ဒုဗိုလ်ချုပ်မှူးရွှမ်က တွေးနေမိသည်။ “ဟက်…ဒါက ဘာလို့ မဖြစ်နိုင်ရမှာလဲ။ဝမ်လင်း ဖြစ်နေသ၍ ဒီဟာက ဘာလို့ မဖြစ်နိုင်ရမှာလဲ…”
သူက သက်ပြင်းချလိုက်၏။သူက အလွန်မောက်မာလွန်းသည့် အချက်ကြောင့်သာမဟုတ်ရင်၊ဝမ်လင်းကို အထင်သေးခဲ့ခြင်းကြောင့်သာ မဟုတ်ရင် သူက ခုချိန်၌ ဒဏ်ရာရနေမည် မဟုတ်ပေ။
ဗိုလ်ချုပ်မှူးကောင်းကင်ကလွဲ၍ ကျန်သည့်ဗိုလ်ချုပ်မှူးအားလုံးက မတ်တပ်ထရပ်ကာ သူတို့ ဝမ်လင်းထံသို့ ထက်ရှစွာ ကြည့်လိုက်ကြသည်။သူတို့စိတ်ထဲ၌ မယုံနိုင်ဖြစ်မှုနှင့် တုန်လှုပ်မှုတို့ ကြီးစိုးနေသည်။
သူတို့အောက်ရှိ ဒုဗိုလ်မှူးချုပ်အားလုံးကတော့ မှင်သက်မိနေကြသည်။သူတို့က ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း စိတ်ထဲ၌ ပြင်းထန်စွာ တုန်ယင်နေမိသည်။
သူတို့အားလုံးက သည်ဗုံကို ငါးကြိမ်တိုင်အသံမြည်အောင် တီးခတ်နိုင်စွမ်း ရှိသည်ဟု ပြော၍ ရ၏။ငါးကြိမ်ဆက်တိုက် ဗုံသံထွက်အောင် တီးခတ်နိုင်သည့်သူများပင် ရှိလေသည်။သို့သော် သည်အသံငါးခုကို တစ်ခုတည်းအဖြစ်သို့ ပေါင်းလိုက်ခြင်းကတော့ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သည်ဟု ပြော၍ရ၏။
သည်ဗုံထံမှ ပြင်းထန်သည့် တန်ပြန်အားက နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် တောင့်ခံနိုင်သည့် အရာမဟုတ်ပေ။ပါရမီရှင် နတ်ဆိုးဗိုလ်ချုပ် မိုဖန်ပင် သုံးကြိမ်ဆက်တိုက်ကိုသာ တောင့်ခံနိုင်ခဲ့သည် မဟုတ်လား။လေးကြိမ်မြောက်တန်ပြန်ဒဏ်ကို သူက ဆက်တိုက်တောင့်ခံပါက သံသယမရှိ အရေးနိမ့်သွားမည်သာ ဖြစ်၏။
သို့သော် ခု ဝမ်လင်းကတော့ တစ်ပြိုင်နက်တည်း အသံငါးခုကို မြည်အောင် တီးခတ်နိုင်ခဲ့ပေသည်။သည့်အပြင် သည်လူက နောက်သို့ ဆုတ်ရခြင်း၊ ဒဏ်ရရခြင်းပင် မရှိခဲ့ပေ။
သူက သူကိုယ်တိုင် သည်ဗုံကို မတီးခတ်ခဲ့သည့်အလား ဗုံအနားတွင်သာ မလှုပ်မယှက် ရှိနေခဲ့၏။ သူက သာမန်ဗုံတစ်ခုကို တီးခတ်လိုက်ရသည့်အလား ရှိလို့နေ၏။
“ဘယ်လို…ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ…။ငါ အမြင်မမှား လောက်ပါဘူး။ ဟုတ်တယ်မလား…။သူက ငါးကြိမ်ဆက်တိုက် တီးလိုက်နိုင်တာလား…”
“ဒီနေရာမှာ ပြဿနာတစ်ခုခုတော့ ရှိနေပြီ။ ဒီကျင့်ကြံသူက လှည့်ကွက်အချို့ သုံးခဲ့တာပဲ ဖြစ်ရမယ်…”
“ယုဆန်က လေးကြိမ်တိုင်တိုင်မြည်အောင် တီးခတ်နိုင်ဖို့ အားကုန်သုံးခဲ့ရတယ်။ ဒါပေမဲ့ မိုဖန်ကလည်း ရှစ်ကြိမ်တိုင်တိုင် မြည်အောင် တီးခတ်နိုင်ခဲ့တယ်။ဒီလူက ကျိန်းသေပေါက် ထပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး…”
လူအုပ်ကြီးထဲမှ တုန်လှုပ်နေသည့် အသံအမျိုးမျိုး ထွက်ပေါ်လာခဲ့တော့သည်။
သူတို့က ဝမ်လင်းအသွင်ဟန်ပန်နှင့် ပတ်သတ်၍ မစိမ်းလှချေ။လွန်ခဲ့သော ရက်အချို့က သူက နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ကို ဒဏ်ရာပြင်းထန်စွာ ရစေခဲ့သည် ပထမဆုံးလူမဟုတ်လား။ သူက သည်လို ပြုမူပြီး လူတိုင်းရဲ့ စိတ်ထဲကို သူ့ပုံရိပ်ရောက်အောင် လုပ်နိုင်ခဲ့သည် မဟုတ်လား။
သို့ရာတွင် ကောင်းကင်နတ်ဆိုးမြို့၏ လူတိုင်းက ဝမ်လင်းကို ထိုမျှ သန်မာနေလိမ့်မည်ဟု မတွေးထင်ထားမိကြချေ။သူတို့အမြင်တွင် အိုဒီ ရှုံးနိမ့်ပြီး ဒဏ်ရာပြင်းထန်စွာ ရသွားခြင်းက အိုဒီ၏ အားနည်းမှုကြောင့်သာ ဖြစ်သည်ဟု၍ ထင်မြင်ခဲ့ကြပေသည်။
သည်ဝမ်လင်းက မိုဖန် သို့မဟုတ် ရှီရှောင်လို လူမျိုးနှင့်တွေ့ပါက သံသယမရှိ ရှုံးနိမ့်လိမ့်မည်ဟု ထင်မြင်ခဲ့ကြပေသည်။
သို့ရာတွင် ခု သူတို့အမြင်မကြည်သည့် ဝမ်လင်းက ဗုံသံငါးကြိမ်ဆက်တိုက်မြည်အောင် အသာအယာ တီးခတ်သွားနိုင်ခဲ့၏။
သည်မြင်ကွင်းက လူတိုင်းကို တုန်လှုပ်စေသည်။
အချို့လူများဆိုလျှင် နတ်ဆိုးဗုံပင် ပျက်စီးသွားပလားဟု ထင်မြင်မိသွားကြသည်။သို့ရာတွင် သူတို့ရှေ့၌ပင် ဗုံ၏ တန်ပြန်ဒဏ်အားကြောင့် ဒဏ်ရာရသူ၊လွင့်ထွက်သွားသူများကို တွေ့မြင်ခဲ့ကြသည် မဟုတ်လား။
ဗိုလ်မှူးချုပ်အားလုံးလိုလို လေအေးများ ရှိုက်သွင်းမိသွားကြ၏။ယုဆန်က ခါးသီးစွာပြုံး၍ ခေါင်းယမ်းလို့နေသည်။သူက ဝမ်လင်းနှင့် တိုက်ခိုက်မည့် အကြံကို လုံးဝ လက်လျော့လိုက်တော့သည်။
တစ်ဦးတည်းသော အမျိုးသမီးနတ်ဆိုးဗိုလ်ချုပ် ရှဲ့လျန်က ခန္ဓာကိုယ်အပြည့်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ထိုသို့ဝတ်ဆင်ထားသော်လည်း သူမ၏ လှပရသော ခန္ဓာကိုယ်ကောက်ကြောင်းများကတော့ ပေါ်လွင်နေသည်သာ ဖြစ်သည်။သူမက ရဲရင့်သောအလှကို ပေးစွမ်းလို့နေ၏။သည်အမျိုးသမီးက စစ်ခမောက်ကိုပါ ဆောင်းထားသေးသည်။သူမက တောက်ပရွှန်းလဲ့သော မျက်လုံးများဖြင့် ဝမ်လင်းကို ကြည့်နေ၏။
နတ်ဆိုးဗိုလ်ချုပ်များကြားတွင် ရှီရှောင်ကလည်း ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက တလက်လက်ဖြစ်လို့နေ၏။ ချန်ထောင်က ရှီရှောင်ကို ခပ်တိုးတိုး ပြောလိုက်သည်။ “ငါက ဒီလူဟာ အလွန်သန်မာတယ်လို့ ပြောခဲ့သားပဲ…”
ရှီရှောင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။မည်သည့်စကားမျှမဆိုသော်လည်း သူ့အသွင်က နက်မှောင်လို့နေ၏။
နတ်ဆိုးဗိုလ်ချုပ်များကြားတွင် မိုဖန်တစ်ယောက်သာ ဝမ်လင်းကို မကြည့်ခြင်း ဖြစ်သည်။ထိုအစား သူက မှုန်ပျပျ မိုးကုပ်စက်ဝိုင်းစွန်းသို့သာ တိတ်တဆိတ် ငေးကြည့်နေ၏။တာ့လော့ဓားကလန်မှ ကျင့်ကြံသူကလည်း ဝမ်လင်းကို သတ်ဖြတ်လိုစိတ်ဖြင့် စူးရဲစွာ ကြည့်လို့နေသည်။
ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ အသွင်ကတော့ လုံးဝ ရုပ်စိုးလို့နေတော့သည်။သူက နတ်ဆိုးဗုံကို ကြည့်ကာ လက်သီးခပ်တင်းတင်း ဆုပ်ထား၏။
ဝမ်လင်းက ဗုံထံမှ သူ့ညာလက်ကို ပြန်ရုတ်သိမ်း၏။သည့်နောက် သူက နောက်လှည့်ကာ ရွှေရောင်ချပ်ဝတ်နှင့်လူကြီး ထံသို့ ကြည့်လိုက်သည်။သူလှည့်လိုက်သည့် အခါတွင် ဆူညံဆူညံပြောဆိုနေမှု အားလုံး ရပ်တန့်သွားကာ လူတိုင်း၏ အကြည့်က ဝမ်လင်းထံ၌သာ ကျရောက်နေတော့၏။
ဝမ်လင်းက ရွှေရောင်ချပ်ဝတ်နှင့်လူထံသို့ လက်ညှိုးထိုးကာ တည်ငြိမ်စွာ ပြောလိုကသည်။ “သင် ရှုံးသွားပြီ…”
အစောပိုင်းက နတ်ဆိုးဗုံထံမှ ထွက်ပေါ်လာသည့် တန်ပြန်အားက ဝမ်လင်းခန္ဓာကိုယ် ပတ်လည်ရှိ အသက်ဓာတ်ချိပ်တံဆိပ်များ၏ တားဆီးခြင်းကို ခံလိုက်ရခြင်းသာ ဖြစ်သည်။ သို့ရာတွင် သည်တန်ပြန်အားက အလွန်ပြင်းထန်လှသဖြင့် အသက်ဓာတ်ချိပ်တံဆိပ်အလွှာများကို ထွင်းဖောက်လာပြီးမှ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
အသက်ဓာတ်ချိပ်တံဆိပ်များက သုံးထောင်ကျော်လုံး တစ်ပြိုင်နက်တည်း ဖျက်စီးခံရခြင်း မဟုတ်ပါက သည်ချိပ်တံဆိပ်များသည် ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။၎င်း ချိပ်တံဆိပ်များက အလိုလို ပြန်ကောင်းမွန်လာနိုင်ပေသည်။သည်အရာက ယင်းအသက်ဓာတ်ချိပ်တံဆိပ်များ၏ အစစ်အမှန်ခွန်အား မည်ပေ၏။
“အသက်ဓာတ်ချိပ်တံဆိပ် တစ်သန်းရှိတဲ့ မီးခိုးရောင်ရှေ့ဖြစ်ဟောသူက သူဟာ ထျန်ယွမ်ဂြိုဟ်တစ်ခုလုံး ပျက်စီးသွားတောင် သူ့အတွက် ဘာမှ ထိခိုက်မှု မရှိဘူးလို့ ပြောခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။ဒီလို ခံစစ်စွမ်းအား မန္တာန်က တကယ့်ကို ရှားပါးလွန်းလှတယ်…”
ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက ဝမ်လင်းစကားများကို ကြားလိုက်သည့်အခါ သူ့အသွင်က ပို၍ပင် ရုပ်စိုးသွားလေတော့သည်။ သူက အေးစက်စက် နှာခေါင်းရှုံ့၍ ပြောလိုက်၏။ “ငါက မင်းကို ငါးခုမြောက်မြည်သံထက် ပိုမှ လို့ ပြောခဲ့တာ။ ငါ့ စကားကို နားမလည်နိုင်လောက်အောင် မင်းက ရူးနေတာလား။မင်းက ခုငါးကြိမ်ပဲ မြည်အောင် တီးခတ်နိုင်သေးတယ်။ငါးကြိမ်ထက် မပိုသေးဘူး။ ဒါ့ကြောင့် မင်း မနိုင်သေးပါဘူး…”
သူက ဤကဲ့သို့ ပြောလိုက်ပြီးသည့်နောက် ပွဲကြည်စင် များပေါ်တွင် ရှိနေသည့် အချို့လူများက သည်ရွှေရောင်ချပ်ဝတ်အကြီးအကဲ၏ ကျင့်ဝတ်က နိမ့်ပါးလွန်းသည်ဟု ခံစားမိသွားကြသည်။
ဝမ်လင်းက ရွှေရောင်ချပ်ဝတ်နှင့်လူကြီးထံသို့ အေးစက်စွာ ကြည့်၍ သူ့ညာလက်ကို မြှောက်ကာ လက်သီးအသွင်ဖြစ်ပေါ်စေပြီး နောက်ရှိ ဗုံကို ရိုက်ခတ်လိုက်သည်။
ဒုန်း…။ ခြောက်ကြိမ်မြောက် မြည်သံက ဗုံထံကနေ ထွက်ပေါ်လာပြီး ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြန်သည်။ သည်တစ်ကြိမ် ဗုံမြည်သံက လူတိုင်း၏ နှလုံးကို ခုန်ပေါက်သွားစေသည်။
ပြင်းထန်သော တန်ပြန်အားက ဗုံထံကနေ ရုတ်တရက် မြင့်တက်လာကာ ဝမ်လင်း၏ ဆံပင်များကို ရိုက်ခတ်သွားလေ၏။
ဝမ်လင်းက သူ့ညာလက်ကို ရပ်တန့်ခြင်း မပြုဘဲ ရွှေရောင်ချပ်ဝတ်နှင့်လူထံသို့ အေးစက်စွာ ကြည့်လိုက်သည်။ သည့်နောက် သူ့ညာလက်သီးကို နောက်တစ်ဖန် ထိုးချလိုက်ပြန်သည်။
ဒုန်း…။ခုနစ်ခုမြောက် မြည်သံက ဗုံထံကနေ ထွက်ပေါ်လာပြီး ကောင်းကင်ထက်၌ ပဲ့တင်ထပ်၏။
နတ်ဆိုးဗိုလ်ချုပ်မိုဖန်သည်လည်း ခြောက်ကြိမ်မြောက်မြည်သံကို ဒဏ်ရာမရဘဲ တီးခတ်နိုင်ခဲ့သူ ဖြစ်သည်။သို့သော် ခုနစ်ကြိမ်မြောက်၌ သူက နောက်သို့ ဆုတ်လိုက်ရပြီး သူ့ချပ်ဝတ်ပင် တစစီဖြစ်သွားခဲ့ရသည်။သည်အရာက ခုနစ်ကြိမ်မြောက်မြည်သံ၏ တန်ပြန်အား၏ ပြင်းထန်မှုကို ပြသလို့နေသည်။
ခုနစ်ခုမြောက် မည်သံ ထွက်ပေါ်လာသည့်အခါ ကောင်းကင်ပင် အရောင်ပြောင်းသွားသည်။ ပြင်းထန်သော မုန်တိုးတစ်ခုက ဗုံကို ဗဟိုပြု၍ စတင် ပျံ့နှံ့လာတော့၏။
ဝမ်လင်းက လေထဲတွင်သာ မားမားမတ်မတ် ရပ်လို့နေ၏။သူ့ညာလက်က ဗုံကို ထိထားဆဲ အချိန်တွင် သူ့အကြည့်က ရွှေရောင်ချပ်ဝတ်နှင့်လူကြီးပေါ်သို့ ကျရောက်လို့နေသည်။
ခုနစ်ခုမြောက် ဗုံမြည်သံက ကောင်းကင်ထက်၌ တဝုန်းဝုန်းမိုးခြိမ်သံများကိုပါ ဖြစ်စေသည်။ဝမ်လင်းအသံက ထို တဝုန်းဝုန်းမိုးခြိမ်းသံများကြားမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
“ခု ခုနစ်ကြိမ်မြောက် မြည်သံ ဖြစ်သွားပြီ…”
ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ မျက်နှာက ရှုံ့တွသွားသည်။သူက ပြောလိုက်၏။ “ငါက မင်းကို နတ်ဆိုးအင်ပါယာရှေ့မှာ ထောက်ခံပေးမယ်…”
ဝမ်လင်းက ခေါင်းယမ်းကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ငါ သင့်လက် တစ်ဖက်ကိုပဲ လိုချင်တယ်…”
“မင်း လုပ်ရဲလား…” ရွှေရောင်ချပ်ဝတ်နှင့်လူက ကျယ်လောင်စွာ အော်ပြောလိုက်၏။ သူ့မျက်လုံးထဲ၌လည်း သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်လာသည်။သူက ထပ်ပြောလိုက်သည်။ “မင်း အဲ့စကားကို ထပ်ပြောကြည့်စမ်း…”
“ငါ သင့်လက်တစ်ဖက်ကိုပဲ လိုချင်တယ်…” ဝမ်လင်း၏ ထိုစကား ထွက်ပေါ်လာသည့် အခိုက်တွင် သူက ညာလက်ဖြင့် နတ်ဆိုးဗုံသို့ ထပ်မံ ရိုက်ခတ်လိုက်၏။
ဒုန်း…။ ဗုံထံမှ ရှစ်ခုမြောက် မြည်ဟိန်းသံသည် ထောင်ချီသောလှိုင်းလုံးများကဲ့သို့ ထွက်ပေါ်လာတော့၏။ သည်မြည်သံက ဝမ်လင်း စကားများနှင့်အတူ ပဲ့တင်ထပ်ကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လို့သွား၏။
“ငါ သင့်လက်တစ်ဖက်ကိုပဲ လိုချင်တယ်…” သည်အခိုက်တွင် သည်စကားတစ်ခွန်းသာ ကမ္ဘာလောကတွင် တည်ရှိတော့သည်ဟု ထင်မှတ်ရ၏။
အကြောင်းကတော့ ဝမ်လင်းသည် ရှစ်ခုမြောက်ဗုံသံ၏စွမ်းအားကို ကောင်းကင်နှင့်မြေကြီးပေါ်သို့ သက်ရောက်စေလိုက်သောကြောင့် ဖြစ်၏။ ကောင်းကင်ထက်၌ တဝုန်းဝုန်းမိုးခြိမ်းသံများ ပဲ့တင်ထပ်နေကာ ကောင်းကင်ပင် ပြိုကျလာတော့မလို ထင်မှတ်ရ၏။သည်စကားက ဝမ်လင်းထံမှ ပြောဆိုလိုက်ခြင်းမဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီးမှ ထွက်ပေါ်လာသည်ဟုပင် ထင်မှတ်ရသည်။သည်စကားက ကမ္ဘာလောက၏ မြည်ဟိန်းသံကဲ့သို့ ထင်ရသည်။
သည်အသံက ကမ္ဘာလောကကို ကိုယ်စားပြုလေ၏။
ဗုံသံမှ ထွက်ပေါ်လာသည့်အသံသည် ကောင်းကင်နှင့်မြေကြီးဖြင့် အတူ ပေါင်းစပ်ကာ သည်စကားကို ဖြစ်ပေါ်စေသည်ဟု ဆိုရပေမည်။သည်စကားက မိုးခြိမ်းသံများလောက် မကျယ်လောင်သော်လည်း ပို၍ တုန်လှုပ်ဖွယ် ကောင်းနေ၏။
သည်အံ့မခန်းအားက ရွှေရောင်ချပ်ဝတ်နှင့်လူကြီးအသွင်ကို ရုတ်တရက် ဖြူရောသွားစေသည်။သူက အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိကာ သူ့နားစည်ပင် ပေါက်ကွဲထွက်မလား ခံစားလိုက်ရ၏။ သူ့မျက်နှာက သေလောက်အောင် ဖြူရောလို့သွားသည်။
သည်အခိုက်၌ သူက ကမ္ဘာလောကနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ရူးသွပ်လာကာ သူ့လက်မောင်းတစ်ဖက်ကို ဖြတ်တောက်ချင်စိတ်ပင် ပေါ်လာခဲ့တော့သည်။
ပတ်ဝန်းကျင်ရှိလူအားလုံးက တုန်လှုပ်နေကြ၏။ သူတို့က စကားပင် ဟရန် သတ္တိကင်းမဲ့သွားရသည်။သည့်အတွက် တိုက်ပွဲကွင်းပြင်တစ်ခုလုံးက ပုံမှန်မဟုတ်သည့် တိတ်ဆိတ်မှုမျိုးဖြင့် ငြိမ်သက်သွားတော့၏။
လက်ရွေးစင် အနည်းငယ်ကလွဲ၍ လူတိုင်းသည် ဝမ်လင်းက သူတို့လက်များကို ဖြတ်တောက်ပစ်ရန် ပြောလာပါကလည်း ကိုယ်တိုင် ဖြတ်တောက်မိကြမည်ကို သံသယမရှိ သိရှိကြပေသည်။
အခုအသံက ကောင်းကင်ဘုံ၏ ခွန်အားပင်။သည်အသံက ဥပဒေသပင်။ကောင်းကင်နှင့်မြေကြီး၏ ထည်ဝါလွှမ်းမိုးနိုင်မှုပင် ဖြစ်ချေသည်။
ကောင်းကင်သို့သာ ကြည့်နေသည့် မိုဖန်၏ အကြည့်ပင် ပထမဆုံးအကြိမ် အဖြစ် ဝမ်လင်းထံသို့ ကျရောက်လာ၏။
နတ်ဆိုးဗိုလ်ချုပ်မှူးကောင်းကင်က လွဲ၍ ကျန်သည့် ဗိုလ်ချုပ်မှူးများ၏ အသွင်ပင် အနည်းငယ် ပြောင်းလဲသွားကြသည်။သူတို့က ဝမ်လင်းကို ထူးဆန်းစွာ ကြည့်နေကြ၏။
“ဥပဒေသကို လှုံ့ဆော်စေတဲ့ စကားလုံးတွေ…”
ဗိုလ်မှူးချုပ်ခုနစ်ယောက်က အချင်းချင်း ကြည့်မိလိုက်ကြ၏။သူတို့က အခြားလူများ၏ မျက်လုံးထဲရှိ တုန်လှုပ်မှုကို တွေ့မြင်လိုက်ရတော့သည်။
အမြဲ မျက်လုံးမှိတ်ထားသည့် နတ်ဆိုးဗိုလ်ချုပ်မှူးကောင်းကင်ပင် မျက်လုံး အနည်းငယ် ဖွင့်လာခဲ့ကာ ရှုပ်ထွေးမှု အရိပ်အယောင်တို့ ထွက်ပေါ်လာ၏။
ဒုဗိုလ်ချုပ်မှူးဟွမ်ဇီကတော့ လုံးဝ မှင်သက်နေတော့သည်။ဒုဗိုလ်ချုပ်မှူးရွှမ်ကတော့ သက်ပြင်းသဲ့သဲ့ ချမိ၏။
ရွှေရောင်ချပ်ဝတ်နှင့်လူ၏ မျက်နှာက လုံးဝ ဖြူရောလို့နေသည်။သို့သော် သူက ခပ်မြန်မြန် ပုံမှန် ပြန်ဖြစ်လာ၏။ သူက ဝမ်လင်းကို စူးစိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်း အသံက ဗုံရဲ့စွမ်းအားနဲ့ ပေါင်းစပ်ထားတယ်။ဒါ့ကြောင့် ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ငှားယူထားတယ်လို့ ဆိုနိုင်တယ်။ကံမကောင်းစွာနဲ့ မင်းက ဗုံရဲ့စွမ်းအားကို ငှားယူထားတာပဲ။မင်းရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ဥပဒေသကိုသာ လှုံ့ဆော်နိုင်ရင် ငါက ငါ့လက်ကို မပြောနဲ့ ငါ့အသက်ကို လိုချင်ရင်တောင် ပေးဖို့ ဆန္ဒရှိလာလိမ့်မယ်…”