တနေ့တာက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ခြောက်ကြိမ်ကျော်ပင် တိုက်ခိုက်ပြီးခဲ့ပြီ ဖြစ်သည်။ဝမ်လင်းသည် သုံးကြိမ်ထက်ပို၍ အနိုင်ရခဲ့ပေ၏။ရှုလီကောကလည်း ဝမ်လင်း သိုလှောင်အိတ်ထဲသို့ အစောပိုင်းကတည်းက ပြန်ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။
ဓားစိတ်ဝိညာဉ်မိန်းကလေးက ရှုလီကော၏ အရှက်ကင်းမဲ့မှုကို လန့်သွားသလားတော့ မသေချာလှပေ။သူမက ဓားထဲသို့ ဝင်ရောက်သွားပြီးနောက် ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲ၏ ပထမဆုံးနေ့က အဆုံးသပ်သွားပြီးနောက် များစွာသော နတ်ဆိုးဗိုလ်ချုပ်များသည် သူတို့၏နေအိမ်များထံသို့ ပြန်သွားကြပေသည်။
သည်ပထမအချီက ခုနစ်ရက်ကနေ ဆယ်ရက်ကျော်လောက်ထိ ကြာမြင့်နိုင်သည်။ ကံကောင်းစွာနှင့် အနိုင်ရသူများက အနားယူရန် အချိန်ရလေသည်။ထို့ကြောင့် ဝမ်လင်းသည်လည်း အနားယူရန် အချိန်ရခဲ့ပေ၏။
နတ်ဆိုးဗိုလ်ချုပ်များကြား ပြိုင်ပွဲနှင့် ကျင့်ကြံသူများကြား သတ်ဖြတ်ပွဲက နေ့စဉ်နေ့တိုင်း ဝမ်လင်း တွေ့ချင်သည့်အရာ မဟုတ်ချေ။သူက သည်ကိစ္စနှင့်ပတ်သတ်၍ ဆက်လက် မတွေးတော့ဘဲ အရက်သောက်ရင်း ကုချင်းဂီတသံကိုသာ နားဆင်လိုပေသည်။သည်အရာက ပို၍ စိတ်အနားရကာ လွတ်လပ်စေ၏။
ဝမ်လင်းနှင့်နှိုင်းယှဉ်လျှင် မိုလီဟိုင်၏စိတ်အင်အားက မခိုင်မာလှချေ။သူက နေ့စဉ်နေ့တိုင်း ပြိုင်ပွဲသို့သွားကာ သူမှတ်သားဖို့ ထိုက်တန်သည့်ထင်သော မန္တန်ဟူသမျှကို မှတ်တမ်းယူနေခဲ့သည်။ထို့နောက် ညစဉ်ညတိုင်း သူက ဝမ်လင်းသို့ ထိုသတင်းအချက်အလက်များ ပေးလေ့ရှိသည်။
သူ့မျှော်လင့်ချက်များအားလုံးက ဝမ်လင်းပေါ်တွင် ရှိနေသည် မဟုတ်လား။
သည်နေ့ရက်များအတွင်း ဝမ်လင်းနှလုံးသားက သူ့တာအိုကို ရှာတွေ့ရန် ကူညီပေးသည့် ကုချင်းဂီတသံ၌သာ နစ်မြုပ်လို့နေသည်။သူက မြစ်ပြင်ပေါ်မှ ပျံ့လွင့်လာသည့် ကုချင်းဂီတသံထဲ၌သာ နစ်မြုပ်နေလျက် ရှိ၏။
ရှုလီကောကတော့ ဓားစိတ်ဝိညာဉ်မိန်းကလေးကို တွေ့ဆုံပြီးသည့်နောက် သူက ထိုအကြောင်းနှင့်ပတ်သတ်၍ ဝမ်လင်းကို အတောမသတ်နိုင်အောင် ပြောနေတော့သည်။သူက ထိုအလှလေးကို သွားတွေ့ချင်နေမိသည်။ထို့အတွက် ဝမ်လင်းက သူ့ကို လွှတ်ပေးရန်လည်း မျှော်လင့်နေမိ၏။
သည်နေ့တွင် လှေက ရောက်လို့မလာသေးပေ။ ဝမ်လင်းက မြစ်ကမ်းတွင် အရက်အိုးကို ကိုင်ထားရင်း လှဲလျောင်းလို့နေသည်။သူက ကောင်းကင်ထက်ရှိ အဖြူရောင်တိမ်တိုက်များကို မော့ကြည့်လို့နေသည်။တိမ်တိုက်များအတွင်း၌ ပြောင်းလဲမှုတို့ ဖြစ်ပေါ်နေသည်ဟု ထင်မှတ်ရ၏။
“လူအများက တိမ်တိုက်တွေဟာ အလွန်သိမ်မွေ့တဲ့ အရာဝတ္ထုတွေလို့ မကြာခဏ တွေးထင်တက်ကြတယ်။ဒါပေမဲ့ ကုချင်းဂီတလိုမျိုးဆိုရင် ဒီတိမ်တိုက်တွေက နတ္ထိပါပဲ။လူသားနှလုံးသားကသာ သိမ်မွေ့တာပါ…နှလုံးသားကသာ မလှုပ်ရှားရင် တိမ်တိုက်တွေကလည်း ရွေ့လျားမှာ မဟုတ်ဘူး။နှလုံးသားကသာ မကြောက်ရွှံ့ရင် အဲ့နောက်မှာ ကုချင်းဂီတသံကလည်း အဝေးသို့ လွင့်လို့လွင့်လို…” ဝမ်လင်းက အရက်တစ်ငုံသောက်လိုက်သည်။ သူ့မျက်လုံးက စိတ်ရှုပ်ထွေးဟန်တို့နှင့် ပြည့်နှက်နေသည်။
“အာဏာတက်ခြင်း…အာဏာတက်ခြင်း…ငါ့နယ်ပယ်ကို အာဏာတက်ခြင်းအဆင့်ကို ရောက်နိုင်ဖို့ ဘယ်လိုလိုအပ်ချက် တွေနဲ့ တွေ့ကြုံရမှာလဲ…။စဦးစိတ်ဝိညာဉ်အဆင့်တုန်းက လူတစ်ယောက်ဟာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်ဖို့ နယ်ပယ်ကို နားလည်ဖို့ လိုအပ်တယ်။စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်မှာ လူတစ်ယောက်ဟာ နယ်ပယ်ကို အစစ်အမှန် ဖြစ်လာအောင် လုပ်ပြီး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ကို ရောက်အောင်လုပ်ရတယ်။စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်မှာ လူတစ်ယောက်က သူ့နယ်ပယ်ကို ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နိုင်တယ်။ဒါပေမဲ့ အဲ့တာက အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ မလုံလောက်သေးဘူး။ငါ့နယ်ပယ်ကလည်း ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီးသွားပြီ။ငါ့တာအိုနှလုံးသားကလည်း ဝမ်အာ မေ့မြောသွားတဲ့အခိုက်မှာ ပြည့်စုံသွားခဲ့ပြီ…”
ဒါပေမဲ့ ငါက အဆင့်တစ်ခု လိုအပ်နေတုန်းပဲ။ ဒီအဆင့်က ဘာများ ဖြစ်မလဲ။လူတိုင်းက မတူညီတဲ့ နယ်ပယ်ကို နားလည်ကြတယ်။ဒါ့ကြောင့် မတူညီတဲ့ တာအိုနှလုံးသားတွေ ရှိကြတယ်။ဒီအတွက်ကြောင့် ငါက ဒီအဆင့်ကို တခြားလူတစ်ယောက်ကိုလည်း မေးလို့ မရနိုင်ဘူး။ငါက မေးမယ်ဆိုရင်လည်း ဆိုးကျိုးပဲ ဖြစ်နိုင်လိမ့်မယ်။ငါက ငါ့လမ်းကြောင်းကတောင် သွေဖယ်သွားနိုင်သေးတယ်။ငါက ငါ့ဘာသာငါပဲ ကျင့်ကြံပြီ ဒီလိုနေတဲ့အဆင့်ကိုလည်း ငါ့ဘာသာ နားလည်အောင် လုပ်မှ ရမယ်…”
သူ့မျက်လုံးထဲရှိ ရှုပ်ထွေးမှုက ပိုလို့ပင် အားကောင်းလာသည်။သို့သော် သည်အခိုက်တွင် ရှုလီကော၏ အသံက သူ့ဦးနှောက်ထဲသို့ ဝင်ရောက်လာ၏။
“အရှင်…ငါ့ကို ထွက်သွားခိုင်းပါ။ ဒီအလှလေးက ငါ့ကို မမြင်ရတာ ကြာနေပြီ။သူက ငါ့ကို တော်တော်လေး လွမ်းနေလောက်ပြီ။အာ…အရှင်…ငါ့ကို သွားခွင့်ပေးပါ…”
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။သည်ရှုလီကောက လွန်ခဲ့သောရက်အနည်းငယ်ကတည်းက အတောမသပ်အောင် ခုလို ပြောနေခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ဝမ်လင်းက သူတို့နှစ်ယောက်ကြားရှိ ချိတ်ဆက်မှုကို ချိပ်ပိတ်ထားခဲ့သည်။ ရက်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ရှုလီကောက သည်ချိပ်ပိတ်မှုကို ချိုးဖျက်လာနိုင်သည့်ပုံရကာ ခုလိုမျိုး ထပ်မံ အော်ဟစ်တောင်းဆိုနေလေသည်။
“ဝမ်လင်း…အတိတ်တုန်းက မင်းကငါ့ရဲ့ အလှအပလေးတွေနဲ့ အတင်းဝေးကွာအောင် လုပ်ခဲ့တယ်။ ခုလည်း အလှလေးနဲ့ ငါ့ကြားကို ဝေးအောင်လုပ်နေပြန်ပြီ။ မင်း နှလုံးသားက ဘာလဲ။ မင်းက တကယ့်ကို မနာလိုကြီးတာပဲ။ ဟုတ်တယ်…မင်းက ငါအချစ်ကံကောင်းနဲ့ ကြုံရတိုင်း မနာလို ဖြစ်နေခဲ့တာ…” ဒေါသထွက်နေသော ရှုလီကော၏အသံထဲ၌ မောက်မာမှုတို့ပါ ပြည့်နေသည်။
ဝမ်လင်းမျက်လုံးများက အေးစက်လာသည်။ရှုလီကောက သစ္စာရှိသော်လည်း အဓိကအချက်ကတော့ ဝမ်လင်းသည် သူ့ထက်အဆများစွာ ပိုသန်မာနေခြင်းကြောင့်သာ ဖြစ်သည်။ရှုလီကော၏ သခင်အသစ်သာ သူ့ထက် အဆများစွာ အားကောင်းပါက သူ့သစ္စာရှိမှုက ချက်ခြင်း ပျောက်ကွယ်သွားပေလိမ့်မည်။
ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက ဥပမာကောင်းပင်။ ထိုဘီလူးနတ်ဆိုးကလန်ဘိုးဘေး နေရာ၌ ရှေ့ဖြစ်ဟောသူ၊လင်းထျန်ဟူ နှင့် သွေးဘိုးဘေးတို့သာ ဖြစ်နေပါက သည်ရှုလီကောက ဝမ်လင်းကို ချက်ခြင်း ထိုးကျွေးသွားပေလိမ့်မည်။
ထိုအချက်အပြင် သည်မကောင်းဆိုးဝါး၌ နောက်ထပ် ပြဿနာတစ်ခု ရှိသေး၏။၎င်းက မိန်းမတစ်ယောက်ကို တွေ့သည်နှင့် သူက အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်သွားခြင်းပင်။
သို့ရာတွင် ရှုလီကောက ပုံမှန်အားဖြင့် ယဉ်ပါးပေသည်။သူက ဝမ်လင်းကို ခုလိုမျိုး ပြန်အော်ဝံ့ခြင်း မရှိပေ။ကြည့်ရသည်မှာ ရှုလီကောသည် ဟင်္သာပြဒါးဂြိုဟ်မှ ထွက်ခွာလာပြီးနောက် ဖုံးကွယ်နေသည့် အရာတော်တော်များများ ရှိလာခဲ့သည့်ပုံပင်။
ဝမ်လင်းမျက်လုံးထဲရှိ အေးစက်မှုက တိုးလာ၏။
ရှုလီကောက ဝမ်လင်းစိတ်အခြေအနေကို သတိမပြုမိပေ။သူက ဆက်လက်၍သာ ဆဲဆိုလို့နေ၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “တော်သင့်ပြီ…”
“တော်သင့်ပြီ ဟုတ်လား။ဒါက မလုံလောက်သေးဘူး။ငါ့ကို လွှတ်ပေးပါ၊ဒါမှ ငါက အလှလေးကို သွားရှာနိုင်မှာ။ ဒီလိုဆိုမှ လုံလောက်မှာ…” ရှုလီကော အသံက ပျော့သွား၏။သူက ဝမ်လင်းကို ဒေါသထွက်စေမိမည်ကို ဝါးတဝါးခံစားမိပေသည်။သို့သော် သူက သည်နှစ်များတွင် သင်ယူခဲ့သည့် မန္တန်များအကြောင်း တွေးမိပြီး သူ့သတ္တိက ရုတ်တရက် တိုးလာခဲ့ပြန်၏။
ရှုလီကောက ဆက်ပြောဟန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်သည်။ ရှုလီကောက ပျော်ရွှင်သွား၏။သူက ချက်ခြင်းပင် ကောင်းကင်ဘုံဓားထဲကနေ ထွက်လာခဲ့သည်။
သည့်နောက် အနက်ရောင်အခိုးငွေ့တစ်ခုက ဓားထဲကနေ ထွက်ပေါ်လာပြီး ရှုလီကော အဖြစ်သို့ ပြောင်းလဲသွား၏။ သူက ရယ်မောလိုက်ကာ အင်ပါယာနန်းတော်ရှိရာသို့ တည့်တည့်မတ်မတ် ပျံသန်းရန် ပြင်သည်။
ဝမ်လင်းက ကောင်းကင်ဘုံဓားကို လက်ဖြင့် သပ်လိုက်ရာ အလင်းတန်းတစ်ခု ထွက်ပေါ်သွား၏။ ရှုလီကောက ချက်ခြင်းပင် ဝမ်လင်းထံသို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ “ဝမ်လင်း…မင်းဘာလုပ်တာလဲ…”
ဝမ်လင်းက ရှုလီကောထံသို့ အေးစက်စွာ ကြည့်သည်။သူ့အကြည့့်က ရှုလီကောကို ရေအေးဖြင့် လောင်းချလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။ရှုလီကောက သူ့တဏှာစိတ်ကနေ ချက်ခြင်း နိုးထကာ အသိပြန်ဝင်လာသည်။
ဝမ်လင်းအကြည့်က ရှုလီကောကို သူ မကောင်းဆိုးဝါးတစ်ကောင်အဖြစ် သန့်စင်ခြင်း ခံရတုန်းက အဖြစ်မျိုးကို ပြန်အမှတ်ရသွားစေသည်။ သည့်နောက် သည်နှစ်ရာချီတွင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းမျိုးစုံက ရှုလီကော စိတ်ထဲ၌ ပေါ်လာခဲ့သည်။
“သူက မိစ္ဆာကောင်ပဲ။သူက ထျန်မိသားစုတစ်ခုလုံးကို သတ်ခဲ့တဲ့လူ။ သူက ဟင်္သာပြဒါးဂြိဟ်ပေါ်မှာ ရှိတဲ့ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ခဲ့တဲ့လူ ဖြစ်တယ်…ငါ…ငါ…”
ရှုလီကောက တုန်ယင်လို့သွား၏။
“အ…အရှင်…” ရှုလီကောက ချက်ခြင်းပင် တောင်းပန်သည့်ဟန်ဖြင့် ပြုံးလာခဲ့သည်။
ဝမ်လင်းက ရှုလီကောကို အေးစက်စွာသာ ကြည့်နေ၏။ဝမ်လင်းက ထိုသို့ ကြည့်လေလေ သူက ပို၍ ကြောက်ရွှံ့လာမိလေ ဖြစ်သည်။ ဝမ်လင်း သတ်ဖြတ်ခဲ့သော မြင်ကွင်းများက ရှုလီကော၏နှလုံးသားထဲ၌ ပေါ်လာနေ၏။
“ငါကမင်းကို မကောင်းဆိုးဝါးခန္ဓာကိုယ် ပေးခဲ့တယ်။ မင်းကို ဓားစိတ်ဝိညာဉ်အဖြစ် အဆင့်မြှင့်ပေးခဲ့ပြီး ကောင်းကင်ဘုံဓားထဲမှာ အကာအကွယ် သဘောမျိုးနဲ့ နေထိုင်စေခဲ့တယ်…”
“ခု ငါက ဒီအရာတွေကို ပြန်ယူရလိမ့်မယ်…” ဝမ်လင်း ဘယ်လက်က ကောင်းကင်ဘုံဓားကို သပ်လိုက်ရာ ရှုလီကောက နာနာကျင်ကျင် ငြီးတွားလိုက်ရ၏။ သူ့တစ်ကိုယ်လုံးသည်လည်း တုန်ယင်နေခဲ့သည်။ ဝမ်လင်းက ကောင်းကင်ဘုံဓားနှင့် ရှုလီကောတို့၏ ဆက်နွှယ်မှုကို ဖျက်တောက်ပစ်လိုက်ခြင်းပင်။
ရှုလီကော ခန္ဓာကိုယ်က အနက်ရောင်အခိုးအငွေ့အဖြစ်သို့ ချက်ခြင်း ပြောင်းလဲသွားသည်။ဝမ်လင်းက ကောင်းကင်ဘုံဓားနှင့် သူ့ကြား ဆက်နွှယ်မှုကို ဖြတ်တောက်ပစ်လိုက်သည့်အခါ သူက နှစ်ရာချီကြာအောင် မခံစားခဲ့ရသည့် သတ်ဖြတ်မှုစိတ်ဆန္ဒကို ခံစားလိုက်ရတော့၏။
“သေစမ်း…ဒါက အစစ်အမှန် သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒပဲ။ဒီ မိစ္ဆာကောင်က ငါ့ကို တကယ် သတ်ချင်နေတာပဲ…” ရှုလီကောက အကြောက်အကန် အော်ဟစ်၍ ချက်ခြင်း ထွက်ပြေးလေသည်။ သူက ဝမ်လင်းကို ဘီလူးနတ်ဆိုးကလန်ဘိုးဘေးကို သတ်ဖြတ်ရာ၌ အကူအညီပေးပြီးနောက် ခုလို သတ်ဖြတ်မှု စိတ်ဆန္ဒကို ခံစားရခြင်း မရှိတော့ချေ။
“ကျားက ကျားပဲ။ ဘယ်လိုပဲ သိမ့်မွေ့သွားပါစေ ဘယ်တော့မှ ကြောင်တစ်ကောင် ဖြစ်လာမှာ မဟုတ်ဘူး…” ရှုလီကောက နှလုံးသားထဲကနေ ခါးသီးစွာ ပြုံးမိသည်။သူက သူ့မြို့မှ စကားပုံဟောင်းကို ပြန်အမှတ်ရသွားတော့သည်။
ရှုလီကောက ထွက်ပြေးရန် ဟန်ပြင်သည်။သို့သော် ဝမ်လင်းမျက်လုံးများက အေးစက်လာကာ ရှုလီကောရှေ့၌ မရေမတွက်နိုင်သော အတားအဆီးများလည်း ပေါ်လာခဲ့သည်။သည့်နောက် ရှုလီကောက စူးစူးရှရှ အော်ဟစ်ကာ ထက်ရှသောဓားအလင်းတန်းသို့ ပြောင်းသွားသည်။သူက ထိုအတားအဆီးများကို ချိုးဖျက်ရန် ကြိုးစားလိုက်၏။ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူက နှာခေါင်းရှုံ့လိုက်သည်။
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွား၏။သည်ရှုလီကောက အမှန်ပင် တော်တော်များများကို ဖုံးကွယ်လို့ထားသည်။ဥပမာအားဖြင့် ခုလို ဓားတစ်လက်အဖြစ် ပြောင်းလဲနိုင်သည့် စွမ်းရည်မျိုးပင် ဖြစ်၏။ဝမ်လင်းသည် ရှုလီကော၏ သည်စွမ်းရည်ကို ဟင်္သာပြဒါးဂြိုဟ်မှာတုန်းက မသိရှိခဲ့ပေ။