သည်အခိုက်တွင် သိုလှောင်အိတ်ထဲမှ ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ရှင်းလင်းစွာပင် သူ့သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ခုက ရူးသွပ်ဖွယ် လှုပ်ရှားလာသည်။သူက လက်ဝှေ့ယမ်းကာ သိုလှောင်အိတ်ကို ချိပ်ပိတ်မှု များစွာ ပြုလုပ်လိုက်၏။
ထိုသို့ပြုလုပ်ပြီးသည့်နောက် သူက ရှုလီကော ထွက်ပြေးသော နေရာသို့ အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “ပြန်လာခဲ့စမ်း…”သူက ထိုသို့ပြောလိုက်သည့်အခါ ရှုလီကော၏ခန္ဓာကိုယ်ပေါ်တွင် ချမှတ်ထားသည့် အတားအဆီးက အသက်ဝင်လာတော့သည်။
ရှုလီကော၏ မြည်ကြွေးသံက အကာအဝေးတစ်ခုကနေ ထွက်ပေါ်လာသည်။သို့သော် သိပ်မကြာခင်တွင် သည်မြည်ကြွေးသံက ဖျော့တော့သွား၏။ဝမ်လင်းမျက်လုံးက ပို၍ အေးစက်လာသည်။
“ငါမျှော်လင့်ထားသလိုပဲ…ဒီမကောင်းဆိုးဝါးရှုလီကောက ငါသူ့အပေါ်မှာ ချထားတဲ့ အတားအဆီးကို ဆန့်ကျင်ဖို့ ယုံကြည်ချက်ရှိနေတာကို။သူက ဒါ့ကြောင့် ငါ့ကို မနာခံတော့တာပဲ…” ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ပေတစ်ထောင်ကျော်သို့ ဖြတ်သန်းသွားသည်။
ရှုလီကောက အတားအဆီးကို နည်းလမ်းတစ်ခုခုသုံး၍ ခုခံနိုင်ခဲ့သော်လည်း သူက သူနှင့်ဝမ်လင်းတို့ကြား ချိတ်ဆက်ထားမှုကို မဖျက်တောက်နိုင်ခဲ့ချေ။သည့်အတွက် ဝမ်လင်းက သူ့ကို ဖမ်းမှီနိုင်ပေသည်။
ရှုလီကောက အစွမ်းကုန် ထွက်ပြေးနေ၏။ထိုအခိုက်မှာပင် ကြောက်ရွှံ့မှုကြောင့် သူ့ခွန်အားက အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။
“မိစ္ဆာကောင်…ငါက မင်းအပေါ်မှာ အများကြီး ဖြည့်ဆည်းပေးခဲ့တာတောင် မင်းက ခုငါ့ကို တကယ်သတ်ပစ်ဖို့ ကြိုးစားနေတယ်။ငါက အလှလေးကို ရှာလို့မရဘူးလား။ငါက လျှို့ဝှက်ချက်အနည်းငယ်ကို ဖုံးကွယ်ထားလို့မရဘူးလား…” ရှုလီကောက သက်ပြင်းချလိုက်သည်။ သူက သည်မိစ္ဆာကောင်သည် သူ့ကို ဘာကြောင့် သတ်ချင်နေမှန်း သဘောပေါက်သွားသည်။
သူက အနက်ရောင်ဓားသွားနှင့် တွေ့ဆုံပြီးနောက် ဓားစိတ်ဝိညာဉ်များအသုံးပြုသော မန္တန်များကို သင်ယူခဲ့ပေသည်။သည့်အပြင် အနက်ရောင်ဓားသွား၏ အကူအညီဖြင့် သူ့အပေါ်၌ ဝမ်လင်းချမှတ်ထားသော အတားအဆီးကို ဖြေလျော့နိုင်ခဲ့ပေသည်။
ရှုလီကောက အလွန်လိမ္မာပါးနပ်သူ ဖြစ်သည်။ထို့ကြောင့်သူက အလွန်ဂရုစိုက်လေ့ ရှိသည်။သည့်အတွက် ဝမ်လင်းက သည်အရာကို သတိမပြုမိခဲ့ခြင်း ဖြစ်၏။
ပင်ကိုယ်အားဖြင့် သူက မောက်မာလွန်းသူဖြစ်သည်။ထို့ကြောင့် ဝမ်လင်း၏ခန့်မှန်းနိုင်မှုကိုပါ လျော့တွက်ခဲ့မိ၏။ဝမ်လင်းအပေါ် သူအော်ဟစ်လိုက်ခြင်းကတစ်ဆင့် ဝမ်လင်းသည့် သူဖုံးကွယ်ထားသည့်အရာကို ဖြတ်မြင်သွားခဲ့ခြင်း ဖြစ်သည်။
ရှုလီကောက ခေါင်းယမ်းကာ မြန်ဆန်စွာ ပျံသန်းသွားသည်။သူက အလွန်မြန်ဆန်၏။သိပ်မကြာခင်တွင်ပင် သူက ကောင်းကင်နတ်ဆိုးမြို့မှ လွတ်မြောက်တော့မလို ဖြစ်သွားသည်။သူက အင်ပါယာနန်းတော်သို့ သမင်လည်ပြန်ကြည့်ကာ တည်ငြိမ်လေးနက်သည့်ဟန်ပန် ထွက်ပေါ်နေ၏။
“နှုတ်ဆက်ပါတယ်…ငါ့အချစ် အလှလေး…။တစ်နေ့မှာ ငါက ပြန်လာပြီး နင့်ကို လာရှာမယ်…”
ရှုလီကောက ပြန်လှည့်လိုက်သည်။သူက ဝမ်းနည်းပူဆွေးနေသည့်ဟန် ဖြစ်ပေါ်နေသည်။ သူက ဆက်လက်၍ ပြေးထွက်ရန် ဟန်ပြင်လိုက်စဉ် ရုတ်တရပ် ရပ်တန့်သွားသည်။သူ့အသွင်ကလည်း အနည်းငယ် ပြောင်းလဲသွား၏။သို့သော် ချက်ခြင်းပင် သူက တောင်းပန်ခယသည့် ဟန်ပန်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ “အ..အရှင်…သင်က မြန်လွန်းတယ်။အရှင် ကျင့်ကြံမှုအဆင့်က အများကြီး တိုးတက်လာတဲ့ပုံပဲ။ သင်က ငါ့အရှင်သခင် ဖြစ်ဖို့ တကယ့်ကို ထိုက်တန်ပါတယ်…”
ရှုလီကော၏ ရှေ့ပေတစ်ရာတွင် ဝမ်လင်းက ပေါ်ထွက်လာ၏။သူ့မျက်နှာက မထူးမခြားနားဟန်ပန်ဖြင့် ရှိသည်။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်းက သတ္တိ သိပ်ရှိနေတာပဲ…”
ရှုလီကောက ခန္ဓာကိုယ်က တုန်ခါသွားကာ သူက မြေပေါ်သို့ ဒူးထောက်ချလိုက်သည်။သည့်နောက် တောင်းပန်တိုးလျှိုး၏။ “အရှင်..ငါမှားခဲ့တာ သိပါပြီ။ ငါ တကယ်ကို မှားခဲ့ပါတယ်။ ငါဘယ်တာ့မှ ခုလိုမျိုး ထပ်မလုပ်ဝံ့တော့ပါဘူ..”
ထိုအခိုက်မှာပင် ဝမ်လင်း ချမှတ်ထားသည့် သိုလှောင်အိတ်ပေါ်ရှိ ချိပ်ပိတ်မှုများက ပျက်ပြယ်သွားကာ အနက်ရောင်အလင်းတန်းတစ်ခုက သူ့ခွင့်ပြုချက် မရှိဘဲ ထွက်ပေါ်လာသည်။
အနက်ရောင်အလင်းက ဝမ်လင်းထံသို့ အံ့မခန်းနှုန်းဖြင့် ပျံသန်းလာသည်။
ဝမ်လင်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်တွင်သာ ရှိပါက ထိုအလင်းတန်းကို ရှောင်တိမ်းနိုင်ရန် မဖြစ်နိုင်ချေ။စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်ဖြစ်နေလျှင်ပင် ၎င်းအလင်းတန်းကို ရှောင်တိမ်းနိုင်ရန် မလွယ်ကူသေးပေ။
သို့သော် ခုချိန်တွင် ဝမ်လင်းက သည်အနက်ရောင်အလင်းတန်းကို ကြည့်ပင် မကြည့်ချေ။ သည်အကြိမ်၌သူက သည်အနက်ရောင် လခြမ်းကွေးဓားသွားကို လုံးဝ ဖိနှိပ်နိုင်နေပြီ ဖြစ်သည်။
ဝမ်လင်းခန္ဓာကိုယ် ပတ်လည်၌ အသက်ဓာတ်ချိပ်တံဆိပ်များစွာ ဝန်းရံသွားသည်။ အနက်ရောင်ဓားသွားက သည်အသက်ဓာတ်ချိပ်တံဆိပ်များနှင့် ထိတိုက်မိ၍ ပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာပြီး ထိုလခြမ်းကွေးဓားသွားက ပြန်ကန်ထွက်သွားတော့သည်။
ဝမ်လင်းက သူ့လက်ချောင်းကို ဆန့်တန်းသည်။သို့သော် အနက်ရောင်လခြမ်းကွေးဓားသွားက ရှောင်လိုက်နိုင်၏။သည့်နောက် ၎င်းက တစ်ပတ်လှည့်လိုက်ပြီး ဝမ်လင်းထံသို့ နောက်တစ်ဖန် ရူးသွပ်ဖွယ် တိုးဝင်လာသည်။သည်တစ်ကြိမ်၌ သူ့ပစ်မှတ်က ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားပင် ဖြစ်သည်။
သတ္တုချင်းထိသံကို ထပ်မံကြားလိုက်ရပြီး လခြမ်းကွေးဓားသွားက နောက်တစ်ဖန် ပြန်ကန်ထွက်သွားလေ၏။သည်တစ်ကြိမ်၌ ၎င်းက အလွန်အမင်း ဒေါသထွက်သွားဟရကာ ချက်ခြင်း ထပ်မံတိုက်ခိုက်ရန် ကြိုးစားလာသည်။သို့ရာတွင် ထိုအခိုက်၌ ၎င်းက ရှုလီကောထံသို့ ရုတ်တရက် လှည့်သွား၏။၎င်းဓားသွားက ရှုလီကော ထွက်ပြေးနိုင်ရန် ကူညီပေးချင်နေသည့်ပုံပင်။
“စိတ်ဝင်စားစရာပဲ…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက ခုချိန်တွင် ဓားသွားကို အသက်ဓာတ်ချိပ်တံဆိပ်များ အသုံးပြု၍ တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် အရင်ထက် ပိုလွယ်ကူသွားခဲ့ပြီ ဖြစ်သည်။
လခြမ်းကွေးဓားသွားက ရှုလီကောထံသို့ ပျံသန်းသွားစဉ် ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူခြေလှမ်းကို ဗဟိုပြုကာ စတင် ပျံ့နှံ့သွား၏။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ပေတစ်ထောင်ကျော်သို့ ပျံ့နှံ့သွားကာ ရှုလီကောခန္ဓာကိုယ်ထဲရှိ ချိပ်တံဆိပ်နှင့် ဓာတ်ပြုသွားသည်။ ထိုအခါ ရှုလီကောက ခဏတာ တောင့်ခဲသွားရ၏။
ရှုလီကောက သူ့လုပ်ရပ်အတွက် အမှန်ပင် နောင်တရနေခဲ့ပြီ ဖြစ်သည်။သို့သော် အခြားတစ်ဖက်မှာလည်း ကြိတ်၍ ဝမ်လင်းကို ကျိန်ဆဲနေသည်။
တစ်ပြိုင်နက်တည်းမှာပင် ဝမ်လင်းက ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေကာ လေထဲ၌ အတားအဆီးများစွာကို ဖြစ်စေလိုက်သည်။ သည်အတားအဆီးများက ကြီးမားကာ မပြည့်စုံသော အတားအဆီးကြီး တစ်ခုကို ဖန်တီးသွား၏။
ထိုအတားအဆီးအစုကြီးတွင် အတားအဆီးတစ်ခုလိုနေ၏။ထိုလိုနေသော အတားအဆီးက ရှုလီကော၏ ကိုယ်ထဲ၌ ရှိနေပေသည်။
အတိတ်တုန်းက ဝမ်လင်းက ခုလိုအတားအဆီးကို ချမှတ်ရန် အတော်လေး ကြိုးစားရသော်လည်း ခုချိန်တွင်တော့ လွယ်ကူနေခဲ့ပေပြီ။ထိုအတားအဆီးများက အသက်ဝင်လာသည်နှင့် ရှုလီကော၏ ခန္ဓာကိုယ်က ယင်းအတားအဆီးအစုထံသို့ အလိုလို ပျံလာခဲ့သည်။
လခြမ်းကွေးဓားသွားက အလွန်စိတ်ပူပန်ဟန် ရသွားကာ သည်အရာကို ရပ်တန့်လိုနေ၏။သို့သော် ဝမ်လင်းက သူ့ရှေ့သို့ ခြေတစ်လှမ်းဖြင့်ပင် ရောက်လာခဲ့သည်။ ၎င်းဓားသွားက ရှောင်တိမ်းလိုက်သည့်အတွက် အချိန်ဖင့်သွားခဲ့သည်။ရှုလီကောက သူ့ကိုယ်ထဲသို့ ဝင်လာသည့်အတားအဆီးများကို စောင့်ကြည့်နေရုံသာ တက်နိုင်၏။သူ့ခန္ဓာကိုယ်က တုန်ယင်နေကာ သူက အားတင်းပြုံး၍ တောင်းပန်လိုက်သည်။ “အရှင် ကျေးဇူးပြု၍ ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါက နောက်တစ်ခါ မပုန်ကန် ဝံ့တော့ပါဘူး…”
ဝမ်လင်းက ရှုလီကောကို လစ်လျူရှုထား၏။သူက လခြမ်းကွေးဓားသွားထံသို့ လက်ဆန့်တန်းလိုက်သည်။
လခြမ်းကွေးဓားသွားက ထပ်မံ၍ ရှောင်ဟန် ပြင်သည်။သို့သော် ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက အော်ပြောလိုက်သည်။ “သတ်ဖြတ်ခြင်း စွမ်းအင်…”