ်၍ ဝင်ရောက်လာ၏။

သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။သည်အခိုက်တွင် သူက နတ်ဆိုးဗုံနှင့် ပေါင်းစပ်သွားသည်ဟု ထင်မှတ်ရ၏။သူ့အော်ရာကလည်း ခပ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက မျက်မှောင်ကြုတ်သွားသည်။သည့်နောက် သူက နှာခေါင်းရှုံ့၍ ပြောလိုက်၏။ “ထူးထူးဆန်းဆန်းတွေ လာလုပ်နေတယ်။ဟက်…။ဒီဗုံကို ထိရုံနဲ့ ဆယ့်ငါးကြိမ် မြည်နိုင်မယ်ဆိုရင် နေ့တိုင်း ဒီဗုံကို သန့်ရှင်းရေး လုပ်နေတဲ့ အစေခံတွေက အကြိမ်ရာချီပြီး မြည်အောင် လုပ်နေပြီးပြီး…။ရူးလိုက်တဲ့ ကောင်…”

သူတစ်ယောက်တည်းသာ ထိုသို့ တွေးသည် မဟုတ်ချေ။ နတ်ဆိုးဗိုလ်ချုပ်မှူးများပင် မျက်မှောင်ကြုတ်သွားကြ၏။

ဗိုလ်ချုပ်မှူး ရွှမ်က ဝေခွဲမရသည့်ဟန်ဖြင့် ပြောလိုက်၏။ “ဒီကောင်လေး ဘာလုပ်နေတာလဲ…”

ဗိုလ်ချုပ်မှူးများထဲမှ တစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။ “ဒီကျင့်ကြံသူက နတ်ဆိုးဗုံနဲ့ ဆယ်သွယ်ဖို့ ကြိုးစားနေတာလား…”

ဗိုလ်ချုပ်မှူးများထဲမှ တစ်ဦးတည်းသော ဗိုလ်ချုပ်မှူးစကြဝဠာက ခပ်တိုးတိုးပြောလိုက်သည်။ “သူက ဗုံနဲ့ ဆက်သွယ်ဖို့ လုပ်နေတာ မဟုတ်ဘူး။ နားလည်အောင် လုပ်နေတာ။ငါ နတ်ဆိုးဗုံကို တီးခတ်ခဲ့တဲ့ အချိန်တုန်းက ဒီဗုံထဲက အော်ရာကို ခံစားခဲရတယ်။သင်တို့အားလုံးက ဒီခံစားချက်ကို မေ့နေကြာတာလား…”

သူမက ထိုသို့ပြောလိုက်သည့်အခါ ဗိုလ်ချုပ်မှူးများ၏ အသွင်က အလေးအနက်ဖြစ်သွားကြ၏။

နတ်ဆိုးဗိုလ်ချုပ်များကြားတွင်တော့ မိုဖန်က ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက ခပ်တိုးတိုးပြောလိုက်သည်။ “မင်းကလည်း ဒီအော်ရာကို ခံစားမိလိုက်တာလား…”

ဝမ်လင်းက မျက်လုံးမှိတ်ထားသည့်အခါ ဖိဆန်သည့်အော်ရာက ပိုမို ရှင်းလင်းလာခဲ့သည်။

သည်အော်ရာက သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စုစည်းလာပြီး သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။သူက သည်အော်ရာတွင် နစ်မြုပ်လို့နေသည်။

“ငါက ဒီဗုံရဲ့ ဖိဆန်တဲ့အော်ရာကို ခုခံတာ မဟုတ်ဘဲ နစ်မြုပ်နေတာလို့ ယူဆိုလို့ရတယ်။ငါက ဒီအော်ရာကို နားလည်းနိုင်ရင် တန်ပြန်အားကလည်း ငါ့ကို ဒဏ်ရာ ရစေမှာ မဟုတ်တော့ဘူး။ အဲ့အစား ငါ့ခန္ဓာကိုယ်ကိုတောင် သန့်စင်ပေးနိုင်လိမ့်မယ်…”

ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာ၏။သူ့မျက်လုံးက ကြည်လင်လို့နေသည်။သူက လက်မြှောက်၍ နောက်တစ်ကြိမ် ညင်သာစွာ ထိလိုက်ပြန်သည်။

ဒုန်း…။ ဗုံထံမှ ဆယ်ကြိမ်မြောက် မြည်သံသည် ကွင်းပြင်၌ ပဲ့တင့်ထပ်လာပြန်သည်။

ဝမ်လင်းခန္ဓာကိုယ်က ဗုံထံမှ ထွက်ပေါ်လာသည့် အံမခန်းအားဖြင့်ချက်ခြင်း တွေ့ဆုံသွားသည်။သည်အခိုက်တွင် ဝမ်လင်းက သူ့အသက်ဓာတ်ချိပ်တံဆိပ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထိုတန်ပြန်အားကို သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်ခွင့်ပြုလိုက်၏။

တန်ပြန်အားက သူ့ခန္ဓာကိုယ်ထဲသို အရူးအမူး ရွှေ့လျားလာသည်။သူ့ဒွာရပေါက်များကနေ ချွေးပုတ်များ စီးကျလာသည်။ဝမ်လင်းက သူ့ခန္ဓာကိုယ်သည် လန်းဆန်းသန့်စင်သွားသည်ဟု ခံစားမိနေသည်။

သို့ရာတွင် သည်ခံစားချက်က အချိန်ကြာမြင့်ခြင်း မရှိပေ။သူ့ခန္ဓာကိုယ်ထဲရှိအားက ရုတ်တရက် ပြင်းထန်လာခဲ့၏။ထိုအားက ဝမ်လင်းခန္ဓာကိုယ်ကို မွှေနှောက်နေကာ သူ့မျက်နှာကို ဖြူရောလာစေ၏။

“ခြင်ဆီ သန့်စင်ခြင်း…။ ဒီကောင်လေးက နတ်ဆိုးဗုံကို အသုံးပြုပြီး သူ့ခြင်ဆီကို သန့်စင်နေတာပဲ…” ဗိုလ်ချုပ်မှူးများစွာက တုန်လှုပ်မိသွားသည်။

ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ မျက်လုံးကလည်း အေးစက်လာကာ သူက တွေးလိုက်၏။ “ခြင်ဆီ သန့်စင်ခြင်း…ဒီအဘိုးအိုက နတ်ဆိုးအင်ပါယာနောက်ကို လိုက်နေတာ အချိန်ကြာမြင့်နေပြီ။ နတ်ဆိုးအင်ပါယာက ဒီနတ်ဆိုးဗုံနဲ့ ခြင်ဆီသန့်စင်နိုင်တယ်လို့ ငါ့ကို ပြောခဲ့ဖူးတယ်။ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ လုံလောက်တဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားဖို့ လိုတယ်။မဟုတ်ရင် ကိုယ့်ကိုယ်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ပြန်ရနိုင်တယ်…”

ဝမ်လင်းမျက်နှာက သေလောက်အောင် ဖြူရောလာ၏။သို့သော် သူ့မျက်လုံးကတော့ တောက်ပလို့နေ၏။

“နတ်ဆိုးဗုံရဲ့ဖိဆန်တဲ့အားက အသိစိတ်အချို့ ရှိနေတယ်။ငါက ဒါနဲ့ လုံးဝ ပေါင်းစပ်နိုင်မယ်ဆိုရင်တောင် ဒါက ကောင်းကင်ဘုံကို ဖိဆန်တယ်လို့ ယူဆလို့ရနိုင်ပေမဲ့လည်း နတ်ဆိုးဗုံရဲ့လမ်းကြောင်းသာ ဖြစ်လိမ့်မယ်။ ငါ့ ကိုယ်ပိုင် လမ်းကြောင်းတော့ ဖြစ်မှာ မဟုတ်ဘူး…”

“ဘာလို့လဲဆိုတောင့် ငါ့တာအိုက ဒါနဲ့ မတူညီလို့ပဲ။ဒီကမ္ဘာမှာ ကျင့်ကြံသူဖြစ်ဖြစ်…တခြား သက်ရှိတစ်ခုခုပဲဖြစ်ဖြစ် ကောင်းကင်ဘုံကို ဆန့်ကျင်ဖိဆန်ပြီး ကျင့်ကြံနေသ၍ သူတို့မှာ ကိုယ်ပိုင် ဖိဆန်တဲ့ သဘာဝ ရှိပြီးသား ဖြစ်တယ်…”

“ဖိဆန်ခြင်း ဆိုတဲ့ စကားက တစ်လုံးတည်းဆိုပေမဲ့ လူတိုင်းက ဒီစကားကို ကိုယ်ပိုင်နားလည်မှု တွေရှိကြတယ်။ ဒီ ကောင်းကင်ဘုံကို ဖိဆန်နိုင်ဖို့အတွက်လည်း အမျိုးမျိုး တာအို တွေရှိကြတယ်…” ဝမ်လင်းမျက်လုံးက တောက်ပလို့နေသည်။ သူ့အသွင်က ဖြူရောနေသော်လည်း သည်အခိုက်၌ သူက သူ့နယ်ပယ်နှင့် သူ့ခန္ဓာကိုယ်ကို ပေါင်းစပ်လို့နေခဲ့သည်။ သူ့မျက်လုံးထဲရှိ အလင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ဝမ်းနည်းမှုနှင့် အထီးကျန်မှုတို့ အစားဝင်ရောက်လာတော့၏။

သည့်နောက် သူက ညာလက်ကိုမြှောက်ကာ နတ်ဆိုးဗုံအား ညင်သာစွာ ထိလိုက်၏။

ဒုန်း…။ဆယ့်တစ်ကြိမ်မြောက် မြည်သံက ဗုံထံကနေ ထွက်ပေါ်လာသည်။

သည်အခိုက်မှာပင် ဝမ်းနည်းဖွယ်အော်ရာက ဗုံထံကနေ ပျံ့လွင့်လာ၏။၎င်းအသံက ကွင်းပြင်တစ်ခုလုံး ပဲ့တင့်ထပ်ကာ ကောင်းကင်နတ်ဆိုးမြို့ထိ ပြန့်နှံ့လို့သွားတော့သည်။

ထိုဗုံသံ၏ ပဲ့တင်ထပ်မှုထဲမှ ဝမ်းနည်းမှုသည် ကုချင်းဂီတသံမှ ဝမ်းနည်းမှုမျိုးနှင့် ဆင်တူ၏။၎င်းအသံက နှလုံးသားကို လှုပ်ခတ်စေသည်။

သည်ဝမ်းနည်းမှုက သူ့စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်ပြီး သူ့စိတ်ဝိညာဉ်က စိတ်ဆန္ဒတစ်ခုဖြစ်ပေါ်သည်။သည်စိတ်ဆန္ဒက ဗုံကို ရိုက်ခတ်ကာ သူ့တာအိုကို ပျံ့လွင့်စေ၏။

“ဗုံသံထဲမှာ စိတ်ဆန္ဒပါနေတယ်…မဖြစ်နိုင်တာ…။ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ဒီလူက ဒါကို ဘယ်လိုများ အောင်မြင်အောင် လုပ်လိုက်နိုင်တာလဲ။ဒါက လုံးဝ မဖြစ်နိုင်ဘူး…”

ပထမဆုံးအကြိမ်အဖြစ် ရွှေရောင်ချပ်ဝတ်နှင့်လူကြီးအသွင်က လုံးဝ ပြောင်းလဲသွားတော့သည်။သူက နောက်သို့ အလိုလို ဆုတ်မိသွားပြီး ဝမ်လင်းကို ငေးကြည့်နေမိ၏။

ဗိုလ်ချုပ်မှူးကောင်းကင်ပင် ပထမဆုံးအကြိမ်အဖြစ် မျက်လုံးဖွင့်လာပြီး မတ်တပ်ရပ်ကာ ဝမ်လင်းကို ကြည့်လာ၏။သည်ကွင်းပြင်တစ်ခုလုံးတွင် သူ့အာရုံစိုက်မှုကိုရသည့် တစ်ဦးတည်းသောသူက ဝမ်လင်းပင် ဖြစ်ချေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset