လေပြေညင်းတစ်ခုက ကွင်းပြင်ကို ဖြတ်ကျော်သွားကာ ဖုန်မှုန့်များကို အဝေးသို့ လွင့်စင်သွားစေသည်။ဝမ်လင်း၏ အဖြူရောင်ဝတ်ရုံကလည်း လေနှင့်အတူ လွင့်မြောကာ သူ့ကို ပို၍ကြည်သန့်စေ၏။
ကွင်းပြင်တွင် မတ်တပ်ရပ်နေရင်း ဝမ်လင်းက ကောင်းကင်ထက်သို့ တည်ငြိမ်သည့်ဟန်ပန်နှင့် ကြည့်သည်။သူ့ရှေ့သည့်အရာအားလုံးက သူ့အတွက် မည်ကာမတ္တဖြစ်သည့်အလားပင်။
ကွင်းပြင်ထဲတွင် မတ်တပ်ရပ်နေသော ဝမ်လင်းကိုကြည့်၍ ကြည့်ရှုနေသည့်လူအများက တီးတိုးဆွေးနွေးနေကြသည်။
“မိုလီဟိုင်က ထွက်မလာဘူး။ သူက မိုလီဟိုင်ရဲ့ ကူညီပေးတဲ့ သူဖြစ်နေပေမဲ့ သူ့အတွက် အဆုံးသပ်မှာ အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်…”
“ဒီလူက တကယ်မောက်မာလွန်းတယ်။ ဒါပေမဲ့ သူက နတ်ဆိုးဗိုလ်ချုပ်ရှီရှောင်ရဲ့ စိမ်ခေါ်မှုကို လက်မခံရဲဘူး။ ဘဝင်ရူးနေတာပဲ…”
“ငါတို့ရဲ့ မိခင်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို ရောက်လာတဲ့ ပြင်ပကျင့်ကြံသူတစ်ယောက်အနေနဲ့ သိပ်မမောက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ မဟုတ်ရင် သူ့အတွက် သေဖို့တစ်လမ်းပဲ ရှိလိမ့်မယ်။ ကြည့်ရာတာ ဒီလူက သူ့နေရာသူ မသိတဲ့ပုံပဲ…”
လူများက ဆွေးနွေးနေကြစဉ်မှာပင် မြောက်ဘက်ခြမ်းတွင် ထိုင်နေသည့် ဒုဗိုလ်ချုပ်မှူးရွှမ်က မသိမသာနှာခေါင်းရှုံ့လိုက်၏။သူ့နောက်တွင် ထိုင်နေသောလူတစ်ယောက်လည်း ရှိနေသည်။သည်လူက သက်လတ်ပိုင်းအရွယ်ရှိ၍ အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။သူ့အသွင်က ရိုးရှင်းလှ၏။သို့သော် သူက ခန့်ငြားထည်ဝါမှုကို ပေးစွမ်းနေ၏။
သည်လူက ဒုဗိုလ်ချုပ်မှူးရွှမ်၏ နှာခေါင်းရှုံ့သံကို ကြားလိုက်ရသည့်အခါ သူက ခေါင်းလှည့်ကာ မေးလိုက်၏။ “ဒုဗိုလ်မှူးချုပ်ရွှမ်…။ သင်က ဒီလူ့ကို သိလို့လား…”
ရွှမ်ဒုတပ်မှူးချုပ်အသွင်က သုန်မှုန်သွားကာ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “ငါ သူ့ကို မသိဘူး…” အနည်းငယ်စဉ်းစားပြီးနောက် သူက ဆက်လက်ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလူက ကျိန်းသေပေါက် ထိပ်ဆုံးသုံးနေရာကို ဝင်လိမ့်မယ်။ ပထမရဖို့တောင် သူ့အတွက် မခက်ခဲတာ ဖြစ်ကောင်းဖြစ်နိုင်တယ်…”
သက်လတ်ပိုင်းလူကြီးက မှင်သက်သွားပြီးနောက် ဝမ်လင်းကို သေချာကြည့်ကာ ပြောလိုက်သည်။ “ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်ပဲ ရှိတာပါ။သူက ပထမနေရာ ရဖို့အတွက် မလွယ်ကူမှာ ငါ စိုးရိမ်မိတယ်….”
ရွှမ်ဒုဗိုလ်မှူးချုပ်က အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ “ဒုဗိုလ်ချုပ်မှူး ဟွမ်ဆယ်(အဝါရောင် ဟု အဓိပ္ပာယ်ရပါတယ်)…ငါတို့ လောင်းကြမလား…။ဒီလူက ပထမနေရာမရရင် ငါ သင့်ကို ကောင်းကင်နိမိတ်အလံ ပေးမယ်။ဒါပေမဲ့ သူသာ ပထမရရင် သင်က ငါ့ကို ရွှမ်ရွှမ်ဆေးလုံး ပေးရမယ်…”
သက်လတ်ပိုင်းလူကြီးက အားပါးတရ ရယ်မောလိုက်သည်။ “ကောင်းပြီ။ ဒီလူက ဘာတွေများ ထူးခြားနေလို့ ဒုဗိုလ်ချုပ်မှူးရွှမ်က သူ့အပေါ် ဒီလောက်ယုံကြည်နေလဲ ကြည့်ရတာပေါ့…”
ဒုဗိုလ်ချုပ်မှူးရွှမ်က နှာခေါင်းရှုံ့ကာ သူ့ဟာသူ တွေးလိုက်၏။ “မင်းက သူ့ကြောင့်သာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ရင် မင်းလည်း ငါ့လို ယုံကြည်မှု ရှိနေမှာပါ…”
ထိုအခိုက်တွင် နတ်ဆိုးဗိုလ်ချုပ်များကြားထဲမှ လူတစ်ယောက်က ခပ်မြန်မြန်လျှောက်လှမ်းလာသည်။သူက မြေသားရောင်ချပ်ဝတ်ကို ဝတ်ဆင်ထား၏။သူက မလှုပ်မယှက်ဟန်ပန် ရှိသော်လည်း သူက ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်းသို့ ချက်ခြင်း ရောက်ရှိလာသည်။
“ရောင်းရင်းကသာ လိမ်မာပါးနပ်ရင် ငါနဲ့ မတိုက်ခိုက်ဖို့ မျှော်လင့်ပါတယ်…” သည်လူ့ ရယ်သံက လေထဲ၌ ပြည့်နှက်သွားသည်။သူက အလွန်မောက်မာဟန် ပေါက်နေကာ သူ့ရယ်သံထဲ၌ ယုံကြည်မှုတို့ ရှိနေ၏။
“နတ်ဆိုးဗိုလ်ချုပ် အိုဒီ…။သူက ဒီတိုက်ပွဲမှာ ပေါ်လာလိမ့်မယ်လို့ ငါမျှော်လင့်ထားခဲ့သားပဲ…”
“ဒီလူက နတ်ဆိုးဗိုလ်ချုပ်တွေကြားမှာ အလယ်အလတ်အဆင့်ရှိတယ်ဟု ယူဆိုလို့ရတယ်။ဒါပေမဲ့ သူက အခြေအနေကောင်းကို တွက်ချက်ရာမှာ ပိုတော်တယ်။ သူက နည်းနည်း အရှက်မဲ့ပေမဲ့လည်း အခုအခွင့်ရေးက သူ့အတွက် ကောင်းမွန်နေတာကို…”
“သူက ဒီကျင့်ကြံသူကို အနိုင်ယူနိုင်တာက မိုလီဟိုင်ကို အနိုင်ယူနိုင်တာနဲ့ တူတူဖြစ်တယ်လို့ ဆိုလိုတယ်မလား။ဒါ့အပြင် မိုလီဟိုင်ကလည်း မတိုက်ခိုက်တဲ့အတွက် သူက တစ်ပွဲသာ အနိုင်ရဖို့ လိုအပ်တယ်။သူက ယဉ်ယဉ်ကျေးကျေး ပြောနေတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ…”
နတ်ဆိုးဗိုလ်ချုပ် အိုဒီက လူတိုင်းကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ဟန် ပြုသည်။သည့်နောက် သူက ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။ “မင်းက အသက်ရှင်ဖို့ ဆန္ဒရှိမယ်ဆိုရင် အလျော့ပေးလိုက်တာ ကောင်းမယ်။မဟုတ်ရင် ငါတို့နှစ်ယောက်က လက်ရည်ညီနေရင်တောင် ငါ့မှာ ကူညီပေးမဲ့ တစ်ယောက်ရှိသေးတယ်နော်…”
သူက ထိုစကားများကို ပြောလိုက်သည့်အခါ များစွာသောနတ်ဆိုးဗိုလ်ချုပ်များ၏ အသွင်က ပြပွဲကောင်းတစ်ခုကို ကြည့်နေရသည့်အလား ဖြစ်ပေါ်နေသည်။သို့ရာတွင် နတ်ဆိုးဗိုလ်ချုပ် အနည်းငယ်ကတော့ မတူကွဲပြားသည့် အသွင်ဟန်ပန် ရှိနေကြ၏။ထိုလူနည်းစုတွင် မိုဖန်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။
မိုဖန်က သူ့နေရာတွင် မတ်တပ်ရပ်နေရင်း တည်ငြိမ်နေသောဝမ်လင်းကို အေးစက်စွာ ကြည့်နေသည်။
ဝမ်လင်းက ကောင်းကင်ထက်သို့ ကြည့်နေသည့် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက အိုဒီကို တစ်ချက်သာ ကြည့်၍ ခေါင်းယမ်းကာ ပြောလိုက်သည်။ “သင်က ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး…”
အိုဒီက မှင်သက်သွား၏။သူက အရူးအမူးရယ်မောလိုက်သည်။သည့်နောက် ရှေ့သို့ ခုန်တက်ကာ ပြောလိုက်၏။ “မောက်မာလိုက်တဲ့လူ…မင်းက မောက်မာသလောက် အရည်အချင်း ရှိရဲ့လား ငါ့ကို ပြပါ…”
သူက ထိုသို့ပြောလိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်းကာ ပျောက်ကွယ်သွားတော့၏။
သူက ပျောက်ကွယ်သွားသည့်အခိုက်တွင်ပင် ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက အနည်းငယ်ပင် အံ့အားသင့်ဟန် မရှိပေ။သူက ညာခြေထောက်ကို မြှောက်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
မြေပြင်က ပြင်းထန်စွာ တုန်ခါသွား၏။
ဝမ်လင်း ခြေချလိုက်မှုနှင့်အတူ တုန်ခါလှိုင်းများ ပျံ့နှံ့သွား၏။ သည်တုန်ခါလှိုင်းများနောက်တွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ပျံ့နှံ့လိုက်ပါသွား၏။
အိုဒီက ဝမ်လင်းနှင့်ပေငါးဆယ် အကွာရှိ မြေပြင်ကနေ လွင့်ထွက်လာ၏။သူ့မျက်လုံးထဲ၌လည်း မယုံကြည်နိုင်ဟန် ဖြစ်နေသည်။သည်မြေကမ္ဘာလွတ်မြောက်ခြင်းနည်းစနစ်က သူ့အသက်ဓာတ်နှင့်ချိတ်ဆက်ထားသည့် နတ်ဆိုးသားရဲနှင့် ပူးပေါင်းကာ အသုံးပြုခြင်း ဖြစ်သည်။သူ့ရန်သူက မန္တန်သုံး၍ မြေကြီးကို ပြိုကျစေလျှင်ပင် သူ့ကို ခုလောက်လွယ်လယ် ထွက်ပေါ်လာအောင် မလုပ်နိုင်သင့်ပေ။ တကယ်တော့ သူက ဝမ်လင်းမန္တန်အသုံးပြုလိုက်သည့်အချိန်တွင် သူ့တိုက်ခိုက်ရေး နည်းစနစ်ကို ပြောင်းလဲစေလိုက်သည်။
သည့်အပြင် သည်ပေတစ်သောင်းကွင်းပြင်က မရေမတွက်နိုင်သော အတားအဆီးများနှင့် ပြည့်နေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က မြေပြိုကျအောင် ပြုလုပ်လျှင်ပင် အပြင်ဘက်ထက် ဆယ်ဆခန့် ပိုခက်ခဲပေလိမ့်မည်။သူက မြေကမ္ဘာလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုစဉ်မှာပင် ဂရုတစိုက်အသုံးပြုရပေသည်။ရှီရှောင် တိုက်ခိုက်ခဲ့စဉ်တည်းက သူက သည်လိုမျိုး မြေကမ္ဘာလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုရန် ဂရုတစိုက် လေ့လာခဲ့ခြင်း ဖြစ်သည်။
သို့သော် သည်အခိုက်တွင် သူက ခုချိန်တွင် များစွာတွေးနေရန် အချိန်မရှိပေ။သူက လေထဲ၌ မြောလွင့်နေစဉ်တွင် ဝမ်လင်းအကြည့်က သူ့ထံသို့ ဓားတစ်စင်းအလား ကျရောက်လာ၏။ သူက သည်အကြည့်ကို တွေ့မြင်လိုက်ရသည့်အခါ သူ့ဦးရေပြားပင် ထုံထိုင်းသွားသည်ကာ စိတ်ထဲ၌ မသက်မသာ ခံစားလိုက်ရ၏။
သူက နောက်သို့ ချက်ခြင်း မဆုတ်မိချေ။ သူ့ညာလက်က သူ့နှဖူးထက်သို့ မြန်ဆန်စွာ ရောက်ရှိလာ၏။သို့ရာတွင် သည်အခိုက်၌ ဝမ်လင်းက ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ့ရှေ့သို့ ချက်ခြင်း ရောက်လာ၏။သူ့လက်ထဲ၌ မီးခိုးရောင်သင်္ကေတတစ်ခု ဖုံးလွှမ်းနေကာ တာအို၏ ညာဘက်လက်ကို ဖမ်းဆွဲလိုက်၏။
အိုဒီအသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ ဝမ်လင်းလက်က ပြုတ်တူအလား ထင်မှတ်ရ၏။သူက လွတ်မြောက်ရန် ရုန်းကန်နိုင်စွမ်းမဲ့ ရသည်။သူက စိတ်ထဲ၌ တုန်လှုပ်မိသွား၏။သည့်နောက် သူက သူ့လျှာကို အနည်းငယ် ကိုက်ကာ သွေးများကို ဓားအသွင်ဖြစ်ပေါ်စေ၍ ဝမ်လင်းထံသို့ ထွေးထုတ်လိုက်သည်။
သည်သွေးဓားပေါ်လာသည့်အခိုက်တွင် နတ်ဆိုးစွမ်းအင်လှိုင်းများက လိပ်နဂါးအသွင်သို့ ပြောင်းလဲသွား၏။သည်လိပ်နဂါးက ဟိန်းသံပြုကာ ဝမ်းလင်းကို ဝါးမြိုရန် ကြိုးစားလာ၏။
ဝမ်လင်း မျက်လုံးများက တည်ငြိမ်လို့နေဆဲသာ။ သည်သွေးဓားက သူ့အနီးသို့ ရောက်မလာခင်မှာပင် မရေမတွက်နိုင်သော အသက်ဓာတ်ချိပ်တံဆိပ်များနှင့် တွေ့ဆုံသွား၏။၎င်းက အတားအဆီးပေါင်း ရှစ်ရာကျော်ကို ဖြတ်ကျော်လာပြီးနောက် စွမ်းအား လျော့ကျသွားတော့သည်။ တစ်ချိန်တည်းမှာပင် ဝမ်လင်းက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အိုဒီလက်ထဲသို့ ထိုးသွင်းလိုက်၏။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက အိုဒီခန္ဓာကိုယ်ကို ဖြတ်ကျော်သွားပြီး သူ့ကျင့်ကြံသည့် သွေးကြောများကို ဖျက်စီးပစ်လိုက်လေသည်။
“ရပ်လိုက်…” ထိုအခိုက်၌ ရွှေရောင်ဝတ်စုံနှင့်လူကြီးက မျက်လုံးပွင့်လာကာ လှမ်းအော်၏။သူက ဝမ်လင်းကို အေးစက်စွာ ကြည့်နေသည်။
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ရပ်တန့်ခြင်း မရှိသည့်အပြင် သွေးကြောများကို ပို၍ပင် ဖျက်စီးလိုက်၏။သည့်နောက် သူက လက်လွှတ်ပေးလိုက်ပြီး အိုဒီခန္ဓာကိုယ်ကို အဝေးသို့ ပစ်လွှတ်လိုက်သည်။
အိုဒီက လေထဲ၌ ဖြတ်သန်းသွားစဉ် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်ကိုပင် ကြားလိုက်ရသည်။သူ့ခန္ဓာကိုယ်မွေးမြူတစ်ခုကိုပါ ပေါက်ကွဲထွက်လာသည်။ နာကျင်မှု၊ ပြင်းပြင်းထန်ထန်နာကျင်မှု။သူ့တွင် နာကျင်သည့်ခံစားချက်သာ ရှိတော့၏။သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တို့၏ တိုက်ခိုက်နေမှုက သူ့ကို ငရဲကျသည့်အလား ခံစားရစေသည်။
ဒုဗိုလ်ချုပ်မှူး ရွှမ်က လေအေးတစ်ချက် ရှိုက်သွင်းမိသည်။ သည်မြင်ကွင်းက သူဝမ်လင်းနှင့် တိုက်ခိုက်ခဲ့သော အဖြစ်ကို ပြန်သတိရစေ၏။
“မင်း လုပ်ဝံ့လား…” ရွှေရောင်ချပ်ဝတ်နှင့်လူက ကောင်းကင်ထက်သို့ ရောက်ရှိသွားသည်။ သူ့လက်ထဲ၌ နေမင်းထံမှ ရွှေရောင်အလင်းတစ်ခု စုဝေးလာသည်။ သည်နေရောင်က ရွှေရောင်လှံအဖြစ် သိသည်းသွား၏။ သည်အခိုက်တွင် သူက နေမင်းကို လက်ထဲ၌ ဆုပ်ကိုင်ထားသည်အလား ထင်မှတ်စေပေသည်။ သည့်နောက် ယင်းလှံကို ဝမ်လင်းထံသို့ ပစ်သွင်းလိုက်လေတော့၏။
ဝမ်လင်းက သည်ရွှေရောင်လှံကို ကြည့်ပ် မကြည့်ပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ပျောက်ကွယ်လို့သွား၏။ သူက လေထဲ၌ နောက်တစ်ဖန်ပေါ်လာသည့် အိုဒီကို ဖမ်းဆွဲကာ ပြင်းထန်စွာ လှုပ်ခါလိုက်သည်။
အိုဒီက ပြင်းထန်သောအားတစ်ခုနှင့် စောင့်ရိုက်သကဲ့သို့ ခံစားလိုက်ရသည်။ စွမ်းအင်တစ်ခုက သူ့ညာလက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းသွားပြီး အက်ကွဲသံများကိုပါ ဆက်တိုက်ကြားလိုက်ရသည်။
သူ့အသားနှင့် အရိုးက တခြားစီ ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသည့် နာကျင်မှုက သူ့သွေးကြောများကို ဖျက်စီးခံရတုန်းက နာကျင်မှုထက် အဆများစွာ ပိုနေသည်။
ဝမ်လင်းက သူ့လက်ကို ဖြေလျှော့ပေးလိုက်ရာ အိုဒီက လေပေါ်ကနေ အောက်သို့ ပြုတ်ကျသွားသည်။ အိုဒီတွင် မည်သည့်အနာဂတ်မှ ရှိတော့မည် မဟုတ်ပေ။ သို့သော်သူက မသေဆုံးခဲ့ချေ။
ထိုသို့ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် ရုတ်တရက်လှည့်ကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။အသက်ဓာတ်ချိပ်တံဆိပ်များက သူ့ညာလက်တွင် စုစည်းလာ၏။ထိုအခိုက်၌ ရွှေရောင်လှံကလည်း နီးကပ်လာတော့သည်။
သည်လှံ၏ စွမ်းအားက အလွန်အမင်း တုန်လှုပ်ဖွယ်ပင်။၎င်းက ကောင်းကင်ဘုံကိုပင် ထိုးဖောက်မည့်အလား ထင်မှတ်ရသည်။၎င်းက ပျံသန်းလာစဉ်တွင် ဝမ်လင်းက သူ့အပေါ်၌ ပိတ်လှောင်မှုကိုပါ ခံစားရ၏။၎င်းက နီးကပ်လာသည့်အခါ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ထိုလှံကို လက်ဝါးဖြင့် ရိုက်ထုတ်ရန် ဆုံးဖြတ်ချက် ချသည်။
သည်လက်ဝါးရိုက်ချက်က လှံကို တဝီဝီ ဖြစ်သွားစေ၏။သည့်နောက် သူက နောက်လက်တစ်ဝါးတစ်ဖက်ဖြင့် ရိုက်ချပြန်သည်။လက်ဝါးနှစ်ဖက်ကို မတူညီသောရှူထောင့်မှ ရိုက်ချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က လှုပ်ရှားလိုက်ရာ လှံက သူ့အား ဖြတ်ကျော်လို့သွားတော့၏။
ဝမ်လင်းက သူ့ညာလက်ကို ပြန်ရုတ်သိမ်းကာ ရွှေရောင်ချပ်ဝတ်နှင့်လူကြီးကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “ဒါက ဘာအဓိပ္ပယ်လဲ…ကိုယ့််အရှင်။သင်က စည်းမျဉ်းတွေကို ချိုးဖျက်ချင်တာလား…” ဝမ်လင်းအသွင်က တည်ငြိမ်နေသော်လည်း သတိအပြည့်အဝ ရှိနေ၏။ထိုလှံက အလွန်အားကောင်းလွန်းလှ၏။
ရွှေရောင်ချပ်ဝတ်နှင့်လူက ဝမ်လင်းကို အဓိပ္ပာယ်ပါသည့်အကြည့်ဖြင့် ကြည့်ကာ သူ့လက်ကို ညှစ်ချေသည်။ ဝမ်လင်းကို ဖြတ်ကျော်သွားသည့် လှံက နေအလင်းစက်များအဖြစ်သို့ ပြိုကွဲပြန့်ကျဲကာ ပျောက်ကွယ်သွားတော့၏။
သည်အခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးက အလွန်အမင်း တိတ်ဆိတ်လို့သွား၏။လူတိုင်းက သူတို့ရှေ့ရှိ မထင်မှတ်ထားသည့် မြင်ကွင်းကို ကြည့်ကာ မှင်သက်နေကြသည်။ သည်နေရာရှိ လူတိုင်းက ပြင်ပကျင့်ကြံသူတစ်ယောက်သည် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ကို ခုလို ရိုက်နှက်နိုင်မည်ဟု လုံးဝယုံကြည်ထားခြင်း မရှိပေ။သူက မသေဆုံးသွားခဲ့သော်လည်း သူ့သွေးကြောများနှင့် အရိုးများကတော့ ကွဲကြေပျက်စီးသွားခဲ့လေပြီ။နတ်ဆိုးဗိုလ်ချုပ် အိုဒီက ခုချိန်တွင် အမှိုက်ကောင်လို ဖြစ်သွားခဲ့ပြီ ဖြစ်လေ၏။
သည်အိုဒီက ကြမ်းကြုတ်သည့်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင်ပင် လူအများက သည်အရာကို လက်ခံနိုင်သေး၏။သို့သော် ခုတိုက်ပွဲ အဆုံးအဖြတ်က ချက်ခြင်းလိုလို ပြီးသွားခဲ့ခြင်း ဖြစ်နေသည် မဟုတ်လား။
သည်အခိုက်တွင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ လူများ၏ ဂုဏ်မောက်မှုက ချက်ခြင်း ပြိုလဲသွားသည်။ အနည်းငယ်သော ကိစ္စရပ်များကလွဲ၍ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်သည် ခုလို အရိုက်ခံရသည်မျိုး လုံးဝ မဖြစ်ခဲ့ဖူးပေ။
ပြင်ပကျင့်ကြံသူတစ်ယောက်က ခုလို ရိုက်နှက်ပစ်ခြင်းက ပထမဆုံးအကြိမ်ပင်။
သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နေသည့် အံ့အားသင့်သွားကြသော အကြည့်များက ဝမ်လင်းထံသို့ စုစည်းလာကြ၏။
ကွင်းပြင်တစ်ဖက်ခြမ်းရှိ နတ်ဆိုးဗိုလ်ချုပ်များထံမှ ခပ်ပြင်းပြင်းအသက်ရှူသံများ ထွက်ပေါ်လာကြ၏။ ဝမ်လင်းသို့ ကြည့်နေသော သူတို့အကြည့်များက လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။