တတိယကြိမ်မြောက် ဗုံသံထွက်ပေါ်လာပြီးနောက် လူတိုင်းစိတ်ထဲ၌ ထိုဗုံသံက ပဲ့တင်ထပ်လို့နေတော့သည်။
ဤအခိုက်မှာပင် ရွှေရောင်ချပ်ဝတ်နှင့်လူကြီးတစ်ယောက်က ကွင်းပြင်နောက်ရှိ နန်းတော်ထဲကနေ လှမ်းလျှောက်၍ ထွက်လာသည်။သူက သည်ဧရိယာတစ်ခုလုံးကို လွှမ်းခြုံကြည့်၍ အော်ပြောလိုက်သည်။ “နတ်ဆိုးဗိုလ်ချုပ်တွေ…ထွက်လာခဲ့ကြ…”
သူ့အသံက သည်ကွင်းပြင်တစ်ခုလုံးကို မိုးခြိမ်သံအလား ပျံ့နှံ့ကာ သွား၏။ဝင်ပေါက်ဂိတ်များအားလုံးက ပွင့်လာကြပြီး များစွာသောနတ်ဆိုးဗိုလ်ချုပ်များ လှမ်းဝင်လာကြ၏။
သည်နတ်ဆိုးဗိုလ်ချုပ်များအားလုံးနောက်တွင် ကျင့်ကြံသူများလည်း လိုက်ပါလာကြသည်။သည်အခိုက်တွင် လူတိုင်း၏အကြည့်က နတ်ဆိုးဗိုလ်ချုပ်များထံသို့ ရောက်ရှိသွားကြသည်။
ရွှမ်ဒုနတ်ဆိုးဗိုလ်ချုပ်မှူးက မျက်လုံးပွင့်လာခဲ့ကာ နတ်ဆိုးဗိုလ်ချုပ်များကြားရှိ လူတစ်ယောက်ကို ကြည့်လိုက်သည်။သည့်နောက် သူက နှာခေါင်းရှုံ့လိုက်၏။
သူအာရုံစိုက်ကြည့်လိုက်သည့် လူက ဝမ်လင်းပင် ဖြစ်သည်။ ဝမ်လင်းက မိုလီဟိုင်နောက်ကနေ လှမ်းလျှောက်လာရင်း ရွှမ်ဒုဗိုလ်ချုပ်မှူးကို ခေါင်းမော့ကာ ကြည့်လိုက်သည်။
မိုလီဟိုင်က အကွာအဝေးတစ်ခုရှိ ဗလာဖြစ်နေသေးသည့် ထိုင်ခုံထံသို့ ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ “ထူးဆန်းတယ်…နတ်ဆိုးအင်ပါယာက ဘာကြောင့်ခုထိ မလာရသေးတာလဲ…”
ကောင်းကင်နတ်ဆိုးဂိတ်ပေါက်ကို ဖြတ်၍ နတ်ဆိုးဗိုလ်ချုပ်ရာချီသည် အတန်းနှစ်ခုစီတန်း၍ လျှောက်လှမ်းလာကြစဉ်တွင် သူတို့ထံမှ ပြင်းထန်သောတိုက်ပွဲစိတ်ဆန္ဒများပါ ထွက်ပေါ်လို့လာ၏။
ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက ပြောလိုက်သည်။ “အင်ပါယာရဲ့ အမိန့်အရ စည်းမျဉ်းက အရင်တိုင်းပဲ။ငါက ပြိုင်မဲ့လူတွေကို စီစဉ် ခန့်ခွဲပေးမယ်…”
ရွှေရောင်ချပ်ဝတ်နှင့်လူက ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်။ ရှုံးနိမ့်တဲ့လူရဲ့ အကူက ထွက်လာပြီး အစားတိုက်ခိုက်နိုင်တယ်။အနိုင်ရတဲ့လူကတော့ နောက်ပြန်ဆုတ်နိုင်ပြီး အနိုင်ရသူရဲ့ အကူကလည်း သူ့နေရာမှာပဲ သူနေနိုင်တယ်။ဒီပထမဆုံးတစ်ခေါက် စိမ်ခေါ်မှုမှာ ဗိုလ်ချုပ်နဲ့သူ့အကူဟာ အခြားဗိုလ်ချုပ်နဲ့အကူကို အနိုင်ယူနိုင်ရမယ်။ တစ်ပွဲနိုင်၊တစ်ပွဲရှုံးရင် နှစ်ဖက်စလုံးက အရည်အချင်း မပြည့်မှီဘူးလို့ သတ်မှတ်တယ်။ဒါ့အပြင် ခုအလှည့်မှာ တစ်ကြိမ်သာ အနိုင်ရတဲ့သူတွေက အခြားတစ်ယောက်ကို စိမ်ခေါ်ခွင့် မရှိဘူး…”
သူ့အသံက ကျယ်လောင်ခြင်း မရှိသော်လည်း လူတိုင်းနားထဲသို့ ဝင်ရောက်သွား၏။သည်စည်းမျဉ်းကို ကြားလိုက်သည့်အခါ ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားတော့သည်။
သည်စည်းမျဉ်းက သာမန်ဟု ထင်ရသော်လည်း အတွင်း၌ သွေးလွှမ်းရက်စက်မှုတို့ ပါရှိနေ၏။သည်ရက်စက်မှုက လူတစ်ယောက်သည် တစ်ယောက်နိုင်တစ်ယောက်ရှုံးဖြစ်လျှင် နှစ်ဖက်စလုံးက အရည်အသွေးမပြည့်မှီဆိုသည့် အချက်ပင် ဖြစ်သည်။
ထို့အတွက်ကြောင့် လူတိုင်းက သည်ပြိုင်ပွဲတွင် အကောင်းဆုံးလုပ်ရတော့မည် ဖြစ်၏။သင်က ပထမအလှည့်မှာတင် ရှုံးနိမ့်သွားခြင်းသည် အရည်အသေးမပြည့်မှီသည့်လူ ဆိုသည့် သဘောဖြစ်သွားပေလိမ့်မည်။
“ဒါက ပြိုင်ပွဲ မဟုတ်တော့ဘူး။ သေတဲ့အထိ တိုက်ခိုင်းနေတာပဲ…” ဝမ်လင်းက တွေးတောလို့နေ၏။
ရွှေရောင်ချပ်ဝတ်နှင့်လူက ထပ်မံပြောလိုက်ပြန်သည်။ “ပြိုင်ပွဲမှာ သေတာကြေတာတွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ နတ်ဆိုးဗိုလ်ချုပ်တွေတော့ အဲ့လို သေလို့မရဘူး။ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် အသက်ခံရရင် သူ့ကို သတ်တဲ့လူလည်း အသတ်ခံရမယ်…”
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ရွှေရောင်ချပ်ဝတ်နှင့်လူထံသို့ အေးစက်စွာ ကြည့်သည်။
“နတ်ဆိုးဗိုလ်ချုပ်တွေကြား ပြိုင်ပွဲကို အသုံးချပြီး ကျင့်ကြံသူတွေကြား နေရာတစ်ခု ရဖို့ သတ်ဖြတ်ပွဲတစ်ခုကို ဖြစ်စေနေတာပဲ။လူတစ်ယောက်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ နေရာတစ်ခုလိုချင်ရင် သူတို့က သွေးခင်းလမ်းကို လျှောက်လှမ်းရမယ့်သဘောပဲ…”
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး တိတ်ဆိတ်စွာ တွေးတောလို့နေသည်။
“စပြိုင်ရမဲ့လူတွေကို ငါ ရွေးပေးတော့မယ်…” ရွှေရောင်ချပ်ဝတ်နှင့်လူက သူ့ညာလက်ဖြင့် တစ်စုံတစ်ယောက်ထံသို့ လက်ညွှိုးထိုးလိုက်သည်။ သည်ညွှန်ပြလိုက်သည့််လူက ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက် ဖြစ်သည်။
“နတ်ဆိုးဗိုလ်ချုပ် မူယွမ်…ထွက်လာခဲ့…”
ရွှေရောင်ချပ်ဝတ်နှင့်လူကြီး ညွှန်ပြလိုက်သည့််လူက ရှေ့သို့ တက်လာပြီး တိုက်ပွဲကွင်းပြင်ထဲသို့ လျှောက်လှမ်းလာသည်။သူက ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားပြီး ပိန်ပါးလွန်းသည်။သူက မျက်တွင်းမျက်ချောင်ကြနေပြီး သူ့မျက်နှာက အရိုးပေါ်အရေးတင်နေ၏။
သူက မလှုပ်မယှက် မတ်တပ်ရပ်လို့နေသည်။
“မူယွမ်…။ဒီလူက နတ်ဆိုးဗိုလ်ချုပ်တွေကြားမှာ ထိပ်ဆုံးသုံးဆယ်ထဲ ပါလောက်တယ်။ပြောကြတာက သူက အသေအရှင်ကိုးခု ကျင့်စဉ်ကို ကျင့်ကြံပြီး လွန်ခဲ့တဲ့ နှစ်သုံးရာထဲက အသေအရှင်ငါးခုအဆင့်ကို ရောက်နေခဲ့ပြီလို့ ဆိုကြတယ်…”
“ပထမဆုံးလူကတောင် တော်တော်သန်မာနေပြီ။ ဒီတစ်ကြိမ် နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲက စိတ်ဝင်စားစရာပဲ…”
“သူကို ဘယ်သူ စိန်ခေါ်မလဲ ငါသိချင်မိတယ်။ပထမဆုံးပြိင်ပွဲမှာ အနိုင်ရတဲ့လူက နတ်ဆိုးအင်ပါယာရဲ့ အာရုံစိုက်မှုကို ရကောင်းရနိုင်တယ်။နတ်ဆိုးအင်ပါယာက ဒီမှာ မရှိပေမဲ့လည်း သူ့ကို ကျိန်းသေ တင်ပြကြမှာပဲ…”
“သူ့ကို အသက်ရှူစာ ဆယ့်ချိန်အတွင်းမှာ စိမ်ခေါ်မဲ့လူ မရှိရင် ငါက တစ်စုံတစ်ယောက်ကို ညွှန်းဆို ပေးရလိမ့်မယ်…” ရွှေရောင်ချပ်ဝတ်နှင့်လူက ထိုသို့ပြောလိုက်ရင်း သူ့မျက်လုံးကိုမှိတ်ကာ မည်သည့်စကားမှ ဆက်မဆိုတော့ချေ။
ပိန်ပိန်ပါးပါး နတ်ဆိုးဗိုလ်ချုပ်က ထိုနေရာတွင်သာ မတ်တပ်ရပ်နေရင်း အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။အသက်ရှူစာငါးကြိမ် ကြာပြီးနောက် နတ်ဆိုးဗိုလ်ချုပ်များကြားမှ လူတစ်ယောက် ထွက်လာသည်။သူက ရှီရှောင်ပင်။
ရှီရှောင် ထွက်ပေါ်လာသည့်အခိုက်တွင် နတ်ဆိုးဗိုလ်ချုပ် မူယွမ်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။
သူထွက်ပေါ်လာသည့်အခိုက်တွင် လူအုပ်ထဲရှိ လူများက အထိတ်တလန့် ဆိုကြသည်။
“ရှီရှောင်…”
“ဗိုလ်ချုပ် ရှီရှောင်။ သူ့ကျင့်ကြံမှုက ထိပ်ဆုံးသုံးနေရာထဲ ဝင်နိုင်တယ်လို့ ယူဆလို့ရတယ်။သူက ခုလိုထွက်လာတာ တစ်ယောက်ယောက်ကိုများ အနိုင်ကျင့်ချင်နေတာလား…”
“ငါက ရှီရှောင်ရန်သူက မိုလီဟိုင် ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာ။ လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက မိုလီဟိုင်က ရှီရှောင်မျက်နှာပေါ်မှာ အမာရွတ်တစ်ခု ထင်ကျန်စေခဲ့တယ်။ဒါကရှီရှောင်ကို အရှက်တရားခံစား စေခဲ့တယ်လေ…”
ရှီရှောင်အသွင်အပြင်ကပင် နတ်ဆိုးဗိုလ်ချုပ်ဟု ယူဆ၍ ရ၏။သူက ကွင်းပြင်ထဲသို့ လှမ်းလျှောက်လာပြီး မူယွမ်နှင့် ပေသုံးရာအကွာတွင် ရပ်တန့်ကာ တည်ငြိမ်စွာ ပြောသည်။ “မူယွမ်…မင်းက ငါ့ပြိုင်ဘဲ မဖြစ်နိုင်ဘူး။ အရှုံးပေးလိုက်ပါ…”
နတ်ဆိုးဗိုလ်ချုပ်မူယွမ်က ပြုံးလိုက်၏။သည်အပြုံးက နက်မှောင်သော အော်ရာကိုသာ ပေးစွမ်းနေသည်။
“ရှီရှောင်…” မူယွမ်၏လက်က ရှေ့သို့ ဆန့်တန်းသွားကာ အစိမ်းရောင်အခိုးငွေ့က သူ့လက်ချောင်းများကြားမှ ထွက်ပေါ်လာသည်။ အစိမ်းရောင်အမျှင်တန်းငါးခုက သူ့လက်ချောင်းများကြားတွင် တစီစီနှင့် ရွေ့လျားနေသည်။
“အသေအရှင်နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းငါးခု…ကြည့်ရတာ မင်းက အသေအရှင်ခုနစ်ခုမြောက်ကို ချိုးဖျက်ပြီးသွားတဲ့ပုံပဲ…” ရှီရှောင်က မူယွမ်ကို ကြည့်သည်။သည့်နောက် သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး…”
မူယွမ်က နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ဆန့်ထုတ်သည်။သည်အစိမ်းရောင်အမျှင်တန်းငါးခုက တွန့်လိန်သွားပြီး ရှီရှောင်ထံသို့ ရူးသွပ်ဖွယ် တိုးဝင်သွား၏။
အစိမ်းရောင်အမျှင်တန်းငါးခုက လေထဲကို ဖြတ်သန်းသွားသည့်အခါတွင် သူတို့သည် လေကြမ်းများကို ဖြစ်ပေါ်သွားစေသည်။တစ်ပြိုင်နက်တည်းမှာပင် လေထုထဲ၌ ဆိုးရွားရွားအနံ့အသက်တို့နှင့် ပြည့်နှက်သွား၏။
ပတ်ဝန်းကျင်ရှိ နတ်ဆိုးဗိုလ်ချုပ်များက သည်အစိမ်းရောင်အမျှင်တန်းငါးခုကို ကြည့်၍ မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။သူတို့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့နှင့်လည်း ပြည့်နှက်သွားကြသည်။
ရှီရှောင်က ခေါင်းယမ်းသည်။သို့သော် သူ့ခန္ဓာကိုယ်ကတော့ ငြိမ်သက်နေဆဲသာ။သူက ညာလက်ကို မြှောက်ကာ လက်ညွှိုးညွှန်သည်။သည့်နောက် လက်ခလယ်၊သည့်နောက် လက်သူကြွယ်၊ နောက်ဆုံးတွင် လက်ဝါးတစ်ခုလုံးဖြင့် ဖိနှိပ်သည်။
ရှီရှောင်လက်ဝါးထဲကနေ စိန်ပွင့်သဏ္ဌာန်အလင်းက ပျံသန်းထွက်သွားကာ မူယွမ်၏ အစိမ်းရောင်အမျှင်တန်းငါးခုနှင့် ထိတိုက်လို့သွား၏။
ပေါက်ကွဲသံများ ဆက်တိုက်ဖြစ်သွားမှုနှင့်အတူ ပြင်းထန်သောအားများက နေရာအနှံ့သို့ လွင့်ပြယ်သွားသည်။အစိမ်းရောင်အမျှင်တန်းငါးခုက စိန်ပုံစံအလင်း၏ ဖျက်စီးခြင်းကို ချက်ခြင်း ခံလိုက်ရသည်။
တစ်ချိန်တည်းမှာ စိန်ပုံစံအလင်းက အံ့မခန်းနှုန်းဖြင့် ထိုးတက်သွားကာ မူယွမ်၏ ရှေ့တွင် ပေါက်ကွဲထွက်သွား၏။
ထိုပေါက်ကွဲမှုအားသည် မူယွမ်၏မျက်နှာကို ချက်ခြင်း ဖြူရောသွားစေ၏။သူက နောက်သို့ အတင်းဆုတ်သွားရကာ မျက်လုံးထဲ၌ အံ့အားသင့်မှုတို့နှင့် ပြည့်သွားသည်။
ရှီရှောင်က သူ့ညာလက်ကို ပြန်ရုတ်သိမ်း၍ တည်ငြိမ်စွာ ပြောသည်။ “ငါက မင်းကိုမလုံလောက်ဘူးလို့ ပြောခဲ့ပြီးပြီး။မင်းအကူကို ထွက်လာခိုင်းလိုက်…”
သူက ထိုသို့ပြောလိုက်ပြီးသည်နှင့် မြေကြီးက တုန်ခါသွားကာ လူတစ်ယောက်သည် နတ်ဆိုးဗိုလ်ချုပ်အုပ်စုများကြားမှ လှမ်းထွက်လာသည်။သည်လူ၏ ခန္ဓာကိုယ်က ကြီးမားလွန်းလှ၏။သူ့အပေါ်ပိုင်းသည် ဗလာကျင်းထားကာ ခြေလှမ်းတိုင်းက မြေပြင်ကို တုန်ခါစေသည်။
သူက ခြေသုံးလှမ်းဖြင့် ရှီရှောင်ရှေ့သို့ ရောက်လာသည်။ “ကောင်လေး…ငါက ဘီလူးစိတ်ဝိညာဉ်ကလန်ရဲ့ ထျန်လျို၊ နတ်ဆိုးဗိုလ်ချုပ်မူယွမ်ရဲ့ ကူညီသူပဲ…”
ဝမ်လင်းက ထိုဗလတောင့်တောင့်လူကို ကြည့်လိုက်သည်။ဘီးလူးစိတ်ဝိညာဉ်ကလန်က ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ကလန်ကြီးတစ်ခုပင်။ ယင်းကလန်က ဘီလူးနတ်ဆိုးကလန်ကဲ့သို အကြမ်းပတမ်းတိုက်ခိုက်ခြင်းအပေါ်တွင် စူးစိုက်ပေသည်။
ဗလကြီးက မာန်သွင်းကာ ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ထို့နောက် သူ့ခန္ဓာကိုယ်၏ ဒွာရပေါက်တိုင်းကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များထွက်လာပြီး မြူလွှာတစ်ခုအဖြစ်သို့ ပြောင်းသည်။သည်အခိုက်တွင် သူက ထိုမြူထဲ၌ ပုန်းကွယ်ကာ ရှီရှောင်ထံသို့ ရိုက်ချလာသည်။
မြေပြင်က တုန်ခါသွားကာ စစ်မြင်များများ ရာနှင့်ချီ၍ ချီတက်လာသလား မှတ်ရသည်။ကောင်းကင်ဘုံမြူလွှာထဲရှိ ပုံရိပ်က လျင်မြန်စွာ လှုပ်ရှားသွားပြီး မန္တန်လှိုင်းများကိုပါ ကြားလိုက်ရသည်။ သည့်နောက်ထူးဆန်းသော အားတစ်ခုက ပတ်ဝန်းကျင်တွင် ရုတ်တရက် ဝန်းရံလာကာ ပြစ်ဒဏ်ကို ဖန်တီးသည်။
နတ်ဆိုးဗိုလ်ချုပ်များကြားတွင် နောက်ထပ်ဗလတောင့်တောင့်လူတစ်ယောက်လည်း ရှိနေသည်။သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်၍ ကျောဘက်တွင်ဓားကြီးတစ်လက် ရှိနေသည်။ သူက ထိုလူကိုကြည့်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီလူရဲ့ ခုလက်ရှိအသွင်အပြင်က ငါ့ဓားစိတ်ဝိညာဉ်နဲ့ တော်တော်လေး ဆင်တူတယ်…”
ရှီရှောင်က အေးစက်စက်နှာခေါင်းရှုံ့သည်။ သူက လှုပ်ရှားခြင်းပင် မပြုသေးချေ။သူက သူ့ညာလက်ကိုသာ ဆန့်ထုတ်၍ လေဟာနယ်ထဲသို့ ညွှန်သည်။သည့်နောက် သူ့လက်က ထုချွန်အသွင် ဖြစ်စေကာ ရှေ့သို့ ထိုးစိုက်သည်။
သူက လေဟာနယ်ထဲသို့ ညွှန်လိုက်သည့်အခိုက်တွင် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများက သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာကာ သူ့လက်ဟန်ဖြင့် ဖြစ်ပေါ်ထားသည့် ထုချွန်နှင့်ပေါင်းစပ်သည်။
ဗလကြီးရောက်လာသည့်အခိုက်တွင် ရှီရှောင်၏ ညာလက်သည် ရှေ့သို့ ထိုးစိုက်ချပြီးသွားဖြစ်သည်။ သူ့လက်ချောင်းများဖြင့် ဖန်တီးထားသည့် ထုချွန်သည် ကောင်းကင်ဘုံမြူကို ထွင်းဖောက်သွားကာ ဗလကြီး၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် ကျရောက်သွားသည်။
ရှီရှောင်က မြန်ဆန်လွန်း၏။
သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ပြင်းထန်သော ဖိနှိပ်အားက သည်ထုချွန်၏စွမ်းအားအောက်တွင် ပျောက်ရှသွားရသည်။သည့်နောက် သူ့အသွင်ကလည်း ပြောင်းလဲသွားကာ နောက်သို့ ချက်ခြင်း ဆုတ်သည်။
ဘန်း…ဘန်း…ဘန်း…။သူက နောက်ဆုတ်နေရင်း သူ့အောက်ရှိ မြေပြင်က အက်ကွဲဖွာလန် ကုန်သည်။သည့်နောက် ဗလကြီးက ခြေသုံးလှမ်းဖြင့် နောက်ဘက် ဆယ့်နှစ်ပေသို့ ရောက်ရှိသွားခဲ့၏။ခြေသုံးလှမ်းဆုတ်ပြီးနောက် သူ့တစ်ကိုယ်လုံးက အပိုင်းပိုင်းပေါက်ကွဲထွက်သွားကာ အသွေးအသားစများသည် ကွင်းပြင်အနှံ့ပျံ့ကြဲလို့သွား၏။
ထိုအသွေးအသားများထဲကနေ ပါးရှရှအမျှင်တန်းငါးခု ထွက်ပေါ်လာပြီး ရှီရှောင်ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။
“နတ်ဆိုးဗိုလ်ချုပ်တွေ ကြားမှာတော့ သေခြင်းရှင်ခြင်းတိုက်ပွဲမရှိဘူး။ ဒါပေမဲ့ မင်းတို့ ပြင်ပကျင့်ကြံသူတွေကတော့ ဒီနေရာမှာ အသတ်ခံရမယ်…” ရှီရှောင်က သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက မြေပြင်ပေါ်ရှိ အသွေးအသားပုံကို ကြည့်ပင်မကြည့်တော့ချေ။ထိုအစား သူ့အကြည့်က မိုလီဟိုင်ထံသို့ ကျရောက်သွားတော့၏။
“မိုလီဟိုင်…မင်းက ငါနဲ့ တိုက်ခိုက်ဝံ့လား…”
သူက ထိုသို့ပြောလိုက်ပြီးသည့်အခါ စောင့်ကြည်နေကြသော လူအုပ်ကြားထဲကနေ ဆွေးနွေးသံများ ထွက်ပေါ်လို့လာ၏။သွေးလွှမ်းသောမြင်ကွင်းက လူတိုင်း၏ စိတ်ဝိညာဉ်ကို လှုပ်နိုးစေသည်။
မိုလီဟိုင်က ရှီရှောင်ကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါက မိုဖန်ကို ရှုံးနိမ့်ခဲတယ်။ဒါ့ကြောင့် ဒီနတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲမှာ ဝင်ပါခွင့် မရှိတော့ဘူး…”
ရှီရှောင်က မိုလီဟိုင်ကို အချိန်အတန်ကြာ စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုမှုစိတ်ဆန္ဒများ ထွက်ပေါ်လို့လာသည်။နောက်ဆုံးတွင် သူ့အကြည့်က မိုလီဟိုင်ထံကနေ ဝမ်လင်းထံသို့ ရောက်ရှိသွားသည်။ သူက ညစ်ကျယ်ကျယ်ပြောသည်။ “မင်း…ဒီကိုလာပြီး ငါနဲ့ လာတိုက်ပါ…”
ဝမ်လင်းက ရှီရှောင်ကို ကြည့်ပင် မကြည့်ချေ။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါက ငါသတ်လို့ မရနိုင်တဲ့နေရာမှာ တိုက်ခိုက်ရတာ စိတ်မဝင်စားဘူး…”
ရှီရှောင်က နှာခေါင်းရှုံ့သည်။ ရွှေရောင်ချပ်ဝတ်နှင့်လူကြီးကလည်း ဝမ်လင်းထံသို့ အေးစက်စွာ ကြည့်၍ အော်ပြောလိုက်သည်။ “နတ်ဆိုးဗိုလ်ချုပ်ရှီရှောင်…မင်းက ဒီတိုက်ပွဲမှာ အနိုင်ရတယ်။စည်းမျဉ်းအရ မင်းက ဒီတစ်ခေါက်မှာ အခြားလူတစ်ယောက်ကို စိမ်ခေါ်ခွင့် မရှိတော့ဘူး…”
ရှီရှောင်က ဝမ်လင်းကို ကြည့်ကာ သူ့ထံသို့ လျှောက်လှမ်းလာသည်။ သူက ဝမ်လင်းကို ဖြတ်ကျော်သွားရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “မိုလီဟိုင်က မတိုက်ခိုက်ရဲတဲ့အတွက် ငါက မင်းကို အတိတ်က ဒေါသကို ပုံချတဲ့အနေနဲ့ သတ်ပစ်ရလိမ့်မယ်…”
ဝမ်လင်းက သူ့ကို ကြည့်ပင် မကြည့်ချေ။သူ့အသွင်က တည်ငြိမ်လျက်သာ ရှိနေသည်။
ရွှေရောင်ချပ်ဝတ်နှင့်လူက ဝမ်လင်းထံသို့ လက်ညှိုးထိုး၍ ပြောလိုက်သည်။ “မင်း ထွက်လာခဲ့…”
ဝမ်လင်းက တည်ငြိမ်စွာပင် လှမ်းထွက်လာ၍ ကွင်းပြင်တွင် ရပ်၏။
“အသက်ရှူစာဆယ်ချိန်အတွင်း သူ့ကို စိန်ခေါ်တဲ့လူမရှိရင် ငါက တစ်ယောက်ယောက်ကို ညွှန်းဆိုပေးရလိမ့်မယ်…” ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက ထိုသို့ပြောလိုက်ပြီးနောက် မျက်လုံးမှိတ်ထားလိုက်တော့၏။