Switch Mode

အပိုင်း (၆၃၆)

ရှုလီကော၏ ပုန်ကန်မှု ကျရှုံးခြင်း (၃)

သည်အခိုက်တွင် ဝမ်လင်းမျက်ခုံးနှစ်ခုကြားမှ မီးခိုးရောင်အမျှင်တန်းများ ထိုးထွက်လာ၏။ထို မီးခိုးရောင်အမျှင်တန်း သုံးထောင်ကျော်က လခြမ်းကွေးဓားသွားကို လွှမ်းခြုံလို့သွားသည်။

သို့သော် လခြမ်းကွေးဓားသွားက မြန်လွန်းလှ၏။၎င်းက မီးခိုးရောင်အမျှင်တန်းများ လွမ်းခြုံလာသည့်အခိုက်မှာပင် ဖြတ်ခနဲ ထိုးထွက်သွားသည်။ သို့ရာတွင် ထိုသို့ ချိုးဖျက်သွားသည့်အခိုက်၌ ဝမ်လင်းက အနှီလခြမ်းကွေးဓားသွား ရှေ့၌ ပေါ်လာကာ ၎င်းဓားသွားကို နောက်သို့ ပြန်ရိုက်ထုတ်သည်။

ဝမ်လင်းက ပြောလိုက်၏။ “စုစည်းစမ်း…”

မီးခိုးရောင်အမျှင်တန်း သုံးထောင်ကျော်က စက်ဝန်းတစ်ခုအဖြစ် လျင်မြန်စွာ သိပ်သည်းလို့သွားတော့သည်။ထိုစက်ဝန်းအတွင်းထဲ၌ ထိပ်တိုက်ထိခိုက်သံများ ထွက်ပေါ်လာ၏။သို့သော် လခြမ်းကွေးဓားသွားက မည်မျှ ရုန်းကန်ပါစေ ၎င်းက စက်ဝန်းအပြင်သို့ ထိုးထွက်နိုင်ခြင်း မရှိချေ။

ဝမ်လင်းက လခြမ်းကွေးဓားသွားကို ဆက်လက်မကြည့်တော့ဘဲ ရှုလီကောထံသို့သာ အေးစက်စွာ ကြည့်လိုက်၏။

ရှုလီ‌ကော ခန္ဓာကိုယ်က တဆက်ဆက် တုန်ယင်နေကာ သူက မေးခိုက်သည့်အသံဖြင့် ပြောလိုက်၏။ “အရှင်…သင်ငါ့ကို ဘာများ အမိန့်ပေးချင်ပါသလဲ။ငါ့ကို အနက်ရောင်လခြမ်းကွေးဓားသွားကို ဆွဲဆောင်ပေးစေချင်သလား။ ငါက အနာဂတ်မှာ ဒီဓားသွား အရှင့်ကို နာခံအောင် ကျိန်းသေလုပ်ပေးပါ့မယ်…”

ဝမ်လင်းက ရှုလီကောကို ကြည့်ကာ မေးလိုက်သည်။ “ငါက မင်း အဲ့ဒီဓားစိတ်ဝိညာဉ်ကို ဘာကြောင့် သွားရှာခွင့် မပြုတာလဲ မင်း သိလား…”

ရှုလီကောက ခပ်သွက်သွက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ငါ သိပါတယ်။ နားလည်ပါတယ်…” သူက ထိုသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ဤကဲ့သို့ တွေးနေ၏။ “ဒါက ငါနဲ့ အလှလေးကို မင်းက ခွဲစေချင်နေတာ ရှင်းနေတာပဲ။ မင်းကိုယ်တိုင် ငါသဘောကျတဲ့ အလှလေးကို မျက်စိကျနေတယ်လို့ ငါထင်တယ်။ငါ ရှုလီကောက တကယ့်ကို ကံမကောင်းတာပဲ…”

“ကောင်းကင်နတ်ဆိုးမြို့ထဲမှာ ကျွမ်းကျင်သူတွေက တိမ်တွေလို များပြားနေတယ်။ မင်းကို ဘယ်သူမှ သတိမပြုမိဘူးလို့ မင်းတကယ် ထင်နေတာလား။ မင်း အားနည်းတဲ့ ကျင့်ကြံမှုနဲ့ဆိုရင် သူတို့မင်းကို တွေ့သွားတာနဲ့ အဖမ်းခံရမှာပဲ။ ပြီးရင် မင်းရဲ့ စိတ်ဆန္ဒကို ဖယ်ရှားပစ်ပြီး သူတို့ရတနာတွေရဲ့ စိတ်ဝိညာဉ်ဖြစ်အောင် လုပ်ပစ်လိုက်လိမ့်မယ်။ရှုလီကော…မင်းက ခုထိ နားမလည် သေးဘူးလား…”

ဝမ်လင်းအသံက ရှုလီကော၏ နှလုံးသားထဲ၌ ပဲ့တင့်ထပ်ကာ နေ၏။

သူက မှင်သက်ကြောင်ငေး သွား၏။ သည့်နောက် သူက အားနည်းစွာ ပြောလိုက်သည်။ “ဒါ…ငါ ဒါကို မသိဘူး…” သူ့နှလုံးသားက စတင် ခုန်ပေါက်လာ၏။ ဝမ်လင်း စကားကို နားထောင်ပြီးနောက် သည်စကားကို သူက ရှစ်ဆယ်ရာခိုင်နှုန်း ယုံနေသည်။ သူက တစ်စုံတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပါက ဘီလူးနတ်ဆိုးကလန်ဘိုးဘေးကဲ့သို့ စပ်စပ်စုစု နိုင်သည့် လူတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံရမလားဟုပင် တွေးနေမိသည်။

“ဒါပေမဲ့ ငါက အလှလေးရဲ့ ပိုင်ရှင်ရဲ့ ဖမ်းတာကိုသာ ခံလိုက်ရရင် ဒါက ကောင်းတဲ့ ကိစ္စပဲ။အဲ့ကျရင် ငါနဲ့ အလှလေးက တူတူ နေနိုင်ပြီ…” ရှုလီကောက ထိုသို့ ကြိတ်၍ တွေးနေမိသည်။သို့သော် သူက ဝမ်လင်းကို သည်အတွေးအား တစ်စက်လေးပင် မပြောဝံ့ချေ။

ဝမ်လင်းက ရှုလီကော၏ အတွင်းစိတ်အကြံကို ဖြတ်မြင်နေရသကဲ့သို့ အေးစက်စွာ ကြည့်၏။ ရှုလီကောက စိတ်ပူပန်သွားသည်။သို့သော် သူက နောက်သို့ ဆုတ်ရမည့်အစား မျက်လုံးအပြူးသားနှင့် ဝမ်လင်းကို ကြည့်နေမိသည်။သူက စိတ်ထဲ၌ တွေးနေမိ၏။ “ဆက်တောင့်ထား၊ ဆက်တောင့်ထား၊ ငါ အနိုင်ရရမယ်။ ငါက ပို စိတ်ပူပန်လေလေ ဒီလို ပိုဟန်ဆောင်နေလေ လုပ်နိုင်ရမယ်…”

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်းက အနက်ရောင်လခြမ်းကွေးဓားသွားဆီကနေ တော်တော်လေး သင်ယူထားခဲ့တာပဲ…”

ရှုလီကောက မျက်လုံးများ ပြာဝေသွား၏။ အကြောင်းကတော့ သူလျှို့ဝှက်သင်ယူထားသည့် ဓားမန္တန်များအားလုံး၊ သူ့တည်ရှိမှုကို ဖုံးကွယ်ထားမှု၊ ကောင်းကင်ဘုံဓားနှင့်ပေါင်းစပ်၍ ထိုဓားကို အရင်ထက် အဆများစွာ ပိုအစွမ်းထက်အောင် ပြုလုပ်နိုင်မှု စသည့်စသည့် အရာများအားလုံးကို ဝမ်လင်းက ချက်ခြင်း ပြောလိုက်ခြင်းကြောင့် ဖြစ်လေသည်။

သည့်နောက် ဝမ်လင်းက သူ့လက်ကို သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများနှင့် ပြုလုပ်ထားသည့် စက်ဝန်းထံသို့ လက်ဆန့်တန်းလိုက်သည်။ ဝမ်လင်းက ထိုစက်ဝန်းကို ထိလိုက်သည့်အခါတွင် သတ်ဖြတ်ခြင်းစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွား၏။

ထိုအခါ လခြမ်းကွေးဓားသွားကလည်း ပြန်လည် လွတ်မြောက်သွား၏။ သို့သော် ၎င်းက သတ်ဖြတ်ခြင်းစွမ်းအင်များနှင့် ရစ်သိုင်းထားခြင်းကို ခံထားရသဖြင့် ၎င်းဓားသွား၏ အမြန်နှုန်းက လျော့ကျနေခဲ့သည်။

ဝမ်လင်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူက လခြမ်းကွေးဓားသွားကို လက်မနှင့်လက်ညှိုး အသုံးပြုကာ ဖိညှပ်ထားလိုက်သည်။ ထိုဓားသွားက ပြင်းပြင်းထန်ထန် ရုန်းကန်လေ၏။ ဝမ်လင်းက ပါးစပ်ဟကာ မူလစွမ်းအင်အချို့ကို လခြမ်းကွေးဓားသွားပေါ်သို့ ထွေးထုတ်လိုက်သည်။ သည့်နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူ့တွင် ထိုဓားသွားကို ဖြည်းဖြည်းချင်း သန့်စင်နေရန် အချိန်မရှိသဖြင့် တိုက်ရိုက် ပြုုလုပ်လိုက်ခြင်းပင်။ သူက လခြမ်းကွေးဓားသွား ပျက်စီးထိခိုက်မည်ကို ဂရုမစိုက်ပဲ သူ့အော်ရာကို လခြမ်းကွေးဓားသွားပေါ်သို့ ခပ်နှိပ်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ပြုလုပ်ပြီးသည့်နောက် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လခြမ်းကွေးဓားသွားက ပျံသန်းထွက်လာပြီး ယင်းဓားသွားထံမှ မနာခံလိုသော ဓားသွားတေးသံကို ထုတ်လွှတ်လာသည်။

ဝမ်လင်းက ကောင်းကင်ဘုံဓားကို ထုတ်၍ ရှုလီကောထံသို့ ပစ်လွှတ်လိုက်သည်။ ရှုလီကောက အတော်လေး စိတ်သက်သာရာ ရသွားပြီး ကောင်းကင်ဘုံဓားနှင့် ပေါင်းစပ်လိုက်၏။

လခြမ်းကွေးဓားသွားကတော့ လေထဲ၌ ပျံဝဲနေ၏။၎င်းက ရှုလီကော အန္တရာယ်ကင်းသွားသည်ကို သတိပြုမိလိုက်သည့်အခါ ရုန်းကန်နေရကနေ ချီတုံချတုံ ဖြစ်သွားသည်။ ၎င်းက ဝမ်လင်းကို မနှစ်သက်သော်လည်း အဆုံးသပ်၌ ရှုလီကောကို နမူနာယူကာ ဝမ်လင်းဘေးတွင် လွင့်မြောလာသည်။

တိကျစွာပြောလျှင် ယင်းလခြမ်းကွေးဓားသွားက ရှုလီကော နောက်သို့ လိုက်ပါခြင်းဟု ဆိုရပေမည်။

ကောင်းကင်ဘုံဓားထဲရှိ ရှုလီကောက ထိုလခြမ်းကွေးဓားသွားကို ကြည့်ကာ ဘဝင်လေဟပ်နေ၏။ “ကြည့်စမ်း… ဒီမိစ္ဆာကောင်က အနက်ရောင်လေးကိုတောင် နှိမ်နင်းနိုင်ခြင်း မရှိဘူး။ ငါက ငါ့လက်ချောင်းလေး ဝှေ့ယမ်းလိုက်ရုံနဲ့ ငါ့ညီလေး ဓားသွားကို ခိုင်းစေနိုင်တယ်။ ကြည့်ရတာ ငါ့ဆွဲဆောင်မှုက ဒီမိစ္ဆာကောင်ထက် အများကြီး သာနေတာပဲ…”

ထိုသို့တွေးမိပြီး ရှုလီကောက အလွန်ကျေနပ်စွာ ခံစားမိနေ၏။သူက တွေးနေမိသည်။ “ဒီမိစ္ဆာကောင်က ဘယ်လောက်ပဲ သန်မာသန်မာ ဒီဆွဲဆောင်နိုင်မှုမှာတော့ ငါ့ကို မယှဉ်နိင်ပါဘူး။ သူ့ကျင့်ကြံမှုအဆင့်က ငါ့ထက် မြင့်တာကလွဲလို့ ငါက အရာအားလုံး သူ့ထက်သာတယ်။ ငါ့လို ထူးချွန်တဲ့မကောင်းဆိုးဝါးက တကယ့်ကို ရှားပါးလွန်းတယ်…”

ရှုလီကောက သူ့ကိုယ်သူ ကျေနပ်အားရလို့နေသည်။

ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ရှုလီကောက အထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ့နောက်မှ လခြမ်ကွေးဓားသွားကလည်း လိုက်ပါ ဝင်ရောက်လာသည်။ ရှုလီကောက သိုလှောင်အိတ်ထဲသို့ မဝင်ခင် အကွာအဝေးတစ်ခုရှိ အင်ပါယာနန်းတော်ရှိရာသို့ လှမ်းကြည့်ကာ တွေးလိုက်သေးသည်။ “အလှလေး…မင်း အကိုကြီး ရှု ပြန်လာခဲ့မယ်။ ငါက မင်းကို ခေါ်မသွားဘဲ ဒီကောင်းကင်နတ်ဆိုးမြို့ကနေ လုံးဝ ထွက်မသွားဘူး…”

အင်ပါယာနန်းတော်ထဲရှိ ဓားခန်းမထဲ၌ မြေလိမ်ဓားက တုန်ခါလို့နေသည်။ သည့်နောက် ၎င်းဓားက မိန်းမငယ်လေး အသွင်သို့ ပြောင်းသွားသည်။ ထိုမိန်းမငယ်လေးက သူ့နှာခေါင်ကို ပွတ်ကာ ကြမ်းကြုတ်စွာ ပြောလိုက်၏။ “ဒီ အရှက်မရှိတဲ့ ဓားစိတ်ဝိညာဉ်က ငါနဲ့ ထက်မတွေ့တာ ကောင်းလိမ့်မယ်။ ငါက သူ့ကို ထပ်မြင်ရမယ်ဆိုရင် အင်ပါယာရဲ့ အမိန့်ကို ဆန့်ကျင်ရမယ်ဆိုရင်တောင် ငါက မြွေလိမ်ဓားကို ယူ‌ဆောင်ပြီး သူ့ကို နှစ်ပိုင်းပိုင်း ပစ်ရမယ်…”

ဓားနှင့်ဓားသွားကို ပြန်သိမ်းဆည်း ပြီးသည့်နောက် ဝမ်လင်းက ဟုန်မြို့သို့ ပြန်လာခဲ့တော့သည်။နေ့တာ ကုန်ဆုံးသွားပြီးဖြစ်ကာ ဝမ်လင်း မိုအိမ်တော်သို့ ပျံသန်းလာချိန်၌ ညအခါသို့ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။

သူက ပျံသန်းလာနေရင်း မျက်မှောင်ကြုတ်သွားကာ ရပ်တန့်၍ ပြောလိုက်၏။ “ဒါက ဘာလဲ…”

လမ်းမရှည်ကြီး၏ တစ်ဖက်တစ်ချပ်တွင် လူများစွာ ပေါ်လာ၏။ သည်လူများအားလုံးက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရှိကာ ယောက်ျားကော၊မိန်းမကော ပါဝင်နေကြသည်။အချို့က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်နှင့် နောက်ဆုံးအဆင့်သို့ပင် ရောက်ရှိနေကြသည်။

ဝမ်လင်းက သူ့ရှေ့ရှိ ကျင့်ကြံသူများကို ကြည့်ကာ တည်ငြိမ်သည့်ဟန်ပန်နှင့် ရှိနေ၏။ သူက ထိုသူတို့ထံမှ မည်သည့်သတ်ဖြတ်မှု စိတ်ဆန္ဒကိုမျှ ခံစားမိရခြင်းလည်း မရှိပေ။ သို့သော် သူက ထိုသူတို့ထံမှ ပြင်းရှသော ပူဆွေး၊နာကြည်းမှုတို့ကို ခံစားရပေသည်။

ထိုအုပ်စုထဲမှ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က လှမ်းထွက်လာ၏။ သူက တောက်ပသော အကြည့်ဖြင့် ဝမ်လင်းကို လက်သီးနှစ်ဖက်စုပ်၍ နှုတ်ဆက်ဟန်ပြုကာ ပြောလိုက်သည်။ “ငါက ထျန်ယွမ်ဂြိုဟ်ပေါ်မှာတည်းက အကိုဝမ်ရဲ့ ဂုဏ်သတင်းကို ကြားသိခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲရဲ့ တိုက်ပွဲတစ်ခုက ငါ့ကို သင့်အပေါ်မှာ ပိုမို လေးစားမိအောင် ပြုလုပ်နိုင်ခဲ့ပါတယ်…”

ဝမ်လင်းက ထိုလူအားလုံးကို ကြည့်နေ၏။သူက ထိုသူတို့ ဘာတွေးနေကြသည်ကို မသိရှိပေ။ သည့်နောက် သူက လက်နှစ်ဖက်ယှက်ကာ ပြန်ပြောလိုက်သည်။ “သင်က ငါ့ကို မြှောက်ပင့်လွန်းနေပါပြီ…”

အဖြူရောင်ဝတ်စုံနှင့်လူက သက်ပြင်းချကာ ပြေလိုက်သည်။ “ငါက ကျောက်စိမ်းဓားကလန်က ဂျူနီယာကလန်ခေါင်းဆောင်ပါ။ ငါက နတ်ဆိုးဗိုလ်ချုပ် ပြိုင်ပွဲမှာ အတင်းအကြပ် ပါဝင်ခဲ့ရတယ်။ လွန်ခဲ့တဲ့ရက်က အကိုဝမ်ရဲ့ လုပ်ဆောင်မှုက ငါ့ဦးနှောက်ကို နိုးထစေလိုက်သလိုပဲ။ ဒီ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ငါတို့ ကျင့်ကြံသူတွေက ပုရွတ်ဆိတ်ထက်တောင် နိမ့်ပါးနေသေးတယ်။ နတ်ဆိုးဗိုလ်ချုပ်တွေကြတော့ မသေနိုင်ဘူး။ နတ်ဆိုးဗိုလ်ချုပ်တွေကို သတ်ပစ်တာက ငါတို့ပါ သူတိုနဲ့အတူ လိုက်သေရမယ်လို့တောင် ဆိုနိုင်တယ်။ဒါ့ကြောင့် ဒီနတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲရဲ့ အဆုံးသပ်မှာ ကျင့်ကြံသူတွေကသာ သေဆုံးရလိမ့်မယ်။ငါတို့က နတ်ဆိုးဗိုလ်ချုပ်တွေရဲ့ ပျော်ရွှင်မှုအတွက် အသုံးတော်ခံနေတဲ့ သရုပ်ဆောင်တွေလို ဖြစ်နေပြီ…”

ဝမ်လင်းက စဉ်းစားနေ၏။စကားတော့ မဆိုချေ။

“သူက နတ်ဆိုးဗိုလ်ချုပ်အိုဒီရဲ့ ကူညီသူပါ…” ထိုလူက သူ့ဘေးရှိ လူတစ်ယောက်ထံသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ တာအိုဝတ်စုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်က လှမ်းထွက်လကာ လက်နှစ်ဖက်ယှက်၍ လေးစားစွာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူဝမ်…အိုဒီရဲ့ သေဆုံးခြင်းက ငါ့ကို သတိဝင်လာစေခဲ့တယ်။ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရဲ့ အကျိုးကျေးဇူးတွေက ကောင်းမွန်ပေမဲ့လည်း ငါက ဒီကောင်းမြတ်ခြင်းတွေမှာ ကျေနပ်နိုင်တဲ့ ဘဝမရှိရင် ဘာအသုံးကျဦးမှာလည်း…”

အဖြူရောင်ဝတ်စုံနှင့်လူက သက်ပြင်းချကာ ပြောလာပြန်သည်။ “နတ်ဆိုးဗိုလ်ချုပ်တွေရဲ့ ပျော်ရွှင်ကျေနပ်မှုအတွက် တိုက်ခိုက်ပေးဖို့ ဒီနေရာကို ငါတို့ ရောက်လာတာ မဟုတ်ပါဘူး။ ငါနဲ့အတူ ဒီရောင်းရင်းကျင့်ကြံသူတွေက ကောင်းကင်နတ်ဆိုးမြို့ကနေ ထွက်သွားဖို့ အဆင့်သင့်ဖြစ်နေပြီ။ ဒီနေ့ ငါတို့ ဒီနေရာမှာ ရှိနေတာ ရောင်းရင်းဝမ်ကို နှုတ်ဆက်မလို့။ နှုတ်ဆက်ခဲ့ပါတယ်…” ထိုသို့ပြောပြီးသည့်နောက် သူက အသက်ဝဝရှူသွင်းကာ ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။

သူ့နောက်ရှိ ကျင့်ကြံသူများကလည်း ဝမ်လင်းထံသို့ နှုတ်ဆက်စကားများ ပြောလိုက်ကြပြီးနောက် မိုးကုပ်စက်ဝိုင်းစွန်းသို့ ပျောက်ကွယ်သွားကြတော့သည်။

ဝမ်လင်းက ကျင့်ကြံသူများ ထွက်သွားသည်ကို စူးစိုက်ကြည့်နေပြီး ထိုနေရာ၌ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေမိသည်။ သည့်နောက် သူက တိတ်ဆိတ်စွာ တွေးလို့နေ၏။

ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး လျှောက်လှမ်းတဲ့ ကျင့်ကြံသူတွေက ပင်ကိုယ်အားဖြင့် သူတို့ရဲ့ ဂုဏ်သိက္ခာရှိပေသည်။ သူတို့က စွမ်းအားအတွက်သာ ဦးညွတ်မည် ဆိုပါက သည့်နောက် ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်း မမည်တော့ဘဲ လိုက်လျောညီထွေ နေခြင်းသာ ဖြစ်ပေတော့မည်။

သို့ရာတွင် ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းက ကိုယ်ပိုင် အဓိပ္ပာယ်များ ရှိလေ၏။ ထွက်ခွက်သွားသော ကျင့်ကြံသူများက ပုန်ကန်ခြင်း မဟုတ်တော့ဘဲ ရှောင်ဖယ်ပြေးသည်ဟုသာ ဆိုရပေမည်။

စစ်မှန်သော ပုန်ကန်မှုက ကမ္ဘာလောကကို ရှောင်ကြဉ်ခြင်း၊ ကံကြမ္မာကို ရှောင်ဖယ်ခြင်း၊ ကောင်းကင်ဘုံ၏ ဥပဒေသများကို ရှောင်ဖယ်ပြေးခြင်း မဟုတ်ချေ။ ထိုအရာများကို ဆန့်ကျင်ပြီး ဆက်လက် လျှောက်လှမ်းခြင်းသာ ဖြစ်လေ၏။

“သူတို့ရဲ့ ကိုယ်ပိုင် တာအိုမရှိတဲ့ ကျင့်ကြံသူတွေကို ကျင့်ကြံသူတွေလို့ ဆက်မဆိုနိုင်တော့ဘူး…”

ဝမ်လင်းက ပျံသန်းသွားခြင်း မပြုတော့ဘဲ လမ်းမအတိုင်း လမ်းလျှောက်လာခဲ့သည်။ သူ့အရိပ်က လရောင်အောက်၌ လမ်းမထက်တွင် ရှည်လျားလွန်းနေ၏။

“ကျင့်ကြံခြင်း….ကောင်းကင်ဘုံကို ဆန့်ကျင် ပုန်ကန်ခြင်း….ကိုယ်ပိုင် တာအို ရှိစေခြင်း…”

ဝမ်လင်းက လမ်းမအတိုင်း ခပ်ဖြေးဖြေး ဆက်လျှောက်လာသည်။ သည်လမ်းက မဆုံးမရှိသည်ဟု ထင်မှတ်ရ၏။

Comment

Leave a Reply

Options

not work with dark mode
Reset