“ဒီလူက သန်မာလွန်းတယ်…” နတ်ဆိုးဗိုလ်ချုပ်များကြားရှိ အနက်ရောင်အော်ရာကို ပေးစွမ်းနေသည့် လူတစ်ယောက်က ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။သူ့မျက်လုံးက တိုက်ပွဲစိတ်ဆန္ဒတို့နှင့် ပြည့်နေသည်။သူက သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျင့်ကြံသည့် ဗိုလ်ချုပ် ယုစန်ပင်။
“စိတ်ဝင်စားစရာပဲ။ငါက မိုလီဟိုင်မှာ ဒီလို ကျောထောက်နောက်ခံ ရှိနေလိမ့်မယ်လို့ မမျှော်လင့်မိဘူး။ ငါက နတ်ဆိုးခုနစ်ခုမန္တန်ကို အသုံးပြုရင် သူက ဘယ်အထိ တောင့်ခံနိုင်မလဲ ငါ မသိဘူး…” နတ်ဆိုးဗိုလ်ချုပ်များကြားတွင် အနက်ရောင်ဆံပင်နှင့်လူတစ်ယောက်လည်း ရှိနေ၏။ထိုလူက သူ့လက်ချောင်းပေါ်ရှိ လက်စွပ်ကို ထိလိုက်ပြီး အပြုံးတစ်ခုကို ထုတ်ဖော်သည်။
“ရက်စက်လိုက်တာ…” ဒုနတ်ဆိုးဗိုလ်ချုပ်မှူး ရွမ်၏ နှလုံးသားက ဝရုန်းသုန်းကား ဖြစ်လို့သွားသည်။
နတ်ဆိုးဗိုလ်ချုပ်မှူး ရှစ်ယောက်လုံးကလည်း ဝမ်လင်းထံသို့ အာရုံစိုက်ကြည့်လိုက်ကြ၏။သူတို့ထဲက တစ်ယောက်သည် အစိမ်းရောင်အင်္ကျီကို ဝတ်ဆင်ထား၏။သူက ကျက်သရေရှိဟန်ရကာ ဝမ်လင်းကို အသိအမှတ်ပြုသည့်ဟန်ဖြင့် ကြည့်၏။
“သူက ရှင်းရှင်းလင်းလင်းနဲ့ အချိန်မဖြုန်းဘဲ အကျိုးရှိရှိ လုပ်ဆောင်ခဲ့တယ်။ဒီကောင်လေးက တကယ်တော်တယ်…”
ရှီရှောင်ဘေးတွင် ရပ်နေသည့် ချန်ထောင်က ဝမ်လင်းကို စူးစိုက်ကြည့်နေမိသည်။သူ့ သည်ဂျူနီယာညီက အရင်နှင့် လုံးဝ ခြားနားသွားခဲ့ပြန်ပြီ။ သူက ပိုလို့ပင် အားကောင်းလာကာ ကြောက်မက်ဖွယ်ကောင်းသည့် အနေထားသို့ပင် ရောက်လာပြီဟု ပြော၍ ရ၏။
အိုဒီကို သုံးစားမရအောင်လုပ်လိုက်နိုင်ခြင်းက သာမညသာ ရှိသေး၏။ ချန်ထောင်ကို တကယ်တုန်လှုပ်သွားစေသည့်အရာက ရွှေရောင်လှံကို ဘေးသို့လွင့်သွားစေသည့် လက်ဝါးချက်ပင် ဖြစ်သည်။ချန်ထောင်က သည်ရွှေရောင်လှံနှင့် ပတ်သတ်၍ အလွန်ဂရုစိုက်၏။ သူက ရှေ့ဖြစ်ဟောသူထံကနေ နေမင်း၏ စွမ်းအင်ကို အရည်အဖြစ် သိပ်သည်းစေသော မန္တန်တစ်ခုအကြောင်း ပြောပြခဲ့သည်ကို ကြားခဲ့ဖူး၏။ရှေ့ဖြစ်ဟောသူပင် သည်မန္တန်ကို အတော်လေး ချီးကျုးခဲ့သည် မဟုတ်လား။
သည်ရွှေရောင်ချပ်ဝတ်နှင့်လူက နေစွမ်းအင်ကို အရည်အဖြစ် ပြောင်းလဲအသုံးချနိုင်သည့် ကျင့်ကြံမှုအဆင့်သို့ မရောက်သေးသော်လည်း သူ့တိုက်ခိုက်မှုတွင် နေမင်း၏စွမ်းအား ပါနေသည်သာ ဖြစ်သည်။
ချန်ထောင်က သူလည်း လက်ဝါးချက်ဖြင့် သည်လှံကို အနည်းငယ် ရွှေ့သွားအောင် လုပ်နိုင်သည်ဟု ယုံကြည်၏။သို့သော်လည်း ဝမ်လင်းကဲသို့ လက်ဝါးရိုက်ချက်နှစ်ခုဖြင့် လှံ၏ ဦးတည်ချက်ကိုပါ ပြောင်းလဲသွားစေအောင်လုပ်ဖို့ရန်က ခက်ခဲလွန်းလှပေသည်။သည်လိုလုပ်နိုင်ရန်က ကျင့်ကြံမှုအဆင့် သို့မဟုတ် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပမာဏ၏ ကိစ္စရပ် မဟုတ်ပေ။သည်အရာက ဆင်ခြင်တွက်ချက်နိုင်ခြင်း နှင့် ချိန်သားကိုက် လုပ်ဆောင်နိုင်ခြင်း တစ်မျိုးသာ ဖြစ်၏။
“ငါက ခုချိန်မှာ သူ့ကို အနိုင်ယူနိုင်ဦးမယ်ဆိုရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီး နှစ်တစ်ရာလောက် တံခါးပိတ်ကျင့်ကြံဖို့တောင် ဖြစ်သွားနိုင်တယ်။ ငါ့ကျင့်ကြံမှုအဆင့်တောင် လျော့ကျကောင်း လျော့ကျသွားနိုင်တယ်…” ချန်ထောင််က အသက်ဝဝရှူသွင်းကာ ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။
လူတိုင်းကြားတွင် အပျော်ရွှင်ဆုံးလူက မိုလီဟိုင်ပင်။သူက မျက်နှာပေါ်ရှိ အပြုံးကိုပင် ဖုံးကွယ်ထားခြင်း မရှိချေ။အတိတ်တုန်းက သူ့ဆုံးဖြတ်ချက်သည် ဉာဏ်ရှိခဲ့ပေ၏။
“ငါတို့ ခုလက်ရှိ ဆက်ဆံရေးနဲ့ဆိုရင် ငါတို့က အနာဂတ်မှာ ရန်သူတွေ ဖြစ်မလာနိုင်တော့ဘူး။ဝမ်လင်းက ပိုသန်မာလေလေ ငါ့အတွက် အခွင့်ရေး ပိုရှိလာလေပဲ။ဒါပေမဲ့ ရွှေရောင်အကြီးအကဲက ခုချိန်မှာ မောက်မာလွန်းနေတယ်။ ငါ နတ်ဆိုးဗိုလ်မှူးချုပ် ဖြစ်လာတဲ့ တနေ့ကြရင်တော့ သူ့ကို သင်ခန်းစာတစ်ခု ပေးကိုပေးရမယ်…”
အေးစက်စက်နှာခေါင်းရှုံ့သံက ကွင်းပြင်ထဲတွင် ပျံ့နှံ့သွားသည်။လူအများ၏ အကြည့်က ထိုနှာခေါင်းရှုံ့လိုက်သည့်လူထံသို့ ကျရောက်သွားကြ၏။
ရွှေရောင်ချပ်ဝတ်နှင့်လူက ဝမ်လင်းကို ကြည့်ကာ အော်ပြောလိုက်သည်။ “နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ကို သတ်ရင် မင်းလည်း အသတ်ခံရမယ့်ဆိုတာ မင်း သိပါတယ်။ နတ်ဆိုးဗိုလ်ချုပ်အိုဒီက မသေဆုံးတဲ့အတွက် ငါမင်းကို ဒီတစ်ကြိမ် ခွင့်လွှတ်လိုက်မယ်။ အိုဒီအကူ…ထွက်လာပါ…”
လူအုပ်ထဲမှ အားပျော့သော အသံတစ်ခု ထွက်ပေါ်လာ၏။ “ငါ အရှုံးပေးတယ်…”
ရွှေရောင်ချပ်ဝတ်နှင့်လူ၏ မျက်လုံးက သုန်မှုန်သွားကာ ဝမ်လင်းကိုကြည့်သည်။ သူက ပြောလိုက်၏။ “မင်း ဒီတစ်လှည့်မှာ နိုင်တယ်။ ကိုယ့်နေရာကိုယ် ပြန်သွားနိုင်ပြီ…”
ဝမ်လင်းက ဘာစကားမှ မဆိုပေ။သူက နတ်ဆိုးဗိုလ်ချုပ်များကြား ဖြတ်လျှောက်လို့လာ၏။ သူက လမ်းလျှောက်လာစဉ်တွင် အချို့နတ်ဆိုးဗိုလ်ချုပ်များသည် အလိုလို နောက်ဆုတ်ကာ သူ့အတွက် လမ်းဖယ်ပေးမိသွားကြ၏။
ဝမ်လင်းက မိုလီဟိုင် ဘေးနားသို့ ပြန်ရောက်လာသည့်အခါ မိုလီဟိုင်မျက်လုံးက လက်ခနဲ ဖြစ်သွား၍ ခပ်တိုးတိုး ပြောလိုက်သည်။ “အကိုဝမ်လင်း…ဒီရွှေရောင်အကြီးအကဲနဲ့ ပတ်သတ်လို့ စိတ်မပူပါနဲ့။သူက မိန်းမစိုးတစ်ယောက်သာ ဖြစ်တယ်။နတ်ဆိုးအင်ပါယာက သူ့ကို မျက်နှာသာပေးထားလို့ပါ…”
ဝမ်လင်းက ပြုံး၍ မည်သည့်စကားမျှ မဆိုချေ။
သည်အခိုက်တွင် အင်ပါယာနန်းတော်ဓားခန်းမ အတွင်းပိုင်းရှိ အစီအရင်ထဲမှ အင်ပါယာဓားထံမှ ဓားတေးသံများ ထုတ်လွှတ်လာသည်။ဝမ်လင်းက အင်ပါယာမြို့တော်တွင် တိုက်ခိုက်လိုက်သည့်အတွက်ကြောင့် ၎င်းဓားက သူ့အော်ရာကို ခံစားမိသွားသည်။
ဒေါသဖြင့် ယင်းဓားက မြေပြင်ကနေ ပျံဝဲပြီး ထိုးထွက်ရန် ဟန်ပြင်လိုက်၏။သို့ရာတွင် ၎င်းက လေထဲသို့ ရောက်ရှိသွားသည့်အခိုက်တွင် တုံ့ဆိုင်းသွားလေ၏။
တကယ်တော့ နတ်ဆိုးအင်ပါယာသည် လွန်ခဲ့သော ရက်အချို့ကတည်းက သူ့ကို တိတ်တိတ်နေရန်နှင့် နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲအတွင်း ပေါ်မလာရန် ပြောထားခဲ့ပေ၏။ မဟုတ်လျှင် နဂါးရေကန်သို့ အပို့ဆောင်ခံရမည် ဖြစ်သည်။
ထိုကဲ့သို့ တွေးမိပြီးနောက် ၎င်းအင်ပါယာဓားက အကျေမချမ်း ဓားတေသံများကို ထုတ်ဖော်သည်။ ၎င်း၏ ဓားဦးက ကောင်းကင်နတ်ဆိုးဂိတ်ပေါက်သို့ ဦးတည်နေသည်။အချိန်အတန်ကြာ ရုန်းကန်ပြီးသည့်နောက် ၎င်းက နောက်ဆုံးတွင် လှုပ်ရှားသွားကာ အသက်နှစ်ဆယ်ခန့် မိန်းကလေးတစ်ယောက် အသွင်သို့ ပြောင်းလဲသွားသည်။ သည်မိန်းကလေးက သလင်းကဲ့သို့ ကြည်လင်သော မျက်လုံးကို ပိုင်ဆိုင်ထားကာ အလွန်လှပ၏။သူမက မြေပေါ်သို့ ခြေချလာသည်နှင့် အကြိမ်များစွာ စောင့်ကန်တော့သည်။သူမ ကန်ထုတ်လိုက်သည့် အခါတိုင်း ဓားစွမ်းအင်များက တလက်လက် ဖြစ်သွား၏။
ဓားစွမ်းအင်ခန်းမက သူမဒေါသကို ဖြေလျော့လိုက်မှုကြောင့် အတော်လေး ပျက်စီးသွားခဲ့ရသည်။ သည်အခိုက်တွင် သူမက မျက်လုံးကစားလိုက်၏။
“နတ်ဆိုးအင်ပါယာက အင်ပါယာဓားကို ထွက်ခွင့်မပြုဘူး။ဒါပေမဲ့ ငါက ဓားစိတ်ဝိညာဉ်ပဲ။ဒါကြောင့် အဆင်ပြေမှာပါ။ ဟုတ်တယ် အဆင်ပြေမှာပါ။ငါက တိုက်ခိုက်မှာမှ မဟုတ်တာ။ ငါက ငါ့အစာကို သွားကြည့်ပြီး သူ့ကို ရှာလို့ပိုလွယ်အောင် သူ့အော်ရာကို မှတ်မိအောင်လုပ်ရုံပဲကို။ ဟုတ်တယ်…ဒါက ပြဿနာ ဖြစ်နိုင်မှာ မဟုတ်ဘူး…” ထိုမိန်းကလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လိုက်လိုက်ပြီးနောက် ဓားခန်းမထဲကနေ ပျံသန်းထွက်ကာ ကောင်းကင်နတ်ဆိုးဂိတ်ပေါက်သို့ ဦးတည်ပျံသန်းသွားတော့၏။
သူမက ပေတစ်သောင်းကွင်းပြင်ကို တွေ့မြင်လိုက်ရသည့်အခါတွင် သူမခန္ဓာကိုယ်ကို မတည်ရှိသကဲ့သို့ ပြောင်းလဲ၍ အနီးအနားရှိ နန်းတော်အဆောက်အဦတစ်ခု၏ ခေါင်မိုးပေါ်သို့ ခြေချကာ ကွင်းပြင်သို့ ငုံ့ကြည့်လိုက်၏။
သူမ နန်းတော်ထိပ်၌ပေါ်လာသည့််အခိုက်တွင် အကြည့်ရှစ်ခုက သူမထံသို့ ဖြတ်ကျော်သွား၏။
ထိုမိန်ကလေး၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။သည့်နောက် သူမက နှုတ်ခမ်းသပ်မိသွား၏။သည်အကြည့်ရှစ်ခုက ဗိုလ်ချုပ်မှူးရှစ်ယောက်၏ အကြည့်များ ဖြစ်ကြ၏။ သူတို့က ပြုံးယောင်သန်းသွားကြ၏။
ဝမ်လင်းက နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲကို ကြည့်နေရင်း ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။သူက ကောင်းကင်ဘုံဓားထဲရှိ ရှုလီကောနှင့် ဆက်သွယ်မိသွား၏။သည်အခိုက်တွင် ဝမ်လင်းစိတ်ထဲ၌ ရှုလီကော၏ စိတ်လှုပ်ရှားနေသည့် အသံကို ကြားလိုက်ရသည်။
“အရှင်…ငါ့ကို ထွက်ခွင့်ပြုပါ။ငါ့နွေဦးလေးက ဒီနေရာကို ရောက်နေခဲ့ပြီ။ခပ်မြန်မြန် ထွက်ခွင့်ပြုပါ…”
ဝမ်လင်းက စိတ်ထဲကနေ ပြောလိုက်သည်။ “ဘာကိစ္စ ရှိလို့လဲ…”
“အရှင်… အင်ပါယာဓားက သင့်ကို လိုက်ရှာတာ မှတ်မိသေးလား။ပထမတုန်းက ငါက ဒီဓားကို ဘာအာရုံမှ မရှိဘူး။ဒါပေမဲ့ ခု ငါက ဒီဓားရဲ့ ဓားစိတ်ဝိညာဉ်ဟာ လှပတဲ့မိန်းကလေး တစ်ယောက်ဖြစ်နေတာကို ရှာတွေ့ခဲ့ပြီ…”
ဝမ်လင်း ခန္ဓာကိုယ်က တုန်ခါသွား၏။သည့်နောက် သူက မေးလိုက်သည်။ “ဒီကို ရောက်နေတာလား…”
ရှုလီကောက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “သူက ဟိုနေရာမှာ ရှိတဲ့ နန်းတော်ထိပ်မှာ ထိုင်နေတယ်။အရှင် သင်က သူမကို မမြင်ရဘူးမလား။ ဒါပေမဲ့ ငါကတော့ မြင်နိုင်တယ်…” သူက ထိုသို့ပြောပြီးကာမှ ဝမ်လင်းသည် နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ပြန်သတိရသွားပြီး သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။ သည့်နောက် သူက ခပ်မြန်မြန် ဆက်ပြောလိုက်သည်။ “အရှင်…ဒါက ကျင့်ကြံမှုနဲ့ မဆိုင်ဘူး။ငါ သူမကို မြင်နိုင်တာက ငါ့ညီငယ်ဓားသွားထံကနေ ဓားစိတ်ဝိညာဉ်တွေကို ထောက်လှမ်းနိုင်တဲ့ နည်းစနစ်ကို သင်ယူခဲ့လို့ပဲ။ ညီငယ်ဓားသွားက ပြောသေးတယ်။ အခြား ထိပ်တန်းဓားစိတ်ဝိညာဉ်တွေကလည်း ငါတို့က သိုလှောင်အိတ်ထဲမှာ ရှိနေရင်တောင် သိရှိနိုင်ကြတယ်တဲ့။ဒါပေမဲ့ ဒါက သူတို့ရဲ့ ဓားထံကနေ ခွာထက်လာတဲ့ စိတ်ဝိညာဉ်တွေ အတွက်ပဲ ဖြစ်တယ်…”
ရှုလီကောက ဝမ်လင်း ဘာတွေးနေသည်ကို ရှင်းရှင်းလင်းလင်း သိထား၏။ ထို့ကြောင့် သူက ချက်ခြင်း ဆက်ပြောလိုက်သည်။ “အရှင်…သင် မြန်မြန်လုပ်မှ ရမယ်။သူမက ဒီနေရာကို လာကြည့်နေလို့ပဲ။ အရှင် စိတ်ချနိုင်ပါတယ်။ ညီငယ် အနက်ရောင်ဓားသွားက ငါ့ကို ငါ့ဓားအော်ရာကို ဖုံးလွှမ်းဖို့ နည်းလမ်းလည်း သင်ပေးခဲ့သေးတယ်။ဒါ့ကြောင့် ငါ့ကို ဘယ်သူမှ မမြင်နိုင်ဘူး။ဒါ့ကြောင့် စိတ်အေးအေး နေနိုင်ပါတယ်…”
ဝမ်လင်းက မျက်မှောင်ကြုတ်၍ သိုလှောင်အိတ်ကို အနည်းငယ် ဟပေးလိုက်သည်။ မည်သူကမျှ ရှုလီကော၏ အသွင်ကို သတိမပြုမိကြပေ။ သူက အခိုးအငွေ့အဖြစ်သို့ ပြောင်း၍ နန်းတော်ထိပ်သို့ ပျံသန်းသွားတော့သည်။
“ဟီးဟီး…အလှလေး…မင်းဘိုးဘိုး ရှု…အာ…မင်းအကိုကြီးရှု လာနေပြီ။ငါက အလှလေးတွေနဲ့ မပြောရတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ငါ့အလှလေးတွေကို ဒီဝမ်လင်းက ဖျက်စီးပစ်ခဲ့တာ။ အခု ဒီအလှလေးကိုတော့ ဘယ်လိုမှ လွှတ်မပေးနိုင်တော့ဘူး…”
ရှုလီကောက ညစ်ညမ်းစွာ ပြော၍ နန်းတော်ထိပ်ရှိ မိန်းကလေးထံသို့ ခုန်ပေါက်ဝင်သွားသည်။
သူ့အစာကို လူအုပ်ကြားထဲ၌ ရှာနေသည့် မိန်းကလေးက သူမထံသို့ ပုံဆိုးပန်းဆိုးတိုးဝင်လာနေသည့် ရှုလီကောကို တွေ့လိုက်ရသည့်အခါ မှင်သက်သွားတော့သည်။
အလှလေးက အံ့အောသွားသည်ကို ကြည့်ရင်း ရှုလီကောက ဝင့်ကြွားသွားတော့၏။သူက သူမထံသို့ ခုန်အုပ်လိုက်သည်။ မိန်းကလေးက သူ့ကို စူးစိုက်ကြည့်ကာ ကန်ထုတ်လိုက်သည်။ထိုအခါ ဓားစွမ်းအင်တန်းတစ်ခုက ရှုလီကောထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့၏။
ရှုလီကောက ညစ်ကျယ်ကျယ်ပြုံး၍ ပြောသည်။ “ငါတို့ နှစ်ယောက်လုံးက ဓားစိတ်ဝိညာဉ်တွေပဲလေ…ဒါ့ကြောင့် ခုလို အေးစက်နေဖို့ မလိုပါဘူး…” ထိုသို့ပြောပြီးသည့်နောက် သူ့ခန္ဓာကိုယ်က မြူလွှာတစ်ခုအဖြစ်သို့ ပြောင်းလိုက်ပြီး ဓားစွမ်းအင်တန်းကို ဖြတ်ကျော်ခွင့် ပြုလိုက်၏။ချက်ခြင်းပင် သူ့ပုံမှန်ပုံစံ ပြန်ဖြစ်သွားပြန်ကာ မိန်းကလေးထံသို့ ဝံပုလွေတစ်ကောင်လို ခုန်အုပ်လိုက်၏။
မိန်းကလေးက ရှုလီကောကို ရက်စက်စွာကြည့်သည်။သူမက သူ့အစာကို ရှာရန် အချိန်မရှိတော့ပေ။ သူက ချက်ခြင်း အဝေးသို့ ပျံသန်းထွက်ခွာ၏။ရှုလီကောက ရယ်မောကာ နောက်ကနေ ချက်ခြင်း လိုက်ပါသွားသည်။သည့်နောက် ဓားစိတ်ဝိညာဉ်နှစ်ခုက နန်းတော်ထဲ၌ ပျောက်ကွယ်သွားကြတော့၏။
“အလှလေး…အကိုကြီးနောက်ကို လိုက်လာခဲ့ပါ။အလှလေးကသာ အကိုကြီးနောက် လိုက်လာရင် ကောင်းမွန်တဲ့ဘဝတစ်ခုရဖို့ ကတိပေးပါတယ်။အကိုကြီးကို ရုပ်စိုးတယ်လို့တော့ မထင်နဲ့။အကိုကြီးမှာ အနက်ရောင်လေးလို့ ခေါ်တဲ့ ညီလေးဓားသွားလည်း ရှိတယ်…”
သူ့စကားအတွက် ပြန်ရလိုက်သည်ကတော့ ဓားစွမ်းအင်တန်းပင် ဖြစ်သည်။
“အို…အလှလေး…နင်က အလိုမကျနေတဲ့ပုံပဲ။ဒါပေမဲ့ ပြဿနာမရှိပါဘူးလေ။ မင်းအကိုကြီး ရှုက ဒီလို ကြမ်းတမ်းရက်စက်တာလေးတွေကိုမှ သဘောကျတာ…။အရှင်ကလည်း တစ်ခါပြောဖူးတယ်။ ပိုရက်စက်တဲ့ မိန်းမတွေက ပိုလှလေတဲ့…”
ဓားစွမ်းအင်တန်း တစ်ခုက သူ့ထံသို့ ပျံဝဲလာ၏။ သည်ဓားစွမ်းအင်နောက်၌ ဒေါသတကြီး အော်သံတစ်ခုပါ ကပ်ပါလာခဲ့သည်။ “နင့် သခင်က ဘာမှ ကောင်းတာ မရှိဘူး။ ထွက်သွားစမ်း…”
“အာ…နင်က အရှင့်ကို ဆူရဲတယ်ပေါ့။အနက်ရောင်လေး…မင်း ဒါကို ကြားလား။ ငါ့အတွက်သပ်သပ် မဟုတ်ဘဲ အရှင့်ကို သူမ စော်ကားနေတာကို ပညာပေးဖို့အတွက် မင်းအကူအညီပေးဖို့ တောင်းဆိုပါတယ်။သူမကို ဖမ်းဖို့ ငါ့ကို ကူညီပေးပါ…။ငါက သူမနဲ့ စကားကောင်းကောင်း ပြောဖို့ လိုနေပြီ…”
သည့်နောက် နောက်ထပ်ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ သည်ဓားစွမ်းအင်က ကောင်းကင်ထက်သို့ ပျံဝဲတက်လာကာ ညစ်ညမ်းစွာ ရယ်မောနေသည့် ရှုလီကောနှင့် ပေါင်းဖွဲ့သွား၏။
ဓားစိတ်ဝိညာဉ်နှစ်ခုတွင် ရှုလီကောက မိန်းကလေးထက် အားနည်းသော်လည်း အနက်ရောင်ဓားသွား၏ အကူအညီနှင့်ဆိုပါက သူတို့က လက်ရည်ညီသွားခဲ့ကြ၏။တစ်ဘက်နှင့် တစ်ဘက် ဘယ်သူမှ အနိုင်မရနိုင် ဖြစ်နေသည်။ “ငါက ဒီနတ်ဆိုးကောင် ငါ့ကို မကောင်းဆိုးဝါးအဖြစ် ပြောင်းမဖြစ်ခင်တုန်းက သန်မာတဲ့ လူတစ်ယောက်ပဲ။အာ…ငါက အတိတ်တုန်းက အချိန်ကောင်းတွေလို မရရှိခဲ့တာ ဘယ်လောက်တောင် ကြာနေပြီလဲ။ခု ဒီနေ့မှာ အလှလေးတစ်ယောက်ကို ထပ်တွေ့လိုက်ရတယ်။ ကဲ အလှလေး…မပြေးနဲ့တော့…”
သို့သော် ရှုလီကော၏ ညစ်ညမ်းသည့်အပြုံးက ရုတ်တရက် ရပ်တန့်သွား၏။သူက ဟစ်အော်လိုက်သည်။ “အရှက် မရှိလိုက်တာ။ နင်က နင့်ဓားထဲကို ပြန်သွားချင်နေတယ်ပေါ့။ငါ…ရှုလီကော ပြန်လာခဲ့မယ်…”
ဓားခန်းမအတွင်း၌ မြွေလိမ်အင်ပါယာဓားက ဒေါမာန်တကြီး ဓားခန်းမထဲရှိ အရာအားလုံးကို ဖျက်စီးပစ်နေသည်။ ၎င်းက အကြိမ်များစွာ ထိုအရှက်မရှိသည့် ကောင်စုတ်ကို သတ်ပစ်ချင်သော်လည်း အဆုံးသတ်၌ စိတ်လျော့ထားလိုက်ရသည်။
“ဒီအရှက်မရှိတဲ့ ဓားစိတ်ဝိညာဉ်က စက်စုပ်ဖွယ်ကောင်းတဲ့ အစာ(ဝမ်လင်း)ထက်တောင် ပိုပြီး မုန်းတီးဖို့ ကောင်းနေသေးတယ်…”