အချိန်မည်မျှ ကုန်သွားမှန်း မသိပြီးနောက် သူ့ရှေ့တွင် မိုအိမ်တော် ပေါ်လာခဲ့သည်။ မိုအိမ်တော်အပြင်ဘက်ရှိ မီးအိမ်ထံမှ အလင်းက ဖျော့တော့တော့ ရှိလှသည်။ ဝမ်လင်းက လမ်းလျှောက်နေရာကနေ ရပ်တန့်ကာ ၎င်းမီးအိမ်ကို တိတ်ဆိတ်စွာ ကြည့်နေ၏။
အလင်းက မှိန်ဖျော့နည်းပါးသော်လည်း ၎င်းက မိုအိမ်တော်၏ မော်ကွန်းကျောက်ပြားကို မြင်သာအောင် ထွန်းလင်းပေးနိုင်ပေ၏။
ညလေပြေက မီးအိမ်ကို ယိမ်းခတ်စေသည်။မီးအိမ်ထဲရှိ မီးတောက်က တဖျပ်ဖျပ် ဖြစ်၏။လေပြေက နှောက်ယှက်သော်လည်း မီးအိမ်ထဲရှိ မီးတောက်ကတော့ ခေါင်းမာစွာပင် ဆက်လက် အလင်းပေးနေဆဲသာ။
ဝမ်လင်းက အမှောင်ထဲ၌ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေရင်း သူ့မျက်လုံးထဲ၌ ဉာဏ်အလင်းအချို့ ထွက်ပေါ်လို့နေ၏။သို့ရာတွင် သည်ဉာဏ်အလင်းက ခုထိ မလုံလောက်သေးချေ။ သူက တစ်စုံတစ်ရာကို ဖမ်းဆုပ်မိသကဲ့သို့ ခံစားရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သည်ခံစားမှုက ပျောက်ရှသွားခဲ့ပြန်သည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။မြေကမ္ဘာကို ဖုံးအုပ်ထားသည့် အမှောင်ထုပင် အရှေ့အရပ်မှ မြင့်တက်လာသည့် နေအလင်းကြောင့် ဖြည်းဖြည်းချင်း ပြန်ဆုတ်ခွာသွားနေသည်။
သည်အခိုက်တွင် ဝမ်လင်းခေါင်းထဲ၌ ကုချင်းသံက ပဲ့တင့်ထပ်နေပြီး စိတ်ထဲ၌လည်း အလင်းများ တဖျပ်ဖျပ် လင်းလက်နေလေသည်။ သည်အခိုက်တွင် သူက ဉာဏ်အလင်းရရှိသွားသည့် အခိုက်သို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေလေ၏။
ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထုတ်လွှတ်လို့နေသည်။သူက မိုအိမ်တော်သို့ ပြန်ဝင်ရမည့်အစား မြစ်နားသို့ ဦးတည်သွားလိုက်သည်။သူက မြစ်ဘေးတွင် ရဟန်းအိုတစ်ပါးတရားထိုင်သကဲ့သို့ ထိုင်ချလိုက်၏။ခုချိန်တွင် မည်သည့် ကုချင်းဂီတမှ တီးခတ်နေခြင်း မရှိသော်လည်း သူ့နားထဲ၌ ယင်း ဂီတသံက ကြားယောင်လို့နေလေ၏။
“ကုချင်းဂီတက ဘာစိတ်ခံစားချက်မှ မရှိဘူး။ ဒါပေမဲ့ နှလုံးသားထဲက ဝမ်းနည်းမှုကြောင့် ဒီဂီတသံက ဝမ်းနည်းဖွယ်ဂီတ ဖြစ်လာခဲ့ရတယ်။ ဒါက ပုန်ကန်ခြင်း မဟုတ်။ ဒါက ငါ အစောပိုင်းတွေတုန်းက နားထောင်ခဲ့တဲ့ ကုချင်းသံနဲ့ ခြားနားနေခဲ့ပြီ…”
မွန်းတည့်ချိန် ရောက်လာခဲ့ပြီ ဖြစ်သည့်အတွက် ကောင်းကင်ထက်ရှိ နေမင်းက တောက်ပလွန်းနေခဲ့ပြီ ဖြစ်သည်။မြစ်ပြင်မှ လှေများလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။လွန်ခဲ့သော ရက်အချို့က ကုချင်းတီးခတ်နေသော အမျိုးသမီးဘေးရှိ လူငယ်သည်လည်း လှေပေါ်တွင် ပါလာခဲ့သည်။ သည်တစ်ကြိမ်တွင် ထိုလူငယ်သည် အဝေးမှာကတည်းက ဝမ်လင်းကို လှမ်းကြည့်နေခဲ့၏။
ကုချင်းသံကလည်း ဝမ်လင်းနားထဲသို့ ပျံ့လွင့်လာစဉ်တွင် အမျိုးသမီးဘေးရှိ လူငယ်က မတ်တပ်ထရပ်ကာ သူ့လက်ထဲရှိ အရက်ခွက်ကို ဝမ်လင်းရှိရာသို့ မြှောက်ပြလိုက်၏။
ဝမ်လင်းကလည်း အရက်အိုးကို ကောက်ယူကာ တစ်ချက်လှုပ်ပြီး တစ်ငုံသောက်လိုက်၏။ လူငယ်က လှေဦးသို့ ညွှန်ပြရင်း ခေါင်းယမ်းလိုက်၏။သူက တစ်ငုံပင် မသောက်ရသေးချေ။
ဝမ်လင်းက အားပါးတရ ရယ်မောလိုက်၏။ သည်လူငယ်က သာမန်ဟုသာ ထင်ရသော်လည်း သူ့ထံမှ လွတ်လပ်မှု၊ဂရုမစိုက်တက်မှုတို့ ပေးစွမ်းကာ နေသည်။ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် မြစ်ပြင်ကို ဖြတ်၍ လျှောက်လှမ်းသွားပြီး လှေဦးပေါ်သို့ ခြေချလိုက်လေတော့သည်။
ကုချင်းတီးခတ်နေသော အမျိုးသမီးကတော့ လှေပေါ်တွင် နောက်ထပ်လူတစ်ယောက် ယောက်လာသည်ကို သတိမပြုမိသည့်ပုံပင်။ သူမက ကုချင်းကိုသာ ဝမ်းနည်းမှု အပြည့်ဖြင့် ဆက်လက်တီးခတ်လို့နေ၏။
လူငယ်က ပြုံး၍ တစ်ခွက်လုံး မော့ချလိုက်သည်။ သည့်နောက် သူက အင်္ကျီစကို ဝှေ့ယမ်းကာ ပြန်ထိုင်ချသည်။ ဝမ်လင်းသည်လည်း လိုက်ထိုင်ချလိုက်သည်။သူက လက်ထဲရှိ အရက်အိုးကို မော့၍ သောက်၏။သူက ကုချင်းသံကို နီးကပ်စွာ နားထောင်နေပြီး အမျိုးသမီး၏ ကျောက်စိမ်းရောင်လက်ချောင်းလေးများကို တိတ်တဆိတ် ငေးကြည့်နေလေသည်။
လှေဦးပေါ်ရှိ သူတို့သုံးယောက်လုံးက စကားတစ်ခွန်းမှ မဆိုကြသေးချေ။ လူငယ်က ဝမ်လင်းကို ဖိတ်ခေါ်ပြီးသည့်နောက် ပြုံးရုံသာပြုံးပြခဲ့သလို ဝမ်လင်းကလည်း စကားမဆိုဘဲ ကုချင်းသံကိုသာ နားဆင်သည်။
ကုချင်းဂီတသံက လှေပေါ်ကနေ မြစ်ပြင်ကျယ်ပေါ်သို့ လွင့်မြောလို့နေ၏။ဝမ်လင်းက ထိုလူငယ်နှင့်အတူ လှေပေါ်တွင် တစ်နေ့တာလုံး ကုန်ဆုံးခဲ့သည်။သူတို့နှစ်ယောက်က အရက်ကိုသာ အပြိုင်သောက်နေခဲ့ကာ လှေပေါ်ရှိ အစေခံတစ်ယောက်က သူတို့အတွက် အရက်ကို အဆင်သင့် ပြင်ဆင်ပေးထားသည်။
တဖြည်းဖြည်း မှောင်လာကာ မြစ်ကမ်းဘေးတွင် မီးများ စထွန်းလာခဲ့သည်။လှေပေါ်တွင်လည်း မီးထွန်းထားကာ တိတ်ဆိတ်လှပမှုကို ဖြစ်စေ၏။
လှေက ပြန်ထွက်ခွာရန် ပြင်သည့်အချိန်တွင် ဝမ်လင်းက မတ်တပ်ထရပ်ပြီး လူငယ့်ထံသို့ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ဟန်ပြု၍ ထွက်ခွာရန် ပြင်သည်။
ထိုအခိုက်တွင် တနေ့လုံးစကားတစ်ခွန်းမှ မဆိုသည့် လူငယ်က ညင်သာစွာ ပြောလာခဲ့သည်။ “အကိုက ကုချင်းဂီတသံကို နားထောင်တဲ့အခါမှာ မတူညီတဲ့ နားလည်မှုတစ်ခု ရှိနေတဲ့ပုံပဲ…”
ဝမ်လင်းက ရပ်တန့်ကာ ပြောလိုက်သည်။ “ဒီဂီတသံက ငါ့ မိတ်ဆွေဟောင်းတစ်ယောက်ကို သတိရစေတယ်…”
လူငယ်က အရက်တစ်ငုံသောက်ကာ ခါးသက်သက် ပြောလိုက်သည်။ “အံ့ဩစရာမရှိဘူးပဲ။ ဘာ စိတ်ပူပန်မှုမှ မရှိတဲ့လူက ဒီကုချင်းသံကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်မိမှာ မဟုတ်ဘူး။ကြည့်ရတာ အကိုကလည်း ငါ့လိုပဲ ထင်တယ်…”ားရှား ဖြစ်မိမှာ မဟုတ်ဘူး။ကြည့်် ပြောလိုက်သည်
သူတို့နှစ်ယောက် စကားပြောနေစဉ် ကုချင်းတီးခတ်နေသော အမျိုးသမီးက တုန်ယင်သွားခဲ့သည်။ ကုချင်းသံသည်လည်း သူမလို တုန်ယင်သွားခဲ့၏။
လူငယ်က ပြောလိုက်သည်။ “အကိုက ဘာမှ လုပ်စရာမရှိရင် ငါတို့နှစ်ယောက် အမျိုးသမီး မိုင်ရွှမ်ရဲ့ ကုချင်းဂီတသံကို အာရုံတက်တဲ့ အချိန်ထိ နားဆင်ကြမယ်လေ…”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သည့်နောက် သူက လူငယ့်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းတာပေါ့…”
လူငယ်ကလည်း ဖျော့တော့စွာ ပြုံး၍ နောက်ထပ် အရက်တစ်ခွက် ထပ်ငှဲ့ကာ ပြောလိုက်သည်။ငါက အကိုကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ထဲက တွေ့မိပါတယ်။ “ငါတို့ နှစ်ယောက်က မြစ်တစ်ဖက်စီမှာ ရှိနေပေမဲ့လည်း အကိုက ဖြတ်သွားဖြတ်လာ တစ်ယောက်လို အကိုရဲ့နှလုံးသားကတော့ ဒီနေရာမှာ ရှိမနေခဲ့ဘူး ထင်တယ်…”
ဝမ်လင်းက တစ်ငုံသောက်ပြီးနောက် ပြောလိုက်၏။ “ငါက အရပ်သားတစ်ယောက်ပါပဲ။ ငါက ဖြတ်သွားဖြတ်လာ ဖြစ်ခဲ့မယ် ဆိုရင်တောင် ဒါက စိတ်ကူးပုံရိပ်တစ်ခုပဲ နေမှာပါ။ သင်ကရော၊ သင့်စိတ်ဝိညာဉ်က ဒီမှာ ရှိနေပေမဲ့ သင့်ခန္ဓာကိုယ်ကတော့ တစ်နေရာရာမှာ ရှိနေတယ် မဟုတ်လား…”
လူငယ်က ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “အိမ်မှာက ရိုင်းပျတဲ့ ဧည့်သည့်တွေ အများကြီး ရောက်နေတယ်။ အဲ့နေရာမှာက ဆူညံလွန်းတယ်။ဒါ့ကြောင့် ငါ့စိတ်ဝိညာဉ်က ဒီနေရာကို ရောက်လာပြီး အေးချမ်းမှု လာရှာတာပါ…”
ဝမ်လင်းက တိုးညင်းစွာ ပြောလိုက်သည်။ “ဒီတော့ သင်က မိသားစုရှိတဲ့ ယောက်ျားသားတစ်ယောက်ပေါ့…”
လူငယ်က မေးလိုက်သည်။ “အကိုကကော အိမ် မရှိဘူးလား…”
“ရှိပါတယ်၊ ဒါပေမဲ့…ဒါက အရမ်း အရမ်း ဝေးတဲ့ နေရာမှာ…” ထိုအခိုက်၌ ဝမ်လင်းစိတ်ထဲတွင် ဟင်္သာပြဒါးဂြိုဟ်ရှိ တောင်ကြားတစ်ခုကို မြင်ယောင်လာခဲ့သည်။
လူငယ်က မေးလိုက်ပြန်သည်။ “အကို အိမ်မှာကော တစ်ယောက်ယောက် မကျန်ခဲ့ဘူးလား…”
“ဘယ်သူမှ မကျန်ခဲ့ဘူး…၊သင်ကရော…”
ဝမ်လင်းက အရက်အိုးကို ကောက်ကိုင်ကာ တစ်ငုံသောက်ချလိုက်၏။
“ငါ့မှာတော့ တူမှ တစ်ယောက်ရှိတယ်။ဒါပေမဲ့ သူမက ခပ်ဆိုးဆိုးလေး…” ထိုသို့ပြောလိုက်ရင်း လူငယ်က ပြုံးယောင်သန်းသွားသည်။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောဆိုနေကြသည်။သည့်နောက် သူတို့က တိတ်ဆိတ်စွာ ပြန်ထိုင်နေကြပြန်သည်။ လရောင်ဖြန်းသည့် မြစ်ရေပြင်တွင် သူတို့နှစ်ယောက်က အရက်သောက်ရင်း ကုချင်းဂီတသံကို နားဆင်လို့နေကြသည်။
ညက ကုန်ဆုံးလာခဲ့သည်။ မိုးကုပ်စက်ဝိုင်းစွန်းတွင် အလင်းဖျော့ဖျော့ သန်းလာခဲ့လေပြီ။
မိုင်ရွှမ်က အနားယူရန် ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။သို့သော် သည်ယောက်ျားသားနှစ်ယောက်ကတော့ လှေပေါ်တွင် မလှုပ်မယှက်ထိုင်နေဆဲသာ ရှိနေ၏။ကုချင်းက ဆက်လက်မတီးခတ်တော့သော်လည်း ကုချင်းဂီတသံကတော့ သူတို့နားထဲ၌ ကြားယောင်နေဆဲသာ။
ဝမ်လင်းက အရက်အိုးကို ကောက်ယူကာ လူငယ့်ထံသို့ လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်သည်။သည့်နောက် သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး နံနက်ခင်းမြူများကြား၌ ပျောက်ကွယ်သွားတော့သည်။
အင်ပါယာမြို့ထဲတွင် ပထမတစ်ချီ နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ စသည်နှင့် နတ်ဆိုးဗိုလ်ချုပ်ရာချီကနေ လေးဆယ်ရှစ်ယောက်သာ ကျန်ခဲ့တော့၏။ ကျန်သည့်လူများအားလုံးက ရှုံးနိမ့်သွားကြသူ သို့မဟုတ် တစ်ပွဲနိုင်၊တစ်ပွဲရှုံး၍ အရည်ချင်း မပြည့်မှီကြသူများ ဖြစ်ကြသည်။
သည်ပထမတစ်ချီ ကျင်းပသည့် ရက်များအတွင်း နတ်ဆိုးဗိုလ်ချုပ်အိုဒီကလွဲ၍ ကျန်သည့်ဗိုလ်ချုပ်များသည့် ဒဏ်ရာပြင်းထန်စွာ မရခဲ့ကြချေ။ သို့ရာတွင် ကျင့်ကြံသူများကြားတွင်တော့ ဒဏ်ရာပြင်းထန်စွာခြင်းနှင့် သေဆုံးခြင်းများ ရှိခဲ့ပေသည်။
တကယ်တော့ သည်နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲက ကျင့်ကြံသူများကြား သတ်ဖြတ်ပွဲပင် မဟုတ်လော။
တာ့လော့ဓားကလန်မှ လူများက နတ်ဆိုးဗိုလ်ချုပ်များနှင့် တိုက်ခိုက်ရာတွင် အန္တရာယ်များစွာ မဖြစ်စေခဲ့ပေ။ သို့ရာတွင် ကျင့်ကြံသူများနှင့်တိုက်ခိုက်ရာတွင်တော့ သူတို့၏ ခွန်အားကို ပြသသည့်အနေဖြင့် ကြမ်းတမ်းရက်စက်စွာ ပြုမူခဲ့ပေ၏။
နံနက်ခင်းနေရောင်က ပေတစ်သောင်းကွင်းပြင်တစ်ခုလုံးကို ပက်ဖြန်းလို့နေသည်။ ပြိုင်ပွဲကို ကြည့်ရှုသည့်လူများကလည်း အရင်ထက် ပိုများလာ၏။တကယ်တော့ ခုလာမည့် တိုက်ပွဲများကသာ အစစ်အမှန် ယှဉ်ပြိုင်တိုက်ခိုက်မှုများ ဖြစ်ပေသည်။ ကံကောင်းသည့် လူအနည်းငယ်ကလွဲ၍ ကျန်ရှိနေသည့် ပြိုင်ပွဲဝင်များက ကျော်ကြားသည့် သူများသာ ဖြစ်ကြ၏။
နတ်ဆိုးဗိုလ်ချုပ်(၄၈)ယောက်က ကောင်းကင်နတ်ဆိုးဂိတ်ပေါက်နေ လှမ်းလျှောက် ဝင်လာကြသည်။
ကွင်းပြင်ထဲရှိ ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက ဂိတ်ပေါက်မှ ဝင်လာသည့် လူတိုင်းကို အေးစက်စွာ ကြည့်နေသည်။ သူက ဝမ်လင်းကို တွေ့လိုက်သည့်အခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
သူ့အမြင်တွင် ကျင့်ကြံသူတစ်ယောက်က နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ကို ဒဏ်ရာပြင်းထန်စွာ လုပ်ဝံ့သည်ဟု ထင်မြင်နေပေသည်။ သူ့စိတ်ထဲ၌ သည်လို ပြုမူခြင်းကပင် ထိုကျင့်ကြံသူကို အကြိမ်ရာချီ၍ သတ်ပစ်ဖို့ လုံလောက်သည်ဟု ထင်နေ၏။
“ငါ့ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ကျင့်ကြံသူလို့ခေါ်တဲ့ လူတွေက ဓားပြတစ်မျိုးသာ ဖြစ်တယ်။ ဒီနေရာကို ရောက်လာတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က ရှေးဟောင်းနတ်ဆိုးအမွေအနှစ်ကို ရချင်လို့ပဲ။ သူတို့က နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ကို ဒဏ်ရာ ရအောင်လုပ်တာဟာ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်တာပဲ…”
ထိုရွှေရောင်ချပ်ဝတ်နှင့်လူ၏ စိတ်ထဲ၌ ဝမ်လင်းကို လုံးဝ မကျေနပ်ချေ။သူ့စိတ်ထဲ၌ ဝမ်လင်းကို သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်နေ၏။
ဝမ်လင်းက ထိုရွှေရောင်ချပ်ဝတ်နှင့်လူကို အေးစက်စွာ ကြည့်လိုက်၏။ သူက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ကျင့်ကြံသည့်အတွက် သတ်ဖြတ်ခြင်းအငွေ့အသက်ကို အာရုံခံနိုင်စွမ်း မြင့်မားသည် မဟုတ်လော။
နတ်ဆိုးဗိုလ်ချုပ်နှင့် သူတို့ ကူညီသူများက ကောင်းကင်ဂိတ်ပေါက်ကို ဖြတ်ကျော်ဝင်လာခဲ့လေ၏။ ရွေရောင်ချပ်ဝတ်နှင့်လူကြီးကလည်း စစ်ဗုံထံသို့ ညွှန်ကာ အေးစက်စွာ ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာရဲ့ အမိန့်ကို နာခံပြီး ဒုတိယအချီ ပြိုင်ပွဲက ပြောင်းလဲသွားပြီ။တိုက်ပွဲတွေ ဆက်မရှိတော့ဘူး။ ဒါပေမဲ့ ဒီစစ်ဗုံကို မြည်ဟီးအောင် တီးခတ်ပြီးတော့ ယှဉ်ပြိုင်ရမယ်…”
သူက ထိုသို့ပြောလိုက်သည့်အခါ များစွာသောနတ်ဆိုးဗိုလ်ချုပ်များ၏ အသွင်က ပြောင်းလဲသွားသည်။ မိုလီဟိုင်ပင် တုန်လှုပ်သွားမိ၏။ သူ့မျက်လုံးကလည်း လွန်စွာ တောက်ပလာခဲ့သည်။
“နတ်ဆိုးစစ်ဗုံ…ဒါက ငါတို့ ကောင်းက်နတ်ဆိုးနိုင်ငံရဲ့ တော်ဝင်ရတနာပဲ။ပုံမှန်ဆိုရင် ဒုနတ်ဆိုးဗိုလ်ချုပ်မှူးကို ဗိုလ်ချုပ်မှူးအဖြစ် အဆင့်တိုးပေးတဲ့ အချိန်ကြမှ သူတို့ကို ဒီဗုံ တီးခွင့် ပြုတာ…”
“အရင်တုန်းက နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲက ဘယ်တုန်းကမှ အပြောင်းအလဲ မရှိခဲ့ဘူး။ဘာ့ကြောင့်များ ဒီနေ့ကြမှ ပြောင်းလဲသွားရတာလဲ…”
“ဗိုလ်မှူးချုပ်တိုင်းက သူတို့ရဲ့ ရာထူးကို လက်ခံတဲ့အခါမှာ ဒီဗုံကို မြည်အောင် တီးခတ်ကြရတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒါက မြည်အောင် တီးနိုင်ဖို့က အလွန်တရာ ခက်ခဲလွန်းလှတယ်။ ကောင်းကင်လောက်မြင့်တဲ့ ဗိုလ်မှူးချုပ်တွေတောင် ဒီဗုံကို ဆယ့်ငါးကြိမ် အများဆုံးပဲ မြည်ဟီးအောင် တီးနိုင်ကြတယ်…”
လူအုပ်ကြီးထဲတွင် ဆွေးနွေးငြင်းခုံသံများ ထွက်ပေါ်လာခဲ့တော့သည်။
ရွှေရောင် ချပ်ဝတ်နှင့်လူကြီးက ကျယ်လောင်စွာ နှာခေါင်းရှုံ့လိုက်ရာ လူတိုင်းက ပြန်တိတ်ဆိတ်သွားစေလိုက်သည်။ သူက နတ်ဆိုးအင်ပါယာ၏ အမိန့်ကို နားမလည်သော်လည်း သူက အေးစက်စွာ ပြောလိုက်လေ၏။ “ဒီဗုံက ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ ပထမဆုံး နတ်ဆိုးအင်ပါယာ ချန်ထားခဲ့တာ ဖြစ်တယ်။ ပြောကြတာက ဒီဗုံက ရှေးဟောင်းနတ်ဆိုးရဲ့ အရေပြားနဲ့ ပြုလုပ်ထားတာ လို့ ဆိုတယ်။ မင်းတို့က သုံးကြိမ်တိုင်တိုင် အသံထွက်အောင် တီးနိုင်ရင် သန်မာတယ်လို့ သတ်မှတ်လို့ရတယ်။ခြောက်ကြိမ် အသံထွက်အောင် တီးနိုင်ရင်တော့ ထိုလူက ကောင်းကင်ဘုံက ချီးမြှောက်ထားတဲ့ ပါရမီရှင် ဖြစ်တယ်။ မင်းတို့ထဲမှာ ဒါက သုံးကြိမ်သုံးခါမြည်အောင် တီးနိုင်တဲ့လူ အများကြီး ရှိမှာ မဟုတ်ဘူး…”
“ဒီအချီရဲ့ အရင်ဆုံးဆယ်ယောက် ထွက်လာခဲ့ကြ…”