Switch Mode

အပိုင်း(၆၃၉)

အလောင်းအစား (၂)

သည်ခုနစ်ကြိမ်မြောက် ဗုံမြည်သံက အခြားမြည်သံခြောက်ခုနှင့် မတူချေ။ ထိုအသံအတွင်း၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေသည့်အလား ထင်မှတ်ရ၏။ အမြဲတည်ငြိမ်နေသော မိုဖန်၏ မျက်နှာပင် ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွား၏။တုန့်ဆိုင်းခြင်း မရှိ သူက နောက်သို့ မြန်ဆန်စွာ ဆုတ်လိုက်သည်။

သူက နောက်သို့ ဆုတ်နေရင်း သူ့ချပ်ဝတ်သည် အမှုန်အမွှားအဖြစ် ပေါက်ကွဲထွက်ကာ ပျောက်ကွယ်လို့သွားသည်။မိုဖန်၏ မျက်နှာပင် ဖြူရောကာ သွား၏။သို့သော် သူက ရပ်တန့်ကာ မာန်သွင်း၍ နောက်တစ်ဖန် ရှေ့သို့ တိုးဝင်သည်။သည်တစ်ကြိမ်၌ သူက ချိပ်တံဆိပ်များစွာကို ဖြစ်စေပြီး သူ့ခန္ဓာကိုယ်မှ စွမ်းအင်အမျှင်တန်းများပါ ထွက်လာကာ သူ့ပတ်လည်တွင် ဝန်းရံပေးထားသည့် သလင်းမှန်တစ်ခုပါ ဖြစ်ပေါ်သွားသည်။

သူက သူ့လက်ချောင်းဖြင့် ဗုံကို ရိုက်ချလိုက်ရာ ဗုံသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ သည်အကြိမ်က ရှစ်ကြိမ်မြောက်ဗုံသံပင်။

ပြင်းထန်သော တန်ပြန်ဒဏ်က မိုဖန်ထံသို့ တိုးဝင်လာကာ သူ့ပတ်လည်ရှိ သလင်းမှန်ကို တစစီဖြစ်သွားစေသည်။ သို့ရာတွင် သည်မှန်က တန်ပြန်အားကို အတော်လေး အားနည်းသွားစေခဲ့၏။ ထိုအားက မိုဖန်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါတွင် သူ့ကို နောက်သို့ ပေတစ်ထောင်ခန့်သွာ ဆုတ်သွားစေပြီး ပြန်တည်ငြိမ်အောင် လုပ်လိုက်နိုင်သည်။

သူ့မျက်နှာဖုံးသည်လည်း လုံးဝ ကွဲကြေသွား၏။ သူ့ချောမောသည့် မျက်နှာသွင်ပြင်က ထွက်ပေါ်လာတော့၏။

ဝမ်လင်းမျက်လုံးက မိုဖန်မျက်လုံးကို စူးစိုက်ကြည့်ရင်း ကျဉ်းမြောင်းလို့သွားသည်။ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသည့်အလင်းတစ်ခု ထုတ်လွှတ်သွား၏။

“ဒီပုံပန်းသွင်ပြင်…”

ဝမ်လင်းက အကြည့်တစ်ချက်ဖြင့်ပင် ထိုလူသည် ဟုန်အကျဉ်းထောင်ထဲရှိ အနက်ရောင်ဆံပင်နှင့်လူမှန်း ချက်ခြင်း သိလိုက်၏။

သည်အခိုက်တွင် မိုဖန်ခန္ဓာကိုယ်က တုန်ယင်သွားကာ သူက သူ့ပါးစပ်ဝသို့ ထိုးတက်လာသည့် သွေးများကို ပြန်မြိုချလိုက်ရ၏။သည့်နောက် သူက အသက်ဝဝရှူသွင်းကာ ပြန်လှည့်၍ နတ်ဆိုးဗိုလ်ချုပ်များရှိရာသို့ လှမ်းလျှောက်လို့သွားလေ၏။

သည်အခိုက်တွင် ကျယ်လောင်သော အားပေးသံများက ကွင်းပြင်ထံကနေ ထွက်ပေါ်လာတော့၏။

“မိုဖန်…နတ်ဆိုးဗိုလ်ချုပ်တွေကြား နံပါတ်တစ်…”

“ဒီမိုဖန်က ဒီတစ်ခေါက် ဒုဗိုလ်ချုပ်မှူး ကျိန်းသေ ဖြစ်လာတော့မယ်။သူ့မှာ တပ်သားတွေအများကြီးလည်း ရှိထားပြီးသား။ သူက ဒုဗိုလ်ချုပ်မှူး ဖြစ်လာတာနဲ့ ငါတို့ ကောင်းကင်နတ်ဆိုးနိုင်ငံအတွက် တိုက်ပွဲအောင်မြင်မှုတွေ အများကြီးကို ကျိန်းသေပေါက် ယူဆောင်ပေးနိုင်လိမ့်မယ်…”

ဗိုလ်ချုပ်မှူးကောင်းကင်ကတော့ တည်ငြိမ်စွာသာ ရှိနေပြီး မည်သည့် အထင်ကြီးမှုအရိပ်အယောင်ကိုမျှ ပြသခြင်း မရှိချေ။အခြားဗိုလ်ချုပ်မှူးခုနစ်ယောက်ကတော့ မိုဖန်၏ အရည်အချင်းကို လေးစားနေမိကြသည်။

“ဒီကောင်လေးက ရှစ်ကြိမ်တောင် မြည်အောင် တီးခတ်နိုင်တယ်။ သူက ပါရမီရှင်တွေကြားက ပါရမီလို့ ယူဆနိုင်တယ်။ ကောင်းတယ်….”

“ဒါမှန်တယ်။ ငါ့အမြင်အရ ဒီကောင်လေးက သူ့ခွန်အားကို အပြည့်မသုံးခဲ့တဲ့ပုံပဲ။ သူက တကယ်သာ ကြိုးစားရင် ကိုးကြိမ်မြောက် မြည်သံကိုတေင် တီးခတ်နိုင်လောက်တယ်…”

ဒုနတ်ဆိုးဗိုလ်ချုပ်များသည်လည်း တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုနေကြ၏။ ဒုဗိုလ်မှူးချုပ်ဟွမ်စီက ပြုံး၍ ဒုတပ်မှူးချုပ်ရွှမ်ကို ကြည့်၍ ပြောလိုက်သည်။ “သင်က ရှုုံးနိမ့်တော့မှာကို ဝန်မခံချင်သေးဘူးလား…”

ဒုတပ်မှူးချုပ်ရွှမ်က နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။ “ဒီမိုဖန်က သန်မာပါတယ်။တော်တော်လေးကို သန်မာတယ်။ ငါက သူ့အသက်အရွယ်မှာတုန်းက ဆိုရင် သူ့လောက်တောင် မသန်မာခဲ့ဘူး။သူက နဂါးရေကန်မှာ ထပ်ပြီး အတွေ့အကြုံရမယ်ဆိုရင် ငါ့ထက်တောင် ပိုသန်မလာနိုင်တယ်…”

“ဒါပေမဲ့ ငါရွေးချယ်ထားတဲ့ လူနဲ့ ယှဉ်ရင် မိုဖန်က မလုံလောက်သေးဘူး…”

ဒုဗိုလ်ချုပ်မှူးဟွမ်စီ(အဝါ)က မူလတုန်းက သည်လောင်းကစားနှင့် ပတ်သတ်၍ စိတ်ထဲသိပ်မထားပေ။ သို့သော် သူနှင့် အဆင့်တူ ဒုဗိုလ်ချုပ်မှူးရွှမ်က ထိုလူ့ကို မြှင့်တင့်နေခြင်းကတော့ ထူးဆန်းသည်ဟု ခံစားလာရ၏။သူက ဒုဗိုလ်ချုပ်မှူးရွှမ်၏ လေသံထဲ၌ ထိုလူ့ကို မြှင့်တင်ပေးရုံသပ်သပ် မဟုတ်ဘဲ ကြောက်ရွှံသည့်အသံပါ ပါနေကြောင်းကို ခံစားမိလိုက်၏။

သူက မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရသည်။

ဒုဗိုလ်ချုပ်မှူးဟွမ်စီက ဖျော့တော့စွာ ပြုံး၍ ပြောလိုက်၏။ “ကောင်းတယ်…ငါက ဒီလူ နတ်ဆိုးဗုံကို ဘယ်နှစ်ကြိမ် မြည်အောင် တီးနိုင်မလဲ ကြည့်ချင်နေမိပြီ…”

ဒုဗိုလ်ချုပ်မှူးရွှမ်က ဝမ်လင်းကို စိတ်ရှုပ်ထွေးသည့်ဟန်ဖြင့် ကြည့်ကာ စဉ်းစားနေသည်။သူက စိတ်ထဲ၌ တွေးနေမိသည်။ “မိုဖန်က သန်မာရုံလောက်ပါပဲ။ ဒီဝမ်လင်းကတော့ ကြောက်ဖို့ကို ကောင်းတာ…”

သန်မာမှုနဲ့ ကြောက်ဖို့ကောင်းမှုကို နှိုင်းယှဉ်နိုင်ရဲ့လား…။

ရွှေရောင်ချပ်ဝတ်နှင့်လူက မိုဖန် နတ်ဆိုးဗိုလ်ချုပ်အုပ်ထဲသို့ ပြန်လျှောက်လှမ်းလာသည်ကို စောင့်ကြည့်နေ၏။ သူ့မျက်လုံးထဲ၌လည်း မိုဖန်၏ အရည်အချင်းကို အသိအမှတ်ပြုလို့နေသည်။ ပထမဆုံးအကြိမ်အဖြစ် သူက ပြုံးလာခဲ့သည်။ “နတ်ဆိုးဗိုလ်ချုပ်ရဲ့ အကူ…ထွက်လာခဲ့ချေ…”

နောက်ကျောတွင် ဓားကြီးတစ်လက် လွယ်ထားသည့် အစိမ်းရောင်ဝတ်စုံနှင့်လူတစ်ယောက် လှမ်းထွက်လာခဲ့သည်။ သူက မတ်တပ်ရပ်နေသည့်အခါ ဓားတစ်လက်အဖြစ် ခံစားရစေသည်။ သူက ရှေ့သို့ လှမ်းထွက်လာသည့်အခိုက်တွင် အစိမ်းရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲ၍ နတ်ဆိုးဗုံရှိရာသို့ ထိုးတက်သွားသည်။

သူက နတ်ဆိုးဗုံနှင့် နီးကပ်သွားသည့်အခိုက်တွင် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ လေဟာနယ်ထဲသို့ လက်ညွှန်လိုက်ပြီး ဗုံကို ရိုက်ခတ်စေလိုက်သည်။သည့်နောက် သူ့လက်က လက်ဝါးအဖြစ်ပြောင်း၍ ရှုပ်ထွေးသောမန္တန်တစ်ခုကို ရွတ်ဆိုကာ ရှေ့သို့ ရိုက်ချပြီး ဗုံသံကို ထပ်မံ မြည်ဟီးစေသည်။

ကြမ်းကြုတ်သောတန်ပြန်အားကြောင့် သူ့မျက်နှာက အနည်းငယ် ဖြူရောသွား၏။သို့သော် သူက နောက်ဆို့ ဆုတ်သွားခြင်း မရှိပေ။ ထိုအစား သူက နောက်ကျောရှိဓားကို ဖမ်းဆုတ်ကာ လွှဲရိုက်ချလိုက်၏။ ဓားအလင်းတန်းတစ်ခုက တန်ပြန်အားကို ဖြတ်တောက်သွားပြီး ဗုံပေါ်သို့ ကျရောက်သွားသည်။

ဗုံသံက ထပ်မံ ပဲ့တင်ထပ်သွား၏။ သုံးကြိမ်မြည်ပြီးနောက် ထိုကျင့်ကြံသူ၏ မျက်နှာက သူ့ထံသို့ တိုးဝင်လာသည့် တန်ပြန်အားကြောင့် အလွန်အမင်း ဖြူရောလို့သွား၏။ သူက ဗုံကို ရိုက်ခတ်လိုက်သည့်အခါတိုင်း အရင်ရိုက်ချက်၏ တန်ပြန်အားထက် အဆများစွာ ပြင်းသည့် တန်ပြန်အားကို ခံစားနေရ၏။သူက ညစ်ကျယ်ကျယ် ပြုံး၍ တုံ့ဆိုင်းခြင်းမရှိ နောက်ပြန်ဆုတ်ကာ ထပ်မံ ရိုက်ခတ်ရန် မကြိုးစားတော့ချေ။

“ငါ့ကျင့်ကြံမှုနဲ့ဆိုရင် သုံးကြိမ်က လွယ်ကူတယ်။ ငါက နည်းနည်း ကြိုးစားရင် လေးကြိမ်လည်း ဖြစ်နိုင်သေးတယ်။ ငါက ငါးကြိမ်မြောက် မြည်အောင် ကြိုးစားရင်တော့ ငါလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်တယ်။ မိုဖန်ရဲ့အောင်မြင်မှုကလည်း အကျအန ဖြစ်နေပြီ။ဒါ့ကြောင့် ငါက သူ့အတွက် ပြင်းပြင်းထန်ထန် ဒဏ်ရာရပေးဖို့ မတန်တော့ဘူး…” အစိမ်းရောင်ဝတ်စုံနှင့်လူကြီးက အနည်းငယ် စဉ်းစားပြီးနောက် လူအုပ်ထဲသို့ ပြန်လျှောက်လာခဲ့တော့၏။

စုစုပေါင်း ဆယ့်တစ်ကြိမ်။

မိုဖန်နှင့်သူ့အကူက ဗုံသံကို ဆယ့်တစ်ကြိမ်မြည်အောင် စွမ်းဆောင်နိုင်ခဲ့ပေသည်။သည်ရလဒ်က အခြားနတ်ဆိုးဗိုလ်ချုပ်များ၏ အသွင်ကို နက်မှောင်သွားစေ၏။သည်ရလဒ်ကို ချိုးဖျက်နိုင်ရန် နတ်ဆိုးဗိုလ်ချုပ်များနှင့်အကူများက တစ်ယောက်ချင်းစီ ခြောက်ကြိမ်မြည်အောင် လုပ်နိုင်စွမ်း ရှိရမည် ဖြစ်၏။

သို့ရာတွင် သည်အရာက မဖြစ်နိုင်သလောက်ပင်။ တကယ်တော့ နတ်ဆိုးဗိုလ်ချုပ်များကြားတွင် မိုဖန်ကသာ ထိုသို့ လုပ်နိုင်စွမ်း ရှိလို့နေ၏။

မိုလီဟိုင်မျက်နှာက အလွန်ဖြူရောသွား၏။ သူက နတ်ဆိုးဗုံကို ခါးသီးစွာ ကြည့်နေမိသည်။ သည့်နောက် သူက ဝမ်လင်းကို သုန်မှုန်စွာ ကြည့်လိုက်ပြန်သည်။ သူက သက်ပြင်းချကာ ခပ်တိုးတိုး ပြောလိုက်၏။ “အကိုဝမ်…ထားလိုက်ပါတော့…။ငါတို့က ဒုတိယအချီမှာ ရှုံးနိမ့်တော့မှာပါ…”

နတ်ဆိုးဗိုလ်ချုပ်များကြားတွင် အခြားပုဂ္ဂိုလ်တစ်ယောက်လည်း ရှိနေ၏။ ထိုလူက ရှီရှောင်ပင်။ သူ့မျက်နှာက နတ်ဆိုးဗုံကို စူးစိုက်စွာကြည့်နေရင်း နက်မှောင်လို့နေ၏။ သူက မေးလိုက်သည်။ “ချန်ထောင်…မင်းကော ဒီဗုံကို ဘယ်နှစ်ကြိမ် မြည်အောင် တီးခတ်နိုင်မလဲ…”

ချန်ထောင်က အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ “ငါက ခွန်အားအပြည့်နဲ့ ဆိုရင် ဒါကို ဆယ်ကြိမ်ကျော် မြည်အောင် လုပ်နိုင်တယ်။ တိတိကျကျတော့ ငါလည်း မသိဘူး…”

“ဒါပေမဲ့…ခု…ဆေးလုံးနဲ့ဆိုရင်တောင် ငါက ခုနှစ်ကြိမ်ပဲ မြည်အောင် တီးခတ်နိုင်လိမ့်မယ်။မိုဖန်ထက်တော့ ပိုနိုင်မှာ မဟုတ်ဘူး။ဒီမိုဖန်က သန်မာလွန်းတယ်။ ကျင့်ကြံမှုကမ္ဘာမှာဆိုရင် သူ့ကို အာဏာတက်ခြင်းအဆင့်အောက်မှာ နံပါတ်တစ်လို့တောင် သတ်မှတ်လို့ ရနိုင်တယ်။အာဏာတက်ခြင်းအဆင့်တွေတောင် အလယ်အဆင့်လောက်ရောက်မှ သူနဲ့ ယှဉ်နိုင်လိမ့်မယ်…”

ရှီရှောင်က မိုဖန်ကို ကြည့်ကာ သူ့မျက်လုံးလဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒတို့ ဖြစ်ပေါ်လာ၏။

သူတို့အပြင် အခြားနတ်ဆိုးဗိုလ်ချုပ်များသည်လည်း အဆင့်တစ်ဆယ်အတွင်း ဝင်နိုင်ဖို့ သူတို့လုပ်နိုင်သည့် အကြိမ်အရေအတွက်ကို တွက်ချက် ကြည့်နေကြ၏။

ရွှေရောင်ချပ်ဝတ်နှင့်လူက လူအုပ်ကြီးထံသို့ အေးစက်စွာ ကြည့်သည်။သူ့အကြည့်က ဝမ်လင်းထံသို့ ရောက်သွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်း…ထွက်လာခဲ့…”

ဝမ်လင်းက ကွင်းပြင်ထိပ်သို့ တည်ငြိမ်စွာ ရောက်ရှိလာသည်။သူက ရွှေရောင်ချပ်ဝတ်နှင့်လူကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ့ကို မင်း လို့ သုံးနှုန်းစရာ မလိုဘူး။ ငါ့ နာမည်က ဝမ်လင်း…”

ရွှေရောင်ချပ်ဝတ်နှင့်လူက သူ့မျက်လုံးထဲရှိ သတ်ဖြတ်ချင်စိတ်ကို ဖုံးကွယ်မထားပေ။သူက ပြောလိုက်၏။ “ဝမ်လင်း…မင်းက ငါနဲ့ အလောင်းအစား လုပ်ဝံ့လား…”

ဝမ်လင်းက ပြောလိုက်သည်။ “ပြောပါ…”

“ငါက မင်း ဒီဗုံကို ငါးကြိမ်မြည်အောင် မတီးခတ်နိုင်ဘူးလို့ လောင်းမယ်။မင်း လုပ်နိုင်ရင် ငါက မင်းကို နတ်ဆိုးအင်ပါယာရှိ ခေါ်သွားပြီး နတ်ဆိုးဗိုလ်ချုပ်ရာထူးအဆင့် ရစေရမယ်လို့ အာမခံတယ်။မင်းက မလောင်းဝံ့ရင်တော့ ဒီကွင်းပြင်မှာ အော်ဟစ်ပြီး ကောင်းကင်နတ်ဆိုးမြို့ကနေ ထွက်သွားချေ။မင်းကို ဒီနေရာကနေ မကြိုဆိုဘူး…”

ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ စကားဆုံးသွားသည့်အခါ သည်ဧရိယာတွင် ဆွေးနွေးသံများ ထွက်ပေါ်လာတော့၏။

“ငါးကြိမ် မြည်အောင် တီးခတ်ရမှာလား…။ဒီပြင်ပကျင့်ကြံသူက အိုဒီကို ဖိနှိပ်နိုင်ပေမဲ့ ဒီဗုံကို မြည်အောင် လုပ်နိုင်တာကသာ တကယ့်စမ်းသပ်ချက် ဖြစ်တယ်။ငါထင်တာကတော့ သူက အများဆုံး သုံးကြိမ်ပဲ မြည်အောင် လုပ်နိုင်မယ်။ ဒါတောင် တော်တော်လေး ကောင်းမွန်နေပြီ။ ဒီအိုဒီက အများဆုံးမှ တစ်ကြိမ်လောက်ပဲ မြည်အောင် လုပ်နိုင်တဲ့လူမဟုတ်လား…”

“ရွှေရောင်အကြီးအကဲက ဒီပြင်ပကျင့်ကြံသူနဲ့ အလောင်းအစားလုပ်နေတာ စိတ်ဝင်စားစရာပဲ…”

ဒုဗိုလ်ချုပ်မှူးဟွမ်စီကတော့ ဒုဗိုလ်ချုပ်မှူးရွှမ်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ “မင်းရွေးချယ်လိုက်တဲ့လူက ကံဆိုးပြီ…”

ရွှမ်က ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “ဒီရွှေရောင် အကြီးအကဲက အံ့အားသင့်စရာ ကောင်းကောင်း ကြုံရလိမ့်မယ်…”

ဝမ်လင်းက ရွှေရောင်ချပ်ဝတ်နှင့်လူကို တည်ငြိမ်စွာ ကြည့်၍ ပြုံးယောင်သန်းလာသည်။ သို့ရာတွင် သည်အပြုံးကို ဒုဗိုလ်ချုပ်မှူးရွှမ် မြင်လိုက်သည့်အခါ သူက စိမ့်တက်သွားမိ၏။

ဒုဗိုလ်ချုပ်မှူးရွှမ်က အံကြိတ်ကာ တွေးလိုက်မိ၏။ “သူက ငါနဲ့ အတိတ်တုန်းက တိုက်ခိုက်ခဲ့တုန်းကလည်း ဒီလို အပြုံးမျိုး ပြုံးခဲ့တာပဲ…”

ဝမ်လင်းက ပြုံး၍ ဆို၏။ ငါက နတ်ဆိုးအင်ပါယာထံမှာ မင်း အသိအမှတ်ပြုပေးဖို့ မလိုအပ်ဘူး…”

ရွှေရောင်ချပ်ဝတ်နှင့်လူက မကျေမချမ်း ဖြစ်သွားသည်။ သူက ပြောလိုက်၏။ “မင်း မလောင်းဝံ့ဘူးလား…”

ဝမ်လင်းအသံက ငရဲကိုးထပ်မှ ထွက်လာသည့်အသံကဲ့သို့ အေးစက်စွာ ထွက်ပေါ်လာသည်။ “ငါက မင်းလက်တစ်ဖက်နဲ့ လောင်းကြေးထပ်ချင်တယ်…”

ထိုစကားဆုံးသွားသည့်အခါ လူတိုင်းက တုန်လှုပ်မိသွား၏။သည်အခိုက်တွင် ဝမ်လင်းက နတ်ဆိုးဗုံထံသို့ ခြေလှမ်းသွားတော့၏။

ရွှေရောင်ချပ်ဝတ်နှင့်လူက သတ်ဖြတ်ချင်စိတ်ကို ထုတ်ဖော်ကာ ပြုံးသည်။ “မင်းက ငါးကြိမ်ထက် ပိုတီးနိုင်ရင် ငါက မင်းကို လက်တစ်ဖက် ပေးမယ်။ မင်းက ဆယ်ကြိမ် တီးနိုင်ရင် ငါက မင်းကို လက်နှစ်ဖက်လုံး ပေးပစ်နိုင်တယ်…။ဘာပြဿနာမှ မရှိဘူး…”

“ဒီဝမ်လင်းက တော်တော်လေး မောက်မာလွန်းတယ်။သူက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ။ ဒီဗုံက အဲ့လောက်များ ရိုးရှင်းနေလို့လား…”

“နတ်ဆိုးဗုံရဲ့ တန်ပြန်ဒဏ်အားကို ခံရတဲ့အချိန်ကြရင် သူက ဘယ်လောက်မှားနေလဲ ဆိုတာ သိလာပါလိမ့်မယ်…”

“မိုလီဟိုင်ကတော့ ကံဆိုးတာပဲ။ ဒီလူ့ကြောင့် သူက နောက်ထပ် နှစ်သုံးရာလောက် မျက်နှာ ပြဝံ့မှာ မဟုတ်တော့ဘူး…”

ဝမ်လင်း အသွင်က တည်ငြိမ်လျက်ပင်။ သူက နတ်ဆိုးဗုံ ရှိရာသို့ လျှောက်လှမ်းလာ၏။သူက အလွန်တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းလာခြင်း ဖြစ်ကာ နတ်ဆိုးဗုံ ရှေ့တည့်တည့်တွင် ရပ်လိုက်၏။သူက တန်ပြန်ဒဏ်သက်သာလျော့နည်းနိုင်သည့် အကွာအဝေးကပင် ထိုဗုံကို တီးခတ်ရန် မကြိုးစားချေ။

နတ်ဆိုးဗုံအောင်သို့ တိုက်ရိုက် ရောက်ရှိလာပြီးနောက် ဝမ်လင်းက လေထဲသို့ ခုန်တက်လိုက်၏။ ကြီးမားသည့်ဗုံကြီးကို ကြည့်နေရင်း ၎င်းဗုံထံမှ ငါးညှီနံ့ ခပ်ဖျော့ဖျော့ ထွက်နေသည်ကို ခံစားမိလိုက်သည်။

သည်ဗုံ၏ မျက်နှာပြင်က ချောမွတ်နေခြင်း မရှိပေ။ ထိုအစား ချိုင့်ခွက်များ သွေးကြောအမျှင်တန်းများ ရှိနေ၏။သည်ဗုံမျက်နှာပြင်က မွန်းစတားတစ်ကောင် ဖုံးကွယ်နေသည်နှင့်ပင် ဆင်တူနေသေး၏။

“ရှေးဟောင်းနတ်ဆိုးရဲ့ အရေပြား…” ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်ကာ ဗုံကို ထိလိုက်၏။ သူက ၎င်းကို ထိလိုက်သည့်အခါတွင် သူက သူ့ထံသို့ တန်ပြန်လာသည့်အားကို ခံစားမိလိုက်သည်။

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားသည်။သည်အခိုက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် အသက်ဓာတ်အားချိပ်တံဆိပ်များက စုစည်းလာ၏။ အသက်ဓာတ်အားချိပ်တံဆိပ် သုံးထောင်ကျော်က သူ့အား လုံးဝ ဝန်းရံသွားသည်။

“ငါက ငါးကြိမ်ထက် ပိုရိုက်ခတ်နိုင်မလား လောင်းထားတာမလား…” ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ အရက်အိုးကို ထုတ်ကာ ဘယ်လက်နှင့် ကိုင်၍ တစ်ငုံ သောက်ခလိုက်သည်။သည့်နောက် သူက ပြုံး၍ ပြောလိုက်၏။ “အသင်…ရွှေရောင်ချပ်ဝတ်…သေချာ စောင့်ကြည့်ပါ…”

ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။သည့်နောက် သူက နတ်ဆိုးဗုံထံသို့ ထိုးချလိုက်၏။

ဒုန်း…။ ဒုတိယမြောက်ဗုံသံက ကွင်းပြင်တွင် ပဲ့တင့်ထပ်သွားသည်။ ဝမ်လင်းခန္ဓာကိုယ်ကတော့ လုံးဝ ရွှေ့လျားသွားခြင်း မရှိပေ။ သူက သူ့လက်သီးကို သုံးလက်မခန့်သာ ပြန်ဆုတ်လိုက်၏။ သည့်နောက် ချက်ခြင်းပင် သူက ဆက်တိုက် ထိုးချလိုက်တော့သည်။ တစ်ကြိမ်၊နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်။

ဒုန်း၊ဒုန်း၊ဒုန်း၊ဒုန်း…။

လေးကြိမ်ဆက်တိုက် မြည်သံ ထွက်ပေါ်လာ၏။

ဗုံထံမှ မြည်သံလေးခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာင်ခြင်း ဖြစ်နေ၏။ သည်အသံလေးခုက ပထမဆုံးအသံနှင့် တိတ်ဆိတ်စွာ ပေါင်းစပ်သွား၏။ ၎င်းက အသံမုန်တိုင်းတစ်ခုကို ဖြစ်စေကာ နတ်ဆိုးဗိုလ်ချုပ်အလယ်ကနေ ပျံ့နှံ့လို့သွားတော့၏။

ကွင်းပြင်က တစ်လက်မချင်း အက်ကွဲလာ၏။ ကောင်းကင်ထက်၌လည်း ဗုံသံကြောင့် ဖြစ်ပေါ်နေသည့် မြည်ဟီးသံတို့က ပိုပို ပြင်းထန်လာသည်။ မတ်တပ်ရပ်နေကြသည့် လူအများက အသံငါးခုကို တစ်ခုတည်းအဖြစ် ပေါင်းထည့်ထားသည့် ဗုံသံကြောင့် အတွင်းဒဏ်ရာများ ရကုန်ကြသည်။

ဗိုလ်ချုပ်မှူးကောင်းကင်က လွဲ၍ ကျန်သည့် ဗိုလ်ချုပ်မှူး ခုနစ်လုံးပင် မတ်တပ်ထရပ်ကာ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်နေ၏။ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ အသွင်ကလည်း ကြီးစွာ ပြောင်းလဲသွား၏။

ဗုံသံငါးခု ထွက်ပေါ်ခြင်းက အလွန်တုန်လှုပ်ဖွယ်ကောင်းနေခြင်း မဟုတ်ပေ။ လူတိုင်းကို အမှန်တုန်လှုပ်စေသည့်အရာက ဝမ်လင်း၏ ခန္ဓာကိုယ်က တစ်လက်မပင် ရွှေ့လျားသွားခြင်း မရှိခြင်းကြောင့် ဖြစ်နေ၏။

ဒုဗိုလ်ချုပ်မှူးဟွမ်ဇီက အော်ပြောလိုက်၏။ “ဒါ…ဒါက မဖြစ်နိုင်ဘူး…”

Comment

Leave a Reply

Options

not work with dark mode
Reset