Switch Mode

အပိုင်း (၆၃၀)

နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲ

ဝမ်လင်း မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ့အမြင်အာရုံ၌ ဓားပုံစံအရိပ်တစ်ခု ဖြတ်သန်းသွားသည်။

မိုလီဟိုင်က ဝမ်လင်းအခန်းပြင်တွင် ထိုင်နေသည်။သူက ထိုနေရာတွင် ထိုင်နေသည်မှာ သုံးရက်တိတိ ရှိနေပြီ ဖြစ်သည်။သူ့မျက်နှာက ဖြူရောလို့နေသည်။သည်သုံးရက်အတွင်း သူက ဝမ်လင်းအခန်းထဲသို့ အကြိမ်များစွာ ဝင်ရောက်လိုခဲ့၏။သို့သော် သူက အထဲရှိ အနက်ရောင်မြူများနှင့် မ‌ရေမတွက်နိုင်သည့် အတားအဆီးများကို တွေ့မြင် လိုက်ရသည့်အတွက် ရပ်တန့်သွားမိသည်။

နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲက တဖြည်းဖြည်း နီးကပ်လာနေသဖြင့် မိုလီဟိုင်၏ စိတ်ပူပန်မှုက ပိုတိုးလာခဲ့သည်။သို့သော် သူက ဝမ်လင်းသည် သူ့အခန်းပတ်လည်တွင် အတားအဆီးများချထားခြင်းက သူ့ကျင့်ကြံမှု အတွက် အရေးကြီးသည့် အခိုက်အတန့် ဖြစ်နေမှန်း သိထားပေ၏။အခြားလူများ သူ့ကို လာရောက်မနှောက်ယှက်နိုင်ရန် ထိုသို့ ပြုလုပ်ထားခြင်း ဖြစ်သည်။

ဆိုးကျိုးကောင်းကျိုးများကို ချိန်ဆပြီးနောက် မိုလီဟိုင်က အခန်းပြင်ပတွင်သာ ထိုင်၍ တိတ်ဆိတ်စွာ စောင့်နေခဲ့တော့သည်။ မနက်ဖြန်ဆိုရင် နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲနေ့ ရောက်တော့မည် ဖြစ်၏။

မိုလီဟိုင်၏ စိတ်ပူပန်မှုက အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။ဝမ်လင်းက သည်နေ့မှ ထွက်မလာလျှင် သူက မနက်ဖြန်အတွက် ယှဉ်ပြိုင်နိုင်ရန် အရည်အချင်းကို ဆုံးရှုံးရတော့မည် ဖြစ်သည်။

သူက အံတင်းတင်းကြိတ်ကာ မတ်တပ်ထရပ်ပြီး ဝမ်လင်းအခန်းထဲသို့ ခြေချရန် ဟန်ပြင်သည်။

မိုလီဟိုင်က အသံပို့လွှတ်လိုက်သည်။ “အစ်ကို ဝမ်…”သည်အခိုက်တွင် အခန်းကို ဝန်းရံထားသည့် မြူနက်များက စတင်ရွှေ့လျားလာကာ အပေါက်တစ်ခုလို ဖြစ်လာ၏။ဝဲကတော့ တစ်ခုဖြစ်လာပြီးနောက် မြူနက်များအားလုံးက ထိုတွင်းပေါက်ထဲသို့ ဆွဲယူခြင်းခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း အနက်ရောင်မြူက သဲလွန်စ မရှိ ပျောက်ကွယ်သွားတော့၏။

မိုလီဟိုင်က ပျော်ရွှင်သည့်ဟန် ဖြစ်ပေါ်သွားကာ အခန်းထဲသို့ လှမ်းနေခြင်းကို ရပ်တန့်ကာ အထဲသို့ စူးစိုက်ကြည့်လိုက်သည်။

တံခါးက တွန်းပွင့်သွားပြီး ဝမ်လင်းက ဖြည်းဖြည်းချင်း လှမ်းထွက်လာ၏။

သူထွက်ပေါ်လာသည့်အခိုက်တွင် မိုလီဟိုင်က နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားသည်။သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့နှင့် ပြည့်နေ၏။ခုချိန်တွင် ဝမ်လင်းက အရင်နှင့် ခြားနားသွားခဲ့ပြန်ပြီ ဖြစ်သည်။

သူက ဝမ်လင်းကို မြင်လိုက်သည့်အခိုက်တွင် တောင်ကြီးတစ်တောင်အောက်တွင် ရပ်တန့်နေလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“မင်း ဒဏ်ရာရထားတယ်…” ဝမ်လင်းက မျက်လုံးမှိတ်လိုက်ပြီး သူ့အော်ရာအားလုံးကို ခန္ဓာကိုယ်ထဲသို့ ပြန်ရုတ်သိမ်းလိုက်သည်။ခုချိန်တွင် သူ့ခန္ဓာကိုယ်ပတ်လည်တွင် မည်သည့်စွမ်းအင်အော်ရာတို့မှ မရှိတော့ဘဲ သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်တည်သည်။

မိုလီဟိုင်ခံစားချက်က နောက်တစ်ဖန် ပြောင်းလဲသွားပြန်သည်။သူ့ရှေ့ရှိ ဝမ်လင်းက တိုင်းတာ၍ မရနိုင်သည့် တောင်တစ်လုံးလိုသာမက နက်ရှိုးလှသော ရေကန်ကဲ့သို့ပါ ဖြစ်တည်နေသည်။

မိုလီဟိုင်က အသက်ဝဝရှူသွင်းကာ ပြောလိုက်သည်။ “ငါက မိုဖန်နဲ့ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်…”

ဝမ်လင်းက ခေါင်းညိမ်ပြလိုက်သည်။ သည့်နောက် အခန်းထဲကနေ လှမ်းထွက်လာ၏။သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ အနည်းငယ် စဉ်းစားဟန် ပြု၍ မေးလိုက်သည်။ “ငါ တံခါးပိတ်ကျင့်ကြံတာ အချိန်ဘယ်လောက် ကြာသွားတာလဲ…”

“မနက်ဖြန်ကျရင် နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲ စပြီ…” မိုလီဟိုင်က ပြောလိုက်သည်။အနည်းငယ်စဉ်းစားပြီးနောက် သူက ထပ်ပြောလိုက်သည်။ “မိုဖန်က တကယ့်ကို သန်မာတယ်။သူက ငါ့ ဆယ်ခုပြိုကျခြင်းလက်သီးစိတ်ဆန္ဒကို ခုခံနိုင်ပြီး ငါ့ လှိုင်းတစ်ရာနတ်ဆိုးပင်လယ်ကိုလည်း ငါ့ရှိတန့်ပြန်ဒဏ်ဖြစ်အောင် လှည့်လည်ခြင်းမန္တန်တစ်ခု အသုံးပြုခဲ့တယ်။ဒီမန္တန်က ငါ့ကို ရှုံးနိမ့်သွားစေခဲ့တာပဲ…”

ဝမ်လင်းက မိုလီဟိုင်ကို ကြည့်လိုက်သည်။ “လှည့်လည်ခြင်းမန္တန်…”

မိုလီဟိုင်က လွန်ခဲ့သောရက်အနည်းငယ်က ဖြစ်ပွားခဲ့သော တိုက်ပွဲကို ပြန်စဉ်းစားပြီး ပြောလိုက်သည်။ “မိုဖန်က နတ်ဆိုးဗိုလ်ချုပ်တွေကြားမှာ နံပါတ်တစ်လို့ ပြောလို့ရတယ်။သူ့မန္တန်တွေက အလွန်လည်း ထူးဆန်းတယ်။သူက နတ်ဆိုဗိုလ်ချုပ်ဖြစ်လာပြီး နဂါးရေကန်မှာ သုံးနှစ်တာ ကျင့်ကြံပြီးတဲ့နောက် ဘယ်သူကမှ သူ့ရဲ့ လှည့်လည်ခြင်းမန္တန်ကလွဲလို့ ဒုတိယမန္တန်တစ်ခု အသုံးပြုလာအောင် ဘယ်သူကမှ မစွမ်းနိုင်ခဲ့သေးဘူး…”

“ဒီလှည့်လည်ခြင်းမန္တန်က မန္တန်အားလုံးကို တန်ပြန် နိုင်တဲ့ စွမ်းအား ရှိတယ်။ ဒီမန္တန်က တကယ့်ကို စွမ်းအားရှိလွန်းတယ်…”

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းရှိနေကာ သူက ပြောလိုက်သည်။ “ဆယ်ခုပြိုကျခြင်းလက်သီးစိတ်ဆန္ဒနဲ့ လှိုင်းတစ်ရာနတ်ဆိုးပင်လယ် နည်းစနစ်နှစ်ခု အပြင် အစ်ကိုမိုမှာ ဝှက်ဖဲတစ်ချက် မရှိဘူးဆိုတာ ငါမယုံဘူး…”

မိုလီဟိုင်က ဝမ်လင်းကို ကြည့်ကာ ရိုးသားစွာ ပြောလိုက်သည်။ “ငါက ဒီဝှက်ဖဲကိုပါ အသုံးပြုခဲ့ပါတယ်။ ဒီဟာက နတ်ဆိုးအင်ပါယာကိုယ်တိုင် ငါ့ကို သင်ပေးခဲ့တဲ့ နတ်ဆိုးလောင်ကျွမ်းခြင်း မန္တန်ပဲ ဖြစ်တယ်။ငါက ဒါက အသုံးပြုပြီး လှည့်လည်ခြင်းမန္တန်ရဲ့ အလွှာဆယ့်ရှစ်ခုမှာ ဆယ့်ခုနစ်ခုကို ချိုးဖျက်နိုင်ခဲ့တယ်။အဲ့နောက်မှာတော့ ငါက ရှုံးနိမ့်သွားခဲ့ရတော့တာပဲ…”

အစ်ကိုဝမ်…ငါက မိုဖန်နဲ့ သဘောတူညီမှုတစ်ခု လုပ်ခဲ့တယ်။ရှုံးနိမ့်တဲ့လူက နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲကို လက်လျော့ရမယ်လို့ သဘောတူထားခဲ့ကြတယ်။ငါက ဒုနတ်ဆိုးဗိုလ်ချုပ်မှူးနေရာကို ရဖို့ အတွက် အစ်ကို ဝမ်ပေါ်မှာပဲ မူတည်တော့တယ်…”

ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “ငါ အကောင်းဆုံး လုပ်ပေးမှာပါ…”

မိုလီဟိုင်က အသက်ဝဝရှူသွင်း၍ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုဝမ်။ငါ မင်းကို ဆက်ပြီး မနှောက်ယှက်တော့ဘူး။မနက်ဖြန်ကျရင် ငါတို့ အင်ပါယာနန်းတော်ကို အတူသွားကြတာပေါ့…” ထိုသို့ပြောပြီးနောက် မိုလီဟိုင်က လက်သီးစုပ်ဟန်ပြု၍ ဝမ်လင်းကို နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

ဝမ်လင်းက ခြံဝန်းထဲတွင် တိတ်တဆိတ် မတ်တပ်ရပ်နေကာ မျက်လုံးမှိတ်ထားလျက် ရှိနေသည်။

သူက ထိုနေရာတွင် တစ်ညလုံး မတ်တပ်ရပ်နေခဲ့သည်။

အာရုံလင်းချိန် နေမင်းက ကောင်းကင်နတ်ဆိုးမြို့ အထက်မှ မြင့်တက်လာခဲ့သည်။နေရောင်က အင်ပါယာနန်းတော်ပေါ်သို့ ဖြာကျလျက် ရှိသည်။ ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒတို့ကလည်း မြို့ရှစ်မြို့လုံးတွင် ပေါ်ထွက်ကာ နေသည်။

အင်ပါယာမြို့တော်ရှိ ပေတစ်သောင်းကွင်းပြင်ထဲတွင် ဧရာမဗုံကြီးတစ်ခု ရှိလို့နေ၏။

သည်ဗုံက လုံးဝနက်မှောင်နေကာ ရှေးဆန်သောအော်ရာကို ပေးစွမ်းလို့နေသည်။

အနက်ရောင်ချပ်ဝတ်နှင့် နတ်ဆိုးတပ်သာ အဖွဲ့များက မတ်တပ်ရပ်ကာ ထိုကွင်းပြင်အား ဝန်းပတ်ထားကြသည်။ထို့နောက် လူတစ်ယောက်က အလင်းတန်းအလား တိုးဝင်လာသည်။ ထိုလူက စစ်နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရာက သူ့လက်သီးက ကွင်းပြင်ရှိ ဗုံကြီး ပေါ်သို့ ကျရောက်လို့သွားသည်။

ဒုန်း…။

ကျယ်လောင်သောအသံက အင်ပါမြို့တစ်မြို့လုံးတွင် ပဲ့တင်ထပ်ကာ ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးသို့ ပျံ့နှံ့လို့သွားတော့သည်။

ကောင်းကင်နတ်ဆိုးမြို့ထဲရှိ လူတိုင်းက အင်ပါယာမြို့တွင် ကောင်းကင်နတ်ဆိုးဗုံတစ်ခု ရှိကြောင်း သိထားကြပေသည်။၎င်းဗုံကို ဘိုးဘေးကို ပူဇော်ခြင်း၊ နဂါးကန်ကို ဖွင့်လှစ်ခြင်းနှင့် အခြားအရေးကြီးသည့် အခမ်းအနားများတွင်သာ အသုံးပြုပေ၏။

နဂါးရေကန်အတွက် ကိုးကြိမ်၊ဘိုးဘေးများကို ပူဇော်ဖို့ ခြောက်ကြိမ်၊ကျန်သည့်အရာများအတွက် သုံးကြိမ်သာ အသုံးပြုခဲ့ပေ၏။

ကောင်းကင်နှင့်မြေကြီးက ဗုံသံနှင့်သာ ပဲ့တင်ထပ်နေတော့၏။ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးသည် တုန်ခါသွား၏။သည်ဗုံသံများကြောင့် မရေမတွက်နိုင်သော လူများပင် နိုးထလာကြတော့သည်။

နတ်ဆိုးဗိုလ်ချုပ်များက သူတို့အကူများကို ခေါ်ကာ စစ်တပ်လမ်းမှတစ်ဆင့် အင်ပါယာမြို့သို့ တစ်ယောက်ပြီးတစ်ယောက် သွားနေကြသည်။

အင်ပါယာမြို့ရှိ ဂိတ်တံခါးရှစ်ခုလုံးကိုလည်း ဖွင့်လို့ထား၏။ထိုဂိတ်ပေါက်များတွင် နတ်ဆိုးဗိုလ်ချုပ်များ၏ အဆင့်အတန်းကို စစ်ဆေးရန်အတွက် နတ်ဆိုးတပ်သားများကို နေရာချထားပေသည်။

ယနေ့တိုက်ပွဲသည် ကောင်းကင်နတ်ဆိုးဂိတ်ပေါက်ဝ အနီးရှိ ပေတစ်သောင်းကွင်းပြင်တွင် ကျင်းပမည် ဖြစ်သည်။၎င်းကွင်းပြင်ကို အားကောင်းသောအစီအရင်တစ်ခုနှင့် ကာကွယ်ထား၏။ထို့ကြောင့် သည်ကွင်းပြင်က လွယ်လွယ်နှင့် မပျက်စီးနိုင်ပေ။ကွင်းပြင်၏ အရှေ့ဘက်ခြမ်းတွင် ပေတစ်ထောင်ကျော်သော စင်မြင့်ကိုးထပ် ရှိသည်။ကောင်းကင်နတ်ဆိုးမြို့၏ အရာရှိအမှူထမ်းများက သူတို့၏ ဆိုင်ရာ ထိုင်ခုံများတွင် ထိုင်နေကြသည်။

ထိပ်ဆုံးပိုင်းတွင်တော့ ထိုင်ခုံတစ်ခုသာ ရှိ၏။သည်ထိုင်ခုံက နတ်ဆိုးအင်ပါယာအတွက်ပင်။

ကွင်းပြင်၏ တောင်ဘက်နှင့်မြောက်ဘက်တွင် ပေရှစ်ရာကျော်သော စင်မြင့်ရှစ်ခုနှင့် ထိုင်ခုံနေရာများ ရှိသည်။ အပေါ်ဆုံးနှစ်ထပ်က တစ်ထပ်စီတွင် ထိုင်ခုံလေးခုသာ ရှိလေ၏။

ထိုတောင်နှင့်မြောက် ထိုက်ခုံနေရာများရှိ ထိုင်ခုံနေရာဆယ့်ခြောက်ခုတွင် အပေါ်ဆုံးထိုင်ခုံရှစ်ခုက နတ်ဆိုးဗိုလ်မှူးချုပ်များအတွက်ဖြစ်ကာ ထိုအောက်ထပ်ရှိ လေးခုစီက ဒုနတ်ဆိုးဗိုလ်ချုပ်မှူးများအတွက် ဖြစ်ကြသည်။

သည်အခိုက်တွင် ကွင်းပြင်တစ်ခုလုံးက လှုပ်ရှားသက်ဝင်လို့နေ၏။နတ်ဆိုးအင်ပါယာ မရောက်လာခင် လူများ ဆက်တိုက် ရောက်လာနေကြသည်။

သိပ်မကြာခင်တွင် နတ်ဆိုးအင်ပါယာ၊ နတ်ဆိုးဗိုလ်ချုပ်မှူးနှင့် ဒုနတ်ဆိုးဗိုလ်ချုပ်မှူးတို့၏ ထိုင်ခုံနေရာများကလွဲ၍ ကျန်သည့်ထိုင်ခုံများက လူများ ပြည့်နှက်သွားကြသည်။တီးတိုးတီးတိုးသံများသည်လည်း ထွက်ပေါ်လာတော့၏။

“ဒီတစ်ကြိမ်တော့ နတ်ဆိုးဗိုလ်ချုပ်မိုဖန်က နံပါတ်တစ်ဖြစ်မှာ သံသယရှိစရာတောင် မလိုဘူး…”

“မဟုတ်သေးဘူး။ နတ်ဆိုးဗိုလ်ချုပ် ရှီရှောင်ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း မြင့်မားတာပဲ။သူ့မှာလည်း အံ့မခန်းအကူတစ်ယောက်ရှိနေတယ်။ဒါ့ကြောင့် ဗိုလ်ချုပ်ရှီရှောင်ကလည်း နံပါတ်တစ်နေရာအတွက် တိုက်ခိုက်နိုင်ဖို့ စွမ်းရည် ရှိနေတယ်…”

“မင်းက နတ်ဆိုးဗိုလ်ချုပ် မိုလီဟိုင်ကိုလည်း လျော့မတွက်သင့်ဘူး။ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က တုန်လှုပ်ဖွယ်ပဲ။သူ့မှာ အားကောင်းတဲ့ မန္တန်တွေလည်း ပိုင်ဆိုင်ထားသေးတယ်။သူ့မှာ နတ်ဆိုးအင်ပါယာကိုယ်တိုင် သင်ပေးခဲ့တဲ့ မန္တန်တစ်ခု ရှိနေတာလည်း မေ့မထားနဲ့ဦး။သူကလည်း ထိပ်ဆုံးသုံးနေရာကို ဝင်ဖို့ အရည်အချင်း ရှိတာပဲ…”

“မိုလီဟိုင်လား။ မင်းတို့အားလုံးက မသိကြသေးဘူးပဲ။သူက မိုဖန်နဲ့ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်လေ။သူတို့နှစ်ယောက် သဘောတူထားတာက ရှုံးတဲ့လူက ဒီနေ့ ပြိုင်ပွဲကို ဝင်မပြိုင်ရဘူးတဲ့…”

“အို…ဒါကတကယ်ကြီးလား။ဒါသာ အမှန်ဆိုရင်တော့ မိုလီဟိုင်က သနားဖို့ကောင်းနေပြီ…”

“အဲ့လောက်လည်း မဟုတ်သေးပါဘူ။ မိုလီဟိုင်က ဝင်မပြိုင်နိုင်တာက သူ့အကူပါ ဝင်မပြိုင်နိုင်ဘူးလို့ မဆိုလိုဘူးလေ။ဒါပေမဲ့ သူ့အကူက ထင်ရှားခြင်းမရှိဘူး။ဒါ့ကြောင့် သူ့အတွက် နိုင်ဖို့ အခွင့်လမ်းမရှိမှာ စိုးမိတယ်…”

“ဒီသုံးယောက်အပြင် နတ်ဆိုးဗိုလ်ချုပ်တွေကြားမှာ တခြား အားကောင်တဲ့လူတွေ မရှိကြတော့ဘူးလား။ ပြောကြတာက နတ်ဆိုးဗိုလ်ချုပ်ယုစန်ရဲ့ သတ်ဖြတ်ခြင်းတာအိုကလည်း အထိတ်အထိပ်ကို ရောက်နေပြီလို့ ဆိုကြတယ်။သူက နတ်ဆိုးဗိုလ်ချုပ်တွေထဲမှာ မြို့တစ်မြို့ကို မထိန်းချုပ်တဲ့ တစ်ဦးတည်းသောသူပဲ။ သူက သူ့အချိန်အများစုကို ကောင်းကင်နတ်ဆိုးနိုင်ငံမှာ ကုန်ဆုံးနေခဲ့တယ်။ သူ ပေါ်လာတာနဲ့ တကယ့်ကို မုန်တိုင်းထန်စေလိမ့်မယ်…”

“ဒါတော့ ဟုတ်တယ်။ နတ်ဆိုးဗိုလ်ချုပ် မိုဝမ်လည်း ရှိသေးတယ်လေ။ သူ့မန္တန်ကလည်း ထူးခြားတယ်။သူက နဂါးရေကန်ကနေ အဲ့မန္တန်ကို အမွေရထားခဲ့တာ။ ဒီလူက သိုသိုသိပ်သိပ် နေတာများတော့ သူ့စွမ်းအားပြည့်ကို ဘယ်သူမှ မသိကြဘူး။ ဒီနေ့ သူ့မန္တန်တွေက ဘယ်လိုလဲဆိုတာ ငါ မြင်ချင်နေမိပြီ…”

“လူတိုင်းပဲ…လွန်ခဲ့တဲ့ နှစ်သုံးရာက အဆင့်လေးနတ်ဆိုးဗိုလ်ချုပ်…အင်မောတယ်ရှဲ့လျန်ကိုလည်း မေ့မထားနဲ့ဦး…”

“ရှဲ့လျန်…နတ်ဆိုးဗိုလ်ချုပ်တွေကြားထဲမှာ တစ်ဦးတည်းသော အမျိုးသမီး။ပြောကြာတာက သူဟာ လွန်ခဲ့တဲ့ နှစ်သုံးရာပြိုင်ပွဲတုန်းက ဒဏ်ရာရလျက်နဲ့ ဝင်ပြိုင်ခဲ့တာတောင် အဆင့်လေး ရခဲ့တယ်တဲ့။ သူမကသာ ဒဏ်ရာမရထားရင် မိုဖန်က ပထမနေရာကို မရလောက်ဘူး…”

အခုလို စုံပလုံနေသည့် ဆွေးနွေးသံများက ကွင်းပြင်ထဲ၌ ပဲ့တင့်ထပ်လို့နေတော့သည်။ လူတိုင်းက သည်နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲတွင် မည်သူအနိုင်ရမည်ကို ခန့်မှန်းနေကြ၏။

အဘိုးအိုက ပထမဆုံးကြမ်အဖြစ် ကောင်းကင်နတ်ဆိုးဗုံကို တီးခတ်ပြီးနောက် သူ့မျက်လုံးကိုမှိတ်ကာ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်လို့နေ၏။

သည့်နောက် သူက မျက်လုံးပြန်ဖွင့်လာပြီးနောက် နောက်တစ်ဖန် ဗုံကို ရိုက်ခတ်လိုက်ပြန်သည်။

ဒုန်း။

ဒုတိယဗုံသံက ကွင်းပြင်တစ်ခုလုံးကို ပဲ့တင်ထပ်လို့သွား၏။ဗုံသံက ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားပြန်သည်။

ဗုံသံက ကောင်းကင်သို့ ပျံ့နှံ့ကာ ပဲ့တင်ထပ်နေစဉ်မှာပင် ကျယ်လောင်သောအသံနှင့်အတူ အလင်းတန်းရှစ်ခုက ကွင်းပြင်ထံသို့ တန်းမတ်စွာ တိုးတင်လာနေသည်။ သူတို့က ဂိတ်ပေါက်ဝကို အသုံးမပြုဘဲ သည်နေရာသို့ တန်းတန်းမတ်မတ် ပျံသန်းလာကြပေ၏။

နတ်ဆိုးဗိုလ်ချုပ်မှူးများသာလျှင် ထိုသို့ပြုလုပ်ရန် အရည်အချင်း ပြည့်မှီပေသည်။

ကောင်းကင်၊ရွှမ်၊အဝါ၊စကြဝဠာ၊ထာဝရ၊ကပ်ဘေး။ထို မြို့ခြောက်မြို့၏ ဒုနတ်ဆိုးဗိုလ်ချုပ်မှူး ခြောက်ယောက်က ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး မြောက်ဘက်နှင့်တောင်ဘက်ရှိ ထိုင်ခုံနေရာများတွင် သွားရောက်ထိုင်လေသည်။ရွှမ်ဒုဗိုလ်ချုပ်မှူး၏ မျက်နှာက ဖြူရောလို့နေသည်။သူက သူ့နေရာတွင် ထိုင်ချပြီးသည်နှင့် အရာအားလုံးကို လစ်လျူရှူကာ မျက်လုံးမှတ်၍ စတင်ကျင့်ကြံနေ၏။

သူတို့ခြောက်ယောက် နေရာယူပြီးနောက် ကောင်းကင်ထက်တွင် ဗုံသံထက်ပင် ပိုမိုကျယ်လောင်သော အသံကို ကြားလိုက်ရပြန်သည်။ကောင်းကင်ထက်ကနေ နတ်ဆိုးဗိုလ်ချုပ်မှူး ရှစ်ယောက်က ကွင်းပြင်ထံသို့ လျှောက်လှမ်းလာကြ၏။သည်ရှစ်ယောက်တွင် အမျိုးသမီးတစ်ယောက်ပါ ပါဝင်နေ၏။

သူတို့ရှစ်ယောက်က အချင်းချင်း လေးစားသမှူ ပြု နှုတ်ဆက်လိုက်ကြပြီး ဘာစကားမှ မဆိုတော့ဘဲ ဆိုင်ရာထိုင်ခုံများတွင် ထိုင်ချလိုက်၏။

သည်ရှစ်ယောက်က သည်နေရာရှိ လူတိုင်း၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်နိုင်သည်။ လူတိုင်း၏ အကြည့်ထဲ၌ လေးစားမှုတို့နှင့် ပြည့်လို့နေ၏။

နတ်ဆိုးကုန်းမြေတစ်ခုလုံးတွင် ထိုသူတို့၏ နာမည်က အလွန်ကျော်ကြားကာ လူတိုင်းနီးပါးလည်း သိရှိကြပေ၏။

ဒုန်း။ တတိယမြောက်ဗုံသံက အရင်ထက် ကြမ်းတမ်းစွာ သည်ဧရိယာတစ်ခွင် ပဲ့တင်ထပ်ပျံ့နှံ့လို့ လာပြန်၏။၎င်းအသံက လူတိုင်း၏ နားထဲ၌ မိုးခြိမ်သံအလား ထင်မှတ်သွားစေခဲ့သည်။

လူတိုင်း၏ အကြည့်က တစ်နေရာသို့သာ ကျရောက်သွားကြသည်။ထိုနေရာက ကွင်းပြင်၏ အရှေ့ဘက်ခြမ်း အမြင့်ဆုံးတွင် တည်ရှိသည့် ထိုင်ခုံအလွတ်တစ်ခု ရှိရာသို့ပင်။

Comment

Leave a Reply

Options

not work with dark mode
Reset